မြကြာဖြူ - ခင်နှင်းယု အပိုင်း(၃)

မြကြာဖြူ (ခင်နှင်းယု)
________________

အပိုင်း (၃)

၄။
တက္ကသိုလ်နယ်မြေရှိ သူငယ်ချင်းတွေ အားလုံးက ရှယ်လီတယောက် အောင်မြင်မှုသရဖူကို ဆက်လက်ထိန်းသွားကြပြီဟု ထင်သည်။ ကြာတော့လည်း သူတို့အသိုင်အဝိုင်းလေးမှာ ရှယ်လီ့ကို မေ့ပျောက်သွားကြသည်။ 

တူးတူးကတော့ ဒီဂရီရပြီး ရူပဗေဒဂုဏ်ထူးတန်းဆက်တက်ကာ တက္ကသိုလ်မှာ နည်းပြဆရာမ ဝင်လုပ်သည်။ သူ့ရည်ရွယ်ချက်အတိုင်း သထုံတောပိုင်က ဒူးရင်းခြံကို အငှားချ၍ သီးနှံတွေစိုက်ထားသောယာခင်းကို ရောင်းချကာ အဖေကြီးကို ရန်ကုန်တပါတည်း ခေါ်လာခဲ့သည်။ တူးတူးသတင်းကိုတော့ ရှယ်လီ ဘာမှမကြားရတော့ပါ။ 

လင်းရွှေအောင် ဆရာဝန်ဖြစ်တော့ တောင်ပေါ်မြို့လေးကို ပြောင်းလာကြသည်။ သားဦး ဂျင်မီကို မွေးဖွားစကတော့ လင်းတယောက် 'ဒက်ဒီရေ ...သားသားရေ ...'နှင့် အဆင်ပြေသား။ ဆေးရုံကို အလုပ်ဆင်းပြီး ညဦးပိုင်းတွင် ဆေးခန်းထိုင်သည်။ ညဘက် ဆေးခန်းမှအပြန်မှာတော့ လင်းက တကိုယ်တော်သောက်ပွဲလေး ကျင်းပသည်။

"ရှယ်လီ ... အိမ်မှာ ဣနြေ္ဒရရသောက်တာကို မဆူနဲ့၊ အမြည်းလေး အကြော်လေး လုပ်ပေး"

အိမ်နီးချင်း သစ်တောဝန်ထောက်ကတော်ကြီး ဒေါ်ခင်သက်တင်က အိမ်ထောင်ဝါရင့်ပြီဖြစ်၍ ရှယ်လီကို အကြံဥာဏ်ပေးသည်။ ရှယ်လီသည် လင်းအကြိုက် အရက်နှင့်အမြည်းကို အဆင်သင့် လုပ်ထားရသည်။ 

"တောင်ပေါ်မြို့ဆိုတော့ ရာသီဥတုက အေးတယ် ရှယ်လီ၊ အပြင်ထွက်သောက်ရင် ကလပ်သွားသောက်ရင် ငွေလဲ ပိုကုန်တယ်၊ ရန်ဖြစ်ဘာဖြစ်နဲ့ စိတ်ညစ်ရတယ် "

"ရှယ်လီတို့ ချမ်းတော့ကော အရက်မသောက်ရဘူးလား မမရယ် "

ရှယ်လီက မေးလိုက်တော့ ကတော်ကြီးက ရယ်နေသည်။ ဘာပဲဖြစ်ဖြစ်လေ လင်း အိမ်မြဲဖို့ အရေးကြီးသည်။ သူသည် နမ္မတူမှ ဒက်ဒီကို သတိရသည်။ ဒယ်ဒီကလည်း အအေးကို ကာကွယ်ကောင်းလိုက်တာ အရက်သမားကြီးဖြစ်နေတော့၏။ 

နမ္မတူမှာ လွတ်လပ်ရေးမရခင်က ဘော်တွင်းသည် အင်္ဂလိပ်ပိုင်ဖြစ်၍ အင်္ဂလိပ်ဆန်သောမြို့လေးဖြစ်သည်။ လွတ်လပ်ရေးရပြီးတော့ မြန်မာအစိုးရနှင့် အင်္ဂလိပ်ကုမ္ပဏီတခု တွဲဖက်လုပ်သည်။ ဒက်ဒီကလည်း ကပြားဖြစ်၍ ကလပ်မှာ သောက်ကြရာမှ ယခုတော့ ဒယ်ဒီသည် အရက်၏ကျေးကျွန်ဖြစ်သွားပြီ။ မာမီဆုံးပြီးတော့ နောက်ထပ်ယူသောအမျိုးသမီးက ဒယ်ဒီနှင့်အတူ သောက်ဖော်သောက်ဖက်။ 

သူ့မှာ အမေတူ မောင်တယောက်၊ နောက်မိထွေးနှင့် ညီမနှစ်ယောက် ရှိသည်။ သူ့ဆီကို ခဏခဏ ဒယ်ဒီက အကူအညီတောင်းသည်။ သူ ကြိုးစားပို့ပါသည်။ သူ့အဖြစ်က အများထင်သလို သူဆောင်းရသော ရွှေသရဖူကြီးသည် အစစ်မဟုတ်။ လင်း မိဘတွေက သူတို့သားကို ဆရာဝန်ဖြစ်သည်အထိ ကျောင်းထားပေးရသည်။ ရခိုင်ထုံးစံ (အထူးသဖြင့် စစ်တွေ)မှာဆို သမက်အတွက်ကြေးကို မိန်းကလေးရှင်ဘက်က တင်တောင်းရသည်ဖြစ်သည်။ ရှယ်လီတို့ဘက်မှ ဘာမှတင်မတောင်း၍ လက်ထပ်ပြီးတော့ ဘာမှ လက်မဖွဲ့လိုက်ပါ။ သူတို့သေမှ လင်းက အမွေရမည်ဆိုသည်။ လက်ထပ်ပွဲကိုလည်း မလာမဖြစ်၍ လာသည့်ပုံစံမျိုး လှိုက်လှိုက်လှဲလှဲမရှိလှ။ 

ဘာပဲဖြစ်ဖြစ် ဒီတုန်းကတော့ လင်းနှင့် လက်ထပ်ဖြစ်ဖို့ပဲ အရေးကြီးသည်။ အလုပ်သင်ဆရာဝန်အချိန်ပိုင်းက မပြီးသေးတော့ ကမာရွတ်မှာ အိမ်ခန်းလေးငှား၍ သူတို့နှစ်ယောက်နေသည်။ လင်းမိဘတွေက မကျေနပ်ဆိုသော်လည်း လက်ထပ်ပွဲမှာ မိဘများအရှိန်အဝါနှင့် သူတို့ရသော လက်ဖွဲ့ပစ္စည်းများကို ထုခွဲ၍ ထိုအချိန်ကို ဖြတ်သန်းခဲ့ရသည်။ 

သားဂျင်မီကို မရခင်က စိတ်ညစ်ဖို့ အချိန်အားမရ။ အဝတ်ကိုယ်တိုင်လျှော်၊ ထမင်း ကိုယ်တိုက်ချက်နှင့် ရှယ်လီ အလုပ်နှင့်လက် မပြတ်ပေ။  လင်းက ဆရာဝန်မှ မဖြစ်သေးဘဲ ဝငိငွေမကောင်းသေးတော့ အိမ်ဖော်တွေလည်း မငှားနိုင်ပါ။ သူ့ကို လင်းက တနေ့နေ့တော့ အိမ်ဖော်နှင့်ဘာနှင့် ထားမည်ဟု ထင်သည်။ 

တောင်ပ်ါမြို့လေး ရောက်လာ၍ ဂျင်မီကို မွေးပြီးမှ ကလေးမလေးတယောက် လင်းက ထားခွင့်ပြုသည်။ ကလေးမလေး မရခင်က လင်း၏တပည့် ဟံအေးနှင့် ချက်ရေးပြုတ်ရေးရော အဝတ်လျှော်တာရော သူ လုပ်ခဲ့ရသည်။ အလုပ်များရသည့်အထဲမှ လင်းက စာရေး၍ တပည့်ကျော်ကို ဆေးရုံမှ လွှတ်တတ်သည်။ 

"ရှယ်လီ လင်းရဲ့လူနာတယောက် ထမင်းပို့မယ်လူမရှိလို့ သူ့ဖို့ပါ ထမင်း ပိုထည့်ပေးပါ "

ခဏခဏဆိုသလို ဆင်းရဲသားလူနာတွေအတွက် ထမင်း ပို ပို့ခဲ့ရသည်။ 

လင်းရသော လခနှင့် ညနေပိုင်း ဆေးခန်းထိုင်ချိန်မှ ဝင်ငွေရပေမယ့် လင်းက စာရင်းကိုက်အင်းကိုက် လူတယောက်ဖြစ်သည်၊ နေ့စဉ်သုံးစျေးဖိုးကလွဲ၍ ရှယ်လီ့ကိုမအပ်၊ အပိုသုံး လိုအပ်သည်များကို လင်းထံမှာ ရှယ်လီကတောင်းရသည်ဆိုတော့ ဒယ်ဒီ့ထံ ငွေမပို့နိုင်ပါ။ 

ဘာပဲဖြစ်ဖြစ် သူက အလျှော့ပေးရသောအပိုင်းကို ရောက်လာပြီပဲ။ ရသည့်ငွေကို စာရင်းနှင့်အင်းနှင့် သုံးစွဲလာရတော့သည်။ အပျိုတုန်းကလို ပါတိတ်ထည်လဲ မဝတ်နိုင်တော့။ သားဂျင်မီကို ကျောင်းထားချိန်မှာတော့ ကျောင်းစရိတ်ကော အဝတ်အစားအတွက်ပါ  ပိုပိုသာသာ လင်းက ပေးသည်။ ဒီအထဲမှ သူက ပိုအောင် စုရသည်။ 

ညဉ့်ပိုင်း အရက်အမူးလွန်လာလျှင် လင်း ညာဉ်ဆိုးလေးဝင်လာတတ်သည်။ 

"တူးတူးရေ ...တူးတူး ...မိရှယ်လီ မင်း ငါ့ကို တူးတူးလက်ထဲက လုလာတယ်"

အာလေး လျှာလေးကြီးနှင့် လင်း ပြောတတ်သည်။ ကြားကြားချင်းကတော့ ဒေါသထွက်လာသည်။ ရန်ပြိုင်ဖြစ်ချင်လာသည်။ ဒါပေမဲ့ မူးမူးရူးရူးနှင့် အိပ်ပျော်သွားတော့လည်း ရန်မဖြစ်လိုက်ရတော့ပေ။ 

နောက်ညတွေမှာ ကြားပါများတော့ သူ ရိုးသွားပြီ။ တူးတူးကလည်း အနီးကပ် ရှိနေသည်မဟုတ်။ သူ ဝန်တိုစရာမရှိ။ သူတို့၏အတိတ်ဇာတ်ကြောင်းက အင်းလျားကန်စောင်းတနေရာတွင် မြုပ်ကွယ်သွားပြီ။ သူတို့မြို့လေး ပတ်ဝန်းကျင်မှာ သူတို့အကြောင်း သိသူမရှိ။ သူ၏အိမ်နီးချင်း ဒေါ်ခင်သက်တင်ကိုတော့ သူ အားကိုးသည်။ တမြေရပ်ခြားမှာ အိမ်ဖော်မိန်းကလေးတယောက်ပဲ သူ့အနားမှာရှိသည်။ သူနှင့်ဒေါ်ခင်သက်တင်က ဝါသနာတူသည်။ တခြားကတော်များလို အားလျှင် ဖဲစုရိုက်သော အသိုင်းအဝိုင်းကို မဝင်ကြ။ လင်းရွှေအောင်တပည့်ကျော် ဟံလင်းက လင်းသွားရာ လိုက်ရသည်။ ဒေါ်ခင်သက်တင်က အောက်လံဇာတိဖြစ်သည်။ 

ဒေါ်ခင်သက်တင်လာလျှင် သူ စကားပြောဖော်ရသည်။ ဒေါ်ခင်သက်တင်သည် သူ့ထက် ၁၀နှစ်လောက်ကြီးသည်။ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း အသားဖြူဖြူနှင့် ရုပ်ရည်မဆိုးလှ။ ဒီဂရီရပြီး အလုပ်ဝင်နေရာမှ သစ်တောဝန်ထောက် ဦးဖေမြင့်နှင့် လက်ထပ်ပြီး အလုပ်မှထွက်ကာ လင်သည်သွားရာ လိုက်နေရသည်။ ဝန်ထောက်ကြီးက ပုပုဝဝ ဗိုက်ပူပူနှင့် စကားပြောလျှင် ရယ်လိုက်လျှင် သူ့မျက်လုံးလေးက ကျဉ်းသွားသည်။ အစဉ်လိုလို ရယ်ပြုံးနေတတ်သည်။ သူတို့အိမ်ဘက်ဆီက ဆူဆူညံညံ မကြားရ။ သားသမီးက မရှိသည့်အပြင် ဒေါ်ခင်သက်တင်က တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူ အမျိုးသမီးတယောက်။ သူ အားလပ်ချိန်မှာ စာဖတ်နေတတ်သည်။ ဒေါ်ခင်သက်တင် နေပုံထိုင်ပုံကို ရှယ်လီ အားကျမိသည်။ သူ့မှာတော့ သား သမီးတွေနှင့်ဆိုတော့ ဒေါ်ခက်သက်တင်လို စာဖတ်ချိန် သိပ်မရ။ ဒေါ်ခင်သက်တင်ရောက်လာလျှင် စာအကြောင်း ပေအကြောင်းကို စိတ်ဝင်စားဖွယ် ပြောတတ်သည်။ သူကတော့ သူခံစားနေရသောဝေဒနာတွေကို ထုတ်ဖော်ပြောတတ်သည်။ 

ဒေါ်ခင်သက်တင်က သူ့ကို အမြဲတမ်းနှစ်သိမ့်သည်။ လင်သည်နှင့်ပတ်သက်သော ဝေဒနာမှာ မိန်းမတွေအတွက် ခံစားရမြဲ အာဝေနိကဒုက္ခတဲ့။ 

တခါတုန်းကလည်း သူက လင်းအကြောင်း ရင်ဖွင့်သည်။ 

"အများက ထင်မှာပေါ့ မမရယ်၊ လင်းလို သူဌေးသားကို ရှယ်လီရလာတာ အောင်မြင်မှုပေါ့၊ ဒါပေမဲ့ အများထင်သလို လင်းမိဘတွေက ရှယ်လီကို မဆက်ဆံဘူး။ ရှယ်လီမှာ မပေါ့မပါးဖြစ်နေလို့သာ သမီးချင်းစာနာပြီး ပေးစားလိုက်ရတာပေါ့။ လက်ထပ်တုန်းက ကုန်ကျတာလည်း ဒယ်ဒီက ခံရတာပဲ။ လက်ထပ်ပြီးတော့လည်း လင်းအဖြစ်ကို မမ မြင်တယ်မို့လား။ လူပျိုတုန်းက သောက်တတ်တယ်လို့ မကြားမိပါဘူး "

ဒေါ်ခင်သက်တင်က ပြုံးနေသည်။ ရှယ်လီကိုတော့ သနားဟန်နှင့် ကြည့်နေသည်။ 

"လူပျိုတုန်းက သောက်သောက်မသောက်သောက် ခု သောက်လည်း ဣနြေ္ဒရရသောက်ရအောင် တို့က ဖန်တီးပေးရမှာပဲ ရှယ်လီ၊ လင့်အကြိုက်လိုက်လျောပေးရမှာက တို့မိန်းမတွေရဲ့ အာဝေနိကဒုက္ခလို့ ဆိုရမှာပေါ့၊ မသောက်တတ်တဲ့ယောက်ျားရခဲ့ရင်တော့ ဒီမိန်းမ အင်မတန်ကံကောင်းတယ်ဆိုရမှာပဲ၊ မမဆိုရင် သစ်တောဘက်အရာရှိဆိုတော့ လူသူဝေးတဲ့အရပ်တွေမှာ နေရတာ၊ ရာသီဥတုကလည်း အေးတော့ သူသောက်တာ ခွင့်လွှတ်ရတာပဲ။ ဒါပေမဲ့ မိန်းမဖြစ်ရတဲ့ဘဝမှာ တို့မြန်မာမိန်းမတွေဟာ အင်မတန်ကံကောင်းပါတယ်" 

ဒေါ်ခင်သက်တင်စကားကို ရှယ်လီက လေးလေးစားစား နားထောင်နေသည်။ 

" ဟုတ်တယ်လေ၊ မမသိရသလောပ် တရုတ်အမျိုးသမီးကို မယူခင်က ယောက္ခမလောင်းတွေက နွားဝယ်သလို သွားဘယ်နှချောင်းရှိလဲ ရေတွက်ပြီး သွားဖြဲကြည့်တယ်ဆိုတာ၊ တကယ်ရပြီးတော့လည်း ယောက္ခမအိမ်မှာ ကျွန်လိုနေရတာ၊ ခု သူတို့ခေတ်ပြောင်းမှ အမျိုးသမီးအခွင့်အရေး မနည်း လိုက်ယူရတာ၊ ဒါတောင် အတွင်းကျတဲ့နေရာဒေသတွေမှာ ချွေးမတွေကို ကျွန်လိုခိုင်းတဲ့စနစ်ရှိနေတာပဲ။ လင်သားကလည်း လက်ထပ်ကတည်းက ထည့်လိုက်တဲ့အိမ်ဖော်ကို ခြေတော်တင်ခွင့်ရှိနေတာ၊ လင်သေတော့လည်း အမွေဆက်ခံပိုင်ခွင့်မှာ မယားက အဓိကမဟုတ်ဘူး။ အိန္ဒိယကျတော့ ဒေါင်ရီခေါ်တယ်လေ၊ လင်ရဖို့ မိန်းကလေးက တင်တောင်းရတာ။ အဲဒီတင်တောင်းဖို့ပိုက်ဆံ မတတ်နိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေကြရတဲ့ အိန္ဒိယသူတွေ အများကြီး။ မမ မဂ္ဂဇင်းတွေထဲမှာ ဖတ်ဖူးတယ်။ လင်ရပြီးတော့လည်း ဒေါင်ရီ မတန်တဆတင်တောင်းထားရပေမင့် ယောက္ခမတွေက နောက်ထပ်ဒေါင်ရီရချင်သေးရင် ဒီချွေးမကို ကြံဖန်သတ်ပြီး နောက်ဒေါင်ရီ တင်နိုင်တဲ့မိန်းမနဲ့ ပေးစား။ ဒါတွေဟာ အိန္ဒိယမှာ တပုံတပင်ပဲ။ အိန္ဒိယနဲ့တရုတ်အမျိုးသမီးတွေဟာ မဟာဖိုဝါဒအောက်မှာ ပြားပြားဝပ်နေရတာ။ မြန်မာလို လင်မယားကွဲရင် သရက်စေ့ ထက်ခြမ်းခွဲ နှစ်ဦးပိုင်ပစ္စည်းကို အညီအမျှ ခွဲဝေခွင့်မရဘူး။ သေရင်လည်း တို့မြန်မာတွေအဖို့က လင်သေရင် မယားပိုင်၊ မယားသေရင် လင်ပိုင်တာပဲ "

" သူတို့ အရက်သောက်တာ အပြင်မှာ ပျော်ပါးတာကတော့ ဂျပန်မိန်းမတွေရော ထိုင်းမိန်းမတွေရော တခြားနိုင်ငံက မိန်းမတွေပါ လင်ကို လက်ပိုက်ကြည့်နေရတာပဲ။ ဒီတော့ လင်း အိမ်မှာ သောက်ဖော်ရတာ ကျေးဇူးတင်ပါဦး၊ မိန်းမတွေမှာ လင်က မယားငယ်နေ အရက်သောက်ဆိုတာတွေဟာ အာဝေနိကဒုက္ခလို့သာ မှတ်၊ ထူးဆန်းတာမဟုတ်ဘူး။ ဖြစ်တတ်တဲ့ ဝမ်းနာခေါင်းကိုက်လို့ပဲ မှတ်။ ဒါတွေကို စိတ်မချမ်းမသာမဖြစ်နဲ့။ ကိုယ်နွမ်း စိတ်ပန်းဖြစ်မယ့် ဒီစိတ်သောကတွေနဲ့ အိပ်မောကျနေလို့ မဖြစ်ဘူး "

သူ့ဩဝါဒက ဒါပဲဖြစ်သည်။ ရှယ်လီကို တပ်လှန့်နှိုးလိုက်၏။ ဒေါ်ခင်သက်တင်ကြီး ရှိနေပေလို့ သူ့ကို ဖျောင်းဖျနှစ်သိမ့်ဖော်ရသည်။ ကျေးဇူးတော့ အထူးတင်ပါသည်။  ဒါပေမယ့် သူ ခွင့်မလွှတ်နိုင်လောက်အောင် နာကြည်းခံခက်သောအဖြစ်ကတော့ သမီးအင်နီ့ကို ကိုယ်ဝန်ရှိစဉ်ကဖြစ်သည်။ 

စနေ၊ တနင်္ဂနွေ ရုံးအားရက်ဖြစ်စေ၊ ဆေးရုံမှ အားလပ်ရက် ရသည်ဖြစ်စေ၊ မြင်းတစီးနှင့် သူ့တပည့်ဟံအေးကိုခေါ်ကာ ဆေးအိတ်နှင့်အတူ ခရီးထွက်သွားသည်။ တောင်ပေါ်ရွာလေးကို ဆေးကုထွက်သည်ဟု ဆိုသည်။ မြင်းကိုယ်စီ စီးထွက်သွားသောဆရာတပည့်နှစ်ယောက်ကို စားသောက်စရာ ပစ္စည်းစုံ ထည့်ပေးရသည်။ တခါတရံမှ နေ့ချင်းပြန်သည်။ ညဉ့်အိပ်သည်က များသည်။ တောရွာများမှာ ဆေးရုံဝေး၊ ဆရာဝန်ဝေး၍ လင်းတယောက် စေတနာ့ဝန်ထမ်း ဆေးကုထွက်သည်ဟုပဲ သူ ထင်သည်။ 

အင်နီ့ကို မွေးသည့်နေ့က ဗိုက်နာလာသည်။ လင်းက မရှိ။ တောရွာများကို ဆေးကုထွက်နေသည်။ အိမ်မှာ ယောက်ျားဖော်ဟူ၍ သား ဂျင်မီပဲရှိသည်။ ထမင်းချက်ကလေးမလေးက ခေတ္တ အိမ်ပြန်နေသည်။ ထိုညဉ့်က မိုးတွေ သည်းလိုက်သည်မှာ အလွန်။ လျှပ်စီးတွေ ဝင်းကနဲ ဝင်းကနဲ လက်၍ သွားကြသည်။ မိုးကြိုးပစ်လိုက်တိုင်း သားဂျင်မီသည် သူ့လက်ကို မျက်စိသူငယ်နှင့် ဆွဲကိုင်ထားသည်။ ဗိုက်ထဲမှာ နာကျင်မှု ပြင်းထန်လာတိုင်း သူသည် သားဂျင်မီလက်ကို နာနာ ဆုပ်ထားမိသည်။ ဒေါ်ခင်သက်တင်တို့ဘက်ကို လှမ်းခေါ်ရအောင်က ခြံဝန်းကျယ်နေ၍ အလှမ်းဝေးလှသည်။ မိုးရေထဲမှာ ဂျင်မီကိုလည်း တယောက်တည်း မလွှတ်ရက်။ သူ့နဖူးမှာ ချွေးသီးချွေးပေါက်တွေ ကျလာသည်။ ဂျင်မီက သူ့မျက်နှာကို ငေးစိုက်ကြည့်နေသည်။ ဆေးရုံကို ဘယ်လိုသွားရပါ့။ လေက ပြင်းထန်စွာ တိုက်ခတ်နေသည်။ လေသံကြားမှ အိမ်၏အပြင်မှ လူသံ ကြား၍ အားတက်သွားသည်။ တပည့်ကျော်က တံခါးဝရောက်လာသည်။ 

"မမ..... ဆရာရယ် မြင်းပေါ်က လိမ့်ကျပြီး ခေါင်းကွဲသွားလို့ ဆေးရုံမှာ တင်ထားခဲ့တယ် "

ကြားကြားချင်း ရှယ်လီ ထိတ်ထိတ်ပြာပြာဖြစ်သွားပေမင့် သူ ဘာမှမတတ်နိုင်။ သူ့ဝေဒနာက ပိုဆိုးသည်။ 

"ဟံအေး ...မမ ဗိုက်နာလာပြီ၊ ဟိုဘက်က ဒေါ်ခင်သက်တင် သွားပြောပြီး ကားယူခဲ့၊ မမကို ဆေးရုံ ပို့ပေး "

သူက ရှုံ့မဲ့ ပြောလိုက်၍ ဟံအေးထွက်သွား၏။ ဒေါ်ခင်သက်တင်အိမ်က ကားရောက်လာတော့မှ ဂျင်မီပါခေါ်ကာ ဆေးရုံထွက်လာခံ့ရသည်။ လင်းကို ကြည့်ချင်ပေမယ့် ဗိုက်က တအား နာလာပြီ၊ ဘယ်လိုမှ မဟန်နိုင်။ ဆေးရုံမွေးခန်းသို့သာ တန်း၍သွားရသည်။ 

လင်းကိုလည်း ကြည့်ချင်၊ မွေးခန်းခုတင်မှလည်း မထွက်နိုင်။ ဂျင်မီက ဟံအေးနှင့်အတူ သူ့အဖေနား သွားနေရသည်။ 

သမီးလေး မွေးပြီး သစ်တောဝန်ထောက် ကတော်ကြီး ရောက်လာသည်။ 

"ရှယ်လီရယ် ...နေကောင်းရဲ့လား၊ ညက ကိုဖေမြင့် နေမကောင်းလို့ မမကိုယ်တိုင် မလာနိုင်တာ ခွင့်လွှတ်ပါ။ ကားပဲပေးလိုက်ရတယ်၊ ဒေါက်တာ့အတွက် စိတ်မပူပါနဲ့၊ ခေါင်းကို နှစ်ချက် ချုပ်ရတယ်၊ သူ သတိရရင် ရှယ်လီကို လာကြည့်မှာ "

သတိရရင်တဲ့ ...။ သတိမရနိုင်အောင် ဖြစ်သွားသည်ဆိုတော့ ဘယ်လိုဒဏ်ရာများလဲ။ သူကလည်း မထနိုင်သေး။ အိမ်မှာလည်း ထမင်းချက်ကလေးမလေးနှင့် ဂျင်မီပဲရှိသည်။ 

"မမသက်ရယ် ...အိမ်လည်း ဂရုစိုက်ပါနော်၊ သူ့တပည့်က သူ့အနား နေရမှာ "

ဒေါ်ခင်သက်တင်ကိုပဲ တဖွဖွ မှာမိသည်။ ဒေါ်ခင်သက်တင်ပြန်သွားတော့ ခုတင်ဘေးရှိ သမီးလေးကို လှမ်းကြည့်ရင်း သူ့ရင်တွေ ပူလာသည်။ ဆရာဝန်ကတော်ဖြစ်၍ ဆေးရုံက အထူးဂရုစိုက်ကြပါသည်။ ဒါပေမဲ့ သူ ဆေးရုံမှာ ကြာကြာမနေချင်။ အမျိုးသားဆောင်ဘက်က လင်းတယောက် သူ့ဆီကို ဘာကြောင့် လာမကြည့်နိုင်တာလဲ၊ ဒဏ်ရာ ဘယ်လောက်ပြင်းထန်လို့လဲ၊ သူ့စိတ်ထဲ သံသယတွေ ဝင်လာသည်။ ဆေးရုံအုပ်ကြီး သူ့ကို သတင်းလာမေးမှ သူ သတင်းမေးကြည့်ရသည်။ 

"လင်း ဒဏ်ရာက သိပ်များသလား ဆရာကြီး "

ဆရာကြီးက ပြုံးနေသည်။ 

"စိတ်မပူနဲ့ရှယ်လီ၊ ခေါင်းဆိုတော့ ဂရုစိုက်ရတယ်လေ၊ မတော်တဆ အတွင်းဒဏ်ရာက ဦးနှောက်ထဲ သွေးစိမ့်မှာစိုးလို့ နားခိုင်းထားရတာ၊ စောင့်ကြည့်နေရတာ။ ခုတော့ မစိုးရိမ်ရတော့ပါဘူး "

ရှယ်လီသည် ကြာကြာမနေလိုတော့ပါ။ သုံးရက်နှင့် ဆေးရုံက ဆင်းလာသည်။ လင်းအဆောင်ကိုသွား၍ လင်းကို ကြည့်ရသေးသည်။ လင်း အခြေနေကောင်း၍ စိတ်သက်သာသွားသည်။ ရှယ်လီ အိမ်ရောက်တော့မှ ဟင်းချနိုင်သည်။ ဘာပဲဖြစ်ဖြစ် အိမ်ရှင်မကိုယ်တိုင် အိမ်မှာရှိနေတော့ မထနိုင်ဘူးဆိုတောင် သူ ခုတင်ပေါ်မှ စီမံခန့်ခွဲနိုင်သည်။ ဒေါ်ခင်သက်တင်ကလည်း လာရောက်ကူညီပါသည်။ 

တပတ်လောက်ကြာမှ လင်းရွှေအောင် ဆေးရုံမှ ဆင်းရသည်။ ခေါင်းမူးတာက တော်တော်နှင့်မပျောက်၊ အိပ်ရာပေါ် နားခိုင်းကာ ရေပတ်တိုက်တာ ကျွေးတာမွေးတာအကုန် ရှယ်လီက လုပ်ပေးသည်။ ကလေးကတဖက်နှင့် ရှယ်လီ တော်တော် ပင်ပန်းသွားသည်။ သွေးနုချိန်ကို သတိမရနိုင်။ 

သမီး အင်နီ တစ်လရတော့ လင်တော်မောင် သတင်းမှန် ကြားရသည်။ ရှယ်လီသည် လင်း ညဦးဆေးခန်းမှအပြန် အမြည်းတွေ၊ အရက်ပုလင်း၊ ဖန်ခွက်တွေ ပြင်ပေးပြီး သူပါ စားပွဲမှာ ထိုင်လိုက်သည်။ 

"ဒီမြို့လေးမှာ လင်းသတင်းက ပျံ့နေပြီလေ "

ရှယ်လီက စလိုက်သည်။ 

"ဘာသတင်းလဲ "

လင်း အမြည်းကို တစိမ့်စိမ့်ဝါးရင်း ဖန်ခွက်မှ အရက်တကျိုက်မော့ရင်း မေးလိုက်သည်။ 

"တောရွာကို ဆေးကု ဆင်းတယ် ဆင်းတယ်နဲ့၊ ရှယ်လီ အဟုတ်မှတ်လို့ လင်းခေါင်းမှာ ရလာတဲ့ဒဏ်ရာက ရွာက ကောင်မလေးမောင်တွေက ရိုက်လို့ရတဲ့ဒဏ်ရာကိုး "

ရှယ်လီသည် အသားတွေ ဆတ်ဆတ်တုန်ကာ မျက်ရည်တွေ ကျလာသည်။ သူ့သတင်းက အမှန်၊ ဆေးကုဆင်းသည်ကလည်း အမှန်။ ဒါပေမဲ့ ဆေးခန်းဖွင့်သည့်အနေနှင့် လင်း မိန်းကလေးအိမ် စတည်းချစဉ်က မောင်တွေက လင်းကို လူပျိုဟု ထင်သည်။ ရွာသူရွာသားများကို ဆေးကုပေး၍လည်း လေးစားကြသည်။ အိမ်မှာ ညအိပ်ခွင့် ပြုသည်။ ၆လလောက်ကြာတော့ လင်းရွှေအောင်က မိန်းကလေးမိဘထံမှာ မိန်းကလေးကို တောင်းသည်။ မောင်ဖြစ်သူတွေ စုံစမ်းတော့မှ လင်းရွှေအောင်မှာ မိန်းမနှင့်ဟု သိလာကြသည်။ မိန်းကလေးနှင့် လင်းရွှေအောင် စကားပြောနေဆဲ မောင်တွေက ဝိုက်းရိုက်လိုက်ကြခြင်းဖြစ်သည်။ 

"ပြောလေ လင်း ....အမှန်ကို ပြောပါ "

လင်းက ရှယ်လီ့အမေးကို မဖြေ၊ ဆက်တိုက် အရက်ကို တဖန်ခွက်လုံး မော့ချလိုက်သည်။ သူ့မျက်လုံးထဲမှာ ရှယ်လီသည် ချာချာလည်နေပြီ။ ရှယ်လီ ဘာမေးနေသည်ကိုလည်း သူ မသိ၊ သိလည်း ဖြေလိုစိတ်မရှိ။ 

"လင်းသိက္ခာ လင်းဂုဏ်ကိုလည်း ထိန်းသိမ်းဖို့ သတိရပါဦး "

"ဘာ....ဂုဏ် ....သိက္ခာ ....ဘာ ...မှ မရှိ ....ငါ့မှာ ဘာမှ မ ...ရှိ..."

လင်းသည် သတိလက်လွတ် အော်နေသည်။ အခန်းထဲမှ အေမီ၏ငိုသံက ထွက်လာတော့ လင်းနှင့် ဆက်ရန်မဖြစ်နိုင်ဘဲ သူသည် ကလေးရှိရာ ပြေးသွားရသည်။ အေမီ့နားမှာ သား ဂျင်မီ လက်ကလေးကိုင်ကာ ချော့နေသည်ကို မြင်တော့ သူ့ရင်ထဲ ဆို့သွားကာ ကလေးကို ပွေ့ယူ၍ လှိုက်လှိုက်လှဲလှဲ ငိုမိသညိ။ ဂျင်မီသည် သူ့လက်ကို ကိုင်ကာ မျက်နှာလေး ငယ်နေသည်။

ဆက်ရန်
-------------------------------------
ခင်နှင်းယု

Post a Comment

0 Comments