မြေနိမ့်မြစ်ဝှမ်းလွင်ပြင် - ဟမ်စိုင်း (ဆေး-မန်း)

မြေနိမ့်မြစ်ဝှမ်းလွင်ပြင်

 "အသေးလေး...ကောက်ရထားလား။ ကောက်ရထားရင် အခုချက်ချင်း ပြန်ပေးလိုက်"
အသေးလေး မျက်နှာကို စူးစူးဝါးဝါး ကြည့်ပြီး ပြောလာတဲ့ `ဘုရင်မ´အလှပြင်ဆိုင် ပိုင်ရှင် အန် တီမိုးရဲ့ စကားအဆုံးမှာ အန်တီနွယ်က အသေးလေး ပခုံးကို ဖွဖွဆုပ်ကိုင်ရင်း စကားပြောလာ တယ်။
"သမီးက လိမ္မာပါတယ်။ ကောက်ရထားရင် ပြန်ပေးနော်။သမီးကို မုန့်ဖိုးပေးပါ့မယ်"
အသေးလေး အန်တီနွယ်ကို တစ်ခုခုပြန်ပြောဖို့ ကြိုးစားလိုက်ပေမယ့် စကားသံတွေက လည်ချောင်းထဲတင် တစ်နေတယ်။ အန်တီနွယ်က အသေးလေးတို့ဆိုင်ကို လာနေကျ ဖောက်သည်။ ဒီမနက်က အန်တီနွယ် ဆိုင်ကို ဆံပင်ညှပ်၊ ခေါင်းလျှော်လာတယ်။ ဆိုင်က ပြန်သွားပြီး သိပ်မကြာဘူး လောလော လောလောနဲ့ ပြန်ရောက်လာတယ်။ အန်တီမိုးထိုင်နေတဲ့ ဆိုဖာခုံနား အပြေးအလွှား ရောက်သွားပြီး
"မမိုးရေ၊ ငါတော့ ကိုယ်ကျိုးနည်း ပြီဟဲ့"
"မမိုး ရင်တွေ တုန်လိုက်တာ အစ်မနွယ်ရယ်။ ဘာဖြစ်လာတာလဲ"
အန်တီမိုးက သူမရဲ့ မို့မောက်နေတဲ့ ရင်အစုံပေါ် လက်ဖိပြီး ထိုင်ရာကနေ ထလိုက်တယ်။
"မနက်ဖြန် အလှူသွားစရာရှိလို့ ငါ့အစ်မဆီက စိန်နားကပ် ငှါး၀တ်လာတာ။ အဲဒါ နားကပ်တစ်ဖက် ပြုတ်ကျခဲ့လို့ဟယ်။ အဲ့နားကပ်၀ယ်တုန်းက ဆယ့်ငါသိန်းလို့ ပြောဖူးတယ်။ ငါတော့ ဒုက္ခပဲအေ"
"ဆယ့်ငါးသိန်း။ ဟုတ်လားအစ်မနွယ်။ ဒါဆို တစ်ဖက်ကို ခွန်နှစ်သိန်းခွဲပေါ့"
"အေးဟယ်။ ငါ စိတ်ညစ်ပါတယ်။ အိမ်မှာ ရှာတာလည်း နှံ့နေပြီ။ မတွေ့ဘူး။ မနက်က ဒီဆိုင်ပဲ လာတာလေ။ အဲဒါ ဒီဆိုင်မှာ များ ကျနေခဲ့သလားလို့"
အသေးလေး ဒီဆိုင်မှာ လုပ်ငန်းလုပ်တာ လေးလပြည့်တော့မယ်။ လုပ်ငန်းဆိုလို့ ဆံပင် ညှပ်၊ အလှပြင်ရတာ မဟုတ်ဘူး။ ဆိုင်ထဲ တံမြက်စည်းလှဲ၊ သန့်ရှင်းရေး အလုပ် လုပ်ရတာ။ အခု အန်တီနွယ့်စိန်နားကပ် ကျနေခဲ့တာ မှန်ရင် စောနကမှ ဆိုင်ထဲ တံမြက်စည်းလှဲထားတဲ့ အသေးလေးပဲ တွေ့ရမယ်ဆိုပြီး အန်တီမိုးက သေချာတဲ့ပုံစံနဲ့ ပြောတယ်။
"အသေးလေး။ အန်တီမိုး ပြောနေတယ်နော်။ ဒီဆိုင်မှာ ကျနေခဲ့တယ်ဆိုရင် နင်ပဲတွေ့ရမယ်။ ယူထားရင် အခုချက်ချင်းပြန်ပေးလိုက်"
အန်တီမိုးရဲ့ အော်သံကြောင့် ဆိုင်ထဲကလူအားလုံးရဲ့ မျက်လုံးတွေက အသေးလေးဆီ စုပြုံကျလာတယ်။ ရောဂါထနေလို့ ပိုက်ဆံပို့ပေးဦးဆိုတဲ့ ဖုန်းထဲက အမေ့စကားသံရယ်၊ ခက်ထန်မာ
ကြောနေတဲ့ အန်တီမိုး မျက်နှာရယ်၊မျှော်လင့် ချက်ကြီးစွာနဲ့ အသေးလေးကို ကြည့်နေတဲ့ အန်တီ နွယ် မျက်၀န်းရယ်၊ လိမ်ပြောရင် ဆင်းရဲတတ်တယ် ဆိုတဲ့ အမေ့စကားသံတွေက တစ်လှည့်ပြီး တစ်လှည့် အသေးလေး ခေါင်းထဲ ၀င်ရောက်လာတယ်။ အသေးလေး စိတ်ညစ်လိုက်တာ။ ဖြစ်နိုင်ရင် ဆိုင်အပြင်ဘက်ကို ထွက်ပြေးသွားချင်တယ်။အသေးလေး နှုတ်က ဆွံ့အပြီး မျက်၀န်းက မျက်ရည်တွေ တသွင်သွင် စီးကျလာတယ်။
"ဟဲ့။မထုံတက်သေး လုပ်မနေနဲ့။ တွေထားရင် တွေ့တယ်ပြော။ မတွေ့ရင် မတွေ့ဘူးပြော"
"ကလေးကို မအော်ပါနဲ့ မမိုးရယ်။ သမီးက လိမ္မာပါတယ်။ တွေ့ထားရင် ပြန်ပေးနော်"
အန်တီနွယ်ရဲ့ အားပေးစကားကြောင့် အသေးလေးပါးစပ်က တစ်ခုခုပြောဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် စကားသံတွေက လည်ချောင်း၀မှာပဲ ပျောက်ကွယ်သွားပြန်တယ်။
#######################
"အန်တီဌေး၊အန်တီဌေး၊ ဗျို့...အန်တီဌေး"
အိမ်အရှေ့က အလောတကြီး ခေါ်သံကြောင့် အမေနဲ့ အသေးလေး ကန်စွန်းရွက် တွေ သင်ရာကနေ အမြန်ထပြီး အိမ်အပြင်ကို ထွက်ကြည့်ရတယ်။
"အေး။မောင်ဇော်။ ဘာကိစ္စရှိလို့လဲ"
"ဦးလေးမြတ်မင်းလေ...ဦးလေးလေ....ဦးလေး"
"ဟဲ့။ ထစ်ငေါ့ထစ်ငေါ့ လုပ်မနေနဲ့။ ပြောစရာရှိတာပြော။ ဘာလဲ မူးပြီး ရန်ဖြစ်ပြန်ပြီလား"
"ဟိုလေ၊ ဦးလေးကို အရက်ဆိုင်မှာ ဦးစိုးက ဓါးနဲ့ထိုးပြီးပြေးလို့။ ဘကြီးစံပြောတာတော့ အသက်မရှိတော့ဘူးတဲ့"
"ဟမ်"
အမေ့ပါးစပ်က ဟမ်ဆိုတဲ့ အသံရဲ့ နောက်မှာ အမေက အသေးလေးလက်ကိုဆွဲပြီး ရွာ လယ်အရက်ဆိုင်ကို ပြေးတော့တယ်။ အရက်ဆိုင်ထဲကို လူတွေ ဝိုင်းအုံကြည့်နေကြတယ်။ အမေ့ ကို မြင်တော့ လူတွေက လမ်းဖယ်ပေးကြတယ်။ အဖေ့ဘေးမှာ ပုလင်းကွဲတွေ ဖန်ခွက်တွေနဲ့ ခုံတွေက ပြန့်ကျဲလို့။ အဖေက ခြေကားရား လက်ကားရားနဲ့ ကြမ်းပြင်ပေါ် လဲနေတာ မျက်လုံးကြီးကို ပြူးနေတာပဲ။အဖေ့ရင်ဘတ်မှာ သွေးတွေရဲနေပြီး ဓါးတစ်ချောင်းက တန်းလန်းကြီး စိုက်၀င်နေ တယ်။
"အမလေး။ ကိုမြတ်မင်းရဲ့ ကျွန်မကို ထပြီး ရိုက်ပါဦးလား။ တော့ မိန်းမနဲ့ သမီးလိမ္မာလေးကို ထပြီး ရိုက်ပါဦးလား...အီး..ဟီး...ဟီ..."
အမေက အော်ကြီးဟစ်ကျယ်နဲ့ အဖေ့ကို ဖတ်ပြီး ငိုတော့ ရွာလူကြီးတွေက အဖေ့အလောင်းကို မထိဖို့ တားကြတယ်။အသေးလေးတော့ မငိုပါဘူး။ အဖေသေသွားတာ ၀မ်းမနည်းဘူး။ အဖေ က အသေးလေးကို သုံးတန်းနဲ့ကျောင်းထုတ်ပြီး သူများနွားတွေ အငှါးကျောင်းခိုင်းတယ်။ ကျောင်း က ဆရာမတွေက စာတော်တဲ့ အသေးလေးကို ကျောင်းမထုတ်ဖို့ အိမ်ကိုလာပြောတော့ အဖေက `အသေးလေး သူများနွားတွေ အငှါးကျောင်းတာ ကျုပ်အတွက် အရက်ဖိုးရတယ်။ သူ့ကို ကျောင်း ထားရင် ဆရာမတို့က ကျုပ်ကိုအရက်ဖိုးပေးမှာလား။ မပေးနိုင်ရင် နောက်လာမခေါ်နဲ့´လို့ ပြော လွှတ်တာ။ အဲ့အချိန်ကတည်းက အသေးလေး အဖေ့ကို မုန်းသွားတာ။ အဖေကရှိလည်း အလုပ်မလုပ်တဲ့အပြင် ညနေမူးလာတိုင်း အမေနဲ့ အသေးလေးကို အသားလွတ် ရိုက်တာ။ အသေးလေး ခန္ဓာကိုယ်မှာ အညိုအမည်းကွက်တွေမှ အများကြီးပဲ။
#######################
အမေနဲ့ အသေးလေးရဲ့ လုပ်အားခတွေက အဖေ့အရက်ဖိုးမပေးရတော့ လက်ထဲမှာ စုမိ လာတယ်။
"နောင်နှစ် ကျောင်းပြန်ဖွင့်ရင် သမီးကျောင်းပြန်တက်နော်"
အမေ့ရဲ့စကားကြားတော့ အသေးလေ ပျော်လိုက်တာ။ နေပူထဲမှာ နွားကျောင်းနေရတာ အသေးလေး မပျော်ဘူး။ အဖြူအစိမ်းတွေ၀တ်ပြီး ကျောင်းသွားတဲ့သူငယ်ချင်းတွေကို မြင်တိုင်း အသေးလေး ကြိတ်ပြီး ငိုရတယ်။ ကျောင်ပြန်နေရမယ်ဆိုပြီး ပျော်နေတဲ့အသေးလေး အပျော်တွေက ကြာကြာ မခံပါဘူး။
ဆောင်းရာသီ၀င်တော့ အမေ့ပန်းနာရင်ကျပ် ရောဂါက ထလာပြန်ရော။ တရွှီးရွှီးနဲ့ အသက်ရှူကျပ်နေတဲ့ အသံကို ဘေးက အသေးလေးပါကြားနေရတယ်။ မောဟိုက်နေတဲ့ အမေ့ကို ကြည့် ပြီး အသေးလေးပါ မျက်ရည်ကျရတယ်။ အရင်နှစ်တွေဆို ဆေးတစ်ခါ နှစ်ခါထိုးတာနဲ့ သက်သာ သွားပေမယ့် ဒီနှစ် အအေးပိုလို့ ထင်ပါရဲ့ နှစ်ရက်ခြားတစ်ခါလောက် ရွာကဆေးမှူးဆီ သွားပြီး ဆေးထိုးရတယ်။ အသေးလေးတို့ စုထားတဲ့ ပိုက်ဆံတွေက အမေ့ဆေးဖိုးနဲ့ ကုန်ရော။ ဒီကြားထဲ အသေးလေးအငှါးကျောင်းတဲ့ နွားအုပ်ထဲက နွားတစ်ကောင်က ပိုးထိပြီး သေသွားတော့ ပိုင်ရှင်က အသေးလေးကို ဆက်ပြီး မကျောင်းခိုင်းတော့ဘူး။ လယ်ပေါင်းနှုတ်တွေကျ အသေးလေးကငယ်တော့ မခေါ်ကြပြန်ဘူး။
ညအိပ်ရာ၀င်တော့ အမေက အသေးလေးကျောကို ပွတ်သပ်ပေးရင်း
"အမေတို့ သားအမိက ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသလိုပဲ သမီးရယ်။ဘယ်ဘ၀ ဝဋ်ကြွေးတွေ ပါလာလဲမသိဘူး"
"အမေ့ သူများပစ္စည်း ခိုးရင် ဆင်းရဲတတ်တယ်ဆိုတာ ဟုတ်လား"
တောထဲမှာ နွားကျောင်းရင်း ဘကြီးမောင်လယ်ကွင်းက နေကြာပွင့်တွေ ခိုးစားတာ ဘကြီးမောင်သိတော့ သူများပစ္စည်းခိုးရင် ဆင်းရဲတယ်၊ နောက်ခိုးမစားနဲ့လို့ အသေးလေးကို ပြောဖူးတာ အမှတ်ရပြီး အမေ့ကို မေးမိတယ်။
"ဆင်းရဲတာပေါ့ သမီးရယ်။ ဒီဘ၀တင် မဟုတ်ဘူး။ဘ၀အဆက်ဆက် ဆင်းရဲတယ်။ သူများပစ္စည်း ခိုးတာတင်မကဘူး သမီးရဲ့ သူတစ်ပါးအသက်သတ်တာ၊ သူများသားမယားနဲ့ ဖောက်ပြားတာ၊ လိမ်လည်တာ၊အရက်သောက်တာတွေပါ ရှောင်ရမယ်။ အဲ့ငါးပါးသီလကို မရှောင်ရင် ငရဲကြီးတယ်"
"ဒါဆိုအမေနဲ့သမီးက သူများပစ္စည်း မခိုးဘဲနဲ့ ဘာလို့ ဆင်းရဲ နေတာလဲ"
"အော် သမီးလေးရယ်။ဒါက အရင်ဘ၀က ကုသိုလ် အကုသိုလ် အကျိုးဆက်တွေ ပါလာလို့လေ"
အမေပြောတဲ့ ကုသိုလ် အကုသိုလ် ဆိုတာ အသေးလေး သိပ်ပြီး နားမလည်ပေမယ့် ဆက်မေးရင်လည်း အသေးလေး နားမလည်တာတွေပဲ ဆက်ပြီးပြောလာမှာမို့ အိပ်ပျော်အောင် ကြိုးစား ပြီး အိပ်ပစ်လိုက်တယ်။
#######################
ကျောက်ဆည်မြို့နဲ့ အသေးလေးတို့ရွာက တုတ်တုတ်(သုံးဘီးဆိုင်ကယ်)နဲ့ဆို နှစ်နာရီလောက်စီးရတယ်။ကျောက် ဆည်မြို့ ပေါ်ကို အသေးလေး တစ်တန်းတုန်းက အမေနဲ့ စျေးလေး ထဲတစ်ခါပဲ ရောက်ဖူးတာ။ အခုတော့ ကျောက်ဆည် သွားရဖို့ ကံပါလာပြီ။ ကျောက်ဆည်မြို့ လမ်း မပေါ်က လူတွေ၊ကားတွေ၊ တိုက်တွေ၊ စျေးဆိုင်တွေ အားလုံးက အသေးလေး မျက်လုံးထဲမှာ အ သစ်အဆန်းတွေ ကြည့်ပဲ။
"ဟဲ့ အသေးလေး။ မြန်မြန်လာ။ ငေးမနေနဲ့။ ငါက ရွာကိုပြန်ရဦးမှာ"
"ဟုတ်။ ကြီးတော်ပု တိုက်ကြီးတွေက အကြီးကြီးပဲနော်"
အရှေ့က ခပ်သွက်သွက်သွားနေတဲ့ ကြီးတော်ပု အနောက်ကို အ၀တ်အစားတွေထည့် ထားတဲ့ လွယ်အိတ်ကလေးကိုပိုက်ပြီး ပြေးလိုက်ရတယ်။
"အေး။နင်က ဒီမှာ နေခဲ့ရမှာ။ လာမြန်မြန်လျှောက်။ အရှေ့လမ်းဆို ရောက်ပြီ"
ကျောက်ဆည်မြို့ပေါ်က ကြီးတော်ပုတူမရဲ့ အလှပြင်ဆိုင်မှာ တောက်တိုမယ်ရ ခိုင်းဖို့ ရွာ ကလူရှာခိုင်းလို့ ကြီးတော်ပုက အသေးလေးကိုလိုက်ပို့တာ။ အမေနဲ့ မခွဲချင်ပေမယ့် ရွာမှာက အသေးလေးအတွက် နေ့တိုင်း၀င်ငွေရတဲ့ အလုပ် မရှိဘူးလေ။ ကြီးတော်ပု ၀င်သွားတဲ့ ဆိုင်ရဲ့ နာ မည်ကို အသေးလေး ဖတ်ကြည့်တော့ `ဘုရင်မ´အလှပြင်ဆိုင်တဲ့။ ဆိုင်ကြီးက အကြီးကြီးပဲ။ အပြင်မှာ ပူသလောက် ဆိုင်ထဲ ၀င်၀င်ချင်း အေးစိမ့် သွားတာပဲ။ ဆိုင်ထဲမှာ မမလှလှတွေက ဆံပင် ညှပ်တဲ့လူက ညှပ်၊ခေါင်းလျှော်ပေးတဲ့လူက ခေါင်းလျှော်နဲ့ ထိုင်စောင့်နေတဲ့ လူတွေလည်း အများကြီးပဲ။ မှန်ကောင်တာထဲမှာလည်း အလှပြင်ပစ္စည်းတွေ လက်၀တ်ရတနာတွေ အများကြီးပဲ။ လှလိုက်တာ။
"ဟဲ့...ဒီကောင်မလေးနဲ့တော့ စိတ်ညစ်ပါတယ်အေ။ ငေးမနေနဲ့။ ဒီကိုလာခဲ့"
ကြီးတော်ပု အော်ခေါ်မှ အသေးလေးလည်း ငေးနေရာကနေ ကြီးတော်ပုနားသွားထိုင်ရ တယ်။ ကြီးတော်ပုနဲ့ ရယ်ရယ်မောမော စကားတွေပြောနေတဲ့ မျက်နှာချင်းဆိုင်က အန်တီကြီးက ချောလိုက်တာ။ ရွှေတွေ၀တ်ထားတာ ညွှတ်နေတာပဲ။
"မိမိုး..ဒါ အသေးလေးတဲ့။ညည်းရှာခိုင်းလို့ ကျုပ်မှာ မအားတဲ့ကြားက လာပို့ရတာ"
"ကျေးဇူးပါပဲ ဒေါ်လေးရယ်။ ကလေးက ငယ်တော့ အလုပ်တွေ လုပ်နိုင်ပါ့မလား" "အသေးလေးကို လူကောင်သေးလို့ အထင်မသေးနဲ့။ ရွာမှာ နွားအုပ်အငှါးကျောင်းလာတာ"
ကြီးတော်ပုက အသေးလေး အလုပ်လုပ်နိုင်ကြောင်း အာမခံနေပေမယ့် အလုပ်မရမှာ ကြောက်လို့ အသေးလေး ရင်တွေ တဒိတ်ဒိတ်ခုန်လာတယ်။ မရှိမဲ့ ရှိမဲ့ အ၀တ်လေးတွေ ထည့်လာ တဲ့ လွယ်အိတ်ကိုပဲ ပွတ်ချေနေမိတယ်။
"ဆိုင်မှာတော့ ဆံပင်ညှပ်ညှပ်ပြီးချင်း သံပန်တလင်းပေါ်ကျလာတဲ့ ဆံပင်တွေ လှဲဖို့နဲ့ သန့်ရှင်းရေး လုပ်ရမယ်။ ကျွန်မ အပြင်ကို အလှပြင်သွားတဲ့ အခါ အိတ်ဆွဲလိုက်ရမယ်။ ထမင်းဟင်းချက်က သီး သန့်တစ်ယောက် ရှိတော့ အိမ်လုပ်ငန်းတွေ တော့ လုပ်စရာမလိုပါဘူး"
"ညည်းလုပ်ငန်းတွေလောက်တော့ အသေးလေးအတွက် အပျော့ပေါ့အေ"
အသေးလေး ကြောက်ရဲကြောက်ရဲနဲ့ အန်တီမိုးမျက်နှာကြည့်တော့ အန်တီမိုးကပြုံးပြတယ်။
"သမီး အသက်ဘယ်လောက်ရှိပြီလဲ။ကျောင်း ဘယ်နှစ်တန်းထိ နေဖူးလဲ"
"ဆယ်နှစ်ပါ အန်တီ။ သုံးတန်းထိနေဖူးပါတယ်"
"သမီး ဒီဆိုင်မှာ နေပြီး အန်တီမိုး ပြောတာတွေ လုပ်နိုင်ပါ့မလား "
အသေးလေး ၀မ်းသာလွန်းလို့ ရင်တွေရော လက်တွေရော တုန်ယင်လာပြီး ခေါင်းထပ်ခါ ထပ်ခါ ညိတ်မိ တော့တယ်။ကြီးတော်ပု ရွာကို ပြန်သွားတော့ အသေးလေးရင်ထဲမှာ ဟာတာတာ ကြီးပဲ။ အန်တီမိုး ထုတ်ပေးတဲ့ တစ်လစာလစာကို အမေ့အတွက် ထည့်ပေးလိုက်တယ်။
######################
အလှပြင်ဆိုင်မှာ အသေးလေး နေတာ ကြာတော့ ဆိုင်က အစ်မတွေ၊ ဆိုင်လာနေကျ ဖောက်သည်တွေနဲ့ တော်တော်လေးရင်းနီးလာပြီ။ အသေးလေးကိုလည်း အားလုံးကချစ်ကြတယ်။ နောက်ကျရင်တော့ ဆံပင်ညှပ်၊ အလှပြင် သင်ပေးမယ်လို့ အန်တီမိုးကပြောတယ်။
ဆိုင်မှာ နေ့ခင်းဆို ၀န်ထမ်းဆယ်ယောက်ရယ်၊ ဆိုင်လာတဲ့ လူတွေရယ်နဲ့ စည်ကားနေပေမယ့် ညရောက်ရင် အသေးလေးရယ်၊ အန်တီမိုးရယ်၊ ထမင်းဟင်းချက်ရတဲ့ မမသီရယ်ပဲကျန်ခဲ့တာ။ ညတိုင်းညတိုင်း အသေးလေးနဲ့ မမသီက အန်တီမိုးကို နင်းနှိပ်ပေးရတယ်။နှိပ်နယ် ပြီးတိုင်း အန်တီမိုးက "ဒီကလေးမတွေ ကျန်းမာအသက်ရှည်ကြပါစေ"လို့ ဆုပေးတတ်တယ်။
အသေးလေ အသက်မရှည်ချင်ပါဘူး။ အသေးလေးက အန်တီမိုးလို ချမ်းသာချင်တာ။ နွေ ရာသီမှာတောင် မပူဘဲ အေးစိမ့်နေတဲ့အန်တီမိုး အခန်းကြီးထဲမှာ အိစက်နေတဲ့ မွေ့ရာကြီးနဲ့ ည တိုင်းအိပ်ချင်တာ။ အန်တီမိုး သတို့သမီးအိမ်ကို အလှပြင်ဖို့ သွားတိုင်း အသေးလေး လိုက်စီးရတဲ့ အန်တီမိုးကားကြီး လိုချင်တာ။ အန်တီမိုး ညတိုင်း ရေတွတ်နေတဲ့ ပိုက်ဆံ တွေ ပိုင်ဆိုင်ချင်တာ။
#######################
"ဟေ့ ဆိုင်ထဲကလူတွေအားလုံး ဂုဏ်တော် ရွတ်ကြရအောင်"
ဆိုင်မှာ ၀န်ထမ်းတွေ စုံတော့ အန်တီမိုးက နံနက်တိုင်း ပြောနေကျစကား ပြောတယ်။အသေးလေးတို့အားလုံး မနက်လင်းလူစုံရင် ဘုရားဂုဏ်တော်ကိုးပါးကို ကိုးခေါက်ရွတ်ဆို ပူဇော်ရ တယ်။ အသေးလေး အရင်က အလွတ်မရပါဘူး။အလွတ် မရရင် အလုပ်ထုတ်မယ်ဆိုလို့ မရ ရအောင်ကျက်ထားရတာ။ ဆိုင်ရောက်ခါစတုန်းက ဘာလို့ကိုးခေါက် ရွတ်ရတာလဲလို့ အန်တီမိုးကိုမေးတော့ "ကိုးနား၀င်းထိပြီး ဆိုင်လူလာအောင်လို့"တဲ့။ အသေးလေးကို အမေပြောဖူးတာတော့ ဘုရားကိုကိုးကွယ်တာ နိဗ္ဗာန်ရောက်ဖို့တဲ့။
ဘုရားဂုဏ်တော်တွေက မြန်မာလို ဘာပြောတာလဲလို့ မေးမိတော့ အန်တီမိုးရဲ့လက်နဲ့ အသေးလေး ခေါင်း မိတ်ဆက်ခဲ့တာ အခုချိန်ထိ မမေးရဲတော့ဘူး။
"နင်က အသက်ငယ်သလောက် တော်တော်ရှည်တာပဲ။ ဘုရားဂုဏ်တော်ဆို ဘုရားဂုဏ်တော်ပေါ့၊ ကိုယ့်အလုပ်ကိုယ်လုပ်"
ဆိုင်ကို လူအ၀င်နည်းတဲ့နေ့ဆိုရင် အန်တီမိုးမျက်နှာက သပြေသီး မှည့်ကြီးကျနေတာပဲ။ အသေးလေးတို့ ဘာလုပ်လုပ် အကောင်းမပြောပဲ ဆူပူနေတာ။ ဒီနေ့ ဆိုင်မှာ လူအ၀င်များတော့ အန်တီမိုးက ပြုံးရွှင်ပြီး အသေးလေးတို့ကို `သမီးတို့၊သမီးတို့´နဲ့ ပါးစပ်ကကို မချဘူး။
"အသေးလေး။ တံမြက်စည်းလှဲပြီးရင် အန်တီနွယ့်ခြေထောက်ကို သွားနှိပ်ပေးလိုက်ဦး"
"ဟုတ်။ အန်တီမိုး"
အန်တီနွယ်က အိပ်စင်ပေါ်မှာ မျက်လုံးမှိတ်ပြီး ခေါင်းလျှော်ခံနေတာ။ အန်တီနွယ်ကိုတော့ အသေးလေး တော်တော်ခင်တယ်။ အန်တီနွယ်က ဆိုင်လာတိုင်း အသေးလေးကို မုန့်ဖိုးပေးနေ ကျ။ အန်တီမိုးက အသေးလေးတို့ အကျင့်စာရိတ္တ ပျက်စီးမှာ စိုးလို့တဲ့။ ဆိုင်လာတဲ့လူတွေ ပေးတဲ့ ပိုက်ဆံယူတာ မကြိုက်ဘူး။ အသေးလေးကတော့ အန်တီမိုးမသိအောင် ယူထားတာပဲ။ အခုလည်း အန်တီနွယ်ပေးတဲ့ မုန့်ဖိုးငါးရာကို အန်တီမိုး မသိအောင် ဘောင်းဘီအိတ်ထဲ တန်းထည့်လိုက် တယ်။ အန်တီမိုးသိရင်တော့ အသေးလေးကို ဆူဦးမှာပဲ။
#######################
"သမီးလေး။ တွေ့ထားရင် အန်တီနွယ်ကို ပြန်ပေးနော်"
နေပူထဲ နွားကျောင်းခဲ့ရတဲ့ အသေးလေးဘ၀ရဲ့ ပင်ပင်ပန်းပန်း နေ့ရက်တွေနဲ့ အသက်ကိုခက်ခက်ခဲခဲ ရှူရှိုက်နေရတဲ့ အမေ့မျက်နှာကို မြင်ယောင်ပြီး အသေးလေး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်။ လည်ချောင်း၀မှာ တစ်ဆို့ဆို့ဖြစ်ပြီး ပျောက်ကွယ်သွားတဲ့ စကားတွေအစား
"အင့်ဟင်း ။အသေးလေး မယူပါဘူး။ဘုရားပေးပေး ကျမ်းပေးပေးပါ အန်တီရယ်။ သမီးတကယ် မယူပါဘူး"
"အသေးလေး။မညာနဲ့နော်။ သူအရင်က ပစ္စည်းတွေ ကောက်ရရင်တော့ ကျွန်မကို အပ်နေကျပဲ မမနွယ်။အခုက စိန်နားကပ် ဆိုတော့ .....။ဟေ့ မိသီနဲ့ မိ၀င်းက သူ့ကိုယ်ပေါ်ရှာကြ။ ကျန်တဲ့လူတွေက ဒီအခန်းထဲရော၊ သူ့အိပ်ရာ သူ့အိတ်တွေထဲ သွားရှာကြ"
အန်တီမိုးရဲ့ စကားသံအဆုံးမှာ အသေးလေးရဲ့ မျက်လုံးတွေပြူးကျယ်ကုန်တယ်။ အသေးလေးလက်တွေ တဆတ်ဆတ်တုန်လာပြီး အသက်ရှူသံတွေ မြန်လာတယ်။ အသေးလေး အမြင်တွေ တဖြည်းဖြည်း ေ၀၀ါးလာပြီး မျက်ရည်တွေ စီးကျလာတယ်။ အမှန်တိုင်းပြောလိုက်မယ်ဆိုပြီး ကြိုးစားအားတင်းပေမယ့် အသေးလေး ပါးစပ်က
"အသေးလေး တကယ်မယူပါဘူး။ အီး..ဟီး..ဟီး..။တကယ်မယူပါဘူး"
ခဏအကြာ....
"အစ်မ မတွေ့ဘူး"
"အစ်မ မတွေ့ပါဘူး"
"အင်း။ အစ်မနွယ်မြင်တဲ့ အတိုင်းပဲ။ အသေးလေး ယူထားတာ မဖြစ်နိုင်ပါဘူး။ အစ်မနွယ် ဒီကိုလာ တဲ့ လမ်းမှာ ကျနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်"
အန်တီနွယ်က သက်ပြင်းရှည် တစ်ချက်ချလိုက်တယ်။ ငိုနေတဲ့ အသေးလေးကို သနားလာ တာ ထင်ပါရဲ့။
"သမီး မယူထားဘူးဆိုရင် မငိုနဲ့နော်။ကဲ မမိုးရေ အစ်မ ဆိုင်ကယ်စီးလာတဲ့လမ်းနဲ့ အိမ်မှာ ပြန်ရှာ ကြည့်ဦးမယ်။ ဆိုင်မှာ တွေ့ရင်တော့ အစ်မဆီ အကြောင်းကြားပေးဦးနော်"
"အဲဒါတော့ စိတ်ချ အစ်မနွယ်ရေ။ တွေ့ရင် ချက်ချင်း အကြောင်း ကြားလိုက်မယ်"
အန်တီနွယ်ပြန်သွားတော့ အန်တီမိုးနဲ့ဆိုင်ကအစ်မတွေက `မယူထားတာကို မယူဘူးလို့ ချက်ချင်းမဖြေဘဲ ဘာလို့တွေဝေနေတာလဲ´လို့ မေးကြတယ်။ အသေးလေး ခေါင်းခါပြရုံပဲ တတ်နိုင်ခဲ့တယ်။ အသေးလေးမှာ အဖြေရှိနေလျက်နဲ့ နှုတ်ဆိတ်နေခဲ့ရတာပါ။
အသေးလေး တံမြက်စည်းလှဲနေတုန်း ခေါင်းလျှော်စင်အောက်နားက တလက်လက်တောက်ပနေတဲ့ ပစ္စည်းလေးကို ဟိုကြည့်သည်ကြည့်နဲ့ ကုန်းကောက်သွားတဲ့ အန်တီမိုးကို မှန်ထဲ ကတဆင့်မြင်ခဲ့ရတဲ့ အကြောင်းကိုတော့အသေးလေးခွင့်ယူပြီး အိမ်ပြန်တဲ့အခါ အမေ့ကို ပြောပြ ရဦးမယ်။ နောက်ပြီး ခိုးရဲ့သားနဲ့ ဘာလို့ ချမ်းသာနေတာလဲလို့ အမေ့ကို မေးရမယ်။ အဲဒီအခါ အမေက `အရင်ဘ၀က ကုသိုလ် အကုသိုလ် အကျိုးဆက်တွေ ပဲပေါ့သမီးရယ်´လို့ ပြန်ဖြေဦးမယ်ထင်ပါရဲ့။

ဟမ်စိုင်း(ဆေး-မန်း)
ရွှေအမြုတေမဂ္ဂဇင်း။ မေ၊၂၀၁၅
ပရိသတ်အကြိုက်ဆုံး ဝတ္ထုတိုဆု

Post a Comment

0 Comments