နာရီထဲကတံလျှပ်များ - ဂျိုဇော်

📔 နာရီထဲက တံလျှပ်များ 📔

✍️ ဂျိုဇော် ✍️

⏰ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၆၆၊ ဧပြီလ၊ ၁၉၉၅

⭐⭐⭐⭐⭐⭐⭐⭐⭐

နွေနေသည် ပူပြင်းလွန်းလှ၏။ မိုးကုတ်မန္တလေး ကားလမ်းတစ်လျှောက်တွင် တံလျှပ်တို့သည် ရေအယောင် ဆောင်နေကြလေ၏။ လွန်ခဲ့သောဆယ်စုနှစ် စွန်းစွန်းအချိန်က ကားလမ်းဘေး ဝဲယာရှိ ရွာကလေးများသည် လူနေ ကျဲပါးခြောက်သွေ့ခဲ့သော်လည်း ယနေ့အချိန်မှာတော့ ရွှေကျင်၊ ရွှေတူး၊ ရွှေကောက်၊ ရွှေ၀ယ်သည့် ရွှေတောစခန်း ကျေးရွာကြီးများအဖြစ် စည်ကားဖွံ့ဖြိုးနေလေပြီ။
ကားလမ်းပေါ်၀ယ် ၃က...နံပါတ် ဆန်နီ ဆူပါဆလွန်း ကားကလေးသည် တံလျှပ်များကို ထိုးခွဲကာ တရိပ်ရိပ် ပြေးသွားနေရာမှ တစ်ခုသောကျေးရွာစခန်းကြီးက ဆေးခန်းကြီးတစ်ခုရှေ့မှာ ငြိမ့်ခနဲ ထိုးရပ်လိုက်လေ၏။ ကားမောင်းသည့် ပုဂ္ဂိုလ်လေးသည် ဆေးခန်းထဲမှာ လူရိပ်လူယောင် မမြင်သဖြင့် တတီတီ ဟွန်းသံပေးလိုက်၏။
ဆေးခန်းတွင်း ဆရာ၀န်နားနေခန်းထဲမှာ ရုပ်ပြကာတွန်း တစ်အုပ်ဖြင့် ဇိမ်ကျနေသော ပုဂ္ဂုိလ်သည်လည်း ဆေးခန်းရှေ့သို့ ကပျာကယာ ပြေးထွက်လာခဲ့ရတော့၏။ အဖိုးတန်ကားတစ်စီး၊ ပြောင်ပြောင်လက်လက် ၀တ်စားဆင်ယင်ထားသည့် လူငယ်လင်မယား စုံတွဲကို မြင်တော့ မျက်မှောင်ကုပ်မိသွားသည်။
“ဘာကိစ္စလဲဟေ့”
ဇိမ်ပျက်သွားသောကြောင့် ပုဂ္ဂိုလ်သည် သူ့လေသံနှင့် မျက်နှာပေး နည်းနည်းမာသွားသည်ကို ဂရုပြုမိလိုက်သော်လည်း သူ့နောင်တက နောက်ကျသွားပြီ။
“ဆေးထိုးချင်လို့ပါ ဒေါက်တာ”
တော်သေးရဲ့။ ယောက်ျားဖြစ်သူက အသံအနည်းငယ် ဝဲယောင်ရှိသော်လည်း ပီပီသသ၊ ယဉ်ယဉ်ကျေးကျေးပင် ပြောလေသည်။ ဆေးထိုချင်လို့ပါ ဒေါက်တာ ဆိုပဲ။
ဒေါက်တာသည် သဘောကျစွာ ပြုံးလိုက်၏။ အသံကိုလည်း တတ်နိုင်သမျှ ချိုသာစေ၊ စကားလုံးကိုလည်း တတ်နိုင်သမျှ ခန့်ညားစေလျက်-
“အိုကေ၊ ရတာပေါ့။ လာ...လာ၊ ဘာဖြစ်သလဲ၊ ခရီးပန်းလာကြတယ် ထင်တယ်”
“ဟုတ်တယ်ဒေါက်တာ၊ ကျွန်တော်တို့ မိုးကုတ်က လာတာ၊ မန္တလေးအထိ သွားရမှာ”
“အင်း... ဆိုပါဦး။ ခု ဘယ်သူက ဘာဖြစ်လို့လဲ”
“သူက ခေါင်းမူးလို့တဲ့ ဒေါက်တာ။ အားဆေးပုလင်းကြီး သွင်းချင်လို့တဲ့။ အဲဒါ ဘယ်လောက်ကျမလဲ။ ဘယ်လောက်ကြာမလဲ”
“ဟာ... လောပန်ကြီးကလဲ ဘယ်လောက်ကျမလဲ တွေးမနေပါနဲ့၊ အကောင်းဆုံး လုပ်ပေးမှာပေါ့။ ကားကို အရိပ်အောက် ရွှေ့ထားလိုက်ပါလား။ ပုလင်းကြီးချိတ်မှာဆိုတော့ သုံးနာရီလောက်တော့ ကြာမယ်လေ”
လော်ပန်လင်မယားသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နောက်တော့ မိန်းမဖြစ်သူက လက်ကိုင်အိတ်ကြီးကိုပွေ့ပြီး၊ ဆေးခန်းရှေ့ထိုင်ခံမှာ ခြေပစ်လက်ပစ် ထိုက်ချလိုက်လေသည်။ ယောက်ျားဖြစ်သူလည်း ကားကို နေရိပ်ရှိရာသို့ မောင်းရွှေ့နေလေ၏။
ဒေါက်တာ ပြုံးလိုက်သည်။ သူ့စည်းရုံးရေး အောင်မြင်သွားပြီ။ လော်ပန်ကြီးဟုသာ ခေါ်လိုက်ရသည်။ ပုဂ္ဂိုလ်လေးက သူနှင့်မတိမ်းမယိမ်း။ အသက် ၃၀ လောက်ပဲ ရှိဦးမည်။ အဖိုးတန်အ၀တ်အစားတွေ ၀တ်ဆင်ထားသော်လည်း သူ့ဥပဓိရုပ်က မပြောင်ရောင်၊ မသားနား။ ခန္ဓာကိုယ်ကလည်း မထွားကျိုင်း၊ မဆူဖြိုး။ လူဗလံလေးမျှသာ။ နီစပ်စပ်မျက်နှာမှာ ၀က်ခြံပုန်းတွေက ထူနေလိုက်သေး။ သွားတွေကလည်း ကွမ်းစားလွန်းသောကြောင့် ဖြစ်မည်။ နီကြင်ကြင် ဖြစ်နေ၏။
ထိုင်ခံပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေသော လောပန်ကတော်ကိုလည်း ကြည့်လိုက်ဦး။ အသက်ကတော့ ၂၀-ကျော်ကျော်လောက်ပဲ ရှိဦးမည်။ အကြေကောက်ဆံပင်က သန့်ရှင်းမှုနည်းသဖြင့် နီမွဲခြောက်သယောင်းပြီး ပြောင်ဖူးမွေးခြောက်လို ဖြစ်နေသည်။ မိတ်ကပ်၊ နှုတ်ခမ်းနီတွေကလည်း လိုသည်ထက် ပိုနေပုံရသည်။ သူ မိန်းမတွေအလှပြင်ပုံကို အသေးစိတ် နားမလည်ပါ။ သို့သော် လိမ်းခြယ်ထားမှု ကြည့်မကောင်းတာတော့ အမှန်ပင်။ အဖိုးတန် အ၀တ်အစားနှင့် ရွှေငွေအချို့ ၀တ်ဆင်ထားသော်လည်း နဂိုရည် မရှိသည်က ထင်ရှားလှသည်။
ဧကန္တ သည်လင်မယား၊ ပွပေါက်တစ်ခုခု တိုးထားသည်မှာ သိပ်ကြာလှသေးပုံမပေါ်။ ပိုင်ဆိုင်ထားသည့်ဥစ္စာဓနနှင့် သူတို့၏အရောင်အဝါက လိုက်လျောညီထွေမရှိလှ။ 
သည်လိုပါပဲလေ၊ သူတို့လောကက ခုလမ်းဘေးရောက်နေသော်လည်း တော်ကြာ ရွှေပုံပေါ်မှာ ထိုင်ချင် ထိုင်ရတတ်တာမျိုးကလား။ သို့သော် လော်ပန်လေး ကားမောင်းပုံ၊ ကားရွှေ့ပုံတွေက အထူးပင် သေသပ် ကျွမ်းကျင်နေပြန်တော့ အကဲခတ်ရခက်လှသည်။ ဘာပဲဖြစ်ဖြစ်လေ သူ့ဟာသူ မနေ့တစ်နေ့ကပဲချမ်းသာ ချမ်းသာ၊ အရင်ဘ၀ကပဲ ချမ်းသာ ချမ်းသာ၊ လောလောဆယ် ကိုယ်အပေါ်မှာ ယုံကြည်အားထားမှု အပြည့်ရှိဖို့နှင့် ကိုယ်တောင်းသည့်
ဆေးဖိုးဝါးခ ရှောရှောရှူရှူပေးဖို့က အဓိက မဟုတ်ပါလား။
ဒေါက်တာလည်း လော်ပန်ကတော်လေးကို အားဆေးပုလင်းချိတ်ဖို့ ထုံစံအတိုင်း ပြင်ဆင် ဖျော်စပ်လေတော့၏။ ဒေါက်တာ ဆေးပုလင်း ဖျော်စပ်နေစဉ် လော်ပန်လင်မယားကလည်း ဆေးခန်းတစ်ခုလုံးကို စေ့စေ့စပ်စပ် အကဲခတ်နေ၏။ လမ်းတုန်းက နာမည်ကြီးသည့် ဆေးခန်းကိုမေးတိုင်း၊ သည်ဆေးခန်းကိုပဲ လက်ညှိုးညွန်ကြသည်။
ခုကျတော့လည်း လူနာတစ်ယောက်မျှ မရှိပါလား။ ပြီးတော့ ဆရာ၀န်ကလည်း ကျောင်းဆင်းစ ဖြစ်ဟန်တူသည်။ နာမည်ဂုဏ်နှင့်မလိုက် အသက်အရွယ်ငယ်လွန်းလှသည်။ ဆရာ၀န်၏ ဥပဓိရုပ်ကိုလည်း သူတို့သဘောမတွေ့လှ။
ဟိတ်ဟန် သေးနုတ်လှသည်။ တော်သေးရဲ့၊ ဆေးခန်းအဆင်အပြင်၊ ဆေးဗီရိုတွေကဖြင့် ခန့်ညားထယ်ဝါပါပေ၏။ တီဗီတွေ၊ ပန်ကာတွေ၊လျှပ်စစ်မီးလုံးတွေနှင့် ဆေးဗီရိုထဲမှာလည်း ဘီပီအိုင်ဆေး၊ နိုင်ငံခြားဆေးတွေ စုံလင်လှသည်။ 
ဆရာ၀န်ဥပဓိသည် အဓိကမဟုတ်။ ဆေးကောင်းကောင်းကိုင်ဖို့ ရောဂါမြန်မြန်ပျောက်ဖို့က အဓိက မဟုတ်ပါလား။ ရောဂါမြန်မြန်ပျောက်ဖို့ဟုသာ ပြောရသည်။ သူ့မိန်းမ ဘာမှမဖြစ်မှန်း လော်ပန်လေးက သိနေပြန်သည်။ ခရီးဝေးဝေး ကားစီးရလို့ မူးတာကို ကြီးကြီးကျယ်ကျယ် အားဆေးပုလင်း သွင်းချင်သတဲ့။ ခါတိုင်းလိုသာဆိုလျှင်တော့ တစ်တစ်ခွခွ ပြောပစ်လိုက်မိမည်မှာ အသေအချာပင်။ သည်နေ့တော့ သူ့ဆန္ဒကိုအစစ လိုက်လျောဖို့ ဆုံးဖြတ်သည်။ ပြီးတော့ မယ်မင်းကြီးမ ပုလင်းချိတ်နေစဉ် သူလည်း အနားယူပြီး တစ်ခွက်၊ တစ်ဖလားမော့ဖို့ စိတ်ကူးထားလေသည်။
“ကျွန်မကို သွေးချိန်ပေးပါဦး ဒေါက်တာ”
“ဗျာ”
“သြော်.သွေးပေါင်များ ကျနေမလားလို့ပါ၊ ကျွန်မက သွေးပေါင်ကျရင် ဒီလိုပဲ မူးတတ်တယ် ဒေါက်တာရဲ့”
“ဟုတ်လား။ ရတယ်၊ ရတယ်၊ ချိန်ပေးမယ်လေ”
ဒေါက်တာသည် နားကြပ်နှင့် သွေးချိန်တိုင်း ကိရိယာကို တော်တော်ပင် ရှာယူနေရ၏။ သွေးပေါင် ချိန်ပေးလိုက်ပြီး-
“ ဟုတ်တယ်။ သွေးပေါင် တော်တော်လေးကျနေတယ်။ အဲဒါကြောင့်မူးတာ။ ကိစ္စမရှိပါဘူးလေ။ ပုလင်းကြီးချိတ်လိုက်ရင် သွေးပေါင်ပြည့်ပြီး အမူးပြေသွားမှာပါ”
“ကိုင်း ... ကျွန်မ မပြောလား၊ သွေးပေါင်ကျနေတာ၊ ပုလင်းကြီးသွင်းမှ ကောင်းမှာပါလို့”
လော်ပန်ကတော်က သူ့ ယောက်ျားကို လှမ်းပြီးမျက်စောင်းထိုး၏။ လော်ပန်လေးက ငါးသုံးလုံးခဲရင်း ပြုံးလို့သာနေသည်။ 
ဒေါက်တာသွေးကြောရှာပုံ၊ ဆေးသွင်းပုံတွေက မြန်ဆန်သေသပ်လှသည်။ တော်တော်နာမယ် ထင်ထားတာ။ နာလည်းမနာ။ လော်ပန်ကတော်လေးက ကျေနပ်စွာပြုံးလျက်၊ အဝါရောင်ဆေးပုလင်းကြီးကို ငေးကြည့်နေလေ၏။
ဒေါက်တာ၊ နားကြပ်တွေ၊ သွေးပေါင်ချိန်တိုင်းကိရိယာတွေ ပြန်လည် သိမ်းဆည်းနေစဉ် လောပန်လေးသည် ဖော်ရွေသော အပြုံးဖြင့် အနားကပ်လာ၏။
“စိတ်မရှိနဲ့နော် ဒေါက်တာ။ ဒေါက်တာ သောက်တတ်သလား”
ဒေါက်တာ မျက်ခုံးပင့်သွား၏။ နောက်မှ ပြုံးစစ မျက်နှာဖြင့်...
“ဘီယာလောက်တော့ သောက်ပါတယ်”
“ဟုတ်ပြီ ဒေါက်တာရေ၊ နေပူကလည်း ပြင်းပါဘိသနဲ့။ ရေငတ်ပြေလေး လုပ်လိုက်ကြရအောင်။ ကျွန်တော့်မှာ အသင့်ပါလာပါတယ်”
လော်ပန်လေးက ကားထဲမှ ဘီယာသံဘူးတွေကော ရမ်ပုလင်းကြီးပါ တစ်ပွေ့တစ်ပိုက်ကြီး ယူချလာ၏။ ဒေါက်တာလည်း လေချဉ်တွေတက်ပြီး ခံတွင်းတွေစိုလာသည်။
“ဖန်ခွက်တော့ လုပ်ဦး ဒေါက်တာ”
လော်ပန်လေးက သူ့ပစ္စည်းတွေ၊ ဆေးခန်းထဲက စားပွဲပေါ်မှာ တည်ခင်းပြင်ဆင်နေ၏။ ဒေါက်တာနောက် ဖေးခန်းထဲ ၀င်သွားသည်။ ပြန်ထွက်လာတော့ ဖန်ခွက်နှင့် ဟင်းဘူးတွေ အမြည်းတွေပါလာ၏။
“အာလူးကြော်ရယ်၊ ၀က်အူချောင်းကြော်ရယ်၊ မနက်က ၀ယ်ထားတဲ့ ကိုက်လန်ကြော်ရယ်တော့ ရှိတယ်။ ဒါဆို အမြည်းရပါပြီနော်”
“ဟာ..သိပ်ပြည့်စုံသွားပြီပေါ့ ဒေါက်တာ။ ဒီထက်ကောင်းတာတောင် ဒီလောက် မကောင်းနိုင်တော့ဘူး”
“ဟား ဟား၊ ဟားဟား”
လောပန်လေးနှင့် ဒေါက်တာလေး ပြိုင်တူပင် ရယ်လိုက်ကြလေ၏။ 
လောပန်လေးက ဘီယာနှင့်ရမ် စပ်ပြီးသောက်သည်။ ဒေါက်တာလေးက ဘီယာချည်း သောက်သည်။ သောက်လိုက်၊ စားလိုက်၊ ငါးသုံးလုံး ဖွာလိုက်၊ စကားတွေပြောလိုက်နှင့် ဝိုင်းကနှစ်ယောက်တည်းနှင့် စိုပြည်နေ၏။
“သိပ်လည်း မများစေနဲ့ဦးနော်၊ ခင်ဗျား မန္တလေးထိ၊ ကားမောင်းရဦးမှာ”
“ရပါတယ် ဒေါက်တာရယ်။ မပူစမ်းပါနဲ့။ ကျွန်တော်က မွေးကတည်းက ကားမောင်လာတာ။ ပြီးတော့ မွေးကတည်းက အရက်သောက်လာတာ၊ ဟား... ဟား”
လော်ပန်လေးက နည်းနည်း ထွေလာတော့ ပိုပြီး ခင်မင်စရာကောင်းလာ၏။ ခုတင်ပေါ်က လူနာက လှမ်းပြီး မျက်စောင်ထိုးသည်။
“ဒေါက်တာ သူ့ကို သိပ်မသောက်စေနဲ့နော်။ သူကကြွက်တွင်း။ သောက်မိရင်တော်ချင်တာ မဟုတ်ဘူး။ မူးပြီး မန္တလေးမသွားနိုင် ဖြစ်နေဦးမယ်”
“စိတ်ချပါ။ ခင်ဗျား အမူးပြေတဲ့အချိန်၊ သူလည်း အမူပြေသွားမှာပါ။ ဟဲ... ဟဲ” 
ဒေါက်တာလည်း ဘီယာတန်ခိုးဖြင့် အာသွက်၊ လျှာသွက်ဖြစ်လာ၏။ 
ဘယ်ဘ၀က ရေစက်လဲ မသိ။ စကားကလည်း ပြောလို့ကောင်းလှသည်။ သို့သော် ထန်းရေမူး ကျွဲခိုးပေါ် ဆိုသလို စကားအမှားမပါရအောင်၊ တစ်ဦးနှင့် တစ်ဦး ငြိငြင်မှု မဖြစ်ရအောင် နှစ်ဦးစလုံးပင် သတိလေးတွေ ထားနေကြ၏။
“ ကျွန်တော်က လိုင်းစုံမကိုင်ဘူး။ အနီတစ်မျိုးပဲကိုင်တာ။ အနီတောင် အဲ... ဒေါက်တာနားလည်အောင် ပြောရရင် ပတ္တမြားပေါ့ ဒေါက်တာ။ ကြိုက်တာတွေ့ရင် ၀ယ်တယ်။ ကြိုက်စျေးရရင် ရောင်းတယ်။ ကြိုက်စျေးမရရင် သိမ်းထားလိုက်တာပဲ။ ကိုယ့်ငွေနဲ့ဆိုတော့ အေးအေးဆေးဆေးပဲလေ”
“ဟုတ်တာပေါ့ဗျာ။ ခင်ဗျားတို့လောကက ငွေအရင်းအနှီး တောင့်တယ်လေ၊ ပစ္စည်းကောင်း ကိုင်နိုင်လေ၊ အမြတ်ကြီးလေပဲလို့ ကျွန်တော် ကြားဖူးပါတယ်”
“ဒေါက်တာလည်း ဒီမှာ အဆင်ပြေတယ် မဟုတ်လား။ ကျွန်တော် လမ်းတစ်လျှောက်လုံး စုံစမ်းလာတာ။ ဒေါက်တာ့ဆေးခန်းပဲ လူပြောများတယ်။ ဒီနယ်မှာတော့ ဒေါက်တာတို့လည်း နာမည်တစ်လုံးရရင် သူဌေးမကဘူး။ သူကြွယ်ပဲနော”
“အဆင်ပြေပါတယ်ဗျာ၊ နာမည်ဆိုတာကတော့ စေတနာရယ်၊ အတတ်ပညာရယ်၊ ဆေးကောင်းဝါးကောင်း ကိုင်တာရယ်၊ ဒီသုံးခုပါပဲ။ အဲ..သူကြွယ်တော့ မဖြစ်သေးပါဘူးဗျာ”
“ဒါနဲ့ ဒေါက်တာ ကား၀ယ်မယ်ဆိုရင် ကျွန်တော့်ကိုပြောနော်၊ ပစ်ကပ်၊ ဆလွန်း လိုချင်တာပြော။ ကျွန်တော်က ကားလည်း ၀ယ်ရောင်းလုပ်တယ်။ ရော့ပတ္တမြား၊ ရော့ကားပေါ့”
“ကျေးဇူးပါပဲဗျာ၊ ဒါပေမဲ့ ခင်းဗျာလို ၃က...ဆူပါဆလွန်းနားတော့ မကပ်နိုင်သေးဘူးဗျ”
“ဟာ..ဒေါက်တာကလဲ အချင်းချင်းတွေ ဒိုင်လျှိုနေပြန်ပါပြီ၊ ဒီနားမှာ အမြတ်ခွန်ရုံး မရှိပါဘူးဗျ။ ဟားဟား”
လော်ပန်လေးနှင့် ဒေါက်တာလေးသည် ကိုယ့်ဂုဏ်ကို ဖော်လိုက်၊ သူ့ဂုဏ် ကိုယ် ဖော်လိုက်ဖြင့် အတိုင်အဖောက် ညီနေစဉ်မှာပင် အားဆေးပုလင်းက ကုန်သွားလေ၏။
“ဒေါက်တာ မြန်မြန်လေး၊ ကျွန်မ အပေါ့သွားချင်လှပြီ”
လော်ပန်ကတော် အိမ်သာသွားနေစဉ် လော်ပန်လေးက ဘယ်လောက်ကျသလဲ ဒေါက်တာဟု မေး၏။
ဒေါက်တာလည်း နှုတ်သွက်အာသွက်ပင် ထုံးစံအတိုင်း ယူနေကျထက် နှစ်ဆပိုပြီး ပြောလိုက်၏။ လော်ပန်လေးကလည်း သွက်သွက်လက်လက်ပင် ငွေထုတ်ရှင်း၏။ အနည်းငယ်ပိုနေသောငွေကိုပင် ပြန်မအမ်းပါနှင့်၊ ကျေးဇူးတင်ပါတယ်ဟု ပြောနေသေး၏။
“ဘယ်နှယ့်လဲ၊ အမူးပြေသွားပြီလား”
နောက်ဖေးက ထွက်လာသော လော်ပန်ကတော်ကို ဒေါက်တာက ဖော်ရွေသော အပြုံးဖြင့် မေးလိုက်၏။
“ကောင်းသွားပြီဒေါက်တာ၊ ဒေါက်တာ့ဆေးက အရမ်းကောင်းတာပဲ၊ ဒါကြောင့်လည်း ဒေါက်တာ နာမည်ကြီးတာပဲကိုး၊ ဒါထက် ကျွန်မလူကော မူးများနေပြီလား”
“ခင်ဗျားလူက အရက်ကိုးမောင်း တိုက်တောင် မူးမဲ့လူစားမျိုး မဟုတ်ဘူးဗျ၊ ဟား..ဟား”
“ကဲ..သွားမယ်နော် ဒေါက်တာ၊ ကျေးဇူးပဲ”
လင်မယားနှစ်ယောက်စလုံးပင် ပြိုင်တူနှုတ်ဆက်ကာ ကားဆီသို့ သွားကြလေ၏။
ထိုအချိန်တွင် မန္တလေး၊ မိုးကုတ်၊ ခရီးသည်တင် ကားတစ်စီးသည် ဆေးခန်းရှေ့မှာ ရပ်နေ၏။ ကားခေါင်းခန်းမှ လူလတ်ပိုင်းအရွယ် ပုဂ္ဂိုလ်တစ်ယောက် ဆင်းလာကာ လော်ပန်လင်မယားကို တစ်လှည့်၊ ဆူပါဆလွန်းကို တစ်လှည့် မျက်မှောင်ကုပ်ပြီး ကြည့်နေလေ၏။ တစ်စုံတစ်ရာ မေးမည့်ဟန်ပြင်ပြီးမှ ရပ်ကြည့်နေခြင်းဖြစ်၏။
ဆေးခန်းထဲမှ ဒေါက်တာသည် မျက်လုံး မျက်ဆံ အပြူးသားဖြင့် တံခါးအကွယ်မှာ ပုန်းနေ၏။ ခရီးသည်တင်ကားလည်း ဆေးသေတ္တာနှစ်လုံးကိုချကာ၊ မိုးကုတ်ဘက်သို့ ခရီးဆက်သွားလေ၏။ လော်ပန်လင်မယားလည်း
သွားမယ်ဒေါက်တာဟု ပြိုင်တူအော်ပြီး ဆေးခန်းဘက် လက်ပြကာ မန္တလေးဘက်သိ့ု ခရီးဆက်သွားလေ၏။ ထိုအခါကျမှ ဆေးခန်းထဲက ဒေါက်တာသည် စပ်ဖြီးဖြီးဖြင့် အပြင်ထွက်လာ၏။
“ ဟေ့ကောင်၊ မင်းငါမရှိတုန်း ဘာတွေလျှောက်လုပ်နေတာတုံး။ သေတ္တာတွေ အထဲသွင်းလေကွာ”
ပုဂ္ဂိုလ်က အော်လိုက်တော့မှ ဒေါက်တာသည် ကမန်းကတန်းဖြင့် သေတ္တာတွေကို သယ်ပိုးသွားလေ၏။ ပြီးမှ လက်နှစ်ဖက်နောက်ပစ်ပြီး သူ့ဆရာရှေ့မှာ ကုပ်ချောင်းချောင်း ပုံစံဖြင့် ရပ်လျက်...
“ ခုနက အတွဲက လော်ပန်လင်မယားဆရာ။ မိုးကုတ်ကတဲ့၊ ကျွန်တော့်ကို ဆရာ၀န်ထင်ပြီး အားဆေးသွင်းခိုင်းတာ။ အဲဒါ ကျွန်တော်လည်း ဆရာ့ပုံစံအတိုင်း အားဆေးသွင်းပေးလိုက်တယ်။ ပိုက်ဆံလည်း ပိုတောင်းလိုက်တယ်။ ဘီယာလည်း သောက်လိုက်ရတယ်။ အဟဲ... ”
“ဟေ့ကောင်၊ တဟဲဟဲနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့။ ကွန်ပေါင်ဒါက ဆေးကုတယ်ဆိုပြီး ငါ့ဆေးခန်း နာမည်ပျက်နေဦးမယ်။ ပြီးတော့ အဲဒီလင်မယားက... ”
ဆရာ၀န်သည် စကားကို ဆက်မပြောတော့ဘဲ အတွေးတစ်ခုရသွား၏။
အဲသည် လင်မယားသည် တကယ်တော့ လော်ပန်လင်မယားမဟုတ်ပေ။ မိုးကုတ်က သူ့မိတ်ဆွေ ရတနာကုန်သည်ကြီး၏ ဒရိုင်ဘာနှင့် အိမ်ဖော်လင်မယားသာဖြစ်၏။ သူ့မိတ်ဆွေကြီး၏ ကားကလေးကိုကော၊ သည် လင်မယားကိုပါ သူကောင်းကောင်းမှတ်မိသည်။ ဒရိုင်ဘာလင်မယားက လော်ပန်လင်မယားဂိုက်ဖမ်းပြီး မန္တလေးသွားကြတာကတော့ သူ့အကြောင်းနှင့်သူ ရှိပေမည်။ သူ့တပည့် ကွန်ပေါင်ဒါကတော့ လော်ပန်လင်မယားအစစ်ပဲ ထင်နေသည်။ 
“အဲသည် လင်မယားက လော်ပန်အတုကွ။ ဒရိုင်ဘာလင်မယားကွ။ မင်းတို့အချင်းချင်း ဓားသည်နဲ့ ဆားသည် တွေ့မှ တွေ့တတ်ပလေ” ဟု ရယ်ပွဲဖွဲ့မလို့ စကားစပြီးမှ အတွေးတစ်ခု ပေါ်လာခြင်းဖြစ်၏။
ပြီးခဲ့သည့် ၃ နာရီအတွင်းမှာ ဒရိုင်ဘာ လင်မယားသည် သူ့တပည့်ကွန်ပေါင်ဒါကို ဆရာ၀န်အစစ်ဟု သတ်မှတ်ခဲ့သည်။ သူ့တပည့်ကလည်း ဆရာ၀န်အစစ်၏ ခံစားမှုဖြင့် ကပြခဲ့သည်။ သရုပ်ဆောင်ခဲ့သည်။ တစ်ခါ သူ့တပည့်သည် ဒရိုင်ဘာလင်မယားကို လော်ပန်လင်မယားအဖြစ် သတ်မှတ်ခဲ့သည်။ ဒရိုင်ဘာလင်မယားကလည်း လောပန်လင်မယားအဖြစ် ခံစားမှု အပြည့်ဖြင့် ကပြခဲ့ကြသည်။ သရုပ်ဆောင်ခဲ့ကြသည်။ သည် ၃ နာရီ အချိန်ပိုင်းအတွင်း သည်နေရာ၊ သည်ဇာတ်လမ်းမှာ သူ့တပည့်လည်း ဆရာ၀န် အစစ်အမှန် ဖြစ်ခဲ့သည်။ ဒရိုင်ဘာ လင်မယားလည်း လော်ပန်လင်မယား အစစ်အမှန် ဖြစ်ခဲ့လေသည်။
ရှေ့ဆက်တွေးလိုက်လျှင် သူကကော။ ဆေးကျောင်းမှဘွဲ့ရပြီး ဆ-မလက်မှတ်ရပြီးကတည်းက သူ့ကိုယ်သူ ဆရာ၀န်အစစ်ဟု ခံယူခဲ့သည်။ ပတ်၀န်းကျင်ကလည်း ဆရာ၀န်အစစ်ဟု သတ်မှတ်ခဲ့သည်။ ဒါသည်မှန်လှ သည်တစ်ဘဝပေါ့။ အနှစ် ၃၀လောက်ပေါ့။
သူ့မိတ်ဆွေ ရတနာကုန်သည်ကြီးသည်လည်း သူ့ကိုယ်သူ လော်ပန်ကြီး၊ သူဌေးသူကြွယ်ကြီးဟု ခံယူထားသည်။ ပတ်၀န်းကျင်ကလည်း သည်အတိုင်း အသိအမှတ် ပြုထားသည်။ ဒါလည်း မှန်လှသည်တစ်ဘဝပေါ့။ အနှစ် ၃၀ လောက်ပေါ့။ 
၃ နာရီခန့် ဆေးခန်းကလေးထဲမှာ မှန်ကန်နေခြင်းနှင့် အနှစ် ၃၀ ခန့် လောကတစ်နေရာမှာ မှန်ကန်နေခြင်းသည် အနှစ်သာရအားဖြင့် ဘာများ ကွဲပြား ထူးခြားသေးသနည်း။
ဆရာ၀န်သည် ဘာစကားမျှ ထပ်မဆိုတော့ဘဲ ဆေးခန်းပေါက်သို့သွားကာ ‘ဆေးခန်း ခေတ္တပိတ်သည်’ ဟူသော ဆိုင်းဘုတ်ပြားကလေးကိုသာ ဆွဲဖြုတ်လိုက်လေတော့၏။

⭐⭐⭐⭐⭐⭐⭐⭐⭐

ဂျိုဇော်

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၆၆၊ ဧပြီလ၊ ၁၉၉၅

Post a Comment

0 Comments