#ရွှေအမြုတေမဂ္ဂဇင်း မျိုးဆက်သစ်ဆုရတဲ့ ဝတ္ထု
အပူခံအိုးကွဲ - ဆန်းငယ်သွေး(ပုတီးကုန်း)
🔲🔲🔲
၁။
'ကဲ ဘယ်လိုလုပ်ကြမလဲ ကိုမြင့်မောင်'
ညဘက် ရွာဘောလုံးကွင်း အစပ်နားမှာ ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု အိုးဖုတ်သူတွေကြား ကျုပ်တို့လင်မယား နှစ်ယောက်လည်း ကိုယ့်အိုးဖိုဘေးမှာပဲ ရှိနေတယ်။ ယောက်ျားလုပ်သူက သက်ပြင်းချတယ်။ ကျုပ်လည်း စိတ်ညစ်တာပါပဲတော်...။
'မမြခင်ရေ ငါတော့ ဘယ်လိုတွေးတွေး မြို့ကိုတော့ လိုက်မနေနိုင်ဘူးကွာ'
အိုးဖိုကို မီးကျွမ်းအောင်စောင့်ရင်း မိသားစုကိစ္စ တိုင်ပင်နေမိပါပကော...။
'တို့မှာ ဒီသမီးလေး တစ်ယောက်ပဲရှိတာ၊ တစ်သက်လုံး ဒီအမေ၊ ဒီအဖေနဲ့ ဒီရွာလေးမှာပဲ နေလိမ့်မယ်လို့ ထင်ထားခဲ့တာ'
သမီးဖြစ်သူ ဖြူစင်နုက အထက်တန်းပြဆရာမ၊ သူ့အမျိုးသားကလည်း အထက်တန်းပြဆရာပါပဲ။ အခု ရပ်ဝေးမှာ အတူတာဝန်ကျနေတယ်။ အသက်ကြီးမှ အိမ်ထောင်ကျပြီး အခု သမီးက ကိုယ်ဝန်နဲ့။
'ကလေးရလာရင်တော့ ပြည်မြို့ပေါ် ပြောင်းနေချင်တယ်' လို့ ခဏခဏပြောနေခဲ့တာ။ ဒါ့အပြင် သမီးက ကလေးမွေးပြီးတာနဲ့ အမေတို့လက်ရှိအလုပ်ကို ရပ်လိုက်တော့။ အသက်ကြီးပြီ နားကြတော့တဲ့။ ဒီလိုသာပြောပေမဲ့ အရင်က သမီးဖြူစင်နုပြောခဲ့တာတွေ မှတ်မိနေပါသေးတယ်။ သမီက တစ်ရပ်တစ်ရွာမှာ ဝန်ထမ်းအလုပ်နဲ့ တာဝန်ကျလေတော့ မိဘတွေ 'ဘာအလုပ်လုပ်လဲ' မေးရင် ဒီအခါမှာ သမီးက 'မိုးစပါး၊ နွေစပါးစိုက်၊ လယ်လုပ်ပါတယ်၊ အိုးလုပ်ပါတယ်' လို့ ပြန်ဖြေတယ်။ ဒီတော့ သမီးကို လှောင်သလို၊ ရယ်ချင်သလို၊ ကဲ့ရဲ့ချင်သလို မျက်နှာတွေကို ခဏခဏမြင်ရသတဲ့။
'အမယ်လေး သမီးရယ်၊ လယ်အလုပ်နဲ့တင် အမေတို့ ထမင်းစားလောက်ပါတယ်။ ဒါပေမဲ့ အပိုဝင်ငွေရတဲ့ မိရိုးဖလာအလုပ်လေ သမီးရဲ့။ ဒီအိုးလုပ်ငန်းနဲ့ အမေတို့ အပိုစုဆောင်းမိဖြစ်လာပြီး ခြံလေးစုမိ၊ အိမ်လေးဆောက်ဖြစ်၊ သမီးကို ကျောင်းထားနိုင်လုပ်ခဲ့တာ။ တစ်ရွာလုံးနီးပါးလည်း ဒီအလုပ်ပဲ လုပ်နေကြတာပဲ။ သူများပစ္စည်း ခိုးစားလုစားတာမှ မဟုတ်တာ၊ သမီးက ရှက်လို့လား'
အမှန်ပြောရရင် အိုးလုပ်ငန်းရဲ့ တစ်လဝင်ငွေက ဝန်ထမ်းလစာထက် ပိုရလေ့ရှိတတ်တာလေ။ အိုးဖောက်သည်ကလည်း အိမ်အထိ လာတင်သွားလေ့ရှိတော့ ရောင်းဖို့အတွက်လည်း မပူရဘူးပေါ့။
ဒီလို ကျုပ်က ပြန်ပြောတော့ 'ရှက်တာတော့ မဟုတ်ဘူးပေါ့ အမေ' တဲ့။ ကျုပ်သိပါတယ်။ သမီးကျင်လည်နေရတဲ့ အလုပ်မှာက တချို့ဝန်ထမ်းတွေရဲ့ မိဘက ကုန်သည်၊ တချို့မိဘက ရွှေဆိုင်နဲ့၊ တချို့က အရာရှိဝန်ထမ်းတွေဆိုတော့ အနည်းနဲ့အများဆိုသလို မောက်မာသူတော့ ရှိလိမ့်မပေါ့။ သမီးလည်း သိမ်ငယ်ရှာမပေါ့။
သမီး ဖြူစင်နု မြို့မှာနေချင်တဲ့ အကြောင်းအရင်းနောက်တစ်ခုက ဒီဇာတိရွာကြောင့်လားလို့ ကျုပ်တွေးမိနေသေးတယ်။ အခု ကျုပ်တို့နေတာက ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောက်ရွာ၊ ပေါင်းတလည်မြို့နဲ့ မိုင်ဝက်လောက်သာ ဝေးတဲ့ အိမ်ခြေငါးရာခန့် ရှိတဲ့ ရွာ။ တစ်ခါက နိုင်ငံအကြီးအကဲ ဖြစ်ခဲ့ဖူးတဲ့ သူ တစ်ဦးရဲ့ ဇာတိ။ သူက မှားယွင်းတဲ့ အုပ်ချုပ်မှုပုံစံ ရှိခဲ့လေတော့ သမီးက လုပ်ငန်းခွင်မှာ ခဏခဏ ခလုတ်တိုက်ခံရတာ၊ လှောင်ရယ်သလိုလိုနဲ့ ကြုံရ။ ဂျာနယ်တွေမှာ ပါတဲ့ ထိုပုဂ္ဂိုလ်အကြောင်း ပြောပြီး ခနဲ့ကြတဲ့ ဒဏ်ကိုလည်း သမီး အလူးအလဲခံနေရပုံပါပဲ။ သမီးက ဒီအတိုင်းပြောခဲ့ဖူးတာကိုး။ လက်ရှိရွာသားတွေအပေါ် အရိပ်ထိုးတာ ခံနေရတဲ့ ကိစ္စ။
'ဒါကတော့ သမီးရယ်၊ ဒီချောင်းကောင်းရွာသားလည်း တခြားပြည်သူတွေ ဆင်းရဲသလို ဆင်းရဲတာပါပဲ။ ရွာသားတွေထဲမှာ အခွင့်ထူးခံတွေလည်း မရှိဘူး။ မြန်မာနိုင်ငံထဲက ဆင်းရဲသား လယ်သမားချင်းအတူတူ ရုန်းကန်လုပ်ကိုင်စားနေရတာပါပဲ။ သူ့ခေတ်တုန်းကတည်းက သူ့ကို ဆန့်ကျင်တဲ့ ဒီရွာသား အကျဉ်းကျသူတွေ၊ သူ့ကိုတော်လှန်တဲ့ နိုင်ငံရေးလှုပ်ရှားသူ ပညာတတ်တွေ ရှိခဲ့တယ်ဆိုတာ ပြန်ပြောမပြဖြစ်ရင်တောင် ဂုဏ်ယူပြီး လိပ်ပြာသန့်စမ်းပါ'
ဒီလိုပြောပေမဲ့ မထူးပါဘူး။ မြို့မှာနေဖို့က ဘဝရည်မှန်းချက် ဖြစ်နေလို့ပါတဲ့။ သမီးရဲ့ အခိုင်အမာဆုံး အကြောင်းပြချက်က-
'အမေ သမီး မြို့မှာနေချင်တာက ဘဝရည်မှန်းချက်ပဲ။ မိဘထက် သားသမီးက ဓနဥစ္စာ၊ အသိပညာ၊ လူနေမှုတိုးတက်မှ မျိုးရိုးမြင့်လာမှာ။ ရွာကို အထင်သေးလို့ လုံးဝ မဟုတ်ပါဘူး။ တခြားသူတွေ ဘဝင်မြင်တယ် ထင်ချင်လည်း ထင်ပါစေ။ အမေ့မြေးရဲ့ ပညာရေးအတွက်လည်း ပါတယ်။ သမီးတို့ရွာမှာနေရင် လယ်ပဲလုပ်စားဖြစ်မှာ၊ အိုးလည်းလုပ်စားဖြစ်မှာ မဟုတ်တော့ အသက်မွေးမှုနဲ့ လိုက်ဖက်တဲ့ သင့်တော်တဲ့နေရာမှာ နေချင်လို့ပါ အမေရယ်'
သမီးက ဒီလိုတောင်းတောင်းပန်ပန် ပြောလာတော့ သနားမိသား။ ဒါပေမဲ့ ကျုပ်တို့ တစ်သက်လုံးနေလာခဲ့တဲ့ ကိုယ့်ရပ်ကိုယ့်ရွာ ဘယ်ခွဲနိုင်မလဲ။ သမီးနဲ့၊ သမက်နဲ့၊ မြေးနဲ့ တစည်းတလုံးတည်းနေပြီး ဘုရားသွားကျောင်းတက် ရှိသမျှလေးလှူပြီး နေချင်ခဲ့တာ ကျုပ်တို့ ဘဝအိပ်မက်။ တစ်လောက သမီးအိမ်ပြန်ချင်တယ်ဆိုလို့ အိုးကိုကြိုးစားလုပ်ပြီး အိမ်ကို သင့်တင့်အောင် ပြင်ထားခဲ့တာ။ မြို့နားနီးနီး ဒီရွာလေးမှာပဲ ပျော်မွေ့ချင်ခဲ့တာ။
'ဟဲ့ မြင့်မောင်တို့ နင်တို့အိုးဖိုက မီးတအား ပြင်းနေတယ်၊ ဖွဲလေးဘာလေး ထ,ကြဦး'
ညဉ့်နက်နက်မှာ ဘေးမှာရှိတဲ့ အိုးဖိုက အိုးဖုတ်သူတစ်ဦး သတိပေးတော့မှ ယောက်ျားဖြစ်သူက ဖွဲတောင်းကြီး ပိုက်ပြီး ဖွဲတွေ ပစ်ထည့်တယ်။
ကျုပ်လေ ကျုပ်ယောက်ျားရဲ့ အမူအရာကို ကြည့်ရတာ စိတ်မကောင်းဘူး။ ကျုပ်လိုပဲ စိတ်ထိခိုက်နေတာ သေချာတယ်။
ဒီတစ်ခါ သက်ပြင်းချရတာက ကျုပ်ပါပဲ။
✳
၂။
သမီး ဖြူစင်နုငယ်ငယ်က သိပ်ချစ်စရာကောင်းခဲ့တာ၊ စပ်စုလိုက်တာလည်း လွန်ရော။ ကျုပ်တို့ငယ်စဉ်ဘဝက အခုလောက် မပြေလည်၊ ဆင်းရဲခဲ့တော့ လင်မယားနှစ်ယောက် ဘဝကို ရုန်းကန်လိုက်ရတာ အိုးလုပ်ရတာ လွယ်မှတ်လို့။
အိုးလုပ်ငန်းမှာ ကိုမြင့်မောင်က လယ်ကွင်းတွေထဲမှာ မြေကြီးတူး၊ အိမ်ကို လှည်းနဲ့သယ်၊ အိုးလုပ်မယ့်အချိန်ရောက်တော့ ကျုပ်တို့လင်မယားနှစ်ယောက် မြေကြီးကို ထုခြေ။ လောင်းမင်းအိုးကြီးထဲထည့် ရေစိမ်၊ နင်းပြီး ရွံ့စေဖြစ်အောင်လုပ်၊ ဆုံလည်ပေါ်တင်လှည့်၊ ကျုပ်စိတ်ကြိုက်လက်ခတ်နဲ့ ဝိုင်းအောင်ပုံဖော်၊ အခြောက်လှန်း၊ ပြီးရင် တစ်ပတ်ကြာ တစ်ခါ ကွင်းပြင်နေရာထုတ် မီးဖုတ်၊ ဒါတွေကို တရစပ် လုပ်ခဲ့ရတာ။
သမီးကို ညဘက် အိုးဖုတ်တော့လည်း ခေါ်လာရတာပဲ။ မနက်ပိုင်း အိုးဖော်ချိန်ရောက်တော့လည်း ဘေးနားခေါ်ထားရတာပဲ။ ကူထိန်းပေးမယ့်သူမှ မရှိတာ။
'မေမေ ဒါတွေက အိုးကွဲတွေလဟင်'
အိုးဖော်ချိန်မှာ သမီးက အိုးဖိုရဲ့ပြာမှုန့်တွေဖယ်ပြီး ပထမဆုံးမြင်ရတဲ့ ရုပ်ဆိုးဆိုး အိုးအမည်း၊ အိုးအကွဲတွေကို မေးနေတာလေ။
'မဟုတ်ဘူး သမီးရဲ့၊ အဲဒါတွေက အိုးမဖုတ်ခင်ကတည်းက အိုးအဟောင်း၊ အိုးအကွဲတွေ'
'ဒါဆို ဘာဖြစ်လို့ အိုးအသစ်တွေထဲ ထည့်ဖုတ်ရတာလဲ'
'အိုးစိမ်းတွေ ခြောက်သွားတော့ အိုးဖိုထဲထည့် မီးဖုတ်တဲ့အခါ ဖွဲမီး၊ ကောက်ရိုးမီး၊ အမှိုက်အစအနမီးတွေကြောင့် အပူလွန်ပြီး အိုးသစ်လေးတွေ မည်းသွား၊ ကွဲသွားမှာစိုးလို့ အောက်ဆုံးမှာရော၊ ဘေးဘက်မှာ၊ အပေါ်မှာ အပြင်ဘက်ဆုံးနေရာအနှံ့မှာ လုံအောင်ကာကွယ်ပေးရတဲ့ အပူခံအိုးကွဲလေးတွေပေါ့ သမီးရေ။ ကဲ...ဒီမှာကြည့်ပါဦး၊ အိုးသစ်လေးတွေ'
'ဟေး...အိုးသစ်လေးတွေ လှလိုက်တာ'
အပူခံ အိုးအမည်း၊ အိုးအကွဲတွေ ဖယ်လိုက်တော့ ပတ္တမြားရောင် တောက်ပနေတဲ့ အိုးသစ်လေးတွေ ထွက်ပေါ်လာတယ်လေ။ ဒါကို သမီးက သဘောကျနေခဲ့တာပေါ့။ သမီးငယ်ငယ်တုန်းက...။
သမီး အသက်အရွယ်ကြီးလာ၊ ပညာတတ်လာတော့ ကျုပ်တို့အနားမှာ တစ်ချိန်လုံး ခေါ်ထားလို့ မရတော့ဘူး။ သမီးရဲ့ ရည်မှန်းချက်ကိုလည်း ပျက်အောင် ကျုပ်တို့အနားမှာပဲ နေရမယ်ဆိုတဲ့ အတ္တနဲ့ ချုပ်နှောင်ထားရင် နှစ်ဦးနှစ်ဖက် စိတ်ဆင်းရဲရရုံ ရှိတော့မပေါ့။
ကျုပ်တို့လည်း ငယ်ငယ်ကတည်းက ရည်မှန်းချက် ရှိခဲ့တာပေါ့။ ရွာမှာ ကိုယ်ပိုင်ခြံနဲ့ အိမ်ကလေးနဲ့ နေနိုင်ချင်ခဲ့တာ။ သမီးကိုပညာတတ်ဖြစ်အောင် ပြုစုပျိုးထောင်မယ်။ ဒီရည်မှန်းချက်တွေ ပြည့်ဝခဲ့ပါတယ်။ ဒါပေမဲ့ သားသမီးနဲ့ မခွဲအတူနေရမယ်၊ သေတဲ့အထိ ရပ်ရွာကိစ္စတွေလုပ်၊ ဘုန်းကြီးကျောင်းသွား၊ ဒါနပြု၊ သီလဆောက်တည် ဒီလိုလေးဖြတ်သန်းချင်တာ ဘဝရည်မှန်းချက်ပေါ့။
အခုတော့ သမီး ဖြူစင်နုက မြို့မှာနေချင်တာ ဘဝရည်မှန်းချက်တဲ့။ ငြင်းဆန်မယ်လုပ်တိုင်းလည်း စိတ်မကောင်း ဖြစ်နေမိတာကိုး။ အရင်တစ်ခါက ဖြူစင်နုက 'အမေရယ် အိမ်ပြင်ပါဦး' ပြောလ်ို့ ကျုပ် အိုးကိုပဲ အသည်းအသန်လုပ်၊ အိုးခတ်ပြီး ပိုက်ဆံရှာရတာ ဖတ်ဖတ်မော။ အခုလည်း သမီးရဲ့လိုအင်အတွက် ပိုက်ဆံရှာရဦးမှာပါလေ။
ယောက်ျားဖြစ်သူကတော့ စိတ်ညစ်တယ်ဆိုရင်ပဲ အရက်ဆိုင်ကို ပြောချင်ပြီ။ ကျုပ် အုပ်နိုင်စီးနိုင်နေလို့။ မဟုတ်ရင် မလွယ်ဘူး။ သူက ကျုပ်ထက် စိတ်ပျော့သေး။ သမီး မသိအောင် မျက်ရည်ကျရသတဲ့။
✳
၃။
ပြည်မြို့စွန် ရပ်ကွက်လေးမှာ ခြံကျဉ်းကျဉ်းကလေးတစ်ကွက်ရဖို့ ဖြူစင်နုက သူ့မှာရှိတဲ့ ရွှေလက်ဝတ်လက်စားတွေ ရောင်းချ၊ သူ့အမျိုးသားကလည်း မင်္ဂလာလက်ဖွဲ့စဉ်က ရှိခဲ့ပေမဲ့ သူ့အရပ်ဒေသက လယ်တွေ ရောင်းချ။ သူတို့လင်မယားနှစ်ယောက် စုဆောင်းငွေလေးတွေ ပေါင်းလိုက်တာတောင် ခြံအတွက် ငွေမပြည့်ဘူး။ သမီးစိတ်ညစ်၊ စိတ်ဆင်းရဲနေရတာ သိပြန်တော့ ကျုပ်တို့လင်မယား စိတ်မကောင်းဖြစ်တာနဲ့ ရှိတဲ့ လယ်တွေထဲက လယ်အချို့ ရောင်းချပေးလိုက်တယ်။
ဒီလိုနဲ့ ဖြူစင်နုတို့လင်မယား မြို့မှာ နေဖြစ်သွားတယ်။ ကျုပ်တို့ကို ခေါ်ပေမဲ့ ရွာမှာပဲနေကျန်ရစ်ခဲ့မယ်ဆိုပြီး ဇွတ်နေခဲ့တယ်။ ခွဲစကတော့ ရင်ထဲ ဟာတာတာပဲ၊ ဘယ်လိုမှ နေလို့ထိုင်လို့ မရပါဘူး။
ပြည်မြို့မှာ နှစ်နှစ်လောက်ကြာရင်တယ်ဆိုရင်ပဲ သမီးက ကလေးတစ်ယောက်နဲ့ တစ်ဗိုက်ဖြစ်လာပြီ။ သူ့အမျိုးသားက ကျောင်းအုပ်ရာထူးတိုးဆိုပြီး အဝေးမှာ တာဝန်ကျလေတော့ အိမ်ပြန်ရတယ်လို့ မရှိဘူး။ ဒီတော့ ကျုပ်မလိုက်ချင်ဘဲ လိုက်နေရပြန်ရောပေါ့။
ကျုပ်ယောက်ျား အဘိုးကြီးကတော့ ခေါ်မရဘူး။ ရောက်လာလည်း ခဏပဲ။ သူလည်း ရွာမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တာကိုး။ အိမ်မှာ မိသားစုကလည်း မရှိတော့ တစ်ယောက်တည်း သောက်စားနေမှာပေါ့။
'တော်... အရက်တွေ သောက်မနေနဲ့နော်'
ကျိတ်ပြီး ပြောဆိုနေရတယ်။ ကျုပ်လည်း ဒီမှာ နေနေရပေမဲ့ အိမ်ကလူကိုတော့ ဘယ်စိတ်ချပါ့မလဲ။ သမီးရဲ့အိမ်ကိုလည်း ခေါ်ထားလို့မှ မရတာ။
'အေးပါကွာ'
တစ်လ ပြန်ရနိုးနိုး၊ နှစ်လ ပြန်ရနိုးနိုးနဲ့ ကျုပ်ကပြည်မြို့မှာ အနေကြာလာတယ်။ ဘေးပတ်ဝန်းကျင်နဲ့လည်း ကျုပ်မှာသိပ်ပြီး အပေါင်းအသင်း အသိမိတ်ဆွေ မရှိပါဘူး။ မြို့စတိုင်က သူ ကိုယ့်ကို အဖက်မလုပ်၊ ကိုယ်က သူ့ကို စကားမပြောဖြစ် မဟုတ်လား။ ပြီးတော့ ကျုပ်တို့ရွာဇာတိကို သိသွားတော့ ကြည့်မရ၊ မျက်မုန်းကျိုး ဖြစ်တာတွေလည်း ပါပါလိမ့်မယ်။ အဟင်း...သူတို့လောက်တော့ ကျုပ်လည်း တိုင်းပြည်ချစ်တတ်ပါတယ်တော်။
ကျုပ်ကတော့ ပြည်မြို့က သမီးအိမ်ကျဉ်းကျဉ်းထဲမှာ ပျင်းလိမ့်နေလိုက်တာမှ အရည်တောင်ထွက်လုလုပဲ။ မြေးနှစ်ယောက်နဲ့ အိမ်မှုကိစ္စဗာဟီရနဲ့ အိမ်ထဲမှာ အချုပ်ကျသလိုနေရင်း အချိန်တွေ ကုန်လာလိုက်တာ မြေးနှစ်ယောက် အတန်းကြီးလာတဲ့အချိန်၊ အိမ်က အဘိုးကြီး ရောဂါဖောက်လာတဲ့အထိပါပဲ။ အိမ်မှာက ဖြစ်သလိုစား၊ အရည်တွေသောက်နေလို့ ဖြစ်တာ။ သူ့ကို ပြည်မြို့ပေါ် ခေါ်ဆေးကုတယ်။ ဒီတစ်ခါတော့ အခြေအနေက ခပ်ဆိုးဆိုးရယ်။ လူနာကို ပြည်ကနေ ရန်ကုန်ဆေးရုံ လွှဲတော့ အဘိုးကြီး မသွားဘူး၊ ကိုယ့်ရွာပြန်ပြီး သေမယ်လုပ်တာ။ အသည်းမကောင်းတာ ဆိုလားပဲလေ။ ဒါနဲ့ ပြည်ဆေးရုံမှာပဲ သက်သာအောင် ဆက်ထား၊ နည်းနည်းသက်သာတဲ့အချိန် ဆေးရုံက ဆင်းပြီး သမီး၍အိမ်ကို ခေါ်ထားပေမဲ့ မနေနိုင်ဘူး။ ငါ့ရွာ ငါပြန်မယ်လုပ်တာ။ သမီးကိုတော့ အဘိုးကြီးက စိတ်ထဲမတွေ့ဘူး၊ ပါးစပ်ကလည်း ထုတ်မပြောဘူးပေါ့လေ။
ဒါနဲ့ကျုပ်လည်း 'သမီးရယ်၊ ညည်းအဖေ စိတ်ချမ်းသာအောင် ရွာမှာလိုက်နေ၊ လိုက်ပြုစုဦးမယ်' ဆိုတော့ သမီးက အိမ်ကို အငှါးကားနဲ့ လိုက်ပို့တယ်။ ရွာအိမ်မှာ တစ်ရက်လောက်နေတယ်။ ဆေးဝါးစရိတ်ငွေလေး ကန်တော့ပြီး ပြည်မြို့ကို ပြန်သွားတာပဲ။
အကြီးမက ဆယ်တန်းစာမေးပွဲမှာ အမှတ်ကောင်းဖို့ ကိစ္စလည်း လုံးပန်းနေရသေးတာ။
အခုရွာမှာ ပြန်နေရတဲ့ အခိုက်အတန့်က ကျုပ်ဘဝအတွက် ဘဝနိဗ္ဗာန်ပဲ။ လာလိုက်ကြတဲ့ ရပ်ဆွေရပ်မျိုးတွေ။ အားရပါးရ စကားပြောကြ၊ အားပေးကြနဲ့ ဆယ်စုနှစ်ကျော်ကျော် ခြောက်သွေ့တိတ်ဆိတ်နေတဲ့ အိမ်ဟာ စိုပြည်နေတော့ အဘိုကြီးမှာ လန်းဆန်းလာသလိုပဲ။
ဆယ်ရက်လောက်ကြာအောင် ပြုစုအပြီးမှာ အဘိုးကြီးဆုံးတာပါပဲ။ ကျုပ်စိတ်မကောင်းဖြစ်လိုက်ရတာ။ သမီးတို့လင်မယား ခွင့်ယူပြီး ပြန်ရောက်လာတယ်။ ဖြူစင်နုလည်း အတော်စိတ်ထိခိုက်ပုံရတယ်။ 'အဖေသာ မြို့လိုက်နေခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး' ဆိုပြီး တတွတ်တွတ်ပြောပြီးတော့ ငိုလားငိုရဲ့ပေါ့လေ။
ဒါပေမဲ့ အဘိုးကြီး ရွာမှာပဲ ခေါင်းချအပြီး ရက်လည်ဆွမ်းသွတ်တွေအပြီးမှာ အိမ်တံခါးသော့ပိတ်ပြီး ကျုပ် ပြည်မြို့ကိုပဲ ပြန်လိုက်ခဲ့ရတော့တာ။ သမီးစိတ်ဆင်းရဲရမှာစိုးလို့ ကျုပ်လည်း အဘိုးကြီးလို ရွာမှာပဲ ဇွတ်အတင်း နေခဲ့ချင်ပါဘိတော့။
✳
ဒီလိုနဲ့ မြေးနှစ်ယောက် တက္ကသိုလ်ရောက်တဲ့အထိ ဖြစ်လာတယ်။ အကြီးမက မမြတ်မှူးဝေတဲ့။ သူက ဆေးကျောင်းတက်ရတယ်။ အငယ်ကောင်က မောင်ဘုန်းဝေတဲ့။ ပြည်နည်းပညာတက္ကသိုလ်မှာ တက်ရတယ်။ နာမည်တွေကတော့ သမီးရဲ့ ခင်ပွန်း ဦးဝေလွင်ကို အစွဲပြု မှည့်ခေါ်ထားသတဲ့။
ကျုပ်လည်း အသက်ရှစ်ဆယ်ကျော် အဘွားကြီးဖြစ်ပြီ။ ကျုပ်ဆုံးမလည်း တောက အဘွားကြီးစကား တယ်နားမထောင်ချင်ကြဘူး။ ကုန်လိုက်တာ သောက်သောက်လဲ။
မြေးနှစ်ယောက်က အိမ်မှာဆိုရင် အငယ်ကောင်က စာကြည့်၊ ဂိမ်းဆော့၊ အကြီးမက စာကြည့်၊ ဖေ့ဘွတ်ခ်သုံး လုပ်နေတာ။ ကိုယ့်အဝတ်ကိုတောင် လျှော်ကြတဲ့သူတွေ မဟုတ်ဘူး။
သမီးရဲ့အမျိုးသား ဦးဝေလွင်က အခု ပင်စင်ယူခါနီးပြီ၊ အခြားမြို့နယ်မှာ မြို့နယ်ပညာရေးမှူး ဖြစ်နေတယ်။ ရိုးရိုးသားသား ဆိုတော့လည်း တိုးတိုးပွားပွားက မရှိ။ လစာလေးလောက် အပ်ပြီး သူ့အလုပ်နဲ့သူ ရှုပ်နေတော့တာ။ ဒါကြောင့် အရာရာ အစစ ဖြူစင်နု တာဝန်။
ဖြူစင်နုက အသက်ခြောက်ဆယ် မပြည့်ခင်မှာပဲ လုပ်သက်ပြည့်ပင်စင် ယူလိုက်တယ်။
တစ်ခါတလေ သွေးတက်၊ သွေးပေါင်ကျ၊ ခေါင်းမူးဖြစ်နေတတ်တာလည်း တစ်ကြောင်းပါတယ်။ အဓိက အကြောင်းရင်းကတော့ သမီးတွေရဲ့ ကျောင်းစရိတ်၊ အသုံးစရိတ် ကာမိအောင် 'အပြင်မှာ စာအပြေးအလွှားသင်မှ ဖြစ်တော့မယ်' လို့ ပြောလာတော့ 'သမီးရဲ့အပူကို ဘယ်လို ကူရမလဲ' လို့ တွေးပြီး စိတ်မကောင်း ဖြစ်ရသေးတယ်။ အရင်တုန်းကလို ဆိုရင် အိုးလုပ်ပြီး ပိုက်ဆံတွေပေးလိုက်ချင်သေးတာ။ အခုတော့ ကျုပ်က မျက်စိကမှုန်၊ လက်က တုန်ချင်နေပြီ။
ဖြူစင်နုရဲ့ သားသမီးတွေကလည်း မလိမ္မာကြဘူး။
အငယ်ကောင်က နောက်ဆုံးနှစ်အစမှာပဲ ဆိုင်ကယ်ဝယ်ချင်သတဲ့။ အကောင်းစား၊ အမျိုးအစားကတော့ ကျုပ်မပြောတတ်ဘူး။ သိန်းသုံးဆယ်ကျော်လောက်တန်တယ်။ 'ဖြစ်မှ ဖြစ်ရလေ မောင်ဘုန်းဝေရယ်၊ ဟေ့ ကျောင်းသားက ပညာတတ်ဖို့ အဓိကပဲ' လို့ ကျုပ်ကဝင်ပြီး မာန်လိုက်တော့ 'ဟာ အဘွားကလည်း ဘာသိလို့လဲ၊ လယ်သမား သားသမီးတွေတောင် ဒီလိုဆိုင်ကယ်တွေ စီးပြီး ကျောင်းတက်နေတာ ကျွန်တော်က ပြည်မြို့သား အဘွားရဲ့၊ အောက်တယ်...'တဲ့။
'ဘာတွေ အောက်သလဲ' ဆိုပြီး ကျုပ်က နားရင်း ထ,ရိုက်ချင်လိုက်တာ။ ဖြူစင်နုကတော့ သူ့သားပြောလိုက်ရင် မျက်နှာငယ်ပြီး 'အေးပါ သားရယ်၊ အမေ ကြံဖန်လိုက်ဦးမယ်' တဲ့လေ။
နောက်တော့ သူ့သားလိုချင်တဲ့ ဆိုင်ကယ် ဝယ်ပေးလိုက်သတဲ့။ အံ့ရော။ ဖြူစင်နု ပြည်ကိုရောက်မှ ဖြည်းဖြည်းချင်း ပြုလုပ်ထားတဲ့ ရွှေတွေလည်း တက်တက်ပြောင်ကရော။
သမီးဖြစ်သူမှာ အကြွေးတွေနဲ့ဆိုတာလည်း ကျုပ် သိထားတယ်။
✳
၅။
အဆိုးဆုံးကတော့ ဆရာဝန်မလေး မြတ်မှူးဝေ ကိစ္စပဲ။
အဲဒီအကြီးမက အလုပ်ရပြီး တစ်နှစ်အတွင်းမှာပဲ အိမ်ကိုတစ်လှည့်ပြန်ပြီး လုပ်ကျွေးမယ်မရှိ၊ အိမ်ထောင်ပြုတော့ မတဲ့။ ဒါကိုလည်း သမီးဖြစ်တဲ့ သင်းတို့က ခွင့်ပြုတာပဲ။
'ဒီလိုရှိတယ် အမေရေ၊ အခုကောင်လေးက ဆရာဝန်ပဲ။ ရန်ကုန်ဇာတိ၊ လူချမ်းသာတွေ၊ မျိုးရိုးကောင်းတယ်။ အခု သမီးကို လိုက်စ,နေတဲ့ မိန်းမလုပ်ကျွေးတာ ထိုင်စားချင်နေတဲ့ ကောင်လေးတွေနဲ့စာရင် အဲဒီဆရာဝန်လေးက သင့်တော်တော့မပေါ့'
သမီး ဖြူစင်နုကတော့ သူ့သား၊သမီးအတွက်ဆို 'အေးပါသားရယ်၊ အေးပါသမီးရယ်' ပဲ။
ပြော,မပြောချင်ဘူး။ ဒါပေမဲ့ ခက်တာက မြတ်မှူးဝေ ပြောတဲ့ စကားပဲ။
'မေမေ သူတို့က ခုနှစ်အကုန် နွေရာသီလောက်မှာ အကြောင်းဖောက်၊ စေ့စပ်ကြောင်းမှာ။ ဒီတော့ သူတို့ရောက်လာတဲ့အခါ သမီးတို့ဘက်ကလည်း သင့်တင့်တဲ့ လူနေမှုရှိရမှာပေါ့။ အခုတော့ ကိုယ့်အိမ်ကို ပြန်ကြည့်ဦး အမေ။ ဟောင်းနွမ်းစုတ်ပြတ်နေပြီ။ ကိုယ့်မိသားစုအပေါ် တအား အင်ပရက်ရှင် ဒေါင်းအောင်တော့ လူနေမှုလေးရှိရမှာပေါ့။ အခုတော့ အိမ်က စုတ်ချာနေတယ်။ အိမ်ကို သပ်ရပ်အောင် ပြင်ပါဦးလား မေမေရယ်'
ကျုပ်မနေနိုင်လို့ ဝင်မေးရတယ်။
'ဟာ...အဘွားကလည်း မသိရင်အသာနေစမ်းပါ'
ကျုပ်က မသိပေမဲ့ မြေးမ ဝယ်ခိုင်းနေတဲ့ 'အင်ပရက်ရှင်' ဆိုတာကြီးက စျေးကြီးမယ်မှန်းတော့ ကောင်းကောင်းသဘောပေါက်ပါတယ်။ ပူဆာပြန်ပြီပေါ ဒီအကြီးမက။ ဖြူစင်နုရဲ့ မျက်နှာ ဆီးရွက်လောက်ပဲ ရှိတော့တယ်။ အငယ်ကောင်က ကျောင်းမပြီးသေးဘူး။ အကြွေးတွေက ပတ်လည်ဝိုင်းနေတာ ကျုပ်သာ အသိဆုံး။
ဒီတော့ ကျုပ်ရွာက ခြံလေးရောင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရွာပေါက်စျေးဆိုတော့ ငွေသိပ်များများ မရလိုက်ပါဘူး။ ဖြူစင်နုအတွက် သောကအပူလျော့သွားစေတာတော့ အမှန်ပါပဲ။ သမီးက 'ကျေးဇူးတင်ပါတယ် မေမေရယ်' ဆိုပြီး ပြောတာ တဖွဖွ။
တမလွန်က အဘိုးကြီး သိရင်တော့ ကျုပ်ကို စိတ်ဆိုးတော့မှာပဲ။ မြတ်မြတ်နိုးနိုး နေထိုင်ခဲ့တဲ့ နေရာလေး ဆုံးရှုံးသွားတာ မဟုတ်လား။
ဒီနေ့တော့ သမီးဖြူစင်နုက နေ့ခင်း နေပူပူမှာ စာသင်ရအောင်တဲ့ ထွက်သွားပြီ။ သူ့တပည့်တွေထဲက ကိုယ်ပိုင်ကျောင်းထောင်ထားတဲ့ သူတွေဆီမှာ 'ငါ့လည်း စာသင်ဖို့ ခေါ်စမ်းပါဟယ်' ဆိုပြီး မရှက်တမ်း ပြောထားသတဲ့။
ဖြူစင်နုက သက်ပြည့်ပင်စင်ယူအပြီးမှာ ပုံမှန်စာသင်ဝိုင်းကနေ ကိုယ်ပိုင်ကျောင်းတွေအထိ မနားတမ်း ပြေးလွှားစာသင်နေပြန်တယ်။ သူတို့အိမ်နဲ့ ပတ်သက်ပြီး သားသမီးတွေ ရှက်မှာ၊ သိမ်ငယ်မှာကိုသာ တွေးပူမှန်း သိသာလွန်းပါတယ်။ ဒီရပ်ကွက်ထဲ စပြီးနေတုန်းက တစ်အိမ်နဲ့တစ်အိမ် မထူးခြားနား။ ခုတော့ သူတို့အိမ်ကလေးသာ ဒီအတိုင်း ကျန်နေခဲ့ပြီး ဘေးအိမ်တွေက နှစ်ထပ်၊ သုံးထပ်တိုက်ကြီးတွေ ဖြစ်လာကြတာကိုး။
ဒီလိုနဲ့ နေ့လယ် သုံးနာရီလောက်မှာ ဖုန်းဝင်လာတယ်။ သမီး ဆေးရုံတက်ရသတဲ့။ ရုတ်တရက် ကျုပ် စိုးရိမ်ပြီး မိုက်ခနဲ့ ဖြစ်မသွားအောင် ထိန်းထားလိုက်ရတယ်။ တော်သေးရဲ့၊ အိမ်မှာ အငယ်ကောင် ရှိနေလို့။
'ဟဲ့ ငါ့သမီး ဆေးရုံမှာတဲ့ လိုက်ပို့စမ်း။ နင့်ဆိုင်ကယ်ကြီးနဲ့ ငါအဆင်မပြေဘူး။ ဘေးအိမ်က လိုက်ထရပ်ကားမောင်းတဲ့ ဖိုးထူးကို ခေါ်'
ကားရောက်လာတော့ ဒရောသောပါး ဆေးရုံလိုက်သွားရတယ်။
အဲဒီမှာ သမီးရဲ့တပည်တွေဆိုလား အနားမှာ ရောက်နေတယ်။
'ဆရာအ သွေးပေါင်တအားကျပြီး မူးလဲသွားတာ၊ ဆေးရုံကို အရောက်မြန်လို့သာပေါ့။ အလုပ်လောဘမကြီးပါနဲ့၊ အားရှိတဲ့အစာ စားပြီး နားနားနေနေနေပါတဲ့ ဆရာဝန်က ပြောတယ်။ နောက်ပြီး ပြောသွားသေးတယ်၊ ဆေးရုံကို အရောက်မြန်လို့ ကံကောင်းလို့ မသေတာတဲ့'
သမီးရယ် ဖြစ်ရလေ၊ ကံသီပေလို့ပေါ့။ သူနာပြုဆရာမကတော့ အနားမှာ ရှိတယ်။
'ကျွန်မ သိပ်နားလို့ မဖြစ်သေးဘူး'
ဖြူစင်နုက သွေးပိုက်တန်းလန်းနဲ့ ပက်လက်လှဲနေရင်းက ပြောနေသေးတယ်။ ကျုပ်လည်း စိတ်ပေါက်ပေါက်နဲ့-
'ဘာမနားရမှာလဲ၊ င့ါအရင် နင်သေလို့ ငါရင်ကျိုးမှာဟဲ့။ နင့်အတွက် ငါ ဘယ်လောက်စိတ်ပူစိတ်မောရလဲသိလား'
ဒီလိုအော်ပစ်မှ အမယ်လေး၊ မယ်မင်းကြီးမက မျက်ရည်တွေကျ၊ ကျုပ်ကိုလည်း လက်အုပ်ချီလို့။ ခဏငြိမ်သွားတယ်။ ပြီးမှ-
'အမေ...အမေက ခုချိန်ထိ သမီးအတွက် အပူခံအိုးကွဲ ဖြစ်နေသေးတယ်နော်' တဲ့။
ကျုပ်ရင်ထဲ လှိုက်ခနဲ့ဆို့တက်လာတယ်။ မီးဖိုမှာ အိုးသစ်လေးတွေ အထိမနာအောင် အပြင်က အလောင်မြိုက်ခံ ကာကွယ်ပေးထားတဲ့ ရုပ်ဆိုးဆိုး အိုးအမည်း၊ အိုးအကွဲ အပူခံအိုးတွေကို ပြေးမြင်မိတယ်။
'အေး...ညည်းကရော အခု ဘာထူးလို့လဲ' လို့ ပြောအပြီးမှာ ကျုပ် ကြည်နူးပြီး ပြုံးလိုက်မိပေမဲ့ မျက်ရည်ကျမိတာတော့ မတတ်နိုင်ဘူးလေ။
⬛
ဆန်းငယ်သွေး(ပုတီးကုန်း)
ရွှေအမြုတေမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၈
#စာစီ - ခိုင်နီလာမောင်
0 Comments