ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
________________________
အပိုင်း (၅)
ဆေးရုံကြီးရောက်လျှင် ခွဲစိတ်သည့် အခန်းရှိရာသို့ အပြေးအလွှား တက်ကြသည်။ အခန်းဝတွင် မိန်းမတစ်ယောက်သည် ငို၍နေပေသည်။ ဝင်းမြင့်နိုင်နှင့် အိမ်ဖော်ဖြစ်ဟန်တူသော မိန်းမကြီးတစ်ယောက်သည်လည်း အနားမှာ ရပ်လျက်ရှိ၏။
"အဲဒါ ဝင်းမြင့်အောင်တို့ရဲ့အမေ" ဟု ကိုထင်ပေါ်က ကျွန်မကို ခပ်တိုးတိုး ပြောလိုက်သည်။ ကိုထင်ပေါ်သည် ထိုမိန်းမအနားသို့ တိုးကပ်သွားကာ ကလေးအခြေအနေကို မေးလိုက်၏။
"မပြောနိုင်သေးဘူး ကိုထင်ပေါ်၊ ကျွန်မကိုလည်း ကြည့်ခွင့် မပေးသေးဘူး၊ အကြာကြီး အထဲမှာ နေရမှာ ထင်တယ်၊ ခြေနှစ်ချောင်းလုံးလိုလို ကျိုးသွားတာတဲ့"
ကတုန်ကရင်နှင့် ပြောကာ သူမမှာ ဆက်၍ ငိုပြန်ရှာသည်။
ရုပ်ရည်မှာ ချောလှသည် မဟုတ်သော်လည်း အသားအတော်ဖြူသော မိန်းမဖြစ်၏။ ဦးဝင်းမောင်က အဆက်အပေါက် ပို၍ချောဟန်ရှိပေသည်။ ဝင်းမြင့်နိုင်၏ပခုံးကို ကျွန်မသည် အသာ ဖက်ထားရင်း "ဆရာမဖြင့် ရင်တွေ တုန်နေတာပဲကွယ်၊ ခုလေးပဲ မင်းတို့နဲ့တွေ့ရပြီး မျက်စိအောက်က ပျောက်ကာရှိသေးတယ်၊ ဖြစ်ရတာများနှယ် "ဟုပင် ကလေးကို စ၍ ပြောနေမိသည်။
ကြီးကြီးလည်း ထိုမင်းကတော်နားတွင် ဝင်ထိုင်ကာ ခုခေတ်တွင် ဆေးများ တန်ခိုးထက်ကြောင်း၊ ကျိုးသွားတောင် စိုးရိမ်စရာမရှိကြောင်းနှင့် စိတ်သက်သာအောင် ပြောပြနေပုံရပေသည်။
ကိုထင်ပေါ့်မျက်နှာကမူ သွေးမရှိသလို ဖြူဖပ်ဖြူရော်ပင် ဖြစ်နေပေသည်။
"အတော် အသည်းငယ်သူပေပဲလား၊ အလွန်ပင် သနားကြင်နာတတ်သော သူပဲလား "
ကျွန်မသည် ကွဲပြားစွာ မတွေးတတ်ပေ။
စောင့်နေရသော အချိန်သည် ကြောက်မက်ဖွယ်ရာကောင်းသော အကြောင်းများကို ဖန်ဆင်းနေသလိုပင်ဖြစ်နေပေသည်။ မိခင်လုပ်သူက စိတ်တွင်မူ သေသည်အထိလည်း တွေး၍ ပူပန်ချင် ပူပန်ရှာပေမည်။
ခွဲစိတ်ခန်းထဲမှ လူတစ်ယောက် ဖြည်းညင်းစွာ ထွက်လာသည်။
"ကိုကိုဝင်း သား ဘယ်နှယ့်နေလဲ"
မိခင်သည် ထခုန်မတတ် သူ့ယောက်ျားကို ဆွဲကိုင်ကာ မေးလိုက်၏။
" မသေနိုင်ဘူး တင်တင်၊ သား မသေပါဘူး၊ သိပ် စိတ်မညစ်ပါနဲ့၊ ခြေထောက်ကျိုးတာလောက်ပဲ၊ ပလာစတာကိုင်ပြီး ပြန်ကောင်းလာမှာပေါ့၊ မြင်းလေးဟာ အင်မတန် သဘောကောင်းတာ၊ ဘယ်လိုများ ဖြစ်လဲ မသိဘူး၊ သားရဲ့ကံပေါ့"
ဦးဝင်းမောင်သည် သူ့ဇနီးအား စိတ်သက်သာအောင် ပြောနေသည်။
"အမလေး လူစဉ်မှ မှီပါဦးမလား သားရယ်"
ကျွန်မသည် နံရံကို ခေါင်းမှီကာ မိခင်၏ကြေကွဲစွာ ပြောသံကို နားထောင်နေရင်း ကြက်သီးများ ထကာ လက်များပင် အေးစက်သွားသည်။
ကိုထင်ပေါ် ဦးဝင်မောင်အနား ကပ်လာစဉ်တွင် ဦးဝင်းမောင်သည် ကုသိုလ်ဖြစ်လူနာများ ထားရာဘက်ဆီသို့ ကိုထင်ပေါ်ကို ခေါ်၍သွားလေသည်။ အတော်ကြာမှ နှစ်ယောက်သား ပြန်၍လာသည်။
"ဆရာမလည်း ပါသကိုး၊ သားက နည်းနည်းကြာဦးမယ်၊ နက်ဖြန်မှ ဆေးရုံလာတွေ့ကြပါလား၊ ဖြစ်ပြီးတာတော့ ပြီးပါပြီ၊ နောက်လူတွေ ပင်ပန်းရတာ မကောင်းပါဘူး၊ တင်တင်လည်း ပြန်လိုက်သွားပါလား၊ ညမှ တစ်ခါလာလေ "
ဦးဝင်းမောင်က ကျွန်မအားတစ်လှည့် သူ့ဇနီးအား တစ်လှည့် ပြောလိုက်၏။
"ဟင့်အင်း မပြန်ဘူး၊ သားမျက်နှာ ကြည့်ရပြီးမှ ပြန်မယ် "
မင်းကတော်သည် ပြင်းပြင်းထန်ထန် ငြင်းဆန်နေသည်။
" သူ နေချင် နေပါစေဗျာ"
ကိုထင်ပေါ် ဝင်ပြောလိုက်၏။
"ကဲ... ဒါဖြင် သားလေး အိမ်ပြန်ပြီး ထမင်းတွေဘာတွေ စားနော်၊ ဆရာမတို့နဲ့ လိုက်သွား "
ဝင်းမြင့်နိုင်သည် ပြန်ချင်ဟန်မရှိသေးသော်လည်း ဖခင်အား ငြင်းဆန်လိုပုံမပေါ်ဘဲ ခေါင်းညိတ်၍ပြ၏။
"ကဲ ...ကျွန်တော် ခဏ ပြန်ဝင်သွားဦးမယ် "
ဦးဝင်းမောင်သည် တံခါးကို အသာတွန်းကာ ပြန်ဝင်သွားတော့သည်။ ကျွန်မတို့သည် ဝင်းမြင့်နိုင်အား ခေါ်ခဲ့ကာ မင်းကတော်ကို နှုတ်ဆက်၍ ပြန်လာခဲ့ကြပေသည်။
လမ်းတလျှောက်လုံးတွင် ကိုထင်ပေါ်သည် စကားတစ်လုံးမျှ မပြောပေ။ သူတို့နှစ်ယောက်ကို ဂွတ္တလစ်လမ်းပေါ်ရှိ တိုက်အိမ်များတွင် ပို့၍ ထားခဲ့၏။ အိမ်များမှာ နဂါးဘတ်စ်ကားလမ်း ကုက္ကိုင်းဘက်မှ ဝင်သွားလျှင် ဘယ်ဘက်လမ်းပေါ်တွင်ဖြစ်၍ မြင်းပြိုင်ကွင်းဘက်ကို ပို၍နီးပေသည်။
* * * * *
အိမ်ပြန်ရောက်လျှင် ရင်နာနေသလိုလို ခေါင်းခဲနေသလိုလို ဖြစ်၍နေပေသည်။
"ကြီးကြီး ထမင်းစားချင်လဲ စားနှင့်၊ ကျွန်မတော့ မစားချင်တော့ဘူး၊ ဆာမှ ဟောလစ်လေးဘာလေး မချိန်ဆီ တောင်းသောက်တော့မယ် "ဟု ကြီးကြီးကို ပြောခဲ့ကာ အပေါ်အိပ်ခန်းဆီသို့ တက်လာခဲ့၏။
ခုတင်ပေါ်တွင် ပစ်လှဲကာ စိတ်ကို နားကြည့်မိ၏။ သို့သော် နား၍မရ။ တစ်နေ့လုံး ပင်ပင်ပန်းပန်း စိတ်သောက ရောက်ခဲ့ရသလို ဖြစ်၍နေပေသည်။ စနေနေ့၏ နေ့လယ်ပိုင်းမှသည် သည်ညနေစောင်းအထိ မကြာလှသော အချိန်လေးအတွင်းတွင် အဖြစ်အပျက်အများကြီးကို ကျွန်မ သိလိုက်၏။ စိတ်မချမ်းမြေ့စရာလည်း ဖြစ်လိုက်၏။ ဆရာမဖြစ်နေ၍ ကလေးတစ်ယောက်အတွက် များစွာ စိတ်ထိခိုက်နေမိသလားမသိပေ။
ခဏခဏဆိုသလို မျက်လုံးထဲတွင် ဝဲကာ ပေါ်၍လာသောမျက်နှာမှာ ကိုထင်ပေါ့်မျက်နှာဖြစ်၏။ သေးငယ်စူးရှသော မျက်လုံးအိမ်မှ ရောင်ခြည်များပင် ဖြာထွက်လာသလို ထင်ရပေ၏။ သူ ညနေက ပြောသမျှစကားသံတွေ စကားလုံးတွေကို အားလုံးလိုလိုပင် ကြား၍နေရပေ၏။
" ကျွန်တော့်အဖေကို မယားခိုးတဲ့သူရယ်လို့ ပဲခူးရဲ့ပတ်ဝန်းကျင်က ဝိုင်းပယ်တယ်၊ ဦးဆောင်လှုံ့ဆော်တဲ့သူက မမြမေအဖေပဲ၊ ကျွန်တော်ရယ်ချင်တာက သူတို့တွေကရော ဘယ်လောက်များ သန့်လို့လဲ၊ တစ်ခါ အလှူပွဲတစ်ခုမှာ အရှက်ခွဲပုံက သူတို့ဝိုင်းထဲကို အဖေက နောက်မှရောက်လာလို့ ဝင်လဲ ထိုင်လိုက်ရော ဗြောင်ပဲ အားလုံး ထသွားကြတယ်၊ ပထမဆုံး ထသွားတာက မမြမေအဖေပဲ၊ ဖေဖေ့အနေနဲ့ အဲဒီတုန်းက သိပ်ပြီး အရှက်ရခဲ့ရတယ်၊ ဒုတိယ အဖေက စပါးအဝယ်တော်၊ အဖေ့ကို စီးပွားရေးနဲ့ ဝိုင်းသတ်ကြတယ်၊ မမြမေအဖေက စက်ရော လယ်မြေတွေရော သောက်သောက်လဲချမ်းသာတော့ သူက ဟိတ်ဆို အားလုံးက မီးသေရတဲ့ခေတ်၊ ကျွန်တော့်အဖေဟာ အလူးအလဲ ခံရတယ်၊ ဒါတွေကို ကျွန်တော် မသိဘူး၊ ကျွန်တော်က အဒေါ့်ဆီမှာ၊ ကျွန်တော့်မိထွေး ဆုံးပြီး ဖေဖေ တော်တော် မမာတယ်၊ အဲဒီတုန်းက ကျွန်တော် အပြန်မှာ ဖေဖေက အားလုံးပြောပြတယ်၊ သူ စပါးတွေ ဝယ်မရလေတော့ နယ်ပြောင်းမလိုတောင် ဖြစ်ခဲ့ရတယ်၊ ရှင်းရှင်း ဝန်ခံရရင် စီးပွားရေးလည်း ကသောင်းကနင်းဖြစ်သွားလိုက်တာ မိထွေးသေမှ မိထွေးပစ္စည်းကို ကျွန်တော်ရတယ်၊ အများထင်သလို ကျွန်တော့်အဖေမှာ မစားသာခဲ့ဘူး၊ မိထွေးက သူသေမှ သူ့ပစ္စည်းကို အထိခံတယ်၊ လူတစ်ယောက်ဟာ ဆင်းရဲရတာထက် (society)ဆိုဆိုင်တီက ဝိုင်းပယ်ခံရတယ် ဆိုတာ သိပ်ရှက်ဖို့ကောင်းတယ်၊ ကျွန်တော့်အဖေဟာ အဲဒီအကြောင်းတွေ ပြောတုန်းက အသားတွေတုန်ပြီး မျက်ရည် ပေါက်ပေါက်ကျလာတယ်၊ ဒီမှာ မခင်သိုက် ... လောကမှာ မယားခိုးတာဟာ အပြစ်ကြီးတာ မှန်ပါတယ်၊ ဒါပေမဲ့ ' ဖောက်ပြားတယ် 'ဆိုတဲ့ကိစ္စမှာ နှစ်ဦး သဘောတူမှပါ "
သူ့စကားကို နားထောင်ရင်း မမြမေ စကားလုံးကို ကျွန်မသည် ပြန်၍ သတိရပြန်သည်။ နားထဲတွင် ပျားပျံနေသလို သူ့စကားသံများ တစီစီဖြစ်နေ၏။ ခေါင်းကိုပင် ထုချင်လာပေသည်။
မချိန်သည် ခေါင်းရင်းမှ မီးခလုတ်ကို လာဖွင့်သည်။
" မမလေး အခန်းကလည်း မှောင်မည်းလို့၊ ပြတင်းတွေလည်း မပိတ်သေးပါလား"
သူသည် ပြတင်းပေါက်များကို လိုက်၍ ပိတ်နေသည်။ သူ့စကားသံကို ကြားမှ အိပ်ရာမှ လူးလဲထကာ ညအိပ်ရန် အဝတ်များကို လဲလိုက်ရ၏။
" မမလေး အိပ်တော့မလို့လား၊ ဘာမှ မစားဘူးလား "
"ဟောလစ်တစ်ခွက်ပဲ ယူခဲ့တော့ "
မချိန် ထွက်သွားလျှင် ခုတင်ပေါ် ပြန်လှဲနေပြန်သည်။
သူ ဆက်ပြောသောစကားမှာ လူမိုက်ဆန်သည်ဟု ကျွန်မ ထင်၏။
" အဲဒီကတည်းက ကျွန်တော်ဟာ သိပ် လက်စားချေချင်တာပဲ၊ စစ်ဖြစ်တော့မယ်ဆိုတော့ သူ့အဖေက မမာနေပြီ၊ ကျွန်တော်က ပဲခူးမှာ နယ်ပိုင်၊ ကျွန်တော် မရ ရတဲ့နည်းနဲ့ သိုင်းဝိုင်းပြီး လုပ်တာ မမြမေကို ရခဲ့တယ်၊ ဒီတုန်းက ကာလပျက်ခါနီး ဆိုတော့ ခြောက်လို့ လှိမ့်လို့ သိပ်ကောင်းတာပဲ၊ ခင်ဗျား မမြမေကလည်း ကျွန်တော့်ဘက် ပါတယ်၊ အရေးအကြီးဆုံးက မမြမေပဲ၊ ဒီခလုတ်ကို ပိုင်အောင် နှိပ်ထားလိုက်တော့ ပြီးနေတာပေါ့၊ ဒါပေမဲ့ ကျုပ် ချစ်လို့လက်ထပ်ခဲ့တာ မဟုတ်ဘူး၊ လက်စားချေချင်လို့၊ အဲဒီကတည်းက အာဏာဆိုတဲ့အရသာကို ကျုပ် မြည်းစမ်း သိခဲ့ပါတယ် "
ပြန်တွေးသော အချိန်ပိုင်းလေးတွင်တောင်မှ ကျွန်မသည် သူ့ကို မုန်းသောစိတ် ပို၍ဖြစ်လာ၏။ ကြောက်လည်း ကြောက်၍လာလေသည်။ ကြိုးစားကာ မေ့ပျောက်ပစ်၏။ အတင်းအိပ်ကြည့်၏။ မရပေ။ မမြမေ၏အဖေသည်လည်း သူ ရွံရှာမုန်းတီးသူ၏ သားနှင့်မှ သမီးရ၍ စိတ္တဇနှင့် နာတာရှည်လဲပြန်သည်ဟု ဆိုသည်။ မေးချင်သည်များကို ပြန်လည်မမေးရခင် ဝင်းမြင့်အောင်ကိစ္စက ပေါ်၍လာလေသည်။
" တစ်ခါတစ်လေ လောကကြီးမှာ လူဆိုးဆိုတဲ့လူတွေဟာ ပင်ကိုယ်က ဆိုးချင်တာမဟုတ်ဘူး၊ ဘေးက ဖိလာတဲ့ဒဏ်ကို ပြန်ပြီးခံချရင်းနဲ့ ဆိုး ဆိုးလာရတယ်၊ အပြစ်တွေကို ကျူးလွန်လာရတယ်၊ ခင်ဗျားဘဝက ရိုးရိုးနဲ့အေးအေးလေးရယ်၊ ကျွန်တော်တို့ကျတော့ ငြိမ်ခံနေရင် ပတ်ဝန်းကျင်က ဝိုင်းနှစ်လိုက်မှာပေါ့၊ မြုပ်သွားမှာပေါ့ "
ထိုစကားလုံးများကို သူသည် သူ့အပြစ်များကို ဖုံးကွယ်လို၍ပြောသည်ဟု ကျွန်မက ယူဆမိပေသည်။ သူ စကားပြောနေစဉ် ကြောက်မက်ဖွယ်ရာကောင်းသော မျက်လုံးများသာ တလက်လက် တောက်ပလာပြန်၏။ မီးလျှံတို့ပင် ထိုမျက်လုံးတို့မှ သွန်ထွက်လာလေသလား ထင်ရအောင် ဝင်းဝင်တောက်လာပေသည်။
" ဒါမှလည်း သံသရာဆိုတာ မဆုံးမှာပေါ့"ဟု ဆက်ပြောပြန်သည်။
" တစ်ယောက်က ပြုခဲ့တဲ့အမှုကို ခေါင်းငုံ့ခံလိုက်ရင် သံသရာက ပြတ်သွားမှာပေါ့၊ ကျွန်တော့်ရဲ့အယူအဆကတော့ မပြတ်ရဘူး၊ အစဉ် လည်သွားရမယ်၊ ကျွန်တော်ရှုံးသွားရင် လှိမ့်ခံမယ်၊ ကျွန်တော် နိုင်တဲ့အလှည့်ကျရင်လဲ ဟဲ ...ဟဲ ...ခါးစည်းခံကြပေတော့ "
" ဒီလိုသာဆို လောကကြီးက သိပ်ကြောက်စရာကောင်းလာမှာပေါ့၊ သည်းခံမှုနဲ့ အနိုင်ယူရမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ စကားတွေကလဲ အဓိပ္ပါယ် ဘယ်ရှိတော့မလဲ၊ ဘဝတစ်ခုလုံးကလဲ ဘယ်တော့ ချမ်းငြိမ်းနိုင်ပါ့မလဲ၊ ရှင့်ကို လူတွေက သိပ်မုန်းလာမှာပေါ့ "
ကျွန်မသည် ကတုန်ကရင်နှင့် ဝင်စွက်ကာ ပြောလိုက်၏။
" ကျွန်တော့်ကိုချည်း သိပ်တရားပြမနေနဲ့ ဆရာမကြီးရဲ့၊ သူတို့ လျှမ်းလျှမ်းတောက်ခဲ့တဲ့အချိန်တုန်းကတော့ 'မောင်ထင်ပေါ်တို့သားအဖ သနားစရာကောင်းလှချည့်'လို့ ငဲ့များ ငဲ့ခဲ့ကြသလား၊ လူတစ်ယောက်မှာ စားကွက်မရှိအောင် အပေါင်းအသင်းက ဝိုင်းပယ်အောင်လုပ်တယ် ဆိုတာလောက် ညှင်းတာ ဆိုးတာဟာ မရှိတော့ဘူး၊ သူတို့အလှည့်တုန်းကတော့ ကျုပ်အဖေကို ခွေးကျကျအောင် ကလေကချေဖြစ်အောင် လုပ်ခဲ့တယ်၊ ကျုပ်ဟာ စာသင်ရင်း ကသီလင်တဖြစ်လို့ အဒေါ်က ဆက်ထောက်ပံ့ခဲ့ရတယ်၊ ကျုပ်အလှည့်ကျတော့လည်း ကျုပ် ထောင်လာပြီလေ၊ သတိသာ ထားကြတော့၊ အလှည့်ကျရင် မနွဲ့ရဘူးပေါ့၊ ဟား ....ဟား ....ဟား ..."
နားနားတွင် ဟစ်၍ ရယ်လိုက်သလို သူ့ရယ်သံကြီးကို ကြားမိပြန်သည်။ ကျွန်မသည် ရုတ်တရက် ယောင်၍ နားများကိုပင် ပိတ်ထားလိုက်မိပြန်သည်။ သူ့အတွေးအခေါ်များ၏ ကြောက်မက်ဖွယ်ရာအဓိပ္ပါယ်များကို တွေးမိပြန်လျှင် ကြက်သီးမွေးညင်း ထလာ၏။ သူ့ဘဝဝယ် အလင်းရောင်လမ်းစကို မမြင်နိုင်တော့ပေတကား။ မှောင်အတိကျနေသော ကန္တာရတွင် သူ စုံးစုံးနစ်နေပြီဟူသော အသိပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျွန်မ၏နှလုံးသားများသည် နာကျင်သလို ဖြစ်၍သွားပြန်သည်။
ယခင့်ယခင်က သူ့အကြောင်းများသည် တစ်ဆင့်စကား ကြားရခြင်းဖြစ်သည်။ ထိုသို့ကြားခဲ့ရစဉ်က သူ့အပေါ်တွင် မုန်းတီးရွံရှာခဲ့ပြီး ယခု သူ့ဖွင့်ဟဝန်ခံချက်ကို ကြားသောအခါ ယူကျုံးမရသောစိတ်မှာ ပေါ်လာပြန်သည်။ ကျွန်မသည် ကိုယ့်စိတ်ကိုယ် သံသယဖြစ်လာပြန်၏။ သူ့ကို တကယ်မှ မုန်းတီးပါလေစ။
အမှန်စင်စစ်တော့ အမုန်းမီးလျှံတို့ တညီးညီးလောင်နေသော သူ၏အသည်းနှလုံးအား ငြိမ်းအေးစေချင်သော ကရုဏာစိတ်သာလျှင် ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို ပြန်၍အဖြေပေးမိပြန်သည်။
ထိုကရုဏာစိတ်၏တိုက်တွန်းနှိုးဆော်ချက်ကြောင့်သာ သူ့အပေါ်တွင် စိတ်ဝင်စားကာ သူ့အကြောင်းများကို ယခုလို ညဉ့်နက်သည့်တိုင်အောင် တွေးခေါ်မိခြင်းဖြစ်သည်ဟု မည်သူကမျှ မစစ်ဆေးဘဲ ကျွန်မကိုယ်ကျွန်မ ထပ်မံအဖြေပေးမိပြန်သည်။
မှန်၏။ ထိုမျှ ညဉ့်နက်သောအချိန်တိုင် ကျွန်မသည် သူ့အကြောင်းကို ဘာကြောင့် စဉ်းစားမိနေသည်ကို အဖြေရှာရပေမည်။ သေးငယ်သည်ဆိုသော သူ့မျက်လုံးလေးများသည် တန်ခိုးထက်မြက်၍ ကျွန်မအသည်းနှလုံးကို ဖောက်ထွင်းမည့်ဟန် ရှိကြ၏။ အကယ်၍ ထိုမျက်လုံးသည် ဝိုင်းစက်ကျယ်ဝန်းခဲ့ပါလျှင် နဂါးမျက်လုံးကဲ့သို့ တန်ခိုးထက်ပေမည်လား မသိပေ။
တစ်မှေး အိပ်မည်ကြံတိုင်း ထိုမျက်လုံးတို့သည် ဝဲယာမှ ပေါ်လာကြ၏။ မျက်လုံးငယ်များ၏နောက်ကွယ်မှ စကားသံတို့သည် ဝေးဝေးဆီမှ ရေရွတ်နေသလိုလို အနားကပ်၍ တီးတိုးပြောနေသလို ကြားနေရပြန်၏။
သူ့အကြောင်းများ သူ ရှင်းလင်းပြောပြခဲ့သော နောက်ကြောင်းများတွင် ဘယ်သူ တရားသည် မတရားသည်ကို စဉ်းစားရန် မှော်ဆရာကြီးတစ်ယောက်က အမိန့်ပေးနေသလို စိတ်ထဲ၌ ထင်နေရပြန်သည်။
သူ၏သေးငယ်သောမျက်လုံးလေးများကို ရင်ဆိုင်ကြည့်ရှုရန်ကိုလည်း ကြောက်ရွံ့နေသေးသည်။
ကလေးအကြောင်း တွေးမိပြန်လျှင် သူ့ကို မုန်းလာပြန်လေသည်။ ကြောက်ရွံ့ခြင်း၊ ကရုဏာသက်ခြင်း၊ မုန်းတီးခြင်းတို့သည် ကျွန်မစိတ်ဝယ် တစ်လှည့်စီ ပေါ်လာကြ၏။ စိတ်များကို ကြိုးစားငြိမ်သက်၍ တစ်ချက် မှေးလိုက်သောအခါ ဝင်းမြင့်အောင်၏မျက်နှာမှာ ပြုံးပြုံးလေး ပေါ်လာရာမှ ရုတ်တရက် ငယ်သံပါအောင် အော်ဟစ်လိုက်သလို ကြားရကာ ဖျတ်ခနဲ လန့်နိုးရပြန်၏။ တစ်ခါတစ်ရံ သူ၏ရယ်သံကြီးကို ကြားလိုက်ရပြန်သည်။
ဆက်ရန်
--------------------------------
0 Comments