မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၁၀)
၁၄။
နောက်နေ့များတွင် ဟံအေးတို့လင်မယားနှစ်ယောက် နံနက် ၆နာရီ အရောက်လာကြကာ အလုပ်ဆင်း၍ ည ၈နာရီမှာ ပြန်ကြသည်။ ဘုရားလမ်းနှင့်ဆေးရုံက နီး၍ အသွားအလာ လွယ်ကူသည်။
သားနှင့်သမီး ပြန်ရောက်ချိန်မှာတော့ သူသည် ဟံအေးတို့ကို အိမ်ခွဲထားလိုက်ကြောင်း ရှင်းလင်းပြောပြလိုက်သည်။
ဟံအေးတို့မရှိတော့ စောစောထဖို့လိုသည်။ ညဉ့်ဘက် ဟံအေးတို့ မကြည်တို့ ပြန်လည်း လုပ်စရာအလုပ်တွေ ကျန်မည်။ အတော်ပဲ။ သားတို့ သမီးတို့ကို အပိုးကျိုးအောင် ခိုင်းဖို့ ဖြစ်လာသည်။ သူက အခြေအနေကို ပြောပြရင်း သားနှင့်သမီးကို တာဝန်ခွဲ၍ ချထားပေးသည်။
"သားရော သမီးရော တခု နားလည်ရမှာက သူတို့က သူတို့အိမ်နဲ့ သူတို့ဖြစ်သွားပြီ။ မနက်၆နာရီ အရောက်လာမယ် ဆိုပေမယ့် နောက်ကျရင်လည်း နောက်ကျမယ်။ ညနေဘက်လည်း ည ၈နာရီမှ ပြန်မယ် ဆိုပေမယ့် ကိစ္စရှိရင် စောပြန်ချင် ပြန်မှာ။ ဒီတော့ သားတို့ မနက်စောစောက ရေနွေး ကျိုစရာရှိကျို၊ ကိုယ့်ဘာသာ တတ်နိုင်သလောက်လုပ်ထား။ ညလည်း သူတို့စောပြန်ရင် ညစာစားပြီး ကိုယ့်ပန်းကန် ကိုယ်ဆေးရမယ်"
မောင်နှမ၂ယောက်လုံး သူပြောသည်ကို သဘောပေါက်သည်။ အိပ်ရာဝင်ကာနီး အိပ်ရာပြင် ခြင်ထောင်ချသည်တို့ကို ဂျင်မီက လုပ်သည်။ အင်နီက မကြည် လုပ်မသွားနိုင်သော မီးဖိုချောင်ကိစ္စကို လက်စသတ်ရသည်။ မောင်နှမနှစ်ယောက် ခွဲတမ်းချ လုပ်ကြသည်။
ဒီလိုပဲ တဖြည်းဖြည်း သူတို့ကို လေ့ကျင့်ပေးရမည်။ တနေ့? ? မရှိ ဘာမရှိဖြစ်ကို ရောက်ချင်လည်း ရောက်နိုင်သည်။ လင်း၏အခြေအနေ ဘာမှမရေရာသေး။ ရှယ်လီ့ကို ယခုထက်တိုင် ဘာမှ အဆက်အသွယ်မလုပ်သေးလေတော့ လင်းပြန်လာဖို့ကို သူ မမျှော်မှန်းနိုင်။ လင်းက အလုပ်မထွက်ဘဲ ကိုယ့်စရိတ်နှင့်ကိုယ် ပညာသင်သွားသည့်အတွက် ပထမနှစ်လစာ ? အစိုးရပေးသောငွေကို တဝက် သူတို့မိသားစု ခံစားနိုင်ခွင့်ရှိသည်။ ?နှစ်တွေ နောင်နှစ်တွေ ပြဿနာကို ဘယ်လိုရင်ဆိုင်ရမည်ကို မတွေးနိုင်?။
ကလေးတွေကိုတော့ သူ ဘာမှ အသိမပေး။ ကလေးတွေ စိတ်ဓာတ်မကျဖို့ပဲ အရေးကြီးသည်။ ကလေးတွေကျောင်းစရိတ်၊ အိမ်စရိတ်၊ မကြည်တို့လင်မယားစရိတ်နှင့် အောင်လံတုန်းက လင်းဝယ်ယူထားသော ကားကိုလည်း ဆက်လက်ထိန်းသိမ်းထားရဦးမည်။
ရှေ့နှစ်တွေအတွက် ကြိုတင်ပြင်ဆင်ရဦးမည်ဖြစ်၍ သူ တခုခု ? လုပ်ရမည်။ အိမ်ကတော့ ဆက်လက်နေထိုင်ခွင့် ရနေဦးမည်ဖြစ်သည်။ လင်း နှစ်စေ့၍ မပြန်လာတော့လည်း ဒီအိမ်မှ တနေရာသို့ ပြောင်ရွှေ့သွားရမည်ဖြစ်သည်။ ဒေါ်ခင်သက်တင်ကြီးပြောသလို သူ စိတ်သောကတွေနှင့် အိပ်မောကျနေရာမှ ယခု နိုးထလာတော့မည်။ အိပ်မောကျနေတော့ကော ဘာအကျိုး ?မှာလဲ။
နိုးလာသောအချိန်မှာ လက်တွေ့လောကကို ရင်ဆိုင်ရမည့်အတူတူတော့ ခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ပဲ လိုသည်။ နေ့တိုင်း သူ့အလုပ်က သားနှင့်သမီးကို ကျောင်းပို့ ကျောင်းကြို။ ကျောင်းက အင်္ဂလိပ်မက်သဒစ်ဖြစ်၍ ဆေးရုံကြီးနှင့်နီးသည်။ ညဉ့်တိုင်ကျ သူကိုယ်တိုင် သားနှင့်သမီးကို စာပြသည်။ ကျူရှင်မပေး။ နေ့လည်တချိန်လုံး အားနေသည်။ ထိုအချိန်ကို အသုံးချဖို့ သူ သတိရသည်။ နောက်နေ့ ကလေးများကို ကျောင်းပို့ပြီး ဒေါ်ခင်သက်တင်ကုမ္ပဏီကို ဝင်ခဲ့သည်။ အဆင်သင့်ပဲ ဒေါ်ခင်သက်တင်ကို တွေ့ရသည်။
"မမ ရှယ်လီ့ကို အလုပ်တခုပေးပါ၊ မမဆိုင်မှာ အရောင်းစာရေးမပဲ လုပ်ရလုပ်ရ လုပ်ပါရစေ။ ပြီးတော့ ရှယ်လီ့ကို မမ ကုမ္ပဏီအလုပ်တွေလည်း ခိုင်းပါ "
ဒေါ်ခင်သက်တင်မှာ သူ့တူမသလ်မာ၏လုပ်ရပ်ကြောင့် သူ့မျက်နှာပူခဲ့ရသည်။ သလ်မာကြောင့် ဖရိုဖရဲဖြစ်နေသော ရှယ်လီ့ဘဝကို ကူညီရမည်။ ရှယ်လီ၏တင်ပြချက်ကို သူ လက်ခံလိုက်ပါသည်။ ရှယ်လီကလည်း အလုပ်မရွေး၊ အရောင်းကလေးမများနှင့်အတူ အထည်ကိုက်ထိုးရောင်းသည့်အလုပ်ကအစ မန်နေဂျာခိုင်းသမျှ ရုံးကိစ္စတွေလည်း လုပ်ပေးသည်။
မန်နေဂျာ ကိုထွန်းမြင့်ကလည်း အင်္ဂလိပ်စကား သွက်လက်စွာ ပြောတတ် ရေးတတ်သော ရှယ်လီ၏အကူအညီရ၍ ဝမ်းသာ၏။ အတွင်းဝန်ရုံး၊ ကုန်သွယ်ရေးဝန်ကြီးဌာနကိုလည်း ဝင်ထွက်ဆက်ဆံ၍ လိုင်စင်တခု ဘယ်လိုတင် ဘယ်လိုရအောင် လုပ်ရမည်ကိုလည်း ရှယ်လီ့ကို မန်နေဂျာက သင်ပေးသည်။
သွင်းကုန်လိုင်စင်တခု ကျလာလျှင် နိုင်ငံခြားကုမ္ပဏီများမှ တောင်းပုံ၊ နိုင်ငံခြားဘဏ်များမှာ ငွေစာရင်းဖွင့်ပုံတွေကိုလည်း မန်နေဂျာနှင့် တွဲဖက်လုပ်ရင်း သူ ကျွမ်းကျင်လာသည်။ ကုန်ပစ္စည်းများရောက်၍ ဂိုဒေါင်မှ ထုတ်ကာ ဆိုင်ပေါ်ရောက်သည်အထိ သူ အောက်ခြေသိမ်းလုပ်တတ်လာသည်။
ဒေါ်ခင်သက်တင်၏ကုန်သွယ်ရေးဝါဒကိုလည်း သူက ကြိုက်နှစ်သက်သည်။
"ရှယ်လီရယ်၊ ခု ရှယ်လီ မမဆီမှာ လုပ်လာတော့ မြန်မာကုန်သည်တွေနဲ့ နိုင်ငံခြားသား တရုတ် ကုလားကုန်သည်တွေ လုပ်ပုံလုပ်နည်း သိလာပြီပေါ့၊ မမကတော့ ကုန်သည်သစ္စာဆိုတာ ရှိတယ်လို့ ယူဆတယ်။ ဘုရားဟောစကားကတော့ ကောင်းသော ကုန်သွယ်ခြင်းပေါ့။ ဒီသစ္စာတရားကို မမ စောင့်ထိန်းတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း တရုတ်ကုလား နိုင်ငံခြားသားတွေ လက်ဝါးကြီးအုပ်နေတဲ့စီးပွားရေးကို မြန်မာတိုင်းရင်းသားတွေလက်ထဲ ရောက်စေချင်တဲ့ရည်ရွယ်ချက် အစိုးရမှာ ရှိတယ်။ ဒီရည်ရွယ်ချက်အတိုင်း မြန်မာကုန်သည်တွေကို အားပေးတယ်။ မြန်မာတွေကို ဦးစားပေးပြီး သွင်းကုန်လိုင်စင်တွေကို ချပေးတယ်။ မြန်မာကုန်သည်တွေ တချို့ပဲ ရိုးရိုးသားသားလုပ်ကြတယ်။ ကျန်ကုန်သည်တွေက ရှေ့က ဆိုင်းဘုတ်ကသာ သူတို့ကိုယ်ပိုင် မြန်မာအမည်တပ်ထားတယ်။ ငွေရင်းက တရုတ်နဲ့ ကုလား။ တချို့ကတော့ ကိုယ့်ငွေရင်းနဲ့ဆိုပေမယ့် လိုင်စင်လည်း ကျရော တရုတ်ကုလားကုမ္ပဏီတွေကို လိုင်စင် တခါတည်း ရောင်းလိုက်တယ်။ တချို့က ငွေရင်း မတတ်နိုင်လို့၊ တချို့က စိတ်ရှည်လက်ရှည် မမတို့လို ဆိုင်ပေါ်တင်ပြီး မရောင်းချင်လို့။ ဒီလိုလုပ်တော့ တရုတ်ကုလားပဲ အကျိုးအမြတ်ခံစားရတယ်။ သူတို့ အဆီအသားစားပြီးမှ မြန်မာက အရိုးအရင်းကပ် အသားလေးစားရတာ။ အစိုးရရဲ့ရည်ရွယ်ချက်လည်း မထိရောက်ဘူး"
ဒေါ်ခင်သက်တင်သည် သူ့ဝါဒအတိုင်း လိုင်စင်ရောင်းမစား၊ ရောက်လာသောကုန်ကို သူ့ဆိုင်ပေါ် တင်ရောင်းသည်။ သူက ကုန်ပစ္စည်းနှစ်မျိုး တင်သွင်းသည်။ အထည်အလိပ်လိုင်းနှင့် စားကုန်သောက်ကုန်ဖြစ်သည်။ လက်လီအထည်များ ရောင်းချသလို လက်ကားဖောက်သည်ကိုလည်း တခြားကုမ္ပဏီများနှင့် တရုတ်ကုလားကို ရောင်းချသည်။ တရုတ်ကုလားက ပြေးမလွတ်၊ ဒါပေမဲ့ သူ့လက်ဝေခံဖြစ်သည်။ သိမ်ကြီးစျေးတဝိုက်တွင် စည်သွတ်ဘူးတွေ ဖောက်သည်ပေးရသော တရုတ်ကုန်သည်တွေရှိသလို
မောင်ထော်လေးလမ်း(ခု ဗိုလ်ဆွန်ပက်လမ်း)နှင့် ဖရေဇာ (ယခု အနော်ရထာ)တဝိုက်မှာလည်း ကုလားအထည်ကုန်သည်တွေ အပြည့်။ တခါတရံ ပုဇွန်ခြောက်တင်သွင်းခွင့်ရလာလျှင်တော့ လမ်းမတော်အောက်လမ်း ဧရာဝတီကုမ္ပဏီမှာ ဒေါ်သန်းရီနှင့် ဆက်သွယ်ရသည်။ ဒေါ်သန်းရီက ရေချိုရေငံငါးခြောက် ပုစွန်ခြောက် ပွဲရုံပိုင်ရှင်ဖြစ်သည်။
မန်းသီရိကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးခင်ဆွေကလည်း မောင်ထော်လေးလမ်းမှာ ကုမ္ပဏီရှိသည်။ ဒေါ်ခက်သက်တင်ဆိုင်မှ ဖောက်သည် အထည်များ အုပ်လိုက်ယူနေကျ။ သူ့ထံမှလည်း ဒေါ်ခင်သက်တင်ကလည်း ဘရိုကိတ်မျာ ဝယ်ယူ ရောင်းရသေးသည်။ ရှယ်လီတို့ဆိုင်သို့ လာနေကျ၊ ရင်းနှီးသည်။ ဦးခင်ဆွေက မဂိုလ်ကုလား။ နှာတံပေါ်ပေါ်၊ မျက်လုံးလှလှ၊ အသားကဖြူသည်။ အဝတ်အစားဝတ်တော့ မြန်မာတိုက်ပုံနှင့် ပုဆိုးနှင့်။ စကားပြော ရည်မွန်လိုက်သည်မှာ မြန်မာကတောင် လက်မြှောက်ရမည်။
ဦးမောင်မောင်မြ၏ မင်းစည်သူကုမ္ပဏီကတော့ စည်သွတ်ဘူးများ ဖောက်သည်။ သူ့နာမည်ရင်းက ကိုးအီရှန်း။ လူမျိုးစုံကို ရှယ်လီ ဝင်ဆန့်အောင် ဆက်ဆံရသည်။ ကုန်သည်ကြီးတွေဆိုတော့ ပစ္စည်းယူသွားပြီး ငွေကို နောက်မှ တောင်းခံရသည်လည်း ရှိသည်။ ငွေများလျှင် ဦးထွန်းမြင့်ကိုယ်တိုင် တောင်းခံ၍ တခါတရံ ရှယ်လီ သွားရသည်။
ထိုနေ့က အတွင်းဝန်ရုံးကို ကိစ္စတခု အသွား ရှယ်လီ လမ်းကြုံသည်နှင့် မောက်ထော်လေးလမ်းထဲမှ ဦးခင်ဆွေထံမှာ ရစရာငွေရှိ၍ ဝင်တောင်းသည်။
ဦးခင်ဆွေ၏မန်းသီရိကုမ္ပဏီက အရောင်းခန်းမကြီးနှစ်ခန်း၊ ပြင်သစ်အင်္ဂလန်ဘရိုကိတ်မျိုးစုံ၊ နိုင်လွန်မျိုးစုံနှင့် ဇာခန်းဆီးများ ရောင်းသည်။ ရုံးခန်းက အရောင်းခန်းနှင့်ကပ်လျက် တခန်းသပ်သပ်။ ရုံးခန်းအဝဘက်တွင် လှပသော အထည်ဘီရိုများ ခင်းကျင်းပြသထား၍ ရုံးခန်းကို ရုတ်တရက် မမြင်ရ၊ မှန်ဘီရိုများက ကွယ်နေသည်။
ဆိုင်ခန်းထဲမှ အရောင်းစာရေးများက ရှယ်လီ့ကို ဦးခင်ဆွေရှိရာ ညွှန်လိုက်၍ သူ့ရုံးခန်းထဲ ဝင်သွားသည်။ ရုံးခန်းထဲမှာ တောက်ပသော မဟော်ဂနီစားပွဲနောက်မှာ ဦးခင်ဆွေ ထိုင်လျက်ရှိသည်။ သူ့စားပွဲဘေးမှာ လေးထောင့်စားပွဲတလုံးရှိပေမယ့် ဘယ်သူမှမရှိ။
သူ့ကိုမြင်မြင်ချင်း ဦးခင်ဆွေက ဝမ်းပန်းတသာ ကုလားထိုင်မှ ထ၍ ကြိုဆိုသည်။
"ရှယ်လီ...လာ ..လာ။ ကိုယ်တိုင်လာနေရသေးတယ်ကွယ်၊ ထိုင်ပါဦး ...၊ အားနာလိုက်တာ"
ရှယ်လီက စားပွဲရှေ့ ကုလားထိုင်မှာ ထိုင်လိုက်သည်။
"အတွင်းဝန်ရုံး သွားစရာကိစ္စရှိနေလို့၊ နည်းနည်း စောနေတာနဲ့ ဒေါ်ခင်သက်တင်ကလည်း ဦးခင်ဆွေဆီ ဝင်ခဲ့ပါဆိုလို့ပါ"
ရှယ်လီသည် လက်ကိုင်အိတ်ကို ဖွင့်ကာ ဘောင်ချာကိုထုတ်ပြီး ပေးလိုက်သည်။ ဦးခင်ဆွေက လှမ်းယူရင်း ရှယ်လီ့ကို ပြုံး၍ကြည့်နေသည်။
"အတွင်းဝန်ရုံးကို ကိုဆွေလည်း သွားစရာရှိတယ်။ ရှယ်လီ့လိုလူမျိုးတယောက် ဒေါ်ခင်သက်တင်ရထားတာ သိပ်ကံကောင်းတာပဲ၊ ရှယ်လီကလေ ဆက်ဆံရေး သိပ်ရည်မွန်တယ်လို့ ကုန်သည်လောကမှာ နာမည်ကြီးတယ်။ အလုပ်အကိုင်လည်း သိပ်တော်တာပဲတဲ့"
ရှယ်လီက နားသာထောင်နေရသည်။ ဒါလောက်ချီးမွမ်းနေတော့ မျက်နှာ မထားတတ်။
" စေ့စပ်သေချာတဲ့အကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း ပြောတယ်။ ရှယ်လီ ကိုယ်ပိုင်အရင်းအနှီးနဲ့ ကုမ္ပဏီထောင်ရင်တောင်ရပြီ"
" ဦးခင်ဆွေပြောသလောက် ရှယ်လီ မကျွမ်းကျင်သေးပါဘူး"
"အို ...ကိုဆွေ မြှောက်ပြောနေတာမဟုတ်ဘူး။ ဒေါ်ခင်သက်တင်မှာ ရှယ်လီရောက်လာတာ လာဘ်ဝင်တာပဲ။ တကယ်လို့များ ရှယ်လီ ကိုယ်ပိုင်ကုမ္ပဏီထောင်ချင်တယ်ဆို ကိုဆွေ့ကို ပြောပါ။ တိုက်ခန်းရော ငွေရင်းငွေနှီးရော ကိုဆွေ ကူညီနိုင်တယ်၊ အားမနာနဲ့နော်"
ပြောပြောဆိုဆို ထိုင်ရာမှထကာ နောက်ဘက်မီးခံသေတ္တာထဲမှ ငွေများကို ထုတ်ယူနေသည်။
"ကျေးဇူးတင်ပါတယ်"
တလုံးသာ ရှယ်လီကပြော၍ ထိုင်နေသည်။ ဦးခင်ဆွေသည် ငွေများယူပြီး စားပွဲရှေ့ဘက်ထွက်လာကာ ရှယ်လီ့ရှေ့ စားပွဲပေါ် ငွေများ ပုံလိုက်သည်။ ရှယ်လီက ငွေများ ရေတွက်ကာ လက်ကိုင်အိတ်ထဲ ထည့်လိုက်သည်။
"ရှယ်လီ .. ကိုဆွေ အတွင်းဝန်ရုံးကို လိုက်ပို့မယ်လေ"
ရှယ်လီက မတ်တတ်ရပ်လိုက်တော့ ရှယ်လီ့ဘေးမှာ ဦးခင်ဆွေက မတ်တတ်ရပ်နေသည်။ ရှယ်လီ့ရင်ထဲမှာ ထိတ်သွားသည်။ ဦးခင်ဆွေမျက်လုံးတွေက ဝင်းဝင်းတောက်နေသည်။ ဒီမျက်လုံးအဓိပ္ပါယ်ကို ရှယ်လီ နားလည်သည်။ ကုလားထိုင်ကို နောက်တွန်းလိုက်ရင်း သွားမည့်ဟန် ပြင်လိုက်၏။
"မလိုပါဘူးဦးခင်ဆွေ၊ ရှယ်လီ့မှာ ကားပါပါတယ်"
ဦးခင်ဆွေက လမ်းကိုပိတ်၍ ရပ်နေသည်။
"မဟုတ်ဘူးလေကွယ်၊ တနေရာသွားပြီး တခုခုစားပြီးမှ ရုံးသွားကြတာပေါ့၊ ငွေအိတ်ကလည်း လေးလှပါတယ်၊ ကိုဆွေ ကိုင်ခဲ့မယ်"
အသံက ချိုမြညွတ်ပြောင်း၍ မျက်လုံးများက သားစားသားရဲကောင်၏မျက်လုံးမျိုး၊ သူ့လက်က ငွေအိတ်ကို ကိုင်သလိုနှင့် ရှယ်လီ့လက်ဖမိုးကို ဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာဘက်ကို ဦးခင်ဆွေက ကိုင်းညွတ်လာသည်။ ရှယ်လီသည် လက်ကို ရုန်းလိုက်ကာ ကုလားထိုင် တခြားတဖက်သို့ ကိုယ်ကို အမြန်ရွှေ့လိုက်သည်။ လွတ်နေသော ညာလက်နှင့် ဦးခင်ဆွေပါးကို ဖြန်းခနဲရိုက်ကာ အခန်းအပြင်ကို အပြေးအလွှားထွက်လာသည်။ စျေးရောင်းနေသူတွေ သူ့ကို ကြည့်မကြည့် သူ ဘာမှမသိ။ ဗီရိုကွယ်နေ၍ ဘာမျှတော့ သိပုံမရ။ သို့သော် လမ်လျှောက်သည်ကိုတော့ ဟန်မပျက်ထိန်းကာ ကားရှိရာ ထွက်လာခဲ့သည်။
ရင်ထဲမှာ မကျေမချမ်းနှင့် ခံလိုက်ရလေခြင်းဟူ၍သာ နာကြည်းသွားသည်။ အတွင်းဝန်ရုံးကို ဆက်မသွား။ ဆိုင်ကို လှည့်ပြန်လာခဲ့သည်။ ဆိုင်မှာလည်း ဝယ်သူတွေ များနေသည်။ သူသည် ဒေါ်ခင်သက်တင်ရှိရာ နောက်ခန်းလေးသို့ ဝင်လာခဲ့သည်။ ဒေါ်ခင်သက်တင်ရှေ့ စားပွဲပေါ် ငွေအိတ်တင်လိုက်သည်။
မျက်စိမျက်နှာပျက်နေသော ရှယ်လီကိုကြည့်ရင်း ဒေါ်ခင်သက်တင်က အံ့အားသင့်နေသည်။
"ဘာဖြစ်လာတာလဲ ရှယ်လီ၊ အတွင်းဝန်ရုံးရောက်ခဲ့ပြီလား၊ ဘာအဆင်မပြေလဲ"
ရှယ်လီသည် ကုလားထိုင်မှာ ထိုင်ရင်း ခရီးဝေးက ပြေးလာသူလို မောနေသည်။
"အတွင်းဝန်ရုံးကို မရောက်ခဲ့ဘူး။ ဦးခင်ဆွေဆီ ငွေဝင်ယူလာခဲ့တယ်၊ ငွေရခဲ့ပါတယ်။ သူ့ပါးကိုလည်း ရှယ်လီ ရိုက်ခဲ့တယ်။ ဆက်ဆံရေး မပြေလည်တဲ့အတွက် ရှယ်လီ့ကို အလုပ်က ထုတ်ချင်ရင် မမ ထုတ်ပစ်နိုင်ပါတယ်"
ဦးခင်ဆွေ သူ့လက်ကို ကိုင်စဉ်က ရုန်းထွက်ပြေးလျှင် ရနိုင်သား၊ ပါးကိုချခဲ့သော သူ့အပြုအမူကြောင့် ဒေါ်ခင်သက်တင်က သူ့ကို အလုပ်ထုတ်ပစ်နိုင်ကြောင်း ပြောမိသည်။
ရှယ်လီသည် မျက်ရည်များဝိုင်းကာ ဖြစ်သမျှကို ပြောပြသည်။ ဒေါ်ခင်သက်တင်က ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။
"နောက် ကိစ္စရှိရင် မောင်ထွန်းမြင့်ကိုပဲ ကိုခင်ဆွေဆီ မမလွှတ်ပါ့မယ်၊ မမတို့စကော့စျေးထဲမှာကို တချို့အမျိုးသမီးတွေက ကုလားတွေငွေရင်းနဲ့ ကုမ္ပဏီဖွင့်နေကြတာ၊ တချို့အမျိုးသမီးတွေကလည်း ခြေတော်အတင်ခံနေကြတော့ ကိုခင်ဆွေ ရှယ်လီကို စမ်းကြည့်တာဖြစ်လိမ့်မယ်၊ မမ စိတ်မကောင်းပါဘူးရှယ်လီ၊ မမမမှာ တာဝန်ရှိပါတယ်"
"မမကို ရှယ်လီ တောင်းပန်ပါတယ်၊ မမ ဖောက်သည်များ ပျက်သွားမလား"
"ဒီ စားနေကျကြောင်ပါးတွေက မျက်နှာပြောင်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ရင် သူတို့ အောက်ကျို့လာမှာပါ၊ မမတို့ငယ်ငယ်က ကြားဖူးတဲ့သီချင်းလိုပဲ၊ 'ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်'ဆိုတဲ့ သီချင်းလိုပဲ။ သူတို့ခြေလှမ်းက စီးပွားရေးလုပ်ရင်း လူကိုမျိုမှာ၊ ရှယ်လီ အရွယ်ကလည်း ငယ်၊ လှကလည်း လှတော့ ဒီအန္တရာယ်တွေ ရှိမှာပဲ၊ ရှယ်လီ့ကိုယ်ကို တရားသဖြင့် ကာကွယ်ရမှာပေါ့။ ကိုယ့်စီးပွားရေးအတွက် ဒီလမ်းကမလျှောက်ဘဲ နေလို့မှမရဘဲ၊ ရှယ်လီ သတိထားတာ မမှားပါဘူး"
ဒေါ်ခင်သက်တင်က ငွေများသိမ်းကာ အလုပ်ဆက်လုပ်နေသည်။ ရှယ်လီ့ရင်ထဲမှာ တနုံ့နုံ့၊ ဒီကုလားကို သတ်ပစ်ချင်အောင် ခံပြင်းနေသည်။ တပည့်ကျော်ဟံအေး လူရိုးတယောက်ဖြစ်မှန်း သိပေမယ့် သူ ကြိုတင်ကာကွယ်မှု ယူခဲ့သည်။ ဒီ ဦးခင်ဆွေ ကြောင်သူတော်ကို သူ သတိမထားလိုက်မိ။ တချက်ကလေး သတိလစ်သည်နှင့် ထောင်ချောက်ကို ဝင်တိုးမိသည်။ တော်ပါသေး။ သူ့ထောင်ချောက်မှာ မမိသေးပါ။
ဆက်ရန်
--------------------------------
0 Comments