#သုခမြို့တော်
အပိုင်း(၅၂)
မက်စ်သည် ဆေးပြင်းလိပ်ဘူးထဲမှ မွန်တီကရစ္စတို ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်၍ ဖွာနေသည်။ ထိုစဉ် သူ့အထက်အမိုးပေါ်မှ တဖြုန်းဖြုန်းမြည်သော အသံများကို ကြားလိုက်ရ၏။ သူသည် အပူပိုင်းဇုန်ရှိ လေမုန်တိုင်းများကို တွေ့ခဲ့ဖူးပြီဖြစ်၏။ သို့ရာတွင် ထိုမျှ သဲသဲမဲမဲ ရွာချသော မိုးကို မမြင်ဖူးသေး။ မုတ်သုံရာသီ မတိုင်မီ မုန်တိုင်းတစ်ခု ကာလကတ္တားကို ဝင်ဆောင့်နေပြီ ဆိုသည့် အရိပ်နိမိတ် ဖြစ်သည်။
မက်စ်သည် ပုလင်းထဲမှ ဝီစကီကို နှစ်ခွက်စာဆင့်၍ ငှဲ့လိုက်ပြီး ရေမရောသေးဘဲ စောင့်နေသည်။ ကြာကြာ မစောင့်လိုက်ရပါ။ အုတ်ကြွပ်နှစ်ချပ်ကြားမှ ရေသည် ရေတံခွန်ကြီးတစ်ခုသဖွယ် တဝေါဝေါ ဆင်းလာပြီး ဘေးပတ်လည်မှလည်း မိုးရေတွေ ဝင်လာသည်။ စက္ကန့်အနည်းငယ်အတွင်းတွင် သူ့အခန်းကလေးသည် ရေအိုင်ကြီး တစ်အိုင်လိုဖြစ်လာပြီး ရေသည် လျင်မြန်စွာ ပြည့်စပြုလာသည်။ အနီးရှိအခန်းများမှ လူများသည် သူတို့ပစ္စည်းများကို ရေမစိုအောင် ရွှေ့ပြောင်းနေကြသည်။
မက်စ်သည် သူ့ဆေးသေတ္တာများ၊ ဆေးကုသရေး ကိရိယာများ၊ သူ့ကိုယ်ပိုင် အသုံးအဆောင်များနှင့် အာဟာရချို့တဲ့မှုတွင် စတုတ္ထနှင့် ပဉ္စမအဆင့်သို့ ရောက်နေကြသော ကလေးငယ်များကို တိုက်ရန် ထားသည့် နို့မှုန့်ဘူး သေတ္တာသုံးလုံးကို ရွှေ့ပြောင်းရသည်။ “အသက်ကယ်ဘူး”ဟု သူခေါ် သော ဝီစကီသုံးလုံးနှင့် ဆေးပြင်းလိပ်ဘူးတို့ကို အပေါ်တွင် တင်သည်။
ထိုစဉ် တံခါးခေါက်သံ သဲ့သဲ့ကို ကြားလိုက်ရသဖြင့် မက်စ်သည် ခြေကျင်းဝတ်လောက် ရေထဲတွင် တစွက်စွက် လျှောက်လာခဲ့သည်။ တံခါးကို ဖွင့်၍ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည့်အခါတွင် မိုးရေတွေ စိုရွှဲနေသည့် ကလေးမတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ရေတစက်စက် ကျနေသော ထီးတစ်လက်ကို ကိုင်လျက်။ မက်စ်အတွက် သူ့အဖေက ထီးအပို့ခိုင်းလိုက်သဖြင့် လာပို့ခြင်းဖြစ်သည်။ မရှေးမနှောင်းဆိုသလိုပင် အလုပ်လက်မဲ့ အခန်းနီးချင်းက အုတ်ခဲတွေကိုဆင့်၍ ထမ်းလာပြီး သူ့ကိုပေးသည်။ သေတ္တာများကို ရေမြုပ်မည်စိုးသဖြင့် သေတ္တာအောက်မှ ခုရန်ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်ကလေးတွင် အချင်းချင်း ကူညီရိုင်းပင်းခြင်းသည် အပြောသက်သက်မျှ မဟုတ်။
တစ်နာရီကျော်ခန့်ကြာသည့်အခါတွင် မိုးသည် တဖြည်းဖြည်း စဲစပြုသွား၏။ မက်စ်သည် ဂရင်းဟိုတယ်တွင် ဇိမ်ကျကျနေခဲ့ရသည့် အခန်းကလေးကို အမှတ်ရနေသည်။ ထိုစဉ် သူ့အခန်းတံခါးကို အပြင်ဘက်မှ ဆောင့်တွန်းလိုက် သဖြင့် တံခါးသည် ပြုတ်ထွက်သွား၏။ ကြည့်လိုက်သည့်အခါတွင် လူသုံးယောက်။ တစ်ယောက်က သူ့လက်ကို ဖမ်းချုပ်လိုက်ပြီး သူ့ကို နံရံတွင် ကပ်ထားလိုက်သည်။ တစ်ယောက်က သူ့ဗိုက်ကို ဓားမြှောင်ဖြင့် ထောက်ထားသည်။
“နို့မှုန့်ဘူးတွေ ဘယ်မလဲ၊ မြန်မြန်ပေး”
သူ့ကို ဓားမြှောင်ဖြင့် ထောက်ထားသူက တောင်းသည်။
မက်စ် နားမလည်နိုင်။ သူ့ထံတွင် လာ၍ နို့မှုန့်ဓားပြတိုက်နေခြင်းဖြစ်ကြောင်း နောက်မှ သတိရသည်။
"ဟေ့လူ ...ပေးလေ မြန်မြန်၊ ဘယ်မလဲ နို့မှုန့်ဘူးတွေ”
မက်စ်က နို့မှုန့်သေတ္တာသုံးလုံးကို လက်ညှိုးထိုးပြသည်။
“ဟိုမှာ”
လူဆိုး သုံးယောက်သည် နို့မှုန့်သေတ္တာသုံးလုံးကို တစ်ယောက်တစ်လုံးစီ ထမ်း၍ ထွက်ပြေးကြသည်။ သွားခါနီးတွင် နှာခေါင်းကျိုးနှင့်လူက “ကျေးဇူးပဲဗျာ၊ ကျွန်တော်တို့ပြန်ပေးပါ့မယ်” ဟု အင်္ဂလိပ်လို ပြောသွားသည်။
အဖြစ်အပျက်က လျင်မြန်လွန်းသဖြင့် မက်စ်အဖို့ အိပ်မက်လိုဖြစ်နေသည်။ မက်စ်သည် သူ့တံခါးကို ပြင်ဆင်သည်။ သို့ရာတွင်မရ။ တံခါးကို ပြင်တပ်နေစဉ် ဆိုးရွားသောအနံ့ကို ရသဖြင့် ငုံ့ကြည့်လိုက်၏ ။ အလိုလေး ...မစင်တုံးများပါတကား။ မိုးသည်းထန်စွာ ရွာသဖြင့် မြောင်းထဲက ရေလျှံတက်လာကာ သူ့အခန်းထဲသို့ ဝင်လာခြင်းဖြစ်သည်။
ထိုညက ဒုက္ခရောက်လိုက်သည့်ဖြစ်ခြင်း။ သူ့တွင် မီးခြစ်မရှိ။ လက်နှိပ်ဓာတ်မီးမရှိ။ ရေသောက်စရာ ဖန်ခွက်မရှိ။ အားလုံး ရေအောက်ရောက်ကုန်ကြပြီ။ မက်စ်သည် သူ့ဇာတိ မီယာမီကမ်းခြေကို လွမ်းနေသည်။ သည်အချိန်ဆိုလျှင် စံပယ်တွေ ပွင့်ကြတော့မည်။ ကမ်းစပ်တွင် ဆိုက်ထားသည့် လှေနံရံကို ရိုက်ပုတ်နေကြသော လှိုင်းသံများကို နားထောင်နေကြတော့မည်။
ဝေလီဝေလင်းတွင် တံခါးရွက်မရှိသော သူ့တံခါးပေါက်တွင် သဏ္ဌာန်တစ်ခုပေါ်လာသည်။ ကြည့်လိုက်တော့ ဗန်ဒိုနာ။ ဗန်ဒိုနာ၏မျက်နှာပေါ်က အမူအရာကို အကဲခတ်ဖို့ ခက်နေသည်။ သူ့ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန်ရှိ၏။ သူ့မျက်လုံးဝိုင်းဝိုင်းများသည် ပြူးကျယ်နေကြသည်။
“ဆရာကြီး လုပ်ပါဦး၊ ကျွန်မအမေ သိပ်ဆိုးနေတယ်၊ သွေးတွေ အန်နေတယ်”
ခဏကြာလျှင် သူတို့နှစ်ယောက်သည် ပေါင်လည်လောက်အထိ နက်သော ရွှံ့ရေတွေထဲမှာ တစွက်စွက် လျှောက်လာခဲ့ကြသည်။ ဗန်ဒိုနာသည် ရှေ့ကသွားရင်း လက်တွင် ပါလာသည့် တုတ်တစ်ချောင်းဖြင့် ရေအောက်က မြေကြီးကို စမ်းထောက်နေသည်။ ရေအောက်တွင် ရေမြောင်းပေါက်ကြီးတွေ ရှိသောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံတွင်လည်း ပေါလောမျောနေသည့် ခွေးသေကောင်၊ ကြွက်သေကောင်တို့ကို တုတ်ဖြင့် လှမ်းဖယ်ရသည်။ ညစ်ပတ် နောက်ကျိနေသည့် ရေထဲတွင် ကူးခတ်ကစားနေသည့် ကလေးများကြောင့် မက်စ် ရေမစိုအောင် သူတို့ကို အော်ငေါက်ရသည်မှာလည်း အမောပင်။ ခြောက်အိပ်မက်တစ်ခုပမာ ထိုမျှလောက် ကြောက်ဖွယ်ကောင်းနေသည့် အခြေအနေထဲတွင် အသွားအလာမပျက်၊ အကစားမပျက်၊ အလုပ်အကိုင်မပျက် လှုပ်ရှားနေသည်မှာ အံ့ဩဖို့အကောင်းဆုံးဖြစ်သည်။
တစ်နေရာတွင် ဆိုက်ကားတစ်စီးပေါ်တွင် ဦးပေါင်းထုပ်ကြီး ပေါင်းထားသည့် လူတစ်ယောက်က ထိုင်ပြီး ဘေးတွင် ကလေးတွေ ဝိုင်းအုံနေကြသည်ကို တွေ့ရသည်။ ကလေးများမှာ အချို့က ရင်ဆို့လောက်၊ အချို့က ခါးလယ်လောက်၊ အချို့က ပေါင်လယ်လောက် ရေထဲတွင် ဝိုင်းအုံရပ်နေကြသည်။
“ထိုးကြနော်...ထိုးကြ၊ အစိုးရထီကြီး ဖွင့်တော့မယ်၊ တစ်စောင်မှ ဆယ်ပြားထဲရယ်”
သည်လောက်ညစ်ပတ်နေသည့် ပတ်ဝန်းကျင်တွင် ထီလာဖွင့်နေသူက ရှိသေးသဖြင့် မက်စ် အံ့သြရသေးသည်။ ဟုတ်ပေလိမ့်မည်။ ဘီစကွတ်မုန့်ကလေး နှစ်ချပ်နှင့် ချိုချဉ်တစ်လုံးတို့သည် အူဟောင်းလောင်းဖြစ်နေသော ကလေးများအဖို့ မဟာရာဇာပေးသည့် ဆုကြီးသဖွယ် ဖြစ်နေသည်။
ဗန်ဒိုနာ၏အမေမှာ သူထင်သလောက် အခြေအနေမဆိုး။ ထထိုင်ကာ လူမမာ လာမေးသူများနှင့် စကားပြောနေလေပြီ။ ဗန်ဒိုနာ၏အမေမှာ ခေါင်းတွင် ဆံပင်ကျိုးတိုးကျဲတဲကို စုစည်း ချည်ထားသည်။ သေးသေးညှက်ညှက် ကလေးဖြစ်ရသည့်အထဲတွင် အသက်ကြောင့် ကျုံ့ဝင်နေသဖြင့် ပို၍ပင်သေးငယ်နေသည်ဟု ထင်ရသည်။ သူနှင့် ကလေးငါးယောက်တို့၏ အိပ်ရာဖြစ်သော ကွပ်ပျစ်ကလေး အထက်နံရံတွင် နတ်ရုပ်တွေ ရိုက်ထားသည့် ကားချပ်တစ်ခုကို ချိတ်ထားပြီး ရှေ့တွင် ဆီမီးခွက်တစ်ခု ထွန်းထားသည်။
“ဆရာကြီးရယ်...ဘာဖြစ်လို့ဒုက္ခရှာရတာလဲ၊ ကျွန်မ နေကောင်းပါတယ်၊ ဘုရားက ကျွန်မကို မခေါ်သေးပါဘူး”
ဗန်ဒိုနာ၏အမေက ပြောသည်။ ထို့နောက် သူ့ကို လက်ဖက်ရည်၊ မုန့်တို့ဖြင့် ဧည့်ခံသည်။ ထိုအခါကျမှပင် ဗန်ဒိုနာခမျာ ပြုံးနိုင်လာတော့သည်။
“ကိစ္စမရှိဘူးလေ၊ ရောက်တုန်းမှာ ကျွန်တော် စစ်ဆေးကြည့်ဦးမယ်”
“ဆရာကြီးကလဲ ကျွန်မ ဘာမှမဖြစ်ပါဘူး၊ နေကောင်းပါတယ်။ အလကား...ဒုက္ခမရှာပါနဲ့”
“အမေ၊ ဒီက ဆရာကြီးက အမေရိက, ကလာတာ”
အမေရိက, ကလာတာဆိုသည့်စကားကို ကြားသည့်အခါတွင် အမေရော ကျန်သည့်ပရိသတ်ရော စိတ်ဝင်စားသွားကြသည်။ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် လူနာတစ်ယောက်ကို စစ်ဆေးရသည်မှာ မမြင်ကွယ်ရာတွင် မဟုတ်။ လူအများရှေ့မှာပင် စစ်ဆေးရခြင်းဖြစ်သည်။ လူတွေကလည်း ဝိုင်းကြည့်နေကြသည်။
နာရီဝက်ခန့် စစ်ဆေးပြီးသည့်အခါတွင် မက်စ်သည် နားကျပ်ကို အောက်သို့ချလိုက်သည်။
“ဘာမှပူမနေနဲ့၊ မင့်အမေက ကျောက်ဆောင်ကြီး တစ်ဆောင်လို ဒေါင်ဒေါင်မြည်လို့”
မက်စ်က အားပေးနှစ်သိမ့်သည့်လေသံဖြင့် ပြောသည်။ ထိုစကားပြောပြီးနောက် မကြာမီမှာပင် စိတ်ထိခိုက်စရာတွေ ဖြစ်ပျက်လာခဲ့သည်။ ဗန်ဒိုနာ၏အမေက ရေနွေးအိုးတည်ရန် ရေထ၍ ခပ်သည်။ ထိုစဉ် အမေသည် ချောင်းတဟွတ်ဟွတ် ဆိုးလာကာ အသက်မရှူနိုင်တော့ဘဲ လဲကျသွားလေသည်။ ပါးစပ်ထဲမှလည်း သွေးတွေ စီးကျလာသည်။
မက်စ်သည် ဗန်ဒိုနာနှင့်အတူ အမေ့ကို ခုတင်ပေါ်သို့ ပွေ့တင်ပေး၏။ ဗန်ဒိုနာက ပါးစပ်တွင် ပေနေသည့် သွေးများကို သုတ်ပေးနေစဉ် အမေသည် ပါးစပ်မှ တလှုပ်လှုပ်နှင့် တစ်စုံတစ်ရာကို ရွတ်နေသည်။ ဘုရားစာရွတ်နေခြင်းဖြစ်
ကြောင်း မက်စ် သိလိုက်သည်။ အမေသည် သူ့အနီးတွင် ဝိုင်းအုံနေကြသော ပရိသတ်ကို လှမ်းကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သည့် အရိပ်အရောင်ဆို၍ လုံးဝမရှိ။ ပကတိ တည်ငြိမ်အေးချမ်းလျက်။ မက်စ်က နှလုံးအားတိုးဆေးတစ်လုံး ထိုးပေးရန် ပြင်သည်။ သို့ရာတွင် အပ်ကို အသားထဲသို့ ထိုးစိုက်ချိန် မရလိုက်တော့ပြီ။ အဘွားအိုသည် ချက်ချင်း တောင့်တင်းစပြုလာကာ သက်ပြင်းကြီးတစ်ချက်ကိုချ၍ ချုပ်ငြိမ်းသွားသည်။
အခန်းထဲတွင် အော်ဟစ် ငိုလိုက်သည့် အသံတစ်သံ ပေါ်လာသည်။ ထိုအသံမှာ ဗန်ဒိုနာ၏အသံဖြစ်သည်။ ဗန်ဒိုနာသည် သူ့အမေကိုဖက်၍ ငိုသည်။ ထို့နောက်တွင်ကား အော်ဟစ် ငိုယိုသံ၊ သံရှည်ဆွဲ၍ငိုသံ၊ ယူကျုံးမရ မြည်တမ်းသံတို့သည် ပွက်လောရိုက်သွားတော့သည်။ အမျိုးသမီးများက သူတို့မျက်နှာကို လက်သည်းဖြင့် ကုတ်ခြစ်၍ ငိုကြသည်။ အမျိုးသားများက သူတို့ခေါင်းကို လက်သီးဖြင့်ထု၍ ငိုကြသည်။ ကြောက်လန့်နေသော ကလေးငယ်များကလည်း သူတို့မိဘများနည်းတူ ငိုကြသည်။ ဝိုင်းထဲရှိ အခြားသော တဲကုပ်ကလေးများမှလည်း ဝိုင်း၍ငိုကြသည်။
ခဏအကြာတွင်မူ ဗန်ဒိုနာသည် စောစောက ရုတ်တရက် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သကဲ့သို့ ခုလည်း ချက်ချင်း မတ်တတ်ရပ်လိုက်ကာ ဆာရီကို ပြင်ဝတ်သည်။ မျက်ရည်တို့သွေ့ခြောက်သော မျက်လုံးများဖြင့် သတိကိုပြန်ထိန်း၍ မတ်တတ်ရပ်လိုက်သည်။
“ခဏကလေးအတွင်းမှာပဲ ဗန်ဒိုနာဟာ လုပ်စရာရှိတာကို လုပ်တယ်။ အမိန့်ပေးစရာရှိတာကို ပေးတယ်။ ခိုင်းစရာရှိတာကို ခိုင်းတယ်။ နှစ်မိနစ်လောက်အတွင်းမှာ အာသံသူ သူငယ်မလေးဟာ အစစအရာရာကို စီစဉ်ပြီးသားဖြစ်နေပြီ။ သူ့မောင်ကိုခေါ်ပြီး တောက ဆွေမျိုးတွေကို အကြောင်းကြားဖို့ လွှတ်လိုက်တယ်။ အိမ်နီးနားချင်းတွေကိုတော့ အသုဘအခမ်းအနားအတွက် ဝယ်စရာရှိတာဝယ်ဖို့ ဈေးကို လွှတ်တယ်။ အလောင်းကို ခြယ်ဖို့ ပန်းဆီမှုန့်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ထောပတ်ဆီ၊ ဂွမ်းစတို့၊ စံပယ်ကုံးတို့၊ နှင်းဆီကုံးတို့ကို အဝယ်ခိုင်းလိုက်တယ်”
အသုဘစရိတ်အဖြစ် သူ့ရွှေလက်ကောက်နှစ်ဖက်နဲ့ ရွှေနားဆွဲကလေးကို လမ်းထိပ်တွင်ရှိသည့် ငွေတိုးချေးစားသူ ပထန်ကြီးထံ ငွေတစ်ထောင်နှင့် သွားပေါင်ရသည်။ အသုဘသို့လာသည့် တောမှ ဆွေမျိုးများကို ကျွေးမွေးရန် အတွက် ဆန်နှစ်တင်း၊ ချာပါတီလုပ်ရန် ဂျုံ၊ ဟင်းသီးဟင်းရွက်၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်တို့ကို ဝယ်ရသည်။ ထို့နောက် ဟောင်ရာရှိ နတ်ဆရာတစ်ယောက်ကို ငွေတစ်ရာပေး၍ ငှားရသည်။ အသုဘတွင် ထုံးစံအတိုင်း ရွတ်ဖတ်သရဇ္ဈာယ်ရန်ဖြစ်သည်။
နောက်သုံးနာရီကြာသည့်အခါတွင်မူ အသုဘချရန် အားလုံး အဆင်သင့်ဖြစ်လေပြီ။ အမေ၏အလောင်းကို အဝတ်ဖြူဖြင့်ပတ်ပြီး စံပယ်ပန်းတွေတင်ထားသည့် အလောင်းစင်ပေါ်သို့ တင်သည်။ ပန်းဆီတွေ ဆိုးထားသည့်လက်၊ ခြေထောက်နှင့် မျက်နှာတို့ကို ဖော်ထားသည်။ မျက်နှာတွင်မူ အရေးအစင်းတို့ မရှိတော့။ သေခြင်းတရားသည် အရေးအစင်းများကို ဖျက်ပစ်လိုက်လေပြီ။ အလောင်းစင်ပတ်ပတ်လည်တွင် အမွှေးတိုင်တွေ ထွန်းထားသဖြင့် အမွှေးနံ့ သည် မွှန်နေသည်။ သင်္ကန်းဝါဝါဝတ်ထားသည့် ဟိန္ဒူဘုန်းကြီးက လင်းကွင်းနှစ်ချပ်ကို တီးရင်း ဆုတောင်းစာများကို ရွတ်သည်။ ထို့နောက် သေသူ၏နဖူးကို ထောပတ်ဆီဖြင့် သုတ်လိုက်ပြီး ဘဝကူးကောင်းစေရန် အလောင်းဘေး ပတ်ပတ်လည်ကို ဆန်မန်းပေါက်ပေါက်တို့ ကြဲသည်။
ထို့နောက် ဆွေမျိုးတော်စပ်သူလေးယောက်က အလောင်းစင်ကို သယ်ကြသည်။ သူနှင့်အတူ နှစ်ပေါင်းများစွာ ဤအိမ်ခေါင်းကလေးထဲတွင် နေလာခဲ့သည့် အမေတစ်ယောက် အိမ်ခေါင်းကလေးထဲမှ ထွက်ခွာသည်ကို မြင်ရသည့်အခါ၌ကား ဗန်ဒိုနာ မချုပ်တည်းနိုင်တော့။ အခြားမိန်းမများကလည်း နောက်တစ်ကျော့ ငိုကြပြန်သည်။ ထိုအချိန်၌ အလောင်းစင်မှာ ရွှံ့တွေဗွက်တွေကို ဖြတ်ကာ လမ်းထိပ်သို့ ရောက်နေလေပြီ။
အမျိုးသားများသာလျှင် အလောင်းစင်နှင့်အတူ မီးသင်္ဂြိုဟ်ရာ စင်သို့ လိုက်ပါသွားကြသည်။ ဟိန္ဒူတို့ထုံးတမ်းစဉ်လာအရ ဗန်ဒိုနာ၏အမေအလောင်းကို မီးသင်္ဂြိုဟ်ကြမည်ဖြစ်သည်။ ဟူဂလီမြစ်ကမ်းပေါ်ရှိ မီးသင်္ဂြိုဟ်ရာ ကွင်းသို့ ရောက်အောင် တစ်နာရီခန့်သွားရသည်။ အလောင်းကို ထမ်းလာသူများက အလောင်းကို ညောင်ပင်တစ်ပင်အောက်တွင်ချထားစဉ် ဗန်ဒိုနာ၏အစ်ကိုအကြီးဆုံးက အလောင်းကိုသင်္ဂြိုဟ်ရန်အတွက် မီးသင်္ဂြိုဟ်စင်တစ်ခု ငှားရန်နှင့် ရွတ်ဖတ်ပေးပါရန် ဟိန္ဒူဘုန်းကြီးတစ်ပါးကို သွား၍လျှောက်နေသည်။ အလောင်းကို မီးသင်္ဂြိုဟ်စင်ပေါ်သို့ တင်ပြီးသည့်အခါတွင် ပုဏ္ဏားတစ်ယောက်က ဂင်္ဂါမြစ်ရေကို သေသူ၏နှုတ်ခမ်းပေါ်သို့ ချပေးသည်။ သူ့သားအကြီးက အလောင်းကို သင်္ဂြိုဟ်ခြင်းမပြုမီ ငါးကြိမ်ရစ်ပတ်၍ ကန်တော့သည်။
အလောင်းတစ်လောင်းကို မီးသင်္ဂြိုဟ်ရာတွင် အနည်းဆုံး လေးနာရီတော့ ကြာတတ်သည်။ ထို့ကြောင့် မက်စ်သည် ထိုနေရာတွင် စောင့်မနေတော့ဘဲ ဗန်ဒိုနာကို အားပေးနှစ်သိမ့်ခြင်းပြုရန်အတွက် ရပ်ကွက်ထဲသို့ ပြန်လာခဲ့သည်။ လမ်းထိပ်သို့ အရောက်တွင် သူ့ခြေထောက်သည် အောက်သို့ ကျွံသွားကာ ညစ်ပတ်မည်းနက်နေသည့် ရေစီးကြောင်းကြီးတစ်ခုသည် သူ့ပါးစပ်၊ နှာခေါင်း၊ မျက်စိတွေထဲသို့ ဝင်လာသည်ကို သိလိုက်သည်။ သူ့တစ်ကိုယ်လုံးသည် ရေစီးကြောင်းကြီးအောက်သို့ ရောက်သွားသည်ဟု ထင်လိုက်ရသည်။
မက်စ်သည် ရေစီးကြောင်းကြီးထဲမှ ကူးခတ်ထွက်သည်။ သို့ရာတွင် သူက ကူးလေလေ၊ အခြေအနေ ဆိုးလေလေ။ အောက်မှ ရေစီးကြောင်းကြီးသည် သူ့ကို စုပ်ယူသွားသည့်နှယ် ခံစားလိုက်ရသည်။ သူ့ဘဝတွင် နှစ်ကြိမ် သုံးကြိမ်လောက် ရေနစ်ဖူးသော်လည်း သူသည် ရေကူးသန်သူတစ်ယောက်ဖြစ်သဖြင့် အသက်ဘေးမှ ချမ်းသာရခဲ့ဖူးသည်။ ယခုမူ ညစ်ပတ်နေသည့် ရေစီးကြောင်းကြီးထဲတွင် သူ မည်သို့ကြိုးစားကူးခတ်သည့်တိုင် ကူးခတ်နိုင်ခြင်းမရှိတော့။ သည်တစ်ချီတော့ ရေနစ်၍သေရတော့မည်ဟု သူထင်လိုက်သည်။
လူများသည် သေခါနီးတွင် အတိတ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့ကို လျှပ်တစ်ပြက် မြင်လိုက်ကြရသည်ဟု အဆိုရှိသည်။ ထိုအဆို မှန်လေသည်လားမသိ။
“အဲဒီတုန်းက ဖလော်ရီဒါမှာရှိတဲ့ ကျွန်တော်တို့အိမ်မှာ အမေက မွေးနေ့ကိတ်မုန့်ယူလာတာကို ကျွန်တော် မြင်လိုက်ရတယ်” ဟု မက်စ်က ပြောသည်။
မက်စ်သည် ထိုရုပ်ပုံကို မြင်လိုက်ပြီးနောက် သတိလစ်သွားသည်။ နောက်ဖြစ်သည့် အဖြစ်အပျက်များကိုမူ သူများတွေပြော၍ ပြန်သိရခြင်းဖြစ်သည်။ သုခမြို့တော်ထဲက အညစ်အကြေးမြောင်းကြီးထဲတွင် ကူးခတ်နေသည့် မက်စ်ကို အနီးတစ်ဝိုက်ရှိ လူများက မြင်လိုက်ကြသည်။ ဤတွင် အချို့က မြောင်းကြီးထဲသို့ ခုန်ဆင်းကာ သတိမေ့နေသော သူ့ခန္ဓာကိုယ်ကို ဆယ်ယူပြီး ဗန်ဒိုနာ၏အိမ်ကလေးသို့ သယ်လာခဲ့ကြသည်။
============
အပိုင်း(၅၃)
“အားရပါးရ ရေချိုးပြီး ခင်ဗျားကိုယ်ခင်ဗျား သန့်ရှင်းရေးလုပ်ဦး၊ ကလိုရိုဖီးနံ့သင်းတဲ့ ရေကလေး ဘာလေး မချိုးချင်ဘူးလား၊ ကျွန်တော် နေရာကောင်းကောင်းတစ်ခု တွေ့ထားတယ်”
နောက်တစ်နေ့တွင် ကိုဗာစကီးက သုခမြို့တော် ရေဆိုးမြောင်းဘေး အန္တရာယ်မှ မသေမပျောက်ကျန်ရစ်ခဲ့သူ မက်စ်ကို ပြောသည်။
မက်စ်က ခပ်ဆိုင်းဆိုင်းဖြင့် ...
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကြယ်ငါးပွင့်ဇိမ်ခံ ဟိုတယ်ကြီးတစ်ခုမှာ သွားပြီး ရေချိုးချင်တယ်ဗျာ”
“သိပ်ကောင်းတာပေါ့ဗျာ”
နောက်တစ်နာရီခန့်ကြာသည့်အခါတွင် သူတို့နှစ်ယောက်သည် ဘတ်စ်ကားမှတ်တိုင်တစ်တိုင်တွင် ဆင်းကျန်ရစ်ခဲ့ကာ မြို့လယ်ကောင်ရှိ အကောင်းစားဟိုတယ်ကြီးတစ်ခုအနီးသို့ ရောက်လာခဲ့ကြသည်။ ဟိုတယ်ရှေ့တွင် ဧကပေါင်းများစွာ ကျယ်သည့် ဥယျာဉ်ကြီးတစ်ခုရှိပြီး အထဲတွင် အာရှတိုက်တွင်ရှိသည့် သစ်ပင်မျိုးစုံတို့ကို စိုက်ထားသည်။ ညောင်ပင်ကြီးများတွင် နွယ်ကြီးတွေက တွဲလောင်းကျနေသည်။ သက်တမ်းတစ်ရာခန့်ရှိမည်ဟု ခန့်မှန်းရသည့် တောင်တမာပင်ကြီးများမှ အကိုင်းအခက်အချို့မှာ မျှော်စင်ကြီးများလို မိုးသို့ လုတက်နေကြသည်။ မဟော်ဂနီပင်၊ ကျွန်းပင်၊ ပိရမစ်ပုံချွန်းတက်နေသည့် သော်ကပင်၊ တတိုင်မွှေးပင်။ ထိုအပင်များပေါ်တွင် ကျေးငှက်အမျိုးမျိုးတို့က မြည်ကျူးလျက်။ ဥဩငှက်၊ သစ်တောက်ငှက်၊ စွန်၊ ကျေးကုလား၊ ရေညှောင့်ကောင်၊ ပိန်ညင်း စသည့် ငှက်များကလည်း ယဉ်ပါးနေကြသည်။
“ကြည့်စမ်းဗျာ၊ တောထဲက ငှက်တွေကို ကြည့်ရတာ စိတ်ကို ကြည်နူးသွားတာပဲ။ သူတို့ဘာသာဘာဝ နေကြတာ ဘယ်လောက်ကြည့်လို့ကောင်းသလဲ။ ဘယ်လောက်လွတ်လပ်တဲ့ဘဝလဲ။ ခင်ဗျားလာတာကိုလဲ ဂရုမစိုက်ဘူး။ သစ်ကိုင်းတစ်ကိုင်းကနေ တစ်ကိုင်း၊ သစ်ပင်တစ်ပင်ကနေ တစ်ပင် ခုန်ကူးလို့။ ပြီးတော့ ပိုးကောင်ကလေးကို ဖမ်းစားတယ်၊ ပြီးတော့ မြည်ကျူးတယ်၊ သူ့အတောင်အလက်ကို သူဖြန့်ပြီး ကြွားတယ်”
ကိုဗာစကီးက ပြောသည်။
“ဒါပေါ့ဗျာ၊ ဒါကတော့ သူတို့ကျေးငှက်တွေရဲ့ ဘာသာဘာဝပဲ မဟုတ်လား”
“အဲဒါကိုက ချစ်စရာကောင်းနေတာပေါ့ဗျာ၊ ကြည့်စမ်း၊ ဟိုငှက်ကလေးဟာ ခင်ဗျားကိုတောင် မကြည့်ဘူး”
“ကျွန်တော်တို့ကို ကြည့်နေရင် သူလဲ စိတ်တွေ ရှုပ်ထွေးပြီး အတုအပတွေကို တတ်သွားမှာပေါ့”
မက်စ်က ပြောသည်။
“မှန်လိုက်လေဗျာ၊ လွတ်လပ်တဲ့စိတ်ဆန္ဒဆိုတာ အဲဒါပေါ့။ ကျွန်တော်တို့မှာတော့ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းမှာ နေရတဲ့အတွက် လွတ်လပ်တဲ့ဆန္ဒဆိုတာ ဘယ်နည်းနဲ့မှ မရနိုင်ဘဲ ဖြစ်နေကြတယ်။ လူတွေမှာ ပြဿနာတစ်ခုမဟုတ် တစ်ခုနဲ့ ကြုံနေကြရတယ်။ ခု ခင်ဗျားကိုပဲကြည့်လေ၊ ဆင်းရဲသားတွေကို ကူညီရအောင်ဆိုပြီး သူတို့အသိုင်းအဝိုင်းမှာ သွားနေရတယ်။ သူတို့ပြဿနာတွေကို နားလည်အောင် ကြိုးစားရတယ်။ သူတို့အရှုပ်အထွေးတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို စဉ်းစားနေရတယ်”
“ဟုတ်တယ်၊ ဆင်းရဲသားရပ်ကွက်မှာဆိုတော့ ပြဿနာတွေက ပိုလို့တောင် ရှုပ်ထွေးပွေလီနေသေးတယ်” မက်စ်က ပြောသည်။
ကိုဗာစကီးက ငှက်တစ်ကောင်ကို ညွှန်ပြရင်း...
"ဒါတောင် သူ့မှာ သားသမီးတွေဆီကို ရောက်တော့ သောကမကင်းနိုင်ရှာသေးဘူး။ အမှန်ကတော့ ကလေးတွေပဲ သောကတွေ၊ ဗျာပါဒတွေနဲ့ ကင်းဝေးကြတာ။ ဒိပြင်မကြည့်နဲ့လေ။ ကျုပ်တို့သုခမြို့တော်ထဲက ကလေးတွေကိုပဲကြည့်ပါလား။ ကလေးတစ်ယောက်ရဲ့ မျက်လုံးထဲကို ကြည့်လိုက်ရရင် ဘုရားသခင်ကို သွားတွေ့တယ်လို့ စိတ်ထဲမှာ ထင်မိတယ်။ ကလေးတစ်ယောက်ဟာ ဟန်မဆောင်ဘူး၊ အပေါ်ယံတွေကို မလုပ်ဘူး၊ အခြေအနေကိုက်ညီအောင် ရောယောင် မလိုက်ဘူး။ ပွင့်လင်းတယ်၊ ရိုးသားတယ်၊ ငှက်တစ်ကောင်လိုပဲ။ ငှက်တွေကို ကြည့်ပါလား၊ ငှက်ဟာ သူ့ငှက်ဘဝကို ပြည့်စုံအောင် နေသွားတယ်”
မက်စ်နှင့် ကိုဗာစကီးတို့သည် မြက်ခင်းပေါ်တွင် ထိုင်ကြသည်။ သူတို့နှစ်ယောက်အဖို့ ထိုရိပ်မြုံသည် သုခမြို့တော်နှင့် မိုင်, သန်းပေါင်းများစွာ ဝေးသည့်နေရာဟု ထင်မှတ်နေကြသည်။
“ဟိုနှစ်တွေတုန်းက ကျွန်တော် စိတ်ဓာတ်ကျရင်၊ စိတ်ပျက်ရင် ဒီနေရာကိုလာပြီး ထိုင်လေ့ရှိတယ်၊ စိတ်ဓာတ်နည်းနည်းကျလာရင် ဘတ်စ်ကားတစ်စီးပေါ် ခုန်တက်လိုက်ပြီး ဒီနေရာမှာ လာထိုင်တယ်။ ထိုင်ပြီး ငှက်တွေကို ကြည့်၊ ဘုရားဆီ ဆုတောင်းတာပဲ။ ချုံတစ်ချုံပေါ်မှာ ဝဲနေတဲ့ ပုစဉ်းတစ်ကောင်ကို ကြည့်တဲ့အခါ ကြည့်တယ်၊ သစ်တောက်ငှက်တစ်ကောင် မြည်နေသံကို နားထောင်တဲ့အခါ နားထောင်တယ်၊ နေဝင်ရင် အိပ်သွားတဲ့ ပန်းပွင့်ကလေးတစ်ပွင့်ကို ကြည့်တဲ့အခါ ကြည့်တယ်၊ ဒီအရာတွေဟာ ကျွန်တော့်အဖို့တော့ အသက်ကယ်ဘောတွေနဲ့ အတူတူပဲ”
ကိုဗာစကီးက ပြောသည်။
သူတို့နှစ်ယောက်သည် အတန်ကြာမျှ တိတ်ဆိတ်နေကြ၏။ ထိုစဉ် ကိုဗာစကီးက မေးခွန်းတစ်ခုကို ရုတ်တရက် ကောက်မေးလိုက်သည်။
“ခင်ဗျားက ရေဝတီ မဟုတ်လား”
အံ့အားသင့်နေသော မက်စ်ကို မြင်သည့်အခါတွင်မှ သူ ရုတ်တရက် မေးလိုက်သော မေးခွန်းအတွက် တောင်းပန်သည်။
“အိန္ဒိယလူမျိုးတွေဟာ ဒီမေးခွန်းကို မေးလေ့ရှိကြတယ်ဗျ၊ ဒီမှာ လူတစ်ယောက်ကို ဆုံးဖြတ်ရင် သူ့ဘာသာတရားကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြတာကိုး၊ အရာရာကို ကိုးကွယ်ယုံကြည်မှုက ဖန်တီးပေးနေတယ်လေ”
“ဟုတ်တယ်၊ ကျွန်တော်က ရေဝတီတစ်ယောက်”
“အင်း၊ ခင်ဗျားက သာပေတာပေါ့ဗျာ၊ ကမ္ဘာမှာ ယုဒဘာသာဟာ အလှဆုံး ဘာသာတရားတစ်ခုဗျ”
“ဒါကတော့ ခင်ဗျားတို့ ခရစ်ယာန်တွေရဲ့ အမြင်ကိုး”
အပိုင်း(၅၄)ဆက်ရန်
----------------------
0 Comments