မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၄)
၅။
မိန်းကလေးမိဘများကို ထိုက်သင့်သော လျော်ကြေးပေး၍ အမှုကိစ္စပြီးပြတ်သွားရသည်။ သက်ဆိုင်ရာ အထက်လူကြီးများကို ရှယ်လီကိုယ်တိုင် ဝင်ထွက်တောင်းပန်၍ ဌာနတွင်းစုံစမ်းမှုပြုလုပ်ကာ အပြစ်တစုံတရာ မပေးဘူးဆိုသော်လည်း မျက်စိမလှ မျက်နှာမလှနှင့် တောင်ပေါ်မြို့လေးမှ အောင်လံသို့ သူတို့ ပြောင်းလာရသည်။
မပြောင်းခင် ရှယ်လီ့မိတ်ဆွေကောင်းကြီး ဒေါ်ခင်သက်တင်က သူ့ကို လာရောက်နှုတ်ဆက်သည်။
"မမက အောင်လံသူ၊ အောင်လံမှာ မမအမအကြီးဆုံး ဒေါ်ခင်အေးမေဆိုတာ ရှိတယ်၊ သူက သမီးတယောက်တည်းရယ်။ သူ့သမီးက သူနာပြုဆရာမပဲ၊၊ သူ့နာမည်က သလ်မာ၊ လိုအပ်တဲ့အကူအညီ တောင်းပါကွယ် "
ရှယ်လီက မျက်နှာညှိုးနေသည်။
"ဘာမှ စိတ်မပျက်ပါနဲ့၊ ဒီမိန်းမမှုကလွဲလို့ သူ လူနာတွေအပေါ်မှာ အင်မတန်ဂရုစိုက်သဘောကောင်းတယ်ဆိုတာ ဒီမြို့လေးမှာ နာမည်ရနေတာပဲဟာ၊ အောင်လံရောက်သွားရင် သူလည်း စိတ်ပြောင်းသွားမှာပေါ့ "
ဒေါ်ခင်သက်တင်ပြောတာ ဟုတ်သည်။ လင်းသည် အပြင်ဆေးခန်းထိုင်လျှင် ဆင်းရဲသားလူနာက များ၍ လင်းကပင် ဆေးကုရသည်က များသည်။
နောက်တပတ်အတွင်း အောင်လံကို သူတို့ ပြောင်းရွှေ့လာခဲ့သည်။ သူတို့ အောင်လံကိုရောက်စက တိုင်းမင်ကြီး ဦးဘဇံ မရောက်လာသေး။ ယခုမှ ရောက်လာခြင်းဖြစ်သည်။
* * * * *
ရှယ်လီသည် အတွေးစပြတ်၍ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လခြမ်းကွေးလေးသည် အနောက်ဘက်မိုးကုပ်စက်ဝိုင်းမှာ အနားယူတော့မည်။ ခုနစ်စင်ကြယ်ပင် အမြီးထောင်ရုံမက တဘက်သို့ ယိုင်လာပြီ။ အားလုံးမြင်ကွင်းသည် မှုန်ပျပျနှင့်။ သစ်ရွက်တွေ ယိမ်းယိုင်နေသည်ကို ဝိုးတဝါး မြင်ရသည်။ ကြက်တွန်သံကို အဝေးဆီမှ ကြားရသည်။
ဒေါ်ခက်သက်တင်ပြောသလိုပဲ အောင်လံရောက်မှတော့ လင်းတယောက် ခြေငြိမ်နေသည်။ အတွေးစ ရပ်ကာ ကုလားထိုင်မှ ထလိုက်သည်။ အခန်းတွင်း ပြန်ဝင်လာကာ ခုတင်နား ကပ်လာသည်။ ဇာခြင်ထောင်ထဲမှာ အိပ်မောကျနေသော လင်တော်မောင်သည် ညနေကမှ လတ်လတ်ဆတ်ဆတ်ကြီး တွေ့ခဲ့ရသော တူးတူးကိုများ အိပ်မက် မက်နေမလား။
ခြင်ထောင်ကို မကာ လင်အပါးမှာ လှဲလိုက်သည်။ လင်မယားနှစ်ယောက်ကြားသည် တတောင်မျှပင်မဝေးပေမယ့် ကန္တာရကြီးခြားနေသလို နှစ်ယောက်ဆက်ဆံရေးက ခြောက်သွေ့လှသည်။
တူးတူးကို ငယ်ချစ်ဦးမို့ မမေ့နိုင်သည်ကို သူ ခွင့်လွှတ်နိုင်သည်။ ဒါပေမဲ့ ဟိုကျေးရွာက မိန်းကလေးနှင့် ဇာတ်လမ်းအသစ်ထွင်လာသည်ကတော့ လင်းဘက်က လွန်လာပြီ။ အထူးသဖြင့် အထက်လူကြီးတွေအသိုင်းအဝိုင်းမှာ လင်းသိက္ခာကျခဲ့ပြီ။ စာရိတ္တမှာ အမည်းစက်ကြီး ထင်ခဲ့ပြီ။ ကလေးနှစ်ယောက်ဆွဲကာ ဒက်ဒီတို့ဆီ ပြန်ရကောင်းမည်လား၊ သူ့မှာ ကလေးနှစ်ယောက်ကလွဲ၍ ဘာမှ စုမိဆောင်းမိမရှိ။ ဒက်ဒီတို့လင်မယားက ပင်စင်ယူပြီးဖြစ်၍ သားသမီးများလုပ်စာကို ထိုင်စားနေကြရသည်။ သူ အပျိုဘဝက ကိုယ်တိုင်မောင်းခဲ့သော ကားလေးပင် ရောင်းလိုက်ပြီတဲ့။ အရက်ဖိုးတောင် မလုံလောက်။ ညီမလေးများသည် သူ့လို တက္ကသိုလ်ကိုပင် မရောက်လိုက်ကြရ။ အထက်တန်းပညာနှင့်ရသော အလုပ်က ဝင်ငွေဘယ်လောက်ရှိမှာလဲ။
တခါက ဒက်ဒီက ရှင်းရှင်းပဲ စာရေး၍ သူ့ကို ပြောဖူးသည်။
"ရှယ်လီ ...မင်း သူဌေးသားရတယ်ဆိုလို့ မင်းမာမီရှိစဉ်က နောက်ဆုံးကျန်ခဲ့တဲ့ စိန်လက်စွပ်ရောင်းပြီး မင်းလက်ထပ်ပွဲကို ဒက်ဒီလုပ်ပေးလိုက်တယ်"
ဟုတ်သည်။ ဒက်ဒီသည် ရှိစုမဲ့စုလေး သူ့လက်ထပ်ပွဲမှာ အသုံးချလိုက်သည်။ ဒါတောင် လင်းမိဘတွေက မကျေနပ်။ ယောက္ခမတွေဆီက ဘာမှ မျှော်လင့်စရာမရှိသလို ဒက်ဒီ့ဆီပြန်၍လည်း ဒက်ဒီက မချောင်လည်။ သားတို့ သမီးတို့နောင်ရေးက ရှိသေးသည်။ သူသည် ခေါင်အုံးမှာ မျက်နှာကို နှစ်လိုက်သည်။ ဂျင်မီနှင့် အင်နီ၏မျက်နှာက ပေါ်လာသည်။ ကလေးနှစ်ယောက်အတွက် ဆက်လက်၍ ထိန်းချုပ်ရဦးမည်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကလေးတွေအဖေက ဖောက်ပြန်လာသည်ပဲ ထား၊ သူတို့ဖခင် သူတို့ရှေ့မှာ မားမားရှိနေသေးသည်ဆိုသည်က သားတို့အတွက် အင်အားမဟုတ်ပါလား။
သားနှင့်သမီးတို့ စိတ်ဓာတ်မကျဖို့က အရေးကြီးသည်။ တောင်ပေါ်မြို့ကလေးက ပြောင်းလာကတည်းက ကလေးတွေရှေ့မှာ လင်းနှင့် ရန်မဖြစ်မိအောင်နေသည်။ ဒါပေမဲ့ ခေါင်းအုံးပေါ်မှာတော့ သူ့မျက်ရည်တွေ စိုရွှဲနေသည်။
လင်းကို ရရှိရေးအတွက် သူ အားထုတ်ကြိုးပမ်းခဲ့သောအချိန်ကို ပြန်တွေးမိလျှင် အစက ရင်ဖိုသည်။ ယခုတော့ သူ ထိတ်လန့်လာသည်။ ဟိုတချိန်က တက္ကသိုလ်ပတ်ဝန်းကျင်မှာ သူ့လို ကွန်ဗင့်ကျောင်းထွက်ကျောင်းသူတွေနှင့် မြန်မာဆန်ဆန်ကျောင်းသူတွေအလယ်မှာ သူက ဧကရီ။ Queen ဆိုသည်က မိဖုရား၊ သူက မိဖုရားထက် သာသည်။ (Empress)ဧကရီဘုရင်မ။ ရှယ်လီ၏ နှင်းဆီငုံနှုတ်ခမ်းအစုံက ဆွဲဆောင်မှုအရှိဆုံး၊ တပ်မက်စရာအကောင်းဆုံးဟူ၍ ကျောင်းသားတွေ သတ်မှတ်ထားကြသည်။ နှုတ်ခမ်းအလှပိုင်ရှင် ဧကရီအဖြစ် လင်းကို လက်ထပ်ခြင်းဖြင့် အောင်နိုင်ခြင်းသရဖူကို ဆောင်းခဲ့စဉ်က သူ၏ဝမ်းမြောက်ပျော်ရွှင်မှု ပီတိတွေ လှိုင်းထခဲ့ရသည်။ ခုတော့ သူ့ခေါင်းပေါ်မှ သရဖူသည် ရွှေစင်နှင့် လုပ်ထားခြင်းမဟုတ်။ တစစီကျိုးပဲ့နေသော ရွှေရည်စိမ်သရဖူဖြစ်နေသည်ကို တွေ့ရတော့ ထိတ်လန့်မိသည်။ ကျောက်သံပတ္တမြားတွေကလည်း ကျွတ်ထွက်နေသည်။ ပြန့်ကျဲနေသော ရတနာတွေကို သူ ကောက်ကြည့်လိုက်တော့ ချက်ကျောက်များဖြစ်နေသည်။
သူ့ရင်မှဖြစ်လာသော ရင်သွေးငယ် ရတနာအစစ်နှစ်ယောက်ကို ပွေ့ပိုက်ကာ လင်းနောက်ကို ဆက်လက်လိုက်ဖို့ သတ္တိမွေးရဦးမည်။ ထိတ်လန့်စရာကောင်းသော သရဖူအကျိုးအပဲ့ကြီးကိုလည်း ဆက်လက်ဆောင်းထားရဦးမည်ပေါ့။ လွှတ်ပစ်၍လည်း မရနိုင်ပါ။
၆။
"ဒေါက်တာ ပြန်ရောက်ပါပြီလား "
အိမ်ရှေ့မှ အသံကြား၍ ရှယ်လီ ထွက်လာသည်။
"ဘာကိစ္စရှိလို့ပါလဲ၊ ဆေးခန်းမှာ ရှိပါတယ်"
ရှယ်လီက ဧည့်သည်အမျိုးသားကို နေရာပေးပေမယ့် ဧည့်သည်က မထိုင်။
"ခု ကိုးနာရီထိုးနေပြီ။ ဆေးခန်းက ရှစ်နာရီပိတ်သွားတော့ ကလပ်မှာလည်း မရှိလို့ အိမ်လိုက်လာတာပါ၊ လူနာ နည်းနည်းအရေးကြီးနေလို့၊ ကျွန်တော် သွားတော့မယ်"
ဧည့်သည်ထွက်သွားရာကို ငူငူကြီး ကြည့်နေမိသည်။ ဆေးခန်းက ည ၆နာရီ မှ ၈နာရီထိ ဖွင့်သည်။ ယခုထိ ဆေးခန်းမှ လင်း ပြန်မရောက်လာသေး။ ကလပ်မှာလည်း မရှိ ဆိုတော့ လင်းတယောက် ဇာတ်လမ်းအသစ်များ ထွင်လေပြီလား။
ကိုးနာရီ၊ ဟုတ်ပါ့။ ကလေးများပင် အိပ်ရာဝင်ကြပြီ၊ သူသည် ဧည့်ခန်းမှာထိုင်ရင်း စောင့်နေသည်။ ဆယ်နာရီထိုးမှ ကားဆိုက်သံကြားသည်။ တပည့်ကျော်က ဆေးအိတ်ဆွဲကာ လင်း အိမ်ထဲ ဝင်လာသည်။
"လင်းကိုတွေ့ချင်လို့ လူနာရှင်တယောက် လာခေါ်တယ် "
ရှယ်လီက ဒါပဲပြောလိုက်၏။ ဆေးခန်းက ၈နာရီပိတ်တာ၊ ၁၀နာရီထိ ဘယ်သွားနေလဲဆိုသော မေးခွန်းကိုပင် သူ မမေးရဲ။ ကလပ်မှာ မတွေ့ခဲ့သည်ကိုလည်း သူ မပြောတော့။
"လူနာတယောက် အရေးကြီးလို့ သွားကြည့်ရတယ်၊ အပြန်ကျတော့ သလ်မာကို လိုက်ပို့ရသေးတယ်"
လင်းက ဒါပဲပြောကာ အိပ်ခန်းထဲ ဝင်သွားသည်။ အမြည်းတွေ အရက်တွေ ဘာမှ မတောင်းတော့။ အိပ်ရာထဲတန်းဝင်သွားသော လင်တော်မောင်ကို သူ အံ့ဩနေသည်။ အိပ်ရာဝင်တော့ လင်းရဲ့ပါးစပ်က အရက်နံ့ရနေသည်။ ကလပ်မှာလည်း မသောက်၊ အိမ်မှာလည်း မသောက်။ ထူထူးဆန်းဆန်း တနေရာရာမှာတော့ သူ အရက်သောက်လာခဲ့ပြီ။ သူငယ်ချင်းတယောက်က တိုက်တာပဲဖြစ်ပါစေတော့။ ကလပ်ကို သွားနေသည်ဆိုလျှင် တော်သေးသည်။
တောင်ပေါ်မြို့တုန်းကလည်း ကလပ်ကို မသွားတော့ဘဲ အပြင်မှာ ဇာတ်ထုပ်အသစ်ခင်းလေတော့ ယခု ကလပ်မသွားတော့သည်ကို သူ စိုးရိမ်လာရတော့သည်။ ဘယ်မှာ ဘယ်သူနှင့်သောက်သလဲ။ အောင်လံရောက်တော့ လင်း ဂျစ်ကားတစီးဝယ်သည်။
ကိုယ်ပိုင်ကားနှင့်ဆိုတော့ လင်း ပို၍ အပြင်မှာ ခြေသွက်သည်။ တောင်ပေါ်မြို့လေးမှာတော့ မြင်းနှင့်။ ယခု အောင်လံမှာတော့ ကားနှင့်။ လင်း ခြေနင်းစကြ်ာ ရနေပြီ။
နောက်နေ့ လင်း ဆေးရုံသွားနေစဉ် နံနက်စာအတွက် တပည့် ဒရိုင်ဘာဟံအေး ထမင်းလာယူသည်။ ထမင်းချိုင့်များကို ပြင်ဆင်ပေးရင်း ရှယ်လီ စကားစသည်။
"ဟံအေး ...မင်းဆရာကို မင်း ချစ်သလား"
ဟံအေးသည် ရုတ်တရက် မေးခွန်းအဓိပ္ပါယ်ကို နားမလည်၊ ကြောင်တက်တက်ဖြစ်နေသည်။
"မမ မေးနေတယ်လေ"
"ဟုတ်ကဲ့၊ ချစ်ပါတယ်"
ရှယ်လီ့မေးခွန်းကို ကတုန်ကရင်နှင့် ဖြေလိုက်၏။
"မင်းဆရာ ခေါင်းကွဲခဲ့ရတုန်းကအဖြစ်ကို မင်း ကောင်းကောင်းသိတယ်မဟုတ်လား၊ အလုပ်ပြုတ်မလိုဖြစ်ခဲ့ပေမယ့် ဆရာကောင်းသမားကောင်းတွေ မ စ၊ မမ အပေါင်းအသင်းကောင်းလို့၊ ဆေးရုံအုပ်ကြီးတွေက ဝိုင်းကူလို့၊ မင့်ဆရာ အလုပ်မပြုတ်တာ။ မင်းဆရာကို မင်းချစ်ရင် မင်း ထိန်းရမယ်"
ဟံအေးသည် အဓိပ္ပါယ်ကို နားမလည်သေးပုံရသည်။
"အခုကော ဘာဇာတ်ထုပ်သစ် ခင်းလာပြန်ပြီလဲ၊ ဆေးခန်းက ၈နာရီပိတ်တယ်၊ ၁၀နာရီမှ အိမ်ပြန်ရောက်တယ်။ ကလပ်လည်းမသွား အိမ်မှာလည်းမသောက်၊ ပါးစပ်ကတော့ အရက်နံ့ရနေတယ်၊ မမဘဝမှာ အရက်သောက်တာ မထူးတော့ဘူး။ ဘယ်လောက်သောက်မလဲ။ စည်ပိုင်းနဲ့ ထည့်တိုက်ရမလား၊ စည်ပိုင်းထဲဝင် အရက်နဲ့ ရေစိမ်ဦးမလား။ မမလုပ်ပေးမယ်။ အခု ဘယ်မှာ ဘယ်သူနဲ့သောက်သလဲ၊ သောက်ရုံက အရေးမကြီးဘူး၊ ဟိုတခါလို ပြဿနာပေါ်လာလို့ အလုပ်ထိခိုက်ရင် မင်းဆရာ မသက်သာဘူး"
ဟံအေးသည် သက်ပြင်းချလိုက်၏။
"မမ မင်းဆရာကို မဆူပါဘူး၊ မင်းနဲ့မမနဲ့ ဝိုင်းပြီး ကူထိန်းရမှာ၊ မင်းဆရာကို တခုခုဖြစ်မှာ မသနားဘူးလား "
ဟံအေးသည် ငိုင်နေရာမှ ကြိုးစား၍ စကားပြောလာ၏။
"ဆေးခန်းပိတ်ရင် ကျွန်တော့်ကို ဆေးခန်းမှာထားခဲ့ပြီး ဆရာမသလ်မာကို သွားပို့တယ်၊ ပြီးမှ ပြန်လာပြီး ကျွန်တော့်ကိုခေါ်တာပဲ သိတယ်"
"ဆရာမသွားပို့တာ ၁နာရီတောင် ကြာတယ်ဆိုတာ ဖြစ်နိုင်မလား"
ဟံအေးသည် ခေါင်းကုတ်နေ၏။
"ကျွန်တော် ဒါပဲသိတာပါ။ မမ စုံစမ်းနိုင်ပါတယ်"
"ကဲ ...ဒါဖြင့် သွားတော့၊ မမ မင်းကိုမေးတာတွေ မင်းဆရာကို ပြောမပြနဲ့နော်၊ မင်းဆရာ ဒုက္ခရောက်မှာစိုးလို့ မမ စုံစမ်းရတာ"
ဟံအေးထွက်သွားတော့ သက်ပြင်းကြီး ချမိသည်။ လင်း မီးစာမွှေးလာပြီဖြစ်လေတော့ ရင်ထဲမှာ ပူလာရပြန်၏။ နောက်နေ့ညဦးမှာ သူ့မိတ်ဆွေတယောက်ဆီက ကားငှားလိုက်၏။ လင်း ဆေးခန်းထွက်သွားတော့မှ လင်း ဆေးခန်းနားက သူ့မိတ်ဆွေအိမ်ကို ရှယ်လီကိုယ်တိုင် ကားမောင်းထွက်သွားသည်။ ည ၇နာရီလောက်ဖြစ်၍ ရှယ်လီ့ကို ဘယ်သူမှ မမြင်နိုင်။
ရှယ်လီသည် မိတ်ဆွေအိမ်မှာ ခေတ္တနား၍ ဆေးခန်းကို စောင့်ကြည့်ပြီး နေသည်။ ညဉ့်၈နာရီ ဆေးခန်းပိတ်တော့ ဆေးခန်းထဲမှ လင်းရွှေအောင်နှင့် ဆရာမသလ်မာ ထွက်လာသည်။ လက်ထဲမှာ ပစ္စည်းထည့်ထားသောခြင်းတောင်းကို ဆရာမက ကိုင်ထားသည်။ ကားပေါ် နှစ်ယောက်သားတက်ကာ မောင်းသွားတော့မှ ရှယ်လီ နောက်က ဖြည်းညင်းစွာ လိုက်သွားသည်။ လင်းတို့ကားသည် သလ်မာတို့အိမ်ဘက်ကို မမောင်း၊ မြို့ပြင်ကို မောင်းသွားသည်။ သစ်ခွနှင့်မာလကာပင်တွေ အများအပြားစိုက်သော ဦးကျော်အေးခြံအဝမှာ ကားကို ခေတ္တရပ်လိုက်သည်။ တစုံတယောက်က ခြံတခါးကို လာဖွင့်ပေးတော့ လင်းရွှေအောင်က ခြံထဲ ဝင်သွားသည်။
ရှယ်လီသည် နောက်လှမ်းလှမ်းမှာ ကားကိုရပ်ကာ စောင့်ကြည့်ရင်း ခြံတခါးပြန်အပိတ်မှာ သူ လှည့်ပြန်လာသည်။ ကားကို သတိနှင့်မောင်းရင်း ဦးကျော်အေးအိမ်ရှိရာ မြို့လယ်ကို သူ မောင်းလာသည်။ ဦးကျော်အေးတို့မိသားစုမှာ လင်းတာဝန်ယူကုနေရသော မိသားစုဖြစ်၍ အလွန်ပင် သူတို့နှင့် ရင်းနှီးသည်။ ရှယ်လီကို ဦးကျော်အေးတို့လင်မယားနှစ်ယောက်လုံး ဆီးကြိုကြ၏။
"ညကြီးမင်းကြီး ရှယ်လီ ဘာဖြစ်လာတာလဲ"
ဦးကျော်အေးဇနီး သန်းသန်းက ဆီးကြိုမေးသည်။
ရှယ်လီသည် ဣနြေ္ဒဆောင်သော်လည်း စိတ်ကို ထိန်းရင်းမှ မျက်ရည်ကျလာသည်။
"ဒီမြို့မှာ ရှယ်လီက သူစိမ်းပါ၊ မမသန်းတို့မြို့ခံတွေကို ရှယ်လီက အားကိုးနေရတာပါ၊ ရှယ်လီကို ရှင်းရှင်းလင်းလင်း ဖွင့်ပြောကြပါ"
ရှယ်လီက မျက်ရည်တွေတွေကျရင်း သူမြင်ခဲ့သမျှ ပြောပြသည်။ ဦးကျော်အေးက ငြိမ်သက်စွာ နားထောင်နေရင်းမှ ခေါင်းကို ဖြည်းညင်းစွာ ယမ်းခါလိုက်သည်။
"ရှယ်လီတို့ကျေးဇူးတွေ ကျွန်တော်တို့အပေါ် အများကြီးရှိပါတယ်၊ သန်းသန်းအသက်ကို ကယ်ခဲ့တာ ဒေါက်တာလင်းရွှေအောင်ပါ၊ သူဟာ ကျွန်တော်တို့အိမ်ထောင်ရဲ့မိသားစုဆရာဝန်ပါ။ ခုလည်း သူ ညဦးပိုင်း အေးအေးဆေးဆေး နားချင်တယ်၊ ခြံထဲ လာချင်တယ်ဆိုလို့ ကျွန်တော်က ခြံစောင့်ကို မှာထားပြီး ခြံထဲမှာ နားခွင့်ပြုထားတာ၊ ဆရာမနဲ့ကိစ္စတော့ ကျွန်တော် လုံးဝမသိပါဘူး၊ ကျွန်တော်တို့အပေါ်မှာ အထင်မလွဲပါနဲ့ "
ဦးကျော်အေးက စိတ်ထိခိုက်စွာ ရှင်းပြနေ၏။
"ဒီလိုလုပ်လေ ရှယ်လီ၊ မနက်ကျ မမသန်း ခြံစောင့်ကို ခေါ်မေးပေးမယ်၊ ဟုတ်လား။ ညဉ့်နက်ပြီ၊ ရှယ်လီပြန်တော့၊ တယောက်တည်း ကားမောင်းလာတာလား"
"တယောက်တည်းပေါ့မမရယ်၊ ရှယ်လီသေလဲ အေးတာပါပဲ၊ မမတို့မောင်ကို မမတို့ ကူထိန်းပေးပါ"
ရှယ်လီက ဦးကျော်အေးတို့ကို နှုတ်ဆက်ကာ ပြန်လာသည်။ လင်းအရင် သူက စော၍ အိမ်ကို ပြန်ရောက်သည်။ ထိုညက လင်းကို ဘာစကားမှ မပြောတော့။ ပြောတော့ကော အကြောင်းက ထူးမည်မဟုတ်။ ရန်ဖြစ်ရုံပဲ။ သူ ရန်မဖြစ်ချင်တော့၊ အထူးသဖြင့် ကလေးတွေကြီးလာလေလေ သူ ရန်ဖြစ်ဖို့ရှောင်လေလေဖြစ်သည်။
နောက်နေ့ လင်း ဆေးရုံသွားတော့ မမသန်း ပေါက်လာသည်။
"ကဲ...ရှယ်လီ၊ ခြံစောင့်ကပြောတယ်၊ ခြံထဲက အိမ်လေးမှာ သူတံခါးဖွင့်ပေးရုံပဲတဲ့၊ အကြော်တွေ အမြည်းတွေ ဆရာမက လုပ်ပေးပြီး အဲဒီအိမ်မှာ သူတို့နှစ်ယောက် အရက်သောက်ကြတာပါတဲ့။ သူက သူ့တန်းလျားပြန်နေတာ၊ ၁၀နာရီပြန်ကာနီးမှ သူ့ကိုလာခေါ်လို့ ခြံတံခါးလိုက်ပိတ်ရတာပါတဲ့။
မမသန်းက ခရီးရောက်မဆိုက် ထမင်းစားပွဲမှာတင် ထိုင်ကာ ပြောပြနေသည်။
"ရှယ်လီ ဘာလုပ်ချင်သလဲ ပြော၊ ရှယ်လီကျေနပ်သလို မမသန်း သီစဉ်ပေးဖို့ အဆင်သင့်ပဲ၊ အဲဒီခြံထဲကအိမ်ကို မပေးရဘူးဆိုလည်း သော့ပြန်သိမ်းပေးမယ်"
ရှယ်လီသည် တွေနေသည်။ မမသန်းတို့ကိုလည်း သံသယရှိစရာမလိုတော့ပါ။ သူ စဉ်းစားရသမျှ ပြောပြသည်။
"မမသန်းရယ် ခြံထဲက အိမ်သော့ကို ပြန်သိမ်းလိုက်ရင် မမသန်းတို့နဲ့လင်း မျက်နှာပျက်စရာဖြစ်လာမယ် "
ရှယ်လီသည် သက်ပြင်းလေး ချကာ ခေတ္တရပ်နေ၏။
"လင်းရဲ့အကြောင်းကို ရှယ်လီနဲ့မမသန်းတို့ အခုမှ သိရတာ၊ ဒီအကြောင်းဟာ မြို့ထဲမှာ သတင်းပျံ့နေရောပေါ့နော် မမသန်း"
မမသန်းက ခေါင်းညိတ်၍ပြ၏။
"ရှယ်လီ တနည်းတဖုံ ကြံပါဦးမယ်၊ ခုတော့ ပိုနေမြဲ ကျားနေမြဲ ထားလိုက်ပါလေ၊ သိပ်ဆိုးဆိုးဝါးဝါးမဖြစ်ခင် ရှယ်လီတို့ အခြေအနေကို ထိန်းသိမ်းနိုင်မှာပါ။ ရှယ်လီ့မှာ အရေးအကြောင်းရှိလို့ ကားတောင်းရင်သာ မမသန်း ပို့ပေးပါနော်"
"စိတ်ချပါညီမရယ်၊ မမသန်းတို့လည်း စိတ်မကောင်းပါဘူး။ ဒီပြဿနာမှာ မမသန်းတို့ အလိုတူအလိုပါမဟုတ်ဘူးဆိုတာပဲ ရှယ်လီသိစေချင်တယ်"
"မမသန်းတို့ကို ယုံပါတယ်"
"တို့မိန်းမတွေမှာ ရှယ်လီ၊ မရခင်က တို့အလှဟာ ယောက်ျားတွေကို ဆွဲငင်နိုင်ဖို့ စွမ်းအားရှိပေမယ့် သူတို့ကိုရပြီးရင် တို့က ယုယပြုစုနိုင်မှ သည်းခံနိုင်မှ သူတို့ကို ထိန်းထားနိုင်မှာ၊ သည်းခံပါရှယ်လီ၊ မမသန်း ပြန်မယ်"
စေတနာကောင်းနှင့် ကရုဏာအပြည့်ပါသော မမသန်းစကားကို နားထောင်ရင်း ရှယ်လီ မျက်ရည်တွေ ဝဲလာသည်။ မမသန်းကို ကားပေါ်အထိ လိုက်ပို့လိုက်သည်။
အိမ်ထဲပြန်ဝင်လာကာ ဆရာမသလ်မာအကြောင်းကို တွေးလာသည်။
ဒေါ်ခင်သက်တင်၏တူမ၊ အောင်လံမှာ သူတို့ စရောက်ရောက်ချင်းတွေ့ရသော ပထမဆုံး မိတ်ဆွေ၊ ဒေါ်ခင်သက်တင်မိတ်ဆက်စာနှင့် သူတို့ကို အစစ ကူညီခဲ့သည်။ လင်းရွှေအောင်၏ဆေးခန်းမှာပါ သူနာပြုဆရာမအဖြစ် ဝင်လုပ်ပေးသည်။ ဒေါ်ခင်သက်တင်ထံကိုပဲ စာရေးတိုင်ကြားရကောင်းမည်လား၊ ဒေါ်ခင်သက်တင်တို့ရော တောင်ပေါ်မြို့လေးမှာ ရှိပါဦးမလား၊ ဒါမှမဟုတ် ဒေါ်ခင်အေးမေဆီ တိုက်ရိုက်သွား၍ သလ်မာအကြောင်း တိုင်ရမည်လား။ အဖွားကြီးကလည်း ကောင်းကောင်းမမာ၊ လင်းကိုယ်တိုင် ကုပေးနေရသည်။
တဖက်သားကို သွား၍ လက်ညှိုးငေါက်ငေါက်ထိုးသည်ထက် ကိုယ့်ဘက်ကလူ ကိုယ်နိုင်အောင်ထိန်းကာ ပြဿနာကို ဖြေရှင်းဖို့ပဲ လိုသည်။ လင်းကို ထိန်းထိန်းသိမ်းသိမ်းနှင့် လက်ဦးမှုရယူနိုင်အောင် စီစဉ်ရမည်။ သလ်မာကို သွားရောက်ရင်ဆိုင်ဖို့အစီအစဉ်ကို သူ လက်လျှော့လိုက်သည်။
သူ့ခေါင်းထဲမှာ အကြံဥာဏ်တခု ရလာသည်။ မျက်နှာအောက်ချရမည့်အလုပ်၊ လင်းအတွက် အောက်ကျပါရစေလေ၊ လင်းရော သလ်မာရော မသိအောင် သူ ပိပိရိရိလုပ်နိုင်လျှင် ဒီပြဿနာပြီးပြတ်သွားနိုင်သည်။
စနေနေ့ည အိပ်ရာဝင်ကာနီးမှာ ရှယ်လီက လင်းရွှေအောင်ကို ပြောလိုက်သည်။
"လင်း နက်ဖြန် တနင်္ဂနွေနေ့ ရှယ်လီနဲ့ကလေးတွေ နယ်ပိုင်ကတော်နဲ့အတူ မကွေးမြသလွန်ဘုရားဖူး သွားမလို့၊ မနက်စောစော ထွက်သွားမယ်။ လင်းနဲ့ဟံအေး စားသောက်ဖို့ ရှယ်လီ အားလုံးလုပ်ထားခဲ့တယ်။ လင်း အပြင်သွားချင်လည်း အိမ်သော့ခတ်ခဲ့ပေါ့"
ရှယ်လီ့အသံက ပေါ့ပါးသွက်လက်လွန်းနေ၍ လင်းက အံ့အားပင်သင့်နေသည်။ အမှန်တော့ ရှယ်လီပြောချင်သည်က 'နက်ဖြန် ဆရာမနဲ့အတူ ခြံထဲကို လင်း သွားပေတော့' ဟူ၍သာ ပြောလိုက်ချင်သည်။ ရှယ်လီမပြောလည်း လင်းရွှေအောင် တနင်္ဂနွေအားလပ်ရက်ကို သူ့စိတ်တိုင်းကျ အသုံးချမည်ဖြစ်သည်။
ဆက်ရန်
-----------------------------------
0 Comments