#တိမ်ဖုံးပါလို့ လမသာ
အပိုင်း(၁၂)
“ကျွန်တော်တို့အိမ်ကနေ ညကြီးမင်းကြီး သူတယောက်တည်း ပြန်သွားတာ ကြီးတော်မြ မြင်လိုက်တယ်၊ သူ့ကို အမျိုးမျိုး သွားပုပ်လေလွင့် ပြောတယ်၊ ခင်ဦးခမျာ ပြောသမျှ ခေါင်းငုံ့ခံခဲ့ရတယ် ...။ ဘာမှ ပြန်မရှင်းနိုင်ဘူး၊ ဟုတ်လဲဟုတ်နေတယ် မဟုတ်လား”
ကိုကို၏မျက်နှာသည် တရှိန်ရှိန် ပူလာသည်။ ထိုအကြောင်းများကို သူ မသိခဲ့ချေ။ သိလောက်အောင်လည်း ဂရုတစိုက်နှင့် စိတ်မဝင်စားပေ။
“ကျွန်တော်မသိဘူး၊ ကိုကို လက်မထပ်ခင်သာ ခင်ဦးနဲ့ကိုကို့အကြောင်း အမှန်အတိုင်း ကျွန်တော်သိယင် ဘယ်လွယ်လိမ့်မလဲ”
ညီညီက အံကြိတ်သံနှင့် ပြောသည်။
“အဲဒီတုန်းက.. ဟိုအမျိုးသမီးကို ကြည့်မရလို့သာ ကိုကိုနဲ့ စကားများခဲ့ရတာ”
ဟုတ်သည်။ ကိုကိုက ခင်စိုးပိုင်နှင့် လက်ထပ်တော့မည်ဟုဆိုတော့ ညီညီသည် ခင်ဦးလိုပင် ကိုကို၏မျက်နှာကို ငေး၍ကြည့်နေခဲ့လေသည်။ ပြန်တွေးရသည်မှာ ရင်မောလှသော်လည်း တွေးမိပြန်သည်။
* * *
“ခင်စိုးပိုင်နဲ့လား”
“အင်း”
“ဪ... တို့အစ်ကိုကို သိပ်ခင်၊ သိပ်စိုးမိုးပြီး သိပ်ပိုင်တဲ့ ခင်စိုးပိုင်နဲ့ ကိုကိုက လက်ထပ်တော့မယ်ကိုး”
ညီညီက ခေါင်းကလေး တညိတ်ညိတ်နှင့် တဦးတည်း ညည်းညူသလို ပြောနေသည်။ စိတ်မချမ်းမြေ့သောအသွင်နှင့် မျက်လုံးလေးများက မှုန်ပြီး မှိုင်းလာသည်။
“ဘဝမှာ ကောင်းကောင်းနေရဖို့ အရေးကြီးတယ် ညီညီ၊ မင်း ငါ့ကို ဖြတ်လမ်းလိုက်တယ်လို့ ပြောချင်လဲပြောပေါ့၊ သူ့မိဘက ရန်ကုန်မှာ အိမ်တလုံး ဝယ်ပေးမယ်တဲ့၊ ဒီဆေးရုံမှာ ဟောက်စ်ဆာဂျင် တနှစ်လုပ်ပြီးရင် ပဲခူးသွားပြီး ဆေးခန်းဖွင့်မယ်လေ၊ မင်းလဲ အလုပ်လုပ်ဖို့ မလိုတော့ဘူး၊ ကျောင်းပြန်တက်ပေါ့”
ညီညီက ဘာမှ ပြန်မပြောပေ။ ဈေးထဲတွင် ပိဿာလေး လွတ်ကျပြီး အနာဖြစ်နေသော ခြေမကို ငုံ့ကြည့်နေသည်။ အနာဖြစ်သည်မှာ ကြာပြီ။ ခြေသဲခွံက ညိုပြီး ပုပ်လိုက်လာနေသည်။
“မင်း အေးအေးဆေးဆေး ကျောင်းပြန်တက်ပေါ့ ညီညီရာ၊ ငါတို့နှစ်ယောက်လုံး ချမ်းချမ်းသာသာ နေရတာပေါ့ ”
“ကိုကိုရာ၊ ကိုကို ဆရာဝန်ဖြစ်ပြီပဲ၊ ကျွန်တော့်ကိုတလှည့် ထမင်းမကျွေးနိုင်၊ ကျောင်းမထားနိုင်ဘူးလား”
ညီညီက ကိုကို၏မျက်နှာကို စူးစိုက်၍ကြည့်ကာ ခပ်တိုးတိုး မေးလေသည်။
“ထားတော့ ထားနိုင်တာပေါ့ကွာ၊ ဒါပေမယ့် မင်း ဘတ်စ်ကားနဲ့ ကျောင်းတက်မယ့်အစား ကိုယ်ပိုင်ကားနဲ့ တက်ရမှာပေါ့၊ ပဲပြုတ်နဲ့ စားမယ့်အစား ပုစွန်တုပ်နဲ့ ငါးမြင်းနဲ့ စားရမှာပေါ့”
ကိုကို့အား မျှော်လင့်တကြီး ကြည့်နေသော ညီညီသည် ပြက်လုံးကောင်းတခုကို ကြားလိုက်ရသလို ဟက်ဟက်ပက်ပက် ရယ်လေသည်။ တော်တော်နှင့် အတောမသတ်။ ရယ်နေသော ညီညီ့ကိုကြည့်ယင်း ကိုကိုသည် မျက်နှာများ တရှိန်ရှိန် ပူလာသည်။ အနေရ အထိုင်ရ ခက်လာသည်။
“ဪ... ကိုကိုရာ၊ တိုက်တို့ ကားတို့သာရှိရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ အဲဒါတွေဟာ ဘဝအတွက် ဖြည့်စွက်ချက်ပါ၊ လိုအပ်ချက်မဟုတ်ပါဘူး။ ဒါအတွက်ကြောင့် ကိုယ့်ကိုယ်ကိုလည်း ရောင်းစားစရာ မလိုပါဘူးကွာ”
ညီညီက ကိုကို့အား စူးစူးရဲရဲ ကြည့်သည်။ သူ့မျက်နှာတွင် အထင်သေးခြင်း၊ စိတ်ပျက်ခြင်းများကို တွေ့လိုက်ရသည်။
“ကျွန်တော်တော့ သဘောမတူဘူး ကိုကို၊ သူတို့အသိုင်းအဝိုင်းမှာ ကိုကိုဟာ တောကျီးကန်းတစ်ကောင်လို ပွဲလယ်မတင့်ဖြစ်နေမှာပဲ၊ ကိုကို စိတ်ညစ်ရမှာပဲ”
“ဒါကတော့ ကိုယ့်ဘဝကို ကိုယ် တဖြည်းဖြည်း မြှင့်ယူရမှာပေါ့ ညီညီ၊ ကြာတော့လဲ နေသားကျသွားမှာပေါ့ ”
“ကိုယ့်ဘဝကို ကိုယ်မြှင့်တယ်တဲ့ ဟုတ်လား၊ သိပ်ကောင်းတဲ့စကားပဲ။ ဒါပေမယ့် ယောက်ျားတစ်ယောက်က ကိုယ့်ဘဝကို ကိုယ်မြှင့်တယ်ဆိုပြီး မိန်းမထဘီနား တန်းလန်းခိုပြီး လိုက်သွားတာကတော့ ရှက်စရာကောင်းတယ်ဗျ။ ဒါဟာ ယောက်ျားအလုပ် မဟုတ်ဘူး”
ညီညီသည် ပြောယင်း ဒေါသထွက်လာသည်။
“ဒီမှာကိုကို၊ ညီညီတို့က တိုက်နဲ့နေချင်ယင် ကိုယ့်အစွမ်းနဲ့ ကိုယ်နေမယ်ဗျ။ ကားစီးချင်ရင်လဲ အလုပ်ပိုလုပ်ပြီး ပိုက်ဆံစုမယ်ဗျ။ ဘဲဥကို နှစ်ရက် သုံးရက် လေးငါးရက် ဆက်စားပြီး ချွေတာလိုက်ယင် နောက်တနေ့ ပုစွန်တုပ် စားနိုင်တယ်ဗျ၊ ဒါအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ရောင်းမစားဘူး၊ ယောက်ျားပိုင်းလုံး မလုပ်ဘူး”
“ဘာ...”
ကိုကိုက အော်၍မေးလိုက်သည်။ “ယောက်ျားပိုင်းလုံး” ဟူသောစကားသည် သူ့နားထဲသို့ သံရည်ပူလောင်းချလိုက်သလို ဖြစ်သွားသည်။
“တဲပုတ်နဲ့နေရလို့ ဘာမှမဖြစ်ဘူး၊ ဘတ်စကားစီးရတာ ကျပ်တော့ ဘာဖြစ်သေးလဲ။ ဘဲဥစားရလို့ လူတကိုယ်လုံး ဘဲချေးစော်နံလဲ ကိစ္စမရှိဘူး။ ကိုယ့်ကို အထက်စီးက ဆက်ဆံတဲ့ မိန်းမဆီမှာ ခွေးလို တွားသွားပြီး မခစားဘူးကွ”
“မင်းနော်”
ကိုကို၏တကိုယ်လုံး ထူပူပြီး ဒေါသခိုးများ ဆူဝေလာသည်။ သူတို့ညီအစ်ကိုသည် တဦးကိုတဦး စူးစူးရဲရဲ စိုက်ကြည့်မိကြသည်။ ညီညီက ခပ်ရမ်းရမ်းပင် ဆက်ပြောသည်။
“ကိုကိုသာ အမြီးလေးနှံ့သွားပြီး ယောက်ျားတန်မဲ့ ပိုင်းလုံးလုပ်၊ ယောက်ျားပိုင်းလုံး"
“ကဲကွာ”
ကိုကိုသည် မိမိကိုယ်မိမိ ဘာလုပ်မိသည်ပင်မသိ၊ ညီညီ့အား မေးရိုးအောက်မှ ပင့်ကော်ကာ လက်သီးနှင့် ထိုးချလိုက်မိသည်ထင်သည်။ သူ့လက်သီးတခုလုံး ကျဉ်တက်သွားပြီး ညီညီသည် ကြမ်းပေါ်သို့ ပက်လက်လဲကျသွားသည်။
ဒေါသအခိုးအငွေ့များသည် ရုတ်ခြည်းပင် စဲပြီး ငြိမ်တိတ်သွားသည်။ တဦးကိုတဦး မယုံနိုင်သလို ငေးကြည့်နေမိကြသည်။ ညီညီသည် မျက်ရည်များဝဲလာပြီး သူ့ပါးစပ်မှ သွေးများကို ကြမ်းပြင်ပေါ်သို့ ထွေးချလိုက်သည်။
“ဪ... ကိုကိုက မိန်းမတယောက်အတွက်နဲ့ ကျွန်တော့်ကို ထိုးလား ကြိတ်လား လုပ်ပြီပေါ့
ကိုကိုသည် ချက်ချင်းပင် ဝမ်းနည်းပက်လက်ဖြစ်သွားသည်။ လက်ထောက်၍ထိုင်နေသော ညီညီ့ဘေးသို့ ပြေးသွားပြီး ဆွဲ၍ထူသည်။ သို့သော် ညီညီက ကမ်းလင့်လာသော ကိုကို၏လက်များကို တွန်းဖယ်ပစ်ပြီး သူ့ဟာသူ ထလေသည်။
“ကျွန်တော် ကိုယ့်ဘဝကို ကိုယ်လျှောက်နိုင်တယ် ကိုကို၊ ဘယ်သူ့ကိုမှ မှီခိုစရာ အားထားစရာ မလိုဘူး”
မျက်ရည်ဝေနေသော ညီညီ၏မျက်လုံးများသည် တဖြည်းဖြည်း အစိမ်းရောင်တောက်လာသည်။ ကိုကို့အား အထင်သေးစွာနှင့် စိမ်းစိမ်းကားကား ကြည့်သည်။ ထို့နောက် ကြေကြေကွဲကွဲ ပြုံးလေသည်။
“ကိုကို သူနဲ့လက်ထပ်ပြီးရင် ဒီအိမ်သော့ကို ခင်ဦးကို ပေးခဲ့ပါ၊ ကျွန်တော်နဲ့ကိုကို နောက်ထပ် တွေ့စရာ ဘာအကြောင်းမှ မရှိတော့ဘူး”
ညီညီသည် ချာကနဲ လှည့်၍ အိမ်ပေါ်မှ ဆင်းသွားသည်။ ကိုကို့အား လုံးဝလှည့်မကြည့်တော့၊ အိမ်ကိုလည်း လုံးဝ ပြန်မလာတော့ပေ။
* * *
ထိုနေ့က ညီညီ့ကို နောက်ဆုံး စကားပြောခဲ့ရခြင်းပင်ဖြစ်သည်။ နောက်ထပ် ညီညီကို တွေ့ရသော်လည်း စကားမပြောဖြစ်တော့ပေ။ နောက်ပြီး ညီညီသည် သူစိမ်းပြင်ပြင်ကဲ့သို့ နိုင်လွန်းလှသည်။ ကိုကို အိမ်ရှေ့ပေါက်မှ တက်လာလျှင် နောက်ဖေးဘက်မှ လှည့်ကာ ဆင်းသွားသည်။ ကိုကိုနှင့် လုံးဝ မျက်နှာချင်းမဆိုင်တော့ပေ။
ကိုကို၏မင်္ဂလာပွဲသို့ ခင်ဦးရော ညီညီရော ရောက်မလာခဲ့ကြပေ။ ကိုကိုသည် နှစ်စု ကွဲနေသော မင်္ဂလာပရိသတ်ကိုကြည့်ယင်း “သူတို့အသိုင်းအဝိုင်းထဲမှာ ကိုကိုဟာ တောကျီးကန်းလို ပွဲလယ်မတင့်ဖြစ်နေမှာပဲ” ဟူသော စကားကို သတိရသည်။
ခင်စိုးပိုင်တို့ဘက်မှ ပရိသတ်များက စိန်ရောင် ရွှေရောင်နှင့် လင်းလက်တောက်ပနေသော်လည်း အနည်းအကျဉ်းသာ တက်ရောက်သော ကိုကို၏ရပ်ဆွေရပ်မျိုးများက မှေးမှိန်၍ ညှိုးငယ်နေလေသည်။ မင်္ဂလာခန်းမထဲသို့ ယှဉ်တွဲပြီး ဝင်လာကြစဉ် ကိုကိုက "ငါမှားပြီ ထင်ပါရဲ့” ဟု တွေးနေမိသည်။ ခင်စိုးပိုင်ကမူ အင်းလျားလိတ်မှ ခင်မောင်အေး၏လက်ထပ်ပွဲကို တွေးနေလိမ့်မည် ထင်သည်။
ကိုကိုတို့လက်ထပ်ပြီးစ ဇနီးမောင်နှံ့သည် ငပလီသို့ ပျားရည်ဆမ်းခရီးထွက်ခဲ့သည်။ ရန်ကုန်ပြန်ရောက်ပြီး တပတ်ခန့်အကြာ ညီညီ့ဆီလာတော့ အိမ်တွင် ကိုကိုမသိသော လူစိမ်းများ ရောက်နေပြီဖြစ်သည်။ ညီညီသည် သူတို့၏အိမ်ကလေးကို အိမ်ရှင်အား ပြန်အပ်လိုက်သဖြင့် နောက်ထပ် လူသစ်များကိုပင် ငှားထားပြီးဖြစ်နေသည်။
ညီညီ့ကိုသာမက ခင်ဦးကိုလည်း မတွေ့ရတော့ချေ။ ခင်ဦးလည်း အိမ်ပြောင်းသွားလေသည်။ ဘယ်ကို ပြောင်းသွားသည်ကို မည်သူမျှ အသေအချာ မသိကြ။
“မင်းဆီကို ငါလာပါတယ် ညီညီရာ၊ မင်းက အိမ်ပါပြောင်းပြီး ခြေရာဖျောက်သွားတယ်”
“မင်း ငါ့ကို အဲဒီအချိန်တုန်းက မတွေ့ရတာ ကံကောင်းတာပေါ့”
ညီညီသည် ဝေဒနာအလုံးစုံကို အသစ်တဖန် ပြန်လည်ခံစားနေရသလို အသက်ရှူပြင်းနေသည်။ ဒေါသအခိုးအငွေ့များသည် သူ့မျက်နှာတွင် ထင်ဟပ်နေလေသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ကိုကိုက ဘာမှပြန်မပြော၊ အငြိမ်ကြီး ငြိမ်ကာ နေသည်။
ညီညီက သူ့ကို မင်းနှင့်ငါနှင့် ပြောနေချေပြီ။ ညီညီ ဒေါသဖြစ်လွန်းမကဖြစ်လျှင် ထိုသို့ပင် မင်းနှင့်ငါ ပြောတတ်သည်။
“အေးလေ ... တကယ်တော့ နှစ်ယောက်လုံးအတွက် ကံကောင်းတာပါ”
ညီညီက စိတ်ကိုလျော့လိုက်သလို သူ့ရင်ထဲမှ လေပူများကို ဟူးကနဲ မှုတ်ထုတ်လိုက်သည်။ လေတိုက်သဖြင့် လွင့်နေသော သူ့ဆံပင်များကို နောက်ဘက်သို့ လှန်ကာ သပ်တင်ယင်း ကိုကို့အား လှည့်ကြည့်သည်။
“အဲဒီတုန်းက ကျွန်တော်တို့နှစ်ယောက် ဆုံမိယင် ကိုကိုလဲသေ ကျွန်တော်လဲ လူသတ်မှုနဲ့ ကြိုးစင်တက်ရပြီပေါ့ ”
ကိုကို၏ကျောထဲတွင် အေးစိမ့်သွားသည်။ ညီညီသည် ပြောလျှင် ပြောသည့်အတိုင်း လုပ်တတ်သူဖြစ်သည်။
“ကိုကိုတို့လက်ထပ်ပြီးမှ ခင်ဦးက ကျွန်တော့်ကို ဖွင့်ပြောတယ်၊ စောစောက သိရင် ညီညီက ကိုကို့ကို ရန်လုပ်နေမှာစိုးလို့တဲ့လေ”
ခင်ဦးကို သတိရတမ်းတစိတ်နှင့် ကိုကို ငိုချင်လာသည်။ ခင်ဦးသည် သူ့အတွက် အစစအရာရာ တွေးတောပူပန်ခဲ့လေသည်။
“ဟုတ်တယ်၊ စောစောက မသိရပေလို့ပဲ၊ သိများသိရရင်လဲ ကျွန်တော် ဘာများလုပ်မိမယ် မသိဘူး၊ တခါကတော့ လဟာပြင်ဈေးမှာ တွေ့တယ်၊ မှတ်မိသေးလား ကိုကို”
“မှတ်မိတာပေါ့ကွာ”
ကိုကို့အသံ တိမ်ဝင်နေသည်။ သူတို့လက်ထပ်ပြီး ခြောက်လခန့်အကြာတွင် ညီညီ့ကို လဟာပြင်ဈေးတွင် တွေ့ရလေသည်။
* * *
ခင်စိုးပိုင်က လဟာပြင်ဈေးမှ ဝက်အူကြော် စားချင်သည်ဟု တယ်လီဖုန်းဆက်၍ မှာသောကြောင့် ဆေးရုံမှအပြန် လဟာပြင်ဈေးသို့ ဝင်ခဲ့သည်။ ကားရပ်ရန် ကွက်လပ်ဆီသို့ ကားကို ဘီးလှိမ့်ရုံ မောင်း၍သွားစဉ် ဘေးဘက်မှ ညီညီ့ကို လှမ်း၍မြင်လိုက်ရသည်။
ညီညီသည် ကလေးအင်္ကျီများကို လမ်းဘေးတွင် အပုံလိုက် ချကာ ရောင်းနေသည်။ အင်္ကျီများကို မြှောက်ကာ ကိုင်ယင်း “ဆယ့်ခြောက်ကျပ်၊ ကြိုက်တာ ရွေးယူ ဆယ့်ခြောက်ကျပ်၊ လိုတာရမယ် ဆယ့်ခြောက်ကျပ်၊ သားသားတို့ မီးမီးတို့ဖို့ အိမ်ပြန်လက်ဆောင် ဆယ့်ခြောက်ကျပ်” ဟု အာဘောင်အာရင်း သန်သန်နှင့် အော်နေသည်။
သူက ကားတံခါးကို မှီ၍ရပ်ယင်း ညီညီ့ကို ငေးကြည့်နေမိသည်။ စိတ်ချင်းဆက်သွယ်သည်ဟု ဆိုရလေမလားမသိ၊ ညီညီကလည်း သူ့ကို ဖြတ်ကနဲ လှမ်းကြည့်လေသည်။ ပြုံးကာ ရယ်ကာနှင့် အော်ဟစ်နေသော ညီညီ၏အသံသည် တိကနဲ ပြတ်ကျသွားသည်။ ပျော့ပျောင်းသောမျက်နှာသည် တစတစ တင်းမာလာသည်။
“ညီညီ”
ကိုကိုက ခပ်တိုးတိုး လှမ်းခေါ်လိုက်မိသည်။ သို့သော် ရှေ့သို့တော့ မတိုးရဲ၊ တင်းမာခက်ထန်နေသော ညီညီ၏မျက်နှာထားသည် ကြောက်မက်ဖွယ်ကောင်းနေသည်။ ကိုကို့အား စားတော့ဝါးတော့မလို ခြေဆုံးခေါင်းဆုံး ကြည့်ယင်း ပါးစပ်မှ တီးတိုး ကျိန်ဆဲလိုက်သည်။
“ညီ.. ညီ”
ကိုကိုက အကြောက်ကြောက် အလန့်လန့်နှင့် ထပ်၍ခေါ်လိုက်မိသည်။ ညီညီနှင့် မျက်နှာချင်းမဆိုင်တော့ပဲ ပြန်လှည့်ကာ ထွက်ပြေးချင်စိတ်ပေါက်လာသည်။ သို့သော် နေရာမှပင် မရွေ့ နိုင်ပဲ စပါးကြီးမြွေ အညှို့ခံရသူလို ဖြစ်နေသည်။ ညီညီ့အား အငေးသား ပြန်ကြည့်နေသည်။
“ညီညီ ... မင်းဘာဖြစ်နေတာလဲ၊ ငါ ဘာများထပ်လုပ်လို့လဲကွာ၊ ဘာဖြစ်လို့ ဒီလောက်စိတ်ဆိုးနေရတာလဲ”
ကိုကိုက ပါးစပ်မှ အသံထွက်မလာပဲ စိတ်ထဲမှနေ၍ အော်နေမိသည်။ ခင်ဦးနှင့်သူ၏အကြောင်းကို သိများသွားလို့လားဟု တွေးမိသောအခါ ချက်ချင်းပင် ချွေးစေးများ ပျံလာသည်။ လက်ဖျားတွေ အေးစက်လာလေသည်။
ညီညီသည် သူ့လက်ထဲမှ အင်္ကျီနီနီလေးကို လွှတ်ချလိုက်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း သူ့ဆီလာမည်ဟု ခြေလှမ်းကို ပြင်သည်ကိုမြင်တော့ ကိုကိုသည် ယောင်ယမ်းပြီး နောက်ဘက်သို့ ခြေတလှမ်း ဆုတ်မိလေသည်။ သို့သော်လည်း ဆုတ်၍မရ၊ ကား ခံနေသည်။
“လာပြီ ... လာပြီ.. လာကုန်ပြီ”
ကံကောင်းသည်ဟု ဆိုရမည်ထင်သည်။ ညီညီ့ဘေးတွင် လက်ကိုင်ပဝါများ ပုံရောင်းနေသော ကောင်လေးက ထိတ်ထိတ်ပျာပျာနှင့် အော်သည်။ အစလေးဘက်လုံး ကြိုးနှင့်စုချည်ထားသော ပလတ်စတစ်စကို ဆွဲမယင်း လက်ကိုင် ပဝါရောင်စုံများကို စု၍သိမ်းသည်။
“အမလေး ... ချစ်ကိုကို ... လုပ်ပါအုံး”
“ကိုလေအေးနော် ... ဘယ်ပြေးတာလဲ.. ဒီမှာ တော့်အဖေတွေ လာကုန်ပြီ”
“ကိုမောင်မြင့်ရေ .... ကိုမောင်မြင့်ရဲ့ ... ဒီမှာပါသွားပြီ တော်ရဲ့”
ရုတ်ရုတ်သဲသဲ ပြေးကြလွှားကြသူများထဲတွင် ညီညီလည်း ရောပါသွားသည်။ သူများနည်းတူ ပလတ်စတစ်၏အနားလေးဘက်မှ ကြိုးလေးစကို စု၍ ဆွဲယင်း ပြေးသည်။ အင်္ကျီ သုံးလေးထည်တော့ ကျကျန်နေရစ်သည်။ ညီညီက ပြန်ကောက်ရန် မကြိုးစားပေ။
* * *
“အဲဒီတုန်းက ဂဠုန်ဖမ်းတာကိုပဲ ကျေးဇူးတင်ရအုံးမယ်၊ ဂဠုန်သာ မလာယင် ဘာဖြစ်မယ် မသိဘူး”
“မင်း ငါ့ကိုသတ်မှာလား”
“အဲဒီတုန်းကတော့ သတ်ချင်နေတာ အမှန်ပဲ”
ညီညီက သက်ပြင်းရှိုက်ယင်း ပြောသည်။ သူ့စိတ်ကို သူဆုံးမနေဟန်နှင့် မျက်စိကို စုံမှိက်ကာ အသက်ကို ရှိုက်၍ရှူနေသည်။
“အဲဒီနေ့က ခင်ဦးမွေးခဲ့တာပဲ”
“အဲဒီနေ့က”
“ဟုတ်တယ်လေ... ကိုကိုနဲ့ကျွန်တော် လဟာပြင်ဈေးမှာ တွေ့ကြတဲ့နေ့က မိခင်ဦး မီးဖွားခဲ့တယ်၊ လင်ကောင် မပေါ်တဲ့ကလေးကို မိခင်ဦး မွေးခဲ့ရတယ်”
ကိုကို့တကိုယ်လုံး တုန်ခါသွားသည်။ ညီညီ၏လက်မောင်းများကို တင်းကြပ်စွာ ညှစ်၍ ကိုင်မိသည်။
“ဘာ .. လင်ကောင်မပေါ်တဲ့ကလေး”
“အင်းလေ .... လင်ကောင်မပေါ်တဲ့ကလေး၊ မင်းရဲ့ ကလေး၊ မင်းရဲ့ သွေး”
“ဘာပြောတယ် ညီညီ၊ မင်း ဘာပြောလိုက်တယ်”
ကိုကိုက ညီညီ၏လက်မောင်းများကို အတင်းလှုပ်ခါနေမိသည်။
“ခင်ဦးမှာ မင်းလက်ချက်နဲ့ ကိုယ်ဝန်ရှိသွားတယ်လေ၊ ဒါကို မင်းမသိဘူးလား၊ ဒါကြောင့်မို့လို့ ရပ်ကွက်ထဲမှာတောင် မနေဝံ့တော့ပဲ ခြေရာဖျောက်ပြေးရတာကို မင်းမသိဘူးလားဟင်”
ကိုကိုက ခေါင်းကို သွက်သွက်ခါအောင် ယမ်းမိသည်။ သူ ဒါတွေကို မသိခဲ့၊ ညီညီက ကိုကို့အား မယုံသလို စိုက်ကြည့်နေသည်။
“ဒါတွေကို မင်း သိလျက်နဲ့ ငွေနောက်လိုက်သွားတာ မဟုတ်ဘူးလား... ကိုကို ဟင် .. မဟုတ်ဘူးလား”
“ငါမသိဘူး ညီညီ ... ငါတကယ်ပဲ မသိပါဘူး”
ကိုကိုက တုန်လှုပ်ချောက်ချားစွာ ပြောမိသည်။ ထိတ်လန့်အံ့သြမှုနှင့် သူ့မျက်လုံးများသည် ပြူးနေသည်။ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်နေသည်။ တကိုယ်လုံး အေးစက်လာသည်။
“မင်္ဂလာဒုံဘက်ကို ပြောင်းပြီးနေခဲ့ရတယ်။ ယောက်ျားနဲ့ ကွဲလာသလိုလို ပြောပြီး ပတ်ဝန်းကျင်ကို ရင်ဆိုင်ခဲ့ရတယ်။ မင်းရဲ့ သားကို သူ သတ္တိရှိရှိ မွေးခဲ့တယ်။ ယုယုယယနဲ့ ပြုစုပျိုးထောင်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေကို မင်း တကယ်ပဲ မသိဘူးလား ... ဟင် .. ။ မသိဘူးဆိုတာ တကယ်ပဲလား”
ညီညီက မယုံနိုင်သလို ပြောနေသည်။
“ငါမသိရဘူး ညီညီ၊ ငါမသိဘူး”
ကိုကိုသည် ညီညီ့ကို ဗြုန်းကနဲ လှမ်းဖက်ကာ သူ့မျက်နှာကို ညီညီ၏ပခုံးပေါ်တွင် မှောက်ချထားလိုက်မိသည်။ ညီညီက ဒေါသနှင့် တွန်းဖယ်ရန်ကြိုးစားသော်လည်း ကိုကို၏ရှိုက်သံကို ကြားရသောအခါ ငိုင်သွားသည်။ လှိုင်းထသလို တသိမ့်သိမ့် တုန်နေသော ကိုကို၏ကျောပြင်ကို ခပ်လျော့လျော့ ပြန်ဖက်ထားလိုက်လေသည်။
“ငါမသိဘူးညီညီရဲ့ ။ ဒါတွေကို ငါမသိဘူး”
ကိုကိုသည် အရူးလို အော်ဟစ်နေမိသည်။ သို့သော် ထိုအသံများက အပြင်သို့ ထွက်မလာ၊ လည်ချောင်းဝတွင်ပင် ဆို့ပြီး ပျောက်သွားသည်။ စကားသံအစား မျက်ရည်များသာ ဝေ့ပြီး တက်လာသည်။
“ခင်ဦးရယ် ... ကိုကို့ကို ဘာလို့မပြောခဲ့တာလဲ ခင်ဦးရယ်”
ကိုကိုက ရင်ထဲမှနေ၍ ဆို့နင့်ကြေကွဲစွာ ပြောနေမိသည်။ တခါက ခင်ဦးနှင့်ရော သားနှင့်ရော တွေ့သေးသည်။
* * *
ပန်းဆိုးတန်းကုန်တိုက်(၁) ကြီးအနားတွင် ဖြစ်သည်။ မျဉ်းဝါကျားမှနေ၍ လမ်းဖြတ်ကူးနေသော ခင်ဦးကို တွေ့ရသည်။ အခါလည်သားခန့်ရှိ ကလေးငယ်တဦးကို လက်တဘက်မှ ချီကာ၊ တဘက်မှ ဆွဲခြင်းတောင်းကို ဆွဲကိုင်ထားသည်။
ကိုကိုက ကားပေါ်မှ အော်ခေါ်လိုက်သည်။ ခင်ဦးက ချာကနဲ လှည့်ကြည့်သည်။ လက်ပြနေသော ကိုကို့ကို မြင်တော့ အယောင်ယောင်အမှားမှားဖြစ်ကာ သူ့ရှေ့မှလူကို ဝင်၍တိုက်မိသည်။ ခြင်းတောင်းမှောက်ပြီး ကြက်သွန်နီဥနှင့်အာလူးများ လမ်းပေါ်တွင် လိမ့်ကုန်လေသည်။
ကိုကိုသည် ကားကို လမ်းဘေးတွင် ရပ်ကာ ခင်ဦးဆီသို့ ပြေးလာခဲ့သည်။ ကြက်သွန်နှင့် အာလူးများကို ခင်ဦးနှင့်အတူ လိုက်ကောက်ပြီး ဆွဲခြင်းထဲ ထည့်ပေးသည်။ ခင်ဦးနှင့် မတွေ့ရ မမြင်ရသည်မှာ ကြာလှပြီမို့ စကားတွေပြောချင်နေသည်။
“ဘယ်သွားမလို့လဲ ခင်ဦး”
“ကုန်တိုက်လာတာပါ၊ ကြုံတာနဲ့ သုံးဆယ့်ရှစ်လမ်းဈေးမှာ ကြက်သွန်လေး အာလူးလေး ဝင်ဝယ်တယ်”
ခင်ဦးသည် အတော်လေး ပိန်နေသည်။ ဆွဲခြင်းကို လမ်းဘေးပလက်ဖောင်းပေါ်တွင် ချလိုက်သည်။ ခေါင်းပေါ်မှဦးထုပ်ကို ဆွဲချွတ်နေသော ကလေးငယ်၏လက်ကို ဆွဲဖမ်းရင်း “ငြိမ်ငြိမ်နေပါ သားရဲ့” ဟု ပြောသည်။
ကိုကိုသည် ကလေးချီထားသော ခင်ဦးကို နားမလည်နိုင်သလို ငေးကြည့်နေသည်။ “သားရဲ့” ဟုပြောလိုက်တော့ ရင်ထဲတွင် လှုပ်ရှားသွားသည်။ ခင်ဦး ဘယ်တုန်းက အိမ်ထောင်ကျသွားသနည်း သူ မသိလိုက်။
“ခင်ဦးသားလေးလေ”
ခင်ဦးက သူ့သားငယ်လေးကို ယုယစွာ ဖက်ထားသည်။
“ခင်ဦး အိမ်ထောင်ကျပြီ ကိုကိုရဲ့”
မျက်တောင်လေး တဖျပ်ဖျပ်ခတ်ယင်း သူ့ကို ခပ်တိုးတိုး ပြောသည်။ ခင်ဦး၏ဦးခေါင်းတွင် စံပယ်ပန်းကုံး ဖြူဖြူလေးတကုံးကို ခပ်လျော့လျော့ ပန်ဆင်ထားသည်။ ကလေးငယ်က စံပယ်ကုံးကို မမှီတမှီနှင့် လှမ်းဆွဲကာ တခစ်ခစ် ရယ်နေသည်။
“ဘယ်သူနဲ့လဲ”
“ဒီလိုပါပဲ၊ ကျောင်းဆရာလေး တယောက်နဲ့ပါ၊ ခုတော့ အဆင်မပြေဘူး... ကွဲသွားတယ်"
“ဖြစ်မှ ဖြစ်ရလေဟာ”
ကိုကိုက စိတ်မကောင်းဖြစ်သွားမိသည်။ “ဒီကောင်မလေး အချစ်ကံ မကောင်းရှာဘူး” ဟု တွေးရင်း ကြင်နာစွာ ကြည့်မိသည်။
ခင်ဦးက ကိုကို့အား မကြည့်ပေ။ သားကို တင်းတင်းဖက်ထားယင်း ဈေးထိပ်မှ လိမ္မော်သီးသည်များကို ငေးကြည့်နေသည်။ သားကလည်း ဗန်းထဲတွင် အဆင့်ဆင့် ထပ်တင်ထားသော လိမ္မော်သီးဝါဝါဝင်းဝင်းများကို လက်ညှိုးထိုးကာ စူးစူးဝါးဝါး အော်နေလေသည်။
“ခင်ဦး ကိုကိုနဲ့ တခုခု လိုက်စားပါလား၊ အိမ်ပြောင်းသွားတာလဲ ကိုကို မသိလိုက်ရဘူး၊ အေးအေးဆေးဆေး စကားပြောရအောင်လေ၊ ပြီးတော့ ကိုကိုလိုက်ပို့မှာပေါ့ ”
ခင်ဦးက အသာခေါင်းခါသည်။ တဝူးဝူး အော်နေသော သားကို ဖက်ယင်း ပါးစပ်မှ သွားရည်များကို သုတ်ပေးသည်။ "သားက အခုမှ သွားရည်ကျတတ်နေတယ်” ဟု မဆီမဆိုင် ပြောသည်။ "သူနေတဲ့နေရာကို ငါ့ကို မသိစေချင်ဘူးထင်ပါရဲ့ "ဟု တွေးယင်း ကိုကို၏ရင်ထဲတွင် နာရပြန်သည်။
သားငယ်က ကိုကို၏ရှပ်အင်္ကျီအိတ်ထဲမှ ဘောလ်ပင်ကို လက်ညှိုးလေး ထိုးသည်။ “လာပါအုံးကွ” ဟု ကိုကိုက လက်လှမ်း၍ခေါ်တော့ တအားထိုးပြီး လိုက်လာသည်။ ဘောလ်ပင်ကို လှမ်းဆွဲပြီး မြှောက်ကြည့်ကာ ပျော်ရွင်စွာ ရယ်သည်။ ထို့နောက် အောက်သို့ ပစ်ချပြီး ကိုကို့အား လက်ညှိုးထိုးကာ ကောက်ခိုင်းသည်။ ကိုကို ကောက်ပြီးသောအခါ အတင်းလှမ်း၍တောင်းသည်။ သူ့လက်ထဲ ထည့်လိုက်ပြန်တော့ တခစ်ခစ် ရယ်ရင်း ပစ်ချပြန်သည်။
“ဟကောင် ... ဂျစ်တူးလေး”
ပစ်ချလိုက် ကောက်လိုက်နှင့်မို့ ခင်ဦးနှင့်ပင် အသေအချာ စကားမပြောနိုင်တော့။
“ညီညီနဲ့ရော တွေ့သေးလား”
“တွေ့ပါတယ်”
“ကိုကိုနဲ့ သူနဲ့ မတွေ့တာ ကြာလှပြီ၊ သူနေကောင်းရဲ့လား”
“ကောင်းပါတယ်”
သားငယ်က ကိုကို၏လက်ပေါ်မှ အတင်းလျှောဆင်းကာ မြေကြီးပေါ်မှ ဘောလ်ပင်ကို သူ့ဟာသူ ကောက်သည်။ ကိုကို ကလေးကိုပြန်ချီယင်း ခင်ဦးတို့ ညီညီတို့ ငွေရေးကြေးရေး အဆင်မှပြေရဲ့လား စဉ်းစားနေမိသည်။ အကယ်၍ ကျပ်တည်းနေစေဦးတော့ သူက အကူအညီပေးသည်ဆိုလျှင် လက်ခံချင်မှ လက်ခံမည်ဖြစ်သည်။
“ခင်ဦး ပေးလိုက်တဲ့ ပုတီးလေးတော့ ကောင်းကောင်းအသုံးဝင်နေပြီ”
“ဪ ... ကိုကိုက ပုတီးစိပ်ဖို့ သတိရသေးသလား”
“ရပါတယ် ခင်ဦးရယ်... ခင်စိုးပိုင်နဲ့ အဆင်မပြေရင် ဘုရားခန်းဝင်ပြီး ပုတီးစိပ်မိတော့တာပဲ”
ကိုကိုက အတည်လိုလို နောက်သလိုလိုနှင့် ပြုံး၍ပြောသည်။ အမှန်တကယ်လည်း အဆင်က မပြေလှပေ။ ကားနှင့်သွား၊ တိုက်နှင့်နေ၊ ငွေကို ထင်သလို သုံးနေရလျှင် အမြဲပျော်နေမည်ဟု ကိုကိုထင်ခဲ့သော်လည်း ခုတော့ ထိုအရာဝတ္ထုပစ္စည်းများသည် သူ့ကို ကြာရှည် မပျော်ပိုက်စေကြောင်း လက်တွေ့သိခဲ့ရပြီ ဖြစ်သည်။
“ကိုကိုတို့ ကလေးမရဘူးလား”
“သူက မယူချင်ဘူးတဲ့၊ ကလေးမမွေးချင်ဘူးတဲ့”
ခင်ဦးက သက်ပြင်းလေးချယင်း သူ့ကို မော့်ကြည့်သည်။ မျက်လုံးအိမ်တွင် မျက်ရည်တွေ ဝေ့ဝဲနေသည်။
“ကိုကိုလျှောက်ချင်တဲ့ လမ်းပဲ”
“ဟုတ်ပါတယ်”
ကလေးငယ်က ကိုကို၏ပါးပြင်ကို မထိတထိ ကိုက်သည်။ ကိုကိုက “အား” ဟု အော်လိုက်တော့ လွှတ်ကာ တခစ်ခစ် ရယ်သည်။ ထို့နောက် ဆံပင်ကို လှမ်းဆွဲသည်။ သူက ခေါင်းကို ငဲ့၍ရှောင်လိုက်သည်။ ဆံပင်ကို မမိတော့ ပါးကိုလှမ်းပြီး မထိတထိ ကိုက်ပြန်သည်။
“အား..ဒီကောင် တစ်ကယ့်ကောင်ပဲ၊ မျက်နှာလဲ သိပ်ရွှင်တာပဲကွာ၊ ချစ်စရာကြီး”
“ဟုတ်တယ်၊ သားက သိပ်ငိုခဲတာ၊ သူ့အဖေနဲ့ မတူဘူး”
“သူ့အဖေက ခဏခဏ ငိုလို့လား”
ကိုကိုက ပြုံး၍မေးတော့ ခင်ဦး ခေါင်းညိတ်သည်။ သားကို လက်လှမ်း၍ခေါ်သည်။ သားက မလိုက်၊ ကိုကို၏လည်ပင်းကို ဖက်ထားသည်။
“သားက ကိုကို့ကို ညီညီနဲ့ မှားနေတယ်ထင်တယ်”
ခင်ဦးက ခပ်ညည်းညည်းလေး ပြောသည်။ မျက်နှာကလည်း ညှိုးငယ်လာသည်။
ကိုကိုသည် သားငယ်အား တင်းတင်းပြန်ဖက်ထားရင်း ကလေးမမွေးလိုသော ခင်စိုးပိုင်အား ဒေါသဖြစ်လာသည်။ သူတို့တွင် ကလေးငယ်ရှိလျှင် ထိုမျှ ပျင်းစရာ ငြီးငွေ့စရာ ကောင်းလိမ့်မည်မဟုတ်ပေ။ ခုတော့ ကားတစ်စီးနဲ့ တစ်နေကုန်တစ်နေခန်း ကိုယ်သွားချင်ရာကို လျှောက်သွားနေသော သူတို့ဘဝသည် ခြောက်သွေ့လှသည်။
နဂိုတည်းက အပျော်အပါးမလိုက်တတ်သူမို့ ကိုကိုသည် အိမ်တွင်ပင် ဘီယာစုပ်ယင်း အိမ်ဖော်များ ချက်ကျွေးသော ထမင်းနဲ့ဟင်းကို စားကာ အချိန်ကုန်နေရသည်။ ခင်စိုးပိုင်သည်သာ ဖဲဝိုင်းသို့လည်းကောင်း၊ ဂျင်းဝိုင်းသို့ လည်းကောင်း သွားတတ်သည်။ လွန်ခဲ့သည့်လကမူ “ကိုခင်မောင်အေးနှင့် ဂျင်ဝိုင်းမှာဆုံတယ်၊ သူက ဒိုင်လေ၊ ငနာကို အပြတ်ထုထည့်လိုက်တာ နှစ်သောင်းကျော်ရှုံးသွားတယ်၊ စိုးပိုင် နိုင်လာတယ်ကိုကို၊ ဘာလိုချင်လည်း ပြော၊ နာရီအသစ် လဲအုံးမလား” ဟု မေးသည်။
“လာကွယ်..သားကလဲ၊ လာ.. တော်ကြာ မိုးချုပ်တော့မှာ၊ မေမေတို့ ကားတိုးရအုံးမှာ”
ခင်ဦးက သားငယ်ကို ဆွဲခေါ်သည်။ သားက ကိုကို့အား တွယ်ဖက်ထားကာ အော်၍ငိုလေသည်။ ခင်ဦးက ဒေါသဖြစ်လာသလို ခပ်ကြမ်းကြမ်းလေး ဆွဲခေါ်လေသည်။
“ဟ...ဖြည်းဖြည်းလုပ်ပါဟ ကလေးကို”
“ဘာဖြစ်လဲ ခင်ဦးသားကို ခင်ဦးလုပ်တာ”
ခင်ဦးက ရန်စကားပြောသည်။
“နင့်သားပေမဲ့ ငါ့ကိုချစ်လို့ ကပ်တာ ကပ်ပလေ့စေပေါ့ ”
“အို..ဘာလို့ ချစ်ရမှာလဲ၊ ဘာလို့ ကပ်ရမှာလဲ”
ကျွတ်ကျသွားသော ဦးထုပ်ကို ကောက်၍ ဖုန်ခါလိုက်ပြီး သားကို ပြန်ဆောင်းပေးသည်။ ချထားသောခြင်းတောင်းကို ပြန်၍ဆွဲကိုင်သည်။
“သားက ချောတယ်ဟ”
“ချောမှာပေါ့ အဖေတူသားကိုး”
ခင်ဦးသည် ငိုသံလေးနှင့် ပြောယင်း သုံးဆယ့်ရှစ်လမ်း ဈေးထဲသို့ ခပ်သုတ်သုတ် ဝင်သွားသည်။ ကိုကို့အား နှုတ်ဆက်စကားပင် မဆိုသွားချေ။
အပိုင်း(၁၃)ဆက်ရန်
---------------------
0 Comments