မွှေး
အပိုင်း(၂၄)(ဇာတ်သိမ်း)
အတွတ်သည် ကျောက်ရုပ်လို ငြိမ်သက်စွာ ရပ်နေ၏။ ယခုလို အခြေမဟန်ရင်ဖြင့် စကားအဖတ်တင်ခံကာ သူ့အချစ်ကို ဖွင့်ပြောမည် မဟုတ်ပါပေ၊ တွက်ခြေလွဲခဲ့ ပြန်ပါပကော။ မွှေးကို နောက်ထပ် ဘယ်လိုလုပ်ကာ မျက်နှာချင်းဆိုင်ရမှာပါလိမ့်။
“မပြောဘဲနေမိရင် ကောင်းသား" ဟူသော နောင်တမှာ ပေါ်လာပြန်သည်။ သူ့ကိုယ်သူလည်း အပြစ်တင်မိ၏။ တကယ်ဆိုလျှင် အချိန်ယူသင့်သေးသည် မဟုတ်ပါလား။ ဘယ်လိုမိန်းမပင်ဖြစ်ဖြစ် တစ်ယောက်နှင့် မကွဲကွာရခင် တစ်ယောက်အချစ် လက်ခံဖို့ဆိုသည်မှာ မလွယ်ပေ။ အထူးသဖြင့် မွှေးလိုမိန်းမအတွက် သာလွန်၍မလွယ်ပါတကား။ ယခုတစ်ခါမှ သာ၍ ရှက်လည်းရှက်သည်၊ ငိုလည်း ငိုချင်သည်။ မြန်သင့်သည့်အချိန်တွေတုန်းက အမြဲနှောင့်နှေးခဲ့၏။ နှေးကွေးရမည့် အချိန်ကျမှ အလောတကြီးလုပ်မိသည်တကား။ အချိန်ကို မတွက်တတ်သော သူ့အဖြစ်ကို ဒေါသဖြစ်လာ၏။
မိန်းမယူသောအတတ်နှင့် ဆရာဝန်အတတ်တို့သည် မတူပါတကားဟု သူ့စိတ်ကိုဖြေကာ မတ်တတ်ရပ်လိုက်စဉ်တွင် လှေကားဘက်ဆီမှ ပြင်းထန်သောခြေသံနှင့်အတူ ကိုကိုနိုင်ရော မွှေးပါ ဧည့်ခန်းသို့ ဝင်လာသည်ကို အတွတ်တွေ့ရ၏။
ကိုကိုနိုင်သည် အထူးပင် ရွှင်လန်းအားရဟန်ရှိကာ ဘယ်လက်တစ်ဘက်နှင့် မွှေး၏ပခုံးကို ပိုင်ပိုင်နိုင်နိုင်ဖက်၍ လျှောက်လာသည်။ မွှေး၏မျက်နှာတွင်မူ ဘာမျှ ထူးထူးခြားခြားအသွင်ကို မတွေ့ရရုံမက ကိုကိုနိုင့်အမူအရာကို အတွတ်လိုပင် နားမလည်ဟန်ရှိ၏။ ကိုကိုနိုင်သည် ညာလက်ထဲမှ စာတစ်အုပ်ကိုလည်း ကိုင်လာခဲ့သည်။
သူသည် ရုတ်တရက် အားရစွာ ရယ်လိုက်၍ မွှေးရော အတွတ်ပါ လန့်သွားသည်။
“မွှေး ဒီမှာ ထိုင်ဦး၊ အတွတ်လဲ ထိုင်"
သူသည် မွှေးကို ယုယစွာ ထိုင်ခိုင်း၍ မွှေးအနားတွင် သူက ထိုင်လိုက်သည်။
“မွှေးကို ကိုကိုနိုင် တစ်သက်လုံး ကွာမပေးဘူးဆိုတာ ပြောမလို့”
အတွတ်က ပါးစပ်ဟသွားကာ မွှေးမျက်လုံးများကမူ အံ့သြဟန်ရှိသွားသည်။ ကိုကိုနိုင်သည် လက်ထဲမှ စာအုပ်ကို ဖွင့်ပြလိုက်လျှင် စာအုပ်ထဲတွင် ညနေက တွေ့ရသော ပန်းခြောက်လေး ထွက်လာ၏။
“ကျွန်တော်က စစ်ဗိုလ်ပေမယ့် သိပ်စိတ်ကူးယဉ် တွယ်တာတတ်တယ်။ ဒီပန်းခြောက်လေးဟာ ကျွန်တော် ဆယ်တန်းနှစ်ကတည်းက သိမ်းလာခဲ့တဲ့ ပိတောက်ပန်းခြောက်။ ပိတောက်ပန်းကို ကျုပ်က အမျိုးသားပန်းလို သဘောထားပြီး သိပ်မြတ်နိုးတဲ့အကောင်။ ပိတောက်ရနံ့ မွှေးလာရင် ကျုပ်ဟာ အားသစ်တွေ အမြဲ ကြွလာခဲ့တယ်။ ဒီပိတောက်ပန်းခက်ကို ခြောက်သွားချိန်မှာ စာအုပ်ကြားညှပ်ပြီး သိမ်းခဲ့တယ်။ လွှင့်မပစ်ရက်ပါဘူး။ အနံ့လည်းမရှိ၊ အဆင်းလည်းမဲ့တဲ့ ပန်းခြောက်ကိုတောင် မစွန့်ရက်တဲ့ ကျုပ်လိုကောင်ကာ မွှေးကို စွန့်ပစ်ရမယ်ဆိုရင် ရာဇဝင်ရိုင်းလှတယ် အတွတ်”
အတွတ်သည် ယခုအခါ ပါဝင်စွက်ဖက်၍ မပြောတော့ပေ။
“မွှေးကလည်း ကျုပ်အချစ်ကို စမ်းတာဖြစ်ချင်ဖြစ်မယ်။ ကိုကိုနိုင့်အနေနဲ့တော့ မွှေးကို ကွာမပေးဘူး၊ ဒီအိမ်ကြီးမှာ ကိုကိုနိုင့်မိန်းမအဖြစ် မွှေးရှိနေရင် ကိုကိုနိုင်ကျေနပ်ပြီ။ မွေးလုပ်ငန်းတွေမှာရော ကိုကိုနိုင် ဘာလို့မကူနိုင်ရမှာလဲ၊ အပြောင်းအလဲ မဖြစ်ကြဘဲနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းတွေ အောင်မြင်ရင် သာပြီးမကောင်းဘူးလား”
ကိုကိုနိုင့်စကားဆုံးလျှင် မွှေးသည် ကိုကိုနိုင် ဖက်ထားသော လက်ကို ဖယ်လိုက်၏။ သူ့မျက်နှာသည် တည်ငြိမ်ဆဲပင် ဖြစ်ကာ ကိုကိုနိုင့်အပါးမှ ခွာရင်း အသံမှန်ဖြင့် စကားပြောလိုက်သည်။
“အပြောင်းအလဲကို မွှေးက သာမဖြစ်စေချင်သေးတယ်။ အထူးသဖြင့် ကိုကိုနိုင်အပေါ်ထားရှိတဲ့ သဘောထားကို သာပြီး မပြောင်းချင်သေးတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲကို ဘယ်သူက ဖန်တီးခဲ့တာလဲ။ ရှိပါစေတော့၊ ဒါတွေ မွှေးပြန်ပြီး ဘယ်သူ့အမှားရယ်ဆိုတာ စိစစ်မပြပါရစေနဲ့တော့၊ အိမ်ထောင်ရဲ့သုခကို မပေးနိုင်တဲ့ မိန်းမတစ်ယောက်ဟာ ဘယ်လိုပဲ အခွင့်သာသာ ကိုယ်ကျိုးတစ်ခုတည်းကြည့်ပြီး တွယ်ကပ်ပေါင်းသင်းနေဖို့ မသင့်ဘူး၊ တစ်ဘက်လူကိုလည်း ကြည့်ရမယ်။ တစ်ခုကလည်း မွှေးဟာ ပိတောက်ပန်းမဟုတ်ဘူး ...လူ၊ ပိတောက်ပန်းသာ ဗီရိုထဲမှာ အမြတ်တနိုးထားလို့ရမယ်။ လူဆိုတာကတော့ ထားရာမှာ နေလိုမှ နေချင်နေမယ်။ သူကိုယ်ပိုင်တွေးခေါ်မှုလေးတွေရှိမှာပဲ။ အခု ဆုံးဖြတ်တာဟာ ကိုယ်ရေးအတွက် မဟုတ်ဘူး။ မွှေးရဲ့ ကျေးဇူးရှင်အတွက်ပဲ၊ မွှေးကို လွတ်လပ်ခွင့်ပေးကြပါတော့”
မွှေးသည် နောက်ဆုံးစကားလုံးများကို ဟစ်အော်ပြောဆိုလိုက်ကာ လှေကားရှိရာသို့ ပြေးသွားတော့သည်။
* * *
နောက်နေ့ နံနက်စောစောတွင် မိုးများ သည်းထန်စွာ ရွာကျနေကြလေသည်။ နံနက်ခင်း နေရောင်ခြည်ပင် ပြူထွက်မလာသေး၍ မှောင်ကျနေသလို ဖြစ်နေပေသည်။
အတွတ်၏ ကားလေးသည် ကိုကိုနိုင်တို့အိမ်၏ ဆင်ဝင်အောက်တွင် ရပ်လိုက်သည့်နှင့်တစ်ပြိုင်နက် သံဆွဲတံခါးသည် ပွင့်၍လာသည်။ တံခါးဝတွင် မွှေး၏နောက်မှ ကိုကိုနိုင် ထက်ချပါ၍လာခဲ့သည်။ အတွတ်ရှိရာသို့ ကိုကိုနိုင်သည် ငုံ့၍တစ်ချက်ကြည့်ကာ နောက်ပိုင်းတံခါးကို မွှေးအတွက် ဖွင့်ပေးလိုက်သည်။ မွှေးသည် ရှားစောင်အညိုတစ်ထည်ကို ခြုံကာ ငြိမ်သက်စွာ ကားပေါ်သို့ တက်လိုက်၏။ ကာတံခါးကို ကိုကိုနိုင်သည် ဖြည်းညင်းစွာ ပိတ်ပေးကာ တံခါးဝတွင် ငြိမ်သက်စွာ ကျောက်ရုပ်ပမာ ရပ်နေသည်။ ကိုဘဆောင်တို့က ပစ္စည်းများကို ကားထဲသို့ ထည့်လိုက်၏။
ကားသည် မိုးရေထဲသို့ လှိမ့်ကာ မောင်းထွက်သွားတော့သည်။ အတွတ်သည် တစ်ဘက်မှ ကားမောင်းရင်း တစ်ဘက်မှ ကိုကိုနိုင့်ကို လက်ဝှေ့ရမ်းကာ နှုတ်ဆက်လိုက်သည်။
ကိုကိုနိုင်က ငြိမ်သက်မြဲ ငြိမ်သက်နေသည်။ မွှေးသည် ကိုကိုနိုင်ရှိရာသို့ တစ်ချက်ငဲ့၍ကြည့်လိုက်၏။ သူ့မျက်လုံးရှိ မျက်ရည်များကြောင့်လား၊ ရေစိုစွတ်နေသော ကားမှန်ကြောင့်လားမသိ၊ ကိုကိုနိုင့်ကို သဲကွဲစွာ မမြင်ရပေ။
မိုးမှာကား ပိုမိုသည်းထန်စွာ ရွာကျလာကာ လှိမ့်၍ပြေးသွားသော ကားလေးပေါ်သို့ သွန်ကျလာကြသည်။
လက်မထပ်ရသည်ပင် ရှိဦးတော့၊ ယခုလို ချစ်သောသူနှင့် ရည်ရွှယ်ချက်တစ်ခုတည်းကို အတူသွားရသည်မှာ အတွတ်အတွက် စိတ်ဖြေစရာပင်တည်း။
မိုးဖြိုင်ဖြိုင် ရွာသွန်းခဲ့သော ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့် မွေးတို့ အတူတကွ မွေးဖွားလာခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင် စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။
--------------------
0 Comments