မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၁၁)
၁၅။
ရှယ်လီ၏စိတ်တွေ ကုမ္ပဏီမှာ မြုပ်နှံထား၍ အိမ်ရောက်သောအချိန်တွေမှာလည်း သားသမီးတွေကို ကိုယ်တိုင် စာပြနှင့် အချိန်ပြည့်လိုလို အလုပ်လုပ်နေရ၍ လင်းကြောင့်ခံစားနေရသော ဝေဒနာသည် ရင်ထဲမှာ သက်သောင့်သက်သာဖြစ်လာသည်။
ဦးခင်ဆွေနှင့် တွေ့ပြီးသောညကတော့ ခံပြင်းသောစိတ်နှင့် ဒေါသစိတ်ကြောင့် တော်တော်နှင့် အိပ်မပျော်။ ကလေးများ စာကျက်ပြီး အိပ်ရာဝင်ကြသည်။ သူကတော့ အိပ်မပျော်နိုင်သေး။
ဒေါ်ခင်သက်တင်ကုမ္ပဏီမှ ထွက်ရင်ကောင်းမလား။ ဒေါ်ခင်သက်တင်က သူ့အကြောင်းသိ၍ ထိုက်သင့်သောလခ သူ့ကို ပေးပါသည်။ သူ့လခနှင့် လင်းလခပေါင်း၍ သားတို့သမီးတို့ အခြေအနေမပျက် ထားနိုင်ခဲ့သည်မဟုတ်ပါလား။
ဒီသားနှင့်သမီးအတွက် သူ ရှေ့ဆက်ခရီးသွားရဦးမည်။ ရှေ့နှစ်တွေအတွက် ငွေရေးကြေးရေးအခြေအနေက ဘယ်လိုဖြစ်လာလိမ့်မည်မသိ။ အစိုးရလခမပြတ်ပေမယ့် ပထမနှစ်ပဲ လစာပြည့်ရမည်။ ဒုတိယနှစ်ကျတော့ လစာတဝက်။ ဒီတော့ သူ တဖက်တလမ်း အလုပ်လုပ်မှဖြစ်မည်။
ဒေါ်ခင်သက်တင်ကျေးဇူးကလည်း ရှိသေးသည်။ ဘယ်ခရီးပဲသွားသွား ပန်းမွေ့ယာရွှေကော်ဇောကတော့ အစဉ်ခင်းကျင်းသည်မှမဟုတ်။ ဦးခင်ဆွေတို့လို သားရဲပေါသောလမ်းကိုလည်း ဖြတ်သန်းလျှောက်ရဦးမှာပဲ။ ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက်ကာကွယ်ဖို့က သူ့တာဝန်။
သူ့မှာ ယခုအချိန်သည် မောင်တထမ်း မယ်တရွက်မဟုတ်။ မောင်မရှိလေတော့ မယ်ကိုယ်တိုင် နှစ်ဖက်ထမ်းရပေတော့မည်။
လင်းသွားသည်မှာ တနှစ်ပြည့်ပြီ။ နောက်နှစ်မှာ ပညာတော်သင်နှစ် ပြီးဆုံးတော့မည်။ ထိုအချိန်ကို ရင်ဆိုင်ဖို့ သူ အသင့်ပြင်ရမည်။
သား ဂျင်မီက ၉တန်း ရောက်ပြီ။ အင်နီက ၇ တန်း။ ဂျင်မီသည် ထောင်ထောင်မောင်းမောင်းနှင့် အရပ်မြင့်ပုံမှာ သူ့ဘိုးဘေ မစ္စတာဆင်မြူရယ်နှင့် တူသည်။ အသားကတော့ သူနှင့်တူ၍ ဖြူသည်။ မျက်လုံးစင်းစင်းတွေကတော့ မောင်နှမနှစ်ယောက်လုံး လင်းထံမှ အမွေရယူထားသည်။ အင်နီက ညိုချောလေး။ ဂျင်မီလိုအသားမဖြူ။ ဂျင်မီလိုလည်း နှုတ်မသွက်၊ အေးအေးဆေးဆေးနေတတ်သည်။ သူ့အဖေလိုများ အေးအေးလေးနှင့် သူ့ပတ်ဝန်းကျင်ကို ပူလောင်အောင်လုပ်သူများဖြစ်လေမလား။
တခါတခါ ဂျင်မီ တမ်းတမ်းတတ ပြောတတ်သည်။
"ဒက္ဒီ့ဆီက စာလဲ မလာဘူး မာမီ"
ဟုတ်၏။
ဂျင်မီသည် သူ့ဒက်ဒီထံမှ စာမျှော်မည်။ သူလည်း အရွယ်ငယ်တော့သည်မဟုတ်။ တွေးခေါ်စဉ်းစားတတ်လာပြီ။ သားကိုမလှည့်စားချင်ပေမယ့် သားတို့မှာ နောက်က အက်အားရှိဖို့လိုသည်။ တက်သစ်စ အားယူချိန်မှာ သားတို့စိတ်ငယ်စရာ မဖြစ်စေချင်။
"သားရယ် ...ဒက်ဒီယူတဲ့ ဆေးပညာက ခက်ခဲတယ်။ အင်္ဂလိပ်တွေကြားထဲမှာဆိုတော့ မြန်မာတွေညံ့တယ် မဖြစ်အောင် ဒက်ဒီကကြိုးစားရတာဆိုတော့ စာမရေးအားဘူးထင်ပါရဲ့"
သူပြောသည်ကို ဂျင်မီက ယုံကြည်ပုံမရ။ သို့သော် ဘာတခွန်းမှ ပြန်လည်းမပြော။ သူ့ရင်ထဲမှာတော့ သံသယနှင့် ပြည့်နေမှာပဲဖြစ်မည်။
ယောက္ခမကြီးများက ကလေးများကို ကျောင်းအားရက်တွက်၍ လာခေါ်ကာ သူတို၏တခြားမြေးများနှင့် အိမ်မှာတွေ့ဆုံပေးသည်။ သူတို့မှာလည်း သားနှစ်ယောက်နှင့် သမီးတယောက်က နိုင်ငံခြားထွက်သွားပြီဖြစ်၍ သမီးထွေး နှင်းနုခိုင်တယောက်ပဲ ရန်ကုန်မှာ ကျန်ရစ်သည်။ ဒါပေမဲ့ အိမ်ခွဲနေသည်။
အဖေတယောက်က နိုင်ငံခြားမှာ တနှစ်ကျော် နှစ်နှစ်နီးပါး နေနေဆဲ။ သားသမီး ဇနီးမယားဆီကို အဆက်အသွယ်မလုပ်ဘူးဆိုတော့ ဂျင်မီ ဘာပဲပြောပြော သံသယရှိနေမှာပါ။
အမေကို ဘာမှမမေးဘဲ တိတ်တိတ်ဆိတ်ဆိတ်နေကြသည်။ ဒါအတွက်ပဲ ကလေးတွေကို ကျေးဇူးတင်ရသည်။ ကလေးတွေက စစ်စစ်ဆေးဆေးမေးလာလျှင် သူ ဘယ်လိုဖြေရပါ့။ ကလေးများ သူတို့ဘိုးဘွားဆီသွားလျှင် သူတို့အဖေအကြောင်းကို မေးကြမည်ပဲဖြစ်သည်။ အဘိုးအဘွားများက ဘယ်လိုဖြေမည်မသိ။ သူလည်း ခုထက်တိုင် ယောက္ခမကြီးများဆီရောက်ပေမယ့် လင်းအကြောင်းကို မမေးမိ။ သတိမေ့၍မဟုတ်။ မမေးချင်၍ဖြစ်သည်။
ယောက္ခမကြီးများကလည်း ပါးနပ်ရည်မွန်သူတွေပါ။ လန်ဒန်မှာရှိသော မာမီ့မောင် ဦးထွန်းလှအောင်ထံမှ သူတို့ သတင်းကိုကြားပြီးဖြစ်မည်။ အပြောရခက်နေ၍ သူတို့လည်း ငြိမ်သက်နေကြခြင်း ဖြစ်ကောင်းဖြစ်မည်။ ဘာပဲဖြစ်ဖြစ် နှစ်စေ့၍ ပညာတော်သင်နှစ်ဆုံးလျှင် လင်းတယောက် ပါရဂူဘွဲ့ရလျှင် ပြဿနာက ဒီလိုနေ၍မရ။ အဖြေတခုခု ထွက်လာမည်ပဲဖြစ်သည်။ ထိုအချိန်ကျမှ မီးစင်ကြည့်ကရမည်။
လင်းပြန်မလာတော့ဘူးဆိုလျှင် အစိုးရအိမ်ခန်းမှ သူတို့ ပြောင်းရွှေ့ရတော့မည်။ ဒီအခြေအနေကို သူ ကြိုတင်တွက်ပြီးသားပါ။ သားတို့ ၉တန်းစာမေးပွဲပြီးသောနေ့က သူ ဆိုင်မှအပြန် သားက ဆီးပြောသည်။
"ဒီတနင်္ဂနွေ သားတို့ကို ထမင်းလာစားဖို့ ဘွားဘွားကြီးက ဖိတ်တယ်၊ မာမီလည်း လာခဲ့ပါတဲ့၊ မနက်စာကျွေးမှာတဲ့"
ရှယ်လီ ဝမ်းသာသွားပါသည်။ သူတို့ဖခင်နှင့် ဝေးကွာနေချိန် ဖခင်ဘက်က အဘိုးအဘွားများက ဂရုတစိုက်ရှိသည်ဆိုတော့ သူ့သားသမီးများမှာ တအားတက်မည်ဖြစ်သည်။
တနင်္ဂနွေနေ့မှာ မိသားစုရောက်သွားတော့ ခါတိုင်းထက် ဒက်ဒီတို့ မာမီတို့ကြိုဆိုပုံက လှိုက်လှိုက်လှဲလှဲရှိသည်။ နံနက်စာစားပြီး ဒက်ဒီက သူ့အိပ်ခန်းထဲဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲမှာ စက္ကူဘူးနှစ်ခု ပါလာသည်။
"သားတို့ဒက်ဒီက ပေးလိုက်တဲ့လက်ဆောင်လေ"
ဂျင်မီနှင့် အင်နီက ဟေးဟု ဝမ်းသာအားရအော်ကာ အဘိုးထံပြေးသွားကြသည်။ အဘိုးလက်မှ တခုစီလှမ်းယူကာ ဆိုဖာပေါ် ထိုင်၍ ဘူးကို ဖွင့်ကြသည်။ ဂျင်မီဘူးထဲက မီးရထားလမ်းပေါ်မှာ ဓာတ်ခဲနှင့်ပြေးသော မီးရထားလေး ထွက်လာသည်။ အင်နီဘူးထဲက သံပတ်ပေးရသော လေယာဉ်ပျံနှင့် ဘိုမရုပ်အသေးလေး။
သူတို့ ဝမ်းသာအားရအော်ဟစ်ကာ ကစားစရာများပိုက်၍ တဖက်ခန်းကို ပြေးသွားကြသည်။ အဘိုးအဘွားတွေက မြေးများကို ကြည့်ပြီး ရှယ်လီ့မျက်နှာကို ကြည့်ကြသည်။ ရှယ်လီ့မျက်စိကလည်း ယောက္ခမများ မျက်နှာပေါ် ရောက်သွားသည်။ သူ့စိတ်ထဲမှာ ယောက္ခမများမျက်လုံးထဲမှာ တစုံတရာ တွေ့နေရသလို ထင်မိသည်။ ရင်ထဲမှာ တွေးနေမိသည်ကတော့ ကလေးများအတွက် လက်ဆောင်ပစ္စည်းများကို လင်းက ပေးပို့သည်ကို နည်းနည်းမှမယုံ။ ဤလက်ဆောင်ပစ္စည်းများနှင့်အတူ သားတို့အတွက် စာလေးတစောင်ပါမလာ၍ ယုတ္တိမရှိလှပါ။ ယောက္ခမဖြစ်သူ ဦးရွှေဇံအောင်က သူ့မြေးတွေ စိတ်ဓာတ်တက်ကြွအောင် အခြေနေပြေလည်အောင် ကြားက လုပ်ခြင်းများလား။
အခြေအနေတွေက သင်္ကာမကင်းစရာ၊ သူ တွေးနေမိသည်။ သားဂျင်မီသည် မီးရထားနှင့် ကစားစရာအရွယ်မဟုတ်တော့။ သို့သော် သူတို့ဖခင်က ပို့သောလက်ဆောင်ဖြစ်၍ မြတ်မြတ်နိုးနိုး ဂျင်မီက ကိုင်တွယ်ကစားနေသည်။ ကလေးများ ထွက်သွားရာကိုကြည့်ရင်း မာမီက စကားစသည်။
"ရှယ်လီ စကော့စျေးမှာ ဆိုင်ထွက်နေတယ်ဆိုတာ နေရာကျလား"
"ဒေါ်ခင်သက်တင်ဆိုင်မှာ ဝင်ကူတာပါ၊ သွင်းကုန်ထုတ်ကုန်လိုင်စင် လုပ်တော့ ရိုးရိုးစျေးရောင်းတာတင်မဟုတ်ဘူး၊ ရှယ်လီ ရုံးလုပ်ငန်းတွေပါ လေ့လာနိုင်ပါတယ်"
"အင်းပေါ့လေ၊ လုပ်ငန်းကျွမ်းကျင်လာရင် ရှယ်လီ ကုမ္ပဏီထောင်နိုင်တာပေါ့၊ ကောင်းပါတယ်။ လောလောဆယ် ဂျင်မီနဲ့အင်နီတို့ ကျောင်းစရိတ် မာမီတို့ တာဝန်ယူပါ့မယ်"
မာမီ့စကားကြားတော့ ရှယ်လီဝမ်းသာပါ၏။ ဒါပေမဲ့ ရင်ထဲမှာ မေးခွန်းတွေ မေးနေမိသည်။ မာမီတို့ဆီရော လင်းထံမှ စာလေးဘာလေး မလာဘူးလား။ နှုတ်က ဖွင့်မေးဖို့က မမေးရက်ပါ။ သူ လက်ထပ်စဉ်က လှိုက်လှိုက်လှဲလှဲမရှိ၊ စိတ်မဝင်စားသလိုနေသော ယောက္ခမများက သူ့သားသမီးလေးတွေကို အထူးဂရုစိုက်လာ၍ ဝမ်းသာပါသည်။ ဒါပေမဲ့ လင်းထံမှ ဘာသတင်းမှ မကြားရသည်ကိုတော့ ဒက်ဒီတို့ ဘယ်လိုယူဆပါသလဲ၊ မာမီ၏မောင် ဦးထွန်းလှအောင်က လန်ဒန်မှာ ရှိသည်ပဲ။ လင်းနှင့်အဆက်အသွယ်မပြတ်ဆိုတော့ လင်းသတင်းကိုတော့ သူတို့ဆီ ပို့နေမှာပါ။ သလ်မာကို လက်ထပ်သွားပြီဆိုတာကိုလည်း သိကြမှာပါ။ သူတို့မပြောသင့်သောသတင်းများဖြစ်နေ၍ ဘာမှမပြောကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အားလုံး နားလည်မှုတွေနှင့် မျိုသိပ်ပြီးတော့ ဣနြေ္ဒဆောင်နေကြသည်။
အိမ်ရောက်တော့ တဖက်ခန်းမှဒေါ်လီကို ယောက္ခမများအကြောင်း ပြေးပြောရသေးသည်။ ဒေါ်လီကလည်း ဝမ်းသာအားရဖြစ်နေပေမယ့် ရှယ်လီမေးလိုက်သော မေးခွန်းအတွက် အံ့အားသင့်နေသည်။
"ကိုယ့်ရင်ထဲ မကျေမလည်ဖြစ်နေတာက သူတို့ လင်းအကြောင်း တလုံးမှမပြောကြဘူး။ သိပ်ထူးဆန်းတယ်နော်၊ ပြန်လာမယ် မလာဘူးဆိုတာ မသိသလိုပဲ"
ဒေါ်လီကလည်း ရှယ်လီ့စကားကိုနားထာင်ရင်း ဝမ်းသာပေမယ့် ဝမ်းသာဝမ်းနည်းဖြစ်နေသည်။ လင်းအကြောင်းကို ရှယ်လီသိတာထက် ဒေါ်လီ ပိုသိသည်။
အင်္ဂလန်ကို ကိုယ့်စရိတ်နှင့်ရော အစိုးရစရိတ်နှင့်ရော ပညာတော်သင်သွားကြသည့် ဆရာဝန်တွေအများကြီး။ ပြန်လာသူများထဲမှ ကိုဖေသိန်းသူငယ်ချင်းတွေက သလ်မာနှင့်လင်းအကြောင်း သတင်းများကို သယ်ယူလာခဲ့ပြီးဖြစ်သည်။ ယောက္ခမတွေက သလ်မာနှင့်သတင်းကို သိပြီးဖြစ်မည်။ ကာယကံရှင် ရှယ်လီကို မပြောရက်၍ နှုတ်ပိတ်နေကြခြင်းဖြစ်မည်။ သူကိုယ်တိုင်ကလည်း နောက်ဆက်တွဲသတင်းများကို ရှယ်လီ့ကိုမပြောရက်။
ရှယ်လီက ဆက်ပြောသည်။
"ဒက်ဒီတို့ မာမီတို့က မပြောဘူးပဲထား၊ ကိုယ့်သားနဲ့သမီးက သူတို့ဒက်ဒီအကြောင်း ကိုယ့်ကို လေသံမှ မဟဘူး။ သွားစကမှ ဂျင်မီက 'ဒက်ဒီ့ဆီက စာမရဘူး'လို့ မေးသေးတယ်၊ ကလေးတွေအပေါ်မှာရော မင်း ဘယ်လိုထင်လဲ"
ဒေါ်လီက ဘာမှမဖြေပါ။ ဘယ်လိုဖြေရမှန်းလည်းမသိ။ သူ စကားကို ပြောင်းပြောလိုက်၏။
"ဂျင်မီနဲ့ အင်နီတို့ ဘာပြဿနာမှမပေါ်ဘဲ စာကြိုးစားကြတာပဲ၊ကျေးဇူးတင်ပါဦး"
"ဟုတ်တယ်၊ သူတို့ စာကြိုးစားအောင် စိတ်ဓာတ်မကျအောင်တော့ ရှယ်လီ ဖန်တီးပေးမှာပါ။ သလ်မာကို လက်ထပ်တော့ သွားပြီပေါ့လေ၊ ဒါပေမဲ့ လင်းဟာ သူတို့ဖခင်ပဲပေါ့၊ သွေးဆိုတဲ့အတွယ်အတာကို ဘာနဲ့မှ ဖြတ်တောက်လို့မရပါဘူး၊ ကိုယ့်ကိုဖြတ်ချင်ဖြတ်ပေါ့လေ၊ သူ ပြန်လာခဲ့ရင်တော့ ကလေးတွေအတွက် ပိုကောင်းမှာပေါ့လေ ဒေါ်လီရယ်"
ရှယ်လီသည် ခေတ္တတွေ၍ စဉ်းစားနေ၏။ ပြီးမှ ဆက်ပြောသည်။
"ရှယ်လီ့မှာ မိန်းမကောင်းတယောက်ရှိရမယ့်အရည်အချင်းတွေ ပြည့်စုံတယ်လို့မထင်ပါဘူး။ ကျောင်းတုန်းက ရှယ်လီ အမှားတွေ အများကြီးလုပ်ခဲ့တယ်၊ ဒါကြောင့် လင်းနဲ့လက်ထပ်ပြီးတော့ ရှယ်လီလိုချင်သမျှ ရလိမ့်မယ်လို့ ရှယ်လီမမျှော်လင့်ခဲ့ပါဘူး။ ကိုယ့်ချွတ်ယွင်းချက်ကရှိခဲ့တော့ ရှယ်လီ သူ့အလိုလိုက်ခဲ့တယ်။ ပျော့ကွက်တွေကို သည်းခံခွင့်လွှတ်ခဲ့ပါတယ်။ ရှယ်လီ့အပေါ် သူ တစုံတရာ ခွင့်မလွှတ်နိုင်တဲ့အကြောင်းရှိတောင်မှ ကလေးတွေအတွက်တော့ သူ မြန်မာပြည်ပြန်လာဖို့ကောင်းတယ်"
ဖြတ်သန်းလာသောခရီးမှာ သင်ခန်းစာရခဲ့ပြီးသော သူ့သူငယ်ချင်း ရှယ်လီ၏စကားကို နားထောင်ရင်း ဒေါ်လီ့ရင်ထဲမှာ နင့်သွားသည်။ သလ်မာကို လက်ထပ်သွားပြီဆိုသည်ကို ရှယ်လီတယောက် သိသိကြီးနှင့်ပဲ လင်းကို မျှော်လင့်လျက်ရှိသေးသည်။
၁၆။
သား ဂျင်မီ တက္ကသိုလ်ဝင်တန်း မက်ထရစ်အောင်မြင်သောနေ့က ကောင်းသတင်းကိုပြောကြားလာသော သားလည်ပင်းကိုဖက်ကာ ရှယ်လီ ငိုမိသည်။ ရှယ်လီ ဘာကြောင့်ငိုသည်ကို ဂျင်မီလည်း သဘောပေါက်နားလည်ပါသည်။
"ဘိုးဘိုးနဲ့ဘွားဘွားက ဘိုးလေး ဦးထွန်းလှအောင်ဆီ စာရေးမှာပေါ့မာမီ။ သူတို့က ဒက်ဒီ့ဆီ အကြောင်းကြားမှာပါ"
"မာမီ သားအောင်တာကို ဝမ်းသာပါတယ်သား။ ဝမ်းသာလွန်းလို့ ငိုမိတာပါ။ လူတွေက ပြောကြတယ်၊ မိစုံဖစုံမွေးမှ သားသမီးတွေဟာ မိခင်မေတ္တာလည်းရ ဖခင်ရဲ့အကာအကွယ်လည်း ရလို့ ကြီးပွားတိုးတက်တယ်။ သူတို့ဘဝ အဆင်ပြေတယ်တဲ့။ မာမီ့ရဲ့သားတွေမှာ အဖေရှိရဲ့နဲ့ အဝေးမှာနေရလို့ သားတို့မှာ စိတ်ဓာတ်ကျတယ်၊ တစုံတရာ ချွတ်ယွင်းရတယ်ဆိုတာ မဖြစ်စေချင်ဘူး။ မာမီကြိုးစားပြီး စီးပွားရှာမယ်၊ သားတို့ကသာ စာကြိုးစား၊ သားကြိုးစားတာမြင်ရင် ညီမလေး အင်နီကလည်း အတုယူမှာ၊ ဝမ်းသာပါတယ်သား"
မျက်ရည်တွေနှင့် သူ ပြုံးလိုက်ကာ သားပါးပြင်ကို နမ်းလိုက်သည်။
နောက်အပတ်ထဲမှာ ဦးရွှေဇံအောင်က ဂျင်မီ စာမေးပွဲအောင်မြင်သည့် အထိမ်းအမှတ်ပါတီပွဲလေး ခြံထဲမှာ ကျင်းပပေးသည်။ လူကြီးတွေမပါ၊ ဂျင်မီနှင့် အင်နီသူငယ်ချင်းများနှင့် ဦးရွှေဇံအောင်၏ သမီးအငယ်ဆုံး နှင်းနုထွေးမှမွေးသော မြေးသုံးယောက်။ ဒေါ်လီ၏သားများဖြစ်သော ဖိုးထောင် ခေါ် မြင့်ဆွေသိန်း၊ နှမ စုစုသိန်း၊ မာမာသိန်းတို့ကိုပဲ ဖိတ်သည်။
ခြံထဲမှာ မီးရောင်စုံ ထွန်းညှိကာ စားပွဲလေးတွေ ချပေးသည်။ ကြိုက်ရာယူစားစနစ်နှင့် အစေခံများကို တာဝန်ချထားပေးသည်။ ကလေးတွေချည်းပဲ လွတ်လပ်စွာ စားသောက်ပြောဆိုခွင့် ပေးထားသည်။
ရှယ်လီကတော့ ပါတီပွဲနှင့်မနီးမဝေး သရက်ပင်အောက်မှာ တယောက်တည်းထိုင်နေသည်။ မီးရောင်စုံများက သူ့အနားသို့ မရောက်လာ။ နွေနှောင်း၏လေပြည်သည် ညဦးအပူရှိန်ကို သက်သာစေသည်။ သားနှင့်သမီးကို သူငယ်ချင်းများအလယ်မှာ ထင်ထင်ရှားရှား သူ တွေ့မြင်ရသည်။ လင်းသာရှိရင် သား၏အောင်မြင်မှုကို မိဘနှစ်ပါး ခွဲဝေခံစားနိုင်မှာဖြစ်သည်။
သူ့ယောက္ခမများအကြောင်းကို လင်းနှင့်လက်မထပ်ခင် သတင်းကြားစဉ်က ဘိုဆန်သူများ အများသောအားဖြင့် ဆွေစဉ်မျိုးဆက် အနောက်တိုင်းမှာ ပညာသင်ယူခဲ့သူများဖြစ်၍ အနောက်တိုင်းကို အထင်ကြီးသူများဟု နာမည်ကြီးခဲ့သည်။ ပါတီပွဲပေးကာ ကလေးများကို လွတ်လပ်ပျော်ရွှင်စွာ ထားသည်ကလွဲ၍ အနောက်တိုင်းဆန်သော အပြုအမူမျိုး သူ့ယောက္ခမများတွင် မတွေ့ရ။
သား ဂျင်မီ စာမေးပွဲအောင်ကြောင်း အဘိုးအဘွားများကို သူတို့သားအမိတတွေ သွားပြောသောနေ့က ဦးရွှေဇံအောင် က အင်္ဂလိပ်လို congratulationဟုတော့ ဆိုသည်။
ဒါပေမဲ့
"ငါ့သား တက္ကသိုလ်ရောက်ရင် နာမည်ပြောင်းကွာ၊ ဂျင်မီဆိုတဲ့အမည်က ၁၀တန်းထိ ကျောင်းအမည်။ တသက်လုံး သားခံယူရမယ့်အမည်က မြန်မာနာမည်ပဲ ဖြစ်ရမယ်၊ သားနာမည် သာဇံလင်းလို့ တက္ကသိုလ်မှာ တရားဝင်ပြောင်းပါ"ဟု ဆိုခဲ့သည်။
ယခု ညနေပါတီဧည့်ခံပွဲမှာ သူ့မြေးများဝတ်ဆင်ဖို့ ဒေါ်စံကျော့ခိုင်က ကိုယ်တိုင် အဝတ်အစားရွေးချယ်ပေးသည်။ သား ဂျင်မီကို နံ့သာရောင် တိုက်ပုံအင်္ကျီ၊ ရခိုင်ပိုးလုံချည် ပန်းနုရောင်ကို ဝတ်စေသည်။ သမီး အင်နီကိုလည်း နိုင်လွန်အဖြူလက်ရှည် ရခိုင်ထမီ ပိုးချိတ်ဖက်ဖူးရောင်ကို ရွေးပေးသည်။
" သားတို့မောင်နှမ မြန်မာဆန်ဆန်ဝတ်တဲ့ဓာတ်ပုံရိုက်ပြီး မင်းတို့ဒက်ဒီဆီ ပို့ရမယ်"ဟု သူတို့ဘွားဘွားက ပြောသည်။ ပါတီပွဲမှာ ဓာတ်ပုံဆရာလေးက တဖျပ်ဖျပ်မီးလင်းကာ ကင်မရာတလုံးနှင့် ပါတီပွဲကို ရိုက်ပေးနေသည်။
"မမရှယ်လီကို ဖေဖေကြီးတို့က ခေါ်ခိုင်းပါတယ်"
ဟံအေး သူ့အနားရောက်လာ၍ ပြောကြားတော့မှ သူသည် ခြံထဲမှ ဧည့်ခန်းရှိရာကို ထွက်လာခဲ့သည်။
ဒယ်ဒီနှင့်မာမီသည် နှစ်ယောက်ဆိုဖာတွဲမှာ မထိုင်၊ တယောက်ထိုင်ဆိုဖာတခုစီပေါ်မှာ ထိုင်နေကြသည်။ သူတို့နှစ်ယောက်အလယ်မှာ ဆိုဖာတခု လွတ်နေသည်။ ရှယ်လီ ဧည့်ခန်းထဲ ဝင်လာလျှင် အလယ်က ဆိုဖာကို သူတို့ ညွှန်ပြသည်။ သူ့ကို အလယ်မှာထားကာ လင်မယားနှစ်ယောက် စကားပြောလိုဟန်ရှိသည်။
သူသည် ဆိုဖာပေါ်မှာ ဝင်ထိုင်ကာ မျက်လွှာချနေသည်။ ဘာပြောရမှန်းမသိ။ ဒက်ဒီကစ၍ စကားပြောသည်။
ဂျင်မီရှေ့ရေး ရှယ်လီ ဘယ်လိုစီစဉ်လဲ"
ရှယ်လီက ယောက္ခမကြီးမျက်နှာကို မော့ကြည့်လိုက်၏။
"ဂျင်မီက ဂုဏ်ထူးနှစ်ခုပဲ ပါပေမယ့် အမှတ်တွေက များနေပါတယ်၊ ကျန်ဘာသာတွေကလည်း ဂုဏ်ထူးအမှတ်နီးနီးရလေတော့ သား ဆေးတက္ကသိုလ်ဝင်ခွင့်ရမှာ သေချာတယ်။ ရှယ်လီတော့ သားကို ဆေးဘက်ပဲ လိုက်စေချင်တယ်"
"ကောင်းပါတယ်လေ၊ သူ့အဖေခြေရာ နင်းနိုင်ရမှာပေါ့၊ လင်းရွှေအောင်ငယ်ငယ်ကလည်း စာအလွန်တော်တယ်"
မာမီက သူ့သားအကြောင်း သတိတရ ထည့်ပြောရင်း စကားဆက်သည်။
မင်းဒက်ဒီက ဂျင်မီအကြောင်းမေးတာက အကြောင်းရှိလို့ပါ။ မာမီရော ဒက်ဒီရော တိုင်ပင်ကြတယ်။ မာမီတို့မှာ လင်းရွှေအောက်အထက် သားနှစ်ယောက်ရော၊ အောက်က သမီးနှစ်ယောက်ကိုပါ အမွေခွဲဝေပေးပြီးပြီ၊ သူတို့ လက်ထပ်ကတည်းက တိုက်တလုံးစီလည်း လက်ဖွဲ့လိုက်တယ်။ လင်းရွှေအောင်ကို မာမီတို့ ဘာမှမပေးရသေးဘူး။ လင်းရွှေအောင်အမွေကို သူ့သားသမီးတွေ ဆက်ခံစေရမှာပေါ့"
မာမီ့စကားနားထောင်ရင်း ရှယ်လီ နားမလည်ဖြစ်သွားသည်။ မာမီတို့အမွေကို လင်းက ဆက်ခံပိုင်ခွင့်မရှိတော့လို့လား၊ မာမီ့စကားက အဓိပ္ပါယ်များလိုက်တာ။
"ဒါကြောင့် ဂျင်မီရဲ့တက္ကသိုလ်စရိတ်နဲ့ အင်နီ ၁၀တန်းအောင်လည်း တက္ကသိုလ်ဆက်တက်ရမယ့်စရိတ်ကို မာမီတို့ တာဝန်ယူမယ်"
"ကျေးဇူးတင်ပါတယ် မာမီ"
ရှယ်လီက ပြောလိုက်သည်။
"ဒါပေမဲ့ ...."
တဖက်က ဦးရွှေဇံအောင်က စကားစပြန်သည်။
"သားကို ရန်ကုန်တက္ကသိုလ်မှာ ဆက်ထားတာထက် လန်ဒန်မှာ ကျောင်းဆက်ထားချင်တယ်။ အဲဒါ ရှယ်လီ သဘောတူ မတူ ဒက်ဒီတို့က မေးတာပါ"
ရှယ်လီက ငိုင်နေသည်။ အဘိုးကြီးအဘွားကြီးစေတနာကို သူ နားလည်ပါသည်။ ဒါပေမဲ့ သူ့သားကို လောလောဆယ်ဆယ် အင်္ဂလန်ကို သူ မလွှတ်ချင်ပါ။ သူ့သားသည် ဆယ့်ခြောက်နှစ်ကျော်ကျော်ပဲရှိသေးသည်။ အင်္ဂလန်ကိုရောက်သွား၍ ရင်ဆိုင်ရမည်က ဖခင်ဖြစ်သူ လင်းရွှေအောင်တယောက်တည်းမဟုတ်၊ မိထွေးဖြစ်သူ သလ်မာကိုပါ တွေ့ကြုံဆက်ဆံရမည်။ သူ၏နှလုံးသားနုနုမှာ ဒီမိထွေးဟူသောပြဿနာ ရိုက်ခတ်မှုကို သူ မလိုလားနိုင်ပါ။ သူတို့သား သလ်မာနှင့်ယူထားသည်ကို အဘိုးကြီးတွေက တလုံးမှမဟလေတော့ သူ အကြောင်းပြဖို့ခက်သည်။ သူ အလှပဆုံး စကားလုံးကို သုံးရပေမည်။
"ဂျင်မီကို အင်္ဂလန်လွှတ်လိုက်ရင် သူ့ဒက်ဒီနဲ့တော့ တွေ့ရမှာပါ။ တခုက မာမီနဲ့ဒက်ဒီတို့ ရှယ်လီ့ကို တိတိလင်းလင်း ဖွင့်ပြောစေချင်ပါတယ်။ လင်းဟာ လန်ဒန်ကို ထွက်သွားကတည်းက ရှယ်လီ့ကို စာတကြောင်း မရေးပါဘူး။ သားတို့ဆီလည်း အဆက်အသွယ်မလုပ်ပါဘူး။ ဒက်ဒီတို့ ဟိုနှစ်က ခေါ်ပေးတဲ့ ကလေးတွေအတွက် လက်ဆောင်ကိုတောင် ရှယ်လီ သံသယဖြစ်မိပါတယ်။ လင်း ပေးတာမှ ဟုတ်ရဲ့လားလို့"
ဒက်ဒီ မျက်နှာတချက်ပျက်သွားသည်။
"ရှယ်လီ လင်းကို ခွဲခွာခဲ့ရတာ နှစ်နှစ်ကျော်ပါပြီ။ လင်း ဘယ်တော့ပြန်လာမယ်ဆိုတာ ရှယ်လီ သိချင်တယ်"
အဘိုးကြီးရော အဘွားကြီးပါ ငိုင်နေရာမှ သက်ပြင်း ပြိုင်တူ ချလိုက်သည်။ အဘွားကြီးက တုတ်တုတ်မျှမလှုပ်၊ ဒက်ဒီကသာ စကားဆက်ပြောသည်။
"လင်းရွှေအောင်သတင်း ပြောရဦးမယ် ရှယ်လီ၊ သူ ခွဲစိတ်ကုသတဲ့ပါရဂူဘွဲ့ရသွားပြီ၊ အခု ဆွမ်ဆီးလ်ဆေးရုံ အင်္ဂလန်တောင်ပိုင်း ဝေးလ်နယ်မှာ အလုပ်လုပ်နေတယ်။ သူကလည်း သူ့သား လာစေချင်မှာပါ။ ဂျင်မီသွားရင် ရှယ်လီနဲ့အင်နီပဲ ကျန်တော့မှာမို့ ဆေးရုံအိမ်မှာ မနေတော့ဘဲ ဒက်ဒီတို့အိမ်ကို ပြောင်းလာစေချင်တယ်"
ဒီစကား ဘာကိုဆိုလိုသည်ကို ရှယ်လီ နားလည်လိုက်ပါသည်။ ရန်ကုန်ဆေးရုံကြီးအိမ်တွင် နေခွင့်မရှိတော့ဟူသောစကားက လင်းရွှေအောင် မြန်မာပြည်ပြန်မလာတော့ဘူးဟူသောစကားကို သွယ်ဝိုက်၍ ဒက်ဒီက ပြောလိုက်ခြင်းပဲဖြစ်သည်။ ရှယ်လီသည် မျက်ရည်တွေ စိမ့်ကျလာသည်။
"ဒက်ဒီရော မာမီရော ရှယ်လီ့ကို တခုခု ဖုံးကွယ်ထားကြတာပါ။ လင်းအကြောင်းကို ဒက်ဒီတို့က ရှယ်လီ့ထက်ပိုသိမှာပါ။ မာမီ့မောင်ကလည်း လန်ဒန်မှာရှိနေတော့ မာမီတို့အစီအစဉ်အတွက် ရှယ်လီ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ လင်း ထွက်သွားကတည်းက ရှယ်လီ ဘယ်လိုခံစားနေရတယ်ဆိုတာ မာမီတို့ သိနိုင်မှာမဟုတ်ပါဘူး။ အခု ထပ်မံပြီး ရှယ်လီ လောလောလတ်လတ် သားကို မခွဲပါရစေနဲ့။ သားကို ရန်ကုန်ဆေးတက္ကသိုလ်မှာပဲ ဆရာဝန်ဖြစ်အောင် ထားပြီးမှ အမ်ဘီဘီအက်စ်ဘွဲ့ကို ရပြီးတော့ နောက်ထပ်ပါရဂူဘွဲ့ယူဖို့ ဒက်ဒီတို့ဆန္ဒအတိုင်း လန်ဒန်ကို ပို့ချင် ပို့နိုင်ပါတယ်"
ရှယ်လီက လက်ကိုင်ပုဝါနှင့် မျက်လုံးကို တို့ကာ ခေါင်းငုံ့နေသည်။
အဘိုးကြီး အဘွားကြီး နှစ်ယောက်လုံး ငိုင်နေသည်။
ရှယ်လီ့သဘောကတော့ မြန်မာပြည်မှာ အမ်ဘီဘီအက်စ်အောင်ပြီးမှ ဂျင်မီ လန်ဒန်သွားလျှင် သူ့အဖေကို မိထွေးနှင့်အတူတွေ့ရသည်ဖြစ်စေဦးတော့ သားသည် ရင့်ကျက်တည်ငြိမ်သော အရွယ်ရောက်ပြီဖြစ်၍ အခြေအနေကို ရင်ဆိုင်နိုင်မည်။ ဒါကြောင့် သားကို ဆရာဝန်ဖြစ်သည်အထိ မြန်မာပြည်မှာပဲ ထားချင်သည်။
"အေးပေါ့လေ၊ ဒါလည်း တမျိုးကောင်းပါတယ်၊ ဒက်ဒီတို့ ရှယ်လီ့ဆန္ဒကို လိုက်လျောပါတယ်။ ဂျင်မီ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ၊ ရှယ်လီ ဒက်ဒီတို့အိမ်ကို ပြောင်းလာဖို့ စီစဉ်စေချင်တယ်။ ရှယ်လီ အခုလုပ်နေတဲ့ကုမ္ပဏီမှာ ကျွမ်းကျင်လာပြီဆိုရင် ရှယ်လီအပိုင် ကုမ္ပဏီတခု သီးသန့်ထူထောင်ဖို့ ဒက်ဒီတို့ ကူညီမယ်၊ ဒက်ဒီတို့မှာလည်း ရှယ်လီနဲ့ ဒီမြေးနှစ်ယောက်ကို စောင့်ရှောက်ဖို့တာဝန်ရှိတယ်"
"ရှယ်လီ စဉ်းစားပါဦးမယ်"
သူတို့ စကားပြောနေစဉ် ဂျင်မီ ဧည့်ခန်းထဲ ပြေးဝင်လာ၏။
"ဘိုးဘိုး ဘွားဘွားရော မာမီပါ ခြံထဲ လာခဲ့ပါဦး၊ သူငယ်ချင်းတွေ ပြန်တော့မှာမို့ လာနှုတ်ဆက်ပါဦး"
ရှယ်လီနှင့် အဘိုးအဘွားပါ ခြံထဲဆင်း၍ ကလေးများကို နှုတ်ဆက်သည်။ ကလေးများအားလုံး ပြန်ကုန်မှ ရှယ်လီတို့မိသားစု ဦးရွှေဇံအောင်နှင့် ဒေါ်စံကျော့ခိုင်ကိုကန်တော့ကာ အိမ်ပြန်လာခဲ့ကြသည်။
ရှယ်လီကတော့ ထိုညက အိပ်မပျော်ပါ။ ယောက္ခမများနှင့် အတူနေရေးကို သူ တွေးနေမိသည်။ တကယ်တော့ သူ မနေချင်။ အဝေးမှာနေကြစဉ် ယခုလိုဆက်ဆံရေးက ကောင်းနေပေမယ့် အတူနေကြသောအခါ ပြဿနာတက်လာမှာ သူ စိုးသည်။
ဒက်ဒီတို့ မာမီတို့သည် ပညာတတ် ဥစ္စာကြေးငွေ ပြည့်စုံကြသူပီပီ စကားပြောလျှင်လည်း ထိန်းထိန်းသိမ်းသိမ်း ဣနြေ္ဒရရနှင့် ပရိယာယ်ကြွယ်ကြသည်။ သူ့မှာက ငွေကြေးမရှိ။ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံတတ်သည်။ ပရိယာယ်ကို မသုံးတတ်။
ပြီးတော့ သူက တချိန်တုန်းက သူတို့၏သားကို သူတို့ဆန္ဒမယူဘဲ လက်ထပ်လာခဲ့သူ။ အရှည်သဖြင့် ဖြစ်ပါမည်လား ....။
ဆက်ရန်
-----------------------------
0 Comments