မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၁၄)
၂၀။
ပစ္စည်းများအားလုံး သိမ်းဆည်းပြီးကြပြီး နက်ဖြန်တနင်္ဂနွေနေ့ နံနက်စောစော ဦးရွှေဇံအောင်က ကားကြီးတစ်စီး ပစ္စည်းသယ်ယူရန် လွှတ်လိုက်မည်ဆိုသည်။ ရှယ်လီက စနေနေ့ညနေ သားနှင့်သမီးကို ခေါ်ကာ ဟံအေးက ကားမောင်း၍ ခင်မေတို့အိမ်ဘက်ကို ထွက်လာခဲ့သည်။
ခင်မေ့ကို အိမ်မှာ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရသည်။ ရှယ်လီတို့မိသားစုကို ခင်မေက ကြည့်နေသည်။
"လာပါ အမ၊ ကျွန်မလည်း အခုမှ စျေးရောင်းက ပြန်ရောက်တယ်၊ ဖျာပေါ်မှာ ထိုင်"
ခင်မေက ဖျာဟောင်းလေးတချပ် ခင်းပေးသည်။
"သားဂျင်မီနဲ့ အင်နီ ... လာ ထိုင်"
ကလေးတွေသည် သူတို့မာမီလုပ်သည်ကို ဘာမှ နားမလည်။ ခပ်ကြောင်ကြောင်နှင့် ထိုင်ကြသည်။ အိမ်လေးသည် အိမ်ဆိုတာ မတ်တပ်ပါပဲ၊ တာလပတ်မိုး၍ ထရံကာထားသည်။ ရှေ့မှာ ဝါးလုံးတိုင်နှစ်တိုင် ထောင့်ထောင့်နှင့် တာလပတ်ကို ချည်ထား၍ နောက်က သံစည်းရိုးတိုင်ကို ချည်ထားသည်။ အောက်ခင်းက ပလက်ဖောင်းကျောက်ပြားဖြစ်သည်။ ကျောက်ပြားပေါ်မှာ ဖျာကြမ်းခင်းထားသည်။ အိုးခွက်နှင့်မီးဖိုက အိမ်ပြင် ပလက်ဖောင်းပေါ်မှာ။ ပတ်ဝန်းကျင်အနံ့အသက်က ရေမြောင်းပုပ်နံ့ထွက်နေသည်။
"မခင်မေယောက်ျားရော၊ ဒါက သားလား ..."
ရှယ်လီက မေးလိုက်တော့ မီးဖိုနားမှာ ထိုင်နေသောသူငယ်လေးက အံ့အးသင့်သွားပုံရသည်။ သမီးငယ်ကတော့ ငေးကြည့်နေသည်။
"ကိုဘထွန်း အလုပ်ကပြန်မလာသေးဘူး။ ဒါက သား ...တင်ဖေပါ။ သူ ကျောင်းမှာ ၄တန်း ရောက်ပြီ။ ဒီနေ့ ညနေဘက်ထွက်မယ့်သင်္ဘောတွေမှာ သူက ဈေးရောင်းရတယ်။ တနင်္ဂနွေဆိုလည်း ကျောင်းအားတော့ မနက်ဘက်ထွက်တဲ့သင်္ဘောတွေမှာ ဆေးလိပ် မီးခြစ် အတိုအထွာလေးတွေ ဗန်းနဲ့ထည့်ပြီး သင်္ဘောပေါ်မှာ ရောင်းရတယ်။ သား ...လာလေ၊ ဟိုနေ့က အမေ့ကို ငွေ ၂၀ ကျပ်ပေးသွားတဲ့အမ"
သားဆိုသူသည် မဝံ့မရဲ သူတို့အနား လာကာ ဂျင်မီနှင့် ရှယ်လီကို ကြည့်နေသည်။ သူ့ပုဆိုးအနွမ်းနှင့် ရှပ်အင်္ကျီအစုတ်ကြောင့် ရှက်သလိုဖြစ်နေသည်။
"ကိစ္စရှိရင် မခင်မေ ဒေါ်သန်းရီကတဆင့် ကျွန်မကို ဆက်သွယ်ပေါ့၊ ကျွန်မက စကော့စျေးထဲမှာ ဆိုင်ရှိတယ်၊ အောင်လံစတိုးပါ။ လာခဲ့နိုင်ပါတယ်။ မောင်တင်ဖေကလည်း မှတ်ထား၊ ဒါ အန်တီ့သားနဲ့သမီး၊ မောင်တင်ဖေတို့အတန်းမှာ သင်ရတဲ့စာအုပ်တွေ မရှိတော့ဘူး။ သား ငါးတန်းတက်တော့ စာအုပ်ဝယ်ဖို့ စာအုပ်ဖိုး အန်တီငွေ ၅၀ကျပ် ပေးခဲ့မယ်"
ရှယ်လီသည် ငွေထုတ်ကာ ဖျာပေါ်ချလိုက်သည်။
"ကျေးဇူးတင်လိုက်တာ အမရယ်၊ သင်္ဘောပေါ်မှာ သူ စျေးရောင်းလို့ရတာလေးက သူ့ကျောင်းမုန့်ဖိုး စာအုပ်ဖိုး ပိုသုံးရတာပေါ့၊ သူ့အဖေကလည်း ပေးပါတယ်။ သူ့အဖေကတော့ အငယ်မကို ရှေ့နှစ်ကျရင် ကျောင်းထားမယ်တဲ့။ ဟိုနေ့က အမပေးတဲ့ငွေ ၂၀ကျပ် အမပြောတဲ့အတိုင်း ပုစွန်ခြောက်ကြွေး ကျန်တာလေး ဖဲ့ဆပ်လိုက်တယ်၊ ကျေးဇူးတင်လိုက်တာ"
"ဟုတ်တယ်၊ ကလေးတွေကိုတော့ ကျောင်းထားပေးပါ။ ကဲ ကျွန်မ ပြန်လိုက်ဦးမယ်"
မခင်မေတို့မိသားစုသည် တအံ့တဩ ငေး၍ ကျန်ရစ်သည်။ ငွေ ၅၀ကျပ် လုံးခနဲ ရဖို့ဆိုတာ သူတို့မိသားစုမှာ မလွယ်။
အိမ်ပြန်ရောက်တော့မှ ရှယ်လီက ဂျင်မီနှင်အင်နီကို ပြောပြသည်။
"သားနဲ့သမီးတို့ကတော့ မာမီ ဘာတွေလုပ်နေလဲလို့ ထင်မှာပဲ၊ နက်ဖြန် သားတို့ဘိုးဘိုးဘွားဘွားအိမ်ကို ပြောင်းရတော့မယ်။ ဘိုးဘိုးတို့ဆီရောက်ရင် မခင်မေတို့ဆီ သွားဖို့ မလွယ်တော့ဘူး။ မခင်မေသား မောင်တင်ဖေ ကျောင်းဘယ်လိုနေရတယ်ဆိုတာ သားတို့ သိစေချင်လို့၊ သူတို့နေရတဲ့ အိမ်ဆိုတာလည်း သားတို့မြင်စေချင်လို့၊ ဒါပဲ"
ဂျင်မီကတော့ မိခင်ဖြစ်သူ ဘာဆိုလိုသည်ကို သိကြောင်း မျက်လုံးနှင့် ဖော်ပြ၏။ အင်နီကတော့ ခပ်တွေတွေပဲ မိခင်ကို ငေးကြည့်နေသည်။ သူ့လက်ချောင်းလေးများ ပွတ်သပ်နေသည်။ သူ့မျက်လုံးသည် မိခင်၏ဆိုလိုချက်ကို သဘောပေါက်မပေါက် တစုံတရာ အမူအရာမပြပါပေ။
နောက်နေ့ စနေနေ့မှာတော့ သူတို့ဆီ ထရပ်ကားကြီးတစီးနှင့် ဒေါ့ဂျစ်တစီး ဦးရွှေဇံအောင်က ပို့လိုက်သည်။ တနေ့တည်း အင်းလျားအိမ်ကို အပြီးပြောင်းကြသည်။ ဦးရွှေဇံအောင်တို့အိမ်မှာ တစ်ဧကလောက်ကျယ်ဝန်းသော ခြံကြီးထဲမှာ ဆောက်ထားသော နှစ်ထပ်တိုက်ကြီးဖြစ်သည်။ မာမီက ရှယ်လီနှင့်အင်နီကို အိပ်ခန်းတခန်း အပေါ်ထပ်မှာ ပေးသည်။ သားဂျင်မီကိုတော့ သီးသန့်လုံးချင်း အခန်းလေး ပေးသည်။ ယောက္ခမနှစ်ယောက်လုံး အမူအရာက သူတို့မိသားစုတွင် အထူးသဖြင့် ဂျင်မီကို အထူးဂရုတစိုက်ရှိကြောင်း ထင်ရှားသည်။
ဦးရွှေဇံအောင်က ထောင်ထောင်မောင်းမောင်း၊ မျက်ခုံးမျက်လုံး နှာတံတို့က ရခိုင်ဆန်သည်။ နှာတံပေါ်ပေါ်၊ မျက်ခုံးထူထူနှင့် မျက်လုံးက ညိုမှောင်တည်ငြိမ်သည်။ အရာရာကို လွှမ်းမိုးနိုင်စွမ်းသော စွမ်းအားရှိပုံရသည်။ စကားနည်းပုံရ၍ ပြောစရာရှိလျှင်တော့ အေးအေးဆေးဆေး အချိန်ယူ၍ပြောသည်။ အသားကတော့ ညိုသည်။
ဒေါ်စံကျော့ခိုင်က အသားဖြူသည်။ လင်း၏ခပ်စင်းစင်မျက်လုံးမှာ ဒေါ်စံကျော့ခိုင်ထံမှ အမွေရထားပုံပေါ်သည်။ နှာတံသွယ်သွယ်၊ နှုတ်ခမ်းပါးပါးလေးနှင့် စကားများများပြောတတ်သော်လည်း အေးအေးဆေးဆေးပြောတတ်သည်။ ဘီးဆံပတ်ကြီးကြီးကို ခပ်မြင့်မြင့်ပတ်ထားပေမယ့် သူ့မျက်နှာ သွယ်သွယ်ဖြူဖြူနှင့် လိုက်ဖက်သည်။
အသက်ကြီးလာသော်လည်း ဗိုက်ရွှဲတင်ကားသော ပုံစံမျိုးမဟုတ်။ ပိန်ပိန်သွယ်သွယ်၊ နွဲ့ယဉ်သောကိုယ်လုံးနှင့် ငယ်စဉ်က အတော်လှပချောမောဟန်ရှိသော ပုံစံမျိုးဖြစ်သည်။ တဖြည်းဖြည်းနှင့် နေသာထိုင်သာ အသက်ရှူရချောင်သလိုတော့ ရှယ်လီ ခံစားရသည်။ ယခင်က တွေးထင်ထားသလို မာကျောကျော ဟန်တခွဲသားနှင့် အနောက်တိုင်းဆန်ဆန် ပုံစံမျိုးမဟုတ်။ ဦးရွှေဇံအောင် ထမင်းမစားခင် အရက်သောက်တတ်ဟန်ရှိသည်။ သီးသန့်အခန်းလေးမှာ ဒေါ်စံကျော့ခိုင်က စီစဉ်ပေးသည်။
ဒါပေမယ့် ဣနြေ္ဒမပျက်၊ လူကြီးလူကောင်းပီသစွာ သောက်ပုံရသည်။ ထမင်းစားခန်းကို ဝင်လာလျှင် တည်တည်ငြိမ်ငြိမ်ရှိသည်။ သောက်ထားသည်ဟု မထင်ရ။
ဒက်ဒီရော မာမီရော ထမင်းဝိုင်းမှာ မြေးများနှင့်အတူ စားချင်ကြသည်။ သို့သော် ညစာမှ မိသားစု စုံစုံညီညီ စားဖြစ်သည်။ ဇွန်းခက်ရင်းနှင့် စားသည်ကလွဲ၍ ဟင်းစပ်ကအစ ရခိုင်ဆန်သည်။ ငရုတ်သီးများများ သုံးသည်။
ထမင်းစားစဉ်ဆိုလျှင် ဒေါ်စံကျော့ခိုင်က ဦးရွှေဇံအောင်ကို အထူးဂရုစိုက်သည်။ ဒုတိယကတော့ ဂျင်မီကို အရေးပေးသည်။ ရှယ်လီကိုယ်တိုင် ယောက္ခမများကို ထမင်းဟင်း ဦးချပြီးမှ ထမင်းစားသည်။ ထမင်းစားပြီး ယောက္ခမကြီးနှစ်ယောက်လုံး လက်ဖက်သုတ်စုံကြိုက်တတ်၍ ရှယ်လီက အင်နီကို မှာထားသည်။ ထမင်းစားပြီးတိုင်း အဘိုးအဘွားများအတွက် လက်ဖက်သုတ်နှင့် ရေနွေးကြမ်းကို အင်နီကိုယ်တိုင် ပြင်ကာ အဘိုးအဘွားရှေ့မှာ ချထားပေးရသည်။
အင်နီက အေးစက်စက်နေတတ်ပေမယ့် မီးဖိုမှာ ဘွားအေနှင့် အလိုက်သင့်စွာ ရခိုင်ဟင်း အချက်အပြုတ်သင်ယူ၍ အဘွားက ကျေနပ်ပုံပေါ်သည်။ ဘုရားသောက်တော်ရေ လဲလှယ်၍ ဆွမ်းကပ် ပန်းကပ်တာဝန်ကိုတော့ ရှယ်လီယူကာ ကိုယ်တိုင်လုပ်သည်။
ညစာစားပြီးချိန်မှာတော့ စာဖတ်ခန်းမှာ သားသမီးတွေနဲ့အတူ ရှယ်လီ စာဖတ်သည်။ သူ စာဖတ်ချင်သည်ကလည်း တကြောင်း၊ သားသမီးတွေ မှန်မှန် စာကျက် မကျက် သိလို၍တကြောင်း မသိမသာ အနားမှာ ထိုင်၍ စာဖတ်ပေးလိုက်သည်။
ဂျင်မီ တက္ကသိုလ်သို့ တက်ရောက်မည့်နေ့ မတိုင်ခင်နေ့ရက်မှာ ဦးရွှေဇံအောင်က မြေးများကို ပြောသည်။
"ဂျင်မီ ကျောင်းတက်ရင် ဆေးကျောင်းသားဆိုတော့ ရှိုးထုတ်ချင်မှာပဲ၊ ဘောင်းဘီ ဝတ်ချင်ဝတ်ပေါ့၊ နက်ဖြန်ကျောင်းစတက်တဲ့နေ့မှာတော့ ပုဆိုးနဲ့ တိုက်ပုံအင်္ကျီ ဝတ်စေချင်တယ်။ ဘိုးဘိုးတို့ခေတ်က ကောလိပ်ကျောင်းသားဆိုတာ မပြောလဲ သိရတယ်၊ လုံချည်ဆိုလည်း မန္တလေး ပိုးလုံချည်၊ ဗန်ကောက်လုံချည်နဲ့၊ ဆံပင်ကလည်း သပ်သပ်ရပ်ရပ် ဖြီးပြောင်လို့၊ တိုက်ပုံအင်္ကျီနဲ့ မြင်ရုံနဲ့ လေးစားစရာ"
"ဖေကြီးကလဲ ဘိုးတော်ဘုရားခေတ်ကိုပြောနေပြန်ပြီ၊ ဘွားတို့ခေတ်က တက္ကသိုလ်ကျောင်းသူ ဘီးဆံထုံး ထုံးရတယ်။ ခုခေတ် ဒီလို ထုံးရရင် ဘတ်စ်ကားပြေးတက်ရတာနဲ့ အရှက်ကွဲရော"
ဒေါ်စံကျော့ခိုင် ဝင်ပြောရင်း ရယ်လိုက်သည်။
"ဘိုးဘိုးရာ ဘန်ကောက်လုံချည်မဝယ်နိုင်တဲ့ကျောင်းသား ဘယ့်နှယ်လုပ်မလဲ"
ဂျင်မီက မေးလိုက်သည်။
"ပလေကပ်လုံချည်ကိုပဲ သေသေသပ်သပ်ဝတ်ကြတယ်။ ဘိုဘိုးပြောတာက အဖိုးတန်တဲ့အဝတ်မဟုတ်လည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဝတ်စေချင်တာပါ။ Neat and tidyပေါ့။ အမြဲတမ်း ပုဆိုးဝတ်ရမယ် မဆိုလိုပါဘူး။ ဘောင်းဘီလည်း ဝတ်နိုင်တယ်။ ပုဆိုးဝတ်ရင်တော့ ရှပ်အင်္ကျီအပေါ်မှာ တိုက်ပုံဝတ်စေချင်တယ်"
ဦးစံရွှေအောင် စကားဆုံးတာ့ ရှယ်လီက ဝင်ပြောရသည်။
"ဂျင်မီတို့ဒက်ဒီဝတ်သွားတဲ့ တိုက်ပုံတွေ ရှယ်လီသိမ်းထားပါတယိ ဒက်ဒီ။ ဂျင်မီက ထွားလာတာနဲ့ အတော်ပါပဲ၊ ရှယ်လီ ထုတ်ပေးလိုက်ပါ့မယ်"
ထိုနေ့ညမှာတော့ ဂျင်မီအတွက် ရခိုင်ပိုးလုံချည်နှစ်ထည်နှင့် ချည်လုံချည်သုံးထည် ဦးရွှေဇံအောင်က ဂျင်မီ့အခန်းကို ပို့လိုက်သည်။ ဂျင်မီက ဝမ်းသာအားရ ရှယ်လီကိုပြ၍ ရှယ်လီက သားကို ပြောပြသည်။
"သားအတွက် ဘောင်းဘီလည်း သက္ကလတ်တစ်ထည်နဲ့ တက်ထရက်နှစ်ထည်ပဲ မာမီ ဝယ်ပေးနိုင်မယ်။ ရိုရိုသေသေဝတ်နော်၊ ဘိုးဘိုးတို့က ချမ်းသာတာ၊ မာမီက ချမ်းသာတာမဟုတ်ဘူး၊ အခါခပ်သိမ်း အဘိုးကြီးအဘွားကြီးကို တာဝန်ပေးလို့မဖြစ်ဘူး"
" သား နားလည်ပါတယ် မာမီ"
"သားတို့အဘိုးအဘွား ချမ်းသာတာကတခြား၊ သားတို့ဟာ ငွေဇွန်းကိုက်မွေးလာတာမဟုတ်ဘူး။ သားကိုယ်တိုင် ကြိုးစားပညာသင်ပြီး အလုပ်ကြိုးစားလုပ်လို့ ရလာတဲ့ငွေမှ သားငွေအစစ်၊ တို့ သူဌေးမြေးတွေဆိုပြီး အောက်ခြေမလွတ်စေချင်ဘူး။ တက္ကသိုလ်ဆိုတော့ ၁၀တန်းလိုမဟုတ်ဘူး။ လွတ်လပ်တယ်လေ"
သားအမိ စကားပြောနေစဉ် ဒေါ်စံကျော့ခိုင် ဝင်လာသည်။ လက်ထဲမှာ စာအုပ်လေး အသေးနှစ်အုပ် ပါလာသည်။ ရှယ်လီက နေရာပေး၍ ခုတင်ဘေး ကုလားထိုင်မှာ ဒေါ်စံကျော့ခိုင် ထိုင်လိုက်သည်။
"ဒီစာအုပ်နှစ်အုပ်က စာရင်းစာအုပ်၊ ဂျင်မီနဲ့အင်နီ တအုပ်စီယူ"
ဘွားအေ လှမ်းပေးလိုက်သည်ကို အင်နီနှင့်ဂျင်နီက လှမ်းယူကြသည်။
"ဟိုတုန်းကတော့ ရှယ်လီ ကလေးတွေကို မုန့်ဖိုးဘယ်လိုပေးလဲ"
ဒေါ်စံကျော့ခိုင်က မေးလိုက်သည်။
"တနေ့တကျပ်ပါ မာမီ၊ တလစာ ပေးပေးထားပါတယ်၊ တက္ကသိုလ်ရောက်လည်း ရှယ်လီ တကျပ်ပဲပေးမှာပါ"
(ထိုစဉ်က လက်သုတ်စုံ၊ မုန့်ဟင်းခါး ဘာစားစား တပန်းကန် ငါးမူး (ပြား၅၀)ဖြစ်၍ နန်းကြီးသုတ် တပန်းကန်စားပြီးတောင် ငါးမူးပိုသေးသည်။ လက်ဖက်ရည်တခွက်က ၂၅ ပြား)
" အေးပေါ့၊ မင်းတို့မာမီ ဘယ်လောက်ပေးပေး ဒီစာရင်းစာအုပ်မှာ မှတ်ရမယ်။ ဘွားဘွားတို့ပေးလည်း မှတ်ရမယ်။ တနေ့ ဘယ်လောက်သုံးတယ်ဆိုတာလဲ ရက်စွဲနဲ့ မှတ်ရမယ်၊ ဘွားဘွားကြည့်ချင်တဲ့အချိန် ကြည့်မယ်၊ ဂျင်မီတို့ကျမှ ဘွားဘွားလုပ်တာမဟုတ်ဘူး။ ဘွားဘွားသားသမီးတွေအားလုံး ကျောင်းသားဘဝကတည်းက စာရင်းစာအုပ်ကလေးတွေ ကိုယ်စီပေးထားတယ်၊ သူတို့သုံးစွဲထားသမျှ ရေးမှတ်ထားရတယ်။ ဒါပါပဲ၊ ဘွားဘွား သွားမယ်"
ဒေါ်စံကျော့ခိုင်သွားရာကို အင်နီနှင့်ဂျင်မီက ငေးနေသည်။ သူတို့သည် စည်းစနစ်အသစ်တခုနှင့် စတင်တွေ့ကြပြီ။ ရှယ်လီအဖို့တော့ မထူးပါ။ လင်း သူ့ကို လက်ထပ်ကတည်းက စာရင်းနှင့်အင်းနှင့် သုံးစွဲစေရသည်မှာ ဒေါ်စံကျော့ခိုင် လေ့ကျင့်ပေးလိုက်သော ငယ်ငယ်ကတည်းက အကျင့်ဖြစ်သည်ကို သဘောပေါက်လာသည်။ ရှယ်လီသည် ကလေးတွေအဖေနှင့် ရကတည်းက စာရင်းစာအုပ်လေးကိုင်၍ သုံးစွဲရကြောင်း သားနှင့်သမီးကို ရှင်းပြလိုက်သည်။
ဆက်ရန်
------------------------
0 Comments