#မွှေး
အပိုင်း(၂၃)
မိုးဖွားလေးများ စတင်ရွာသွန်းလာကြသည်။ မိုးချုပ်လာ၍ အပြင်တွင် အတော်ပင် မှောင်၍လာပေသည်။ ကိုကိုနိုင်နှင့် အတွတ်သည်လည်း အိမ်ပေါ်ခန်းမှ မထွက်ကြသေးပေ။ သူတို့အခန်းထဲတွင် ကိုဘဆောင်က မီးများလာဖွင့်ပေးသွား၏။ အပြင်မှာ မိုးသည် တဖြည်းဖြည်း သည်းလာ၏။
ကိုကိုနိုင်သည် အတွတ်ကိုကြည့်ရင်း “မွှေးပြန်ချိန် နောက်ကျလိုက်တာ” ဟု စိုးရိမ်ဟန်နှင့် ဆိုသည်။ အတွက်ကတော့ စိုးရိမ်သည်ထက် အလိုလို ထိတ်လန့်နေသည်။ မပြတ်နိုင်သော သံယောဇဉ်ကြောင့် ကိုကိုနိုင့်ရင်ထဲတွင် ဒုက္ခကြီးနေပုံရပေသည်။ အိမ်အောက်ထပ်မှ ကားတစ်စီး ဆိုက်သံ ကြားရသည်။
“ဟော အတွတ် သူပြန်လာပြီ ထင်တယ်”
ကိုကိုနိုင်သည် မတ်တတ်ရပ်လိုက်၏။ အတွတ်က အောက်ဆင်းရန် ခြေလှမ်းပြင်ရင်း ...“ကျွန်တော် သူ့ကို သွားတွေ့ဦးမယ် ကိုကိုနိုင်” ဟု ဆို၏။
ကိုကိုနိုင်သည် ́ မတ်တတ်ရပ်ကာ ကျန်ရစ်၏။
မွှေးမှာ အပေါ် သို့တက်မလာသောကြောင့် အတွတ်က အောက်သို့ဆင်းသွားသည်။
ဧည့်ခန်းထဲတွင် အရှေ့မြောက်ထောင့် ဆိုဖာအနီးမှ မတ်တတ် မီးတိုင်လေးတစ်လုံးသာ လင်းနေသည်။ ဂျပန်မီးအုပ်ဆောင်းပန်းရောင်၏အရောင်မှာ ပတ်ဝန်းကျင်ကို ပြေပြေလေး လင်းနေပေသည်။ မွှေးသည် မီးတိုင်အောက်တည့်တည့် ဆိုဖာပေါ်တွင် ထိုင်လျက်ရှိ၏။ စိန်ကတ္တီပါ နှင်းကာအနက်မှာ မီးရောင်အောက်တွင် စိန်နက်လို တောက်ပနေသည်။ ပခုံးပေါ်ခြုံထားသော နှင်းကာအရောင်ကြောင့် မွှေးမျက်နှာမှာ လှပစွာ လင်းနေပုံရသည်။ အနားယူထားသည့်အရှိန်၊ ဆေးကုထားပြီးသောအရှိန်ကြောင့် သူ့မျက်နှာသည် အပျိုဖော်ဝင်စလို မနုသည်ကလွဲ၍ ပြည့်ပြည့်ဖြိုးဖြိုး စိုစိုဝင်းဝင်းလေး ဖြစ်နေသည်။ အတွတ်ကို စူးစူးစိုက်စိုက်ကြည့်နေစဉ် မျက်လုံးများမှာ တဖျတ်ဖျတ် အရောင်ထွက်နေလေသည်။ အတွတ်သည် တဖြည်းဖြည်းလျှောက်လာကာ မွှေးအနားတွင် ထိုင်လိုက်၏။
ဖရက်နှင့်မွှေး ပထမဆုံးတွေ့သော ညနေကို အတွတ်က ပြန်လည်သတိရ၏။ ထိုညက သူသည် အပြေးအလွှား မွှေးကိုလာကြည့်စဉ် မီးတိုင်ဘေးဝယ် မွှေးကို ယခုလိုပဲ တွေ့ရ၏။ ယခင်မွှေး၏ ကုပ်ပေါ်တွင် အုပ်လုံးသိမ်းစ မဝင့်တဝင့် ဆံပင်များ ဝဲနေသည်ကလွဲ၍ ယခု မွှေးမှာ ဘာမျှမထူးခြားသလို သူ့စိတ်ထဲက ထင်သည်။ ယခုလည်း မွှေးသည် နောက်တွဲဆံထုံးကို သပ်သပ်ရပ်ရပ် ထုံးထား၏။ ယမန်နေ့ စိတ်ဆင်းရဲမှုဒဏ်ကို အပြင်းအထန် ခံစားထားရဟန် အရိပ်အယောင်မျှ မွှေးမျက်နှာတွင် မပေါ်ပေ။
“ဘယ်လိုလုပ်လိုက်တာလဲ မွှေး"
အတွတ်က ခပ်တိုးတိုးပင် မေးလိုက်၏။
“ဖြစ်သမျှအကြောင်း အကောင်းတွေချည်းပဲပေါ့ အတွတ်၊ အဲဒီအကြောင်းတွေ ဘာမှမပြောဘဲနေရင် မကောင်းဘူးလား။ ကဲ... အသင်းမှာ သွားယူထားတဲ့တာဝန်က ဘာ....နေရာရှာဖို့ ဟုတ်လား"
မွှေးသည် စကားကြောင်းကို ဇွတ်ပြောင်းပစ်လိုက်၏။ အတွတ်ကတော့ အင်မတန် ရှုမော၍ မကုန်နိုင်သော လှနတ်သွင်ကို ကြည့်သလို မွှေးကို ငေးကာကြည့်နေသည်။ သူ့ရင်ထဲတွင် တဖျတ်ဖျတ်လှုပ်ရှားကာ နှလုံးခုန်လာပြန်သည်။
“ဘယ်လိုပြောလိုက်တာလဲ မွှေးရယ်၊ ကိုကိုနိုင့်ကို မသနားတော့ဘူးလား"
အတွတ်သည် ထပ်မံ၍ ဖြည်းဖြည်း ပြန်ပြောသည်။
“ကိုကိုနိုင် မကြာခင် စိတ်ချမ်းသာလာမှာပါ အတွတ်။ မွှေးက ဒုက္ခကောင်ကြီးပါ၊ ကိုကိုနိုင့်ကို အမြဲဒုက္ခပေးခဲ့တာပဲ။ သူ ရင်နာရရင် ခဏပေါ့။ ဒီအကြောင်းကို မပြောပါနဲ့တော့ အတွတ်ရယ်၊ မွှေး တောင်းပန်ပါတယ်။ အစည်းအဝေးကသာ ဘာလုပ်ဖို့ ဆုံးဖြတ်လဲ”
မွှေးက ဇွတ်မေးနေတော့သဖြင့် အလုပ်အကြောင်းကို ပြောပြရသည်။
“မွှေးရယ်... အတွတ်ရယ်.. ပြီးတော့ အင်ဂျင်နီယာတစ်ယောက်ရယ်... ဒေါက်တာမောင်မောင်ကြီးနဲ့ လူနာဟောင်း ကုန်သည် ဦးအောင်ဇင် အဲဒီငါးယောက် မိတ္ထီလာသွားပြီး နေရာကြည့်ရမယ်။ မိတ္ထီလာနဲ့ မလှိုင်သွားလမ်းတစ်လျှောက်ကို ကြည့်ရမှာပဲ။ အဲဒီမှာ သစ်ပင်တွေ ပေါက်ပုံလဲ အာရောဂျံနဲ့ တူတယ်၊ လေကလဲ ခြောက်သွေ့တယ်၊ နေရာလဲ ကျယ်တယ်။ ရေကိုတော့ ထုံးဓာတ်ပါတယ် မပါတယ်ဆိုတာ ကိုယ်တို့ စမ်းရမယ်”
“ငွေရေးကြေးရေးကရော”
“လူနာဟောင်းတွေ အကြံပေးသလို ခု စုရတဲ့ ငွေနဲ့ ကိုယ်နိုင်သလောက် စ,မယ်လေ။ တဖြည်းဖြည်း ငွေရှာရသလောက် ပစ္စည်းကိရိယာ ဝယ်မယ်”
မွှေးသည် ခေါင်းတညိတ်ညိတ် နားထောင်နေ၏။
“မွှေးရဲ့ စိန်တွေကို နက်ဖြန်ပို့လိုက်မယ်။ စာရင်းထဲမှာတော့ ကွယ်လွန်သူ ဒေါ်မမညွန့် လှူဒါန်းပါတယ်လို့ ကိုကိုနိုင့်အမေနာမည် ထည့်ပေးပါ”
"သူတို့ သုံးယောက် နက်ဖြန် ခရီးစထွက်ပြီး မိတ္ထီလာကနေ စောင့်မယ်။ အတွတ်နဲ့မွှေးက သန်ဘက်ခါမှ လိုက်ဖို့အတွက် စီစဉ်ထားတယ်။ ဘာလို့လဲဆိုတော့ မေမေ့ကို စောင့်နေတယ်။ မေမေ ဝါးခယ်မ ပြန်နေလို့ အိန္ဒိယကပြန်မှ မတွေ့ရသေးဘူး”
“ကောင်းပါတယ်လေ”
မွှေးသည် ပြတင်းအပြင်ကို မျှော်ကြည့်နေ၏။ အတွတ်ကတော့ မွှေး၏မျက်နှာကိုသာ စေ့စေ့ကြည့်နေသည်။ သူ့အကြံအစည်ကို ထုတ်ဖော်ပြောသင့် မသင့် ဆုံးဖြတ်မရဟန်ရှိလေ၏။ သူ့ရင်ထဲတွင် သူ့ဘဝတစ်သက်တာတွင် မလှုပ်ရှားဖူးသော လှုပ်ရှားခြင်းမျိုးဖြင့် ရင်ခုန်နေတော့သည်။ တံတွေးများကို ခဏခဏမျိုရင်း စကားပြောရန် ကြိုးစားနေ၏။ နောက်ဆုံး သက်ပြင်းချလိုက်ကာ ... “မွှေး" ဟူ၍ ခေါ်လိုက်သည်။ သူ့ခေါ်သံသည် တုန်တုန်ယင် ဖြစ်နေ၍ မွှေးက အံ့ဩစွာ သူ့ကိုလှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အတော်ပင် အရောင်တောက်ပနေတော့သည်။ အမှန်တော့ အတွတ်သည် ဝမ်းထဲက သတ္တိလာရှိသလောက် သူ့မျက်လုံးကပါ တောက်ပလာခြင်းဖြစ်သည်။
“အိန္ဒိယမှာတုန်းက ဟိုရေကန်သွားတဲ့ ညနေကို သတိရသေးလား”
သူ့မေးခွန်းမှာ အရင်ကလည်း မေးဖူး၍ မွှေးက ပြုံးရယ်ပစ်လိုက်သည်။
“သတိရပါတယ် အတွတ်ရဲ့၊ ဘာလဲ ကိုကိုနိုင်ပေးတဲ့ စာအကြောင်း ပြောဦးမလို့လား"
“မဟုတ်ဘူး”
သူသည် သွက်သွက် ပြောလာ၏။
“အဲဒီညနေက အတွတ် လက်ထပ်ဖို့ မွှေးက တိုက်တွန်းတာလေ၊ သတိရသေးလား”
“ဪ ... ဒါလား သတိရပါတယ်။ ကဲ...ဟုတ်ပါရဲ့။ ပညာလဲစုံ ကြင်ယာလဲစုံ၊ အဲဒီမိန်းကလေးကို မွှေးပြောပေးမယ်။ ဒေါ်ဒေါ် လဲ နက်ဖြန်ရောက်မှာမဟုတ်လား”
မွှေးက ရွှန်းရွှန်းဝေဝေ ပြန်ပြော၏။
“ဟုတ်တယ်၊ အဲဒီ မိန်းကလေးက ဘယ်သူလဲ ဆိုတော့ ... မွှေးပဲ"
သူသည် တောက်လျှောက်ကြီး ပြောချလိုက်၏။ သူ့မျက်လုံးများကိုမူ မွှေးမျက်နှာမှ မခွာပေ။ သူသည် ဘာပဲဖြစ်ဖြစ် ဇွတ်နှစ်မည်ဟန်ပေါက်နေသည်။
“ဘုရားရေ ...ဘုရား...ဘုရား”
မွှေးက အလွန့်အလွန်ပင် အံ့ဩခြင်း၊ အံ့အားသင့်ခြင်းဟန်ဖြင့် ကြောင်၍ကြည့်ကာ ဆိုဖာနောက်မှီသို့ ယိုင်သွားတော့သည်။
“ဘာပြောတယ်" ဟု ခပ်ကြောင်ကြောင်ကြည့်ကာ မယုံသင်္ကာသလို မေးပြန်သည်။
“မွေးလို့ ပြောနေပါပကော”
မွှေးသည် မလှုပ်မရှား ကျောက်ရုပ်လို ငြိမ်သက်ကာ သူ့ကို ကြည့်နေ၏။
“မွှေးကတော့ ထင်မှာပဲ၊ ကိုကိုနိုင့်အိမ်ပေါ်ကမှ မဆင်းရသေးခင် ဒီစကားတွေ ပြောရက်တာ အံ့ပါရဲ့လို့ ထင်မှာပဲ။ ဒါပေမယ့် ပြောရတယ်မွှေး၊ ကိုယ် နောက်ကျတတ်လွန်းလို့ ဒီတစ်ခါ ဇွတ်မှိတ်ပြီး ပြောရတာ"
မွှေးသည် သူ့ကို ရဲတင်းစွာပင် စိုက်ကြည့်နေဆဲဖြစ်သည်။ ယခုမှ အသက်ရှူဖို့ သတိရသလို တစ်ချက်ရှိုက်၍ ရှူလိုက်၏။
“ဖြစ်မှ ဖြစ်ရလေ အတွတ်ရယ်၊ အတွတ် ဘာတွေပြောနေတာလဲ”
မွှေးက ခပ်တိုးတိုး ဆို၏။
“အတွတ်ပြောတာ ရှင်းရှင်းလေးပဲ မွှေး၊ မွှေးကို အတွတ် ချစ်တာ ခုမှမဟုတ်ဘူး၊ အဲ ဟိုကဗျာလေး ရွတ်ပြတဲ့ညနေကတည်းက ချစ်ခဲ့တာပဲ။ 'မချောစရာ ချောစရာလျှင်' ဆိုတဲ့ ရှင်တေဇောသာရ ကဗျာကို ရွတ်ပြတဲ့နေ့ကတည်းကပဲ။ ဒါပေမယ့် ကိုယ်က ဝမ်းထဲက အချစ်ကို ဖော်မပြတတ်ဘူး။ အမြဲပဲ နှောင့်နှေးခဲ့တယ်။ ဖရက်က လက်ဦးသွားပြန်တော့ အတွတ် ဘယ်လောက်ရင်နာခဲ့ရတယ်ဆိုတာ မွှေး မသိဘူးနော်”
အတွတ်သည် စကားပြောရာ၌ ရဲရဲဝံ့ဝံ့ဖြစ်လာ၏။ သူသည် ထိုမျှရဲဝံ့စွာ အချစ်ရေးကိစ္စတွင် ပြောတတ်လိမ့်မည်ဟု သူ မထင်ခဲ့။ ယခုတော့ ဘာကများ တိုက်တွန်း၍မသိ။ သူသည် နှစ်ရှည်လများ ခံစားခဲ့ရသမျှကို ရင်ထဲမှ အန်ထွက်လာကြ၏။
“ဒါပေမယ့် အတွတ်အချစ်ဟာ ငါရရင် ပြီးရောဆိုတဲ့ ကိုယ့်တစ်ဖက်တည်း ကြည့်တဲ့အချစ်မျိုး မဟုတ်ခဲ့ပါဘူး၊ တို့ချစ်တဲ့မွှေးကို စိတ်ချမ်းသာစေချင်တယ်။ ဒါကြောင့် ဖရက်ထံက စာတွေကိုတောင် မွှေးစိတ်ချမ်းသာပါစေတော့လို့ ကိုယ်တိုင်ယူပေးခဲ့တဲ့အခါ ရင်ထဲမှာ နင့်နင့်နေခဲ့ပါတယ်”
မွှေးသည် မျက်လွှာချလိုက်တော့သည်။ သူသည် စကားတစ်လုံးမှပြန်မပြောတော့။ ကျောက်ဆစ်ရုပ်တုလေးလို လှပစွာ ငြိမ်သက်နေ၏။
“ဖရက် မွှေးကို ခွဲသွားတော့ ရှင်းရှင်းဖွင့်ဝန်ခံရရင် အတွတ် ကြိတ်ဝမ်းသာမိဘယ်။ အင်္ဂလန်ကို မထွက်ခင် မွှေးကိုတောင်းယူမလို့။ မွှေးနဲ့ ကြီးကြီးတင်တို့က အတွတ်အပေါ် မောင်လို သားလို အခင်ကြီး ခင်နေကြတဲ့စိတ်ကို ရင်မဆိုင်ရဲတာနဲ့ အတွတ်အချစ်ကို မဖော်ပြနိုင်ခင် ကိုကိုနိုင်က လက်ဦးသွားပြန်ရော။ ကြီးကြီးတင်က ကိုကိုနိုင်နဲ့ သိပ်သဘောကျတယ်။ သူကပဲ အတွတ်ကတစ်ဆင့် မွှေးကိုနားချခိုင်းပြန်တော့ ကိုယ်က ကိုကိုနိုင်နဲ့ မပေးစားပါနဲ့ဗျာ၊ ကျွန်တော်နဲ့ ပေးစာပါလို့ မပြောရက်ဘူး၊ ဒါတွေဟာ ကိုယ်ညံ့တာတွေဆိုရင်လဲ ခံရမှာပဲ မွှေး”
သူသည် ခေတ္တလိုက်၏။ မွှေး၏မျက်နှာမှစ၍ ခြေဖျားအထိ သူသည် အပြန်ပြန် ကြည့်မိသည်။
“အဲဒီနေ့တုန်းက ကိုကိုနိုင့်ကို ယူဖို့ နားချရတုန်းကများ အတွတ်ရဲ့ နှလုံးသားတွေကို နုပ်နုပ်စင်း ခံရသလိုပါပဲ၊ ကိုကိုနိုင်ကလဲ အင်မတန် သဘောထားပြည့်သူမို့ ကိုယ်လဲနောက်ဆုတ်လိုက်ပါတယ်။ အင်္ဂလန်ကို ထွက်သွားရတုန်းကများ တစ်နေ့မှ မပျော်ရွှင်ဘူး၊ မွှေး နည်းနည်းမှ မရိပ်မိဘူးပေါ့”
မွှေးက စကားတစ်လုံးမှ ပြန်မပြော၊ မျက်လွှာပင် ပင့်၍ မကြည့်ပေ။
“မွှေး အတွတ်ကို စကားပြောပါဦး”
သူသည် ကိုယ်ကို ညွှတ်ကာ မွှေးမျက်နှာကို လိုက်ကြည့်ပြန်၏။
“အိန္ဒိယမှာ ကိုယ်တို့နှစ်ယောက် ပြန်တွေ့တော့ ဝမ်းသာလိုက်တာ မပြောနဲ့တော့၊ ဒါပေမယ့် အတွတ် သစ္စာရှိရှိနဲ့ မွှေးကို စောင့်ရှောက်ခဲ့ပါတယ်။ မင်းတို့နှစ်ယောက်ပေါ်မှာ ကိုယ်ထားခဲ့တဲ့ စေတနာကို မွှေးသိရဲ့လား၊ သိရင် မွှေးခေါင်းညိတ်ပါကွယ်”
မွှေးသည် ခေါင်းညိတ်လိုက်၏။
“ဘာကြောင့် ဒီစကားပြောရသလဲဆို ကိုယ် သူများမိန်းမကို ကြာခိုချင်တဲ့ကောင် မဟုတ်ဘူးဆိုတာ သိစေချင်လို့။ ခုတော့ မွှေးတို့နှစ်ယောက် ရေစက်ကုန်ကြပြီး အကြောင်းကံ ပြန်မဆုံတော့ဘူး။ ဆုံစရာရှိသေးတယ်ဆိုရင်လဲ ကိုယ့်စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ မဆုံကြတော့ဘူးဆိုရင်ဖြင့် အတွတ် စောင့်စားလာတဲ့ အနှစ်နှစ် အလလ ဆန္ဒကို ဖြည့်ပါမွှေးရယ်။ ကုန်ခဲ့တဲ့အချိန်တွေလို နောက်ကျမှာစိုးလို့ ချက်ချင်းစဉ်းစား ချက်ချင်းဆုံးဖြတ် ပြောတာပါ။ ဟင်... မွှေး ဘယ်လိုဆုံးဖြတ်လဲ မွှေးရယ်၊ အတွတ်ကို စကားပြောပါဦး”
မွှေးသည် ငြိမ်သက်မြဲငြိမ်သက်နေရာမှာ သူ့ခြေဖျာလေးများကို တစ်ဘက်နှင့်တစ်ဘက် ပွတ်နေ၏။ သူ့တစ်သက်တွင် မမျှော်လင့်သောစကားကို ကြားရရုံသာမက အတွတ်၏ကြေကွဲဖွယ် ဇာတ်လမ်းအတွက် သူမျက်နှာ ထားရခက်နေတော့သည်။ အတွတ်ကမူ သူ့ကို ကြည့်ကာ ပြောပြန်သည်။
“တစ်ခါမှ အချစ်နဲ့ပတ်သက်လို့ အတွတ် မပြောခဲ့ဖူးဘူး။ ခုတော့လည်း ခွင့်သာလို့ ပထမဆုံးပြောခြင်းပဲမွှေး၊ မွှေးကို အတွတ် ဆက်ပြီးစောင့်ရှောက်ပါရစေ"
မွှေးသည် သူ့ကို မော်ကြည့်လိုက်၏။ ယခုအခါ မွှေးမျက်လုံးတို့သည် တောက်တောက်ပပ မရှိလှ၊ မျက်ရည်များ ရစ်ဝိုင်း၍ ရီမှုန်မှုန် ဖြစ်နေတော့သည်။
“မွှေးမှာ အကုသိုလ်ကံ ကုန်ပါပြီ၊ အတွတ်နဲ့ လက်ထပ်ပြီး ပျော်ပျော်နေကြပါစို့ အချစ်ရယ်။ အတွတ်ကို ချစ်နိုင်မယ် မဟုတ်လား"
အတွတ်သည် တောင်းတောင်းပန်ပန် ပြော၏။
“အတွတ်ကို ခွင့်လွှတ်ပါ။ ဗြုန်းစားကြီး ဘာ့ကြောင့်ပြောတယ်ဆိုတဲ့သဘောကို မွှေး နားလည်ပြီလား၊ စိတ်မဆိုးနဲ့နော်”
“နားလည်ပါတယ်။ စိတ်မဆိုးပါဘူး”
“ဒါဖြင့် မွှေးရယ် မြန်မြန်ပဲ ဆုံးဖြတ်ပါ။ အဖြေပြောပါနော်။ ကိုယ် တစ်ခါထပ်ပြီး နောက်မကျပါရစေနဲ့”
“နောက်မကျစေရပါဘူး အတွတ်”
မွှေးက အားလျော့စွာ ပြောလိုက်၏။ အတွတ်၏မျက်နှာမှာ ရွှင်လာသည်။
“နောက်ကျတဲ့အဖြစ် ရောက်အောင်လဲ နောက်တစ်ယောက်ကို မချစ်တော့ပါဘူး။ အတွတ်ကိုလည်း မွှေး လက်မထပ်ပါရစေနဲ့ အတွတ်ရယ်"
မွှေးသည် ဝမ်းနည်းပမ်းနည်း တောင်းပန်နေ၏။ သူ၏ ပြည့်ဖြိုးသော လက်ချောင်းကလေးများဖြင့် လက်ကိုင်ပဝါဖြူကိုယူကာ သူ့မျက်လုံးကို တို့လိုက်သည်။ အတွတ်ရင်ထဲတွင်တော့ ဟာခနဲ ဖြစ်သွားပြန်သည်။ အတွတ်သည် မွှေး၏လက်ချောင်းလေးများကို ဆုပ်ယူကာ နမ်းလိုက်ချင်တော့သည်။
“မွေးကတည်းက ငွေဇွန်းကိုက်မွေးလာတဲ့ ကံလှတဲ့မိန်းမတွေ အများကြီးပဲ။ သူတို့ထဲက တစ်ယောက်ယောက်ကို ယူပါအတွတ်၊ မွှေးကို မမျှော်လင့်နဲ့တော့နော်၊ မွေး လင်နဲ့သားနဲ့ နေချင်ရင် ကိုကိုနိုင့်ကို ဘာလို့ခွဲသွားမလဲ။ မွှေးကပ်နေချင်ရင် နေနိုင်တာပဲဟာ။ မွှေးကို ခွင့်လွှတ်ပါ အတွတ်ရယ်၊ ကျန်မာရေးချို့တဲ့ပြီး သားတယောက်တောင် အဖြစ်ရှိအောင် မမွေးနိုင်တဲ့မိန်းမဟာ အိမ်ထောင်ရေးကိုလဲ ဘယ်မှာ သာယာစေတော့မလဲ။ လူမမာကို ပေါင်းရသလို နေရမှာပေါ့”
မွှေးက တစ်လုံးချင်း အားယူကာ ဖျောင်းဖျောင်းဖျဖျ ပြော၏။
“ကိုယ် ဆရာဝန်တစ်ယောက်ပါ မွှေး”
“မွှေးနားလည်တယ်၊ ငယ်ငယ်တုန်းကလိုပဲ မွှေးတို့ သန့်သန့်စင်စင်နဲ့ မောင်နှမလို ချစ်သွားကြရအောင် အတွတ်ရယ်”
“မွှေးဟာ သိပ်စိမ်းတာပဲနော်”
“မစိမ်းပါဘူး၊ မွှေးဟာ ချစ်တတ်လွန်းလို့ ရင်နာခဲ့ရတာ သေတော့မယ်။ အတွတ်လဲ သိပြီးသားပဲ၊ ထပ်ပြီး မချစ်ပါရစေနဲ့တော့။ အတွတ်ကို လက်မထပ်နိုင်ပေမယ့် အတွတ်နဲ့အတူ မွှေးအလုပ်လုပ်မှာပဲ။ အတွတ်ဘေးမှာ အတူယှဉ်ပြီး အဆုတ်နာရဲ့ ဒုက္ခခံစားနေတဲ့ လူသားတွေအတွက် ဆောင်ရွက်ပေးနေရင် အတွတ်ကျေနပ်ပါတော့။ ခန္ဓာကိုယ်ချင်း မပူးပေါင်းရပေမယ့် စိတ်ဓာတ်ချင်း ပူးပြီး ရည်ရွယ်ချက်တစ်ခုတည်းကို အတူဆောင်ရွက်သွားမှာ မဟုတ်လား”
အတွတ်သည် မျက်နှာကြီး နီမြန်းကာ ခေါင်းငုံ့နေမိပြန်သည်။ သူ့စကားများသည် နောက်ဆုံးပြောခြင်းပင် ဖြစ်ဟန်တူ၏။
"ကိုယ် တခြားမိန်းမကို ချစ်ချင်မှတော့ ဒါလောက်ကြာအောင် အချိန်မဖြုန်းဘူးမွှေး၊ ဒါလောက်ကြာအောင်လည်း မစောင့်ခဲ့ဘူး"
“မွှေးသိပါတယ် အတွတ်၊ ဒါပေမယ့် အချိန်တွေ လွန်ခဲ့ပြီလေ။ ဒါကိုလဲ သတိရဦးမှပေါ့”
“မလွန်ပါဘူး”
“အို ...ဒီလို ဇွတ်မပြောပါနဲ့ အတွတ်၊ သတိထားပါ။ တစ်နေ့နေ့ကျတော့ အတွတ်မှာ ချစ်ချင်သူ ပေါ်လာလိမ့်မပေါ့၊ ကိုကိုနိုင်တောင် ပေါ်သေးတာပဲ”
အတွတ်သည် ကလေးငယ်လို ခေါင်းကြီးရမ်းကာ လက်ကာ၏။
“မွှေး အယူအဆတွေ မှားနေပြီ။ ကိုကိုနိုင်လဲ မတွေ့ဘူး။ ကိုယ်လဲ တွေ့မှာမဟုတ်ဘူး၊ ဟိုဟာက ပြည့်တန်ဆာသာသာတွေပါကွာ။ မွှေးထပ်မပြောပါနဲ့။ ဒီစကားတော့ ထပ်မပြောပါနဲ့။ မင်းက ဖရက်လိုလူ တွေ့ခဲ့ဖူးတာနဲ့ ယောက်ျားတိုင်းကို ဖရက်နဲ့ နှိုင်းနေတယ်"
မွှေးက မဲ့ပြုံးလေး ပြုံးလိုက်သည်။
“ယောက်ျားတွေဟာ တယ်ပြီး စကားတတ်တယ်။ အတွတ် မပြောစေချင်ရင် မပြောဘူး၊ မွှေး အိမ်ပေါ်တက်တော့မယ်။ သန်ဘက်ခါမနက် ခရီးထွက်ဖို့ အဆင်သင့်လုပ်ပြီး စောင့်နေမယ်၊ ဟုတ်လား”
အတွတ်က မဖြေ၊ မွှေးကို စိုက်ကြည့်နေ၏။ မွှေးကို အိမ်ပေါ် မတက်စေချင်ဟန် ပေါ်နေ၏။
“တကယ်ပဲ မွှေး အတွတ်ကို မချစ်နိုင်ဘူးပေါ့၊ လက်မထပ်နိုင်ဘူးပေါ့”
မွှေးက ခေါင်းညိတ်ပြ၏။ အတွတ်သည် ကုလားထိုင်ကို နောက်ပစ်မှီလိုက်တော့သည်။
“သတိရသေးတယ်၊ ကိုယ် ကဗျာလေး ရွတ်ပြတဲ့ ညနေက မွှေးကလည်း ပြန်ဆိုပြသေးတယ်လေ။ 'စုလည်းမဆင် နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့' ဆိုတာ မှတ်မိသေးလား၊ ခုလဲ အတွတ်မှာ မွှေးကို လက်ထပ်ချင်ပေမယ့်၊ ချစ်ချင်ပေမယ့် ကုသိုလ်ကြမ္မာမပါတော့ဘူးလို့ မှတ်ရမှာပေါ့"
“ဟုတ်တယ်၊ ဘယ်လိုပဲ ချစ်ချစ် ကုသိုလ်ကြမ္မာဆိုတာ ရှိသေးတယ်”
မွှေးက မတ်တတ်ရပ်လိုက်ကာ ဆက်ပြော၏။
“အတွတ်ရဲ့ စကားလုံးတွေ သိပ်လှတာပဲ၊ အပျိုလေးတစ်ယောက်ရှေ့မှာ ပြောနိုင်ရင် သိပ်ကောင်းမှာပဲ။ မွှေးကို ခွင့်ပြုပါဦး။ မွှေး အိပ်တော့မယ်”
မွှေးသည် သူ့ရှေ့မှဖြတ်ကာ လှေကားဆီသို့ လျှောက်သွား၏။ မွှေးပြောသည်မှာ မှန်၏။ ထိုလှသော စကာလုံးများမှာ သူသည် မွှေးနှင့် ပထမဆုံးတွေ့ရပါလျက် ဘာကြောင့်များ မပြောခဲ့ပါလေသနည်း။ ခုမှတော့ အချိန်များသည် နှောင်းခဲ့ပါပကော ...။
အပြင်တွင် မိုးသက်လေသည် ပိုမို၍ပြင်းထန်စွာ တိုက်ခတ်လာသည်နှင့်အမျှ မိုးမှာ သည်းထန်စွာ ရွာလာဟန်ရှိ၏။
အပိုင်း(၂၄)(ဇာတ်သိမ်း) ဆက်ရန်
-----------------
0 Comments