#တိမ်ဖုံးပါလို့ လမသာ
အပိုင်း(၁၁)
“ ဒါတောင် ... မိခင်ဦးက ကိုကို့ကို အပြစ်တင်စကား လုံးဝမပြောခဲ့ဘူး”
ညီညီက မကျေမချမ်း ပြောယင်း ချောင်းတဟွတ်ဟွတ် ဆိုးသည်။ ကိုကိုသည် ညီညီ့အား ကြည့်ယင်း စိတ်မကောင်းဖြစ်ရလေသည်။ ညီညီသည် ထင်သလိုနေ၊ ထင်သလို စားယင်း ကျန်းမာရေး ချွတ်ယွင်းနေပုံရသည်။
“သောက်နေကျ မဟုတ်လို့လားမသိဘူး၊ ဒူးယားလောက် မကြိုက်ပါဘူးဗျာ”
ညီညီသည် သူ့လက်ထဲမှ စီးကရက်ကို ကားအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ တဝက်လောက် ကျန်နေသေးသော ဒန်းဟီးလ်စီးကရက်လေးသည် ကားလမ်းပေါ်တွင် ကျွမ်းထိုးမှောက်ခုန်နှင့် ကျန်ခဲ့သည်။
"ဪ ... မိခင်ဦး အချစ်ကြီးပုံများ၊ ကျွန်တော်က အပြစ်တင်စကား ပြောယင်တောင် ..... သူ့အကြောင်းနဲ့ သူဖြစ်တာ၊ ကိုကို့အပြစ်မဟုတ်ပါဘူး တဲ့၊ ကာကွယ်ပြီး ပြောသေးတာ”
ကားလမ်းဘေးမှ ကုက္ကိုပင်အိုကြီးများက ထီးထီးချည်း ငြိမ်သက်နေကြသည်။ အကိုင်းအခက်အရွက်များကို ပင်စည်ဘေးတွင် ဖြန့်ကြက်ထားယင်း ငိုက်မျဉ်းအိပ်ပျော်နေကြဟန်ရှိသည်။ လူ့လောက၏ ဝမ်းနည်းဖွယ်၊ ပူဆွေးဖွယ်၊ ဒေါသဖြစ်ဖွယ်၊ ရယ်ရွှင်ဖွယ် ကိစ္စအရပ်ရပ်ကို လုံးဝ လျစ်လျူရှုထားဟန်တူလေသည်။
“မိခင်ဦးက ကိုကို့ကို အသည်းနှလုံးအားလုံး ပုံပြီး ချစ်ရှာတယ်... ကိုကို စိတ်အနှောင့်အယှက်ဖြစ်မယ့် စိတ်မချမ်းသာမယ့်ကိစ္စကို ကိုကို မတွေးခင် သူက တွေးပြီးသား”
“ငါသိတာပေါ့ ညီညီရယ်”
ကိုကိုက စိတ်ထဲမှ ပြောမိသည်။
“ခင်စိုးပိုင်ကတော့ ကိုကို့ကို ပစ္စည်းဥစ္စာတွေ အားလုံးပုံပေးပြီး ယူခဲ့တယ်... အဲ... ချစ်ခဲ့တယ်ပဲ ဆိုပါတော့... ဟဲ... ဟဲ... ကိုကို့စိတ်ကို သူ ဘယ်တော့မှမတွေးဘူး၊ သူတွေးတာက သူ့စိတ်အကြောင်းပဲ၊ သူ့စိတ်အလိုကို သူလိုက်ဖို့ပဲ”
ညီညီက မပွင့်တပွင့် ရယ်နေသည်။
“အဲဒါကိုလဲ ငါသိခဲ့တာပါပဲ ညီညီရယ်”
ကိုကိုက စိတ်ထဲမှ ပြောမိပြန်သည်။ သူ မသိမဟုတ်၊ တကယ့်တကယ်တော့ သူ အားလုံးကို သိခဲ့သည်ပင်။
* * *
“ဒီဆေးလေးသွင်းတုန်းတော့ အဖေ့ဘေးမှာ စောင့်ပေးပါကိုကိုရယ်၊ ခင်ဦးတယောက်တည်းဆို တော်ကြာ ဆေးကုန်ခါနီးယင် ဘာလုပ်ရမှန်းလဲ မသိဘူး၊ ဆေးက ကျတာ မြန်လာလိုက် နှေးလာလိုက်နဲ့၊ ဆရာမလေးတွေကိုလဲ ခဏခဏခေါ်ရတာ အားနာတယ်”
ခင်ဦးက မျက်နှာငယ်လေးနှင့် ပြောသည်။ ကိုကိုက ခေါင်းညိတ်သည်။ ဦးလေးမောင်၏လက်ချောင်းများကို အားပေးသလို ဆုပ်ကိုင်ယင်း ထိုင်စောင့်သည်။
ဦးလေးမောင်သည် လေဖြတ်ခြင်းဖြစ်၏။ နဂိုကတည်းက ခြေထောက်တစ်ချောင်းသာ ရှိရသည့်အထဲ ကျန်သည့်ခြေထောက်တစ်ချောင်းနှင့် လက်တဘက်တို့ကပါ လှုပ်၍ ရှား၍မရပဲ ကိုယ်တပိုင်းသေသည့်ဘဝသို့ ရောက်ရသည်။
“ခိုင်းထားဟ ခင်ဦး၊ ခိုင်းထား... ။ ဟိုကလဲ ဘယ်လျှောက်လည်နေမှန်းမသိဘူး၊ တစ်ညလုံး ပျောက်နေတယ်၊ ငါ့မှာ ဦးလေးမောင်ဘေးမှာ မလုပ်တတ်မကိုင်တတ်နဲ့ တယောက်တည်း”
ညီညီက ကိုကို့အား မကျေနပ်ချေ။ ဟိုညကလည်း ကိုကိုပေါ်မလာသောကြောင့်ဖြစ်သည်။ မိုးလင်းသောအခါမှ ရောက်လာသော ကိုကိုသည် ဦးလေးမောင်၏ကုတင်ပေါ်တွင် ခေါင်းတင်ပြီး အိပ်ပျော်နေသော ညီညီ့အား အသာလှုပ်နှိုးလေသည်။
“ကိုကိုရာ ... မင်းကွာ တညလုံး ဘယ်ပျောက်နေလဲ... အိမ်မပြန်ဘူးလား... ဆေးရုံလိုက်ခဲ့ဖို့ မိခင်ဦး လာမပြောဘူးလား”ဟု မကျေမချမ်းပြောနေသော ညီညီ့အား ဂရုမပြုပဲ ဦးလေးမောင်ကိုသာ အရေးတကြီး စမ်းသပ်သည်။ ခုတင်ခြေရင်းက ကတ်ပြားကို ဖတ်ကြည့်လိုက်၊ ဆရာဝန်များအခန်းသို့ သွားလိုက်နှင့် ကိုကိုက အလုပ်ရှုပ်နေတော့ ညီညီ့ခမျာလည်း ထပ်ပြီး အပြစ်မတင်သာတော့ပေ။
အမှန်စင်စစ် ကိုကိုကလည်း အလုပ်ရှုပ်ချင်လွန်း၍ ရှုပ်သည်မဟုတ်။ ဦးလေးမောင်နှင့်ရော ညီညီနှင့်ရော ကြာရှည် မျက်နှာချင်းမဆိုင်ချင်သောကြောင့်ဖြစ်သည်။ မနေ့ညကလည်း ခင်ဦးပြန်သွားကတည်းက ကိုကိုသည် ဆေးရုံသို့လာရန် အားယူသည်။ သို့သော် အားက ပြည့်၍မလာပေ။ ဦးလေးမောင်နှင့်ညီညီ့ကို သူ ဘယ်လိုမျက်နှာချင်းဆိုင်ရမည်မသိ။ ဖြစ်ခဲ့ပျက်ခဲ့သမျှကို သူတို့မသိစေအုံးတော့ ကိုကို စိတ်မလုံပေ။ ထို့ကြောင့် သွားမည်ဟု နေရာမှထလိုက် ရေသောက်ပြီးပြန်ထိုင်လိုက်နှင့် တဦးတည်း ယောက်ယက်ခတ်နေသည်။ တသက်လုံး စာအုပ်ထဲတွင်သာ ခေါင်းစိုက်ပြီး မည်သည့်မိန်းကလေးနှင့်မှ မပတ်သက်ခဲ့သော ကိုကိုသည် ရှုပ်မည့်ရှုပ်တော့လည်း တနေ့တည်းတွင်ပင် မိန်းကလေးနှစ်ဦးနှင့် ဇာတ်လမ်းရှုပ်ခဲ့ပေပြီ။
တွေးယင်းတွေးယင်း ခေါင်းတခုလုံး အုံခဲကာ တစစ်စစ် ကိုက်လာသည်။ တညလုံးလည်း ထိုင်လိုက်ထလိုက်နှင့် အချိန်ကုန်ပြီး မိုးသာစင်စင်လင်းတော့သည်၊ တရေးမှလည်း မအိပ်ဖြစ်။ ဆေးရုံသို့လည်း လိုက်မသွားဖြစ်။ မနက်လင်းတော့မှ ရှိသမျှ အင်တွေအားတွေကို အကုန်စုစည်းပြီး ဆေးရုံသို့ ထွက်လာခဲ့သည်။ ဦးလေးမောင်က သတိမေ့မနေပေ။ သူ့အပေါ်ကို အုပ်မိုး၍ကြည့်သော ကိုကို့အား အားကိုးတကြီးနှင့် ကြည့်သည်။ “ကိုကိုလား” ဟု မပီမသမေးသည်။ ဦးလေးမောင်၏ပါးစပ်သည် အနည်းငယ်ရွဲ့နေပြီး ကောင်းစွာ စကားမပီချင်လှပေ။
ဦးလေးမောင်သည် ဆေးရုံတွင် တပတ်ခန့်ကြာပြီဖြစ်သည်။ သို့သော် အခြေအနေက သိပ်မတိုးတက်လှပေ။ ဆရာဝန် ဆရာမတို့၏ ကြိုးပမ်းမှုကြောင့် အားအင်ပြည့်ကာ မျက်နှာက လန်းဆန်းသော်လည်း ခြေနှင့်လက်တို့က လှုပ်၍မရသေးပေ။ အကြောအခြင်တို့ ပြန်လည်သန်မာရန် လေ့ကျင့်ခန်းပြုလုပ်ရမည်ဖြစ်သော်လည်း ခင်ဦးက တရုတ်ဆေးလိမ်းကာ မြန်မာအနှိပ်သည်နှင့် နှိပ်ချင်သေးသည်။ ဒီနေ့တော့ ဦးလေးမောင်ကို အားဆေးသွင်းပေးမည်ပြော၍ ခင်ဦးက ကိုကို့အား အနားမှာ ရှိနေစေချင်လေသည်။
“ညီညီ နင်ပြန်ချင်ပြန်တော့လေ၊ ညကရော အိပ်ရရဲ့လား၊ နင်လဲ ပင်ပန်းတယ်ဟာ... ။ နောက်နေ့ကျယင်တော့ ငါ လူငှားပါတော့မယ်၊ နင့်မှာလဲ အလုပ်ပျက် အကိုင်ပျက်”
“ရပါတယ် ခင်ဦးရယ်၊ ဦးလေးမောင်ကသာ ဆီးသွားချင်ယင် ငါ့ကို လှမ်းနှိုးရတာ၊ ငါက သူ့ဘေးမှာ အိပ်လို့ချည်းပျော်သွားတာပဲ”
ညီညီက ဦးလေးမောင်ဘေးတွင် နေ့ရောညပါ စောင့်ပေးလေသည်။ စိတ်တွေ ယောက်ယက်ခတ်နေသော ကိုကိုကမူ ဦးလေးမောင်ဆီ လာရမည်ကိုပင် အလိုလို ကြောက်နေသူ ဖြစ်သည်။ အလုပ်များသည်ကို အကြောင်းပြပြီး ကြာကြာမထိုင်ပဲ ထပြေးလေ့ရှိသည်။ ခင်ဦးတစ်ယောက်သာ ကိုကိုအကြောင်း သိသည်။ ဘာမှမဖြစ်သလို ကြိုးစားပြီး ဣန္ဒြေမပျက်နေသည်။ ကောင်းစွာ မကျေနပ်သော ညီညီ့ကိုပင် “ကိုကိုအလုပ်များလို့ပါဟာ” ဟု ဖြေသိမ့်စကား ပြန်ပြောနေသေးလေသည်။
“ရပါတယ်၊ ဒီမှာ ငါရှိနေမှပဲ၊ ညီညီ မင်းပြန်ပြီး ရေမိုးချိုး၊ တဝအိပ်ပြီးမှ လာခဲ့”
ကိုကိုကလည်း ဒီတရက်တော့ ဦးလေးမောင်ဘေးတွင် နေမည်ဟု ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ညီညီ့အား ပြန်လွှတ်လေသည်။ သို့သော်... ညီညီ မပြန်ဖြစ်၊ ခင်စိုးပိုင် ရောက်လာသောကြောင့်ဖြစ်သည်။
“ကိုကိုရာ ရှာလိုက်ရတာကွာ”
ခင်စိုးပိုင်က ကိုကို၏လက်မောင်းများကို ဆုပ်ကိုင်လိုက်သည်။ အထူးအဆန်းကြည့်နေသော ညီညီနှင့် ခင်ဦးကို တာဝန်ကျေ ပြုံး၍ပြသည်။
“ဆရာကိုကိုအောင် ဒီဘက်သွားတယ်လို့ နာ့စ်မလေးက ပြောတာနဲ့ လိုက်လာတာ၊ စိုးပိုင်နဲ့ လိုက်ခဲ့စမ်းပါ”
“ဟင်... ဘယ်ကိုလဲ”
“အိုကွာ ... လိုက်ခဲ့ပါလို့၊ ဘယ်ဖြစ်ဖြစ်ပေါ့ ”
“ဒီမှာ .. ဒီပေးရှင်းကို ဒရစ်(ပ) သွင်းမလို့”
“ခေါက်ထားလိုက်စမ်းပါ ကိုကိုရယ်၊ စိုးပိုင်က အရေးကြီးလို့ပါ.. ။ ဒရစ်(ပ)သွင်းတာများ ဘယ်သူသွင်းသွင်းပါ”
ခင်စိုးပိုင်၏ပြောဟန်ဆိုဟန်ကို ကြည့်ပြီး ညီညီ၏မျက်နှာက မသိမသာ တင်းလာသည်။ ခင်စိုးပိုင်က အရေးပင်မစိုက်။ ညီညီ့ကိုသာမဟုတ် မည်သူ့ကိုမျှ အရေးမစိုက်၊ ပတ်ဝန်းကျင်ကို အရေးစိုက်ခြင်းသည် ခင်စိုးပိုင်၏ အဘိဓမ္မာတွင် မရှိဖူးခဲ့ပေ။
“စိုးပိုင် .. ဒါ ကိုယ့်ရဲ့ညီနဲ့ ညီမ.. ဒါက ဦးလေး”
ကိုကိုက ကြားဖြတ်ပြီး မိတ်ဆက်ပေးသည်။ ခင်စိုးပိုင်က အားလုံးကို ဝေ့၍ကြည့်ကာ ပြုံးသည်။ သူ့ကို မျက်နှာငယ်ငယ်လေးနှင့်ကြည့်နေသော ခင်ဦး၏ပခုံးလေးကို အသာပုတ်ယင်း သူလိုချင်သည်ကိုသာ ပြောလေသည်။
“ညီမရေ .. ညီမရဲ့ကိုကိုကို ခဏခေါ်သွားမယ်နော်”
ခင်ဦးက ယောင်ကန်းကန်းနှင့် ခေါင်းညိတ်သည်။ မျက်နှာလေးကမူ ဖြူရော်သွားလေသည်။
“ကဲ ... အားလုံးပဲ သွားလိုက်အုံးမယ်နော် .. လာလေ ကိုကို”
ခင်စိုးပိုင်သည် ကိုကို၏လက်ကို ဆွဲ၍ခေါ်သည်။ ကိုကို မငြင်းနိုင်ခဲ့။ ကောက်ကောက်ပါအောင် လိုက်သွားခဲ့သည်။
သူ၏နောက်ဘက်မှ ညီညီ၏တောက်ခေါက်သံကို ကြားလိုက်ရတော့ ကိုကို၏ပခုံးသည် အလိုလို ကျုံ့ဝင်သွားသည်။ ကိုကို၏နှလုံးသားသည်လည်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသည်။ ခင်စိုးပိုင် မုန်းမည်ကိုလည်း ကြောက်သည်။ ညီညီ မုန်းမည်ကိုလည်း ကြောက်သည်။ ခင်ဦးလေး ငိုမည်ကိုလည်း စိုးရိမ်သည်။
“မင်္ဂလာဆောင်တခု သွားစရာရှိလို့ ကိုကိုရဲ့”
ခင်စိုးပိုင်က ကိုကို့အား အဝတ်အစားသစ်များ ဆင်ပေးသည်။
“ကမန်းကတန်း ဝယ်လိုက်ရတာတွေလေ၊ ဈေးကြီးပေမယ့် အဆင်ပြေသားပဲ၊ ကိုကိုက ပိုချောသွားတယ်ဟယ်၊ ဖက်နမ်းချင်စရာလေး” ဟု ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ပြောသေးသည်။
ထို့နောက် ကိုကို့အား စထရင်းဟိုတယ်မှ မင်္ဂလာဆောင်တခုသို့ ခေါ်သွားသည်။ သတို့သားကိုလည်းကောင်း၊ သတို့သမီးကိုလည်းကောင်း ကိုကို မသိ။ ဧည့်ခံပွဲလာသော ပရိသတ်များကိုလည်း ကိုကို မသိ။ ညီညီနှင့်ခင်ဦး၊ ထို့နောက် ဦးလေးမောင်ကိုသာ သတိရနေသည်။ ဒီကအပြန် ဘယ်လိုရင်ဆိုင်ရမည်ကို စဉ်းစား၍မရ။
“ဪ ... ကိုခင်မောင်အေးပါလား”
ဧည့်ခံပွဲလာသော လူတဦးဆီသို့ ခင်စိုးပိုင်က ကိုကို့အား ဆွဲခေါ်သွားသည်။ ကိုကို၏လက်မောင်းကို မှီခိုပြီး အလှဆုံး ပြုံးသည်။ ထိုလူ့ဆီသို့ တမင်လျှောက်လာသော်လည်း အနားရောက်သောအခါ အမှတ်မဲ့ မြင်လိုက်ရသလို နှုတ်ဆက်သည်။
“ကြုံတုန်း မိတ်ဆက်ပေးရအုံးမယ်”
ခင်စိုးပိုင်က ကိုကို၏တက်ထရက်တိုက်ပုံအင်္ကျီထဲသို့ သူ့လက်ထဲမှ ကျေးဇူးတင်ကတ်ပြားလေးကို လှမ်းထည့်လိုက်သည်။
“ကိုကိုရေ ဒါက ဒေါက်တာခင်မောင်အေးတဲ့၊ ကိုကိုတို့ထက် စီနီယာဖြစ်မယ်ထင်တယ်။ ဒါကတော့ ကိုကိုပါ။ စိုးပိုင်ရဲ့ ဒေါက်တာကိုကိုပါ”
အမျိုးသားနှစ်ဦး လက်ချင်းဆွဲ၍ နှုတ်ဆက်ကြသည်။ “တွေ့ရတာ ဝမ်းသာပါတယ်” ဟု ထုံးစံအတိုင်း ဝမ်းသာလိုက်ရသော်လည်း ကိုကို အမှန်တကယ် ဝမ်းမသာနိုင်။ ခင်စိုးပိုင်ကြိုးဆွဲရာသို့ အရုပ်ကလေးတစ်ရုပ်လို လိုက်ပြီးလှုပ်နေ ရကြောင်း ကိုယ့်ကိုယ်ကိုယ် သိနေသည်။
ခင်စိုးပိုင်ကလည်း ပွင့်လင်းစွာပင် "အဲဒါ စိုးပိုင်ကို ခွာထုတ်တဲ့ ငနာပေါ့” ဟု ပြောလေသည်။ မည်မျှပင် ရိုးသည်၊ အ သည်ဟု ဆိုသော်လည်း ဒီလောက်တော့ နားလည်လိုက်ရသည်။
ထိုသူ၏ရှေ့တွင် ခပ်ကြွားကြွားလေး ပြုံးပြချင်သောကြောင့် သူ့အား ကတိုက်ကရိုက် လာ၍ဆွဲခေါ်ကြောင်း နားလည်လိုက်ရလေသည်။ သူပြန်ရောက်လျှင် ညီညီက မျက်မှောင်ကလေးကုပ်ပြီး “ကိုကိုတို့ ဘယ်သွားတာလဲ။ ဘာများ ဒီလောက်အရေးကြီးနေလို့လဲ” ဟု မေးတော့မည်။ သူ ဘယ်လိုဖြေရမည်နည်း။
“စိုးပိုင်ရယ် ဒီမင်္ဂလာဆောင်က ဘာများအရေးကြီးနေလို့လဲကွယ်၊ ဟိုမှာ ဦးလေးကို ဒီအတိုင်း ထားခဲ့ရတာ”
သူက မရဲတရဲနှင့် ပြစ်တင်စကားပြောမိသည်။ ခင်စိုးပိုင်၏မျက်လုံးလေးများက စူးစူးရဲရဲ အရောင်တောက်သွားသည်။ ကိုကို့အား မလေးမခန့်နှင့် ကြည့်သည်။
“စိုးပိုင်အတွက်တော့ မင်္ဂလာဆောင်က အရေးကြီးတယ်ကိုကိုရဲ့၊ ကိုကိုက အဲဒီဦးလေး အရေးကြီးတယ် ထင်ယင်လဲ အဲဒီဦးလေးဆီမှာပဲ နေတော့လေ၊ စိုးပိုင်ဆီကို မလာနဲ့တော့ပေါ့။ အရေးမဟုတ်ပါဘူး”
ကိုကိုသည် ခင်စိုးပိုင်အား ထိတ်လန့်တကြား ကြည့်မိသည်။ ခန္ဓာကိုယ်ချင်း ရင်းနှီးပြီးဖြစ်သော်လည်း လမ်းခွဲရန်စကားကို လွယ်လွယ်ကူကူလေး ပြောသောကြောင့်ဖြစ်သည်။ ယောက်ျားတို့၏မာနတရားက သူ့ရင်ထဲတွင် လူးလွန့်ပြီးထကြွလာသည်။ သူ့နှလုံးသားက ခင်စိုးပိုင်၏ဘေးမှ ရုတ်ကနဲ ထပြေးရန်၊ ခင်ဦးဆီ သွားရန် တိုက်တွန်းနေကြသည်။ သို့သော် ခေါင်းထဲမှဦးနှောက်က လူးလွန့်လာသော အသိတရားကို ဖိပြီး ချိုးနှိမ်နေသည်။ နှလုံးသားကို ခြေကန်၍ဆွဲပြီး တီးတိုးပြောနေသည်။
“ဟေ့ .. မင်းက မုန့်ဟင်းခါးအိုး သယ်ချင်လို့လား၊ နံနံပင် ကူလှီးချင်လို့လား၊ ကိုရိုလာ စီးစမ်းပါ၊ ဘီယာစုပ်စမ်းပါ ကိုယ့်လူရယ် ... တဲ့”
* * *
ထိုစဉ်ကတည်းက သူသိခဲ့သည်။ ခင်စိုးပိုင်သည် သူ့ကို အရေးမထားခဲ့ကြောင်း သူသိခဲ့သည်။ သို့သော်လည်း "အို.. ဒါက သူ့အကျင့်ပဲ၊ ငါ့ကိုသာမှ မဟုတ်ဘူး၊ သူက အဖေ အမေကိုတောင် သိပ်ပြီးအရေးစိုက်တာမှ မဟုတ်တာ” ဟုတွေးရင် ကြံဖန်ပြီး ခွင့်လွှတ်ရန် ကြိုးစားခဲ့လေသည်။
ခင်ဦး၏ မျက်နှာညှိုးညှိုးလေးကို မြင်ရပြန်တော့လည်း စိတ်မကောင်း။ ဦးလေးမောင်သည် ဆေးရုံပေါ်တွင် တစ်ပတ်ကျော်နေပြီး အိမ်သို့ ပြန်ရောက်လာသည်။ ခင်ဦးက မြန်မာအနှိပ်သည်များနှင့် ကြိုးစားပြီး ကုပြန်လေသည်။ မနက်တိုင်း မုန့်ဟင်းခါးဆိုင်ပြေးထွက်ပြီး တစ်နေ့လုံး ဖခင်အနားတွင်သာ အချိန်ကုန်တတ်သည်။ ကိုကိုနဲ့လည်း အေးအေးဆေးဆေး မတွေ့ဖြစ်ပေ။
“သေတာချင်းအတူတူ အဖေတို့၊ အမေတို့၊ အဘွားတို့သေတာတွေက.... ကောင်းတယ်။ ဝုန်းခနဲ၊ ဒိုင်းခနဲ မြန်မြန်ဆန်ဆန်ပဲ။ ဦးလေးမောင်ကတော့ ပွေ့ထူ ပွေ့ချ၊ အိမ်သာတောင် ကိုယ့်ဘာသာကိုယ် မတက်နိုင်၊ စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့ဘဝမှာ ဝဋ်ခံနေရသလိုပဲ”
ညီညီက မချိတင်ကဲ ပြောတတ်သည်။ အချိန်အားရင်အားသလို ခင်ဦးတို့အိမ် ရောက်သွားတတ်သည်။ ဦးလေးမောင်ကိုလည်း သတင်းစာဖတ်ပြတတ်သည်။ ကိုကိုကတော့ ခင်ဦးနှင့် နှစ်ဦးချင်း ရင်ဆိုင်ရမှာကို ကြောက်ပြီး ဦးလေးမောင်ဆီသို့ မသွားဖြစ်၊ သွားပြန်လျှင်လည်း ခဏတဖြုတ် မေးစမ်း၊ စမ်းသပ်ပြီး ပြန်ပြေးတတ်သည်။
“အဲဒီတစ်ချိန်လုံး.. ခင်ဗျားက ဟိုမိန်းမနဲ့ တစ်ချိန်လုံး တွဲခုတ်နေတာပဲ၊ ခင်ဗျားမှာ အကြင်နာတရား နည်းနည်းမှမရှိဘူး”
ကိုကို့ရင်ထဲတွင် ပူပူဆာဆာကြီး ဖြစ်လာသည်။ ညီညီ့စကားကို ချေပရန် မကြိုးစား၊ ညီညီ့စကားများသည် မှန်သောစကားများဖြစ်သည်။ ခင်ဦးပေါ်တွင် သူ အကြင်နာတရားနည်းခဲ့သည်မှာလည်း အမှန်။ ဦးလေးမောင်အား ဂရုစိုက်သင့်သလောက် ဂရုမစိုက်သည်မှာလည်း အမှန်ပင်။ ထိုအချိန်က သူ့ခေါင်းထဲတွင် ခင်စိုးပိုင်သာရှိသည်။ သူ့ဦးနှောက်ထဲတွင် ခင်စိုးပိုင်သာရှိသည်။
* * *
အင်းလျားရေပြင်ပေါ်တွင် ရွက်လှေဖြူဖြူလေးများက လျှပ်တိုက်ပြီး ပြေးနေသည်။ သူသည် ကမ်းနဖူးတွင် ရပ်ရင်း လေပြည့်ပြီး ဖောင်းနေသော အဖြူရောင်ရွက်ကလေးကို ငေးကြည့်နေမိသည်။
“ဟေး...ကိုကို”
လှေပေါ်တွင် ခင်စိုးပိုင်က လှမ်းပြီး လက်ပြသည်။ အင်္ကျီဖြူ၊ ဘောင်းဘီတို အဖြူကလေးနှင့် လည်ပင်းတွင် ပဝါနီနီလေး စည်းထားသည်။ ပဝါ၏အစနှစ်စသည် သူ့နောက်ဖက်တွင် တဖျပ်ဖျပ် လွင့်နေသည်။
“ကိုကို..လာမလား”
“ကိုယ်...ရေမကူးတတ်ဘူး”
“ခက်တော့တာပဲ၊ ဒီတောသားကလေးကလဲ”
ခင်စိုးပိုင်က ရွက်ကိုထိန်းကာ ကမ်းသို့ ကပ်လာသည်။ ကမ်းပေါ်သို့ ခုန်တက်သည်။
“ပြောစရာရှိလို့ နေ့ခင်းကတောင် ဆေးရုံကို ဖုန်းဆက်သေးတယ်”
“ကိစ္စထူး ရှိလို့လား”
“အင်း ..သိပ်အရေးတကြီးတော့ မဟုတ်ပါဘူး”
ခင်စိုးပိုင်က ခပ်ပေါ့ပေါ့ပင် ဖြေသည်။ ကိုကို့လက်မောင်းကို မှီခိုကာ ကမ်းပေါ်သို့ တက်လာသည်။ ခင်စိုးပိုင်၏ကိုယ်မှ သင်းသင်းပျံ့နေသော ရေမွှေးနံ့ကို ရှူရှိုက်ရင်း ကိုကိုသည် သနပ်ခါးပန်းနံ့ သင်းသင်းကို သတိရနေသည်။
ဆံပင်ပုံသွင်းဆေးများကြောင့် အတန်ငယ်စေးထန်ထန်ဖြစ်နေသော ခင်စိုးပိုင်၏ ဆံပင်များက ကိုကို၏ ပါးပြင်တို့ကို မထိတထိနှင့် ဆော့ကစားနေကြသည်။
“ကိုကို ဘီယာသောက်အုံးမလား”
“ကောင်းသားပဲ”
ခင်စိုးပိုင်သည် ရွက်လှေအသင်းအဆောက်အအုံထဲ ဝင်သွားပြီး ဘီယာနှစ်ခွက်ကို အမြုပ်တဝေဝေနှင့် ယူလာသည်။ ထို့နောက် ထမီပြန်မလဲသေးပဲ ကိုကိုနဲ့အတူ ကားရှေ့ခန်းတွင် ထိုင်သည်။ မွှေးညင်းစိမ်းနုနုကလေးများ ယှက်သန်းနေသော ခင်စိုးပိုင်၏ပေါင်တံများသည် နူးညံ့ဖြူဖွေးနေသည်။
“ကဲ ..ပြော”
“သြ..နေပါအုံး၊ စိုးပိုင်ကို အရင်နမ်းပါအုံး ကိုကိုကလဲ”
ခင်စိုးပိုင်သည် ကိုကို့အား ခပ်နွဲ့ နွဲ့ မှီလိုက်သည်။ ကိုကိုကလည်း အမဲသားကြိုက်သော အရူးဖြစ်နေပြီမို့ ခပ်ကြမ်းကြမ်း ဆွဲပွေ့လိုက်လေသည်။ ခင်စိုးပိုင်၏ မျက်တောင်လေးများက မှေးစင်းပြီး နှုတ်ခမ်းလေးက မပွင့်တစ်ပွင့် ဟနေသည်။
“စိုးပိုင်တို့ လက်ထပ်ကြပါစို့ ကိုကိုရာ”
ခင်စိုးပိုင်က ခပ်တိုးတိုး ပြောသည်။ မျက်လုံးကလေးများက ရီဝေလာသည်။ ကိုကိုသည် ရင်တဒိန်းဒိန်း ခုန်လာပြီး ခင်စိုးပိုင်အား တအံ့တသြ ကြည့်မိသည်။ ထိုစကားပြောရန် သူ အားမွေးခဲ့သော်လည်း ခုထိ မပြောဖြစ်သေး။
ခင်စိုးပိုင်ကမူ ခပ်ပေါ့ပေါ့လေး ပြောလေသည်။ သူ့ကြည့်ရသည်မှာ ကိုကို့အား... “ကရဝိတ်မှာ ရေခဲမုန့်သွားစားရအောင်” ဟု ပြောနေသလိုရှိသည်။
“ဘာဖြစ်လို့လဲဟင်”
“ဪ.. ဘာရယ်မဟုတ်ပါဘူး၊ လက်ထပ်လိုက်ရင် ပိုများပျော်မလားလို့ ”
“စိုးပိုင်က တို့ကို တစ်ကယ်ချစ်လို့လား”
“ချစ်တာပေါ့ ”
“ဘာဖြစ်လို့ ချစ်တာလဲ”
“ကိုကိုက ဆရာဝန်၊ နောက်ပြီး ရိုးတယ်၊ စိုးပိုင်က ရိုးရိုးသားသား ဆရာဝန်လေးတယောက်ယောက်ကို လက်ထပ်ချင်တယ်”
ခင်စိုးပိုင်က အမြင်ကတ်စရာကောင်းလောက်အောင် ပွင့်လင်းနေသည်။ အမြှုပ်တွေဝေနေသော ဘီယာခွက်ကို မော့သောက်လိုက်ရင်း ကိုကို့အား မျက်စိတစ်ဘက်မှိတ်ပြသည်။ ချိုမည်ထင်၍ ထန်းလျက်ကောက်စားလိုက်ရာ ထန်းလျက်မဟုတ်ပဲ ရှောက်သီးဆေးပြားစားမိပြီး ချဉ်သွားသလို ကိုကို့ရင်ထဲတွင် အောင့်သက်သက်ဖြစ်နေသည်။
“ဒီလိုဆိုရင် ကိုကို ဆရာဝန်မဟုတ်ယင် စိုးပိုင် မချစ်ဘူးပေါ့”
“ဒါပေါ့ ”
ခင်စိုးပိုင်က ခေါင်းညိတ်သည်။ “မင်း အလကားမိန်းမပဲ၊ ဒါဆို ဆရာဝန်ကိုချစ်တာ၊ ငါ့ကိုချစ်တာမှ မဟုတ်ပဲ မိစိုးပိုင်” ဟု ပြောရန် ကြိုးစားသည်။ ပြောချင်သည်။ သို့သော် အသံမထွက်၊ အခံရခက်နေဟန်ရှိသော ကိုကို့အား ကြည့်ရင်း ခင်စိုးပိုင်က ရယ်လေသည်။
“ကိုကိုကရော စိုးပိုင်သာ ဟိုခင်ဦးဆိုတဲ့ကောင်မလေးလို မုန့်ဟင်းခါးရောင်းနေရင် ချစ်မှာမို့လား”
“ချစ်မှာပေါ့ ”
“စိုးပိုင် အခုလိုမချမ်းသာရင် ချစ်မှာမို့လား”
“ချစ်မှာပေါ့ ”
ကိုကိုက လိမ်ရန်ကြိုးစားသည်။ ခင်စိုးပိုင်က ပွင့်လင်းသော်လည်း သူက မပွင့်လင်းရဲပေ။ ထိုတိုက်၊ ထိုအိမ်၊ ထိုငွေ၊ ထိုကားများ၏အရှိန်အဝါကို မက်မောသာယာသည် မှန်သော်လည်း ဝန်မခံနိုင်။ သူသည် ခင်စိုးပိုင်ကိုသာ ချစ်သည်၊ ပစ္စည်းဥစ္စာ ဂုဏ်ဓနကို ချစ်ခြင်းမဟုတ်ကြောင်း သက်သေထူချင်နေလေသည်။
“အဟုတ်လားကိုကို”
ခင်စိုးပိုင်သည် ကိုကို၏မေးကို ဆုပ်ကိုင်ကာ မျက်နှာကို အသေအချာကြည့်သည်။ သူ့မျက်လုံးများကို ကိုကို ရင်မဆိုင်မဖြစ်၍ ရင်ဆိုင်ကြည့်ရသော်လည်း စိတ်ထဲတွင် သိပ်မလုံပေ။ သူ့အတွင်းစိတ်ကို ရိပ်မိသွားမည်ကို စိုးရိမ်နေသည်။
ခင်စိုးပိုင်သည် မည်မျှပင် ပေပေတေတေ ရမ်းရမ်းကားကားလေး နေသော်လည်း ကိုကို့အား ခုချိန်ထိ တစ်ခါမျှ လိမ်မပြောခဲ့ဖူးပေ။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့သည်ချည်း ဖြစ်သည်။ ပြောလွန်း၍ပင် ခက်နေသည်။ သူ့အကြောင်း အမှန်အတိုင်းသိပြီး ကိုယ့်ကို စိတ်ပျက်သွားမှာကိုလည်း စိုးရိမ်ပုံမရ။
“ကဲပါလေ.. စိုးပိုင်တို့ တစ်ယောက်ကိုတစ်ယောက် ကြိုက်ကြသားပဲ”
ခင်စိုးပိုင်က ချစ်သည်ဟူသောစကားကို အသုံးမပြုသည်ကို ကိုကို သတိထားလိုက်မိသည်။
“ရှေ့လ ဆယ်ရက်နေ့ လက်ထပ်ရအောင်လေ”
“ဟာ.. ဒီလိုဆိုရင် နှစ်ပတ်လောက်ပဲ လိုတော့တာပေါ့ ”
“ဟုတ်တယ်”
“မမြန်လွန်းဘူးလား၊ ဘာမှလဲ မစီစဉ်ရသေးဘူး”
ခင်စိုးပိုင်က ကိုကို၏ပါးကို မထိတထိ နမ်းရင်း ရယ်သည်။
“ပိုက်ဆံရှိယင် အားလုံးပြီးတယ် ကိုကိုရဲ၊ စီစဉ်စရာတွေ ချက်ချင်း ပြီးသွားရစေ့မယ်၊ ကရဝိတ်မှာ ညနေသုံးနာရီနော်”
ခင်စိုးပိုင်က အချိန်ကိုပါ အတိအကျပြောသည်။
“ဟိုဘက်ခန်းရော ဒီဘက်ခန်းရော နှစ်ခန်းလုံး ငှားရမှာပဲ၊ လူက အတော်များမှာ၊ ဖိတ်စာရိုက်ရအောင် ကိုကိုအကြမ်းရေးလေ”
“ဘာလို့ အင်းလျားလိတ်မှာ မလုပ်လဲ”
“အင်းလျားလိတ်က အဲဒီအချိန် မအားဘူး ကိုကိုရဲ့”
“ဪ...စိုးပိုင်က စုံစမ်းပြီးသားကိုး”
“ဟုတ်တယ်၊ အင်းလျားလိတ်မှာ ကိုခင်မောင်အေးက ညနေသုံးနာရီ လက်ထပ်မှာတဲ့၊ ဒီတော့ စိုးပိုင်ကလဲ ကရဝိတ်မှာ ညနေသုံးနာရီပေါ့ ”
ကိုကိုသည် တလောကလုံးအား တီးတိုးကျိန်ဆဲပစ်လိုက်သည်။ ခင်စိုးပိုင်တယောက် မည်သည့်အတွက်ကြောင့် ချက်ချင်းကြီး အလောသုံးဆယ် လက်ထပ်လိုကြောင်း ယခုမှပင် သိရတော့သည်။
“ဒီပုံဒီနည်းနဲ့တော့ အိမ်ထောင်မကျချင်ဘူး စိုးပိုင်ရာ” ဟု ပြောချင်သော်လည်း ပြောမထွက်ခဲ့ပေ။ ငူငူငိုင်ငိုင် ဖြစ်သွားသော သူ့ကိုကြည့်ယင်း စိုးပိုင်က ပြုံး၍မေးသည်။
“ဘာလဲ၊ စိုးပိုင်နဲ့ လက်ထပ်ရမယ်ဆိုတော့ ခင်ဦးကို သတိရသွားလို့လား”
“ဟင်..ဘာဆိုင်လို့လဲ”
“ဪ..ဆိုင်များ ဆိုင်သလားလို့”
“ဟိုက ညီမလေးလို နေတာပါကွယ်”
ကိုကို ဝန်မခံရဲ။ ခင်စိုးပိုင်သည် ခင်မောင်အေးအား မေးထိုးပြကာ "အဲဒါ စိုးပိုင်ကို ခွာထုတ်တဲ့ငနာ” ဟု ပွင့်လင်းစွာ ပြောရဲသော်လည်း သူက ခင်ဦးကို ညီမအရင်းလို မဆက်ဆံခဲ့ကြောင်း ပွင့်လင်းစွာ မပြောရဲပေ။
“ကောင်မလေးကတော့ ဆွေးသွားမှာပဲ၊ သနားတော့ သနားပါတယ်”
ခင်စိုးပိုင်က ခင်ဦး၏ခံစားမှုကို ထူးထူးဆန်းဆန်း တွေးနေသည်။
“စိုးပိုင်သိပါတယ်၊ သူ ကိုကို့ကို ကြိုက်နေတာ စိုးပိုင်သိပါတယ်”
မည်သူ့ကိုမျှ အရေးမစိုက်ခဲ့သော ဂရုမစိုက်ခဲ့သော စိုးပိုင်သည် ခင်ဦးကို တခါ နှစ်ခါ မြင်ဖူးရုံနှင့် ခင်ဦး၏အတွင်းစိတ်များကို သိသွားခဲ့လေသည်။
ကိုကိုသည် ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်သည်။ ဘီယာနံ့သင်းနေသော စိုးပိုင်၏နှုတ်ခမ်းလေးများကို နမ်းယင်း ခင်ဦးကို သတိရနေသည်။ မျက်ရည်စလေးများနှင့် ရီဝေနေသော မျက်လုံးလေးများကို မြင်ယောင်နေသည်။ “ငါမှားပြီ ထင်ပါရဲ့” ဟု စဉ်းစားယင်း ခင်စိုးပိုင်အား တိုး၍ဖက်မိသည်။ "ခွင့်လွှတ်ပါတော့ ခင်ဦးရယ်” ဟု စိတ်ထဲမှ တောင်းပန်နေမိသည်။
* * *
အေးမြသောလေကို တဝကြီး ရှိုက်၍ ရှူလိုက်သည်။ သို့သော်လည်း အသက်ရှူ၍ မဝချင်။ ရင်ထဲတွင် ဘာကလီစာမှမရှိတော့ပဲ အကုန်လုံး ဆွဲထုတ်ထားသလို ဟာနေသည်။ လေတွေကို ရင်နှင့်အပြည့် ရှူသွင်းတာမှ သက်သာတော့မည်ဟု ထင်မှတ်ရသည်။
“အံ့သြစရာကောင်းလောက်အောင် မျိုသိပ်နိုင်တဲ့ ကောင်မလေး”
လရောင်က မှိန်ပျပျ လင်းလာသည်။ ခပ်လှမ်းလှမ်းတွင် ထောက်ကြံ့စစ်သင်္ချိုင်းကို မြင်ရသည်။ တိုင်လုံးမြင့်မြင့်ကြီးများနှင့် အဆောက်အအုံသည် လရောင်မှိန်မှိန်ဝယ် ငြိမ်ငြိမ်ကြီး ရပ်နေသည်။
“သူ့ကို ဒီလိုကျူးလွန်ထားပြီး ဒီ့ပြင်မိန်းမနဲ့ တတွဲတွဲများ သွားသွားလာလာနေတာကို သူ ဘာတခွန်းမှ မပြောပဲ ကြည်နေရရှာတယ်”
ကိုကိုသည် ညီညီ၏လက်များကို လှမ်း၍ ဆုပ်ကိုင်လိုက်မိသည်။ “တော်ပါတော့ ညီညီရယ်” ဟု စိတ်ထဲမှ တောင်းပန်မိသည်။ သို့သော် ညီညီက သူ့စကားကို မရပ်ချေ။
“သူ့ရင်ထဲကို ခဏလောက်များ ဝင်ကြည့်စမ်းပါဗျာ၊ ကိုကိုက သူ့ဘက်က လုံးဝမစဉ်းစားခဲ့ဘူး၊ ကိုကို့ခေါင်းထဲမှာ စိန်တွေရွှေတွေ တိုက်တွေကားတွေပဲ ရှိခဲ့တာနော်”
“ဒါပေမယ့် ငါလက်ထပ်မယ်ဆိုတာ ခင်ဦးကို အရင်ဆုံးပြောခဲ့တာပါကွာ၊ သူ လုံးဝမတားခဲ့ပါဘူး"
“တားမလားဗျ”
ညီညီ၏အသံက ခါးသီးလှသည်။
“ခင်ဦးဟာ ကိုကို့ခင်စိုးပိုင်လို ပစ္စည်းမရှိပေမယ့် မာနရှိတယ် သိလား၊ ဘယ်တော့မှ မျက်ရည်ခံထိုးမှာမဟုတ်ဘူး၊ ကိုကိုကသာ နှမချင်း မစာနာတာ၊ ငွေမက်တာ၊ ဂုဏ်မက်တာ”
ညီညီက ပစ်ပစ်ခါခါ ပြောသည်။ ကိုကိုက ဘာပြန်ပြောရမည်နည်း။ "ဘယ်တော့မှ မျက်ရည်ထိုးခံမှာ မဟုတ်ဘူး” ဟူသော ညီညီ၏အသံက သူ့နားထဲမှတဆင့် နှလုံးသားထိအောင် တောက်လျှောက်ကြီး ပြေးဝင်သွားသည်။
ဟုတ်သည်။ ခင်ဦးသည် လုံးဝမျက်ရည်ခံမထိုးခဲ့ပေ။ ခင်ဦးကသာ "ခင်စိုးပိုင်ကို မယူပါနဲ့” ဟု ပြောခဲ့လျှင် သူ ယူချင်မှ ယူဖြစ်ခဲ့မည် ထင်သည်။ အတိတ်ကို ပြန်တွေးရသည်မှာ ရင်မောလှပေသည်။
* * *
မထနိုင် မသွားနိုင်သောဘဝတွင် ဦးလေးမောင်က ကြာရှည်စွာ ဝေဒနာမခံစားခဲ့ပေ။ ဆေးရုံမှ ဆင်းလာပြီး တလခန့်အကြာတွင် သေဆုံးခဲ့ရလေသည်။ ဦးလေးမောင် ရက်လည်ပြီး နောက်တနေ့တွင်ပင် ကိုကိုက သူ လက်ထပ်တော့မည့်အကြောင်းကို ခင်ဦးအား ဖွင့်၍ပြောခဲ့လေသည်။
“ခင်စိုးပိုင်နဲ့လား”
ခင်ဦးက တိုးတိုးလေး မေးသည်။ သူ့ကို တောင်းပန်သလိုကြည့်နေသော ကိုကို့အား ပြန်၍ ကြည့်နေလေသည်။
“ကိုကို သူ့ကို ချစ်လားဟင်... သူကရော ကိုကို့ကို ချစ်ရဲ့လား”
“ကိုကို ချမ်းချမ်းသာသာနေချင်တယ် ခင်ဦးရယ်၊ ကိုကိုတို့ မွေးကတည်းက ကပ်ပါလာတဲ့ဆင်းရဲခြင်းကနေ ထွက်ပြီးပြေးချင်တယ်”
ခင်စိုးပိုင်အား အမှန်အတိုင်း ဝန်မခံသော်လည်း ခင်ဦးအား အမှန်အတိုင်းဝန်ခံရန် ဝန်မလေးခဲ့ပေ။
“ကိုကို ဆရာဝန်ဖြစ်ပြီပဲ.. ငွေရှာနိုင်သားပဲ၊ ချမ်းသာနိုင်သားပဲ”
“ဪ ... ခင်ဦးရယ်၊ ဘယ်လောက်များများရအောင် ရှာနိုင်မှာမို့လဲ၊ ဒီပုံစံနဲ့ ဘယ်တော့ ကားစီးနိုင်မှာလဲ၊ ဘယ်တော့ တိုက်ဆောက်နိုင်မှာလဲ၊ ဒီပဲပြုတ်နဲ့ ဒီဘဲဥနဲ့ ကန်စွန်းရွက်ကို ဘယ်လောက်ကြာအောင် ဆက်ပြီး စားနေရမှာလဲဟင်”
ခင်ဦး၏မျက်လုံးလေးများသည် ရီဝေလာသည်။ ကိုကို့အား ငေးကြည့်ယင်း နှုတ်ခမ်းလေးများ တရွရွ လှုပ်လာသော်လည်း ဘာမှမပြောပဲ မျက်တောင်လေးသာ တဖျပ်ဖျပ် ခတ်နေသည်။
“လူယုတ်မာ ရှင့်ကိုမကျေဘူး၊ ကျွန်မကို နှမချင်းမစာမနာ ဖျက်ဆီးခဲ့တယ်” ဟူသော စကားများကို ကြားရလေမည်လားဟု ကိုကိုရင်ခုန်နေသည်။ သို့သော် ခင်ဦးက ဒေါသစကားကိုလည်းကောင်း၊ ဝမ်းနည်းစကားကိုလည်းကောင်း လုံးဝမပြောပေ။ “ကိုကို ထမင်းမစားရသေးယင် စားသွားပါလား၊ ဒေါ်ဒေါ်က ပဲကြီးဟင်းနဲ့ ဆူးပုတ်နဲ့ ချက်တယ်” ဟု အသံတိမ်တိမ်လေးနှင့် ပြောသည်။
ရန်တွေ့သံ၊ ဒေါသသံကိုသာ ကြားရလျှင် ကိုကို ဒီမျှ စိတ်ထိခိုက်ရမည်မဟုတ်၊ ခုတော့ မမျှော်လင့်သည့်ဘက်မှ အတိုက်ခံလိုက်ရသလို ရင်ထဲတွင် ဝုန်းကနဲ ဗြောင်းဆန်သွားသည်။
“ခင်ဦး၊ ကိုကို့ကို စိတ်မဆိုးဘူးလား”
ခင်ဦးက မချိပြုံးလေးနှင့် ခေါင်းခါသည်၊ အောက်နှုတ်ခမ်းလေးကို မသိမသာ ကိုက်လိုက်သည်။
“ကိုကို လက်ထပ်တာကို သဘောတူရဲ့လား”
မျက်ရည်တွေဝဲနေသော ကိုကို့အား ငေးကြည့်နေပြီး ခင်ဦးက ခေါင်းကို ဖြည်းလေးစွာ ညိတ်ပြသည်။
“ကိုကိုက ကလေးမှ မဟုတ်ပဲ၊ ကိုကို့ဟာကိုကို ဆုံးဖြတ်ပြီး လျှောက်တဲ့လမ်းကို ခင်ဦးက ဘာမို့လို့ တားနိုင်မှာလဲ ကိုကိုရယ်”
ခင်ဦးက တုန်ယင်သော အသံလေးနှင့် ပြောပြီး နေရာမှ ကမန်းကတန်း ထသည်။ ကိုကိုနှင့် မျက်နှာချင်းမဆိုင်တော့ပဲ အိမ်အောက်ဆင်းပြီး သနပ်ခါးပန်းများ ခူးသည်။ အခက်လိုက် အခိုင်လိုက် ခူးလာသော ပန်းများကို ရေစင်စင်ဆေးသည်။ စဉ့်သုတ်ထားသော မြေပန်းအိုးလေးကို ဘုရားစင်ပေါ်မှ ယူသည်။ ပန်းအိုးထဲတွင် အမြစ်ပင်ထွက်နေပြီဖြစ်သော ဇော်စိမ်းပန်းများကို နုတ်ပြီး ရေဆေးသည်။ ဘုရားပန်းအိုးကို ရေလဲသည်။
ကိုကိုသည် အငူသား အငိုင်သား ထိုင်ယင်း ခင်ဦး လှုပ်သမျှ ရှားသမျှကို လိုက်၍ကြည့်နေမိသည်။ ရင်ထဲတွင် ကျင်နေအောင် နာနေသည်။ ခင်ဦးကသာ သူ့ကို ထုရိုက်ပြီး ငိုယိုရန်တွေ့လိုက်လျှင် ဒီမျှခံစားရလိမ့်မည်မဟုတ်ပေ။
“တကယ့် တကယ်တော့ ခင်ဦးတို့အားလုံးဟာ လူ့လောကကို ခဏလာရတဲ့ ဧည့်သည်တွေချည်းပါပဲ ကိုကိုရယ်၊ အဖေတို့ အဘွားတို့က အချိန်တန်တော့ ပြန်သွားကြပြီလေ၊ ခင်ဦးတို့အလှည့် ရောက်လာယင်လဲ ခင်ဦးတို့ သွားရအုံးမှာပေါ့”
ဆယ့်ငါးမိနစ်ခန့် ဇယ်ဆက်အောင် လျှောက်လုပ်ပြီးသောအခါမှ ခင်ဦးသည် ကိုကို့ဘေးတွင် လာပြန်ထိုင်သည်။ ရေဆေးထားသော ပန်းခိုင်များကို ဗန်းနှင့် ထည့်ယူလာပြီး မလိုသောအရွက်များကို ခြွေပစ်သည်။ ခင်စိုးပိုင်၏အကြောင်းကို စကားမစတော့။
“လူ့တန်ဘိုးဆိုတာ ဒီလူဟာ လူ့ပြည် လူ့ရွာမှာ နေတုန်း ဘာကောင်းမှု ကောင်းကျိုးတွေ လုပ်သွားသလဲ ဆိုတာနဲ့ ဆုံးဖြတ်တာမဟုတ်လား”
ခင်ဦးက တိုးညင်းစွာ ပြောသည်။ ကိုကိုသည် သူ့ကိုယ်သူ ပြန်ပြီး ဆန်းစစ်မိသည်။
သူသည် ဆရာဝန်တဦး ဖြစ်လာပြီဖြစ်သော်လည်း လူ့ကောင်းကျိုးကို ဘာမှ မည်မည်ရရ မလုပ်ဆောင်ခဲ့သေးပေ။ သူ့အတွက်ကြောင့် အဖေက သေကာ ညီက ကြုံသမျှရောင်းသော ဈေးသည်ဖြစ်ခဲ့ရသည်။ သူက ဆရာဝန်ဖြစ်ပြီး ဆေးရုံရောက်လာသော လူနာများကို ဝတ်ကျေတန်းကျေ ကြည့်ရှုကုသခဲ့သည်။ ချမ်းချမ်းသာသာနေနိုင်ရေးအတွက် သူကလည်း တကယ်မချစ် သူ့ကိုလည်း တကယ်မချစ်သည့်မိန်းကလေးတစ်ဦးအား လက်ထပ်ယူရန် ကြံစည်နေသည်။ ဒီလိုစဉ်းစားမိတော့လည်း ရှက်သလိုလို ဖြစ်သွားသည်။ သူ့ကိုများ ရည်ရွယ်စောင်းချိတ်ပြောလေသလားဟု ခင်ဦးအား အကဲခတ်သလို ကြည့်မိသည်။ ခင်ဦးက သူ့ကို မကြည့်၊ သနပ်ခါးပန်းလေးများကိုသာ စိုက်ကြည့်နေသည်။
“ခင်ဦးကတော့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ဘူး၊ ဒီလိုပဲ မုန့်ဟင်းခါးရောင်းပြီး အချိန်တွေကုန်မနေချင်ဘူး၊ ဆယ်တန်းအောင်ယင်တော့ မူလတန်းဆရာမလုပ်ချင်တယ်၊ ကလေးတွေကို စာသင်ပေးချင်တယ်”
ညီညီနှင့်ခင်ဦးသည် နှစ်ဦးလုံး ပညာတပိုင်းတစနှင့် ကျောင်းထွက်ကြသူများဖြစ်သည်။ ညီညီက စာဆိုလျှင် လုံးဝလှည့်မကြည့်ချင်သော်လည်း ခင်ဦးက ပညာရေးကို စိတ်မကုန်ချေ။ ကျူရှင်မယူဖြစ်သော်လည်း စာကျက်ပြီး အလွတ်ဖြေသည်။ နှစ်ခါကျပြီးဖြစ်သည်။ သို့သော် စိတ်မပျက်သေး။
“ဒီနှစ် ဖြေမှာလား”
“ဒီနှစ်တော့ ဖြေဖြစ်မှာ မဟုတ်ပါဘူး၊ နောက်နှစ်တွေ အများကြီး ကျန်သေးတာပဲ၊ တနှစ် မအောင် တနှစ်တော့ အောင်ရမှာပေါ့”
ခင်ဦးသည် အရွက်ချွေပြီးသော ပန်းခိုင်များကို ဇော်စိမ်းများနှင့်ရောပြီး ပန်းအိုးထဲတွင် ဝေဆာလှပစွာ ထိုးစိုက်သည်။ ကိုကိုသည် နှင်းဆီနှင့် စံပယ်က လွှဲလျှင် ဘာပန်းကိုမျှ မည်မည်ရရ သိသူမဟုတ်ချေ။ သို့သော် သနပ်ခါးပန်း ဝါဝါလေးများကို ခင်ဦးနှင့်အတူ တွဲပြီး အမြဲသတိရ မှတ်မိနေတော့မည်ဖြစ်သည်။
“ကလေးတွေအများကြီးကို မသွန်သင်နိုင် မဆုံးမနိုင်အုံးတော့၊ အနည်းဆုံး ကိုယ့်သား ကိုယ့်သမီးကို လူလားမြောက်အောင် နည်းမှန် လမ်းမှန်နဲ့ ထိန်းကျောင်းနိုင်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်”
“မိခင်ကောင်း”
ကိုကိုသည် ဆတ်ကနဲ တုန်လှုပ်သွားသည်။ ခင်ဦးအား တအံ့တသြ ကြည့်မိသည်။ သူကမူ အိမ်ထောင်ပြုရန် ကြံစည်နေသော်လည်း သားသမီးဟူသည်ကို မစဉ်းစားမိ။ ဖခင်ကောင်းတစ်ယောက်ဖြစ်ရမည်ဟု တခါမျှ မတွေးခဲ့မိ။
“ခင်ဦးက ယောက်ျားယူတော့မလို့လား၊ ကလေးတွေ မွေးတော့မလို့လား”
ခင်ဦးသည် ကိုကို့အား စိုက်ကြည့်ရင်း မျက်ရည်လည်လာသည်။ နှုတ်ခမ်းလေးက တဆတ်ဆတ် တုန်ယင်လာသည်။ ကိုကို၏အမေးကို မဖြေပဲ ကြေကွဲစွာ ပြုံးလေသည်။ သနပ်ခါးပန်းနံ့က လေသင့်တိုင်း မွှေးနေသည်။ ခင်ဦးသည် ပန်းများနှင့် ဝေဆာလှပနေသော ဘုရားပန်းအိုးလေးကို ဘုရားစင်ပေါ်သို့ လှမ်းတင်လိုက်သည်။ ရွှေရောင်ပျက်ပြယ်နေသော ဆင်းတုတော်က လူ့လောကမှ သောကဗျာပါဒများကို လျစ်လျူရှုလိုဟန်နှင့် မျက်လွှာချထားသည်။ ဘုရားစင်အောက်ဘက် သစ်သားတန်းတွင် သံချောင်းသုံးလေးချောင်း ရိုက်ပြီး စိပ်ပုတီးသုံးကုံး ချိတ်ဆွဲထားသည်။ တစ်ကုံးက အဘွား၏ပုတီး၊ နောက်တကုံးက ဦးလေးမောင်၏ပုတီး၊ ဗယ်ဘက်စွန်က ဆင်ရိုးပုတီးလေးမှာ ခင်ဦး၏ပုတီးလေး ဖြစ်လေသည်။ ခင်ဦးသည် အဘွားနှင့် အဖေတို့၏စိပ်ပုတီးများကို မည်သူ့ကိုမျှ မပေးရက် မလှူရက်ပဲ အမှတ်တရ သိမ်းဆည်းထားလေသည်။
“ကိုကိုတို့မင်္ဂလာဆောင်ကို ခင်ဦး ဘာလက်ဖွဲ့ရမလဲ”
“မလိုပါဘူးဟာ”
ကိုကိုက ဆို့နင့်စွာ ပြောသည်။ ခင်စိုးပိုင်နှင့် လက်ထပ်ပြီးလျှင် ခင်ဦးနှင့် လုံးဝဝေးကြရတော့မည်ကို စဉ်းစားမိတော့လည်း ရင်ထဲတွင် တမြည့်မြည့် နာကျင်လာသည်။
“ခင်ဦးက တခုခုတော့ အမှတ်တရလေး ပေးချင်တယ်၊ ကိုကိုလိုချင်တာ ပြောပါလား”
ခင်ဦးက အသံထိန်း၍ပြောသည်။ သူ့မျက်လုံးတွင် မျက်ရည်တွေ ဝေလာလိုက် မျက်တောင်လေး တဖျပ်ဖျပ်ခတ်ပြီး အတင်းပြန်သိမ်းလိုက်နှင့်မို့ မျက်ခွံတွေ နီလာသည်။
“ခင်ဦးရဲ့ စိပ်ပုတီးလေး ပေးလိုက်ပါလား”
ကိုကိုက စိတ်ကူးရရာ တောင်းလိုက်မိသည်။ ခင်ဦး တချောက်ချောက် စိပ်တတ်၍ လက်ဆီတက်ကာ ဝါကြန့်ကြန့်အရောင်များပင် သမ်းနေပြီဖြစ်သော ထိုဆင်ရိုးပုတီးလေးကို ခင်ဦးကိုယ်စား အမှတ်တရ ယူသွားချင်သည်။
“ဟင် ... စိပ်ပုတီးကြီးကို”
“ဟုတ်တယ်”
“ဘာလုပ်ဖို့လဲ ကိုကိုရယ်၊ ဟောင်းပဲဟောင်းလှပြီ၊ ကိုကို စိပ်ပုတီးလိုချင်ရင် နံ့သာဖြူပုတီး အသစ်ဝယ်ပေးမယ်လေ”
“ခင်ဦး စိပ်နေကျ ပုတီးလေးကိုပဲ လိုချင်လို့ပါကွယ်”
“ကိုကိုက သူဌေးဖြစ်တော့ ပုတီးစိပ်ဖို့ သတိရအုံးမှာမို့လား ကိုကိုရယ်”
ခင်ဦးက ညည်းညူသလို ပြောသော်လည်း သူ့စိပ်ပုတီးလေးကို အလွယ်တကူ ဖြုတ်ပေးလေသည်။ ကိုကိုသည် စိပ်ပုတီးကိုသာမက ခင်ဦး၏လက်ချောင်းလေးများကိုပါ ဖမ်းဆွဲပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ တချိန်တုန်းက အဘွား၏လက်ကဲ့သို့ပင် ခင်ဦး၏လက်ထိပ်များသည် ခြစ်ရာရှရာများနှင့် မွမွကျဲနေသည်။ မည်းနေသည်။
“ခင်ဦးရယ် ... ကိုကို့ကို လူယုတ်မာကြီးလို့ မပြောဘူးလားဟင်”
ခင်ဦး၏မျက်လုံးလေးများတွင် မျက်ရည်များ ချက်ချင်း ဝေလာသည်။
“ငွေမက်လိုက်တာ ဂုဏ်မက်လိုက်တာလို့ မပြောဘူးလား၊ ရန်မတွေ့ဘူးလား ဟင်”
“ဂုဏ်မက်တာ၊ ငွေမက်တာ အပြစ်မဟုတ်ပါဘူး ကိုကိုရယ်”
ခင်ဦးက တုန်တုန်ခိုက်ခိုက် ပြောသည်။ ခင်ဦး၏လက်ကလေးများသည် အေးစက် တုန်ယင်လာသည်။ ချွေးစေးများ ပြန်နေသည်။
“ဆင်းရဲတာဟာလဲ အပြစ်မဟုတ်ပါဘူး”
သနပ်ခါးပန်းနံ့က မွှေးပျံ့လှသည်။ ကိုကို၏ရင်ထဲတွင် ကြေကွဲစိတ်များနှင့် ပြည့်သိပ်နေသည်။ “ငါမှားပြီ ထင်တယ်” ဟု တွေးယင်း ခေါင်းထဲတွင် တရိပ်ရိပ် မူးလာသည်။
“ကိုကို့ကို အပြစ်တင်စမ်း၊ ရန်တွေ့စမ်းပါ ခင်ဦးရယ်”
သူက ခင်ဦး၏လက်ကလေးများကို ယုယစွာ နမ်းမိသည်။ ခင်ဦးက ရှိုက်ငင်ယင်း တိုးတိုးလေး ပြောလေသည်။
“ကိုကိုရွေးတဲ့ဘဝမှာ ကိုကို မပျော်တော့ယင်တော့ ခင်ဦးတို့ဆီ ပြန်လာပါ ကိုကိုရယ်”
အပိုင်း(၁၂)ဆက်ရန်
----------------
0 Comments