မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၅)
၇။
တနင်္ဂနွေနေ့မှာ နယ်ပိုင်ကတော်နှင့် အခြားအရာရှိကတော်လေးများက ကားနှစ်စီး၊ ရှယ်လီနှင့် ကလေးတွေက မမသန်းကားနှင့် တစ်စီး၊ ကား သုံးစီး ထွက်လာသည်။ မြသလွန်ဘုရားရောက်တော့ ကလေးများကို နယ်ပိုင်ကတော်လက်ထဲ အပ်ခဲ့ကာ ရှယ်လီ ကားယူ၍ ထွက်လာခဲ့သည်။
သူ့ကားကို တိုင်းမင်းကြီးခြံထဲ မောင်းဝင်လာတော့ တူးတူး အိမ်တံခါးဝမှာ ဆီးကြိုနေသည်ကို တွေ့ရသည်။ တူးတူးက ကားပေါ်မှဆင်းလာသော သူ့လက်ကို လှမ်း၍ကိုင်လိုက်သည်။
"မနေ့က ရှယ်လီ့ဆီက ဖုန်းရကတည်းက ဝမ်းသာနေတာ၊ ကြိုတင်ချိန်းပြီးမှ လာရမယ့်လူတွေမဟုတ်ပါဘူး ရှယ်လီ၊ တူးတူးသူငယ်ချင်းတွေအတွက် အိမ်တံခါး အမြဲဖွင့်ထားပါတယ်"
တူးတူး စကားပြောရင်း သူ့ကို ဧည့်ခန်းသို့ ခေါ်သွားသည်။
"ထိုင် ရှယ်လီ"
ရှယ်လီက ထိုင်ရင်း ကျယ်ဝန်းသပ်ရပ်သောဧည့်ခန်းကို မျက်စိဝေ့၍ ကြည့်လိုက်ရာ ဧည့်ခန်းထောင့်တွင် တူးတူးနှင့်တိုင်းမင်းကြီး မင်္ဂလာဆောင်စဉ်က ရိုက်ထားသည်ထင်သည့် စုံတွဲဓာတ်ပုံအကြီးကြီးကို ခုံတခုပေါ်မှာ ထောင်ထားသည်။ တူးတူးက ဘီးဆံထုံးနှင့် ပဝါစုံချထားသည်။ တိုင်းမင်းကြီးက ခေါင်းပေါင်းနှင့် တိုက်ပုံရိုးရိုး ချိတ်ပုဆိုး ဝတ်ထားသည်။ ချိတ်လုံချည်က တူးတူးနှင့်ဆင်တူ၊ ဓာတ်ပုံ၏ကျက်သရေက ဧည့်ခန်းကို လွှမ်းမိုးနေပုံရသည်။
"တူးတူး တခြားများ ခရီးထွက်နေမလား၊ တယောက်ယောက်နဲ့ ချိန်းထားမလားလို့ ကြိုဆက်တာပါ။ တူးတူးစေတနာကို ရှယ်လီ နားလည်ပါတယ်"
"အတော်ပဲ တူးတူး၊ မန္တလေးကြာဇံချက် ချက်ထားတယ်၊ စားသောက်ပြီးမှ အေးအေးဆေးဆေးပြန်ပေါ့၊ ကိုကိုလည်း မရှိဘူး"
"တိုင်းမင်းကြီး ...."
"ဟုတ်တယ်၊ ခရီးထွက်နေတာ၊ သန်ဘက်ခါမှ ပြန်ရောက်မယ်"
"ကြာဇံချက်တော့ မသောက်ပါရစေနဲ့၊ ကလေးတွေ နယ်ပိုင်ကတော်နဲ့ မြသလွန်ဘုရားမှာ ထားခဲ့တယ်"
"အို ...သူတို့ပါ ခေါ်ခဲ့ရောပေါ့"
"တူးတူးနဲ့ ..... ရှယ်လီ အရေးတကြီး ပြောစရာစကားရှိလို့ပါ၊ ကြာကြာလည်း မနေနိုင်ဘူး"
"ဒီလိုဆို ကြာဇံချက် သောက်ရင်းပြော ....လာ"
တူးတူးက သွက်လက်စွာ သူ့ကိုခေါ်၍ ထမင်းစားခန်းထဲ ဝင်သွားသည်။ ထမင်းစားပွဲမှာ ထိုင်လိုက်ကြသည်။ ကလေးမလေးတယောက် ဝင်လာကာ ကြာဇံချက်ပန်းကန်များ ချပေးသည်။ တူးတူးက နံနံပင် ငရုတ်သီးမှုန့် ကိုယ်တိုင်ထည့်ပေးသည်။
"ရှယ်လီ့အပေါ် တူးတူး ခုလို ဂရုတစိုက်ပြုစုတာ တွေ့မြင်ရလေ ရှယ်လီ ဝမ်းနည်းလေပဲ"
ရှယ်လီက တူးတူးမျက်နှာကိုကြည့်ရင်း ဝမ်းနည်းစွာ ပြောပြသည်။ တကယ်လည်း တူးတူးမျက်နှာက အပြစ်ကင်းစင်သော ကလေးငယ်တယောက်မျက်နှာလို ကြည်လင်ငြိမ်းချမ်းနေသည်။
"ကျောင်းနေတုန်းက တူးတူးအပေါ် ရှယ်လီ ပြစ်မှားခဲ့မိတာတွေ ...."
"တော် ...တော် ရှယ်လီ၊ တူးတူးတို့ ဒါတွေ မေ့လိုက်ကြရအောင်၊ ကဲ ...ရှယ်လီ ပြောစရာရှိတာပြော ...ကြာဇံချက်လည်း သောက်"
ရှယ်လီသည် ကြာဇံချက်ကို သောက်ရင်း ဘာစကားပြောရမည်ကို စဉ်းစားနေသည်။ ဘာပဲဖြစ်ဖြစ် လင်းသိက္ခာကို ထိန်းဖို့ တာဝန်ရှိသည်။ ပြဿနာပြေလည်ဖို့ပဲ အဓိကဖြစ်သည်။
"ရှယ်လီတို့ အောင်လံမှာနေရတာ ကောင်းပါတယ် တူးတူးရယ်၊ ဒါပေမဲ့ ကလေးတွေရဲ့ပညာသင်ကြားရေးရော လင်းအတွက်ရောပေါ့၊ ရှယ်လီတို့ ရန်ကုန်ပြောင်းချင်တယ်၊ ရန်ကုန်ဆေးရုံကြီးမှာဆိုရင် လင်းလည်း ပညာရပါတယ်။ အက်ဖ်အာရ်စီအက်စ်(F.R.C.S)တို့ ဘာတို့ တဆင့်သွားသင်ဖို့လည်း ကြိုးစားနိုင်တယ်။ တူးတူးသူငယ်ချင်း ဒေါ်လီယောက်ျား ဒေါက်တာဖေသိန်းကို သိတယ်မို့လား၊ သူတောင် အင်္ဂလန်မှာ မေ့ဆေးပါရဂူဘွဲ့ယူပြီး ပြန်လာပြီတဲ့။ လင်းကိုလည်းပဲ တူးတူးရဲ့တိုင်းမင်ကြီးက ရန်ကုန်ပြောင်းနိုင်အောင် စီစဉ်ပေးမယ်ဆိုရင် ရှယ်လီတို့ အဆင်ပြေမှာပဲ"
တူးတူးက ခေတ္တ စဉ်းစားနေသည်။
"ဟုတ်တယ်နော်၊ အမ်ဘီဘီအက်စ် ဘွဲ့တခုတည်းနဲ့ မလုံလောက်ဘူး။ အမ်အာစ်စီပီတို့ အက်ဖ်အာရ်စီအက်စ်တို့ ရဖို့လည်း လိုတယ်။ ကိုကို့ကို တူးတူး ပြောကြည့်ပါ့မယ်။ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်ဦးကျော်သာကတော့ ကိုကိုနဲ့ ရင်းနှီးပါတယ်၊ ဖြစ်နိုင်ပါလိမ့်မယ် ထင်တယ်၊ ကြာဇံချက် သောက်လို့ကောင်းရဲ့လား ရှယ်လီ"
"ကောင်းပါတယ် တူးတူးရယ်၊ တူးတူးတို့မှာ ကလေး မရှိဘူးလား"
"နောက်တော့ ရှိချင် ရှိမှာပေါ့၊ တူးတူးက ဓာတုဗေဒဌာနမှာ လက်ထောက်ကထိကလုပ်နေတုန်း ဖေဖေ့ဆွေမျိုးတွေက လက်ထပ်ဖို့စီစဉ်တာ၊ ဖေဖေ့ကို တူးတူးက အတူခေါ်ထားပြီး သထုံခြံကို အငှားချထားတာ၊ ဦးဘဇံက တိုင်းမင်းကြီးဖြစ်စ သူ့ဇနီး ဆုံးသွားတယ်။ ဦးဘဇံက သထုံသား၊ သူတို့မိဘတွေနဲ့ ဖေဖေနဲ့ ခင်တာနဲ့ စကားစပ်မိပြီး တူးတူးတို့ လက်ထပ်ဖြစ်တာ နှစ်နှစ်ပြည့်တော့မယ်၊ တူးတူးထက် ၁၀နှစ်လောက် ကြီးပါတယ်၊ ကိုကို့မှာ ကလေးနှစ်ယောက်ပါတယ်၊ သားနှစ်ယောက်လုံး တက္ကသိုလ်ရောက်ပါပြီ။ ဘော်ဒါမှာ ထားခဲ့တယ်။ တူးတူးက ကလေးတစ်ယောက်ပါတယ်"
"ဟယ် ...ဘယ်တုန်းက ရတာလဲ"
ရှယ်လီက အလန့်တကြားမေးလိုက်သည်။ တူးတူးက အားရပါးရ ရယ်နေသည်။
"တူးတူးကလေးက ဖေဖေလေ၊ လက်ထပ်ဖို့ လာကမ်းလှမ်းကတည်းက တူးတူးမှာ အဖေတယောက်ရှိတယ်၊ ဒီအဖေကို ဘယ်မှ ခွဲမထားနိုင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားရတယ်လေ၊ ဖေဖေ အပေါ်ထပ်မှာ ရှိတယ်၊ ကျန်းမာပါတယ်"
ရှယ်လီက ငြိမ်သက်စွာ ကြာဇံချက်ကို သောက်နေရင်း တွေးနေသည်။ လက်ထပ်ဖို့ကို သူတို့ဘက်က စတင်တောင်းခံလာတော့လည်း မိန်းကလေးအနေနှင့် လိုလားချက် သို့မဟုတ် ကန့်သတ်ချက်ကို အထက်စီးနှင့် တောင်းခံနိုင်သည်ပေါ့။
ရှယ်လီ့အဖို့က သူက တူးတူးအချစ် လင်းကို လုယူခဲ့သည့်အဖြစ်မျိုးဆိုတော့ အစကတည်းက ဦးကျိုးလာခဲ့ရသည်။ အလျှော့ပေးလာခဲ့ရသည်။
လင်း သူ့အပေါ် သည်နိုင်ချက်လေးတခုကိုင်ကာ တသက်လုံး အပေါ်စီးက ဆက်ဆံလာခဲ့တော့သည်။ သူများခေါင်းပေါ်က သရဖူကို ကိုယ့်ဆန္ဒအလျောက် ဆွဲယူဆောင်းခဲ့မိလေတော့ သရဖူအလေးချိန်ဒဏ်ကို သူ ခံရတော့မည်။ သရဖူကို စွန့်ပစ်ဖို့က သည်သရဖူ၏အစိတ်အပိုင်းဖြစ်သော သားနှင့်သမီးရတနာကို သူ ပိုမိုတွယ်တာလေတော့ မစွန့်နိုင်။
"တူးတူးရယ် ... ကျေးဇူးလည်းတင်တယ်၊ ရှယ်လီကိုပြန်ခွင့်ပြုပါဦး၊ ကလေးတွေက နယ်ပိုင်ကတော်နဲ့ ထားခဲ့ရတာ"
သူက ထိုင်ရာမှ ထကာ တူးတူးကို နှုတ်ဆက်၍ ကားရှိရာ ထွက်လာခဲ့သည်။ တူးတူးက ကားနားအထိ လိုက်ကာ နှုတ်ဆက်ရင်း ကားထွက်သွားမှ အိမ်ထဲ ဝင်ခဲ့သည်။
တူးတူး အိမ်ပေါ်တက်လာခဲ့သည်။ တိုင်းမင်းကြီးကလည်း မရှိ။ သူတယောက်တည်း လွတ်လပ်စွာ တွေးခေါ်ချိန်ရသည်။
ရှယ်လီသည် တချိန်က အင်းလျား၏အလှဧကရီ၊ ယောက်ျားသားတွေကို သူမ၏အလှမှာ မိန်းမောအောင် ညှို့စွမ်းနိုင်သူ။ သူ့အလှမှာ ဒူးထောက်ခဲ့ရသူ အများကြီး။ ဘဝမှာ အထက်စီးနှင့် နေလာခဲ့သောသူတယောက်။
ယခု သူ့ထံ ရောက်လာသည်။ ကျောင်းတုန်းကလိုပဲ သု့အလှသည် မက်မောဖွယ် ရှိနေသေးပေမယ့် သောကရှိန်ကြောင့် ညှိုးနွမ်းနေပုံရသည်။ ကျောင်းနေဘက်သူငယ်ချင်တယောက် သူ့ခင်ပွန်းအလုပ်ပြောင်းရဖို့အတွက် သူ့ထံ အကူအညီ လာတောင်းသည်။ သူ့မှာ လုပ်နိုင်စွမ်းရှိသည်။ သု့ခင်ပွန်းဖြစ်သူ တိုင်းမင်းကြီးကို အကျိုးအကြောင်း ဖွင့်ပြောလိုက်ရုံပဲဖြစ်သည်။
ဒါပေမဲ့ ရှယ်လီ၏ခင်ပွန်းသည်က တခါက သူ့ချစ်ဦးသူ၊ သူ့နှလုံးသားမှ ပွင့်ဦးကို ရှယ်လီသည် အပင်မှ ကိုင်ဆွဲနုတ်ကာ ယူသွားခဲ့သူတယောက်။ သူ့နှလုံးသားမှာ ဒဏ်ရာ မည်မျှပြင်းထန်စွာ ကျန်ရစ်ခဲ့သည်ကို ရှယ်လီ သိမည်မဟုတ်။
နှလုံးသားမှာ အမြစ်တွယ်နေသောပန်းပင်ကို နုတ်ယူသည်ဆိုကတည်းက နှလုံးသားကို ခွဲစိတ်ပြီးမှ သည်ပန်းကို ယူရမည်ဖြစ်သည်။ သူ့နှလုံးသားကို မည်မျှကုစားခဲ့ရသည်ကို ရှယ်လီသိစေချင်သည်။ အနာတရဖြစ်ခဲ့သောနှလုံးသားမှာ ကွဲကြေပျက်စီးမသွားပေမယ့် အမာရွတ်ကတော့ ထင်ခဲ့သည်။
အချစ်ပြယ်ခဲ့သော်လည်း ဘဝမပျက်အောင် သူ အပြင်းအထန်ကြိုးစား၍ M.Scဘွဲ့ကို ရခဲ့သည်။ ဒါပေမဲ့ တက္ကသိုလ်ဆရာမကြီးဘဝနှင့်ရော တိုင်းမင်းကြီးကတော်ဘဝရောက်သည်အထိ သူ့ဘဝ အဆင်ပြေခဲ့ပေမယ့် နှလုံးသားက အမာရွတ် အသားမသေ၊၊ နာသာခံခက်သော နာကြည်းမှုက ပေါ်ချင်လာတိုင်း နေမထိထိုင်မထိဖြစ်ခဲ့ရသည်။
ကျောင်းမှာတုန်းက သူ့အပေါ်မှာ ကိုကိုလင်းရော ရှယ်လီရော ရက်စက်သည်ထက် ပက်စက်စွာ မျက်နှာပြောင်တိုက်ခဲ့သည်။
တိုင်းမင်းကြီး လင်မယားနှစ်ယောက်အနေနှင့် အောင်လံကို ဖြတ်လာသော ညနေခင်းက လက်ဖက်ရည်ပွဲကို သတိရသည်။ ထိုလက်ဖက်ရည်ပွဲမှာ ပထမဆုံးချစ်ဦးသူနှင့် သူ၏ဇနီးကို ပြန်လည်ဆုံရခြင်းဖြစ်သည်။
ထိုနေ့က သူ့နှလုံးသား၏လှုပ်ရှားမှုကို သူ ပိရိစွာ သိုသိပ်၍ လှပစွာ ဆက်ဆံနိုင်ခဲ့သည်ကို သူ့ကိုယ်သူ အံ့ဩမိပါသည်။ အမှန်တော့ သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သူ့နှလုံးသားလှုပ်ရှားမှုကို လင်းသည်လည်းကောင်း၊ ရှယ်လီသည်လည်းကောင်း ရိပ်မိသိရှိကောင်း သိရှိပါလိမ့်မည်။
တိုင်းမင်းကြီးကတော့ ဘာမှမသိ။ သူ၏သရုပ်ဆောင်မှုသည် ပိရိသည်မှန်သည်။ လူကြီးမယားပီပီ လှိုက်လှဲဖော်ရွေစွာ ဣနြေ္ဒရရ ရှယ်လီကို ဆက်ဆံခဲ့သည်။
ဒါပေမဲ့ အောင်လံကထွက်၍ မကွေးကို ရောက်သောညက ပင်ပန်းပါလျက်နှင့် အိပ်မပျော်သောဝေဒနာကို ခံစားရသည်။ နှလုံးသားမှအမာရွတ်က ပြန်လည်နာကျင်လာသည်။
ယခုပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ အလှည့်ကျ မနွဲ့ရသောလမ်းစဉ်ကို လိုက်မလား။ ပေဖြစ်ရင်ခံ၍ တူဖြစ်ရင် ထုသောလမ်းစဉ်ကို လိုက်မလား။ ယခု သူက တူဘဝ၊ အင်အားအပြည့်နှင့် ရှယ်လီ၏ပေဘဝကို ဝက်ဝက်ကွဲအောင် ထုပစ်လိုက်နိုင်သည်။ သို့သော် လင်းဆိုသူက သူ၏ကိုကို၊ လင်းပြဿနာက သူ၏ချစ်ဦးသူ၏ဘဝပြဿနာ။ သူ့ရင်ထဲတွင် ခွင့်လွှတ်ခြင်းနှင့် လက်စားချေခြင်းသည် တိုက်ခိုက်နေကြသည်။ လင်းရယ် ... ပြဿနာကိုများ ဘာဖြစ်၍ တူးတူးနဲ့ရှယ်လီကြား ထားခဲ့ပါသလဲ။
တခါတုန်းက လင်းသည် ပြဿနာရှင်းခဲ့သည်။ သူတို စတွေ့သောနှစ်က ကျောင်းပိတ်ရက်၊ လင်း သထုံကို လိုက်လာသည်။ သထုံမြို့ထဲတွင် သူငယ်ချင်းအိမ်မှာ တည်းသည်။ သူငယ်ချင်းမောင်နှမနှင့် တခြား ရန်ကုန်မှပါလာသောသူငယ်ချင်များနှင့်အတူ လင်းက သထုံမြို့ပြင်ရှိ တူးတူးတို့အိမ် လာသည်။ တူးတူးက ဖေဖေနှင့်လင်းကို မိတ်ဆက်ပေးသည်။
နေလောင်သောမျက်နှာကြီးနှင့် ဖေဖေ၏ ကြံ့ခိုင်တောင့်တင်းသောခန္ဓာကိုယ်က စိုက်ပျိုးရေးသမားဘဝကို ဖော်ပြနေသည်။ ဖော်ရွေသောအပြုံးနှင့် လင်းကို ပွင့်ပွင့်လင်းလင်း ဆက်ဆံစကားပြောသည်။
"တူးတူး ဧည့်သည်တွေ မနက်စာကျွေးလိုက်၊ ဖေဖေ ခြံထဲသွားဦးမယ်"
တူးတူးဖေဖေက ဒူးရင်းခြံနှင့် သူ့ယာတောရှိရာကို ထွက်သွားသည်။ သူငယ်ချင်းတွေက ခြံထဲလျှောက်ကြည့်ကြသည်။ တူးတူးနှင့်လင်းက ကံ့ကော်ပင်အောက်က ကွပ်ပျစ်မှာ ထိုင်နေကြသည်။
ရွက်စိပ်ပင်ကြီးများသည် တန်ခူး၏နွေအပူကို ကာကွယ်ထားသည်။ ကံ့ကော်ရနံ့က နွေလေတွင် သန့်စင်စွာ မွှေးပျံ့နေသည်။
"လှလိုက်တာတူးတူးရယ်၊ ပန်းတွေကလည်းမွှေး၊ သစ်ပင်ရိပ်ကလည်း အေးနဲ့၊ သထုံမြို့ထဲကနဲ့တောင် မတူဘူး "
ပန်းများကို မော့ကြည့်ကာ လင်းကပြောသည်။
"တူးတူးက ဒီခြံထဲမှာ မွေးတာ၊ ဒါကြောင့် တူးတူးက အေးတိအေးစက်ဖြစ်နေတာ၊ လင်းက တူးတူးတို့ဇာတိမှာ ပျော်တယ်ပေါ့"
"ပျော်တာပေါ့၊ လင်း ကျောင်းပြီးရင် ဒီနေရာလေးမှာ အခြေချပြီး ဆေးခန်းဖွင့်ရရင်ကောင်းမယ်နော်၊ မြို့ကြီးမှာထက် နယ်ကကျေးလက်တွေမှာ ဆေးခန်းက လိုတာ"
တူးတူးက သူ့ဇာတိမှာ ချစ်သူပျော်သည်ဆိုတော့ စိတ်ချမ်းမြေ့သွားသည်။ သူ့ဘဝက ဖေဖေ့ဇာတိမှာ အခြေချချင်ချ၊ မချလျှင် သူသွားရာ ဖေဖေ့ကို အပါခေါ်သွားဖို့ပဲရှိသည်။
"သုံး လေး နှစ် ဆိုရင် တူးတူးတို့ အစီအစဉ် လုပ်နိုင်တာပေါ့ "
"တူးတူး ဆွဲထားလို့သာ၊ လင်းက ခုတောင် လက်ထပ်ထားချင်တာ"
"ဘယ်ဖြစ်မလဲ လင်း၊ နှစ်ယောက်လုံး ပညာစုံမှ ဖြစ်မှာပေါ့"
နောက်နေ့မှာတော့ ဖေဖေ့ခွင့်ပြုချက်နှင့် သူငယ်ချင်းများနှင့်အတူ မြသပိတ်တောင်ကို တက်ကြသည်။
လင်းက ကိုယ်တိုင်ခူးသော ပံ့ကော်ပန်းတွေ ဘုရားဖို့ တချို့ဦးချကာ ကျန်တာတွေ တူးတူးခေါင်းမှာ ဝေနေအောင် ပန်ပေးသည်။ သူငယ်ချင်များကလည်း ကံ့ကော်ပန်းကိုယ်စီနှင့် မြသပိတ်တောင် တက်ကြသည်။
တူးတူးလက်ကို တဖက်က ကိုင်ကာ ပန်းစည်းကို တဖက်ကကိုင်၍ လင်းက တောင်ကို တက်သည်။ ချစ်သူချင်း လက်တွဲတက်ရလေတော့ တောင်အမြင့်သည် သူတို့ကို မောအောင် မစွမ်းနိုင်ပါ။ မြသပိတ်တောင်မှ ဆီး၍မြင်ရသော သထုံမြို့ကလည်း စိမ်းညှို့ရီမှိုင်းနေသည်။
"လင်း ...မောလားဟင်"
တူးတူးက မေးလိုက်၏။
"တူးတူးနဲ့သာ အတူလက်တွဲပြီး တောင်တက်ရမယ်ဆိုရင် ယုဇနာရှစ်သောင်းလေးထောင်မြင့်တဲ့ မြင်းမိုရ်တောင်ကို တက်ရမလား လင်း မမောပါဘူး"
တူးတူးက ရယ်၏။
"ဆေးကျောင်းသားကလဲ မြန်မာစာတော်သားပဲ"
သူတို့သည် သူငယ်ချင်းများကို မေ့နေသည်။ လင်းအတွက် တူးတူး၏ချိုမြသောအသံ၊ ခေါင်းမှ သင်းပျံ့သောကံ့ကော်ရနံ့တွေက ရင်ကို အေး၍ အမောပြေစေပါသည်။ တူးတူးအတွက်ကလည်း ချစ်သူ၏လက်က အားတက်စေပါသည်။
တောင်ပေါ် ဘုရားရင်ပြင်ရောက်တော့ သူတို့နှစ်ယောက် ဘုရားပန်းကပ်ကာ ရှိခိုးကြသည်။
"ပတ္တမြားရောင်ဝါ ...ကံ့ကော်ဖူးတွေနဲ့ .... ဆုထူးပန်ရွယ်ကာ ...."
သူငယ်ချင်းတွေက အဝေးမှ သီချင်းစောင်းဆိုကြသည်။
တန်ခူးလကောင်းကင်သည် ကြည်လင်နေသည်။ တိမ်စင်၍ နေခြည်တောက်ပေမယ့် တောင်ထိပ်သည် နွေလေညှင်းနှင့် အေးမြနေသည်။ ဘုရားမှ ဆွဲလွဲသံသည် ကြည်နူးချမ်းမြေ့ဖွယ် ဓမ္မဂီတကို သီကျူးနေကြသည်။
ထိုတချိန်ပဲ လင်းနှင့်နှစ်ယောက်တည်း တွေ့ခဲ့ရသည်။ ကျောင်းရောက်တော့ အဆောင်ဧည့်ခန်းမှလွဲ၍ လင်းကို တူးတူးအတွေ့မခံခဲ့ပါ။
ကံကော်ပွင့်တွေ ခြံထဲမှာ သင်းပျံ့လာလျှင် ကြေကွဲဆွေးမြေ့သောဝေဒနာက တူးတူးရင်ထဲမှာ ပေါ်လာသည်။ တခါတရံ ညဦးအိပ်မက်များတွင် ကံ့ကော်ရနံ့များ သင်းပျံ့လာတတ်သည်။ အိပ်ရာက နိုးလျှင် ပန်းများကို ရှာမတွေ့၊ သူ့ရင်ထဲမှာတော့ ဆယ့်နှစ်ရာသီမပြတ် တန်ခူးနွေပဲဖြစ်၍ ကံ့ကော်ပန်းများက ပွင့်လျက်။
ယခုတော့ လမ်းတထောက်တွင် ပန်းပျောက်ခဲ့ရသည်။ သူ၏ပွင့်ဦးကေသာပန်းကို ဆွဲယူသွားသူ ရှယ်လီက ပြဿနာတင်လာပြန်သည်။ လင်း၏ပြဿနာ၊ သူနှင့် အလွန်ဝေးကွာသွားပြီဖြစ်သော လင်း၏ပြဿနာ။
နံနက်ရောက်တော့ တိုင်းမင်းကြီး ခရီးထွက်ရာမှ ပြန်လာခဲ့သည်။ ရှယ်လီလာသည့်အကြောင်းကို မပြောဖြစ်သေး။ ညကျမှ အိမ်ပေါ်ထပ် ဆင်ဝင်ခန်းမှာ နှစ်ယောက်သား ထိုင်မိကြသည်။
ကိုကိုကလည်း သထုံသားဖြစ်၍ ရေနွေးကြမ်းနှင့် ငါးရံ့ခြောက်ဖုတ်ကြိုက်သည်။ အအေးတွေ အရက်တွေ မကြိုက်သည်ကိုပဲ ကျေးဇူးတင်ရသည်။
သူသည် ရေနွေးကြမ်းငှဲ့ပေးရင်း အသောက်အစားမရှိသော လင်သည်ကို ကျေးဇူးတင်မိသည်။ တချို့အရာရှိကတော်များဆိုလျှင် ယခုအချိန် အရက်နှင့်အမြည်း တည်ခင်းကျွေးမွေးနေရပြီ။
သူသည် တိုင်းမင်းကြီး ငြိမ်သက်တည်ငြိမ်မှုကိုကြည့်ရင်း လေးစားသောစိတ်နှင့် အရှိန်အဝါကို တွေးနေမိသည်။
ဘာပဲဖြစ်ဖြစ် လင်သည်က အာဏာရှိသည်၊ တန်ခိုးရှိသည်၊ ဒါထက်မက လေးစားထိုက်သော စာရိတ္တရှိသည် ဆိုလျှင် ထိုအရှိန်အဝါကို ဇနီးဖြစ်သူက ခိုလှုံရမြဲဖြစ်သည်။ ခင်ပွန်းသည်ထံမှ ရရှိသောအရှိန်အဝါကို ဘယ်လိုအသုံးချမလဲ။ သူ ခိုလှုံရသော အရိပ်၏အေးချမ်းမှုကို သူ ခွဲဝေပေးစွမ်းနိုင်ရမည်။ သူ တွေးရင်း အဖြေရလိုက်သည်။
"တူးတူး ငြိမ်လှချည်လား"
ငါးခြောက်တမြောင်းကို ဝါးရင်း ဦးဘဇံက ပြောလိုက်သည်။
"တူးတူး စဉ်းစားနေလို့ ကိုကို"
"ဘာကိုလဲ"
"ဟို ...တူးတူးတို့ မကွေးအလာ အောင်လံကိုဖြတ်တဲ့နေ့ သတိရသေးလား၊ ညနေ လက်ဖက်ရည်ပွဲနဲ့ ဧည့်ခံတယ်လေ"
ဦးဘဇံသည် ခေတ္တ စဉ်းစားနေသည်။
"ဆိုပါဦး တူးတူး၊ အဲဒါ ဘာဖြစ်လဲ"
"တူးတူးသူငယ်ချင်း ရှယ်လီဆိုတာနဲ့ ကိုကို့ကို မိတ်ဆက်ပေးတယ်လေ"
"ေဩာ် ...ဒေါက်တာလင်းရွှေအောင်ရဲ့ဇနီးဆိုတာ "
ကိုကိုသည် လင်းရွှေအောင်နာမည်ကိုလည်း မှတ်မိနေ၍ သူ့ရင်ထဲ ဒိတ်ကနဲဖြစ်သွားသည်။
"ဟုတ်တယ်ကိုကို၊ သူ့နာမည်က ရှယ်လီ၊ သူ မနေ့က တူးတူးဆီလာသွားတယ်၊ အကြောင်းကတော့ ဒေါက်တာလင်းရွှေအောင်ကို ရန်ကုန်ပြောင်းဖို့ လုပ်ပေးပါတဲ့၊ ရန်ကုန်မှာဆို နောက်ထပ်ဘွဲ့တွေအတွက် စာကြည့်နိုင်တယ်၊ ကြိုးစားနိုင်တယ်ပေါ့"
တူးတူးသည် စကားပြောရင်း အသံမှန်အောင် သတိနှင့် ထိန်းနေသည်။ သူ့စိတ်ထဲမှာ ထိုအကြောင်းပြောရသည်ကို စိတ်ကမလုံ။ ဦးဘဇံက ဘာမှမဖြေသေးဘဲ ငြိမ်သက်စွာ တွေးနေသည်။ အတန်ကြာမှ စကားစသည်။
"ဒီမိန်းမ တော်တော်ချောတယ်နော်"
ဦးဘဇံ စကားစလိုက်တော့ တူးတူး အံ့အားသင့်သွားသည်။
"ဟုတ်တယ်ကိုကို၊ အင်လျားဆောင်မှာဆို ကွင်း (Queen)လို့တောင် မခေါ်ဘူး။ ဧကရီ (Empress)လို့ ကျောင်းသူတွေက ခေါ်ကြတာ"
"တက္ကသိုလ်မှာ တခေတ်တော့ တယောက်ပဲ ရှိတာပဲ၊ မယ်တက္ကသိုလ်တွေလည်း တော်တော်ခေတ်စားလိုက်တယ်။ ဒါပေမဲ့ တချို့မယ်တွေ လင်ကောင်းသားကောင်း များသောအားဖြင့် မရကြဘူး။ လင်ကံဆိုးတာပေါ့"
သူပြောသောအကြောင်းနှင့် ဦးဘဇံစကားသည် ဘယ်လိုအဆက်အစပ်ရှိသည်ကို တူးတူးက တွေးနေသည်။
"တူးတူးသူငယ်ချင်း ရှယ်လီယောက်ျားက လူတော်ပါပဲ၊ လူနာတွေအပေါ်မှာ အင်မတန်ဂရုစိုက်တဲ့လူ"
ဘုရား ...လင်းရွှေအောင်အကြောင်းကို ကိုကိုသိနေပြီဆိုတော့ သူနှင့်လင်းအကြောင်းကိုရော ကိုကိုသိနေပါပြီလား။
"အခွဲအစိတ်ပညာတော်တော့ ရှေ့တိုးတက်ဖို့ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဟိုတောင်ပေါ်မြို့လေးမှာ မိန်းကလေးတယောက်နဲ့ သူဖြစ်ခဲ့တဲ့အဖြစ်အပျက်အတွက် လူကြီးတွေက မကျေနပ်ကြဘူး"
"တူးတူး အဲဒါတွေ မသိပါဘူး "
" ကိုကို့ကိုလည်း အောင်လံက နယ်ပိုင်နဲ့ တောင်ကြီးက အရေးပိုင်ပြောလို့ ကိုကိုသိတာ၊ အေးလေ တူးတူးသူငယ်ချင်းလည်းဖြစ်နေ၊ ပြီးတော့ ဆရာမနဲ့ ပြဿနာရှင်းသွားအောင် လင်းရွှေအောင် ရန်ကုန်ပြောင်းတာပဲ ကောင်းပါတယ်"
"ဆရာမနဲ့ ပြဿနာ ...."
တူးတူးက ထပ်၍မေးလိုက်၏။ သူ ဘာမှမသိ။
"ဟုတ်တယ်၊ တူးတူး ဘယ်သိမလဲ။ ကိုကို့ကို ကလပ်မှာ အောင်လံက နယ်ပိုင် လာတုန်းက ပြောသွားတယ်။ ဆေးဝါးကုသမှုမှာတော့ လူတော်ပဲတဲ့၊ မိန်းမကတော့ ပွေသတဲ့"
သူ့ချစ်ဦးသူသည် ရှယ်လီ့လက်ထဲမှာပင် တောင်ပေါ်မြို့လေးမှာလည်း မိန်းမပြဿနာဖြစ်ခဲ့သေးသည်။ ယခုလည်း ဆရာမနဲ့တဲ့။ ရှယ်လီ ထိုစိတ်ဒုက္ခတွေကြောင့် နွမ်းဖျော့ဖျော့ဖြစ်ဟန်ရှိသည်ကို သူ သတိပြုမိသည်။
ရှယ်လီတို့အကြောင်း တွေးရင်း ဦးဘဇံစကားများကို သတိရသည်။ ပြီးတော့ ဦးဘဇံသဘောထားနှင့် စာရိတ္တ၊ ဦးဘဇံလိုလူမျိုးကို သူ ရခြင်းသည် အိမ်ထောင်ရေးမှာ သူ အလွန်ကံကောင်းသည်။
ဦးဘဇံမှာ အာဏာနှင့်အရှိန်အဝါတွင်မက သမာဓိလည်း ရှိသည့်သူတယောက်ဖြစ်သည်။ လင်၏အရှိန်အဝါကို မှီခိုအသုံးချ၍ ရှယ်လီကို သူ ကူညီလိုက်နိုင်သည်ကို သူ ကျေနပ်မိပါသည်။
သို့သော် တနေ့နေ့တော့ သူနှင့်ကိုကိုလင်း တက္ကသိုလ်မှာ နေစဉ်က အကြောင်းတွေကိုတော့ ဦးဘဇံကို ဖွင့်ဟပြောရမည်။ ရင်ထဲမှာ အစဉ်မွှေးပျံ့နေသော ကံ့ကော်ပန်းရနံ့အကြောင်းကို ဦးဘဇံ သိထားဖို့လိုသည်။
ယခု သူ၏ကူညီခြင်းသည် ရှယ်လီကို ကူညီခြင်းလား၊ ချစ်ဦးသူကို ကူညီခြင်းလား။ ချစ်ဦးသူအတွက် ဦးဘဇံထံမှ အကူအညီတောင်းမိသည်ဆိုရင်တော့ သူသည် ဦးဘဇံအပေါ်မှာ မတရား၊ သူ့စိတ်က သူ့ကို ခြောက်၍နေသည်။
ဆက်ရန်
-----------------------------
0 Comments