တိမ်ဖုံးပါလို့ လမသာ- မစန္ဒာ အပိုင်း(၇)

#တိမ်ဖုံးပါလို့ လမသာ

အပိုင်း(၇)

အဘွားကို ဆေးရုံတင်ထားရသည်။ ကိုကိုက ဆေးကျောင်းသားဖြစ်နေပြီမို့ အစစအရာရာ ကူညီနိုင်ခဲ့သည်။ 

“အဘွား သေမှာလား ကိုကို” 

“မသေပါဘူးဟာ”

ပြောမယ့်သာ ပြောရသော်လည်း အဘွား၏အခြေအနေကို အားမရလှပေ။ ကိုကိုသည် ဆေးကျောင်းတက်နေရသော်လည်း အတန်းငယ်သေး၍ အဘွား၏ရောဂါကို အတိအကျ အမည်မတပ်တတ်သေးပေ။ သို့သော် အဘွား၏အသည်းသည် ကျောက်ခဲလိုမာပြီး တင်းနေသည်ကိုတော့ စမ်းသပ်တွေ့ရှိသည်။

“ခင်ဦးကတော့ သိပ်အားမရပါဘူး ကိုကိုရယ်” 

“ဘာဖြစ်လို့လဲ”

“အဘွားက အဲဒီရင်ခေါင်း အောင့်နေတာ ကြာပြီ ထင်ပါရဲ့၊ လက်ကလေးနဲ့ ဖိပြီး မျက်နှာလေး မဲ့မဲ့သွားတတ်တယ်။ ခင်ဦးက မေးယင် လေထိုးတာပါတဲ့။ အလုပ်ပျက်မှာ စိုးလို့ အဘွားက ဘယ်သူ့မှ မပြောပဲ ဇွတ်မှိတ်ခံနေတာ။ မခံနိုင်မှ သိကြရတာ”

ခင်ဦးက အဘွားကွယ်ရာတွင် ပြောယင်း မျက်ရည်တလည်လည် ဖြစ်နေသည်။ အဘွားကမူ အပြုံးမပျက်ပေ။ အရေခွံများ ရှုံ့နေသော လက်ချောင်းပိန်ပိန်လေးများကမူ စိပ်ပုတီးကို မပြတ် ဆုပ်ကိုင်ထားသည်။ တခါတရံလည်း မျက်လုံးကို စုံမှိတ်ထားကာ ထွက်သက် ဝင်သက် မှတ်နေတတ်သည်။ ညီညီက အဘွားအတွက် ယိုးဒယားဘီစကစ် တထုပ် ဝယ်လာသည်။ ဘီစကစ်ကို နို့နှင့်စိမ်ကာ သူကိုယ်တိုင် အဘွားကို ခွံ့၍ ကျွေးသည်။

“အဘွားရေ .. နက်ဖြန်မှ ငါးသေတ္တာ ဝယ်ခဲ့အုံးမယ်၊ အဘွား စားမယ် မဟုတ်လား”

“ဈေးကြီးပါတယ်ကွယ်၊ သေယင် ပုပ်ရမယ့် ခန္ဓာကိုယ်ကြီးကို ဒီလောက် ကျွေးမွေးနေဖို့ မလိုပါဘူး သားရဲ့”

"ဒါကြောင့် ကျွေးရတာပေါ့ အဘွားကလဲ၊ သေသွားယင် စားချင်အုံးတော့ ဘယ်လိုလုပ် စားရမှာလဲ၊ အခုလို စားနိုင်တုန်းလေး စားရတာ”

“ဒီခန္ဓာကိုယ်ဟာ ဒီဘဝ ခဏအငှားရတဲ့ ကိုယ်ကြီးပါကွယ်။ ဒီခန္ဓာ ပျက်စီးယင် နောက်ခန္ဓာအသစ်နဲ့ ကျင်လည်ကြရဦးမှာ။ လိုရာမရောက်မချင်း လည်နေကြရဦးမှာကွယ့်။ အဲ ..?? မရှိတော့ယင်တော့ မင်းတို့ညီမလေးကို ဆက်ပြီးစောင့်ရှောက်ကြ”

“ယောက်ျား ပေးစားလိုက်မယ်လေ အဘွား”

ညီညီက ရွှတ်နောက်နောက် ပြောသည်။ အဘွားက ဘာမှ ပြန်မပြောတော့ပဲ ပြုံးနေလေသည်။ ခြောက်နာရီထိုးခါနီးသောအခါ သူတို့ကို ပြန်ခိုင်းသည်။

“ကဲ .. ပြန်ကြ၊ ကားတွေ သိပ်ကျပ်နေလိမ့်မယ်၊ မောင်အေးမောင်ကိုလဲ ပြော၊ အဘွားဆီကို မလာနဲ့လို့။ သူ့ခမျာ ဒုက္ခိတကြီး၊ သွားရလာရတာ လွယ်တာမှတ်လို့။ အဘွားနေကောင်းပါတယ် ပြောလိုက်နော်။ ခင်ဦးကရော မမိဆီစာရေးပြီးပြီလား၊ သူ့ယောက်ျား ဆုံးသွားပြီဟာ၊ ဒီမှာပဲ လာနေခိုင်း။ ငါ့မြေးလဲ ဒွေးတော်မိကြီးရယ်လို့ အဖော်လဲ ရ၊ အားကိုးလဲ ရတာပေါ့” 

အဘွားက တသီတတန်းကြီး မှာကာ စိပ်ပုတီးလေး စိပ်၍နေရစ်သည်။ အဘွားသည် ခင်ဦးအမေ၏အမေ ဖြစ်သော်လည်း ခင်ဦးအဖေကို သားတယောက်လိုပင် သံယောဇဉ်ရှိလေသည်။ သားမက်ဟူ၍ သဘောထားပုံမရ။

“အဘွားပြောတဲ့ မမိဆိုတာ ဘယ်သူတုန်း”

“အဖေ့ညီမဝမ်းကွဲလေ၊ ရေကြည်မှာနေတာ၊ သူ့ယောက်ျားဆုံးတော့ သူတယောက်တည်း ကျန်နေခဲ့တာ၊ အဘွားက ရန်ကုန်လာနေဖို့ ခေါ်ခိုင်းတယ်"

“နင့်ကို စိတ်မချလို့နေမှာပေါ့ ” 

“အံမာ ... ငါက ဘာလုပ်နေလို့လဲ” 

ခင်ဦးက ညီညီ့အား မျက်စောင်းခဲသည်။

“ဟုတ်ပါဘူး၊ ငါပြောတာ အဘွားက သူ့ကိုယ်သူ သေမယ်ထင်နေတော့ နင်နဲ့ အဖော်အလှော်ရအောင် ခေါ်ထားချင်တာပြောတာပါ”

ခင်ဦးက မျက်ရည်များ ဝဲလာသည်။ ငယ်စဉ်ကတည်းက အမေဆုံးသွား၍ အဘွားကိုသာ အမေလို တွယ်တာခဲ့ရသဖြင့် ခင်ဦးသည် အဘွားသေမည်ဟု ဆို၍ ချက်ချင်း ငိုချင်လာသည်။

“အဘွားက သေရမှာ မကြောက်ဘူး ” 

ခင်ဦးက ငိုသံလေးနှင့် ပြောသည်။

“ကိုယ်အသက်ရှင်တုန်း ကိုယ်နဲ့ပတ်သက်သမျှ လူတွေကို တတ်နိုင်သမျှ ကူညီမယ်၊ ပြုစုမယ်၊ ပေးကမ်းမယ်တဲ့။ သေမင်းလာခေါ်တဲ့နေ့ကျယင်လဲ အေးအေးဆေးဆေး လိုက်သွားမှာပဲတဲ့"

“သေမင်းက သူ့ကို မကြောက်တဲ့သူတွေဆိုယင် တော်တော်နဲ့ မခေါ်ပါဘူးဟ၊ စိတ်ချ” 

ညီညီက အားပေးသည်။ သို့သော် ... နောက်တနေ့ မနက်စောစော မုန့်ဟင်းခါးချိုင့်လေးဆွဲကာ ညီညီ သွားသောအခါ အဘွားမရှိတော့ပေ၊ ဆုံးနှင့်ပြီ ဖြစ်လေသည်။

* * * 

“အဲဒီနေ့က အဘွားကို မြင်ရတာ အေးချမ်းလိုက်တာ၊ စိပ်ပုတီးလေးကို လက်ကကိုင်လျက် အိပ်ပျော်နေတဲ့အတိုင်းပဲ။ သူဆုံးတာကို ဘယ်သူမှတောင် မသိလိုက်ဘူး၊ ညင်ညင်သာသာလေး ဆုံးသွားတာ။ ဒါကြောင့်လဲ ခင်ဦးက သူသေယင် အဖွားလို အေးအေးချမ်းချမ်း ညင်ညင်သာသာလေး သေချင်တယ်လို့ပြောတာ၊ ခုတော့ သူ့ခမျာ ဆုတောင်းမပြည့်ရှာဘူး၊ ခံစားလိုက်ရတာ မချိမဆံ့”

“ညီ... ညီ”

ကိုကိုက ထိတ်လန့်စွာ အော်လိုက်မိသည်။ "ခံစားလိုက်ရတာ..” ဟူသော စကားသည် ကိုကို၏နားထဲတွင် ပဲ့တင်ထပ်နေသည်။

“သူ ... သိပ်ခံစားနေရသလား ညီညီ”

ညီညီသည် ကိုကို့အား လှည့်ပြီး စူးစိုက်၍ ကြည့်သည်။ ထို့နောက် ခြောက်ကပ်ကပ် ရယ်သည်။ သို့သော် ညီညီ၏ရယ်သံသည် ရယ်သံနှင့်မတူ၊ ကိုကို၏နားထဲတွင် ငိုသံလိုလို ညည်းညူသံလိုလို ဖြစ်နေလေသည်။

“ဪ ... ဆရာဝန်ကြီးရယ်၊ ကျားကိုက်တာ အပေါက်ကလေးနဲ့လားလို့ မေးနေတာလား”

ညီညီက လှောင်သည်။ ကိုကိုသည် ညီညီ့အား မကြည့်ပဲ တိမ်ဖုံးနေသော လကွေးကွေးလေးအား မျှော်ပြီး ကြည့်နေမိသည်။ မိုးတိမ်မိုးသားများက လကလေးကို တရိပ်ရိပ် ဖြတ်သန်းပြီး ပြေးလွှားသွားနေကြသည်။ မိုးရိပ်မိုးသားများ နောက်ကွယ်မှ လတခြမ်းပဲ့လေးကို ခပ်မှိန်မှိန် ခပ်ရေးရေးသာ တွေ့မြင်ရသည်။

“ဟိုတခါတုန်းက လက်ကို ဓားရှတာတောင် ကိုကို ဘယ်လောက်နာသလဲ”

* * *

“ကိုကို”

ညီညီက တိုးတိုး ခေါ်သည်။ ကြက်သွန်နီဥ ပါးပါးလှီးနေသော ကိုကိုက လှည့်မကြည့်အား၊ အထူအပါး ဂရုစိုက် လှီးနေသည်။ ကြက်သွန်နီက ထူလိုက်ပါးလိုက် ဖြစ်နေပါက ကြိုးစားပမ်းစား သုပ်၍ စားရသော မရမ်းသီးသုပ်၏ အရသာက အလကား ပျက်သွားပေလိမ့်မည်။

“ကိုကို ဝယ်စရာတွေ စုံပြီလား” 

“ စုံတော့ ဘယ်စုံအုံးမှာလဲကွာ၊ တဖြည်းဖြည်းပေါ့ ” 

“နားကျပ်ရော မဝယ်ရသေးဘူးနော်” 

“ဈေးက တော်တော်ကြီးတယ်ကွ” 

“စာအုပ်တွေရော” 

“ဒီလိုပဲ အဆောင်သွား ကျက်တန်ကျက်၊ အဟောင်း ဝယ်တန်ဝယ်ရမှာပေါ့ကွာ”

ညီညီ့အား မော့်မကြည့်သော်လည်း ညီညီသည် သူ့အား စိတ်မကောင်းသောမျက်နှာနှင့် ငေး၍ ကြည့်နေမည်ကို သိနေလေသည်။

“အေးကွာ၊ ဒါတောင် ကိုကိုက စကောလားရှစ်ရထားပေလို့နော်၊ ရများမရယင် မလွယ်ဘူး၊ ကျွန်တော်လုပ်လို့ရသမျှကလဲ တခါတလေကျတော့ စားတဲ့အထဲ ပါကုန်ရော”

“စားဖို့က ပိုအရေးကြီးတာပဲ ညီညီရာ၊ ငါက မင်းအလုပ်လုပ်နေရတာကို နည်းနည်းမှ စိတ်မကောင်းဘူး၊ အဖေကလဲ အသက်ကြီးလှပြီ”

ကိုကိုက ခပ်တိုးတိုး ပြောမိသည်။ အဖေရော ညီညီပါ သူ့ကို အဖိုးတန်ရတနာတခုလို အရိပ်ကြည့်နေကြလေသည်။ ဆေးတက္ကသိုလ်သို့ စ၍တက်သည့်အချိန်မှစ၍ အဖေနှင့် ညီအား အားနာပြီး သနားသောစိတ်က ရင်ထဲတွင် အမြစ်တွယ်လာလေသည်။ တချိန်တည်းမှာပင် မိမိ၏ချို့ငဲ့သောဘဝကို မကျေနပ်သောစိတ်နှင့် အားငယ်ရှက်ရွံ့ သော အရွံ့ စိတ်တို့က ပိုပြီးကြီးထွားလာလေသည်။

“အိုကွာ... အဖေလုပ်နိုင်ပါသေးတယ်၊ အိမ်ရှေ့အိမ်က အဘွားရင်ကို ကြည့်၊ သူ့အသက်က ရှစ်ဆယ်နား နီးနေပြီ၊ မျက်စိလဲ မှုန်တယ်၊ နားလဲ ကောင်းကောင်းမကြားရတော့ဘူး၊ ဒါပေမယ့် အလကားမှ မနေပဲ၊ သူ့အိမ်ရှေ့မှာတော့ သူ တကုန်းကုန်းနဲ့ စိုက်ပျိုးနေတာပဲ မဟုတ်လားကွာ၊ သူစိုက်နေတာ သူစားဖို့မှမဟုတ်ပဲ”

ညီညီက ကိုကို့အား စိတ်သက်သာရာရအောင် ပြောသည်။ ကိုကို၏စိတ်ထဲတွင် သူ ဆေးတက္ကသိုလ်တက်နေ၍ အဖေနှင့် ညီညီတို့ ပင်ပန်းနေသည် ဟူသော အတွေးမျိုးကို မဝင်စေလို၍ဖြစ်ကြောင်း ကိုကိုသိလေသည်။

“အဖေကတောင် ပြောနေတယ်၊ ငါ့သားကြီး ဂျူတီကုတ်မှာ မင်တွေစွန်းနေတယ်တဲ့၊ အသစ်ဝယ်ပေးချင်တယ်တဲ့”

“မင်စွန်းလဲ ဝတ်လို့ရပါသေးတယ်ကွာ၊ ရုပ်ရှင်ရုံတွေအောက်မှာ တခါတလေ အစွန်းချွတ်ဆေး ရောင်းတယ်၊ မီးရထားပေါ်မှာလဲ ရောင်းတယ်၊ မင်း ကြုံယင် ဝယ်ခဲ့စမ်းပါ၊ ကဲ .. ညီညီ လာကွာ၊ မင်းကလဲ အလကား လေကန်နေတယ်၊ တော်ကြာ အဖေပြန်လာယင် ဆာတော့မှာ၊ အဲဒီငါးပိကို မီးဖုတ်လှည့်အုံး၊ မရမ်းသီးသုပ်ထဲ ထည့်ရအောင်” 

ကိုကိုက ပြောတော့ ညီညီသည် ငါးပိရည်အိုးဖုံးတွင် မျှင်ငါးပိကို အပြားလိုက်ကပ်ပြီး မီးဖိုပေါ် တင်လိုက်သည်။

“ပုစွန်ခြောက်လဲ မပါပဲနဲ့ကွာ”

“ထည့်နိုင်မလားကွ ..။ မင်းပုစွန်ခြောက်ကြီးက တပိဿာ ငါးဆယ် ခြောက်ဆယ်။ ငါ ဆရာဝန်ဖြစ်မှ အကောင်းစားသုပ်ကျွေးမယ်၊ အခုတော့ ငါးပိနဲ့ပဲ ချိုထားပါအုံးကွာ၊ အား ... လား ... လား "

ကိုကိုသည် လက်ထဲမှ ဓားကို လွှတ်ချလိုက်သည်။ ညီညီ့ကို လှည့်အကြည့်တွင် ကြက်သွန်ဥအစား လက်ညိုးကို စွေပြီး လှီးမိသွားသည်။ အသားက ဟက်တက်လန်သွားပြီး သွေးများ ရဲကနဲ ထွက်လာသည်။

“ဟာ ... ထိပြီလား”

ညီညီက ကိုကို၏လက်ကို ဆွဲကြည့်သည်။ သွေးများက တတောက်တောက် ကျနေသည်။ ဟက်တက်ကွဲသွားသော အသားနေရာတွင် လက်နှင့်ဖိပြီး ပိတ်တော့ ကိုကိုအော်မိသည်။

“အာ ... ဟေ့ကောင် နာတယ်ကွ” 

“နေအုံး ... အရက်ပျံရှိတယ် မဟုတ်လား”

ညီညီသည် ကိုကို တနေ့က ဝယ်လာသော အရက်ပျံပုလင်းလေးကို ပြေးယူလာသည်။ အဖေနှင့် ညီညီတို့ ထိခိုက်အနာ ဖြစ်တတ်လွန်း၍ အရက်ပျံဝယ်လာမိသည်ကို ကိုကိုသည် နောင်တရသလိုလိုရှိသည်။ ပိုးမွှားကင်းစင်စေသည်မှာ မှန်သော်လည်း ဓားရှရာကို အရက်ပျံလောင်းလျှင် အသည်းခိုက်အောင် စပ်ပေတော့မည်။

“ဟေ့ကောင် ... နေအုံး ... နေအုံး” 

ကိုကိုက တားသော်လည်း ညီညီက အသားနီဖတ်ကို လှန်ကာ အရက်ပျံ လောင်းထည့်သည်။

“အား .. စပ်တယ်၊ စပ်တယ် .. မှုတ်ပါဟ”

ညီညီက အရက်ပျံပုလင်းကို ချကာ အနာကို တဖူးဖူးနှင့် ကုန်း၍ မှုတ်သည်။ စပ်လွန်း၍ မျက်ရည်များပင် လည်နေသော ကိုကို့အား ကြည့်ကာ တဟားဟား ထ၍ ရယ်သည်။

“ကိုကိုကလဲကွာ ဒီလောက်ကလေးများ” 

“ဒီလောက်လဲ နာတာပဲကွ၊ မင်းဘိုးအေ” 

“အသက်နဲ့ အဝေးကြီးပါ ကိုကိုရာ”

“ဝေးဝေးကွာ ... နာတာပဲ”

ထည့်စရာဆေး မရှိ၍ အပေါ်မှ အဝတ်စနှင့် နာနာပတ်သည်။ ညီညီ့လိုတော့ နနွင်း မသိပ်ချင်၊ ဆေးကျောင်းတက်ပြီး ဆေးပညာလေး မတောက်တခေါက်တတ်လာတော့ ကိုကိုသည် ယခင်ကထက် ကြောက်တတ်လာသည်။ သူတို့ပတ်ဝန်းကျင်တွင် သာမန်မျက်စိနှင့် မမြင်နိုင်သော ရောဂါပိုးများ ပျံ့နှံ့နေသည်ဟု သိနေသောကြောင့် ဖြစ်လေသည်။ တသက်လုံး အသုံးပြုလာသော ဇလားအိမ်သာကြီးကိုလည်း အတော်လေး စိတ်ပျက်နေပြီဖြစ်သည်။

“အဲဒီဓားက အယင်ကတော့ အတော့်ကို တုံးတာ၊ မနေ့တုန်းက အဖေသွေးထားလို့ အဲဒီလောက်ထက်သွားတာကွ၊ ငါကလဲ ထက်နေမှန်းတော့သိသား၊ လှီးကောင်းကောင်းနဲ့ သတိမထားမိလို့”

ကိုကို၏အနာက ခပ်သေးသေးပင်ဖြစ်သော်လည်း ပတ်ထားသော အဝတ်များနှင့် အကြီးကြီးလိုဖြစ်နေသည်။ အိမ်တွင် ပတ်တီးစလည်း မရှိ၊ ဂွမ်းခံပြီး ပလာစတာ ကပ်ထားရအောင်ကလည်း ဂွမ်းမရှိ၊ ပလာစတာ မရှိ။

“မနက်ဖြန်ကျယင် လူသေလောင်း ခွဲရမှာကွ၊ အရေးထဲ လက်က နာပြီ” 

ကိုကိုက စိတ်ညစ်နေသည်။ 

“အေးကွယ် ... ငါ့သားကြီး နုပါတယ်ဆိုမှ ဓားထိရသေး၊ သိပ်နာသလားကွာ”

အဖေက ကြင်နာစွာ မေးသည်။ ထိုအခါမှ တစစ်စစ် ကိုက်လာသလို ထင်မိပြီး ကိုကိုက “နာတာပေါ့ အဖေရာ၊ အဖေ့ဓါးကလဲ ထက်လိုက်တာ ရွှိကနဲ လွှာပစ်လိုက်သလိုပဲ” ဟု ပြောမိလေသည်။ ညီညီကမူ သူတို့သားအဖကို ကြည့်ကာ ပြုံးလေသည်။

* * *

“အဲဒီတုန်းက ကိုကို့မှာ သုံးရက်လောက် နာနေတာ၊ လက်ကလေးကို ထောင်ကြည့်လိုက် စုတ်သတ်လိုက်” 

ညီညီက ပြန်တွေးယင်း မပွင့်တပွင့် ရယ်သည်။

"အဖေကတော့ တဖြစ်တောက်တောက်၊ ငါ့သားကြီး နုပါတယ်ဆိုမှ ဒီဓားက ရှရသေးတာကိုးတဲ့၊ တတ်နိုင်ယင် ကိုကို့အစား သူကဝင်ပြီး ဓားရှခံချင်သေးတာ၊ အဖေ့မေတ္တာဟာ သိပ်ကြီးတာပဲ”

ကိုကိုသည် ညီညီ့အား မကြည့်ရဲပဲ တိမ်ဖုံးနေသော လလေးကို မျှော်ကြည့်နေမိသည်။ ရိပ်ရိပ်ကလေးမြင်နေရသော လခြမ်းကွေးကွေးထဲဝယ် အဖေ့ရုပ်သွင်ကို မြင်ယောင်လာသည်။ ဆံပင်များ ကြောင်ကြောင်ကျားကျား ဖြူနေသော အဖေ၊ ဆေးလိပ်တိုလေး ဖွာနေတတ်သောအဖေ၊ သူ့ကို မှုန်ရီသောမျက်လုံးများနှင့် ငေး၍ကြည့်တတ်သော အဖေ။

“ဖေဖေဟာ ကိုကို့ကို သိပ်ပြီးအားကိုးရှာတယ်၊ ကိုကို အခုလို ချမ်းသာနေတာ တွေ့ယင် ဘယ်လောက်ဝမ်းသာမလဲ မသိဘူး”

ကိုကို မျက်ရည်လည်လာသည်။ ညီညီ့ကို ဘာမှ ပြန်၍မပြောနိုင်။ ပြော၍လည်းမထွက်။ ရင်ထဲတွင် ဆို့လာသည်။

“အဲဒီလို လခြမ်းကွေးတွေမြင်ယင် အဖေပြောဖူးတာ သိပ်သတိရတာပဲ”

ညီညီ၏အသံကို နားထောင်ယင်း ကိုကိုသည် မျက်စိမှိတ်ထားလိုက်မိသည်။ သူ့ကို ခွင့်လွှတ်စွာ ပြုံးကြည့်နေသော အဖေ့ကို မြင်ယောင်လာပြန်သည်။

“တခါတုန်းက အခုလိုပဲ တိမ်ဖုံးနေတဲ့ လခြမ်းကွေးကွေးလေးကို ကြည့်ပြီး အဖေက ပြောဖူးတယ်၊ ငါတို့ဆင်းရဲသားတွေရဲ့ဘဝနဲ့ တူလိုက်တာတဲ့၊ နဂိုကမှ တခြမ်းပဲ့မို့ အလင်းရောင်နည်းရတဲ့အထဲ တိမ်က ဖုံးသေးသတဲ့”

ညီညီ၏သက်ပြင်းချသံကို ကြားရသည်။ ကိုကိုသည် မျက်စိဖွင့်၍မကြည့်သော်လည်း ညီညီ၏မျက်နှာတွင် ဆွေးမြည့်ကြေကွဲသော အရိပ်အရောင်များ ထင်ဟပ်နေမည်ကို သိလေသည်။ ညီညီသည်လည်း သူ့လိုပင် အဖေ၏သဏ္ဌာန်ကို မြင်ယောင်နေပေလိမ့်မည်။

“အဖေက ပြောခဲ့ပါသေးတယ် ညီညီရာ၊ အဖေက ငါ့ကို အားကိုးတကြီးနဲ့ ပြောခဲ့ပါသေးတယ်၊ အခု ဘာတိမ်တွေ ဖုံးနေနေ ငါ့သားကြီးသာ ဆရာဝန်ဖြစ်ယင်တော့ အဖေတို့ဘဝ ထိန်ထိန်သာပြီကွယ်တဲ့လေ”

ကိုကိုက စိတ်ထဲမှ ပြောနေမိသည်။ အဖေ့ဘဝ ထိန်ထိန်သာအောင် အဖေ့သား ဆရာဝန်ကြီးက လုပ်ဆောင်ပေးနိုင်ခဲ့ရဲ့လား။ ထိုမေးခွန်းကို သူ့ကိုယ်သူ ပြန်မေးမိတိုင်း ကိုကိုသည် ကြေကွဲစိတ် နောင်တစိတ်များနှင့် နှလုံးသားတခုလုံး နာကျင်လာရမြဲဖြစ်သည်။ အဖေ၏မှုန်ရီသောအပြုံးကို မြင်ယောင်လာယင်း ကိုကိုသည် မျက်ရည်လည်လာသည်။ အဖေ့ဘဝ ထိန်ထိန်သာအောင် သူ ဘာမှလုပ်မပေးခဲ့ချေ။ သို့သော် .. အဖေ့ဘဝ အမှောင်လုံးလုံးကျအောင်ကား အဖေ့သား ပညာတတ်ကြီးက လုပ်ခဲ့လေသည်။

ကိုကိုသည် စီးကျလာသောမျက်ရည်များကို လက်ခုံနှင့် ပွတ်သုတ်လိုက်သည်။ နှုတ်ခမ်းကို တင်းတင်း ကိုက်လိုက်သည်။

အပိုင်း(၈)ဆက်ရန်
-------------
#မစန္ဒာ

Post a Comment

0 Comments