မွှေး - ခင်နှင်းယု အပိုင်း (၂၂)

#မွှေး

အပိုင်း(၂၂)

အတွတ် မွှေးတို့အိမ်သို့ မရောက်သည်မှာ လေးရက်တိတိ ရှိသွားပေပြီ။ မနေ့က ညနေလောက်တွင် မွှေးသည် အဖြေတစ်ခုခုကို ကိုကိုနိုင်သို့ ပေးပြီးဖြစ်ပေမည်။ ယခုထိတော့ ဘာသတင်းမှ မကြားရသေးပေ။ မေမေကလည်း ဝါးခယ်မကို ပြန်နေ၍ အိမ်တွင်မရှိပေ။ သူ့မှာ တစ်ယောက်တည်း အဆုတ်နာလူနာအား စောင့်ရှောက်ရေးအသင်းအတွက် အလုပ်ရှုပ်နေသည်။ ထိုအသင်းတွင် လူနာဟောင်း ဦးကျော်မြင့်ဆိုသူက အတွင်းရေးမှူးတာဝန်ကိုယူကာ ဆရာဝန်တစ်ယောက်က တွဲဖက်အတွင်းရေးမှူးဖြစ်သည်။ နေရာရှာဖွေရေးအဖွဲ့ ခွဲတွင်မူ မွှေးက အတွင်းရေးမှူးဖြစ်၍ သူက အဖွဲ့ငယ်၏ဥက္ကဋ္ဌဖြစ်၏။

ညနေပိုင်းတွင် မွှေးတို့အိမ်ဘက်ဆီသို့ ထွက်လာခဲ့၏။ ရာသီဥတုမှာ သာယာသည်မဆိုနိုင်သော်လည်း မိုးရွာ၍မနေပေ။ ကောင်းကင်သည် မှုန်မှိုင်းမှိုင်းဖြစ်ကာ လေက စိမ့်၍တိုက်နေသည်။ မိုးပြင်းထန်စွာ ရွာဦးမည့် အရိပ်အယောင်များ​ပေတည်း။ မိုးဦးကျတွင် တစ်ပြိုက်​လောက်သာ ခပ်စိပ်စိပ် ရွာခဲ့ဖူး၏။

အိမ်ထဲသို့ ကားအဝင်လိုက်တွင် တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ အိမ်တံခါးကို ကိုဘဆောင် လာဖွင့်ပေး၏။ 

“ဗိုလ်မှူးနိုင် အိမ်ပေါ်မှာ ရှိပါတယ်”

ကိုဘဆောင်က ပြောပြ၍ သူသည် လှေကားကို တန်း၍တက်သည်။ ဗိုလ်မှူးနိုင် အိပ်ခန်းဘက်သို့ သွားကာ ခန်းဆီးကို ဆွဲလိုက်၏။ နောက်မှီ ကြိမ်ကုလားထိုင်တစ်လုံးပေါ်တွင် စီးကရက်တထောင်းထောင်းထအောင် ဖွာနေသော ကိုကိုနိုင်ကို တွေ့ရသည်။

“ကိုကိုနိုင် မွှေးရော” 

ကိုကိုနိုင်က သူ့ထုံးစံအတိုင်း ခေါင်းညိတ်ကာ ခေါ်ပြန်သည်။

“ထိုင်လေ ” 

“ဆေးလိပ်တွေ သိပ်သောက်တာပဲဗျာ”

အတွတ်သည် မီးခိုးငွေ့များကို လက်နှင့်ယမ်းရင်း ထိုင်ကာ ပြောပြ၏။

“ကဲ .. မွှေးက ဘာတွေ ဘယ်လိုဆုံးဖြတ်သတဲ့လဲ”

အတွတ်သည် အရေးတကြီး မေးလိုက်လျှင် ကိုကိုနိုင်သည် တစ်စုံတစ်ရာ မဖြေဘဲ မျက်လုံးအကြောင်ကြီးနှင့် သူ့ကို စိုက်ကြည့်နေ၏။ 

“ဘယ်လို ဆုံးဖြတ်သတဲ့လဲ၊ ဟုတ်လား”

သူ့ကိုပင် ထပ်ခါ ကိုကိုနိုင်က မေးခွန်းထုတ်လိုက်သေး၏။

“ဟုတ်တယ်လေ၊ မနေ့ညက သူပြောတဲ့ သုံးရက်​စေ့တယ်လေ”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အချိန်စေ့လို့ အဖြေပေးပါတယ်"

ကိုကိုနိုင့်အသံသည် အာခေါင်ခြောက်ကြီးနှင့် မောမောပန်းပန်း ပြောနေရုံမက မျက်တွင်းများကလည်း ချောင်ကျကာ အိပ်ရေးဝပုံ မရပေ။ ထိုင်ရာမှ ဒယီးဒယိုင်နှင့် ထ,သွားကာ သူ့ခေါင်းအုံးအောက်မှ စာအိတ်တစ်အိတ်ကို ယူလာ၍ အတွတ်လက်ထဲ ထည့်လိုက်၏။ 

“ဒါ ... ခင်ဗျားရဲ့မွှေး အဆုံးအဖြတ်လေ” 

“သူရော...”

“သူ ခုပဲ ပြန်လာလိမ့်မယ်၊ အိန္ဒိယက ပြန်လာမှ သူ့ဖေဖေနဲ့ မတွေ့ရသေးလို့ သွားကန်တော့တယ်” 

ဝုန်းခနဲပင် အသံမြည်အောင် ကိုကိုနိုင်သည် ကြိမ်ကုလားထိုင်ပေါ် ပစ်လှဲလိုက်သည်။ အတွတ်သည် စာကို တုန်တုန်ယင်ယင်နှင့် ဆွဲယူကာ ဖတ်လိုက်၏။ 

ကိုကိုနိုင်/

ရိုသေစွာ စာရေးလိုက်ပါသည်။ အမှန်တော့ ခုစာထဲမှာ ရေးမယ့်ကိစ္စကို မွှေးနဲ့ကိုကိုနိုင် မျက်နှာချင်းဆိုင် ပြောသင့်ပေမယ့် မွှေးမှာ ဒီစကားလုံးတွေပြောဖို့ အားမရှိပါဘူး။ မွှေးရဲ့ နှုတ်ခမ်းက မထွက်ရက်ပါဘူး၊ ဒါကြောင့် စာပေါ်မှာ ရေးပြရတာပဲ။

ကိုကိုနိုင်ရဲ့ မေတ္တာတွေ ကျေးဇူးတရားတွေတော့ မွှေးအပေါ်မှာ အနန္တပါပဲ။ မွှေးအပေါ်မှာ မြတ်မြတ်နိုးနိုး ချစ်ခဲ့တာလဲ မွှေးသိပါတယ်။ 

ကိုကိုနိုင် မှတ်မိဦးမှာပေါ့၊ မွှေးကိုချစ်တယ်ဆိုပြီး ပထမဆုံး ပေးတဲ့ စာအရှည်ကြီးလေ။ အဲဒီအထဲမှာ မွှေးရဲ့ အရည်အချင်းတွေကို တော်တော် ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် ကိုကိုနိုင်နဲ့လက်ထပ်ပြီး မွှေးဟာ ကိုကိုနိုင်အတွက် ဘာများ ဆောင်ရွက်ပေးနိုင်ခဲ့သလဲ။

လက်ထပ်ကြတဲ့ ငါးနှစ်ဆိုတဲ့ သက်တမ်းမှာ လားရှိုးမှာနေတဲ့ တစ်လသာ လင်မယားနဲ့တူခဲ့ကြတယ်။ မွှေးရဲ့ မိသားစု ဒုက္ခသုက္ခတွေနဲ့ပဲ မွှေးဟာ အချိန်ကုန်ခဲ့တယ်။ အမှန်တော့ မိန်းမတစ်ယောက်အနေနဲ့ မွှေး ဝတ္တရားမကျေခဲ့ဘူး၊ မွှေးဟာ ကိုယ့်မိသားစုအပေါ်မှာပဲ သိတတ်မှုပိုခဲ့တယ်။ ကိုကိုနိုင်ပြောသလို မွှေးဟာ အင်မတန်တော်ပြီး အစွမ်းရှိတယ်ဆိုတာ မှန်သင့်သလောက် မှန်ပေမယ့် မိန်းမမှာ တကယ်တမ်းရှိသင့်တဲ့ အရည်အချင်း မွှေးမှာ ချွတ်ယွင်းခဲ့ တယ်။ အဲဒါဟာ ဘာလဲဆိုတော့ မွှေး သားမွေးပြီး မပေးနိုင်ခဲ့ဘူး၊ ခုလဲ ဆရာဝန်က သားမွေးဖို့အင်အား မွှေးမှာ မလုံလောက်သေးလို့ ကလေးမရှိအောင် နေရမယ်ဆိုတော့ မွှေးဟာ လူဖြစ်ရှုံးနေတဲ့မိန်းမပဲ။

အိန္ဒိယက ပြန်ရောက်တဲ့နေ့က မွှေးက “ကိုကိုနိုင့်မိန်းမ သားလေးမွေးဘယ်”လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ကိုကိုနိုင်ရဲ့ မျက်နှာ ဝင်းပြီး ကြည်သွားပုံကို မွှေး တစ်ခါမှ မတွေ့ဖူးသေးဘူး။  

အတွတ်သည် ​ခေတ္တရပ်နားကာ ကိုကိုနိုင့်မျက်နှာကို လှမ်း၍ကြည့်မိ၏။ ကိုကိုနိုင်ကတော့ သူ့ကိုမကြည့်။ မျက်နှာကျက်တွင် တစ်ခုခုပဲ မြင်တွေ့နေသလို စိုက်ကြည့်နေသည်။  သူသည် ကတုန်ကယင်ဖြစ်ရာမှ စာကိုဆက်ဖတ်ပြန်၏။ 

“သားဆိုတဲ့အသိက ကိုကိုနိုင်ရဲ့ နှလုံးကို ဘယ်လောက် ရွှင်ပြုံးစေသလဲ။ 

မွှေး အရှည်ကြီး မရေးပါရစေနဲ့တော့။ မွှေးဟာ ကံကိုက ခေတဲ့လူပါ။ ​မွှေးထိုက်နဲ့ မွှေးကံသာ ရှိပါစေတော့။ မေမေ ပေးခဲ့တဲ့အိမ်မှာ ကိုကိုနိုင့်သားရယ်၊ ကိုကိုနိုင့်မိန်းမရယ် အတူတူနေရစ်ပါ။ မွှေးတော့ လေးတို့နဲ့ အတူနေပြီး မွှေးလိုပဲ အဆုတ်နာရောဂါကြောင့် ဒုက္ခတွေအနန္တရောက်ကြရရှာတဲ့ လူသားတွေကို အကူအညီပေးဖို့ မွှေးခန္ဓာကိုယ်ကို လှူလိုက်ပါတော့မယ်။ 

မွှေးကိုပေးတဲ့ စိန်တွေကိုလဲ ကိုကိုနိုင့်မိန်းမကို ပေးပါ။ မပေးလို့ ​မွှေးကို အပိုင်ပေးပြီးသားဆိုရင်လဲ ဒီပစ္စည်းတွေကို အဆုတ်နာ လူနာများ စောင့်ရှောက်ရေးအသင်းကို လှူခွင့်ပြုပါ။

မွှေးကို ခွဲခွာရလို့ ခံစားရတဲ့ ဒေနာဟာလဲ သားသားလေးမျက်နှာကို မြင်ရတဲ့အခါတိုင်း တဖြည်းဖြည်း သက်သာမှာပါပဲ။ 

ခုလို ချစ်တဲ့သူတွေနဲ့ အဖန်ဖန် ကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခတွေအနန္တကို ဒီလောက်တွေ့ရက်နဲ့ မွှေး တရားမရဘူးဆိုရင် မွှေးလောက် မိုက်တွင်းနက်တဲ့သူဟာ မရှိတော့ဘူး။ သုခ၊ ဒုက္ခဆိုတဲ့ အကျိုးတရားတွေကို ဖန်တီးတာဟာ ဘဝ အစဉ်အဆက်က စိတ်အကြောင်းရင်းခံပဲ။ ဒီစိတ်နဲ့ လောဘ၊ ဒေါသ၊ မောဟ အကြောင်းအရင်းခံတွေကြောင့်၊ ဇောတွေကြောင့် ​မွှေးဟာ ဝဋ်ဒုက္ခအစဥ်တွေကို ခံရတာပဲ။ ဒီအကြောင်းရင်းဖြစ်တဲ့ “စိတ်”ကို ပြတ်ရာပြတ်ကြောင်း တရားရှာဖွေလို့ တွေ့ခဲ့ရင်တော့ ကိုကိုနိုင်ရဲ့ မွှေးတစ်ယောက် ဒုက္ခသံသရာက လွတ်ပြီလို့ အောက်မေ့ပေတော့။

​မွှေးကို ခွင့်လွှတ်ပါ။ နှစ်​ယောက် အတူတကွ ပေါင်းသင်းခဲ့ကြစဉ်အတွင်းမှာ ကိုကိုနိုင့်အပေါ်  ပြုခဲ့တဲ့ အဆိုးတွေရှိခဲ့ရင် မွှေးကို ခွင့်လွှတ်ပါ။ ကိုကိုနိုင်ရဲ့ သဘောထားပြည့်ဝမှု၊ အနစ်နာခံမှုတွေကိုတော့ မွှေးတစ်သက် မမေ့ပါ။ 

ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ရွှင်လန်းပါစေ။

/မွှေး 

စာဆုံးလျှင် အတွတ်သည် ငိုင်သွားတော့၏။ ကာယကံရှင်ကိုကိုနိုင် မပြောနှင့်တော့ သူကိုယ်တိုင်ပင် စိတ်မထိန်းနိုင်ပေ။

“မွှေးလေ ကိုကိုနိုင်နဲ့ ဘယ်တော့မှ မခွဲတော့ဘူး။ တောထဲမှာပဲနေနေ၊ တောင်ကြားထဲမှာပဲ နေနေ မွှေးလိုက်မှာပဲ"

အိန္ဒိယမှာနေတုန်းက မွှေးပြောသော စကားလုံးများကို ကြားယောင်လာသည်။ မွေးသည် ဘယ်လိုများ ဆုံးဖြတ်လိုက်ပါလိမ့်။ ကိုကိုနိုင်ဘက်သို့ လှည့်ကြည့်လိုက်လျှင် ကိုကိုနိုင်သည် လူသေကြီးလို မလှုပ်မရှား အတွတ်ကို စိုက်ကြည့်နေလေသည်။

“သူ ဒီကို ပြန်လာမှာလား” 

အတွတ်က စိုးရိမ်တကြီး မေးပြန်သည်။ 

“လာမှာပါ၊ လာဦးမယ်” 

“ ဒီတော့ ...”

အတွတ်သည် ဘာဆက်မေးရမှန်း မသိပေ။ 

"ဒီတော့ မနေနဲ့တော့လေ။ သူစိတ်ချမ်းမှု ရစေချင်ရင် သူပြောတဲ့တိုင်း လုပ်ပေးရမယ်လို့ မနေ့က ပြောတယ်။ သူပြောသလို ကျုပ်.. ကျုပ် လိုက်လျောပါတယ်။ ဒါပေမယ့် ဟိုမိန်းမကိုတော့ ကျုပ်တသက် မပေါင်းဘူး၊ ပေးစရာရှိတာပေးလိုက်ပြီး သားအတွက် တာဝန်ယူတယ်။ မနေ့ကပဲ ဟိုမိန်းမကိစ္စကို ဝတ်လုံနဲ့ ရှင်းလိုက်တယ်”

ကိုကိုနိုင်သည် တုံးတုံးတိတိအသံနှင့် ပြောလိုက်၏။

“စိန်တွေ မွှေးလက်ထဲ အပ်လိုက်ပါတယ်။ ကျုပ်မြတ်နိုးတဲ့သူကိုတောင် လက်လွှတ်ရသေးတာပဲ။ ဒီစိန် ကျုပ်မလိုချင်ပါဘူး”

အတွတ်သည် ဘာမျှမပြောနိုင်ဘဲ အကြောင်သား ငိုင်နေမိ၏။ 

“မွှေးဟာ တော်တော်စိမ်းနိုင်တဲ့ မိန်းကလေးပဲ၊ ကျွန်တော့်ကို စာပေးခဲ့ပြီး သူ့ဖေဖေဆီ ထွက်သွားလေရဲ့”

“ဟို မိန်းမကို ကွာပြီပဲ၊ သူလုပ်တာ အဓိပ္ပာယ်မရှိဘူး” 

အတွတ်က ညည်း၏။

“သူ့ကြောင့်တဲ့ဗျာ၊ သူနဲ့ဝေးနေရင် ပြန်ဆက်ကြမှာပါတဲ့။ ဒါကြောင့် သူ အဝေးကိုရှောင်သတဲ့”

ကိုကိုနိုင်သည် ဟိုညကတည်းက အိပ်ပုံမရ၊ ဆံပင်များမှာလည်း ဖွာလံကြဲကာ ဆေးလိပ်လက်ကြားညှပ်ကာ ဆောင့်ကြောင့်ထိုင်နေသည်မှာ အတော်ပင် ပုံဆိုးပန်းဆိုးဖြစ်နေပုံရသည်။ သူတို့နှစ်ယောက်သည် အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြ၏။ 

“ခင်ဗျားနဲ့သူ ခရီးထွက်ကြဦးမယ်ဆိုတယ်၊ ဘယ်တော့လဲ” 

ကိုကိုနိုင်က အတွတ်ကို လှမ်းမေး၏။

“သန်ဘက်ခါ” 

အတွတ် အဖြေ ဆုံးလျှင် ကိုကိုနိုင်သည် “သန်ဘက်ခါ”ဟု လိုက်ဆိုလိုက်၏။ ကိုကိုနိုင့်စိတ်ထဲတွင် ထိုစကားလုံးကို ရွတ်ရသည်ကိုပင် မနှစ်မြို့သလို ဖြစ်လာသည်။ 

သန်ဘက်ခါဆိုသောနေ့ကို ရောက်ရပေဦးတော့မည်။ သူတို့အိမ်ထောင်၏ အပေါင်းအသင်း အတွဲအဆက်တို့၏ ပုံတစ်မျိုး အ​ပြောင်းအလဲသည် သန်ဘက်ခါပေါ်တွင် သန္ဓေ​တည်ပေဦးတော့မည်။ သန်ဘက်ခါမှ စတင်၍ မွှေးသည် ဤအိမ်ကြီးကို ခွဲခွာမည်ဖြစ်၏။ ဤအပြောင်းအလဲကြီးတစ်ခုကို ကိုကိုနိုင်က လက်မခံသည့်အတိုင်း သူ့စိတ်ထဲတွင် နည်းလမ်းရှာကြည့်၏။ အမှန်တော့ ​မွှေး တင်ပြသော ရည်ရွယ်ချက်သည် မဆိုးပေ။ အပြောင်းအလဲမဖြစ်ဘဲ ထိုရည်ရွယ်ချက် အောင်မြင်အောင် မလုပ်နိုင်ပေဘူးလား။

ကိုကိုနိုင်သည် သူ့ကိုယ်သူ မေးခွန်းထုတ်၏။ မွှေးဘက်က ပြန်တွေးလိုက်လျှင်လည်း ဝမ်းနည်းစရာပင်တည်း။ ရှုပ်ထွေးနက်နဲသော ပေါင်းသင်းဆက်ဆံရေးအကြားမှာလည်းကောင်း၊ ဘဝ၏ အခက်အခဲကြားမှလည်းကောင်း ခန္ဓာကိုယ်ရော စိတ်ပါ ကြိတ်မှိတ် ထိုးဖောက် လူ့အကြားသို့ ဝင်လာပြီးခါမှ ကိုယ်နှင့်ဘဝတူ ကိုယ်စား ရည်စရာ သားသမီးလေးတစ်ယောက်မှ မထားနိုင်ခဲ့သည်ကို မွှေးအဖို့ ကျေနပ်နိုင်မည် မဟုတ်ပေ။

ကိုယ်စားရည်နိုင်သော အဆုတ်ရောဂါကု ဆေးခန်းကြီးတစ်ခုကို တည်ဆောက်ပြီး ထားခဲ့နိုင်သေးပါမူ သူ့ဘဝတွင် ကျေနပ်ဖွယ် အများကြီးပင်ဖြစ်၏။ အီဂျစ်အစခေတ်ပိုင်းမှ ပိရမစ်ကြီးလိုပင် ကျောက်သားဖြင့် ကမ္ဘာတည် အဆောက်အဦးကြီးများ မဖြစ်စေကာမူ လူဖြစ်ခဲ့ရသည့် အထိမ်းအမှတ်၊ လူသားတို့၏လုပ်အားနှင့် အသွေးအသား ဆုတ်ယုတ်ကုန်ခန်းသည်အထိ ကြိုးစားပေးခဲ့သော အထိမ်းအမှတ်အဖြစ်တော့ ကျန်ရစ်ခဲ့နိုင်သည်။ ဒီအထိမ်းအမှတ်တစ်ခု ကျန်ရစ်ရန်အတွက် သူ့ကို ခွဲခွာ၍ မွှေးသွားမည်ဆိုသည်မှာ လုံလောက်သောအကြောင်းမဟုတ်ပေ။ မိန်းမစိတ်ဆိုသည်ကလည်း သိနိုင်ခက်ခဲစွတကား။

မွှေးစိတ်ထဲတွင် နောက်မိန်းမသည် သားမွေးပေးနိုင်၍ ကိုကိုနိုင်က အချစ်ပိုချင်ပိုမည်ဟူသော အတွေးနှင့်သူ ရှောင်ထွက်ရန် စီစဉ်ခြင်းဖြစ်ချင်ဖြစ်မည်။ ဒုတိယအချက်အဖြစ် မွှေးက တင်ပြသည်မှာ သူသည် ရောဂါသည်ဖြစ်၍ ကွာသင့်သည်ဟု ဆိုသည်။ ကိုယ်လိုချင်တာတွေ လုပ်ချင်တာတွေ အောင့်အည်းမျိုသိပ်၍ သူများလုပ်လိုသမျှ လုပ်ပေးခဲ့သူတစ်ဦးအပေါ် ဒါလောက် စိမ်းကားရမည်မှာလည်း တရားသဖြင့် ဖြစ်ပါမည်လား။

ကိုကိုနိုင်သည်လည်း တစ်နေရာတည်း မထိုင်တော့ပေ။ ဟိုဟိုသည်သည် လျှောက်ရာမှ စာအုပ်ဗီရိုရှိရာ ထသွား၏။

အတွတ်သည်လည်း ပြတင်းတွင်ရပ်ကာ အပြင်သို့ငေးမိ၏။ ဟင်းလင်းပွင့်သော ကောင်းကင်ကို မြင်ရလျှင် ပြတ်သားသောအကြံဉာဏ်များ ရလိုရငြား မျှော်၍ကြည့်မိ၏။ ကောင်းကင်၏သွင်ပြင်ကလည်း အကြံအိုက်သူ၏မျက်နှာလို မိုးသားများနှင့် အံ့မှိုင်းကာ ကြည်ကြည်လင်လင် မရှိပေ။ အမှန်တော့ အသည်းနှလုံးက ပေါ်လာသော သူ၏စိတ်ကူးကို ကောင်းကင်ပြင်က ဘယ်လိုမျှ အဆုံးအဖြတ်ပေးနိုင်မည် မဟုတ်ပေ။ သူ့ဦးနှောက်ကသာ ဆုံးဖြတ်ရမည် ဖြစ်၏။ 

ဆံရစ်ဝိုင်းကလေးနှင့် နားကွင်းကျယ်ကျယ်ကို ပန်ကာ၊ အသားမည်း အကျည်းတန်လှသော မျက်နှာဝိုင်းနှင့် ကလေးမလေး မျက်နှာသွင်ပြင်က ညိုစိမ့်စိမ့်နှင့် စိုပြည်ပြည်ဖြစ်လာကာ မျက်လုံးလေး ဝင်းဝင်းလက်လက်နှင့် ချစ်ဖွယ်ကောင်းလာသော မိန်းကလေး။

လက်ထပ်ပြီးနောက်ပိုင်းကျတော့လည်း ဖြစ်ပေါင်းစုံသော ဘဝဒဏ်ခံနိုင်ရည်ရှိသော နှလုံးသား၏ အထိမ်းအမှတ်သဖွယ် တောက်ပသော မျက်လုံးအစုံသည် တည်ငြိမ်၍ တန်ခိုးရှိလာပြန်သည်။ ထိုမျက်လုံးလေးတွေနှင့် အစဥ်တွေ့ခဲ့ရတိုင်း သူ့နှလုံးသားတို့သည်လည်း အေးမြကြည်လင်ခဲ့ရ၏။ အိန္ဒိယမှာတုန်းကလည်း ထိုမျက်လုံးလေးနှစ်လုံးသာ သူ့ပတ်ဝန်းကျင်တွင် မရှိခဲ့ပါလျှင် သူ ထိုမျှကြာကြာ ပျော်ပျော်ရွှင်ရွှင်နေနိုင်မည် မဟုတ်ပေ။

သူသည် ပြတင်းမှ ခွာလိုက်၏။ သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူက ပြတင်းကို နောက်ခိုင်း၍ အခန်းတွင်းသို့ ကြည့်လိုက်လျှင် ကိုကိုနိုင်သည် စာအုပ်ဗီရိုနားတွင် ရပ်မြဲရပ်နေ၏။ စာတစ်အုပ်ကို သူ့လက်ထဲတွင် ဖွင့်၍ ညာလက်ဖြင့် ကိုင်ထားသည်။ ဘယ့်ဘက်ကမူ စာအုပ်ကြားထဲမှ ပန်းပွင့်ခြောက်နှင့်တူသော အခက်ခြောက်ကလေးတစ်ခုကို ကြည့်နေသည်။ အခက်လေးသည် ဝါညစ်ညစ်အရောင်ကလွဲ၍ ဘာအဆင်းမျှမရှိ။ သွေ့ခြောက်ခြောက်ဖြစ်နေသည်။ ကိုကိုနိုင်က ထိုအခက်ကလေးကို ညင်ညင်သာသာ ကိုင်၍ နေသားတကျ စာအုပ်ထဲသို့ ပြန်ထားလိုက်သည်။ 

မိုးသားများသည် အုံ့သည်ထက် အုံ့မှိုင်းကာ ပြိုတော့မလို ညိုမှောင်လာကြ၏။ ကမာရွတ်အိမ်တွင်မူ မွှေးသည် ဖေဖေ့ကို ကန်တော့၍ ပြီးပေပြီ။ သူ ယခင်က အိပ်သော အိပ်ခန်းလေးကို အထွေးအား ရှင်းခိုင်းလိုက်၏။ မိတ္ထီလာက ပြန်လာလျှင် သူလာ၍နေမည့် အစီအစဉ်ကို ပြောပြသော်လည်း သူတစ်ယောက်တည်းလား၊ ကိုကိုနိုင်နှင့် အတူလား ဆိုသည်ကိုမူ မွှေးက တိတိကျကျ မပြောပေ။

အိမ်လေးကို အထူးအဆန်းသဖွယ် လှည့်ပတ်ကြည့်၏။ ထိုအိမ်လေးတွင် နှစ်ယောက် လက်ထပ်ခဲ့ကြသည်။ မွှေးသည် သူ့ဘဝ၏ များပြားသောအကွေ့များ၊ မြန်ဆန်သော အပြောင်းအလဲများကို ပြန်၍တွေးမိ၏။ သူ့သဘောအလျောက် ဖြစ်ပျက်သောအကြောင်းတို့သာတည်းဟူ၍ စိတ်ကို လွှတ်လိုက်ပြန်တော့လည်း သက်သက်သာသာ ရှိ၍သွားပြန်သည်။ အိမ်၏ခေါင်းရင်းဘက် ဘုရားခန်းသို့ မဝင်ခင် ဧည့်ခန်းနံရံတွင်မူ ဘီးဆံထုံးမောက်မောက်ကြီးများနှင့် ဘီအေ၊ ဘီအက်စ်စီ ဒီဂရီဘွဲ့ရဝတ်စုံများကို ဝတ်၍ရိုက်ထားသော လေးနှင့်ထွေးတို့၏ပုံမှာ ဧည့်ခန်း၏ကျက်သရေလို ဖြစ်နေပေသည်။ သူတို့မျက်နှာများသည် လိုချင်သောဆန္ဒကို ဖြောင့်ဖြူးစွာရခြင်းဟူသော နှစ်သိမ့်မှုဖြင့် ရွှင်လန်းအားရ စိုပြည်လျက်ရှိပေသည်။ 

မွှေးသည် ညီမများပုံကို အတန်ကြာ စိုက်ကြည့်ပြီးမှ ဘုရားခန်းထဲသို့ ဝင်ခဲ့၏။ မေမေ၊ မမနှင့် ဘွားဘွားတို့၏ ကွယ်လွန်သူပုံများမှာ ဘုရားစင်အောက်နံရံတွင် ချိတ်ဆွဲထားလျက် ရှိသည်။

မွှေးသည် ကြမ်းပြင်ပေါ်ထိုင်ချကာ ဘုရားကို ဝတ်ပြုလိုက်၏၊ ဖယောင်းတိုင်ကို ယူကာ ​မေမေ့ရှေ့တွင်တစ်တိုင်၊ မမရှေ့တွင် တစ်တိုင် ထွန်းညှိလိုက်သည်။ 

“သမီးကို ခွင့်လွှတ်ပါမေမေ၊ သမီးတစ်သက်မှာ ဖရက်ကို ကြိုက်တာကလွဲလို့ မေမေစိတ်တိုင်းကျ လုပ်ခဲ့ပါတယ်။ ​မေ​မေ့သမီးငယ် နှစ်ယောက်လဲ အခု ဒီဂရီရပါပြီ။ သမီးတာဝန်ကျေအောင် ဆောင်ရွက်ပေးပါတယ်။ သမီးဟာ ကိုယ်လုပ်ချင်တာကို ဘာမှမလုပ်ရဘဲ သူများလုပ်ချင်တာကို လုပ်ပေးဖို့ မွေးဖွားလာတယ်ဆိုတာကိုလဲ နားလည်ပါတယ်။ နောင်ကိုလဲ မေမေ့ဆန္ဒအတိုင်း အများကောင်းကျိုးအတွက် သမီး စွမ်းအားရှိသမျှကို လှူမယ်ဆိုတာ မေ​မေ့ဓာတ်ပုံရှေ့မှာ သမီးကတိပြုပါတယ်” 

မွှေးသည် ပါးစပ်မှ တီးတိုးရေရွတ်ကာ မေမေ့ကို ဦးချ၏။ အစ်ကိုတွေ နိုင်ငံရေးလုပ်ချိန်မှာရော၊ ညီမများ ကျောင်းထားချိန်မှာရော ခါးချိုး၍ အလုပ်လုပ်ရသူ အလုပ်သမားကြီးအဖြစ် မမပုံကို သူ ​ငေးမောနေမိ၏။ တစ်မိသားစုမှာဖြစ်စေ၊ တစ်နိုင်ငံမှာဖြစ်စေ တစ်ချိန်တွင် လူတစ်စု ကောင်းစားရေးအတွက် လူတစ်စုမှာ ခါးချိုးကာ ကုန်းခံရပါတကားဟူသော သဘောကို မွှေးက ပြန်၍သုံးသပ်မိ၏။

“မမလိုပဲ မွှေးလဲ ကျရာနေရာက အလုပ်လုပ်ဖို့ အမြဲကြိုးစားပါ့မယ်”

မွှေးသည် အသံများ တုန်လာ၏။ သူ့မျက်လုံးတွင် မျက်ရည်များ ​ဝေ့လာသော်လည်း မမဓါတ်ပုံထဲက မျက်နှာက အေးမြကြည်လင်နေသည်။ သွားတက်လေးများက သူ့အပြုံးကို တောက်ပစေပေသည်။ သူသည် ဓာတ်ပုံများအနားကခွာလာခဲ့၍ အိမ်သားများကို နှုတ်ဆက်ကာ ကိုကိုနိုင့်အိမ်သို့ ပြန်လာခဲ့သည်။

အပိုင်း(၂၃)ဆက်ရန်
--------------------
#ခင်နှင်းယု

Post a Comment

0 Comments