မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၁၈)
၂၄။
မာမီက သူ့ကိုယ်စား ဆိုင်ကိုသွားပေးသည်။ အင်နီ့ရောဂါ တွိုက်ဖွိုက် (typhoid)ဆန်ဆန်ဖြစ်နေ၍ ဆရာဝန်ကြီးက အစာကျွေးမလောပါ။ ယခုတော့ အင်နီ့အခြေအနေက စိတ်ချသွားရပြီ။ ဒါပေမဲ့ အစာကို ပျော့ပျော့ ကျွေးနေရဆဲဖြစ်သည်။
တနေ့နေ့လယ် ဒေါ်ခင်သက်တင် အင်နီ့ကို သတင်းမေးရန် ရောက်လာသည်။ အင်နီ့ကို ရှယ်လီကိုယ်တိုင် ပူတင်းကျွေးနေသည်။ အင်နီက ပြုံး၍ နှုတ်ဆက်နိုင်ပြီဖြစ်သောကြောင့် ရှယ်လီရော ဒေါ်ခင်သက်တင်ပါ ဝမ်းသာသွားသည်။ ပူတင်းစားပြီးတော့ အင်နီက အိပ်ရန်ပြင်သည်။
"အင်နီ ခဏအိပ်ဦးမယ်"
"ဆေးသောက်လိုက်ဦး သမီး၊ မကြည်ကို သမီးနားမှာ ထားခဲ့မယ်၊ အန်တီဒေါ်ခင်သက်တင်ကို မာမီ တခုခု ကျွေးလိုက်ဦးမယ်"
ရှယ်လီက အင်နီကို ဆေးတိုက်ပြီး သိပ်လိုက်သည်။
"နေပါစေ ရှယ်လီရယ်၊ သမီး အင်နီ စားချင်တာကို ဖုန်းဆက်လိုက်၊ အန်တီပို့ပေးမယ်"
"ကျေးဇူးပဲ အန်တီ"
အင်နီကပြောကာ အိပ်ရာပေါ်လှဲလိုက်သည်။ ရှယ်လီသည် အင်နီ့ကိုယ်ပေါ် စောင်လွှမ်းခြုံပေးခဲ့၍ မကြည်ကို အနားထားရစ်ကာ အောက်ထပ် ဆင်းလာကြသည်။
"မမ ဘာစားမလဲ၊ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းလုပ်ခိုင်းမယ်"
"ဘာပဲဖြစ်ဖြစ်ပါကွယ်၊ စကားပဲ မမက ပြောချင်တာပါ"
သူတို့နှစ်ယောက် ဧည့်ခန်းထဲ ဝင်ထိုင်လိုက်သည်။ ရှယ်လီက မစီကို လက်ဖက်သုပ်နှင့် ရေနွေးကြမ်းလုပ်ခိုင်းလိုက်သည်။
"မမကလည်း အလုပ်များ၊ အင်နီကလည်း နေမကောင်းနဲ့ တို့နှစ်ယောက်မတွေ့ရဘူး။ မီရှယ် မမဆီ လာသွားတယ်"
"သူ ပြန်သွားပြီဆို"
"ဂျပန်ကို မသွားခင်တရက်ကပေါ့၊ မမကလည်း ရှယ်လီရဲ့လက်ဆောင်ထုပ်ပေးရင်း ရှယ်လီ့အခြေအနေကို ရှင်းပြလိုက်တယ်လေ"
"အားနာစရာကောင်းလိုက်တာ မမရယ်၊ မွန်စီယာမီရှယ်ကို ရှယ်လီက ဆိုင်ကိုလည်းဖိတ် အိမ်မှာလည်း မုန့်ဟင်းခါးကျွေးမယ် ဘာမယ်ပြောပြီးမှ ရှယ်လီ့ဘက်က ကတိပျက်ခဲ့တာ၊ တခုကလည်း ..."
ရှယ်လီက ခဏရပ်ပြီးမှ ဆက်ပြောသည်။
"အင်နီကလည်း တွိုက်ဖွိုက်ဖြစ်တော့မလို့၊ ဆေးလည်း ဦး၊ အပြုအစုကောင်းလို့ သက်သာသွားတာ။ အဲဒါလည်း တကြောင်း၊ နောက်တကြောင်းက ...."
ရှယ်လီသည် ဒေါ်ခင်သက်တင်အိမ်မှအပြန် နောက်နေ့နံနက် ကော်ဖီစားပွဲမှ ယောက္ခမကြီးဒေါ်စံကျော့ခိုင်ပြောသမျှ အားလုံး ဒေါ်ခင်သက်တင်ကို ပြောပြလိုက်သည်။
"သူ့ရင်ထဲ အဲဒီလို သံသယဝင်နေချိန် ရှယ်လီက မီရှယ်ကို ဖိတ်ခေါ်ကျွေးမွေး ရင်းရင်းနှီးနှီးဆက်ဆံရင် မာမီ့စိတ်ထဲ အထင်လွဲစရာဖြစ်မှာစိုးလို့ ရှယ်လီ မီရှယ့်ကို မဖိတ်တော့တာ"
ဒေါ်ခင်သက်တင်သည် လက်ကိုင်အိတ်ထဲမှ စာတစောင်ကို ထုတ်ကာ ရှယ်လီ့လက်ထဲ ထည့်လိုက်၏။
"မီရှယ်က ပေးသွားတာ ရှယ်လီ၊ သူ့စကားပြောပုံကြည့်ရတာ မင်းကို အတော်စိတ်ဝင်စားပုံရတယ်၊ မင်းအကြောင်းတွေမေးတယ်။ ယောက်ျားနဲ့ကွဲနေတဲ့အကြောင်း ကိုယ်ကလည်း ပြောမိတယ်။ ယောက်ျားက ဘယ်မှာလဲ၊ ကလေး ဘယ်နှယောက်လဲ၊ ဘယ်သူနဲ့နေလဲနဲ့ စပ်စုတဲ့သဘောတော့မဟုတ်ပါဘူး။ နိုင်ငံခြားသားတွေက မစပ်စုတတ်ပါဘူး၊ စိတ်ဝင်စားတဲ့သဘော။ မမက အကြောင်းစုံပြောပြတော့ သူကလည်း တအံ့တဩပဲ။ မိဘတောင်မဟုတ်ဘူး၊ ယောက္ခမနဲ့လည်း မိသားစု သိုင်းသိုင်းဝိုင်းဝိုင်း မြန်မာတွေနေကျင့်ရှိတာကို သူ အံ့ဩလို့မဆုံးဘူး။ အိန္ဒိယမှာဆို ယောက္ခမနဲ့အတူနေတဲ့ချွေးမတွေ မသက်သာဘူးတဲ့၊ ပြောသွားသေးတယ်။ မမကတော့ ပြောလိုက်တယ်၊ တို့ဆီမှာ တချို့ချွေးမတွေ ယောက္ခမတောင် နိုင်သေးတယ်လို့ ပြောတော့ သူက ရယ်တယ်"
မစီ ချလာသော လက်ဖက်သုပ်နှင့် ရေနွေးကြမ်းကို ရှယ်လီက ဒေါ်ခင်သက်တင်ကို ကျွေးနေသည်။ လက်ဖက်သုပ်ပန်းကန်ပြားလေး ကိုင်စားရင်း ဒေါ်ခင်သက်တင်က စကားဆက်သည်။
"သူ့နောက်ဆုံးမေးခွန်းကတော့ မမလည်း သံသယရှိတယ်"
"ဘာလဲဟင်"
"ရှယ်လီ ဒီလိုပဲ နေသွားတော့မှာလားတဲ့၊ အိမ်ထောင်ပြုဖို့ မစဉ်းစားဘူးလားတဲ့၊ သူတို့ဆီမှာ ဒီလို ငယ်ငယ်ရွယ်ရွယ်မပြောနဲ့ ၆၀ကျော် ၇၀ကျော်တွေလည်း အိမ်ထောင်ပြုကြတယ်။ အထီးတည်းမနေဘူးတဲ့၊ ရှယ်လီ ဘာလို့နေတာလဲတဲ့၊ ရှယ်လီ့ဘဝ အထီးကျန်သလိုပဲတဲ့"
"အတော်လာတဲ့မေးခွန်းပဲ၊ အဓိပ္ပါယ်အများကြီးရှိတယ် မမ"
"အေးပေါ့၊ သူဆိုလိုတာကို မမက မသိချင်ယောင်ဆောင်ပြီး ပြောပြလိုက်တယ်၊ မီရှယ်တို့ အနောက်ဓလေ့ကတော့ လင်နဲ့မယားဟာ တယောက်မကောင်းရင် တယောက်၊ စိတ်သဘောထားချင်း မတိုက်ဆိုင်လည်း ခွဲခွာပြီး နောက်တယောက်နဲ့နေတာပဲ။ လက်မထပ်ဘဲလည်း အတူနေကြတဲ့အကျင့်ရှိတယ်လို့။ မြန်မာမှာက မိန်းမတယောက်ဟာ တခါ အိမ်ထောင်ကျပြီး ဒီအိမ်ထောင်ပျက်ရင် နောက်အိမ်ထောင်ပြုကြတယ်ဆိုတာ ခပ်ရှားရှားပဲလို့၊ အထူးသဖြင့် ယောက်ျားက သစ္စာဖောက်လို့ပဲ ကွဲကွဲ၊ သေလို့ပဲဖြစ်ဖြစ် မိန်းမတယောက်ဟာ နောက်အိမ်ထောင်ပြုဖို့ အတော်စဉ်းစားကြတယ်လို့ ပြောလိုက်ရတယ်၊ ပြီးတော့လည်း မြန်မာအမျိုးသမီးတွေမှာ ဇာတ်တို့ ဓလေ့ထုံးစံဥပဒေတွေနဲ့ ချုပ်ချယ်မထားပေမယ့် မျက်နှာများ လင်များရင် သုံးကျောင်းပြောင်းသောရှင် သုံးလင်ပြောင်းသောမိန်းမဆိုပြီး ပတ်ဝန်းကျင်က ကဲ့ရဲ့တယ်၊ မလေးစားဘူးလို့ "
ရှယ်လီက ရယ်လိုက်၏။
"မမ သုံးကျောင်းပြောင်းသော ရှင်၊ သုံးလင်ပြောင်းသော မိန်းမဆိုတဲ့ မြန်မာစကားကို အင်္ဂလိပ်လို ဘယ်လိုပြောမလဲ"
ဒေါ်ခင်သက်တင်ကပါ ရယ်မောရင်း ...
"အနီးစပ်ဆုံးအင်္ဂလိပ်စကားနဲ့ ပြောရတာပေါ့ဟ၊ ဘယ်တိုက်ရိုက်စကားလုံးတော့ရှိမလဲ၊ ဒါနဲ့ ဖိတ်စာလည်း ပါလာသေးတယ်။ မြန်မာကုန်သည်ကြီးအမှုဆောင်များနဲ့ အစိုးရကုန်သွယ်ရေး ဌာနတာဝန်ခံတွေ တွေ့ဆုံဆွေးနွေးဖို့ဖိတ်တာ။ နောက်စနေဆိုတော့ ရှယ်လီ တက်နိုင်မှာပါ။ မမလည်း တက်မယ်၊ ဖက်စပ်စနစ်ကို ပြောင်းဖို့ ရည်ရွယ်တယ်ထင်တယ်၊ ကဲ မမ ပြန်လိုက်ဦးမယ်"
ရှယ်လီသည် ဒေါ်ခင်သက်တင်ကို ကားပေါ်အထိ လိုက်ပို့လိုက်သည်။ ဧည့်ခန်းကို ပြန်လာရင်း ဆိုဖာပေါ် ထိုင်လိုက်၍ မီရှယ့်စာကို ဖတ်လိုက်သည်။
ချစ်လှစွာသော မြကြာဖြူ
ဒီစာနဲ့ နှုတ်ဆက်ခဲ့ပါတယ်၊ မြန်မာပြည်ရဲ့ကန်သာယာမှာ မြကြာဖြူဆိုတဲ့ပန်းတပွင့်ကို တွေ့ခဲ့ရတာ ကျွန်တော့်ရင်ထဲ တကယ်ပဲ အေးမြကြည်နူးခဲ့ပါတယ်။ ဒေါ်ခင်သက်တင်ထံမှ မြကြာဖြူအကြောင်း ကျွန်တော် အားလုံးသိခဲ့ရပါပြီ။ လေးစားအပ်တဲ့ဓလေ့ထုံးစံနဲ့ ကြင်ကြင်နာနာ ရိုသေကိုင်းရှိုင်းတတ်တဲ့ မိသားစုအသိုင်းအဝိုင်းမှာ မြကြာဖြူ လုံခြုံစွာ ရှိနေရစ်တာကို ကျွန်တော် အားရဝမ်းသာမိပါတယ်။
ကျွန်တော့် လိပ်စာကတ်ပြားလေး ပေးရစ်ခဲ့ပါတယ်။ ပဲရစ်ရောက်မယ်ဆိုရင် ကျွန်တော့်ကို အကြောင်းကြားပါ။ ကျွန်တော့်ဧည့်ခန်း စားပွဲခုံပေါ်မှာ အစိမ်းရောင်ဖန်ပန်းအိုးလေးပေါ်မှာ ကြာဖြူပန်းတပွင့် အမြဲစိုက်ထားလိုပါတယ်။ ဒါပေမယ့်လည်း ကြာပန်းဟာ အရှေ့တိုင်းပန်းဖြစ်ပါတယ်၊ အနောက်မှာ ရှားပါးလှပါတယ်။
ထမင်းစားတဲ့အခါ ကျွန်တော့်ရဲ့ပန်းကန်ပြားပေါ်မှာ ဟင်းတဖတ်ဦးချပေးမယ့် အမျိုးသမီးကို မျှော်လင့်နေပါတယ်။ မကြာခင် ကျွန်တော်ရဲ့နှလုံးသားမှာ ကြာဖြူပန်းလေးတပွင့် ပွင့်ကောင်းပါရဲ့။
ကျန်းမာပျော်ရွှင်ပါစေ
မင်းရဲ့မီရှယ်
ရှယ်လီသည် စာဆုံးတော့ တနိုင်ငံသား၏ရည်းစားစာကို အံ့ဩနေမိသည်။ သူ့ရင်ထဲမှာတော့ တက္ကသိုလ်၏နေ့ရက်များလို ရင်ခုန်လာခြင်းမရှိတော့ပါ။ မီရှယ်သည် ကုန်သည်တယောက်သာမဟုတ်၊ စာရေးအဖွဲအနွဲ့ကိုလည်း ဆန်သစ်လှပအောင် ရေးတတ်သူတယောက်ဖြစ်သည်။ မီရှယ့်စာကိုသာ ယောက္ခမကြီးဖတ်ရလျှင် မာမီမပြောဘူးလာဟု သူ့ကို ဆိုမည်ဖြစ်သည်။
"ကြာပန်းဟာ အပူပိုင်းဇုံရာသီမှာ ပွင့်တတ်တယ်။ အေးတဲ့အနောက်နိုင်ငံမှာ မပွင့်ပါဘူး မီရှယ်"
သူ တီးတိုးရေရွတ်မိသည်။
၂၅။
အင်နီ ကျောင်းပြန်တက်နိုင်ပြီဖြစ်၍ ရှယ်လီလည်း ဆိုင်ထွက်နိုင်လာသည်။ ကုန်သည်လောကမှာ ဆက်ဆံရေးလည်း ကောင်း၊ အင်္ဂလိပ်လို လည်လည်ဝယ်ဝယ်ပြောဆိုတတ်သော ရှယ်လီက သတင်းကြီးခဲ့သည်။ ကျောင်းမှာတုန်းက ကျောင်းသူအများနှင့်ဝင်ဆန့်၍ ကျောင်းသားအဖော်များနှင့် အဖွဲ့ကျခဲ့သလို ယခု ကုန်သည်ဘဝရောက်တော့လည်း လူတန်းစားမရွေး ဖော်ရွေစွာဆက်ဆံနိုင်သော ရှယ်လီသည် ကုန်သည်ကြီးများအသင်း အမှုဆောင်ထဲတွင် ပါဝင်လာခဲ့သည်။
ပြည်ထောင်စုကလပ် (ယခု ကန်တော်ကြီးဟိုတယ်)အပေါ်ထပ်မှာ ပြုလုပ်သော မြန်မာကုန်သည်ကြီးများအသင်း အမှုဆောင်အစည်းအဝေးကို သူ တက်ရောက်ခဲ့သည်။ အစည်းအဝေး စားပွဲခုံထိပ်မှာ အသင်းဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့်အတူ ကုန်သွယ်ရေးဌာနအတွင်းဝန် ဦးဘခက်၊ သူနှင့်ကျောင်းနေဘက် အတွင်းဝန်လေး ဦးသန်းထွန်းတို့ကိုပါ ရှယ်လီ လှမ်းမြင်ရသည်။
အစည်းအဝေးအဖွင့်မှာ ဦးဘခက်က အစိုးရ၏မြန်မာကုန်သည်များအပေါ်ထားသည့် သဘောထားကို ပြောပြ၍ မြန်မာကုန်သည်ကြီးများအသင်းဥက္ကဌ ဦးစိန်မောင်က သူနှင့်အတွင်းရေးမှူးကို ကုန်သွယ်ရေးဝန်ကြီးက ခေါ်ယူဆွေးနွေးသည်များကို ပြောပြသည်။
ညနေ ၃နာရီလောက်မှ အစည်းအဝေးပြီး၍ အားလုံးပြန်ကုန်ပေမယ့် ဒေါ်ခင်သက်တင်က စကားပြောစရာရှိ၍ စားပွဲတခုမှာ ကုန်သည်ကြီး ဦးမြရင် (မြနန္ဒာ)ကုမ္ပဏီပိုင်ရှင်နှင့် စကားလက်ဆုံကျနေသည်။ ရှယ်လီက ခွင့်တောင်း၍ အောက်ထပ် ဆင်လာခဲ့သည်။ ငြီးစီစီနှင့် ခေါင်းနောက်တောက်တောက်ဖြစ်နေ၍ အောက်ထပ်ကန်ရေပြင်နှင့် အနီးဆုံးဝရန်တာဘေးက ကုလားထိုင်မှာ ထိုင်လိုက်သည်။ ထိုအနားမှာ လူရှင်းကာ အခြားစားပွဲများနှင့် ဝေးကွာသောနေရာဖြစ်သည်။ ရေပြင်ပေါ်ဖြတ်သန်းလာသော ဆောင်းနှင်းလေကို ရှူရှိုက်လိုက်ရမှ သူ နည်းနည်းကြည်လင်သလိုဖြစ်လာသည်။ စားပွဲထိုးလေးက အနားကပ်လာသည်။
"မမ ဘာအလိုရှိပါသလဲ"
"လိမ္မော်ရည်တခွက်လောက်"
ရှယ်လီက မှာကာ ကန်ရေပြင်ကို ကြည့်နေသည်။ ကန်တော်ကြီးရေပြင်သည် စိမ်းညို့နေသည်။ ရေဂယက်လေးများ သိမ်မွေ့စွာ လူးလွန့်နေကြသည်။
"ရှယ်လီ မပြန်သေးဘူးလား"
ရှယ်လီသည် အသံကြားရာကြည့်လိုက်တော့ ဦးသန်းထွန်း။
"မပြန်သေးဘူး၊ မမဒေါ်ခင်သက်တင်ကို စောင့်နေတယ်"
"ကျွန်တော်လည်း ပြန်မလို့ ကားစောင့်နေတာ၊ ရှယ်လီ့ကိုမြင်တာနဲ့ ဒီဘက်လျှောက်လာတာ"
ဦးသန်းထွန်းသည် သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ စားပွဲထိုးလေးက လိမ္မော်ရည် လာချသည်။
"ကိုသန်းထွန်း လိမ္မော်ရည် သောက်လိုက်ပါဦး။ နောက်တခွက် ယူခဲ့ပါဦးကွယ်"
ရှယ်လီသည် စားပွဲထိုးလာချသော ဖန်ခွက်ကို ဦးသန်းထွန်းဘက် လှမ်းပေးလိုက်၏။
"နေပါစေ ရှယ်လီ၊ ရှယ်လီသောက်ပါ"
"ရှယ်လီ ထပ်မှာလိုက်ပါတယ်"
"အစည်းအဝေးကလည်း ကြာတော့ ကျွန်တော်တောင် ငြီးစီစီပဲ၊ ရှယ်လီ နေမကောင်းဘူးလား၊ မျက်နှာကြည့်ရတာ မလန်းဘူး"
"ခု ကောင်းသွားပါပြီ။ အစည်းဝေးခန်းထဲတုန်းက ခေါင်းနောက်လို့"
"အေးဗျာ၊ အလုပ်က ပိနေတော့ လူလည်း အရုပ်လိုဖြစ်နေတယ်၊ ဒီညနေမအားဘူးလား၊ ကျွန်တော်တို့ အင်းလျားကန် လှေသွားလှော်ရအောင်"
ရှယ်လီသည် စားပွဲထိုးနောက်ထပ်လာချသော လိမ္မော်ရည်ဖန်ခွက်ကိုယူကာ တကျိုက်သောက်လိုက်သည်။
"ကိုသန်းထွန်းကလည်း ကလေးလေးကျနေတာပဲ၊ ရှယ်လီတို့ ကျောင်းသားတွေမှမဟုတ်တော့ဘဲ"
ရှယ်လီက ခပ်ထေ့ထေ့ပြုံးကာ ပြောလိုက်သည်။
"ဒါတော့ ဒါပေါ့ဗျာ၊ ဒါပေမဲ့ အလုပ်များလွန်းတော့ အားလပ်ချိန်ကိုမျှော်လင့်မိတယ်၊ သိပ်ဦးဏှောက်ခြောက်တယ်၊ အိမ်ရောက်ရင် တယောက်တည်းဆိုတော့ သာပြီးချောက်ချားသေးတယ်"
"ရှယ်လီကတော့ အိမ်ရောက်ရင် သားတွေသမီးတွေနဲ့ အလုပ်ဆက်ရှုပ်နေတော့ ဦးဏှောက်ခြောက်ချိန်တောင်မရဘူး"
ရှယ်လီက ဦးသန်းထွန်းစကားကို ဆီးပိတ်လိုက်သည်။
"ရှယ်လီလည်းပဲ တယောက်တည်းနေရတာကြာတော့ အထီးကျန်ဖြစ်မလာဘူးလား"
လိမ္မော်ရည်သောက်ရင်း ဦးသန်းထွန်းက မေးလိုက်၏။ ဒီမေးခွန်းမျိုး မီရှယ်ကလည်း မေးခဲ့ဖူးပြီ။
"ရှယ်လီက တယောက်တည်းမှ မဟုတ်ဘဲ"
ရှယ်လီက ဖြေလိုက်၏။
ဦးသန်းထွန်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။ အဝေးရှိ ကန်လယ်ကျွန်းလေးကို ငေးမောနေရင်း ညည်းတွားနေသလို ဆက်ပြောနေသည်။ နေက တဖြည်းဖြည်း ညိုစပြုလာပြီ။
"ကျွန်တော်ကတော့ တယောက်တည်း၊ ရှယ်လီ့မှာ သားသမီးရှိနေပေမယ့် ရှယ်လီ တကယ်တော့ တယောက်တည်းပါ။ ရှယ်လီ ငယ်ပါသေးတယ်၊ ကျွန်တော့်လိုပဲ အထီးကျန်ဝေဒနာ ခံစားရမှာ ကျွန်တော်သိပါတယ်၊ ရှယ်လီ စကားပြောတာ သိုသိပ်လိုက်တာ။ တို့ ကျောင်းတုန်းကလို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ"
ရှယ်လီက ရယ်လိုက်သည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ရှယ်လီတယောက်တည်းနေရတာ အနေကြာလာတော့ တယောက်တည်းနေရတာကို နှစ်သက်တယ်"
ပြောရင်း လက်ကျန်လိမ္မော်ရည်ကို ရှယ်လီ ဆက်သောက်လိုက်၏။ ဦးသန်းထွန်းက ရှယ်လီ့မျက်လုံးကို စေ့စေ့ပြန်ကြည့်လိုက်၏။
"တယောက်တည်းနေရတာ အန္တရာယ်မများဘူးလား၊ ပြီးတော့ မိန်းမသားတယောက်တည်း သားနဲ့သမီးတာဝန် ထမ်းနေရတာ ရှယ်လီပင်ပန်းလှတယ်"
ဦးသန်းထွန်းစကားတွေက အဓိပ္ပါယ်အများကြီးရှိသည်ကို ရှယ်လီနားလည်ပါသည်။ ရှယ်လီက အေးအေးဆေးဆေးပြန်ပြောပါသည်။
"ကျေးဇူးတင်ပါတယ်ဦးသန်းထွန်း၊ ရှယ်လီ့မှာတွေ့ရမယ့်အန္တရာယ်ကို စိုးရိမ်တယ်ဆိုလို့ ကျေးဇူးတင်တာပါ။ ရှယ်လီပြောချင်တာက အန္တရာယ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ လူမှာဖြစ်ဖြစ် တိရစ္ဆာန်မှာဖြစ်ဖြစ် အန္တရာယ်ဆိုတာ အမြဲရှိနေတာပဲ"
"ဘယ်လို ..."
ဦးသန်းထွန်း ဖျော်ရည်တကျိုက်သောက်ရင်း စိတ်ဝင်စားစွာ မေးလိုက်သည်။
"ရှယ်လီတို့နေရတဲ့ လူတောအန္တရာယ်ဟာ သစ်ပင်တောတောင်တွေရှိတဲ့ တောအန္တရာယ်လိုပါပဲ၊ ခြင်္သေ့မတကောင်ဟာ သားသမီးတွေကို အစာရှာကျွေးရတယ်၊ ခြင်္သေ့မတကောင်အတွက် အစာရှာရတယ်ဆိုတာ မလွယ်ပါဘူးနော်၊ သားကောင်ကို ဖမ်းတတ်၊ တိုက်တတ်၊ ခိုက်တတ်မှ ရတာပါ။ အလွယ်တကူမရပါဘူး။ အချိန်တန်ရင် ကလေးတွေ ကိုယ့်သားကောင် ကိုယ်ရှာစားတတ်ဖို့၊ သူတို့ကိုယ်လည်း သူတို့ကာကွယ်တတ်ဖို့ အမေခြင်္သေ့မက သင်ပေးရတယ်၊ ဒါက ခြင်္သေ့မရဲ့တာဝန်။ တခါ ကိုယ့်အချင်းချင်း တိုက်ခိုက်တတ်တဲ့ရန်သူတွေ ဒါမှမဟုတ် တခြားသားကောင်အန္တရာယ်ကလည်း ကိုယ့်ကိုယ်ကို ကာကွယ်တတ်ရပါတယ်။ ရှယ်ခီလည်း ခြင်္သေ့မလိုပဲ လူ့ဘဝတောမှာ ကျွမ်းကျင်လာပါပြီ။ တာဝန်နဲ့အန္တရာယ်ကို မကြောက်ပါဘူး။ သားသမီးတွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ပညာပေးနေဆဲပါ။ တွေ့လာတဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့လည်း သင်ကြားပေးနေရပါတယ်။ သူတို့တွေကို အဲဒီလို သင်ကြားပေးနေရ၊ ဝမ်းစာလည်း ရှာနေရနဲ့ ရှယ်လီ့မှာ အားလပ်တဲ့အချိန်ဆိုတာလည်း မရှိပါဘူး။ တခုကလည်း အဲဒီ ရှယ်လီပြောခဲ့တဲ့ခြင်္သေ့မလိုပဲ ကိုယ့်ကို အန္တရရာယ်ပြုမယ့် ခြင်္သေ့ထီးတွေ သားကောင်တွေနဲ့ ရင်ဆိုင်ရရင် တိုက်ခိုက်ဖို့ အသင့်ပဲ"
ရှယ်လီ့စကားက ပြတ်သားလှပါသည်။ ဦးသန်းထွန်းကလည်း ပါးနပ်သည်။ ရှယ်လီ စကားစပြတ်၍ ထသွားမှာကို စိုးနေသည်။
"ကိုယ်ဆိုလိုချင်တာက ဒီတောမှာ ရှယ်လီ အန္တရာယ်တခုခုတွေ့ရင် ရှယ်လီ့ကို ကိုယ် ကာကွယ်ပိုင်ခွင့် မရနိုင်ဘူးလား၊ ရှယ်လီရယ် ....ကိုယ်ဟာ ဘဝကို နားလည်ပါတယ်၊ မင်း တခါတခါမှာတော့ အားမငယ်ဘူးလား။ အထီးကျန်တဲ့အခါ ဆာလောင်မွတ်သိပ်တဲ့ဝေဒနာကို မခံစားရဘူးလား။ ဒါကိုတော့ ကိုယ်က ခံစားရဖူးသူမို့ ကိုယ့်ကို မညာစေချင်ဘူး။ မင်းက ခံစားရမှုကို ထိန်းချုပ်ပြီး ဣနြေ္ဒလုပ်နေတာဖြစ်နိုင်တယ်။ ရှယ်လီ့ရင်ထဲမှာတော့ ဝမ်းနည်းကြေကွဲနေမှာပါ"
"ကိုယ့်ယောက်ျား ကိုယ်လွမ်းလို့ ဝမ်းနည်းတာတခုပါပဲ၊ ဒါပေမဲ့ အရင်က လင်းနဲ့နေတုန်းက လင်းကို ဘာဖြစ်ဖြစ် အားကိုးတယ်၊ နောက်ကပဲ မှီတွယ်လိုက်ချင်တယ်၊ ခု တယောက်တည်းနေရတော့ သတ္တိတောင် ပိုရှိလာသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဟာကိုယ်ဖန်တီးရမယ်ဆိုတဲ့အသိက ရှယ်လီ့ကို အားပေးလာတယ်၊ ရှယ်လီ တယောက်တည်းပဲ နေချင်တယ်"
ဦးသန်းထွန်းမျက်လုံးများက ရှယ်လီ့ကို စူးစိုက်ကြည့်နေရာမှ ပြောင်းလဲလာသည်။ တဖြည်းဖြည်းနှင့် မျက်လုံးက သရော်လာသလိုလို လေးစားမှုမဲ့လာသလို ဖြစ်လာသည်။
"ရှယ်လီရယ် ... ဟန်တွေ သိပ်မလုပ်စမ်းပါနဲ့၊ ဒီညနေတော့ တို့နှစ်ယောက် အင်းလျားကန်မှာ လှေလှော်ရအောင်၊ ပတ်ဝန်းကျင်ကို ခေတ္တပဲ မေ့ရမေ့ရ မေ့ပစ်လိုက်ပြီး ငယ်မူပြန်လိုက်ရအောင်။ ဟိုတုန်းက ကိုယ်ခေါ်ရင် ရှယ်လီ မငြင်းခဲ့ဖူးပါဘူး။ ရှယ်လီတို့ ကျောင်းသားဘဝတုန်းက ကိုယ့်ကိုလှိမ့်ခဲ့တာတွေ အမှတ်တရ ကန်လယ်ကျွန်းမှာ ပြန်ပြောရမယ်။ ဘာပဲဖြစ်ဖြစ် တခါက အပျော်တွဲခဲ့တဲ့ ဒီကောင်ကို စိတ်ချမ်းသာမှုပေးတဲ့အနေနဲ့ ကိုယ်ခေါ်ရာ မလိုက်နိုင်ဘူးလား"
ဦးသန်းထွန်းအသံက ဇွတ်တိုးမည့်အသံပါလာသည်။ သူ့စကားလုံးများက စော်ကားလွန်းလာသည်။ ခေါ်ရာလိုက်မည့်မိန်းမစားမျိုး ပြောလာသည်။
ရှယ်လီသည် မျက်လုံးများ ဝင်းဝင်းတောက်လာသည်။ ရုတ်တရက် ကုလားထိုင်မှ ထလိုက်ကာ စားပွဲပေါ်ရှိဖန်ခွက်ကို ဆွဲ၍ ဦးသန်းထွန်းမျက်နှာကို ပေါက်ရန် ကိုင်လိုက်သည်။
နောက်ဘက်လှမ်းလှမ်းစားပွဲမှ လူတွေကို မြင်လိုက်ရတော့မှ သူ စိတ်ကိုထိန်းကာ ချာကနဲလှည့်၍ ဒေါ်ခင်သက်တင်ရှိရာ အပေါ်ထပ်သို့ ပြေးတက်လာခဲ့သည်။ ဒေါ်ခင်သက်တင်ကို သူ ဘာမှပြန်မပြော၊ ကုန်သည်ပေါက်စဘဝ ရှယ်လီ့အနေနှင့် ဦးခင်ဆွေ သူ့ကို ရိသဲ့သဲ့လုပ်တုန်းက သူ ပါးဆွဲချခဲ့သည်။ ယခုလည်း ဦးသန်းထွန်းကို ဖန်ခွက်နှင့် မျက်နှာကို ပေါက်လိုက်ချင်သည်။
ဒါပေမဲ့ ဦးသန်းထွန်းက စကားနှင့်သာ စော်ကားသည်။ ဦးခင်ဆွေလို လက်ရောက်ကျူးလွန်သူမဟုတ်။ ပြီးတော့ ဦးသန်းထွန်းက အစိုးရဌာနမှ အတွင်းဝန်လေးဖြစ်သည်။ ဆက်ဆံရေးပျက်ပြားသွားလျှင် သူတို့ကုန်သွယ်ရေးလုပ်ငန်းကိုပါ ထိခိုက်နိုင်သည်။ ဒါကြောင့် သူ စိတ်ကိုထိန်းကာ ပြေးထွက်လာခဲ့သည်။
ခု သူကလည်း ကုမ္ပဏီပိုင်ရှင် ဒေါ်မြကြာဖြူ။ ဒေါ်ခင်သက်တင်၏ဆုံးမစကားကို သတိရလာသည်။
ဟိုတုန်းကရှယ်လီမဟုတ်တော့ တခုခုများ စိတ်မထိန်းနိုင်၍ ဖြစ်လိုက်လျှင် ဟိုးလေးတကျော်ကျော် ဖြစ်သွားနိုင်သည်။ ဒေါ်ခင်သက်တင်နှင့်အတူ ပြန်လာခဲ့ပေမယ့် မနည်း စိတ်ကို တည်ငြိမ်အောင် ထိန်းလာခဲ့ရသည်။
အိမ်ပြန်ရောက်တော့ အိပ်ခန်းထဲ တန်းဝင်ကာ ခုတင်ပေါ် ပစ်လှဲမိသည်။ ရင်မောလိုက်တာ၊ ရှေ့လျှောက် ဘယ်လိုများ စခန်းသွားရပါ့။ ငယ်တုန်းက ရည်စားများခဲ့သောအရိပ်က ခုချိန်ထိလွှမ်းမိုးကာ သူ့အနာဂတ်ကို ထိခိုက်စေပါသလား။ သူ့ကို အထင်သေးစွာ ဆက်ဆံသော ဦးသန်းထွန်းကို သူ နာကျည်းနေသည်။
"မာမီ ဘာလို့အဝတ်အစားမလဲဘဲ ဘယ့်နှယ်အိပ်နေလဲ"
အင်နီက ကျောင်းကပြန်လာ၍ အခန်းထဲဝင်လာရင်း မေးလိုက်သည်။သူသည် မျက်နှာထားကိုပြင်လိုက်၏။
"အစည်းအဝေးက ကြာလွန်းလို့ မာမီ ခေါင်းကိုက်လွန်းတာနဲ့ အိပ်ရာထဲလှဲနေတာ"
"လိမ္မော်ရည်သောက်လိုက်ဦး၊ အင်နီ သွားဖျော်မယ်"
အင်နီသည် အပြေးအလွှားသွားကာ လိမ္မော်ရည်တခွက်ယူလာသည်။
သူ အိပ်ရာမှ ထကာ အဝတ်အစားလဲလိုက်၍ အင်နီပေးသော လိမ္မော်ရည်ကို သောက်နေသည်။
"တယ်လီဖုန်းလာပါတယ် မမ"
မကြည် လာပြော၍ သူ အောက်ဆင်းကာ တယ်လီဖုန်းကို ကိုင်လိုက်သည်။
"ရှယ်လီ"
တဖက်မှ ဒေါ်လီ့အသံ၊ ရှယ်လီ ဝမ်းသာလိုက်သည်ဖြစ်ချင်း။
"ဒေါ်လီ ပြော ....ပြော"
"ကိုယ်တို့ ရန်ကုန်ပြောင်းရမယ်၊ အမိန့်ထွက်ပြီး ရန်ကုန်ရောက်ရင် ဦးဝိစာရအိမ်မှာ ခဏနေဦးမယ်"
"ဟုတ်လား၊ ရှယ်လီ သိပ်ဝမ်းသာတာပဲ ဒေါ်လီ၊ တွေ့ရအောင်နော်၊ ရန်ကုန်ရောက်ရောက်ချင်း ရှယ်လီ့ဆီ ဆက်လိုက်ပါ"
ထိုညက သူ အိပ်မရ၊ သားနှင့်သမီးကလည်း စာမကြည့်။ ဂျင်မီပါ သူ့အခန်းလာ၍ စကားပြောနေသောကြောင့် သူ စိတ်သက်သာရာရပါသည်။
"အင်နီ ဘီအေအောင်ပြီးရင် အမ်အေဆက်တက်ချင်တယ် မာမီ"
မတ်လတွင် အင်နီ ဘီအေစာမေးပွဲ ပြီးစီးမည်ဖြစ်သည်။ ထိုခေတ်က အမ်အေတက်ချင်လျှင် ကျူတာလုပ်ရသည်။
"သမီး အမှတ်ဝင်ရင် ကျူတာလုပ်ပြီး တက်ပေါ့။ သမီး စကားနည်းတာနဲ့ ကျူတာလုပ်ရမှာ မာမီ မြင်ယောင်သေးတယ်။ တက္ကသိုလ်မှာ အမ်အေဘွဲ့ယူပြီး ဆရာမလုပ်မှာတော့ မာမီ သဘောကျပါတယ်။ လက်ထောက်ကထိဖြစ်လာရင် လက်ချာပေးရမယ်နော်"
ရှယ်လီက သမီး၏အေးစက်စက်ဟန်နှင့် ဆရာမ ဖစ်ပါ့မလားဟု စိတ်ပူနေသည်။
သူ့ဟာနဲ့သူတော့ ဖြစ်လာမှာပေါ့ မာမီ၊ သမီးကတော့ အင်္ဂလိပ်စာ အမှတ်ဝင်မယ်ထင်တယ်၊ သမီးတို့မြန်မာစာဌာနမှာ ကထိက ဒေါ်သန်းဆွေရော၊ ဒေါ်ခင်စောရော အပြင်မှာ သိပ်အေးတာ၊ စကားနည်းကြတယ်။ စာသင်ရာကျတော့ စကားပြောကောင်းလိုက်တာ ငေးယူရတယ်။ တခုက အင်နီ အင်္ဂလိပ်စကားပြောရင် မာမီလို ဘိုသံမပေါက်ဘူး"
"အို ...မာမီက ငယ်ငယ်ကတည်းက ကွန်ဗင့်မှာ နေလာတာ၊ မြန်မာတယောက် အင်္ဂလိပ်စကားပြောရင် မြန်မာသံနဲ့ပဲ ပြောမှာပေါ့၊ မှန်ရင်ပြီးတာပဲ။ ဘိုသံပေါက်ဖို့မလိုပါဘူး"
"မာမီ ...မာမီ၊ အင်နီ ဆရာမဖြစ်တော့ ပထမဆုံး သူ လက်ချာပေးမယ့်ကလပ်စ်ကို သားနဲ့မာမီ သွားတက်ရအောင်"
ဂျင်မီက ဝင်နောက်ရင်း ရယ်မောနေကြသည်။
ဂျင်မီက နှုတ်ဆက်ရင်း သူ့အခန်းပြန်သွားသည်။
ဘာလိုလိုနှင့် ဂျင်မီလည်း ရှေ့နှစ်ပြီးလျှင် (House surgeon) အလုပ်သင်ဆရာဝန်ဖြစ်တော့မည်။
သူ့ပခုံးပေါ်တင်နေသော သားနှင့်သမီးတို့တာဝန်က တစတစ ပေါ့စပြုလာပြီ။ ဒါပေမဲ့ ဒီည သူ အိပ်မရ။ ဦးသန်းထွန်းနှင့် တွေ့ဆုံရသောအချိန်က ဖြစ်ခဲ့ရသောဒေါသ၊ ဒေါ်လီပြန်လာ၍ ဝမ်းသာသောပျော်ရွှင်ခြင်း ရောယှက်ကာ သူ စိတ်လှုပ်ရှားနေသည်။ သမီးကတော့ တဖက်ခုတင်မှာ အိပ်ပျော်နေပြီ။
သူသည် ပြတင်းရှိရာ လျှောက်လာခဲ့၍ သံတိုင်ကိုကိုင်ကာ ခြံအပြင်ကို ငေးနေမိသည်။ နီလာရင့်ကောင်းကင်မှာ လမင်းရွှေအိမ်သည် ဝင်းပရွှန်းလက်နေသည်။ သစ်ရွက်များပေါ်မှာ ဖိတ်လျှံကျနေသော ရွှေရည်များသည် ဆောင်းနှောင်းလေ ဝေ့ဝဲသွားတိုင်း ပြိုးပျက်နေကြသည်။ ရင့်ကျက်လာပြီဖြစ်သော ဆောင်းနှောင်းလေသည် ဖြည်းညင်းစွာ သစ်ရွက်များကြားတိုးဝင်ရင်း ညမွှေးပန်းရနံ့ကို ကြဲဖြန့်သွားသည်။
ပန်းရနံ့သည် ရှယ်လီ့ရင်ကို လှိုက်ဖိုသွားစေသည်။ ဒီပန်းကလည်း ညမှာမှ ပွင့်သတဲ့။ သူသည် ပြတင်းမှ ခွာလိုက်ကာ စားပွဲတင်မီးကို ပိတ်လိုက်သည်။ အခန်းထဲကိုဖြာကျလာသော လရောင်၏စင်းလုံးချောအလှကို ငေးမောနေမိသည်။ သူ့ရင်ထဲမှ ပန်းကရော ရနံ့သစ်များ ထုတ်လွှင့်နေလေသလား။
တခါက ညှိုးလျနွမ်းငုံနေသော ရင်တွင်းပန်း၏ဝေဒနာကို နှိုးဆွသလိုဖြစ်လာသည်။ သူသည် စားပွဲခုံပေါ်မှ မီးအိမ်ကို ပြန်ဖွင့်လိုက်၍ အံဆွဲထဲမှ စာအုပ်ရှည်ကြီးကို ယူလိုက်သည်။ ပြတင်းမှ လျှောကျသောလရောင်အလှသည် မီးရောင်အောက်မှာ ပျောက်သွားသည်။ ကုလားထိုင်မှာထိုင်ကာ စာအုပ်ကို ဖွင့်လိုက်၍ သူ စာစရေးလိုက်သည်။
ချစ်လှစွာသော လင်း
ခြံပြင်မှာ လရောင်တွေ ဖြာကျနေတယ်၊ လရောင်ခြည်ဟာ လပြည့်နေ့တစ်ညမှာ မိုက်မဲခဲ့တဲ့ မိန်းမတယောက်အကြောင်းကို ပြောပြကြတယ်။ ဒီမိန်းမက ယောက်ျားတယောက်ကို စတင်ချစ်ခဲ့မိတာကိုး။ ချစ်လာရင် ရအောင်ယူတတ်ဖို့ပညာ ဒီမိန်းမက တတ်တယ်၊ သူက အချစ်မှော်အောင်ထားသူတယောက်ပေပဲ။ ဒါပေမဲ့ တောင်းခံလာမှ အချစ်ကိုပေးဖို့ မေ့လျော့ခဲ့တဲ့မိန်းမတယောက်ဟာ သူက အချစ်ကို စတင်သိမ်းသွင်းမိတဲ့အတွက် သူ့မှော်ပညာဟာ အခု တန်ဖိုးမရှိတော့ဘူး။
လင်းရဲ့သား ဂျင်မီလည်း ဆရာဝန်ဖြစ်တော့မယ်။ အင်နီလည်း အမ်အေတက်ရတော့မယ်။ လင်းရဲ့သားသမီးများကို ရှယ်လီစောင့်ရှောက်တာထက် လင်းမိဘများက ကူညီစောင့်ရှောက်အုပ်ထိန်းပေးတယ်ဆိုရင် မှန်မယ်။
ရှယ်လီ သားသမီးတွေအတွက် အလုပ်ကြိုးစားလုပ်ပေမယ့် အရွယ်မလွန်သေးတဲ့မိန်းမတယောက်အတွက် ကိုယ့်ကိုယ်ကို လုံခြုံမှု၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ဟာ သိပ်အရေးကြီးတာပဲလို့ သိရတဲ့အခါ လင်းကို အထူးသတိရတယ်။ အလုပ်လုပ်ရင်း ပတ်ဝန်းကျင်မှာထိတွေ့ရတဲ့ သင်ခန်းစာတွေကြောင့် ရှယ်လီ အရွယ်ငယ်ငယ်နဲ့ဖြစ်ရတဲ့ တခုလပ်တွေ မုဆိုးမတွေဘဝကို သိပ် နာသာခံခက်တာပဲ၊ အခုတော့ ရှယ်လီ အသက်လေးဆယ်ကျော်ခဲ့ပြီလေ၊ မိန်းမတယောက်ဟာ လေးဆယ်အရွယ်မှာမှ အလှပြည့်စုံဆုံးပေါ့။ အလုပ်ရဲ့အခက်အခဲ၊ အသက်မွေးဝမ်းကျောင်းအတွက် ကြိုးစားရတာ စိတ်မပျက်ပါဘူး၊။ ကိုယ့်ကိုယ်ကို တဖက်က ကာကွယ်ရတဲ့အလုပ်အတွက်တော့ စိတ်ပင်ပန်းလှတယ်၊ အဲဒီအခါမှာ လင်သားတယောက်ရဲ့အရှိန်အဝါ အကာအကွယ်ဟာ ဇနီးအတွက် တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာ ရှယ်လီ ပိုမိုနားလည်လာတယ်။ အထူးသဖြင့် ရှယ်လီမွေးဖွားလာရတာ မြန်မာပြည်ဆိုတာက မိန်းမဣနြေ္ဒဆိုတဲ့ စည်းကမ်းဟာ ရုံးတော်တွေက ပြဌာန်းတဲ့ဥပဒေတွေထက် စောင့်စည်းရပါတယ်။
သူ ဆက်မရေးချင်တော့ စာအုပ်ကို အသာပိတ်ထားလိုက်ကာ အံဆွဲထဲ ပြန်သွင်းလိုက်သည်။ မီးမှိတ်လိုက်၏။ လရောင်မှေးမှေးကျရောက်နေသော အခန်းထဲက ခုတင်ပေါ်မှာ သူ လှဲလိုက်၏။ စာကိုသာ ရေးချင်၍ရေးလိုက်သည်။ လင်းရှိရာသို့ ဘယ်လိုပို့ရမှန်းမသိ။ ပြတ်ပြတ်တောင်းတောင်း လင်းက လိပ်စာမပေးဘဲထားသည်ကို သူများထံမှ စုံစမ်း၍တော့ ရှယ်လီမပေးချင်ပါ။ ဒီမာနတော့ သူ့မှာရှိ၏။ နောက်နေ့တွင် စိတ်ရှိရင် သူ ဆက်၍တော့ ရေးချင်ရေးမိမည်ဖြစ်သည်။
မှုန်ပျပျရောင်ခြည်မှာ မိန်းမောခဲ့စဉ်က ပြုသင့်မပြုသင့်ကို မစဉ်းစားမိ။ ကောလိပ်ကျောင်းသူဘဝသည် လမင်းရိပ်အောက်မှ ညဉ့်လယ်နှင့်တူသည်။ ပတ်ဝန်းကျင်ကို သတိမထားမိ။ ပန်းပွင့်၏သင်းရနံ့၊ သန်းခေါင်ယံညဉ့်လေပြည်၏အေးမြလန်းဆတ်ခြင်း၊ စိတ်ကို လှုပ်ရှားနိုးကြွစေသော တိတ်ဆိတ်ခြင်း၊ မှိန်မှိန်နွဲ့နွဲ့ လရောင်ခြည်ပွေ့ဖက်မှုအောက်မှာ အရူးအမူး သူဖြစ်ခဲ့သည်။
ပထမတော့ မနာလိုမှု၊ တူးတူးမှာ ချစ်သူရှိနေသည်ကို ဝန်တိုမိသည်။ သူ့ထက် အလှအပ ဆွဲဆောင်မှုမရှိသော တူးတူးလို မိန်းကလေးတယောက်က လင်းလိုချစ်သူနှင့် ဘာကြောင့်တွဲနေနိုင်သည်ကို မနာလိုဝန်တိုမိခဲ့သည်။
လင်းကိုရအောင် သူ့အစွမ်းနှင့် ဆွဲဆောင်ခဲ့ပြီးတော့ လင်းကို သူ အရူးအမူးချစ်သည်။ သူ လင်းကိုတော့ ရခဲ့ပြီ။။သူ၏ရရှိခြင်းသည် တရားသောရရှိခြင်း ဟုတ်မဟုတ် စိစစ်နိုင်ခြင်းမရှိခင်မှာ လင်းက သူ့ကို စွန့်ခွာသွားသည်။ တူးတူးထက် သူသည် ဆွဲဆောင်မှုရှိသည်။ ကျော့ရှင်းသည်။ ဖော်ရွေသည်။ ဒါပေမဲ့ ဘာကြောင့် လင်းကို သူ့ရင်ခွင်မှာ အစဉ်ထိန်းထား၍မရပါလိမ့်။
လရောင်ဖျော့ဖျော့၏အလင်းသည် တက္ကသိုလ်ရိပ်မှာ မှေးမှိတ်ခဲ့ပြီ။
ယခု ပြင်းပြသော နေခြည်လင်းလင်းမှာ သူလျှောက်လှမ်းလာခဲ့ရသော ဘဝက မိန်းမောစရာမရှိ။ လက်တွေ့ရင်ဆိုင်ရသည်က စွန့်စားခန်းတွေနှင့်ပါတကား။
ဆက်ရန်
------------------------------------
0 Comments