#တိမ်ဖုံးပါလို့ လမသာ
အပိုင်း(၆)
“မှောင်ခိုလုပ်တယ်ဆိုတာ အန္တရာယ်များပါတယ် အဖေရာ”
“မင်းညီလေးက တဇွတ်ထိုးပဲဟာ”
“တော်ကြာ ဖမ်းလား ဆီးလား ဖြစ်နေပါအုံးမယ်ဗျာ၊ ကျွန်တော်တော့ သိပ်ရင်တုန်တာပဲ ...”
“အေးကွယ် ... အဖေလဲ စိုးရိမ်တာပဲ၊ ဒီတခေါက်ပြန်လာယင်တော့ တို့သားအဖနှစ်ယောက် ဝိုင်းပြောကြသေးတာပေါ့ကွယ်”
အဖေက ဆေးပေါ့လိပ်တိုလေးကို ရှိုက်၍ဖွာယင်း အပြင်ဘက်သို့ ငေး၍ကြည့်နေသည်။ အဖေ၏ဆံပင်များက ခေါင်းတဝက်ခန့် ဖြူနေပြီဖြစ်သည်။ ဆံပင်အဖြူနှင့် အနက်တို့ ရောနေသော အဖေ့ခေါင်းသည် ကြောင်ကြောင်ကျားကျား ဖြစ်နေသည်။ အုန်းဆီလေးလူးပြီး ပိပိရိရိ ဖြီးထားလျှင် ကြည့်၍ တော်သေးသော်လည်း ဆီခြောက်ပြီး ဖွာနေလျှင် တော်တော်လေး ကြည့်ရဆိုးလေသည်။
“မနေ့တုန်းကတောင် ကျွန်တော်တို့ကျောင်းက ကျောင်းအုပ်ဆရာကြီးနဲ့ တွေ့သေးတယ် အဖေ၊ ဆရာကြီးက ညီညီ ဘာလို့ ကျောင်းမတက်တော့တာလဲလို့ မေးနေတယ်၊ ကျွန်တော်ဖြင့် ဘာဖြေရမယ်တောင် မသိဘူး”
ကိုကိုတို့ကျောင်းမှ ကျောင်းအုပ်ဆရာကြီးသည် သူတို့ညီအစ်ကိုအား ကောင်းစွာသိလေသည်။ တယောက်ကိုကား စာတော်၍သိခြင်းဖြစ်ပြီး ကျန်တယောက်ကိုကား မကြာခဏ ရန်ဖြစ်သောကြောင့် အမှုများသောကြောင့် သိခြင်းဖြစ်လေသည်။ ညီညီသည် ရန်ဖြစ်သောအမှုကိစ္စနှင့် ဆရာကြီး၏ရုံးခန်းသို့ မကြာခဏ ရောက်ရသူ ဖြစ်သည်။
“ဆရာကြီးက ပြောသေးတယ်၊ ကျွန်တော် စကောလားရှစ် ရနိုင်တယ်တဲ့၊ တကယ်လို့ အဲဒါမရလဲ စတိုင်ပင်ရမှာပါတဲ့”
အဖေက ကိုကို့အား ငေးကြည့်နေသည်။ ကိုကိုက ထပ်၍ရှင်းပြသည်။
“စကောလားရှစ်ဆိုတာ စာတော်တဲ့ကျောင်းသားတွေကို အစိုးရက ပေးတာ အဖေ၊ စတိုင်ပင် ကတော့ ဆင်းရဲတဲ့ကျောင်းသားတွေကို ပေးတာ၊ စတိုင်ပင် က အမှန်တကယ် ဆင်းရဲတဲ့အကြောင်းကို ရပ်ကွက်ထောက်ခံစာနဲ့ လျှောက်ရတယ်၊ အဲဒါကို စီစစ်ပြီး အစိုးရက ထောက်ပံ့ကြေးပေးတာ၊ ပညာသင်ဖို့ ထောက်ပံ့ကြေးပေါ့ ”
“တယ်ဟုတ်ပါလားကွ .. အဲဒါဆို ဘယ်လောက်ရသလဲ”
အဖေက စိတ်အားထက်သန်စွာ မေးသည်။
“တလ ခုနှစ်ဆယ့်ငါးကျပ် အဖေ”
“ဘယ်နည်းလို့လဲ သားရဲ့၊ သားတို့ကျောင်းလခက ဘယ်လောက်တုန်း”
“တလ ဆယ့်ငါးကျပ်”
“ဒီလိုဆို ပိုတောင်နေသေး၊ ကျောင်းစာအုပ်တွေ ဘာတွေတောင် ဝယ်လို့ရသေး”
အဖေ၏မျက်လုံးလေးများသည် တောက်ပြောင်လာသည်။
ကိုကိုသည် ညီညီ့ကို သတိရသည်။ ညီညီကမူ “ဆေးစာအုပ်တွေ၊ ဆေးကိရိယာ တန်ဆာပလာတွေက သိပ်ပြီးဈေးကြီးတာ” ဟု ပြောသည်။ ကိုကို ဆေးတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရသည်ဟု ဆိုကတည်းက သူ့မှာ ဖင်တကြွကြွ ဖြစ်နေသည်။ “မော်လမြိုင်ဆင်းပြီး မှောင်ခိုချမယ်" ဟု ပြောလိုပြော “မိုးကုတ်သွားပြီး ကျောက်တူးမယ်“ ပြောလိုပြောနှင့် ဂနာမငြိမ်ဖြစ်နေသည်။ ကိုကိုကမူ နဂိုကတည်းက အစိုးရိမ်ကြီးပြီး ကြောက်တတ်သူမို့ ညီညီ့ကိုကြည့်ပြီး မျက်လုံးမျက်ဆန်ပြူးနေသည်။
အဖေကလည်း “အမြတ်မရပဲ အရင်းပါလျော်နေရပါဦးမယ်ကွာ” ဟု တားသည်။ သို့သော် ညီညီက “တခါလောက်တော့ စမ်းကြည့်လိုက်ဦးမယ်” ဟု ပြောသည်။ အပေါင်းအသင်းတွေဆီ ပိုက်ဆံလည်၍ချေးပြီး မော်လမြိုင်ဘက် ဆင်းသွားသည်။
“ဒီလိုပဲ ရတဲ့ထောက်ပံ့ကြေးလေးနဲ့ ခြစ်ခြစ်ခြုတ်ခြုတ်နေယင် ရပါတယ်အဖေရ၊ ညီညီ ဒီလောက် စွန့်စွန့်စားစားကြီး လုပ်ဖို့ မလိုပါဘူး”
ရွယ်တူချင်းပင် ရန်မဖြစ်ရဲသော ကိုကိုသည် မှောင်ခိုကုန်ကူးခြင်းကို တကယ့်စွန့်စားခန်းကြီးလို ထင်မိသည်။ အမြတ်အစွန်းများသော်လည်း အဆင်မသင့်လျှင် အမြတ်မရပဲ အရင်းပါဆုံးမည့် အလုပ်မျိုးကို သူ့အနေနှင့်မူ မလုပ်ဝံ့၊ မလုပ်ရဲ။
“ဟဲ့ .. ဘယ်ကကားတုန်း”
ကိုကို စဉ်းစား၍ကောင်းဆဲတွင် သူတို့အိမ်ရှေ့သို့ သုံးဘီးတစီး ဆိုက်လာသည်။ သုံးဘီးကားမှ ဖွတ်ချက် ဖွတ်ချက်နှင့် မြည်နေသော အသံက ဆူညံလှသည်။ နောက်ဘက်အိတ်ဇောမှ မီးခိုးများ တထောင်းထောင်း ထွက်နေသည်။ တော်ရုံတန်ရုံကား ဝင်ရန် မစဉ်းစားရဲအောင် ချိုင့်ခွက်ပေါများလှသော လမ်းပေမို့ ရှိရှိသမျှအိမ်များမှ ခေါင်းထောင်၍ ကြည့်ကြလေသည်။ ထိုစဉ် ကားနောက်ဘက်မှ ညီညီ ခုန်ဆင်းလာသည်။ လက်တဘက်စီတွင် အထုပ်တထုပ်စီဆွဲပြီး အိတ်တလုံးကို စလွယ်သိုင်း လွယ်ထားသည်။ အိမ်ပေါ်သို့ အူယားဖားယား ပြေးတက်လာသည်။
“ကိုကို ... သုံးဘီးခ ရှင်းလိုက်ပါကွာ”
ညီညီက အထုပ်များကို ပစ်ချကာ နောက်ဖေးအိမ်သာသို့ တန်း၍ပြေးလေသည်။ အိမ်သာနှင့်အိမ်ဆက်၍ ပေါင်းကူးထားသော ဝါးတံတား မခိုင့်တခိုင်လေးသည် အပြေးဖြတ်၍သွားသော သူ့ကိုယ်အလေးချိန်ကြောင့် ယိမ်းထိုးပြီး တကျိကျိ မြည်သွားသည်။
“ဟဲ့... ဘာဖြစ်လာတာလဲ”
အဖေက စိုးရိမ်တကြီး မေးသည်။ ညီညီက လှည့်မကြည့်အား။ အိမ်သာတံခါးကို ကမန်းကတန်း ဆွဲပိတ်ယင်း “ ဗိုက်နာလို့ အဖေ၊ ဗိုက်နာလို့ ” ဟု မပွင့်တပွင့် အော်လေသည်။
သုံးဘီးဆရာ၏မျက်နှာကြီး စူနေသည်။ “ဘယ့်နှယ်ဗျာ ဒီလောက်ကြမ်းတဲ့လမ်းထဲများ အတင်းဝင်ခိုင်းရတယ်လို့၊ ဒါ... ကားသွားတဲ့လမ်း မဟုတ်ဘူးဗျ” ဟု စူစူအောင့်အောင့် ပြောသည်။ ဟုတ်နေတော့လည်း ကိုကို ဘာမှမပြောနိုင်၊ ကျသင့်သောငွေထက် သုံးကျပ် ပိုပေးလိုက်ရသည်။
ညီညီပစ်ချခဲ့သော အထုပ်များကို အဖေက ဖွင့်ကြည့်နေသည်။ လေယာဉ်မောင် နှစ်အုပ်စီကို တထုပ်စီတွဲပြီး ထုပ်ထား၍ စုစုပေါင်း လေယာဉ်မောင် လေးအုပ်ဖြစ်သည်။ အပြင်ဘက်မှ စက္ကူထူထူနှင့်ထုပ်ပြီး ကြိုးစည်းထား၍သာ တော်တော့သည်။ အညိုရောင်စက္ကူတွင် ဖုန်များ၊ သဲများ၊ ရွှံ့များနှင့် ပေကျံနေလေသည်။
“ဟေး ညီညီ”
ကိုကိုက အော်ခေါ်မိသည်။
"ဗျိုး"
“မင်း ... ဘာဖြစ်လာတာလဲ”
“ပြီးတော့ .. အေးအေးဆေးဆေး ပြောပြပါ့မယ်၊ ဒီမှာ ကမ္ဘာပေါ်မှာ ဇိမ်အရှိဆုံး အလုပ်ကလေးကို အေးအေး လုပ်ပါရစေအုံး”
ညီညီက အိမ်သာထဲမှ ဖြေသည်။ ညီညီသည် အိမ်သာတက်ခြင်းအလုပ်ကို ကမ္ဘာပေါ် တွင် ဇိမ်အရှိဆုံးဟု ပြောလေ့ရှိသည်။ အခုတခါ အလောသုံးဆယ်ဝင်သွား၍ ဘာစာအုပ်မျှ ယူမသွားနိုင်။ အခါတိုင်း သူ အိမ်သာဝင်လျှင် ဝတ္ထုစာအုပ်တအုပ်လောက်တော့ ရှာကြံပြီး ဆွဲသွားတတ်သည်။
သူတို့အိမ်သာကလည်း ဇလားအိမ်သာဟု ဆိုရသော်လည်း ဇလားထဲ ပြည့်သည်ဟူ၍ မရှိ။ ခွေးလေခွေးလွင့်အပေါင်းက သန့်ရှင်းရေးတာဝန် ယူထားကြ၍ အနံ့အသက်တော့ စူးစူးဝါးဝါး မဆိုးလှပေ။ သို့သော် ကိုကိုကမူ အိမ်သာထဲ ကြာကြာထိုင်၍မရ၊ ညီညီကသာ မစင်နံ့ကို ရှူယင်း စာအုပ်တအုပ်နှင့် တမေ့တမော ထိုင်တတ်လေသည်။
ဒီတခါတော့ ကြာကြာမထိုင်။ ခဏနေတော့ ထွက်လာသည်။ ပုဆိုးလတ်လတ် တထည် ကောက်လဲကာ သူဝတ်လာသော ပုဆိုးကို ရေချိုးသော စဉ့်အိုးနားတွင် သွား၍ချထားလိုက်သည်။
“ဘာဖြစ်လို့လဲ သား”
“ပုဆိုးထဲ ထွက်ကျလို့ အဖေရ၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်မိတာ”
ညီညီက သူတို့နား လာထိုင်သည်။ ပြုံးစေ့စေ့နှင့် ရှင်းပြသည်။
“မုတ္တမက ထွက်ခါနီး ကုလားဆိုင်မှာ သွားစားမိတာ ဆာဆာနဲ့မို့ စားလို့ကောင်းလိုက်တာ အဖေရာ၊ ရန်ကုန်ရောက်ခါနီးတော့ ဗိုက်ကို တအားရစ်ပြီး နာတော့တာပဲ၊ အိမ်သာတက်မယ် လုပ်တုန်းရှိသေး အော်ကြဟစ်ကြနဲ့ ဆူညံကုန်တာပဲ”
“ဘာဖြစ်လို့လဲ”
“ပုဇွန်တောင်နားရောက်တော့ ရှာဖွေရေး ဝင်တာလေ၊ နှစ်ဘက်ညှပ်ပြီး ဝင်တာ။ ကျွန်တော်ဖြင့် မျက်စိတွေကို ပြာသွားတာပဲ။ ပိုက်ဆံလိုချင်လို့ လုပ်ကာမှ ပိုက်ဆံမရပဲ အရင်းဆုံးပြီး ကြွေးပတ်လည်ဝိုင်းတော့မှာပဲ ဆိုပြီး တကိုယ်လုံးကို ဇောချွေးပြန်လာတာဗျာ။ ချက်ချင်းကို ရွှဲနစ်သွားတာပဲ၊ တော်ပါသေးရဲ့ များများစားစားလဲ မဝယ်နိုင်ခဲ့လို့၊ တနိုင်စာပဲဆိုတော့ ရထားပြတင်းက ခုန်ဆင်းပြီး တအား ပြေးတာ”
“တော်ကြာ ... ကျိုးပဲ့နေလို့ သားရယ်”
အဖေက စိတ်မကောင်း၊ ကိုကိုက မျက်ရည်ဝဲနေသည်၊ ညီညီကမူ ရယ်နေလေသည်။
“ဘယ်ကနေ ဘယ်လိုပြေးမိတယ်တောင် မသိပါဘူး အဖေရာ၊ ဘုန်းကြီးကျောင်းတံတိုင်းကိုလဲ ကျော်တက်ပြီး ကျောင်းဝင်းထဲ ဝင်ပြေး၊ အရေးထဲ ခွေးတွေက ဝိုင်းလိုက်သေး၊ ကောင်းတော့ ကောင်းတာပေါ့၊ ခွေးလိုက်တော့ ပိုပြီးမြန်တာပေါ့ဗျာ၊ နောက် ကားလမ်းမရောက်တော့ တွေ့တဲ့ကား အတင်းတားပြီး ခုန်တက်လာခဲ့တာ၊ အရေးထဲ ဗိုက်ကလဲနာလိုက်တာ၊ မနေနိုင်တော့ ထွက်ကျကုန်ရော”
“မင်းကလဲ ကြောက်ချေး ထင်ပါရဲ့ကွာ”
“ဟုတ်မှာပဲ”
ညီညီက တသောသော ရယ်နေသည်။ အခုသာ ရယ်နေနိုင်သော်လည်း သူ့ခမျာ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် မည်မျှ အားသွန်၍ ပြေးခဲ့ရကြောင်း အဖေရော ကိုကိုရော စဉ်းပင်မစဉ်းစားရက်။
“အခုမှ နာလာတယ်၊ ကြည့်ပါအုံးဗျာ”
ညီညီက အသားနီ ရဲရဲလန်နေသော သူ့တံတောင်ဆစ်ကို ပြသည်၊ ဒူးနှစ်ဘက်သည်လည်း ပွန်းနေလေသည်။
“တော်ပါပြီဗျာ၊ နောက်တော့ နို့ဆီခွက်ပဲ လိုက်ဝယ်ရမလား၊ ပလတ်စတစ်အိတ် လိုက်ကောက်ရမလား မသိပါဘူး၊ လွတ်လွတ်ကင်းကင်းပဲ လုပ်တော့မယ်”
အဖေက ညီညီ့အနာများကို ရေနွေးနှင့် ဆေးပေးသည်။ အိမ်တွင်လည်း ဘာဆေးမှ မရှိ၍ ညီညီက နနွင်းပုလင်းကို ဖွင့်ကာ နနွင်းသိပ်သည်။ စပ်သဖြင့် ရှုံ့မဲ့နေသည်။
“အမြတ်ကတော့ ဘယ်လောက်ရမယ် မသိဘူး၊ မှောင်ခိုလုပ်တယ် ဆိုတာနဲ့ ရှိသမျှ သိက္ခာလေးတွေလဲ ကုန်ရော။ ကောင်မလေးတွေဆိုယင် ကိုယ်မှာ အဝတ်တွေ အထပ်ထပ်ပတ်လို့၊ တချို့က ပေါင်ကြားထဲမှာ ကက်ဆက်ချည်ထားတယ်ဗျာ၊ အဲဒီကက်ဆက်ကြီး ပေါင်ကြားမှာ ချည်ထားရက်နဲ့ လမ်းလျှောက်တတ်သေးသဗျ”
“ကဲပါကွာ ခဏအိပ်လိုက်ပါဦးလား၊ မင်းကြည့်ရတာ မောလိုက်တာ ညီညီရာ”
“နောက်ဆိုယင်လဲ တော်ပါပြီဗျာ၊ ဒီတခါပါပဲ။ ဟော.. မိခင်ဦး နင်က မှောင်ခိုဝယ်မလို့လား၊ ပေါက်ဈေးပဲနော်၊ လျှော့မပေးနိုင်ဘူး”
အိမ်ပေါ်သို့ လှမ်းတက်လာသော ခင်ဦးအား ညီညီက ဆီး၍ ပြောသည်။ ခင်ဦး၏လက်ထဲတွင် မုန့်ဟင်းခါးချိုင့်ကလေး ကိုင်ထားသည်။ အဘွားက အဖေ့အတွက် ပို့ခိုင်းလိုက်ခြင်း ဖြစ်လေသည်။
“ဟောဒီမှာ ခင်ဗျားတို့မမတွေလောကမှာ ခေတ်စားနေတယ်ဆိုတဲ့ ကိုရိုလာရောင်၊ ရွှေအိုရောင်လို့လဲ ခေါ်သေးသဗျ။ ဟောဒီမှာက နီညိုရောင်၊ ဟောဒါကတော့ ကျီးကန်းဥရောင်တဲ့ခင်ဗျာ။ ကျီးကန်းဥက ဒီလို စိမ်းပြာပြာအရောင် ရှိတယ်ဆိုတာ အခုမှ သိရတော့တာပဲ”
ခင်ဦးက ညီညီပြနေသော လေယာဉ်မောင်အုပ်များကို အပေါ်ယံပင် ရှပ်၍ကြည့်သည်။ သိပ်ပြီး စိတ်ဝင်စားပုံ မရပေ။
“ဟောဒီအိတ်ထဲမှာ ဖော့ရှန်စတွေ ပါသေးတယ်၊ အဲဒီ ကိုရိုလာရောင် နီညိုရောင်တွေပဲ၊ နင် .. ဝမ်းဆက် ဝယ်ပါလားဟ၊ ငါ့မှာ အိမ်ရောက်အောင် မနည်းသယ်လာရတာ၊ ချေးတွေ ဘာတွေတောင် ထွက်လို့”
ခင်ဦးက ညီညီဘာပြောမှန်းမသိ၊ ညီညီ၏စွန့်စားခန်းကို ကိုကိုက ပြန်လည်ပြောပြရသည်။ ခင်ဦးက မျက်လုံးလေးဝိုင်းနေလေသည်။ ခင်ဦးသည်လည်း ကိုကိုနည်းတူပင် ရမည့်အမြတ်ထက် ဆုံးသွားနိုင်သည့်အရင်းကို တွေးပြီး ထိတ်လန့်တတ်သူဖြစ်လေသည်။
“မှတ်မိလား ခင်ဦး၊ ငါတို့ငယ်ငယ်တုန်းက ခွေးတွေ ချေးပါခါနီးယင် လက်သန်းချင်း ချိတ်ပြီး ပါမရအောင် လုပ်ခဲ့တာလေ၊ ငါ့မှာလဲ ပါချင်ရက်နဲ့ တော်တော်ကို မပါရဘူး”
“အေး .. နင်ဝဋ်လည်တာနေမှာပဲ”
“ဟုတ်မှာပဲ”
ညီညီနှင့် ခင်ဦးတို့ ရယ်ကြသည်။ ဟုတ်မဟုတ်တော့ မသိ။ ခွေး ကျင်ကြီးစွန့်နေသည်ကို မြင်လျှင် ညီညီနှင့် ခင်ဦးတို့သည် တဦး၏လက်သန်းနှင့် အခြားတဦး၏လက်သန်းကို ချိတ်ပြီး ဆွဲထားကြသည်။ ထိုသို့ချိတ်ပြီး ဆွဲထားလျှင် ထိုခွေးသည် စွန့်လက်စ ကျင်ကြီးကို ဆက်၍ မစွန့်နိုင်ပဲ တစ်နေတတ်သည်ဟု အယူရှိကြသည်။ ငယ်စဉ်တုန်းက ခင်ဦးရော ညီညီပါ ထိုအကျင့် ရှိသည်။ တခါတရံ အနီးတွင် မည်သူမျှ မရှိလျှင် ကိုယ့်ဟာကိုယ် တဦးတည်း ဗယ်လက်သန်းနှင့် ညာလက်သန်းကို ချိတ်ပြီး ဆွဲတတ်ကြလေသည်။
“ဝဋ်လည်တတ်ဆိုယင်လဲ ငါတယောက်တည်း လည်တာတော့ ဘယ်တရားမလဲ၊ နင်ပါ လည်ရမှာပေါ့”
ညီညီက ပြောယင်း ဆိုယင်း နေရာမှ ထသည်။ ဖင်ကို လိမ်ကျစ် လိမ်ကျစ်နှင့် ရှုံ့ယင်း အိမ်သာသို့ ပြေးပြန်လေသည်။
အဖေက မီးငွေ့ငွေ့ ကျန်သေးသော မီးဖိုထဲသို့ ကြက်သွန်ဖြူလေး နှစ်လုံး ပစ်ထည့်လိုက်သည်။ "ညီညီ .. ငယ်ငယ်တုန်းက ဝမ်းပျက်ယင် မခင်မေက ကြက်သွန်ဖြူလေး မီးဖုတ်ပြီး ကျွေးတာပဲ” ဟု ပြောလေသည်။
“နေ့ခင်းတုန်းက စားခဲ့တဲ့ ကုလားပဲသုပ်က အစွမ်းပြပြီထင်တယ်”
* * *
ညီညီက လမ်းဘေးမှ ပြန်တက်လာသည်။ သူ့ကို ရပ်စောင့်နေသော ကိုကို၏ဘေးတွင် ယှဉ်လျက် ရပ်ယင်း ခပ်တိုးတိုး ပြောသည်။
သူ့ထက် အရပ်မြင့်သောညီအား ကိုကိုသည် မော်၍ ကြည့်မိသည်။ ပါးရိုးနားရိုး ကျကာ ပိန်နေသောအခါ ညီညီသည် အမေနှင့် ပို၍တူနေလေသည်။ သူ့ဆံပင်များသည် အမေ့လိုပင် ပြေပြေလေး တွန့်နေသည်။
“မင်းကလဲကွာ၊ ကိုယ့်ဟာကိုယ်လဲ ဖင်မလုံမှန်း သိလျက်သားနဲ့ အဲဒါမျိုးတွေပဲ သွားသွားစား”
ကရုဏာဒေါသော ပြောသော ကိုကို့အား ညီညီက မပွင့်တပွင့် ပြုံးပြသည်။
“မစားတာ ကြာလှပါပြီ၊ ဒီနေ့တော့ ပဲခူးကားဆိပ် ရောက်ပြီးမှ ဘာမှ မစားရသေးတာနဲ့ ပပဝင်းရုံအောက် ပြေးပြီး တွေ့တာ ကောက်စားလိုက်မိတာ၊ ဘာစားလို့ ဘယ်လိုဝင်သွားမှန်းတောင် ကိုယ့်ကိုယ်ကိုယ် သတိမထားမိပါဘူး”
လရောင်မှိန်မှိန်ဝယ် မြင်ရသော ညီညီ၏အသွင်က အတန်ငယ် နွမ်းလျနေသည်။ ညီညီ၏ရုပ်ရည်သည် ကြာလေ အမေနှင့်တူလေဖြစ်သည်။ တခုပဲ ကွာသည်။ အမေက မှုန်ရီ ဝေသီသော မျက်လုံးများနှင့် မဝံ့မရဲ ပြုံးတတ်သော်လည်း ညီညီကမူ အားရပါးရ ရယ်ချလိုက်ချင်သည်ကို အတင်းထိန်းချုပ်ထားရသလို သရော်ပြုံး ပြုံးတတ်လေသည်။
“ဒီဗိုက်ကတော့ ကျွန်တော့်ကို တသက်လုံး ဒုက္ခပေးနေတာပဲ၊ ဟိုးတခါတုန်းကလဲ သတင်းစာစက္ကူတွေ လိုက်ဝယ်ယင်း ဗိုက်နာလွန်းလို့ ဒုက္ခရောက်ရဖူးတယ်”
“ပြည်ထောင်စုရိပ်သာမှာ မဟုတ်လား”
“အင်းပေါ့ .. မလှစုန်းရိုး မရှိခိုးနိုး ဆိုတာများ အင်မတန်ကို မှန်တာ။ သတင်းစာလိုက်ဝယ်တဲ့ကောင်ဆိုတော့ ဗိုက်နာလွန်းလို့ အိမ်သာ တက်ပါရစေ ဆိုတာတောင် သူတို့အိမ်သာထဲက ဆပ်ပြာခဲတို့ အိမ်သာသုံးစက္ကူတို့ ခိုးမှာ စိုးလို့ထင်ပါရဲ့။ တက်ခွင့်မရတဲ့အဖြစ်”
ညီညီက ပြုံးနေသော်လည်း အပြုံးက မပီပြင်လှ၊ ကိုကို၏ရင်ထဲတွင်မူ နာကျင်သွားသည်။
* * *
“သား ..... သူငယ်ချင်းကို ထမင်းစားခေါ်လေ”
မျိုးကျော်ဟန်၏အမေက ပြောသည်။ ကိုကို့ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားသည်။
“ကျွန်တော်စားခဲ့ပါပြီ အန်တီ”
“ငါ စားခဲ့ပြီးပြီကွ”
“ဟာကွာ... မင်း ကျောင်းမလာခင်က စားခဲ့တာ၊ အခုဆိုယင် ဗိုက်ထဲမှာ ဘာမှ မကျန်တော့ပါဘူး”
မျိုးကျော်ဟန်က ခေါ်သော်လည်း ကိုကိုသည် နေရာတွင်ပင် ပေ၍ထိုင်နေသည်။ ဗိုက်ထဲတွင်မူ အမှန်ပင် ဘာမှမရှိတော့ပေ။ နံနက်က စားခဲ့သော ထမင်းကြမ်းနှင့် ပဲပြုတ်သည်လည်း ညက်ညက်ကြေပြီး အစာဟောင်း ဖြစ်လုနီးနေပေပြီ။ သို့သော် သူတို့ထမင်းဝိုင်းသို့ ကိုကို မဝင်ရဲ၊ ငါးပိရည်နှင့် နိုင်နိုင်နယ်ထားသော ထမင်းကို အားပါးတရ ဆုပ်ကာ စားတတ်သော ကိုကိုသည် ဇွန်းနှင့် ခက်ရင်းကို သူတို့လို လှလှပပ ပေါ့ပေါ့ပါးပါး မကိုင်တွယ်တတ်ပေ။ ကိုယ့်ပန်းကန်ထဲ ကြက်သားတုံးရောက်နေပါလျက်နှင့် ဖဲ့၍မရပဲ ကြွေပန်းကန်ကိုသာ ဇွန်းနှင့် တခွပ်ခွပ် ခေါက်မိနေမည်ကို စိုးရိမ်သည်။ ထို့ကြောင့် စားပွဲပေါ်မှ သတင်းစာကိုသာ ကောက်ပြီး သဲသဲမဲမဲ ဖတ်နေလိုက်သည်။
မျိုးကျော်ဟန် အလည်ခေါ်၍ သူ့အိမ်သို့ လိုက်ပြီး လည်မိသည်ကို နောင်တရသည်။ ဆိုဖာကုလားထိုင်များသည်လည်းကောင်း၊ ဇာခန်းဆီးများသည်လည်းကောင်း၊ ကြမ်းပေါ်တွင် ခင်းထားသော မွှေးပွကော်ဇောများသည်လည်းကောင်း သူတို့၏လူနေမှုကို ဖော်ပြနေသည်။ ကိုကိုသည် သတင်းစာကို ဇွတ်စိတ်ဝင်စားဟန်ပြုယင်း ကုလားထိုင်တလုံးမှမရှိသော သူတို့၏အိမ်ကို သတိရသည်။
“သားက ဘယ်မှာနေလို့လဲ”
“သင်္ကန်းကျွန်းမှာပါ အန်တီ”
မျိုးကျော်ဟန် ထမင်စားနေစဉ် သူ့မိခင်က လိမ္မော်ရည် တပုလင်း လာချပေးလေသည်။ လိမ္မော်ရည်ပုလင်းကို ဖောက်ပြီး ပလတ်စတစ်စုပ်တံ ဖြူဖြူလေး တပ်ပေးထားသည်။ ပုလင်း၏ဘေးတွင် ရေမှုန်ရေငွေ့များ ကပ်နေသည်။ ရေခဲသေတ္တာထဲတွင် အအေးခံထားသောပုလင်းဖြစ်ကြောင်း မြင်ရုံနှင့် သိသာလေသည်။
“မိဘတွေက ဘာလုပ်တုန်းကွယ့်”
“အမေတော့ မရှိတော့ပါဘူး၊ အဖေကတော့ အရောင်းအဝယ်လုပ်တာပါပဲ”
ကိုကိုသည် "အဖေက လက်သမားပါ” ဟု အမှန်အတိုင်း မပြောရဲသော သူ့ကိုယ်သူ မကျေနပ်မိသော်လည်း ထို့သို့ပြောရန်လည်း သတ္တိမရှိပေ။ အရောင်းအဝယ်ဟုပြောသည်ကိုပင် အန်တီကြီး၏မျက်နှာက စိတ်ပျက်သွားသလို အမူအရာပေါ်လာသည်ဟု ကိုကိုထင်မိသည်။ လက်သမားဟု အမှန်အတိုင်းပြောလိုက်လျှင် ရှုံ့မဲ့သွားလိမ့်မည်ထင်သည်ဟု ကိုကိုက အားငယ်စိတ်နှင့် တွေးနေမိသည်။
“အန်တီတို့အိမ်ကတော့ သားရဲ့ သူငယ်ချင်းတွေအားလုံး လာပြီး စားသောက်နေကျပဲကွယ့် .. ။ ဟိုဗိုလ်မှူးကြီးမောင်ဟန်ရဲ့ သားလေးဆိုယင် သားနဲ့လိုက်လာတိုင်း ထမင်းဝင်စားတာပဲ... ။ ခင်မောင်ချိုကတော့ အန်တီ့လက်ဖက်သုပ်ဆိုယင် အသည်းစွဲ၊ သူ့အဖေက ဒီဂျီလေ။ ဟဲ့သား မျိုးကျော်ဟန်၊ ခင်မောင်ချို့အဖေက ဘယ်ရုံးမှာလဲကွယ့်၊ အေး..အေး၊ အန်တီကလဲ မေ့တတ်တယ်ကွယ်။ နောက်ပြီး ဝန်ကြီးသားလေးတယောက် ရှိပါသေးတယ်၊ မျိုးကျော်ဟန် သူငယ်ချင်းပဲ၊ သူကတော့ ပေါင်မုန့်ကို ကင်ပြီးမှ ထောပတ်သုတ်တာ မကြိုက်ဘူး၊ ထောပတ်သုတ်ပြီးမှ နည်းနည်း ကင်ပေးပါတဲ့”
ကိုကို၏ပခုံးသည် အလိုလိုကျုံ့ဝင်ပြီး ဦးခေါင်းက အလိုလို ငုံ့လျှိုးလာသည်။ ဒီအိမ်ကိုလည်း နောက်ထပ် လိုက်မလာမိစေရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေမိသည်။ ကိုယ့်ဘဝကိုယ် မကျေမနပ်နှင့် အားငယ်စိတ်က ရင်ထဲတွင် ကြီးထွားလာသည်။
“ကိုကိုအောင်က စာသိပ်တော်တာ မေမေ၊ စကောလားရှစ်လဲ ရတယ်”
မျိုးကျော်ဟန်က ထမင်းစားနေယင်းမှ လှမ်းပြောလေသည်။ သူ့မိခင်၏ရှေ့တွင် ကိုကိုတယောက် အနေကျုံ့နေသည်ကိုလည်း ရိပ်မိပြီး အားနာနေပုံရ၏။
“အေးကွယ်၊ ဒီလိုစာတော်တဲ့သူတွေနဲ့ သားကို ပေါင်းစေချင်တယ်...။ မျိုးရိုးကောင်းလေးတွေနဲ့ ပေါင်းပါလို့ ဆုံးမရတယ်ကွယ့်။ လူဆိုတာ အဆင့်အတန်းကလဲ စကားပြောသေးတယ်”
အန်တီကြီးက စိတ်လက်စွပ်ကြီး တခါခါနှင့် ဆက်ပြောသည်။ ကိုကိုကတော့ ထွက်ပြေးချင်လှပြီ။
“တနေ့တုန်းကကွယ်၊ သတင်းစာဝယ်တဲ့ကောင်လေးခေါ်ပြီး သတင်းစာရောင်းမိပါတယ်၊ ကိုယ်တော်က အိမ်သာတက်ချင်လို့တဲ့လေ”
အန်တီက သက်ပြင်းချသည်။ ကိုကိုက ဘုမသိ ဘမသိနှင့် ခေါင်းညိတ်ပြလိုက်သည်။
“ဘယ်နှယ့်ကွယ်၊ တွေ့ကရာ ပေါက်သောက် အိမ်ထဲဝင် အိမ်သာတက်ခိုင်းနေလို့ဖြစ်ပါ့မလား၊ တော်ကြာ ပစ္စည်းအလစ်သုတ်ပြေးယင် အခက်။ ဒီခေတ်မှာ ဆပ်ပြာတတုံးဖြစ်ဖြစ်၊ စက္ကူတရွက်ဖြစ်ဖြစ် အဖိုးတန်တာချည်းပဲ မဟုတ်လားကွယ့်။ အန်တီကတော့ ရှင်းရှင်းပဲ၊ မင်းဟာမင်း အိမ်သာတက်ချင်ယင် လမ်းဘေးမှာ သွားထိုင်ပေတော့လို့ ပြောလိုက်တယ်။ ဟော.. ဟော... ပြောယင်းဆိုယင်း အဲဒီကောင်လေးထင်တယ်... အော်နေတာ ကြားလား”
“သတင်းစာ ဝယ်တယ်၊ ဗလာစာအုပ်ဝယ်တယ်၊ ဝတ္ထုစာအုပ်အဟောင်းတွေ ဝယ်တယ်”
ကိုကို၏ရင်ထဲမှ နှလုံးသားသည် သွက်သွက်ခါအောင် လှုပ်ရှားလာသည်။ အန်တီကြီးက ကုလားထိုင်ကို ပုတ်၍ "ဟုတ်တယ်၊ သူပဲ" ဟုပြောသည်။ လက်သူကြွယ်မှစိန်လက်စွပ်က အရောင်တဖျပ်ဖျပ် ဝင်းလက်သွားသည်။
ကိုကိုသည် နေရာမှထကာ ဝရန်တာမှ ကဲ၍ကြည့်မိသည်။ တောင်းနှစ်လုံးကို ထမ်းပိုးနှင့် လျှိုကာ ထမ်းထားသော ညီညီသည် ခပ်ဖြည်းဖြည်း ခပ်လေးလေး လျှောက်သွားသည်။ အဝတ်ဦးထုပ် အညိုရောင်လေးကို ခပ်ငိုက်ငိုက် ဆောင်းထားသည်။ နဖူးမှ ချွေးကို လက်ဖမိုးနှင့်ပင် သုတ်လိုက်ယင်း တိုက်အပေါ်ကို မော့ကြည့်ကာ အော်သည်။
“သတင်းစာ ဝယ်တယ်... ဗလာစာအုပ်ဝယ်တယ်၊ ဝတ္ထုစာအုပ်အဟောင်းတွေ ဝယ်တယ်"
* * *
“အဲဒီတုန်းကလဲ ဒီလိုပဲ ပဲဟင်းတွေစားမိပြီး ဗိုက်နာတာ... ဒါကြောင့်မို့ အိမ်သာခဏတက်ပါရစေလို့ ပြောမိတာပါဗျာ”
ညီညီက သက်ပြင်းရှိုက်ယင်း ကားဆီသို့ ခပ်ဖြည်းဖြည်း လျှောက်သွားသည်။ ဂျာကင်အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ပခုံးနှစ်ဘက်ကို ကျုံ့ကာ ခပ်ကိုင်းကိုင်း လျှောက်သွားသောအခါ သူ့ကိုကြည့်ရသည်မှာ အဖေနှင့် ဆင်နေပြန်လေသည်။
“အဲဒီတုန်းကများ မိခင်ဦးခမျာ မခံချင်လွန်းလို့ အဲဒီအိမ်အောက်သွားပြီး အော်ဆဲပါမယ် လုပ်နေသေးတာ၊ အဘွားက တားထားရတယ်”
ညီညီ၏စကားကို ကြားတော့ “သူတို့အိမ်သာထဲများ ချေးတုံးအပြင် ဘာများရှိလို့လဲ ” ဟု ဒေါနှင့်မောနှင့် ပြောသော ခင်ဦး၏သဏ္ဌာန်လေးကို တွေးထင်မြင်ယောင်မိယင်း ကိုကိုသည် မသဲမကွဲ ပြုံးမိသည်။
“သူ့နဲ့လဲ မတွေ့ဖြစ်တာကြာပြီ၊ ဒီတခေါက်တော့ ပုသိမ်မကဘူး၊ ကျွန်တော်က ဟိုင်းကြီးဘက်အထိ ဆင်းသွားတော့ အတော်ကြာသွားတယ်”
“ပုသိမ် ဟိုင်းကြီးဘက် ... ဟုတ်လား”
“ဟုတ်တယ်”
“ဘာလုပ်ဖို့လဲဟင်”
“ဪ ... ကိုကိုက ကျွန်တော် အခု ငါးခြောက်ရောင်းနေတာကိုမှ မသိပဲကိုး၊ အခု ကျွန်တော် ငါးခြောက်ရောင်းနေတာ ပင်လယ်ခြောက်ရောင်းတဲ့အခါ ရောင်း၊ ရေချိုခြောက် ရောင်းတဲ့အခါရောင်း အဆင်ပြေသလိုပေါ့၊ အဲဒီဘက်က ပင်ရင်းတွေဆိုတော့ ပေါပေါများများ ရတယ်လေ”
ညီညီသည် ကားဆီသို့ ခပ်သုတ်သုတ်လေး သွားယင်း ပြောသည်။ ညီညီ မရောင်းဖူးသောကုန်ပင် ရှိတော့မည်မထင်။ ညီညီသည် စာအုပ်လည်း ရောင်းဖူးသည်။တခါတရံ ဆောင်းဦးပေါက်ရာသီများတွင် ပန်းဂေါ်ဖီ၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ် စသည်များကိုလည်း ဖောက်သည်ယူကာ လည်ရောင်းတတ်သည်။မိုးကလေး တဖြိုက်နှစ်ဖြိုက် ကျလာပါက ပဲခူးရထားနှင့် ပါလာတတ်သော ဖက်ဆွတ်မှို၊ ကောက်ရိုးမှိုများကို သင်္ကန်းကျွန်းဘူတာမှ စောင့်ဝယ်ကာ မြို့ထဲ နှစ်ဆယ့်ခုနစ်လမ်းဈေး၊ သုံးဆယ့်ရှစ်လမ်းဈေးများတွင် သွားပြီး ရောင်းလျှင် ရောင်းတတ်သည်။"သတင်းစာဝယ်တယ်၊ ဗလာစာအုပ်ဝယ်တယ်” ဟု အထမ်းနှင့် လည်၍ အော်ရန်လည်း ဝန်မလေး။ "ပန်းပွင့်တွေ၊ ပန်းပွင့်တွေ၊ ဖွေးတယ်၊ လတ်တယ်၊ တထုပ်မှ တကျပ်ခွဲ” ဟု ဈေးလယ်ကောင်တွင် လွယ်အိတ်စလွယ်သိုင်းပြီး အော်ရန်လည်း ဝန်မလေးပေ။“ဘာဖြစ်လဲကွ၊ ကောင်းရောင်းကောင်းဝယ် လုပ်တာ ဘာမှမရှက်ဘူး၊ မှောင်ခိုထုပ်ကြီး ထမ်းပြီး ခွေးပြေးဝက်ပြေး ပြေးရတာသာ ရှက်ဖို့ကောင်းတာ” ဟု ပြောခဲ့လေသည်။
“ကိုကို လာလေ .. ဘာလုပ်နေတာလဲ”
ညီညီက ကားနားရောက်တော့ လှည့်ကြည့်သည်။ တွေးတောငေးမောနေသော ကိုကို့အား ရပ်စောင့်သည်။ကိုကို သူ့နားရောက်လာတော့ "အယင်တခေါက်က ကျွန်တော် ငါးရံ့ခြောက်တွေ သယ်လာတယ်၊ တော်တော်ရောင်းရသွက်တယ်လေ၊ ကောင်းလဲကောင်းတာကိုး။ ခင်ဦးကတော့ အဘွားကို ကျွေးချင်လွန်းလို့တဲ့၊ တဖွဖွ ပြောနေသေးတာ”
အဘွားသည် ငါးရံ့ခြောက်ကို အတော်ကြိုက်လေသည်။ သူ့တွင် ငွေကြေး အတန်ငယ်ပြေလည်လျှင် ငါးရံ့ခြောက်ကိုသာ ပြေးဝယ်တတ်သည်။ ထို့နောက် နပ်နေအောင် ဖုတ်ပြီး ဆီရွှဲရွှဲဆမ်းကာ တမြုံ့မြုံ့ စားတတ်သည်။ ညီညီတို့ ခင်ဦးတို့ ငယ်စဉ်က အဘွား ငါးရံ့ခြောက်စားနေလျှင် မယောင်မလည်နှင့် ရစ်သီရစ်သီ ပြုတတ်မြဲ။ အဘွားကလည်း ငါးရံ့ခြောက်ကိုဖြဲကာ လှမ်း၍ ပေးတတ်မြဲ ဖြစ်လေသည်။အဘွားသည် သားစို ငါးစိုများကို မကြိုက်တတ်ပဲ ငါးခြောက်၊ ပုစွန်ခြောက် စသည်များကိုသာ စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်တတ်သည်ကို သတိရမိသည်။
“အဘွားသာ ရှိသေးယင်တော့ နင့်ဖောက်သည် ဖြစ်နေမှာ ညီညီရ လို့ ... ခင်ဦးက ခဏခဏပြောတယ်”
ညီညီက ကားကိုကွေ့ပြီး လျှောက်သွားကာ တံခါးဖွင့်၍ ဝင်ထိုင်လိုက်သည်။ သူတို့နှစ်ဦး ကားပေါ်သို့ ရောက်သည်နှင့် ကိုလှရွှေက ကားကို တရှိန်ထိုး မောင်းထွက်လိုက်သည်။ ကားအရှိန်ကြောင့် နောက်ဘက်သို့ ယိုင်ပြီး ဆိုဖာထဲ အိဝင်သွားသည်။
“အင်း .. ခင်ဦး .. ခင်ဦး၊ သူ့ခမျာ ဆုတောင်းမပြည့်ရှာဘူး”
ကိုကိုသည် ကောင်းကင်ပေါ်မှ လတခြမ်းပဲ့ ကွေးကွေးလေးကို ငေးကြည့်နေမိသည်။ ညီညီ့အသံသည် အဝေးကြီးမှ လေဟုန်စီးပြီး လာသလို သူ့နားထဲတွင် တိုးတလှည့် ကျယ်တလှည့် ဖြစ်နေလေသည်။
“သူ ခဏ ခဏ ပြောဖူးတာ သတိရတယ်၊ သူသေယင် အဘွားလိုပဲ သေချင်တယ်တဲ့၊ အဘွားသေပုံက သိပ်ပြီး အေးချမ်းတာပဲတဲ့လေ”
အပိုင်း(၇) ဆက်ရန်
---------------------
0 Comments