အပိုင်း (၁၉)
နောက်တစ်ပတ်လောက်နေတော့ ဦးဘပွား အိပ်ရာထဲသို့ လဲလေတော့သည်။
သည်နေ့တော့ နံနက် အရုဏ်တက်ကတည်းက ရင်ဘတ်ထဲတွင် ထူးထူးခြားခြား ပိုပြီးနာလာ၍ အိပ်ရာထဲမှ မထဘဲ ဆက်၍ ခွေနေမိသည်။ အခါတိုင်းလို မျက်နှာသစ်၊ သွားတိုက်ပြီး ကိုယ်လက်သုတ်သင်ခြင်းအမှု ပြုလုပ်ရမည်ကိုပင် တပင်တပန်းဖြစ်ပြီး ဝန်လေးနေမိသည်။ တမျှဉ်းမျှဉ်းနှင့် တိုး၍တိုး၍ နာလာသော ဝေဒနာအပေါင်းကို စိတ်ထဲမှ လိုက်၍ မှတ်ကြည့်ရင်း မိမိ၏စိတ်ကိုလည်းကောင်း၊ အသွေးအသားနှင့် အကြောအချဉ်တို့ကိုလည်းကောင်း အကုန်လုံးကို လျှော့ထားလိုက်သည်။
“လာလေ မင်းလာချင်တဲ့အချိန်မှာ လာတော့ပေါ့ကွာ၊ ငါကတော့ အဆင်သင့်ပါပဲ”
သူက သူ့ဆီသို တရွေ့ ရွေ့ချဉ်းကပ်လာနေသော ရှင်သေမင်းကို ခပ်တိုးတိုး ပြောနေမိသည်။ လွန်ခဲ့သော နှစ်လကျော်ကျော်ခန့်က သူ၏အတွေးကို သေခြင်းတရားကသာ ကြီးစိုးနေခဲ့သည်။ သေခြင်းဆိုသည်မှာ အလွန်ဆန်းကြယ်ပြီး ခက်ခဲလှသောကိစ္စတစ်ရပ်ဟု ထင်မှတ်နေခဲ့သည်။ တုန်တုန်လှုပ်လှုပ်နှင့် ချောက်ချောက်ချားချား ဖြစ်နေခဲ့သည်။ သေခြင်းတရား၏ မြန်ဆန်ခြင်း၊ အစိုးမရခြင်းတို့ကို သိနေသည်ဟု ထင်နေသော်လည်း တကယ့်အသိနှင့် အလှမ်းဝေးနေခဲ့သည်။ အသက်ရှင်ကျန်ခဲ့မည့်သူများကို မလိုတမာဖြစ်ရင်း...“တစ်နေ့ကျရင်တော့ အားလုံးပဲ သေကြရမှာ။ ငါတစ်ယောက်တည်း သေရမှာ မဟုတ်ပါဘူး”ဟု ဒေါသဖက်၍ တွေးနေမိသည်။ အကြောက်ကြီး ကြောက်နေမိသည်။
သို့သော် သူ့ကို ကိုရန်ဝေးတို့ဇနီးမောင်နှံက တရားပြခဲ့ကြသည်။ သေခြင်းဟူသည်မှာ အချိန်အခါ၊ နေရာဋ္ဌာနမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျန်းမာသူကိုရော မကျန်းမာသူကိုပါ လာရောက်ခေါ်ငင်တတ်ကြောင်း လက်တွေ့ပြသခဲ့ပြီ ဖြစ်သည်။ ကိုရန်ဝေးတို့ သေဆုံးခြင်းသည် အလျှံတရဲရဲ တောက်လောင်နေသော မီးကျီးခဲနှင့် တူနေသည့် သူ၏စိတ်ကို ရေနှင့် လောင်းလိုက်သကဲ့သို့ ရှဲခနဲမြည်ကာ အငွေ့တချောင်းချောင်း ထသွားစေသည်။ အပူရှိန် အပူငွေ့က ဆက်လက်ကျန်နေသေးသော်လည်း မီးအပူရှိန်ကတော့ သေသွားသလို သူ့ရင်ထဲမှ မီးများလည်း ချက်ချင်းပင် အရှိန်လျော့သွားသည်။
“အင်း... သူတို့ပြခဲ့တဲ့ တရားက တကယ်ကို တန်ဖိုးကြီးပါပေတယ်”
ဦးဘပွားက သွားနှင့်သူများ၏ကျေးဇူးကို အောက်မေ့နေမိသည်။
“ဘဝမှာ အနေမှားနေခဲ့တဲ့ ဦးထင်က အနေမှန် အနေတတ်ပြီး ငါကလဲ အသေမမှားတော့ဘဲ အသေတတ်ရတော့မယ်ဆိုရင် သူတို့တွေ တမလွန်ကနေပြီး ဝမ်းသာကြမှာပါ”
သူ့စိတ်သည် သေခြင်းအကြောင်းကို တွေးနေသော်လည်း ယခင်တုန်းကလို ယောက်ယက်ခတ် မလှုပ်ရှားတော့ဘဲ ငြိမ်းအေးနေသည်။ ခုတင်ဘေးက စားပွဲပေါ်ရှိ ဖန်ပန်းအိုးလေးထဲတွင် သူကြိုက်သော ရေမွှေးနှင်းဆီ အဖူးအငုံကလေးများကို ထိုးစိုက်ထားသည်။ ချစ်စဖွယ် အငုံအဖူးကလေးများသည် နက်ဖြန်လောက်ဆိုလျှင် ပွင့်အာလာကြမည် ဖြစ်သည်။ ထို့နောက် စွင့်စွင့်ကားကားနှင့် အလှကြီးလှလာကြပြီး သူ၏အိပ်ခန်းကလေးကို ရနံ့မွှေးမွှေးလေး တသင်းပျံ့ပျံ့နေအောင် စွမ်းဆောင်ပေးကြမည်ဖြစ်သည်။ ထို့နောက် ထို့နောက်တွင်ကာ တဖြည်းဖြည်းနှင့် နွမ်းလာ ပျော့လာ ငိုက်လာပြီး ညှိုးလျလာကြမည်။ ကြွေရမည် ဖြစ်လေသည်။
“အင်း ဖူးရာက ငုံ၊ ငုံရာက ပွင့်၊ ပွင့်ရာကညှိုး၊ ညှိုးရာကနေပြီး နွမ်းခြောက်လာရမှာပဲ။ ဒါဟာ ပန်းကလေးရဲ့သဘာဝပဲလေ၊ လူဆိုတာလဲ ပန်းလိုပါပဲလေ၊ ငါလဲ မကြာခင် နွမ်းခြောက်တော့မှာပေါ့”
ဦးဘပွား၏မျက်လုံးများသည် ပန်းပွင့်လေးများကို စူးစိုက်ကြည့်နေရာမှ ပန်းအိုးအောက်ခြေတွင် ဖိထားသော စာအိတ်ကလေးဆီသို့ ရောက်သွားသည်။ အိတ်ထဲမှ စာကို သုံးလေး ငါးခေါက် ဖတ်ပြီးပြီမို့ အလွတ်ရနေသည်။
"ဖေဖေခင်ဗျား....
ကျွန်တော် လက်ထပ်လိုက်ပါပြီ။ မိန်းကလေးက ? ဂျပန်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်အမျိုးသမီးလေးပါ၊ သဘောကောင်းပါတယ်။ ကျွန်တော်တို့ အခုအလုပ်က နှစ်စေ့ရင် အဲဒီဂျပန်ကုမ္ပဏီမှာ ပြောင်းပြီး အလုပ်လုပ်ဖို့ စီစဉ်ထားပါတယ်၊ အဲဒီက လခပိုကောင်းပါတယ်။ နေရေးထိုင်ရေးလဲ အဆင်ပြေပါတယ်။ ကျွန်တော်တို့လက်ထပ်ပွဲတုန်းက ဓာတ်ပုံတချို့ ထည့်ပေးလိုက်ပါတယ်။ ဖေဖေရော ကျန်းမာနေကောင်းပါရဲ့လား ခင်ဗျား" တဲ့။
ဦးဘပွားက အလွတ်ရနေသော စာကြောင်းလေးများကို စိတ်ထဲမှ ပြန်ရွတ်ကြည့်နေမိရင်း ခွင့်လွှတ်သောအပြုံးကို ပြုံးလိုက်မိသည်။ သူ၏အိမ်ထောင်ရေးကိစ္စကို ဖခင်ဖြစ်သူအား ခွင့်တောင်းခြင်းသော်လည်းကောင်း၊ သင့်မသင့် တိုင်ပင်ခြင်းကိုသော်လည်းကောင်း လုံးဝမပြုလုပ်ဘဲ လက်ထပ်ပြီးကာမှ သူစိမ်းတစ်ဦးကို အသိပေးသလို အသိပေးရုံမျှသာ ပေးခဲ့ခြင်းအတွက် စိတ်ထဲတွင်လည်း ထိခိုက်မနေချင်တော့ပေ။ သူ၏သားလတ်တုန်းကလည်း ထိုသို့ပင် သိရုံမျှ သိခဲ့ရသည်မို့ သူ့မှာ ခံနိုင်ရည်ရှိနေပေပြီ။
ကုတင်ဘေးပေါ်ရှိ စားပွဲပေါ်မှ ဓာတ်ပုံလေးများကို လှမ်းယူပြီး ဦးဘပွားက အသာမြှောက်ကြည့်လိုက်သည်။ အမိုးချွန်ချွန် ဘုရားကျောင်းတစ်ခုရှေ့ဝယ် အနောက်တိုင်းဝတ်စုံ ကိုယ်စီဝတ်ထားသော မြန်မာပြည်မှ သတို့သားနှင့် ဖိလစ်ပိုင်မှ သတို့သမီးတို့ကို တွေ့ရသည်။ သတို့သမီးက အသားညိုသော်လည်း ဖြူလွသော ဂါဝန်ရှည်ကို ဝတ်ဆင်ပြီး အဖြူရောင်ပန်းပွင့်များပါသော ပန်းစည်းကို ပွေ့ပိုက်ထားလေသည်။ သားငယ်သည် ရယ်ခဲပြုံးခဲလှသော်လည်း ဓာတ်ပုံထဲတွင်တော့ ပြုံးရယ်နေသည်ကို တွေ့ရသည်။
“အင်း... မြန်မာယောက်ျားနဲ့ ဖိလစ်ပိုင်မိန်းမတို့ သူတို့တွေ ဘယ်အရပ်တိုင်းပြည်မှာ ဘယ်နိုင်ငံသားအဖြစ် အခြေချကြမှာလဲ”
ဦးဘပွားက ဓာတ်ပုံလေးကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်။
“ဪ ... သူတို့တွေကို ဖြတ်မှ”
ထို့နောက် မျက်စိကိုစုံမှိတ်ကာ စိတ်ထဲသို့ ပြေးဝင်လာသော အတွေးများကို ဖြတ်သည်။ သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း မစွဲလမ်း မတွယ်တာချင်သော်လည်း သူ၏စိတ်အာရုံကို သားသမီးတို့က အစဉ်လွှမ်းမိုးထားတတ်သည်။ သားငယ်ကို တွန်းထုတ်လိုက်လျှင် သားလတ်က ဝင်လာသည်။ သားလတ်က ထွက်သွားပြန်တော့ သမီးကြီး ဝင်လာပြန်သည်။ တစ်ခါတရံလည်း အိပ်မက်ထဲတွင် သားတွေ၊ သမီးတွေ၊ မြေးတွေက သူ့တွင် ဝိုင်းဝိုင်းလည်နေပြီး သူက စကားတွေ တဖောင်ဖောင် ပြောနေမိတတ်သည်။ (အပြင်လောကတွင် သူက သားတွေ သမီးတွေနှင့် တစ်ခါမျှ ထိုသို့ မနေခဲ့ဖူးချေ။)
“သူတို့တွေက ပညာလဲစုံကြပြီ၊ ကြင်ယာလဲ စုံကြပြီ၊ စီးပွားဥစ္စာလဲစုံကြပြီ၊ ဘပွားဆိုတဲ့ အဘိုးကြီးတစ်ယောက် အသက်ရှင်နေသေးသည်ဖြစ်စေ၊ သေသွားပြီဖြစ်စေ သူတို့အတွက် ဘာဆိုဘာမှ မထူးခြားဘူး၊ သူတို့တွေအတွက် အစစ အရာရာ ပြည့်စုံနေပြီ၊ ဒါကို မင်းသိသားနဲ့ မင်းစိတ်ကို မင်း မထိန်းနိုင်ဘူးလား”
ဦးဘပွားက သူ့ကိုယ်သူ ဆုံးမသည်။ ဂယက်ထပြီး လှုပ်ရှားနေသောစိတ်ကို ဆွဲ၍ စုပြီး ငြိမ်အောင် ကြိုးစားသည်။ တစ်စစီ တစ်မျှင်စီ လွင့်ပါးနေသော စိတ်အမျှင်များက လွယ်လွယ်နှင့် စုစည်း၍ မရပေ။
“လာပါဟဆိုရင် မလာ၊ ငြိမ်ပါဟဆိုရင်လဲ မငြိမ်၊ ငါ့စိတ်ကိုလဲ ငါမနိုင်၊ ငါ့ခန္ဓာကိုယ်လဲ ငါမပိုင်၊ မနာပါနဲ့လို့လဲ တားမရ၊ မသေပါနဲ့လို့လဲ တားမရ”
ဦးဘပွားက အသက်ကို မှန်မှန်ရှူပြီး ထွက်သက်နှင့်ဝင်သက်ကို မှတ်သည်။ နှာသီးဖျားကို ဖြတ်ပြီး အေးခနဲဝင်သွားသောလေနှင့် နွေးခနဲပြန်ထွက်လာသော လေတို့တွင် သူ့စိတ်က ခေတ္တမျှ ကပ်လျက်ပါနေပြီး ဖျတ်ခနဲ ပြန်၍ လွင့်ထွက်သွားပြန်သည်။
“ဘာမှ မပြည့်စုံတာက ကိုဦးတို့မောင်နှမတွေပဲ၊ တကယ်သနားစရာကောင်းတာက အဲဒီကလေးတွေပဲ”
သည်တစ်ခါတွင်တော့ သူ့စိတ်က ကိုဦးတို့ဆီ လွင့်ပါသွားသည်။ သည်အိမ်ထဲမှာ သူတို့နှင့်အတူ နေခွင့်ရပြီဟု ဆိုတော့ ရေထိသောပန်းကလေးလို လန်းသွားသော ကဲကဲ၏မျက်နှာလေးကို မြင်ယောင်လာသည်။
“မိကဲရေ ငါတို့တွေ မခွဲရတော့ဘူး။ အတူတူနေရတော့မှာဟ”ဟုကျိတ်ကျိတ်လေး အော်လိုက်သော ကိုတူးလေး၏အသံကိုလည်း ကြားယောင်လာသည်။
“သူတို့တွေ သိပ်ကို စိတ်ချမ်းသာပြီး သိပ်ပျော်သွားကြတယ်”
ထွက်သက်ဝင်သက်ကို မေ့တစ်ချက် လျော့တစ်ချက် မှတ်နေရင်း ဦးဘပွား၏မျက်နှာတွင် အပြုံးရိပ် ထင်လာသည်။
“သူတို့လေးတွေ ပျော်အောင် စိတ်ချမ်းသာအောင် ငါလုပ်ပေးခဲ့နိုင်တယ်”
ဦးဘပွားသည် သူ့၌ အချိန်များများ မကျန်တော့ကြောင်း သူ့ကိုယ်သူ သိသည်။ ထို့ကြောင့် သူ၏ဘဏ်စာရင်းမှ ငွေဆယ်သိန်းကို ထုတ်ယူပြီး ဦးကံမြင့်လက်သို့ အပ်ထားလိုက်ပြီးဖြစ်သည်။
“ကျုပ်မရှိတော့တဲ့ အချိန်ကျမှ အဲဒီငွေတွေကို ကလေးတွေအတွက် ဘဏ်မှာ သီးသန့်အပ်ပေးပါဗျာ၊ အဲဒီက ရတဲ့ အတိုးဟာ ဒီကလေးလေးယောက်အတွက် စားစရိတ်၊ ကျောင်းစရိတ်၊ ကျန်းမာရေးစရိတ် အစစအရာရာ အတွက်ပေါ့လေ ပြည့်စုံပါလိမ့်မယ်လို့ မျှော်လင့်ရတာပဲ”
“အင်း... ကြက်သားတစ်ပိဿာ တစ်ထောင်၊ ဝက်သားတစ်ပိဿာ ရှစ်ရာ၊ ဘဲဥတစ်လုံး ငါးဆယ် မဖြစ်သေးဘူး ဆိုရင်တော့ ခင်ဗျားရဲ့ ငွေက လောက်မှာပါ”
ဦးကံမြင့်က သူ့စိတ်ကို ပေါ့ပါးစေလိုဟန်နှင့် ရယ်စရာပြောခဲ့သေးသည်။ ထို့ပြင် သူက သူ ယခုနေသည့် အခန်းကလေးကိုတော့ ကိုကောင်းထက်ကို ပေးချင်သည်။ သို့သော် သည်အတိုင်းတော့မဟုတ်။ ကိုကောင်းထက်နှင့် မမွှေးကြူတို့အတွက် မင်္ဂလာလက်ဖွဲ့ အနေနှင့် ပေးချင်နေသည်။ အူတူတူအတတ ကိုကောင်းထက်ကို သူက မမွှေးကြူ နှင့် အမြန်ဆုံး အဆင်ပြေပြီး ကလေးများ၏မိဘနေရာတွင် အစားဝင်စေချင်သောဆန္ဒက ရင်ထဲတွင် အတော်ကြီးမားနေသည်။
သူသည် လောကကောင်းကျိုးကိုသော်လည်းကောင်း၊ တိုင်းပြည်ကောင်းကျိုးကိုသော်လည်းကောင်း၊ မြို့ရွာကောင်းကျိုးကိုသော်လည်းကောင်း၊ နောက်ဆုံး ရပ်ရွာကောင်းကျိုးကိုသော်လည်းကောင်း၊ ဘာတစ်ခုမှ မည်မည်ရရ မဆောင်ရွက်ခဲ့ဖူးချေ။ ရေစုန်တွင် လှေကြုံစီးရင်း ဘဝကို သက်သက်သာသာလေး ဖြတ်သန်းခဲ့ရသူဖြစ်သည်။ ယခုတော့ သူ့ပတ်ဝန်းကျင် ကွက်ကွက်ကလေးထဲတွင် လှုပ်ရှားနေသော လူသားများကို စိတ်ချမ်းသာ ပျော်ရွှင်မှုကို
လက်ဆောင်အဖြစ် ပေး??သည်။ သူတို့တွေ ပျော်ကြလိမ့်မယ်၊ ဝမ်းသာကြလိမ့်မယ်၊ အံ့သြသွားကြလိမ့်မယ်ဟု တွေးရင်း သူက တစိမ့်စိမ့်နှင့် ကြည်နူးနေချင်သည်။
“အန်ကယ်ကြီး အိပ်နေလား ခင်ဗျ "
ကိုကောင်းထက်က အိပ်ခန်းဝမှရပ်၍ အသံပြုသည်။ သူက မျက်စိကို ဖွင့်ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးပြတော့မှ အခန်းထဲ လှမ်းဝင်လာသည်။
“နွားနို့စစ်စစ်ကလေးရလို့ နို့ဆန်ပြုတ်ကလေး ပြုတ်လာတာ၊ ပူပူနွေးနွေးလေး သောက်လိုက်ပါလားခင်ဗျ”
အငွေ့ထွက်နေသော ပန်းကန်ထဲမှ နို့ဆန်ပြုတ်ရနံ့သည် မွှေးပျံ့ ချိုဆိမ့်နေသည်။
“အင်း... ဒီလူပျိုကြီးလဲ တကယ့်ကို မိန်းမရဖို့ ကောင်းနေပါပြီ”
ဦးဘပွားက ခုနတုန်းက တွေးမိသောအတွေးကို ပြန်တွေးမိသည်။ ဦးဘပွား အိပ်ရာထဲမှ လက်ထောက်၍ ထတော့ ကိုကောင်းထက်က ခေါင်းအုံးများကို ဆင်း၍ ထပ်ကာ ကျောမှီ လုပ်ပေးသည်။ အဆင်သင့်ယူလာသော လက်သုတ်ပဝါသန့်သန့်လေးကို ပေါင်ပေါ် တွင် ဖြန့်ခင်းပေးသည်။
“မနက်စာကိုတော့ ဖွားရွှေက ကြက်သားမြူစွမ် ကောင်းတယ်တဲ့၊ မမွှေးကြူက ထမင်းဖြူလေးကို ကြက်သားပြုတ်ကြော်လေးနဲ့ နောက်ပြီး ဂုံမင်းဟင်းခါးလေးနဲ့စားရင် ခံတွင်းပေါက်မယ် ထင်တယ်တဲ့၊ အန်ကယ်ကြီး အချဉ်စားချင်ရင် ရှောက်သီးသုတ်ပေးမယ်တဲ့”
“နောက်တော့ ဘာများအတည်ဖြစ်သွားလဲ”
“အဲဒါတော့ မသိဘူးခင်ဗျ၊ သူတို့ချင်းတော့ ငြင်းနေကြတာပဲ”
ကိုကောင်းထက်၏လက်ထဲမှ ဆန်ပြုတ်ပန်းကန်လေးကို လှမ်းယူရင်း ဦးဘပွားသည် “အသက်ရယ် ...သုံးလေးနှစ်လောက်ကလေးများ ထပ်ပြီး ရှည်လိုက်ပါတော့..” ဟု တောင့်တောင့်တတကြီး တွေးလိုက်မိသည်။
သူတမ်းတလိုချင်ခဲ့သော ဘဝသည် ထိုသို့သောဘဝဖြစ်သည်။ သားတွေ မြေးတွေ ဝိုင်းနေသောဘဝ၊ ဖြူစင်သောမေတ္တာရနံ့နှင့် အကြင်နာတရားတို့ သင်းပျံ့ထုံမွှန်းနေသော ဘ၀၊ ထိုဘဝတွင် သူ အသက်ရှည်ကြာ နေရတော့မည် မဟုတ်သည့်အတွက်ကိုကား အတန်ငယ် ဝမ်းနည်းချင်သည်။ သူယူလာသော ဆန်ပြုတ်လေးကို ဦးဘပွားက နှစ်နှစ်သက်သက် သောက်နေသည့်အတွက်လည်း ကိုကောင်းထက်က ဝမ်းသာနေသည်။
အခုတော့ သူတို့အခန်းလေးခန်းသည် အကုန်လုံးအလိုလို ပေါင်းမိပြီး အိမ်တစ်အိမ်တည်းလို ဖြစ်သွားသည်။ သူတို့တစ်တွေသည်လည်း မိသားစုကြီးလို ဖြစ်သွားသည်။ မည်သူကမျှ ကြိုးစားပြီး အတင်းဖန်တီး တိုက်တွန်းခဲ့သည် မဟုတ်ဘဲ သူ့အလိုအလျောက်ပင် ထိုကဲ့သို့ ပုံစံဝင်သွားခြင်း ဖြစ်သည်။
ဦးဘပွား ဆန်ပြုတ်သောက်ကောင်းနေစဉ်ပင် မမွှေးကြူနှင့်ကိုဦး ရောက်လာကြသည်။ မသပ်မရပ်ဖြစ်နေသော စာအုပ်များကို ရှင်းပြီး စောင်များကို ခေါက်ပေးသည်။ ခဏနေတော့ ဦးထင်က ပရိတ်ရည်ပုလင်းနှင့် ရောက်လာပြန်သည်။
“ငါ အရင်တုန်းက ဘာလို့များ သူတို့ကို ကြည့်လို့မရခဲ့တာပါလိမ့်”
ဦးဘပွားက သူ့ကိုယ်သူ အပြစ်တင်မိသည်။ မိမိပတ်ဝန်းကျင်ရှိ လူများကို မယုံကြည်ဘဲ အထင်အမြင်သေးကာ မုန်းတီးနေခြင်းသည် ရင်ထဲတွင် တငွေ့ငွေ့လောင်နေသော မီးလို နှလုံးသားကို တရှိန်ရှိန် လောင်ကျွမ်းစေကြောင်း သူသိခဲ့ပြီးဖြစ်သည်။ အခုတော့ သူသည် သူ၏တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် သူ့ဝန်းကျင်ရှိ လူများကို သူယုံကြည်ခဲ့ပြီး မေတ္တာထားနိုင်ခဲ့ပြီဖြစ်သည်။ ထိုသူတို့၏ မေတ္တာ၊ စေတနာနှင့် အပြုအစု၊ အကြင်နာတရားတို့ကို ယုံကြည်စိတ်ချစွာ ခံယူရသည်မှာလည်း စိတ်ထဲတွင် မည်မျှအေးချမ်းပြီး ချမ်းသာကြည်နူးရကြောင်း သူသိနေရပြီ ဖြစ်လေသည်။
သို့သော် ထိုအေးချမ်းကြည်နူးမှုများကို သူ မကြာမီ ထားခဲ့ရတော့မည်ဟု တွေးရင်း ဦးဘပွားက သက်ပြင်းကို မသိမသာ ရှိုက်မိသည်။ သူ့တွင် အချိန်များများ မကျန်တော့သည်ကိုတော့ သူ အမြဲ သတိရနေမိလေသည်။
“ကလေးတွေအတွက် စီစဉ်စရာရှိတာတွေကို ကျုပ်ခရီးမထွက်ခင် စီစဉ်ပေးခဲ့ပါ့မယ်”
သူက စကားစသည်။
“နေလဲမကောင်းဘဲနဲ့ အန်ကယ်ကြီးရယ်...ဘယ်သွားမှာလဲ”
မမွှေးကြူက မရဲတရဲ ပြောသည်။
“နေမကောင်းလို့ သွားရတာပေါ့ ကျုပ်တူမရယ်"
“ဘဘကြီး... ကြာမှာလားဟင်”
“အင်း... ကြာမယ်”
“အဝေးကြီးကိုလား... ”
“အင်း... ဝေးမှာပေါ့ ကိုဦးရာ”
ဦးဘပွားက သူ့အဓိပ္ပာယ်နှင့်သူ ဖြေရင်း ပြုံးနေသည်။ အခုတော့ သူသည် သေခြင်းတရားကို တကယ်ပင် တည့်တည့် ရင်ဆိုင်ကြည့်နိုင်ခဲ့ပေပြီ။
“ဘဘကြီး ... သင်္ကြန်ပြီးမှ သွားမှာမဟုတ်လား ဟင်”
“အင်း ...ဘဘကြီးလဲ သင်္ကြန်ပြီးမှပဲ သွားချင်တာ"
"ဒီလိုဆို”
ကိုဦးက ဦးဘပွား၏မျက်နှာကဲကို ကြည့်ကာ အတန်ငယ် ထစ်သွားသည်။
“ဒီလိုဆို... သင်္ကြန်တွင်းမှာ ကျွန်တော် အဲ ကျွန်တော်နဲ့ကိုတူးတို့...”
“အေး...ပြော...မင်းနဲ့ကိုတူးတို့ ဘာလုပ်ချင်သလဲ"
ဦးဘပွားက စကားထောက်ပေးသည်။
“ကျွန်တော်နဲ့ ကိုတူးတို့ ...ကိုရင် ...အဲ...ကိုရင် ဝတ်ချင်လို့ပါ”
“ဪ...ကိုဦးရယ်”
“ဘွားရွှေက ပြောတယ်၊ သားသမီးက သာသနာ့ဘောင်မှာနေပြီး အမျှအတမ်းဝေရင် မိဘအတွက် သိပ်ပြီး ကောင်း ...”
မျက်ရည်တွေ လည်နေသော ကိုဦးအား ကြည့်ရင် ဦးဘပွား ရင်ထဲတွင် ဆို့နင့်လာသည်။
“ကဲကဲလဲ မယ်သီလရင် ဝတ်မယ်တဲ့”
“ကောင်းတာပေါ့ကွယ်”
ဦးဘပွား စိတ်ထဲမှနေပြီး...“ငါသေရင်လဲ ငါ့အတွက် အမျှအတန်းပေးပါ ကလေးရယ်” ဟု ပြောမိသည်။
“မင်းတို့ ကြီးကြီးကျယ်ကျယ် ရှင်ပြုချင်လို့လား"
“မဟုတ်ပါဘူး”
ကိုဦးက ခေါင်းခါသည်။
“ဘဘကြီးဆီက ခွင့်တောင်းတာပါ၊ ကျွန်တော် ရိုးရိုးပဲ ကိုရင်ဝတ်ချင်တာပါ”
“ဝတ်ပါကိုဦးရယ်.......ကောင်းတဲ့အလုပ်လုပ်တာ ဘဘကြီးက ဘာလို့ ခွင့်မပေးရမှာလဲ”
ဦးဘပွားက စကားအဆုံးတွင် ချောင်းဆိုးသည်။ သလိပ်ဟပ်လိုက်လျှင် သွေးစအနည်းငယ်ပါလာမည်ကို သူ့ကိုယ်?? သိသော်လည်း သူတို့ မမြင်စေချင်သဖြင့် ?မှိတ်ပြီး ပြန်မျိုချလိုက်သည်။
“ကျွန်တော်က ဘဘကြီးကို စိတ်မချလို့ပါ”
“ဘာဖြစ်လို့လဲ”
“ဘဘကြီးက နေမှမကောင်းဘဲ”
သူ့အတွက် တစ်စုံတစ်ခုကို အမြဲတမ်း ဆောင်ရွက်ပေးချင်နေသော အကြင်နာတရားနှင့် မေတ္တာတရား ယှက်သန်းနေသော ကိုဦး၏မျက်လုံးလေးများကို ဦးဘပွားက ကျေကျေနပ်နပ်ကြီး ငေးကြည့်နေမိသည်။
“မင်းက ဘဘကြီးအတွက် ဘာလုပ်ပေးချင်လို့လဲ"
“ကျွန်တော် ဘာလုပ်ပေးရမလဲ”
ကိုဦးက ပြန်မေးသည်။
“ဘဘကြီးအတွက် မင်းလုပ်ပေးနိုင်တာတော့ ရှိတယ်၊ ဒါပေမယ့် အခုတော့ မဟုတ်ဘူး”
“ဘယ်တော့လဲ၊ ဘာလုပ်ပေးရမှာလဲ”
ဦးဘပွား၏ရင်ထဲတွင် ပြင်းပြစွာ နာလာသည်။ တကျွတ်ကျွတ်နှင့် စုတ်သပ်လိုက်ချင်သော်လည်း ညည်းလိုက်ချင်သော်လည်း ထိုဝေဒနာများကို အံကြိတ်ပြီး တင်းခံလိုက်သည်။
“မင်း ဘယ်လောက်နာအောင် လုပ်နိုင်မှာလဲ။ ငါမမှုဘူးကွာ၊ ငါတင်းပြီးခံမှာပါ၊ အေး ... မခံနိုင်တဲ့နေ့ကျတော့လဲ သေလိုက်ရုံပေါ့၊ ဟုတ်ဘူးလား”ဟု သူ့ရင်ထဲမှ အသည်း၊ အဆုပ်နှင့် ကလီစာများကို သူကပြန်ပြီး မခန့်လေးစား ပြောနေမိပြန်သည်။
“ဘဘကြီး ပြောလေ၊ ကျွန်တော် ဘာလုပ်ပေးရမှာလဲ”
“မင်းတို့အသက်ကြီးလာတဲ့အခါ...ပညာတွေ စုံတဲ့အခါ...”
ကိုဦးက သူဘာဆက်၍ ပြောမည်နည်းဟု စိတ်အားထက်သန်စွာနှင့် နားစွင့်နေသည်။
“မင်းတို့ ပညာတွေ စုံလာတဲ့အခါကျတော့ အလုပ်လုပ်ကြရလိမ့်မယ်၊ ဒီပြည်မှာ မဟုတ်ဘဲ ဒီ့ပြင်တိုင်းပြည်မှာလဲ လုပ်ချင်လုပ်ကြရလိမ့်မယ်”
ကိုဦးက ခေါင်းညိတ်သည်။
“ကိုယ့်နိုင်ငံထက် ပိုပြီး တိုးတက်ထွန်းကားတဲ့၊ ဖွံ့ဖြိုးချမ်းသာတဲ့ တိုင်းပြည်တွေမှာ သွားပြီး အလုပ်လုပ်ကြတာကို ဘဘကြီး အားပေးတယ်၊ သဘောလဲကျတယ်"
ဦးဘပွားက စကားကို ခေတ္တရပ်ကာ ကိုဦးအား စိုက်ကြည့်ရင်း ခပ်သဲ့သဲ့ပြုံးသည်။
“ငါ ဒီလို အလုပ်တွေကို လုပ်နိုင်အောင်၊ ဒီလို နိုင်ငံခြားငွေတွေကို ရှာနိုင်အောင်၊ ဒီပညာကို ငါတို့ရဲ့ အမိနိုင်ငံက သင်ပေးလိုက်တာပါလား ဆိုတာကိုတော့ ဘယ်တော့မှ မမေ့စေချင်ဘူး၊ ငါတို့နိုင်ငံက ဆင်းရဲလို့ ငါတို့တတ်တဲ့ ပညာကို ဒီမှာလာပြီး ရောင်းနေရတယ်လို့ သဘောထားပြီး သူတို့ဆီက အတတ်ပညာတွေ၊ နည်းစနစ်တွေကို အရယူပြီး ပြန်လာကြပါ။ ဒီအတတ်ပညာ၊ ဒီအတွေ့ အကြုံ၊ ဒီငွေကြေးတွေနဲ့ ငါတို့တိုင်းပြည်ကို ငါတို့ တစ်လှည့်ပြန်ပြီး အလုပ်အကျွေးပြုကြမယ်လို့”
ဦးဘပွားသည် မပြောစဖူး စကားကို အရှည်ကြီး ပြောရင်း အသံတွေ နစ်ဝင်သွားသည်။ သူ့သား သူ့သမီး အရင်းအချာများကို သူဘာကြောင့်များ အခုလို မပြောခဲ့မိပါလိမ့်ဟု တွေးတောပြီး နောင်တကြီးစွာ ရနေသည်။
“နောက်ဆုံးတော့ ငါ့အပြစ်ပါပဲလေ။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဆိုတာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို ငါကိုယ်တိုင် လေးလေးနက်နက် မတွေးခဲ့မိဘူး”
သူကိုယ်တိုင်က နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို ပေါ့ပေါ့တန်တန်ပင် သဘောထားခဲ့မိသည်ကတော့ အမှန်ပင်။ သည်တော့လည်း သူလိုဖခင်နှင့် လိုက်ဖက်ညီသော သားသမီးများကိုသာ သူရရှိခဲ့သည်။ သူ့သားသမီးများသည် သူတို့သည် မြန်မာလူမျိုးဖြစ်သည်ကိုလည်းကောင်း၊ သူတို့နိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ကိုလည်းကောင်း ရင်ထဲ၌ စွဲမိကြဟန်မတူ။ ကမ္ဘာမကြေသီချင်းမှ “ဒါတို့ပြေ... ဒါတို့မြေ...တို့ပိုင်တဲ့မြေ”ဟူသော အပိုဒ်ကို သီဆိုရင်း ကြက်သီးမွှေးညင်း ထဖူးခဲ့ဟန်မရှိ။ သူက သက်ပြင်းကို မျဉ်း၍ချမိသည်။
“ဒါတွေဟာ ငါ့အပြစ်ချည်းပဲ၊ ငါညံ့ခဲ့တာပါပဲ”ဟု တွေးရင်း မျက်ရည်လည်လာသည်။ ထို့နောက် ကိုဦးကို စေ့စေ့ကြည့်ကာ တစ်လုံးချင်း ပြောမိသည်။
“ငါဟာ မြန်မာ့လူမျိုး၊ ငါ့နိုင်ငံဟာ မြန်မာနိုင်ငံဆိုတာ အမြဲသတိရနေဖို့၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကျေးဇူးမကန်းဖို့”
“ဖေဖေက ကျွန်တော်တို့ကို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တတ်အောင် အမြဲသင်ခဲ့ပါတယ် ဘဘကြီး”
ကိုဦးက ခပ်တိုးတိုး ပြောသည်။
“အေး ...ဘဘကြီးကတော့ ဘဘကြီးရဲ့ သားသမီးတွေကို မင်းအဖေလို မသင်ခဲ့မိဘူး ကိုဦးရယ်”
ဦးဘပွား၏အသံ တုန်ယင်ပြီး အက်ကွဲနေသည်။
“နောင်တစ်ချိန်မှာ မင်းဟာလဲ အဖေဖြစ်လာဦးမှာပဲ ကိုဦး။ အဲဒီအချိန်ကျတော့ မင်းရဲ့သား မင်းရဲ့ သမီးလေးတွေကို ဘဘကြီးရဲ့ အကြောင်းကို ပြောပြပါ”
“ဘဘကြီးရဲ့ အကြောင်း...”
ကိုဦးက ဦးဘပွားအား နားမလည်သလို ကြည့်သည်။
“ဟုတ်တယ်။ သူ့ရဲ့ သားသမီးတွေကို ကိုယ့်ပြည်၊ ကိုယ့်မြေ၊ ကိုယ့်အမျိုးကို ချစ်တတ်၊ အထင်ကြီးအောင် မသင်ကြားခဲ့၊ မပြနိုင်ခဲ့တဲ့ ဟောဒီက ဘဘကြီးရဲ့ အကြောင်းကိုလေ။ လူတစ်ယောက်ဟာ နိုင်ငံကို မချစ်ရင် အမျိုးကိုလဲ အထင်မကြီးတော့ဘူး၊ ကိုယ့်ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်သင့်တယ် ဆိုတာကိုလဲ သတိမရတော့ဘူး၊ ဒီတော့ သူ့ရဲ့ မျိုးဆက်ဟာလဲ ဘယ်စစ်နိုင်တော့မှာလဲ။ မျိုးဆက်ဆိုတာဟာ ပျက်ပြီဆိုရင် တဖြည်းဖြည်းနဲ့ တိမ်ကောပြီး ပျောက်သွားတတ်တယ်၊ အဲဒါကို အမြဲသိထားဖို့လိုတယ်”
ဦးဘပွားက ကြေကွဲစွာ ပြောသည်။ သားအလတ်မှ မွေးသော မျက်လုံးပြာပြာနှင့်မြေးကလေးကို မြင်ယောင်နေသည်။ ထို့နောက် သမီးကြီးမှမွေးသော သူ၏မြေးများ။ ဟိုမှာနေ၊ ဟိုမှာကြီးပြီး မြန်မာစကားပင် မတတ်ကြတော့သော သူ၏မြေးများ။ မြန်မာနိုင်ငံဟူသည် ကမ္ဘာ့မြေပုံထဲတွင် မြင်လျှင်ပင် ဒါဟာ ငါတို့ရဲ့ ဇစ်မြစ် အမိနိုင်ငံပါလားဟု ယောင်၍ပင် တွေးတောမည်မဟုတ်လေသည့် သူ၏မြေးများ။ ထိုမြေးများသည် ဟိုနိုင်ငံအသိုင်းအဝိုင်းတွင် နေပျော်နေပြီမို့ ဟိုနိုင်ငံသားတို့နှင့် လက်ထပ်ထိမ်းမြားကာ ဟိုနိုင်ငံသားလေးများကို မွေးထုတ်ကြတော့မည် ဖြစ်သည်။
“ဦးဘပွားဆိုတဲ့ လူကြီးတစ်ယောက်ရဲ့ မျိုးဆက်ဟာ ဘာ့ကြောင့် ပျောက်သွားရတယ်ဆိုတာ နှောင်းလူတွေ သိဖို့လိုလိမ့်မယ်”
ဦးဘပွားက အိပ်မက်မက်နေသူလို မူးယစ်ရီဝေစွာ ပြောသည်။ အခန်းထဲမှ လူများသည် အားလုံး ငြိမ်နေကြသည်။ ဦးဘပွား၏ရင်ထဲမှ ဝေဒနာကို ခုမှ တစ်စွန်းတစ်စ လှမ်းမြင်ပြီး တအံ့တသြ ဖြစ်နေကြသည်။ ဖြေသိမ့်စကားကိုလည်း မပြောတတ်ကြ၊ သားတွေ သမီးတွေအကုန်လုံး နိုင်ငံခြားရောက်နေသော လိုတရနေသည့် လူချမ်းသာကြီးဟု ထင်မှတ်ထားမိသော ဦးဘပွားကို အထီးကျန်ကြီးဟု သိရလေသောအခါ သူတို့ ဘာစကားကို ပြော၍ ဘယ်လိုဖြေသိမ့်ရမည်နည်း စဉ်းစား၍မရကြချေ။
“ကဲ...ဒီတော့”
ဦးဘပွားက ပင့်သက်ကို တစ်ဝကြီး ရှိုက်၍ရှူကာ အသံကို မြှင့်လိုက်သည်။ ကိုဦး၏မျက်လုံးများကို တည့်တည့် စူးစိုက်၍ ကြည့်သည်။
“မင်း ဘဘကြီးအတွက် တစ်ခုခုလုပ်ပေးချင်တယ် ဆိုရင် ကိုယ့်တိုင်းပြည်ကိုချစ်ပါ၊ ကိုယ့်လူမျိုးကို ချစ်ပါ။ နောက်ပြီး ကိုယ့်အမျိုးကိုလဲ မတိမ်ကော၊ မပျောက်ပျက်ရအောင် စောင့်ရှောက်ပါ။ ဒါဆိုရင် ဘဘကြီး နောက်နောင် ဘဝအထိ ဝမ်းသာရ၊ စိတ်ချမ်းသာရမှာပါ”
ကိုဦးက ညင်သာစွာ ပြုံးသည်။
“ဖေဖေတို့ မေမေတို့ကလဲ အခု ဘဘကြီး ပြောသလို အမြဲပြောခဲ့တာပါ ဘဘကြီးရယ်၊ ကျွန်တော် ကတိပေးပါတယ်၊ ကျွန်တော့်တစ်ယောက်တည်းအတွက် သာမကဘူး၊ ကိုတူးအတွက် ကဲကဲအတွက် နောက်ပြီး ညီလေး ကံကောင်းအတွက်ကိုပါ ဘဘကြီး ဖြစ်စေချင်သလို ဖြစ်ရမယ်လို့ ကျွန်တော်ကတိပေးပါတယ်”
“သာဓုဗျာ.. သာဓု ... သာဓု”
ဦးဘပွားက ကြည်နူးစွာ ရေရွတ်သည်။ ဆင့်ထားသော ခေါင်းအုံးများပေါ်သို့ ခေါင်းကိုမှီချလိုက်ကာ မျက်စိကို စုံမှိတ်ထားလိုက်သည်။ သူ့မျက်လုံးအိမ်တွင် တဝေ့ဝေ့လည်လာသော မျက်ရည်များကို သူများမြင်မှာစိုးသည့်အတွက်ကြောင့် ဖြစ်သည်။ သို့ပါသော်လည်း မျက်လုံးထောင့်စွန်းမှ သွယ်ပြီး စီးကျလာသော မျက်ရည်များကို သူ မထိန်းနိုင်ခဲ့ပေ။
“အခုလို လှဲနေရင်း ညင်ညင်သာသာလေး သေသွားရင် ဘယ်လောက်များ ကောင်းလိုက်မလဲ” ဟုစိတ်ထဲမှ တွေးနေမိသည်။ အခုလို စိတ်ချမ်းသာနေတုန်း ကြည်နူးနေတုန်း သူသေလိုက်ချင်သည်။
“အန်ကယ်ကြီး ဆန်ပြုတ်သောက်လိုက်ပါဦး”
ကိုကောင်းထက်က ခပ်တိုးတိုးပြောရင်း သူ့ကို အသာအယာ ထူမပေးသည်။ သူက ဟန်မပျက် ပြန်ထရင်း မျက်နှာကို မသိမသာပွတ်ကာ မျက်ရည်သုတ်သည်။ စိတ်ထဲတွင် ချမ်းချမ်းမြေ့မြေ့ ကြည်ကြည်နူးနူးကြီး ဖြစ်သွား၍ နို့ဆန်ပြုတ် ပူပူနွေးနွေးလေးကို ကုန်အောင် ဆက်၍သောက်လိုက်နိုင်သည်။
“ပရိတ်ရေလေးလဲ သောက်လိုက်ပါဦးဗျ”
ဆန်ပြုတ်ကုန်သွားတော့ ဦးထင်က ပရိတ်ရေ တိုက်ပြန်သည်။ ဦးဘပွားက တစ်ဖန်ခွက်လုံး ကုန်အောင် မော့သောက်ပစ်လိုက်သည်။ ဆန်ပြုတ်ကလည်းစွမ်း၊ ပရိတ်ရေကလည်း စွမ်း၊ အကြင်နာမေတ္တာတွေကလည်း စွမ်းသောကြောင့်လားတော့ မသိ၊ ဦဘပွားသည် အတော်ကလေး လန်းကာ ရွှင်လာသည်။
“ကျုပ် ခရီးထွက်ရဦးမှာဆိုတော့”
အခန်းထဲမှလူများ ပြန်လည် ထွက်ခွာမသွားမီ ဦးဘပွားက စကားပြန်စသည်။ သူ့ကို အမှန်တကယ်ပင် ခရီးရက်ရှည် ထွက်မည် ဟု ထင်နေကြသူများကို ကြည့်ကာ သူက ခပ်သဲ့သဲ့ ပြုံးနေမိသည်။
“ကျုပ်ခရီးသွားနေတဲ့အချိန်မှာ သူတို့ရဲ့ ဦးလေးတွေ အဒေါ်တွေက ဆွေမျိုးဝတ္တရားအရ လာခေါ်ကြဦးမှာပဲဗျ၊ ဒါကတော့ သူတို့ရဲ့ ဝတ္တရားပဲလေ”
“ကျွန်တော်တို့ ဒီမှာပဲနေချင်တယ်”
ကိုဦးက ခပ်တိုးတိုးပြောသည်။ ဦးဘပွား သဘောကျသလို ပြုံးသည်။
"ဒါကြောင့်မို့လို့ပေါ့၊ ဘဘကြီး ခရီးသွားတဲ့အခါ မင်းတို့ကို အစစအရာရာ အုပ်ထိန်းဖို့ စောင့်ရှောက်ဖို့”
ဦးဘပွားက ပရိတ်ရေပုလင်းကြီး ပိုက်ထားသော ဦးထင်ကို လှမ်းကြည့်ကာ အနိုင်ကျင့်သောအသံနှင့် ပြောသည်။
“ကျုပ်တော့ ဒီကလေးတွေကို ဦးထင်တို့သားအဖလက်ထဲကိုပဲ အပ်ခဲ့ရမှာပဲဗျ”
“စိတ်ချပါဗျာ”
ဦးထင်က လိုလိုလားလား ခေါင်းညိတ်သည်။ ဦးဘပွားအနေနှင့် အခုလို ပြောစရာပင်မလို၊ သူတို့အားလုံးက ကလေးများကို သွေးသားအရင်းအချာလို ပြုစုစောင့်ရှောက်ကြမည်သာ ဖြစ်သည်။ သို့သော် ယခုလို ဖွင့်ဟပြီး အပ်နှံလာပြန်တော့လည်း ကြည်နူးကျေနပ်မိသည်။
“ဟုတ်ရဲ့ လား မောင်ရင်လေး”
ဦးဘပွားက ခုတင်စွန်းတွင် ခပ်ကျုံ့ကျုံ့ထိုင်နေသော ကိုကောင်းထက်ထံမှ ထောက်ခံမဲ ထပ်တောင်းပြန်လေသည်။
“စိတ်ချပါ အန်ကယ်ရဲ့ ။ စိတ်ချပြီး သွားပါ၊ အန်ကယ်ကြီးပြန်လာတဲ့အထိ ကလေးတွေကို ကျွန်တော်တို့ အသေအချာ စောင့်ရှောက်ထားပါ့မယ်”
ကိုကောင်းထက်က သဘောရိုးနှင့် ပြောသည်။ ခုနတုန်းက မမွှေးကြူကို ဦးဘပွားက “နေမကောင်းလို့ သွားရတာပေါ့” ဟု ပြောလိုက်သဖြင့် နိုင်ငံခြားသို့ ဆေးကုသွားခြင်းပင် ဖြစ်ရမည်ဟု တထစ်ချ ယူဆနေမိသည်။
“ဒါပေမယ့် ကလေးတွေကို ကျွေးမွေးပြုစုတယ်၊ စောင့်ရှောက်တယ်ဆိုတာ ခက်သား။ အဲဒါကို ယောက်ျားတွေကလဲ သိပ်ပြီး နိုင်နင်းကြ ကျမ်းကျင်ကြတာ မဟုတ်ဘူးဗျနော”
ဦးဘပွားက မမွှေးကြူကို လှည့်ပြောသည်။ ကရုဏာစိတ်တွေကဲကာ တစ်ချိန်လုံး ငြိမ်နေသော မမွှေးကြူက ယောင်ယောင်ကန်းကန်းနှင့် ခေါင်းညိတ်သည်။
“အဲဒီပညာကို အမျိုးသမီးတွေကသာ တတ်ကျွမ်းကြ၊ နားလည်ကြတာ၊ ဟုတ်တယ်မဟုတ်လားဟင်... ကျုပ်တူမ”
မမွှေးကြူ ခေါင်းညိတ်လိုက်ပြန်တော့ ဦးဘပွားက အူရွှင်လာသလို ခပ်တိုးတိုးရယ်သည်။ ဦးဘပွား ဘာကို ဆိုလို၍ ဘာကိုဦးတည်ပြောနေမှန်း သူတို့မသိ၊ ရယ်ခဲပြုံးခဲလှသောသူ့ကို ပြုံးပြုံးရယ်ရယ် တွေ့ရသည့်အတွက်သာ တအံ့တသြ ဖြစ်ချင်နေကြသည်။
သို့သော် သူတို့ အံ့ဩ၍မှ မဆုံးမီ ဦးဘပွားဟူသည့် လူ့ခွစာကြီးက ပို၍ အံ့သြရုံမျှမက အားလုံးကို မှင်တက်မိသွားအောင် လုပ်ထည့်လိုက်သည်ကတော့ .."ဒီတော့ ဒီက မောင်ရင်လေး ကိုကောင်းထက်ကို ကျုပ်တူမကြီး မမွှေးကြူက လက်ထပ်ထိမ်းမြားခွင့်ပြုဖို့အကြောင်း ကျုပ်ကပဲ ကြားကနေပြီး အနူးအညွတ် တောင်းပန်ပါရစေလားဗျာ” တဲ့လေ။
ဆက်ရန်
-------------------------
#မစန္ဒာ
0 Comments