အတုများ - သန်းမြင့်အောင်

အတုများ 
____________________
သန်းမြင့်အောင်

သားတို့အိမ်မှာ အလှူလုပ်တယ်။ ဝင်စားသွားကြပါဦးလား။ မုန့်ဟင်းခါးကျွေးတာပါ။ အရပ်ထဲက လူတွေအားလုံးလိုလို လာစားကြတယ်။ ဝိုင်းလုပ်ပေးကြတဲ့အိမ်နီးချင်းတွေလည်း အများကြီးပဲ။ မေမေတစ်ယောက်တည်း ဧည့်ခံနေရတာ သနားပါတယ်။ ခုနေဖေဖေပြန်လာရင် သိပ်ကောင်းမှာပဲ။ သားကတော့ အခါတိုင်းနေ့တွေလို ရှပ်အင်္ကျီလက်ရှည်အဖြူကလေးဝတ်ပြီး လွယ်အိတ်တစ်လုံးကိုလွယ်ထားတဲ့ဖေဖေ အိမ်ပြန်လာတတ်တဲ့လမ်းကို မျှော်မျှော်ကြည့်နေမိတယ်။ ဒါပေမဲ့ ဖေဖေက ဘယ်ပြန်လာတော့မလဲနော်။ ခေါင်းရင်းဘုရားစင်အောက်က စားပွဲပုကလေးပေါ်မှာ မနက်ကအထိတင်ထားသေးတဲ့ ဖေဖေ့ဓာတ်ပုံ၊ ဖေဖေ့ဝတ်စုံတစ်စုံရယ်၊ စားစရာထည့်ထားတဲ့ပန်းကန်နဲ့ ရေဖန်ခွက်ကလေးတွေကိုတောင် ဖယ်ပစ်လိုက်ကြပြီလေ။ 

အခု အိမ်ပေါ်ကိုတက်လာကြတာ ဖေဖေ့အပေါင်းအသင်းတွေပေါ့။ သူတို့က မုန့်ဟင်းခါးပြင်ထားတဲ့ဝိုင်းကိုမဝင်ခင် အိမ်ရှေ့ကပြင်ပေါ်မှာ စားပွဲခုံတစ်လုံး ဗလာစာအုပ်တစ်အုပ်နဲ့ ပိုက်ဆံတွေအထပ်လိုက် ထောင်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်နဲ့အတူ ထိုင်နေတဲ့ ဦးလေးပိုက်ဆီ အရင်ဝင်ပြီး အိတ်ကပ်ထဲက ပိုက်ဆံတွေ နှိုက်ပေးနေကြတယ်။ ကြည့်ရတာတစ်မျိုးကြီးပဲ။ မေမေက မနက်တုန်းက အဲဒီလိုလုပ်တာကို မကြိုက်လို့ တားပါသေးတယ်။ ခေါင်းရင်းအိမ်က ဦးလေးပိုက်နဲ့ အိမ်နီးချင်းတွေက အတင်းလုပ်ကြတာ။ မေမေပြောတဲ့ မျက်နှာပူစရာကြီးဆိုတာကို ဘာမှန်းညာမှန်း သေသေချာချာမသိပေမယ့် သားလည်း မေမေမကြိုက်တာကို မလုပ်စေချင်ဘူး။ 

သားက အစကတည်းက လိမ္မာတာတော့မဟုတ်ပါဘူး။ ဖေဖေမကြိုက်တာကို အမြဲလုပ်ခဲ့တာပါ။ အခု ဖေဖေမရှိတော့ သား လိမ္မာချင်လိုက်တာ။ မိဘစကားနားမထောင်ရင် ငရဲကြီးတတ်တယ်လို့ မေမေပြောဖူးတယ်။ သားကတော့ ငရဲကြီးမှာကြောက်တာထက် ဖေဖေမကြိုက်တာတွေလုပ်ခဲ့မိလို့ ဖေဖေ သားကိုစိတ်ဆိုးမှာကို ပိုကြောက်တယ်။ ပြီးတော့ ဖေဖေ့ကို သား သိပ်သနားတာပဲ။ ဖေဖေ့ကိုပဲ မြင်ယောင်နေတယ်။ သားရင်ထဲမှာ တစ်မျိုးကြီးပဲ။ မေ့ပစ်လို့မရဘူး။ အခု သားမှာ မေမေတစ်ယောက်တည်းရှိတော့တယ်။ ဖေဖေ့လို မေမေက သားကိုထားခဲ့မှာ အရမ်းကြောက်တာပဲ။ အဲဒီလိုသာဆို သား ဘယ်သူနဲ့နေရတော့မှာလဲနော်။

အိမ်မှာ တဖြည်းဖြည်း လူတွေနည်းသွားပြီ။ ဖေဖေ့အမ ကြီးကြီးတို့မိသားစုနဲ့ ခေါင်းရင်းအိမ်က ဦးလေးပိုက်တို့လင်မယားပဲ ကျန်တော့တယ်။ လမ်းထဲက လူသုံးလေးယောက်ကတော့ အိမ်အောက်မှာ မုန့်ဟင်းခါးဟင်းရည်အိုးကြီးကို ဆေးကြောနေကြတယ်။ အဲဒီအချိန်မှာ ဦးလေးပိုက်က ပိုက်ဆံတွေ ရေတွက်ပြီး စာရင်းစာအုပ်နဲ့ မေမေ့ကိုလာပေးရင်း " အရပ်က ကူတာကို ယူကောင်းတယ် ငါ့နှမရဲ့။ ရပ်နဲ့ရွာနဲ့ နေတာ။ သာရေးနာရေးမှ မဝိုင်းဝန်းကြရင် ဘယ်ဖြစ်မတုံး။ ညည်းမလဲ ကုန်တာခန်းတာ နည်းမှတ်လို့ ။ ရှေ့လျှောက် ကလေးတစ်ယောက်နဲ့ လုပ်ကိုင်စားသောက်ရမှာက ရှိသေးတယ် "

မေမေက ဦးလေးပိုက်ပြောတာကို နားထောင်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာပါလေရော။ 

" တို့များကိုလည်း အကိုရင်း အမရင်းလိုသဘောထားပြီး အစစအရာရာ အားကိုးနိုင်ပါတယ်ကွယ်။ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးတဲ့။ ငါတို့မှာ စောင့်ရှောက်ရမယ့်ဝတ္တရားရှိပါတယ်။ မောင်ခင်အောင်ရှိတုန်းကလည်း တို့မှာ မောင်တစ်ယောက်လို အားကိုးခဲ့ရတာ "

ဦးလေးပိုက်မိန်းမက ဖေဖေ့နာမည်ထည့်ပြောလိုက်ကာမှ မေမေက တရှုံ့ရှုံ့နဲ့ငိုပါလေရော။ မေမေငိုတော့လည်း သား လိုက်ငိုမိတာပေါ့။ ဒါနဲ့ပဲ ဦးလေးပိုက်က " ကဲပါနှမရယ်။ သေတဲ့လူကလည်း သေပြီပဲ။ ညည်းက ဒီလိုဖြစ်နေတော့ ကလေးက ပိုအားငယ်မှာပေါ့။ တော်ပါတော့ကွယ်။ ရှေ့လျှောက် ဘယ်လိုစခန်းသွားမလဲလို့သာ ခေါင်းအေးအေးနဲ့ စဉ်းစား။ ကဲ ငါ့သားလည်း တိတ်တော့နော်။ သွားကစားချည် "လို့ဆိုတော့ မေမေကပါ မျက်ရည်သုတ်ပြီး သားကို " သားလေး။ သား ကစားစရာတွေအားလုံး မေမေ့အိပ်ခန်းထဲမှာ စုပြီးပုံထားတယ်။ သွားကစားနော် "လို့ ပြောတယ်။ 

သားက မကစားချင်ပါဘူး။ ဒါပေမဲ့ မေမေတို့ရှေ့ကနေ ထပြီး အခန်းထဲ ဝင်လာခဲ့တယ်။ အထဲရောက်တော့ အခန်းထောင့်မှာ မေမေစုပုံထားတဲ့ သားရဲ့ကစားစရာတွေထဲမှာ မျက်နှာဖုံးရုပ်တွေကိုပါ တွေ့တယ်။ သား ငိုချင်လိုက်တာ။ မျက်နှာဖုံးရုပ်တွေကို ကိုင်ကြည့်ရင်း ဖေဖေ့ကို တအားသတိရလာတယ်။ သည်မျက်နှာဖုံးတွေဟာ ဖေဖေမသိအောင် သား ခိုးပြီးဝယ်ထားတာတွေပေါ့။ အဲဒီအတွက် ဖေဖေ သားကို ခဏခဏ စိတ်ဆိုးဖူးတယ်။ ဟိုတလောတုန်းကဆို အရိုက်တောင်ခံရတယ်။ 

မေမေက သားကို တစ်နေ့ ကျောင်းမုန့်ဖိုးငါးကျပ် ပေးတယ်။ အဲဒီငါးကျပ် စပေးတဲ့နေ့က မေမေပြောတာကို သား မှတ်မိနေသေးတယ်။ 

" မေမေတို့ငယ်ငယ်တုန်းက သားအရွယ်မှာ ကျောင်းမုန့်ဖိုး တစ်မတ်ပဲရတယ်။ ဒါတောင် မေမေတို့မိဘက ပိုက်ဆံမရှားလို့။ တချို့ မေမေ့သူငယ်ချင်းတွေဆို ဆယ်ပြားပဲရတာ။ အဲဒီပိုက်ဆံထဲက မေမေ မုန့်ဝယ်စားတယ်။ စုလည်းစုတယ်။ သားလည်း ပိုက်ဆံစုတာ အကျင့်လုပ်ဦးနော် "တဲ့။ 

မေမေ ပိုက်ဆံတစ်မတ်ထဲက ဘာဝယ်စားပြီး ဘယ်လောက်စုသလဲလို့ သား သိချင်လိုက်တာ။ ပြီးတော့ မေမေက မုန့်ဖိုးပေးတိုင်း သားကို " သားလေး မတည့်တာတွေ ဝယ်မစားနဲ့နော် "လို့ ပြောသေးတယ်။ " တည့်တာက ငါးကျပ်ဖိုးမှ မရောင်းတာ မေမေရဲ့ "လို့ သားက ပြန်ပြောချင်တာ။ ဒါပေမဲ့ မပြောပါဘူး။ မေမေပေးတဲ့မုန့်ဖိုးကို အသာလေးပဲ ယူခဲ့တယ်။ သားက တည့်တာလည်း စားမှမစားချင်တာ။ တစ်ရုပ်ကို ဆယ့်ငါးကျပ်နဲ့ရောင်းတဲ့ မျက်နှာဖုံးရုပ်တွေကို မုန့်ဖိုးသုံးရက်စုပြီး ဝယ်လိုက်တယ်လေ။ သားတို့ကျောင်းရှေ့မှာ ကျောင်းမတက်ခင် လာလာရောင်းတဲ့ မျက်နှာဖုံးအရုပ်သည်ကြီးဆီမှာ အမြဲတမ်း ကျောင်းသားတွေ အုံခဲနေတာပဲ။ သူ့ရဲ့သစ်သားတန်းကလေးတွေနဲ့လုပ်ထားတဲ့ လက်က်ိုင်စင်ကလေးပေါ်မှာ ဝက်ဝံရုပ်၊ ကျားရုပ်၊ မျောက်ရုပ်၊ ကာတွန်းရုပ်နဲ့ တခြားအရုပ်မျိုးစုံရဲ့မျက်နှာကြီးတွေကို ကတ်ထူနဲ့လုပ်ပြီး ဆေးရောင်ခြယ်ထားတဲ့ မျက်နှာဖုံးတွေချိတ်ထားတာ သိပ်ပြီးလိုချင်စရာကောင်းတာပဲ။ တအားလည်းရောင်းရတယ်။

သားကတော့ သူများလို နေ့တိုင်းမဝယ်နိုင်ပါဘူး။ တစ်နေ့မှ မုန့်ဖိုးငါးကျပ်ပဲရတော့ သုံးရက်လုံးလုံး မုန့်အငတ်ခံပြီးစုမှ မျက်နှာဖုံးတစ်ရုပ်ပဲရတယ်။ တစ်ခါတစ်ခါ ပိုက်ဆံမပြည့်သေးလို့ အရုပ်မဝယ်နိုင်တဲ့နေ့မျိုးဆို မေမေငယ်ငယ်တုန်းက မုန့်ဖိုးတစ်မတ်ရတဲ့အချိန်မှာ မေမေ့သူငယ်ချင်းတွေ ဆယ်ပြားပဲရတယ်တဲ့။ အခု သားကျတော့ ငါးကျပ်ရတဲ့အချိန် မှာ ဘာဖြစ်လို့ သူငယ်ချင်းတွေကျတော့ လေးဆယ် ငါးဆယ်ရတာလဲလို့ မေးကြည့်ချင်စိတ်ပေါက်လာတယ်။ ခုတော့ သူများတွေ တစ်ရက်တည်းနဲ့ တစ်ခု နှစ်ခုဝယ်နေတဲ့အချိန်မှာ သားက သုံးရက်ပေါင်းမှ တစ်ခု ဝယ်ရတယ်။ 

မျက်နှာဖုံးဝယ်တာ ဖေဖေသိသွားတော့ သားကို ဆူပါလေရော။ မေမေရောပဲပေါ့။ " အဲဒီအရုပ်က ဘယ်လောက်ပေးရလဲ "ဆိုတော့ သားက " ဆယ့်ငါးကျပ် "လို့ အမှန်အတိုင်းပြောလိုက်တာပေါ့။ " မင်းကိုပေးတဲ့မုန့်ဖိုးက ငါးကျပ်။ ကျန်တဲ့တစ်ဆယ်က ဘယ်ကရသလဲ "ထပ်မေးတော့ " ပထမနေ့တွေက မုန့်မစားဘဲ စုထားတာ "လို့ ပြန်ဖြေလိုက်တာပေါ့။

ဒီတော့ ဖေဖေက " မင်းကိုမုန့်ဖိုးပေးတာ အရုပ်ဝယ်ဖို့ပေးတာ မဟုတ်ဘူး။ နောက်ကို မုန့်မစားဘဲ ဒီအရုပ်တွေဝယ်လာရင် အရိုက်ခံရမယ်။ စက္ကူကိုဆေးသုတ်ပြီး သားရေကွင်းနဲ့တပ်ထားတာ ခဏလေးနဲ့ စုတ်ပြဲသွားမယ့်ဟာ။ တန်လည်းမတန်ဘူး။ နောက်ကို ဝယ်မလာနဲ့ "လို့ပြောတယ်။ သားက " ဖေဖေကလဲ အရုပ်သည်ကြီးဆီမှာ လူတွေကိုဝိုင်းနေတာပဲ။ သားတစ်ယောက်တည်း ဝယ်တာမဟုတ်ဘူး။ တစ်ကျောင်းလုံးဝယ်ကြတာ။ မတန်ရင် ဘယ်ဝယ်မလဲ "ဆိုတော့ " ဟေ့ကောင် အဲဒီကလေးတွေက ပိုက်ဆံပေါလို့ ဝယ်တာကွ။ သူတို့မိဘတွေနဲ့ မင်းမိဘတွေက တူတာမဟုတ်ဘူး။ ပြီးတော့ အရုပ်သည်တွေက ကလေးတွေဆီကမုန့်ဖိုးကို ညာယူတာကွ။ မင်းသိရဲ့လား။ ငါက မဝယ်နဲ့ဆို မဝယ်နဲ့နော်။ နောက်ခါ အဲဒီမျက်နှာဖုံးရုပ်တွေ ဝယ်လာလို့ကတော့ မင်းအသေပဲ "တဲ့။

အဲဒါနဲ့ပဲ နောက်ကျတော့ သား မျက်နှာဖုံးရုပ်တစ်ရုပ် ဝယ်ပြီးတိုင်း ဖေဖေမတွေ့နိုင်တဲ့နေရာမှာ ဝှက်ဝှက်ထားရတယ်။ မေမေလည်း မမြင်အောင်လို့ပေါ့။ မေမေမြင်သွားရင်လည်း ဖေဖေ့ကို ပြန်တိုင်မှာပဲလေ။ မျက်နှာဖုံးအရုပ်ကလေးတွေ စုံအောင်လို့ သားက စုနေတာ။ မျက်နှာဖုံးအရုပ်ကလေးတွေ စုံခါနီးလာလေလေ နောက်ထပ်မျက်နှာဖုံး အသစ်အသစ်တွေ ထပ်ထပ်ပါလာလေလေဆိုတော့ တစ်ရုပ်ရပြီးရင် နောက်ထပ်တစ်ရုပ်အတွက် ပိုက်ဆံထပ်စုရပြန်ရော။ အဲဒါနဲ့ တစ်နေ့ကျတော့ ဘယ်သူမှမမြင်အောင် သား တိတ်တိတ်ကလေးဝှက်ထားတဲ့နေရာက မျက်နှာဖုံးအရုပ်တွေကို ဖေဖေ ဘယ်လိုရှာတွေ့သွားလဲမသိဘူး။ သားကို ဒေါသထွက်ထွက်နဲ့ ကြိမ်လုံးနဲ့ရိုက်တော့တာ။ 

မေမေက " တော်ပါတော့ကွယ်။ သားက ခေါင်းမာတာကိုး "ဆိုပြီး ဝင်ဆွဲမှ ကြိမ်လုံးကိုချပြီး အိမ်ရှေ့က ပက်လက်ကုလားထိုင်မှာ တစ်ယောက်တည်းသွားထိုင်ပြီး မျက်မှောင်ကြီးကြုတ်နေတယ်။ အဲဒီတုန်းကလေ သား ဖေဖေ့ကို မုန်းလိုက်တာ။ မခေါ်ချင်တော့ဘူး။ ကိုယ့်ဟာကိုယ် မုန့်အငတ်ခံပြီး ဝယ်ထားတဲ့ဟာကို သူ့ပိုက်ဆံနဲ့ ခိုးဝယ်တာကျနေတာပဲ။ သားလည်း သူများတွေလို ကစားချင်တာပေါ့။ 

ဖေဖေဟာ တစ်ယောက်တည်း ကုလားထိုင်ပေါ်ထိုင်နေရာကနေ အတော်လေးကြာတော့ သားဆီကို ထလာတယ်။ သားက ဖေဖေ့ကို မကြည့်ပါဘူး။ မျက်လုံးထောင့်က မြင်နေရတာ။ ဖေဖေက သားပုခုံးကို လာဖက်တယ်။ သားက မော့မကြည့်တော့ " ဟေ့ကောင် မင်း ဖေဖေ့ကို စိတ်ကောက်နေတာလား "တဲ့။ မေမေက ဖေဖေနဲ့သားကို ပြုံးပြီးကြည့်နေတယ်။ ဖေဖေက တအားရိုက်ပြီးရင် သားကြိုက်တဲ့မုန့်တစ်ခုခုလည်း ဝယ်ကျွေးတတ်သေးတယ်။ 

" ကဲပါသားရယ်။ နောက်ကို မုန့်အငတ်ခံပြီး သား အဲဒီအရုပ်တွေ မဝယ်နဲ့တော့နော်။ သားကို တစ်ပတ်ကို မျက်နှာဖုံးတစ်ခု ဖေဖေ ဝယ်ပေးမယ် "ဆိုလို့ သား ဝမ်းသာအားရနဲ့ ဖေဖေ့ကို မော့ကြည့်လိုက်တယ်။ 

" တကယ်လားဖေဖေ " 

" တကယ်ပေါ့။ သားက အဲဒီမျက်နှာဖုံးတွေကို သိပ်ကြိုက်နေတော့ ဖေဖေပဲ ဝယ်ပေးတော့မယ်။ တစ်ပတ်ကို တစ်ရုပ်ပဲရမယ်နော်။ ဒီကြားထဲမှာ သား မဝယ်ရဘူး "တဲ့။ ဖေဖေ့ကို ခေါင်းညိတ်ပြလိုက်တယ်။ တကယ်တော့ သားက ဘယ်နေမှာလဲ။ ဖေဖေဝယ်ပေးတဲ့ မျက်နှာဖုံးတွေကိုလည်းယူပြီး ဖေဖေတို့မြင်အောင် တပ်ပြီးကစားတယ်။ သားဟာသား ထပ်စုပြီး ဝယ်ထားတဲ့ဟာတွေကိုလည်း ဖေဖေတို့မမြင်အောင် ဝှက်ကစားတယ်။ 

သား ပိုက်ဆံစုလို့ တစ်ဆယ်ရထားတဲ့ တစ်နေ့ ညနေကျောင်းအပြန်မှာ နက်ဖြန်ခါ အရုပ်တစ်ရုပ်ဝယ်လို့ရတော့မှာမို့ ပျော်ပြီးပြန်လာတယ်။ အခု အရုပ်သည်ကြီးဆီမှာ သံခေါင်းစွပ်မင်းသားပုံ မျက်နှာဖုံးအသစ်တစ်ခု ထပ်ရောက်နေပြန်ပြီ။ မနက်ဖြန်ခါကျရင် အဲဒီပုံ ဝယ်လို့ရတော့မယ်ဆိုပြီး စိတ်ကူးထဲမှာ မြင်ယောင်ပြီး ပြန်လာတုန်း အိမ်ရှေ့ရောက်တော့ အိမ်ပေါ်မှာ လူတွေ ဆင်းလိုက်တက်လိုက်နဲ့ဖြစ်နေပြီး မေမေကလည်း သားကိုမြင်တာနဲ့ ဖက်ပြီးငိုတယ်။ မေမေငိုတာကို အဲဒီနေ့ကမှ သား စမြင်ဖူးတာ။ သား လန့်သွားတယ်။ အိမ်မှာ ဘာဖြစ်တာလဲ။ ဖေဖေရော ... ။  

ဖေဖေဆုံးလို့တဲ့။ ဖေဖေ ကားတိုက်ခံရလို့ ဆုံးသွားပြီတဲ့။ အခု ရေခဲတိုက်ထဲမှာတဲ့။ ဟင် .. ဒုက္ခပါပဲ။ ဒါဆို သားမှာ ဖေဖေမရှိတော့ဘူးပေါ့။ ဖေဖေ။ ဖေဖေရေ ...။ အိမ်မှာ ဖေဖေဆုံးတော့ သား ကျောင်းမတက်ရတော့ဘူး။ 

*********

ဒီနေ့ ဖေဖေရက်လည်ပြီ။ မနက်ဖြန် သားကျောင်းပြန်တက်ရတော့မယ်။ အခန်းထောင့်က မေမေစုပုံထားတဲ့ သားရဲ့ကစားစရာတွေထဲမှာ ဖေဖေမရိုက်ခင်တုန်းက သား ဝယ်ပြီးစုထားခဲ့တဲ့ မျက်နှာဖုံးရုပ်အဟောင်းတွေကိုပါ ပြန်ပြီးတွေ့လိုက်ရတယ်။ ဟင် 
... ဒါဆို ဖေဖေက သားအရုပ်တွေကို ဖျက်ဆီးမပစ်ခဲ့ဘူးပေါ့။ နက်ဖြန်ခါ သားကျောင်းပြန်တက်လို့ မေမေမုန့်ဖိုးပေးရင် သံခေါင်းစွပ်မင်းသားမျက်နှာဖုံး ဝယ်လို့ရပြီ။ သား ဝယ်ရင်ကောင်းမလား။ မဝယ်ရင် ကောင်းမလား။ ဖေဖေ့စကားလည်း နားထောင်ချင်တယ်။ သံခေါင်းစွပ်မင်းသားအရုပ်လည်း လိုချင်တယ်။ သား ဘာလုပ်ရရင် ကောင်းမလဲဟင် .. ။ 

မေမေက သားကို ထုံးစံအတိုင်း မုန့်ဖိုးငါးကျပ်ထုတ်ပေးတယ်။ တိုင်မှာချိတ်ထားတဲ့ လွယ်အိတ်နဲ့ဦးထုပ်ကို ယူပြီး ကျောင်းကိုလာခဲ့ရင်းက လမ်းမှာ ကွန်ပါဘူးထဲက အံကလေးထဲမှာ ထည့်သိမ်းထားတဲ့ ပိုက်ဆံတစ်ဆယ်ကိုထုတ်ယူပြီး လက်ထဲက မေမေပေးလိုက်တဲ့ ငါးကျပ်နဲ့ ပေါင်းကိုင်ရင်းက လျှောက်လာခဲ့တဲ့သားခြေထောက်တွေဟာ အလျင်လိုမမြန်ဘဲ နှေးကွေးနေကြတယ်။ ကျောင်းနားရောက်တော့ သားရင်တွေ တဒိတ်ဒိတ်နဲ့ခုန်နေတယ်။ ဝယ်ရင်ကောင်းမလား။ မဝယ်ရင်ကောင်းမလားနဲ့ ရင်ထဲမှာ အပြန်ပြန်အလှန် မေးနေမိတယ်။ သားသိပ်ကြိုက်တဲ့ သံခေါင်းစွပ်မင်းသားကိုလည်း မျက်စိထဲမှာမြင်နေတယ်။ 

သား ဝယ်လိုက်တော့မယ်။ သံခေါင်းစွပ်မျက်နှာဖုံးရပြီးရင် နက်ဖြန်ကစပြီး နောက် ဘယ်တော့မှ မဝယ်တော့ဘူးလို့ စိတ်ကိုဒုန်းဒုန်းချပြီး သားဖေဖေ့ကို သတိရနေရင်းက မုန့်စားတန်းက အရုပ်သည်ကြီးဆီကို လာနေမိတယ်။ သံခေါင်းစွပ်ရုပ်ကလေးမှ ရှိသေးရဲ့လားလို့ သား စိတ်ပူပြီးလှမ်းအကြည့်မှာ " ဟင် အရုပ်သည်ကြီး မထွက်ပါလား "။ 

သားလိုပဲ မျက်နှာဖုံးဝယ်နေကျကောင်တွေကလည်း အဲဒီနေရာကို ရောက်လာကြပြီး " ဟာ ဒီနေ့လည်း မလာဘူးကွ "လို့ စိတ်ပျက်လက်ပျက်ပြောနေကြတုန်း အရုပ်သည်ဘေးက ဆီးသီးလှည်းဆီက " ဟေ့ကောင်တွေ မင်းတို့မျက်နှာဖုံးသည် ဘယ်တော့မှ လာမှာမဟုတ်တော့ဘူးကွ "ဆိုတဲ့အသံ ကြားလိုက်ရတယ်။ " ဘာဖြစ်လို့လဲဗျ "လို့ တစ်ယောက်က လှမ်းမေးလိုက်တော့ " ဘာဖြစ်ရမလဲကွ။ မင်းတို့အရုပ်သည်ကြီးက မျက်နှာမှာ မျက်နှာဖုံးကြီးအမြဲအုပ်ထားပြီး ကားလမ်းကူးတော့ ဘေးက ကလေးတစ်ယောက်က ဝင်တိုက်လိုက်တာ မျက်နှာဖုံးရွေ့ပြီး မျက်စိပိတ်သွားတုန်း ကားနဲ့ဝင်တိုးလို့ ကိစ္စချောသွားပြီ "ဆိုတော့ အားလုံးဆီက " ဟာ .. သနားပါတယ် "ဆိုတဲ့ အသံထွက်လာတယ်။ 

ဟုတ်သားပဲ။ အရုပ်သည်ကြီးက အမြဲတမ်း မျက်နှာဖုံးအကြီးစားကြီး မျက်နှာမှာတပ်တပ်ပြီး ရောင်းလို့ သားလည်း သူ့ကို တစ်ခါမှတောင် မမြင်ဖူးလိုက်ဘူး။ သနားစရာကောင်းလိုက်တာ ...။

--------------------------------------

သန်းမြင့်အောင်

Post a Comment

0 Comments