အချစ်ဟူသည်ကား - အေးကြူ (ဝတ္ထုတို)

အချစ်ဟူသည်ကား (အေးကြူ) 
---------------------------

(၁) 

....... 

လှဖေသည် ပု၏၊ ဝ၏၊ မဲ၏။ သို့သော် ကပ္ပလီထက် အသားဖြူ၍ ဂေါ်ရင်ဂျီထက် တောက်ပြောင်၏။ မျက်လုံးပြူး၏၊သွားခေါ၏၊ “ဘီလူးမောင်” ဟူသောဘွဲ့ထူးကို အထူးအော်နာနှင့် အောင်လာ၏။ ဖင်ကောက်၏၊ ဂွတို၏၊ ပစ်ဂမီလူမျိုးကို တိရစ္ဆာန်ရုံထဲဝယ် လှောင်ပြထားသည်ဟု ထင်စရာဖြစ်၏။ “ ထီးဖွင့်စမ်း” “ အန်ဘရားလား အိုပင်း” စသည့် ကျိုးပဲ့သော အင်္ဂလိပ်စကားကို တရုတ် လင်ပန်း ဂေါ်ရင်ဂျီဝင်စမ်းသည့်နှယ် စကားကြွယ်တတ်၏။ မျက်လုံးစွေတေတေနှင့် ပြောသည့်အခါ ဘီယာငါးပုလင်း တစ်ပြိုင်နက် မျိုချသဖြင့် ပူလောင်သော ဝေဒနာနှင့် အန်အော့ချင်လာတတ်သော ရောဂါမျိုးကို ခံစားရတတ်၏။ တိုတိုပြောမည်။ လှဖေကား လူပျိုတည်း။ 

လူပျိုလည်း ဖြစ်သည်။ သွားစိုက်ဆရာကြီးလည်း ဖြစ်သည်။ သူ့ကိုယ်သူ လယ်ယာဝေငှရေး လူကြီး၊ ပြည်တော်သာအဖွဲ့ဝင် လူကြီးတို့ထက်ပင် ဘဝင်မြင့်နေ၏။ စည်ပေါင်းကို ကောင်းကင် လွှတ်သည့်နှယ် အတွေးကလည်း ကြွယ်၊ ဟိုနှယ်သည်နှယ် စဉ်းစားတတ်လာသောအခါ “ပင်နယ်စလင်ဖိုးကလည်း ကုန်လှပြီဟေ့၊ ဘလပ်တက်(Blood Test) လည်း ခဏခဏ မလုပ်နိုင်တော့ဘူး ဟေ့” ဟု ဟစ်ကြွေးလေ၏။ အနက်ပြန်ရသော် “ မိန်းမလိုချင်ပြီဟေ့” ဟု ဟစ်ကြွေးခြင်းပင် ဖြစ်သတည်း။

ဝမ်းနည်းစရာကောင်း၏။ ရှက်စရာကောင်း၏။ ကြက်သွန်ငွေ့ မျက်လုံးထဲ ဝင်သလို လှဖေသည် မျက်ရည်ဖြိုင်ဖြိုင် ကျရှာ၏။ ဖ.ဆ.ပ.လ၊ မင်းမနိုင်၊ သွင်ရုံ လောင်သည့်မီးထက် လှဖေ ရင်ထဲမှမီးက ပိုမိုပူလောင်၏။ လှဖေရင်ထဲဝယ် ဟိုက်ဒရိုဂျင်ဗုံး စမ်းသကဲ့သို့ ဖြစ်နေ၏။ အကြောင်းကား လှဖေကိုကြိုက်မည့်မိန်းမ လောကဝယ် မမွေးသေးဟု ဆိုသောကြောင့်တည်း။ 

ကုလားဇာတ်ကားထဲက မင်းသမီး လွမ်းသည်ထက် လှဖေက ပိုလွမ်းရှာ၏။ ဝမ်းဘဲဥ မြေပေါ်သို့ ကျကွဲသည့်နှယ် လှဖေသည် ဗုန်းဗုန်းလဲရှာ၏။ အရက်ကို ပိုသောက်၏။ “ ငခွေး” ဟိုတယ်ဝယ် စပ်ဆေးနှင့် ထန်းရည်သုံးပုလင်းကို ကွမ်းသီးခြမ်းနှင့် မြည်း၍ သောက်ပြီးသည့်အဆုံး လှဖေ ခေါင်းဝယ် အသိဥာဏ်တစ်ခု ကိုရီးယားအရေး ဆွေးနွေးကြသော အမှုဆောင်ကြီး၏ တင်္ခနုပ္ပတ္တိဉာဏ်မျိုးကဲ့သို့ ဝင်လာ၏။ 

နိပ်၏၊ ဟန်၏၊ ဘတ်ဂျက် လက်ခံသဖြင့် ဝမ်းသာသော ဘဏ္ဍာရေး ဝန်ကြီးကဲ့သို့ ပျော်မြူးရှာ၏။ “ငါဒီရွာက ထွက်သွားတော့မယ်၊ ဒိပြင်ရွာက ချောချောတွေ ရှာယူမယ်” ဟူသတည်း။ ကောင်းလိုက်သည့် အကြံ။ တီစီအေ ပါရဂူများက ပေးရော့ထင့်။ ထခုန်လော့ အချင်း မောင်လှဖေ။ 

ထို့နောက် လှဖေသည် ရွာက ပျောက်သွားလေ၏။

(၂)

ဇာတာထဲရှိ ရက်ကိုတွက်ကြည့်ရာ ၅၉နှစ်၊ သုံးလ၊ လေးရက် ရှိပြီကို တွေ့ရ၏။ ရက်ချုပ် တွင်လည်း ၅၉နှစ်ကျော်ပြီ ဖြစ်သည်ကို တွေ့ရသဖြင့် “ မမစူး” သည် အလွန်စိတ်ပျက် သွားလေ၏။ 

ခက်၏။ “ ဒွန္နယာကြီးဟာ အလွန် မတရားပါတကားနော်” ဟု ညည်းမိ၏။ အဘယ်ကြောင့်ဆိုသော် မမစူးသည် ယနေ့ (ဝါ) ယခုစက္ကန့်တိုင် လင်မရသေးချေ။ (တစ်နည်း) အပျိုဖြစ်လျှက် ရှိသေး၏။ တစ်ဖုံအားဖြင့် မမစူးသည် ကြက်ညောင်ကန် တောင်ပံနှက်ချိန်အထိ ဆောင်ပျံထက်က ပန်းလျှက် နွမ်းလျှက် မောင်မောင့်ကို မှန်းလျှက်ရှိရသောအခြေအနေမှာပင် ရှိသေး၏။ မြန်မာစကားဖြင့် ပြောရမည်ဆိုသော် မမစူးသည် ခမဲလိုချင်လှပြီတည်း။

မမစူးသည် လှ၏၊ ငါးရံ့အရေဆုတ်ထားသည်နှင့် တူအောင်ဖြူ၏။ မင်္ဂလာဒုံမှ လမ်းခင်း ကျောက်ဖြူတုံးကလေးတွေနှင့် တူသောသွားလည်းရှိ၏။ အမျိုးသားအလံ၊ တော်လှန်ရေးအလံတို့၏ နီပုံမျိုးနီသည့် ချစ်ဖွယ်သောနှုတ်ခမ်းလည်းရှိ၏။

မြင်ရလျှင် ရင်ဝတွင် အစဉ်“တ”ချင်စွာသော ကိုယ်လုံးကိုယ်ပေါက်လည်း ရှိ၏။ ကြီး၍၊ ကြီး၍၊ သာ၍ကြီးသော“တင်”မှာလည်း လမ်းလျှောက်လျှင် ဆတ်ခနဲ ဆတ်ခနဲ တုန်လျှောလောမှုကြောင့် မတ်တတ်ရပ်မှ ပြတ်ခနဲ ငတ်ခနဲပင် လဲပြိုကျလောက်ပေ၏။

သို့တစေလည်း (ဝါ) သို့ မမစူးချောသော်လည်း မမစူးမှာ ယနေ့တိုင် ခွေးကလေး၊ ကြောင်ကလေးများနှင့် လည်းကောင်း၊ လယ်တီ ဝိပဿနာ-ထေရီဘာသာပြန်တို့နှင့်သာ မိတ်ဖွဲ့နေရသည်မှာ လောကကြီး၏ မတရားမှုပင် ဖြစ်ချေသည်တမုံ့။ သို့သော်... သို့သော်...

လှံထမ်းလာသည်သာ မြင်ရသည်။ ပစ္စတိုဝှက်လာသည်ကား မမြင်ရ ဟူသောစကားအရ သဲကြိုးပြတ်နေသော ဖိနပ်သဖွယ် မျက်နှာငယ်ရှာသည့် မမစူးတို့အဖို့ ကံထပေပြီ။ တစ်စခန်းထပေပြီ။

“သွားများကို မနာကျင်အောင် နှုတ်သည်၊ သွားဘက်ဆိုင်ရာ အထူးဝိဇ္ဇာ တပသီ ဦးလှဖေ" ဟူသော ဆိုင်းဘုတ်သည် မမစူးတို့မြို့ ဈေးအနီး၌ ရှိသောအိမ်ဝယ် ချိတ်ဆွဲထားပြီးခဲ့သော အချိန်ပိုင်းကစ၍ မမစူးတို့အဖို့ ပြည်တော်ပြန် “ရှားဘုရင်” ကဲ့သို့ ကံထလာပေပြီ။

အဟိံသစ္စံ ထိုစကား မှန်၏။ ငါးပါးသီလယူ၍ ပြောသည်ထက် ဟုတ်၏။ ဥယျာဉ်ပွဲတစ်ခုဝယ် ဧည့်ခံပွဲလုပ်၏။ ထိုပွဲဝယ် မယ်မျှော်ကိုလှဖေနှင့် မောင်မျှော်မမစူးတို့ တက်ရောက်ကြ၏။ “ချစ်ခြင်းအစ ဥယျာဉ်ပွဲက” ဟူသောစကားအတိုင်း လှဖေက မမစူးကို ကြည့်၏၊ ငြိ၏၊ မိ၏၊ ရိ၏။ နောက်ပြီး .... နောက်ပြီး အသိဖြစ်သွား၏။

အိမ်း ... အစရှိ နောင်နောင် ဟူသောစကားအတိုင်း မမစူးနှင့် ကိုလှဖေတို့ တွေ့ကြ၏၊ ဆုံကြ၏၊ အိမ်လည်ကြ၏၊ လျှောက်လည်ကြ၏၊ ထမင်းစားဖိတ်ကြ၏၊ ဘုရားဖူးသွားကြ၏၊ စျေးအတူ ဝယ်ကြ၏၊ ဝတ္ထု လဲဖတ်ကြ၏၊ ဘိုင်စကုတ်အတူ ကြည့်ကြ၏။

“အချစ်နှင့် လူပျိုနာသည် ဖုံးကွယ်၍မရ” ဟူသကဲ့သို့ လှဖေ၏ အချစ်သည် မမစူးပေါ် ဖေါ်ပြခဲ့၏။ မမစူးကလည်း အရည်အချင်းမရှိသူတွေ အထွတ်အထိပ် ရောက်နေသေးတဲ့ ခေတ်မှာ ငါ ဘာပြုရ ဟူသောဟန်ဖြင့် အချစ်ကို လက်ခံလိုက်၏။ သူတို့သည် ဂျစ်ဂျစ်မြည်အောင် ချစ်ကြပေပြီတကား။

ထို့နောက် ထို့နောက် အတူလျှောက်လည်ကြ၏။ သူတို့သည် ဘုရားအတူ ဖူးကြ၏၊ ထမင်းအတူ စားကြ၏၊ ကုလားထိုင်တစ်ခုတည်း ထိုင်ကြ၏၊ လှဖေသည် မမစူးအား မင်္ဂလာဆောင် လိုက်လေ၏။

(၃)

နှင်းတွေဝေနေသဖြင့် နံနက်စောစော အိမ်မှပင် တံခါးမဖွင့်ရသေးခင် ဦးဘမြင့်မှာ အိပ်ယာမှ ထခဲ့ရ၏။ ဦးဘမြင့်ကား နိုင်ငံရေးသမား လက်ဟောင်းကြီး ဖြစ်သော မြို့ခံ လူကြီးလူကောင်းပင် ဖြစ်၏။ ဦးဘမြင့်၏ တူမ မမစူးမှာ ငိုလျှက် ဦးဘမြင့်အား လာနှိုးခြင်းကြောင့် ဖြစ်ပေ၏။ 

“ ဟ... ပူစူး ... ဘာဖြစ်လာတာလဲ၊ စောစောစီးစီး ... ထွီ... ”

မမစူးကား ဦးလေးစကားကို အလွန်ရိုသေ၏။ သို့ကြောင့် ဘာမှမပြော တရှုံ့ရှုံ့နှင့်သာ ပုဝါကလေးကို မျက်နှာအုပ်လျှက် ငို၏။

“ ဟဲ့... ခွေးမ၊ ဘာဖြစ်လာတာလဲ၊ နင့်လင် နင့်ကို ရိုက်လွှတ်လို့လား၊ လင်မယား ရန်ဖြစ်လို့လား” လားပေါင်းများစွာကိုမေး၏။

မမစူးက တိတ်တိတ်နေ၏။

“ တယ်လေ... ကောင်မလေး ဘာဖြစ်တာလဲ ပြောဦးမှပေါ့” အတန်တန် မေးလေ၏။

မမစူးက မပွင့်တပွင့်နှင့်ဆို၏။

“ သွားကိုက်လို့” 

ဦးဘမြင့်သည် နွားသေနတ်မှန်၍ အော်သံမျိုးနှင့် ရယ်၏။

“ ဟား ... ဟား ... ဟား ... ဟား ...ဟီး ...၊ နင့်လင် တစ်ယောက်လုံးက သွားစိုက်ဆရာပဲ၊ သွားကိုက်တာ သူ့ကို ပြမှပေါ့၊ ငါ့ လာပြောလို့ ဘာဖြစ်မလဲ၊ သွား ... သွား အမိုက်မ... ဟီး ...” ဟု လော်စပီကာအသံနှင့် ဆို၏။

“ ဦးလေးပဲ ကြည့်ပေးပါ၊ ကျွန်မသွားတွေ ပိုးစားလား၊ မစားလား သိရအောင်လို့” ထပ်မံ၍ အသနားခံ၏။

ဦးဘမြင့်သည် လယ်ယာမြေဝေငှရေး ဘုတ်လူကြီးကဲ့သို့ မျက်နှာပြင်၏။

“ နင့် ယောက်ျား မေးမှပေါ့ဟ၊ ဒါ ငါဘာသိမလဲ၊ ငါမှ သွားကုဆရာ မဟုတ်ပဲ”

မမစူးသည် အော်လိုက်၏။ ပြီးတော့ တစ်ခွန်းစီ ပြောချလိုက်၏။ နားထောင်သူ ဦးဘမြင့်သည် မျက်လုံးပြူးလာ၏၊ ပါးစပ်ပြဲလာ၏၊ အကြောများပင် ဆိုင်းလာ၏။

“ ကျွန်မသွားကို ကိုကိုလှကို မပြချင်ဘူး၊ သွားစိုက်ဆရာဝန်တွေဟာ သွားကိုကြည့်ရင် အသက်ကို သိတယ်လို့ ဦးလေးပဲ ပြောဖူးတယ် မဟုတ်လား။ ကျွန်မ သူ့ကိုပြလိုက်ရင် သူ ကျွန်မ အသက်မှန် သိသွားရင် ဘယ့်နှယ် လုပ်မလဲ။ သူက ကျွန်မကို ထင်နေတာ ကျွန်မကို ခုမှ... ခုမှ ၃၄နှစ်လောက်ပဲ အောက်မေ့နေသေးတာ”

-------
အေးကြူ
ရှုမဝမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၅၅။
ရတီမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂ဝဝ၅။
====

Post a Comment

0 Comments