#တိမ်ဖုံးပါလို့ လမသာ
အပိုင်း(၁၀)
အိမ်အောက်တွင် ခွေးနီမ ကလေးမွေးနေကြောင်းကို ပထမဆုံးသိသူမှာ ညီညီဖြစ်သည်။ ခွေးနီမ၏ တအိအိ အော်သံကြောင့် အိမ်အောက်ထဲသို့ တကုန်းကုန်းနှင့် ဝင်သွားသည်။
“နီမ .. နီမ.. အို.. အို့..”
ညီညီ့နောက်မှ ခင်ဦးက ထန်းလျက်ခဲလေး ကိုင်ကာ လိုက်သွားသည်။ ကိုကိုကတော့ ထုံးစံအတိုင်း နောက်ဆုံးမှဖြစ်သည်။ သားပေါက်ပြီးစ ခွေးမများသည် လူအနားလာသည်ကို မကြိုက်၊ သူတို့သားလေးတွေကို ယူမှာစိုး၍ ရန်လိုပြီး ကိုက်တတ်သည်ဟု ကြားဖူး၍ လန့်နေသည်။ နီမကလည်း ခွေးသားအုပ်မမို့ ရန်လိုချင် လိုနေမည်ဖြစ်သည်။ အလျင်က ထမင်းကျန် ဟင်းကျန်များ ချကျွေးဖူးသည်ကိုမေ့ပြီး ထ၍ကိုက်ချင် ကိုက်နေမည်ဖြစ်၏။
“ဒီမှာ ... ဒီမှာ .. တွေ့ပြီ”
ညီညီက အော်သည်။ မြေကို ကျင်းယက်ပြီး လဲလျောင်းနေသော နီမကို ထန်းလျက်ခဲလေး ပစ်ပေးလိုက်သည်။ နီမက ညီညီ့ကိုကြည့်ပြီး မသိမသာ အမြီးနှံ့ပြသည်။ ညီညီက ပါးစပ်မှ စုတ်သပ်၍ ချော့ယင်း အနားသို့ ကပ်သွားလေသည်။
“ဟာ... အနက်လေး၊ လှတယ်ကွာ... ဝဝလုံးလုံးလေး၊ ဟာ... ကိုကို လာကြည့် .. လာကြည့်။ ဒီအကျားလေးက ပိုလှတယ်၊ အထီးလေးကွ၊ သိလား”
“ဒီမှာ .. ဒီမှာ၊ ဒီနှာခေါင်းအဖြူလေးနဲ့ဟာက ခင်ဦးဖို့ ၊ အမ လေးနော်”
ခင်ဦးက ခွေးနီမကို ခေါင်းပွတ်၍ချော့ယင်း ခွေးလေးတကောင်ကို ဆွဲကိုင်သည်။ ခွေးနီမက မသိမသာ ဟိန်းလိုက်၍ ကြောက်လန့်ပြီး ဖြတ်ကနဲ ပြန်လွှတ်လိုက်သည်။
“အားလုံးပေါင်း ခြောက်ကောင် သိလားကိုကို၊ အထီးက နှစ်ကောင် အမက လေးကောင်”
ညီညီက အသေအချာ ကြည့်ရှု ရေတွက်နေသည်။ အိမ်အောက်တွင်မို့ အနံ့အသက်က မကောင်းလှ။ စွတ်စိုပြီး ထိုင်းမှိုင်းနေသည်။ ခွေးနီမ၏ဝပ်ကျင်းကမူ မြေငွေ့နှင့် ပူနွေးနေလေသည်။ ဝပ်ကျင်းထဲတွင် ခွေးကလေးများက တကောင်ပေါ်တကောင် တွား၍တက်နေသည်။ ခွေးနီမ၏နို့ကို တိုးဝှေ့ပြီး စို့နေကြသည်။ ခွေးနီမသည် တစောင်း လှဲအိပ်ယင်း ကိုကိုတို့သုံးယောက်အား မျက်ခြည်မပြတ် လိုက်၍ ကြည့်နေသည်။
“အိမ်အောက်က မှောင်လိုက်တာဟာ”
“အေးဟာ၊ နံလဲနံတယ်”
“ညီညီရာ၊ နင်တို့အိမ်အောက်ကလဲ ကြွက်တွင်းတွေချည်းပဲ၊ ညစ်ပတ်လိုက်တာ”
“အောင်မာ ကြီးကျယ်လို့၊ နင်တို့အိမ်အောက်များ ဆင်းကြည့်ပါအုံး၊ ဒီလိုပဲနေမှာပါ”
မြေကြီးက ကျစ်စာခဲများဖြစ်နေသည်။ ခင်ဦး ပြောလည်းပြောစရာ၊ ကြွက်တွင်းက နေရာအနှံ့ပင်။ ကြွက်တွေကလည်း သေးသေးကွေးကွေးမဟုတ်၊ ခွေးနီမ ယခုမွေးထားသော ခွေးပေါက်စလေးတွေလောက်ရှိလေသည့် အမွေးစုတ်ဖွားနှင့် မြေကြွက်ကြီးများဖြစ်သည်။
“လာကွာ.. ထွက်ကြပါစို့။ နံလိုက်တာ အောက်သိုးသိုးနဲ့”
သူတို့သုံးဦးသား တကုန်းကုန်းနှင့် ပြန်ထွက်လာကြသည်။ အပြင်ရောက်တော့ သူတို့ညီအစ်ကိုနှစ်ယောက်က ခွေးနီမကို သတိမရတော့ပေ၊ ဂေါ်လီရိုက်စကားရန်သာ စိုင်းပြင်းသည်။ သို့သော် ခင်ဦးသည် သူတို့ကစားရာသို့ ခါတိုင်းလိုဝင်ပြီး မရှုပ်တော့ပေ။ အဘွားရင် စိုက်ထားသော ပိတောက်ပင်အောက်တွင် ထိုင်နေသည်။
ညီညီက လှမ်းခေါ်သည်။ ခင်ဦးက ရှုတည်တည်နှင့် မျက်လွှာလှန်၍ ကြည့်သည်။
“နင် ဘာတွေ စဉ်းစားနေတာလဲ”
“ငါ ကံကောင်းပေလို့ လူဖြစ်တာ ညီညီရ၊ ခွေးများဖြစ်ယင် ဒုက္ခ”
“ဘာဖြစ်လို့လဲ၊ ခွေးဖြစ်ရတာ စာမကျက်ရဘူး၊ ကျောင်းမသွားရဘူးဟ။ ဇိမ်ပဲ။ အိပ်ချင်သလောက်အိပ်၊ သူတို့အမေက ငါတို့အမေလို ထ ... ထ နေမြင့်လှပြီ ဆိုပြီးတော့လဲ မနှိုးဘူး”
ညီညီက ဟန်နှင့်ပန်နှင့် ပြောယင်း အင်္ကျီလက်နားစကို လှန်ကာ နှပ်ချေးသုတ်သည်။ သားရေကြိုးတပ်ထားသော ဘောင်းဘီအစင်းကျားလေးမှာ လျှောကျနေ၍ လက်နှစ်ဘက်နှင့် ပင့်တင်လိုက်သည်။
“သူတို့အဖေကလဲ စာမကျက်လို့ဆိုပြီး ဆူမှာ မဟုတ်ဘူး၊ ငါတို့ဆို အမေက ဆူလိုက်၊ အဖေက ဆူလိုက်”
“နင် ဘာသိလို့လဲ ညီညီ၊ အခု နင်က လူဖြစ်နေလို့ အဖေနဲ့နေရတာဟ။ နင်သာ ခွေးဖြစ်ယင် နင့်အဖေ ဘယ်သူမှန်းတောင် သိမှာမဟုတ်ဘူး၊ ခွေးနီမရဲ့ ကလေးတွေကို ကြည့်စမ်း၊ သူတို့အဖေ ဘယ်သူလဲ ... ကဲ”
ခင်ဦးက မျက်နှာလေးရှုံ့နေသည်။ သူ့ရှေ့ မြေကြီးပေါ်ကြွေကျလာသော ပိတောက်ရွက်ဝါဝါလေးတရွက်ကို ကောက်ယူပြီး အမှတ်မထင် ဆုတ်ဖဲ့နေသည်။ ထို့နောက် ညီညီ့အား လှမ်း၍ကြည့်ကာ ပခုံးလေး တွန့်ကာ ပြောလေသည်။
“ကံကောင်းလို့ ညီညီရ၊ ငါသာ လူမဟုတ်ပဲ ခွေးဖြစ်နေယင် ခွေးနီမလိုပဲ အဖေမရှိတဲ့ ကလေးတွေ မွေးနေရမှာ ဒုက္ခ”
ခင်ဦး၏အဘိဓမ္မာကို ကြားတော့ ညီညီက ခွက်ထိုးခွက်လန် ရယ်သည်။ အိမ်ရှေ့ထွက်လာသော အမေကလည်း ကြားသွားသည်။ ရယ်ခဲ ပြုံးခဲလှသော အမေပင် မနေနိုင်။ “ဪ .. ပေါက်ပေါက်ရှာရှာ သမီးရယ်” ဟု ခင်ဦး၏ခေါင်းကို ပုတ်ကာ ပြောယင်း ရယ်လေသည်။
* * *
“သူသာ ခွေးဖြစ်ယင် အဖေမရှိတဲ့ကလေး မွေးရမှာဆိုပြီး ကြံကြံဖန်ဖန် တွေးပြီး ပူပန်ခဲ့တဲ့ ကောင်မလေး၊ ခုတော့ သူ့ဘဝဟာ နီမနဲ့ ဘာထူးလဲ"
ညီညီက နာနာကျည်းကျည်း ပြောသည်။ ကိုကို ဘာမှ ပြန်မပြောမိ၊ သူ မမြင်ဖူးလိုက်သော ခင်ဦး၏ယောက်ျားအကြောင်းကို တွေးကြည့်သည်။ ခင်ဦးနှင့် ကွဲသွားသည်ဟု ကြားရသည်။
“အင်းလေ ... ငါနဲ့ခင်ဦးအကြောင်း သိပြီး ကွဲသွားတာဖြစ်ချင်ဖြစ်မှာ၊ ငါ့ကြောင့်များလား မသိဘူး၊ ငါကလဲ ငါပဲ”ဟု စဉ်းစားယင်း ပင့်သက်ရှိုက်လိုက်မိသည်။ ညီညီ့ကို မျက်နှာချင်းမဆိုင်ရဲပဲ ခေါင်းငုံ့ထားလိုက်သည်။
“အဲဒီတုန်းက ငါလဲ မှားသွားတယ်ကွာ”
“ဘာ မှားတာလဲ၊ ဘာ အခုမှ မှားတာလဲ”
ညီညီ့အသံက ဒေါသလှိုင်းခတ်ကာ တုန်ယင်နေသည်။ ကိုကို့ရင်ထဲတွင်မူ အဖန်တလဲလဲ နောင်တရခြင်းဝေဒနာနှင့် တစစ်စစ် နာကျင်နေသည်။ ကိုက်နေသည်။
“ခင်ဦးကို ခင်ဗျားကြီး ချစ်လဲ မချစ်ခဲ့ဘူး၊ သနားလဲ မသနားခဲ့ဘူး”
ညီညီက စွဲချက်တင်သည်။
* * *
ထိုနေ့ညက ကိုကို မူးနေသည်။ ခင်စိုးပိုင်နှင့်အတူ အင်းလျားလိတ်ဟိုတယ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးရသည်။ ခင်စိုးပိုင် စပ်ပေးသော ဒရိုင်းဂျင်ကို ပထမဦးဆုံးအကြိမ် သောက်ဖူးရသည်။ ရီဝေဝေမှ တကယ့်ကို ရီရီဝေဝေ။
ကိုကိုသည် ခင်စိုးပိုင်နှင့်တွေ့မှ စီးကရက်သောက်သော မြန်မာမိန်းကလေးကို တွေ့ဖူးခြင်းဖြစ်သည်။ ယခုတဖန် အရက်သောက်သော မိန်းကလေးကို တွေ့ဖူးရပြန်သည်။ ခင်စိုးပိုင်သည် ကိုကိုနှင့်အတူ အရက်သောက်လေသည်။
“ကို ... ကို”
ခင်စိုးပိုင်က ဆရာဟု ခေါ်နေကျမှ ကိုကိုဟု ပြောင်း၍ခေါ်သည်။
“ကိုကို ပျော်လား”
“သိပ်ပျော်တာပဲ”
ကိုကိုက အမှန်အတိုင်း ဖြေမိသည်။ ခင်စိုးပိုင်နှင့်သာ အမြဲတမ်း ဒီလိုသွားလာနေထိုင်ရလျှင် မည်မျှကောင်းလိမ့်မည်နည်းဟု တောင့်တခဲ့မိသည်မှာလည်း အမှန်ပင်။ခင်စိုးပိုင်နှင့်အတူ ဘဝ၏အေးချမ်းသက်သာခြင်း၊ စည်းစိမ်ဥစ္စာ ပြည့်စုံပေါများခြင်းများ ယှဉ်တွဲနေသည်။ ထိုသို့သောဘဝကို ကိုကို လိုချင်သည်။
“ဒီလိုပဲ အမြဲနေချင်လား”
“နေချင်တာပေါ့ ”
“နေချင်ယင် နေကြမယ်လေ”
“ဒါပေမယ့် ... ဟို ... ဟို ... ကိုယ်တို့က ”
“ဘာလဲ.. ကိုယ်တို့က ချစ်သူတွေမဟုတ်ကြဘူးလို့ ပြောမလို့လား”
“အင်း”
ခင်စိုးပိုင်က တခစ်ခစ် ရယ်သည်။ ကိုကို့ပခုံးပေါ် မေးတင်ကာ တိုးတိုးလေး ပြောသည်။
“ ဒီတော့လဲ ဘာခက်လဲ ကိုကိုရာ၊ ချစ်သူတွေ လုပ်လိုက်ကြရုံပေါ့ ... ဟုတ်ဘူးလား”
ကိုကိုသည် တိမ်တိုက်ထဲတွင် လွင့်မျောသွားသည်။ ရီဝေတိမ်းမူးစွာနှင့် ခင်စိုးပိုင်၏ပခုံးလေးကို ပြန်ဖက်လိုက်သည်။ ပွင့်လင်းစွာ ဝန်ခံရလျှင် ကိုကိုသည် “ဒီစည်းစိမ် ဒီချမ်းသာတွေ ကို ငါပိုင်ဆိုင်ရတော့မယ်” ဟု ချက်ချင်း တွေးလိုက်မိကြောင်း ဝန်ခံရမည်ဖြစ်သည်။ ထိုသို့ တွေးမိပြီး ပျော်ရွှင်သွားသည်။ "တယ်စွံတဲ့ငါ၊ တယ်ဟုတ်တဲ့ ငါ” ဟု တွေးကာ ဘဝင်ပင် မြင့်ချင်ချင်ဖြစ်လာသည်။ ထို့နောက် ခင်စိုးပိုင်၏ခါးကျဉ်းကျဉ်းလေးကို မရဲတရဲ ဖက်သည်။
ခင်စိုးပိုင်က တွန်းများ ပစ်လေမလားဟု စိုးရိမ်သော်လည်း တွန်းမပစ်ချေ။ "အင်း... ဟုတ်သားပဲ၊ ချစ်သူတွေဆိုတာ ဒီလိုနေကြရမှာပဲ” ဟု စဉ်းစားယင်း ကိုကို အရက်ထပ်မော့သည်။
“စိုးပိုင် တခါ ပြောဖူးတဲ့လူလေ၊ စိုးပိုင်ကို ခွာထုတ်တဲ့သူက အခု စေ့စပ်လိုက်ပြီ ကိုကိုရဲ့”
ခင်စိုးပိုင်ကလည်း သူနှင့်အပြိုင် မော့ကာ ရီဝေဝေနှင့် ပြောသည်။
“ဂျင်းစိမ်းနှင့် မိတ်သလင်၊ သူ မကြင်လို့ သွားတာ အရေးမစိုက်ပါနဲ့ကွာ”
ကိုကိုက တတ်သမျှမှတ်သမျှ အားပေးသည်။ ခင်စိုးပိုင်က ခေါင်းတဆတ်ဆတ် ညိတ်သည်။
“ဟုတ်တယ်.. ဒါကြောင့်မို့ စိုးပိုင်လဲ စေ့စပ်လိုက်တာ”
“အယ်... ဘယ်တုန်းကလဲ”
“အခုပဲလေ၊ ကိုကိုနဲ့လေ... ၊ ကိုကိုနဲ့စိုးပိုင်တို့ စေ့စပ်ကြောင်းလမ်းပြီးပြီနော်”
ခင်စိုးပိုင်က မူးမူးနှင့် သူ့ကို နမ်းသည်။ သူ့တကိုယ်လုံးရှိ အိပ်ပျော်နေသော သွေးများသည် ဆူဝေလှုပ်ရှားလာသည်။ ဓာတ်လိုက်ခံရသလို တုန်တုန်လှုပ်လှုပ် ဖြစ်နေသည်။
ခင်စိုးပိုင်က “သိပ်ရိုးတဲ့ကိုကို” ဟု ပြုံးရယ်၍ ပြောတော့ သူက ရှက်စရာဟု အောက်မေ့မိသည်။ မရိုးကြောင်း ပြရသည်။ ခင်စိုးပိုင်ကို သူ ဖက်၍မဝ၊ နမ်း၍မဝ။ "တယ်စွံတဲ့ငါ” "ချမ်းသာပြီဟဲ့ ငါ” ဟု တွေး၍ မဝ။
တွေးပြီးယင်း တွေးယင်း၊ ပျော်ပြီးယင်း ပျော်ယင်းနှင့် အိမ်ကိုပင် ဘယ်ကနေ ဘယ်လို ပြန်ရောက်လာသည် မသိတော့။ ခင်စိုးပိုင်လိုက်ပို့သည်ကိုတော့ မှတ်မိသည်။
“ဟိုး... ဟိုး၊ တော်ပြီ။ အဲဒီလမ်းထိပ်မှာ ရပ်၊ ကောင်းကောင်းပြန်နော်၊ ဂွတ်နိုက် ဒါလင်..ဂွတ်နိုက်”
ကိုကိုက မူးမူးနှင့် လျှာချောင်နေသည်။ ခင်စိုးပိုင် ထွက်သွားမှ လမ်းထဲသို့ ဒယီးဒယိုင်နှင့် ဝင်လာသည်။ သီချင်းအော်ဆိုချင်သော်လည်း ဘာသီချင်းမှမရ၍ မဆိုဖြစ်။
မိုးဖွဲဖွဲ ကျနေသော်လည်း လမ်းတွင် လူရှင်းနေသည်။ လမ်းထိပ်က ဓာတ်မီးရောင်မှာ မှိန်လှသည်။ လကလည်း မိုးသားတွေအောက် ရောက်နေ၍ လုံးဝ မလင်း။
အိမ်တွင် ညီညီ မရှိ၊ တံခါးဝမှာ သော့တန်းလန်းက ဆီးကြိုသည်။ ကိုကိုက သော့ဖွင့်ပြီး တံခါးကို ခြေနှင့် ကန်ဖွင့်လိုက်သည်။ "တယ်စုတ်ချာတဲ့အိမ်” ဟု ချီးကျူးဂုဏ်ပြုစကား ရွတ်ဆိုကာ အိပ်ရာဆီသို့ တန်း၍ လျှောက်သွားသည်၊ အိပ်ချင်ပြီ။
ကိုကိုသည် အိပ်ရာထဲတွင် လှဲအိပ်လိုက်သည်။ အိမ်အမိုးနှင့် နံရံများက သူ့မျက်စိထဲတွင် စောက်ထိုးမိုးမျှော် ဖြစ်နေကြသည်။ ထမင်းစားပွဲဝိုင်းလေးပေါ်တွင် စားလက်စ ထမင်းပန်းကန်ကို တွေ့ရသည်။ ထမင်းစားလက်စတန်းလန်းကြီး ညီညီ ဘယ်များထွက်သွားပါလိမ့်ဟု မတွေးမိ။ ချာတူးလန်တဲ့ ထမင်းနဲ့ ဟင်း နေမှာပါဟုသာ တွေးမိသည်။ ခုနက သူ အရက်နှင့် မြည်းခဲ့သော ဝက်အူချောင်းကြော်၊ အသားလုံးကြော်များကို မြင်ယောင်လာသည်။
“ဘဲဥကြော်ကို တသက်လုံး မစားတော့ဘူးကွ”
ကိုကိုက အသံထွက်အောင် ပြောယင်း တဦးတည်း ရယ်သည်။ အခါတိုင်း တွေးထင် မြင်ယောင်နေကျဖြစ်သော အဖေ့ကိုလည်းကောင်း၊ အမေ့ကိုလည်းကောင်း လုံးဝ မတွေးမိ။ ခင်စိုးပိုင်ကိုသာ မြင်ယောင်နေမိသည်။ သူ့နှာခေါင်းထဲတွင် ယခုတိုင် မွှေးနေသေးသည်။ ခင်စိုးပိုင်၏ ဆံပင်ကလည်း မွှေးသည်၊ ပါးကလေးကလည်း မွှေးသည်၊ နှုတ်ခမ်းလေးကလည်း မွှေးသည်၊ ရင်ညွှန့်ကလေးကလည်း မွှေးသည်။ ကိုကိုသည် မူးမူးထွေထွေနှင့် ခေါင်းအုံးကို တအား ဖက်ထားလိုက်သည်။ ခင်စိုးပိုင်က သူ့ဆီပြေးလာလိုက်၊ ပြန်ပြေးသွားလိုက်နှင့် ကိုကို့ခေါင်းထဲတွင် ယစ်ဝေသည်ထက် ယစ်ဝေလာသည်။
“ကိုကို”
ခင်စိုးပိုင်က တိုးတိုးခေါ်သည်။
“ဘာလဲကွယ်”
“ကိုကို ဘယ်သွားနေလဲ”
“ဘယ်မှ မသွားပါဘူးကွယ်”
“ခုနတုန်းက မရှိပါဘူးကွယ်”
“ရှိပါတယ်”
ကိုကိုက ပြုံးချင်ရယ်ချင်နေသည်။
“အို .. မရှိပါဘူး၊ အိမ်မှာလဲမရှိ ဆေးရုံမှာလဲမရှိ၊ ဘယ်လျှောက်လည်နေတာလဲ။ အဖေမူးလဲလို့ ကိုကို...။ အဖေရယ် မူးပြီးလဲလို့ အခု ဆေးရုံမှာ ညီညီစောင့်နေရစ်တယ်။ ညီညီက ကိုကို့ကို ဆေးရုံလိုက်ခဲ့အုံးတဲ့”
တရစပ်ထွက်ပေါ်နေသော စကားသံများကို နားထောင်ယင်း ကိုကို့ခေါင်းထဲတွင် ဝေဝေဝါးဝါးကြီး ဖြစ်လာသည်။ စကားပြောနေသူကို အသေအချာ အားယူပြီး ကြည့်သည်။ မျက်နှာက နှစ်ထပ်ဖြစ်နေသည်။ ခင်ဦးဖြစ်သွားလိုက်၊ စိုးပိုင်ဖြစ်သွားလိုက်၊ နီးလိုက်၊ ဝေးလိုက်၊ ရှည်လိုက်၊ ပိန်လိုက်နှင့် ကိုကို့မျက်စိထဲတွင် တိမ်လှိုင်းစီးနေသူလိုဖြစ်နေသည်။
“စိုးပိုင်ရယ်”
ကိုကိုက ချော့မော့သလို ပြောသည်။
“ကိုကို ဘာဖြစ်နေတာလဲ ... အူကြောင်ကြောင်နဲ့”
“ဘာဖြစ်လို့လဲကွယ်”
သူ့ပခုံးကို အားမလိုအားမရနှင့် ကိုင်၍လှုပ်သော လက်ကလေးများကို ကိုကို ဆီး၍ ဖမ်းထားလိုက်သည်။ အပြင်ဘက်တွင် မိုးက တအုန်းအုန်း ရွာလာသည်။
“စိုးပိုင်လေးကလဲကွာ”
“ဘာ စိုးပိုင်လဲ.. ဘယ်က စိုးပိုင်လဲ၊ ခင်ဦးပါ ကိုကိုရ၊ ခင်ဦး.. ဟင်၊ အရက်စော် နံလိုက်တာ... ။ ဟောတော့ ကိုကိုအရက်တွေ သောက်ထားတယ်လား”
“နည်းနည်းလေးပါကွယ်”
ကိုကိုက ချွဲချွဲနွဲ့နွဲ့ ပြောသည်။ ကိုကို၏သွေးများက ဆူဝေလှုပ်ရှားနေသည်။ စိုးပိုင်ဖြစ်ဖြစ်၊ ခင်ဦးဖြစ်ဖြစ်၊ အမီနာဖြစ်ဖြစ်၊ မကျင်လွမ်ဖြစ်ဖြစ် အရေးမကြီး။ အရေးကြီးသည်က ထိုမိန်းကလေးကို သူ ဖက်ပွေ့ထားချင်သည်၊ နမ်းရှိုက်ချင်သည်၊ ခုအချိန်မှာတော့ ကိုကိုသည် အရူး၊ အမဲသားကို တပိုင်းတစ စားခဲ့ရသည့် အရူး။
“ကိုကို ဘာလုပ်တာလဲ”
“ဘာလုပ်လို့လဲကွယ်”
“အဖေမူးလဲလို့... ကိုကို၊ ခင်ဦးပြောတာ နားထောင်စမ်းပါ၊ အဖေဆေးရုံမှာ... အို... ကိုကို လွှတ်”
“မလွှတ်ဘူး...”
“ဟာ .. ကိုကို ... မလုပ်နဲ့ ... မလုပ်ပါနဲ့”
“စိုးပိုင်ရယ်... ဘာလို့ရုန်းနေတာလဲ”
“စိုးပိုင်မဟုတ်ဘူး၊ ခင်ဦး”
“ခင်ဦးဆိုလဲ ငြိမ်ငြိမ်နေ၊ အစိန်ဖြစ်ဖြစ်၊ အလှဖြစ်ဖြစ်၊ အမြဖြစ်ဖြစ် မရုန်းပါနဲ့ကွယ်”
“.. ကိုကိုဘာဖြစ်နေတာလဲ ကိုကို... ညီညီက မှာလိုက်တယ်၊ ဆေးရုံကိုလိုက်ခဲ့ပါတဲ့... အို... သတိထားပါအုံး ကိုကိုရဲ့ ၊ ခင်ဦးကိုလွှတ်ပါ”
ခင်ဦး ဘာပြောပြော ကိုကိုမကြားတော့၊ နားတဘက်မှ ဝင်ပြီး တဘက်မှ တောက်လျှောက် ပြန်ထွက်သွားသည်။ မုန်ယို လှုပ်ရှားနေသော စိတ်ဆင်ရိုင်း၏နောက်သို့သာ အတားအဆီးမရှိ လိုက်ခဲ့သည်။ အပြင်ဘက်တွင် မိုးမှောင်ကျနေလေသည်။
* * *
“ခင်ဦးရဲ့ဘဝကို ကိုကို မစာနာ ဖျက်ဆီးခဲ့တာပဲ”
ညီညီက မကျေမချမ်း ထပ်ပြောသည်။
ခင်စိုးပိုင်ပြောဖူးသော စကားကို သတိရသည်။
“မြန်မာတွေကသာ ရူးကြောင်ကြောင်နဲ့၊ အပျိုစစ်မှ မစစ်မှ ပြဿနာတွေ တက်တတ်တာ၊ တကယ်တော့ ဒါဟာ ပြဿနာမဟုတ်ပါဘူး ကိုကိုရာ နော်” ဟု ပြောဖူးသည်။
ကိုယ့်အပြစ်ကို ကိုယ်ဖုံးလို၍ ပြောခြင်းတော့ ဖြစ်ကောင်းဖြစ်မည်။ “တခါတလေ မှားတာလောက်နဲ့တော့ ခင်ဦး၏ဘဝ မပျက်စီးနိုင်” ဟု ပင် သူက ယူဆခဲ့မိသည်။
ခင်စိုးပိုင်သည် အပျိုစင် မဟုတ်ကြောင်း သူသိသည်ပင်၊ သို့သော် သူက လက်ထပ်ယူရန် ဝန်မလေးခဲ့၊ ခင်ဦးကိုလည်း ထိုနည်းတူ လက်ထပ်လိုသူ ရှိလိမ့်မည်သာတည်းဟု ခပ်ပေါ့ပေါ့ တွက်ခဲ့မိသည်။ ညီညီကသာ ဒေါသထွက် နာကျည်းနေသော်လည်း ခင်ဦးက ကိုကို့အား ဒေါသဖြစ်ခဲ့ပုံ မရ၊ နာကျည်းခဲ့ပုံလည်း မရချေ။
* * *
မူးမူးရူးရူးနှင့် အိပ်ပျော်သွားပြီး ဖြတ်ကနဲ နိုးလာတော့ နံရံကိုမှီကာ ထိုင်ယင်း သူ့ကို ငေးကြည့်နေသော ခင်ဦးအား တွေ့ရသည်။ ခင်ဦး၏ပါးပြင်တွင် မျက်ရည်စများ စွန်းထင်းနေလေသည်။
“ဟင်.. ခင်ဦး”
သူက အလန့်တကြား ထထိုင်သည်။ ဖြစ်ခဲ့ပျက်ခဲ့သော အခြေအနေအရပ်ရပ်ကို ချက်ချင်း သဘောပေါက်သွားသည်။ ခင်ဦး၊ ညီမလေးလိုနေခဲ့သော ခင်ဦးကို သူကျူးလွန်ခဲ့မိလေပြီ။
“အဖေ ဆေးရုံမှာ ကိုကို”
ခင်ဦးက တိုးတိုးလေး ပြောသည်။ သူက ခင်ဦးကိုကြည့်ယင်း အာခေါင်များခြောက်ကာ ရေငတ်လာသည်။
“အဖေရယ် ညနေတုန်းက အိမ်မှာ မူးလဲတာ ဆေးရုံပို့လိုက်ရတယ်”
“ကိုကို လိုက်သွားရမလား”
“လိုက်သွားဖို့ လာပြောတာပဲ”
“ခင်ဦးရော”
“အိမ်ပြန်မယ်လေ”
သူက ဒယီးဒယိုင်နှင့် ထကာ မျက်နှာသစ်သည်။ ရင်ထဲတွင် နောင်တတရားက အစိုင်အခဲဖြစ်လာသည်။ ရယ်ချင်သလို ငိုချင်သလိုနှင့် ကတုန်ကယင် ချောက်ချောက်ချားချား ဖြစ်နေလေသည်။
ခင်ဦးကမူ သူ့ကို မကြည့်တော့၊ ဒူးနှစ်လုံးကို လက်နှင့်ပိုက်ကာ ငုတ်တုတ်လေး ထိုင်ယင်း ဖရိုဖရဲပြန့်ကျဲနေသော အိပ်ရာလေးကို ငေးကြည့်နေသည်။
ကိုကိုက ရေအေးအေးကို သုံးခွက်ဆင့်ပြီး သောက်သည်။ ပွရောင်းနေသော ဆံပင်ကို လက်နှစ်ဘက်နှင့် သပ်လိုက်သည်။ တံတွေးကို အခါခါ မျိုချသည်။ ချွေးစေးပြန်နေသော မျက်နှာကို လက်ဖမိုးနှင့် ပွတ်သည်။ ရင်ထဲတွင် လှိုက်ပြီး မောနေသည်။ ခဲဆွဲထားသလို လေးလံနေသည်။
“ခင်.. ဦး”
သူက တုန်ယင်စွာ ခေါ်လိုက်သောအခါ ခင်ဦးက မျက်လွှာလေး ပင့်၍ကြည့်သည်။
“ခင်ဦး ... ကိုကို့ကို စိတ်ဆိုးနေလား”
ခင်ဦးက ကိုကို့အား တွေတွေဝေဝေလေး ငေးကြည့်နေပြီးမှ ခေါင်းကို အသာ ခါယမ်းပြသည်၊ မျက်လုံးညိုလေးများက ရီဝေကာ နှုတ်ခမ်းလေးက အတန်ငယ် တုန်ယင်နေသည်။
“ကိုကို့အပြစ်ချည်း မဟုတ်ပါဘူး၊ ခင်ဦးလဲ မှားတာပဲ”
ခင်ဦးက ငိုသံလေးနှင့် ပြောသည်။ သူ့ကို တောင်းပန်တိုးလျှိုဟန်နှင့် ကြည့်နေသော ကိုကို့အား မချိပြုံးလေး ပြုံးပြသည်။ “ပြန်မယ်” ဟု တိုးတိုးလေး ပြောကာ နေရာမှ ဖြည်းညင်းစွာ ထသည်။
“ပြန်မယ်”
တံခါးဝရောက်တော့ ခင်ဦးက ထပ်ပြောသည်။ ငိုတော့မလို ဖြစ်နေသော ကိုကို့အား အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ချာကနဲလှည့်ကာ အိမ်ပေါ်မှ ခပ်သုတ်သုတ် ဆင်းသွားသည်။
“ခင်ဦး... နေအုံးလေ၊ ကိုကို လိုက်ပို့မယ်”
“ရပါတယ် ... ဆေးရုံကိုသာ သွားပါ”
လရောင်က မှိန်မှိန်လေး လင်းနေသည်။ မိုးဖွဲလေးများကမူ တဖြောက်ဖြောက် ကျဆဲပင်။ ခင်ဦးက ထီးမဆောင်းချေ။ ဆောင်းစရာထီးလည်း ပါပုံမရ။ ပုစဉ်းရင်ကွဲလေးများ၏အသံကို အဖော်ပြုကာ ခေါင်းလေးငိုက်စိုက်နှင့် လျှောက်သွားသည်။ သူ့ကိုယ်ပေါ်သို့ မိုးပေါက်လေးများက ခုန်ဆင်းလာကြသည်။ ခင်ဦး၏မျက်နှာတွင် မိုးစက်နှင့် မျက်ရည်တို့ ရောနေလိမ့်မည် ထင်သည်။
ကိုကိုသည် ခင်ဦးကို မျက်စိတဆုံး လှမ်းကြည့်နေမိသည်။ သူတို့နေရာ လမ်းချိုးလေးထဲ ကွေ့ဝင်သွားသောအခါမှ နံရံကိုမှီကာ ခြေဆင်း၍ ထိုင်ချလိုက်သည်၊ အသက်ကို ရှိုက်၍ ရှူသော်လည်း အသက်ရှူ၍မဝချင်။ တိမ်ပဝါပါးပါး အုပ်ထားသော လကလေးကို အဓိပ္ပါယ်မရှိ မျှော်ကြည့်နေစဉ် သင်းသင်းလေး မွှေးပျံ့သော ရနံ့တမျိုးကို ရှူရှိုက်ရသည်။ ထိုအနံ့ကို သူမှတ်မိသည်။ သနပ်ခါးပန်းအနံ့၊ ခင်ဦးပန်နေကျ သနပ်ခါးပန်းအနံ့။
သူက ဟိုဟိုဒီဒီ ကြည့်မိသည်။ သူ့အိပ်ရာထဲတွင် နွမ်းကြေနေသော သနပ်ခါးပန်းခက် ဝါဝါလေးများကို တွေ့ရလေသည်။
အပိုင်း(၁၁)ဆက်ရန်
------------------------
0 Comments