#မွှေး
အပိုင်း(၁၈)
နောက်နေ့ နံနက်တွင် စိတ်မချမ်းသာစရာကောင်းသည့် အလုပ်တစ်ခု လုပ်ရမည့်မို့ မွှေးသည် စိတ်ညစ်နေ၏။ ထုံးစံအတိုင်း အဝတ်အစားလဲကာ လန်ခြားပေါ်တွင် လိုက်ပါသွားရသည်။
တစ်လတစ်ခါ မှန်မှန် ဓာတ်မှန်ရိုက်ခြင်း၊ အမှောင်ခန်းတွင် ကြည့်ခြင်း၊ သွေးစစ်ခြင်း၊ ကိုယ်ခန္ဓာကို စစ်ဆေးရခြင်းများကို မွှေးက မကြောက်ခဲ့ပေ။ ယနေ့ သွား၍လုပ်ရမည်မှာ ပိုက်ကိုမျိုချ၍ အစာအိမ်ထဲမှ အရည်ကိုထုတ်ကာ စစ်ဆေးကြည့်မည်ဖြစ်၏။ လစဉ်လတိုင်း မွှေးသည် ကြိုးစား၍မျို၏။ ပိုက်ကို မျို၍မကျပေ။
အခန်းထဲတွင် အသက် ၄၀ ခန့် ကုလားကြီးတစ်ယောက်နှင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက် ရောက်နေ၏၊ သူတို့သည် ဇလုံတစ်လုံးစီ ရှေ့ချကာ ပိုက်ကို စ၍ မျိုနေကြပြီ။ သူတို့အနားတွင် ရာဘာပိုက်အဖျား အစာအိမ်သို့ ရောက်လျှင် စုပ်ယူရန် ကိရိယာနှင့်တကွ သူနာပြုဆရာမများသည် စောင့်နေသည်။
မွှေးက အခန်းထဲဝင်ဝင်ချင်း ပျို့လာသည်။ ကလေးငယ်သည် ပိုက်ကို ကြိုးစား၍ မျိုချနေစဉ် တံတွေးများမှာ နှုတ်ခမ်းတွင် ပလုံစီကာ ထွက်နေတော့သည်။ မွှေးသည် အလိုလို အန်ချင်လာသည်။ သူ့အတွက် ရာဘာပိုက်မှာ ရေနွေးနှင့် ပြုတ်နေတုန်း ဖြစ်ပေသည်။
ဆရာမလေးသည် ရာဘာပိုက် အဆင်သင့်ဖြစ်လျှင် သူ့ထံ ယူလာသည်။
“အသက် ဝဝရှုလိုက်ပါ"
ဆရာမလေး၏ အင်္ဂလိပ်စကားပြောပုံမှာ နှုတ်ခမ်းလေးများ လှပသော်လည်း မွှေးက ကြောက်ရွံ့နေသည်။ အသက်ဝဝ ရှူလိုက်ကာ ပါးစပ်ဟပေးလိုက်လျှင်ပင် ဆရာမသည် ပိုက်အဖျားကို အာခေါင်တွင်းချကာ မျိုခိုင်းတော့၏။ မွှေးသည် ကြိုးစား၍မျိုသော်လည်း ပျို့၍ပျို့၍သာလာကာ ပိုက်ကို အန်ထုတ်လိုက်တော့သည်။ သုံးခါလောက် အန်ထုတ်လိုက်လျှင် ဆရာမသည် စိတ်တိုလာပုံရ၏။
“ဟိုကလေး ကြည့်စမ်း၊ မျိုရလို့ ဝမ်းထဲက အရည်တောင် စုပ်ထုတ်နေပြီ၊ ရှင် မရဘူးလား"
ဆရာမက ဒေါသသံနှင့် ငေါက်လျှင် မွှေးကလည်း ဒေါသဖြစ်လာ၏။ ပိုက်မျိုချမရ၍ မောနေရသည့်အထဲ ဆရာမ ငေါက်သည်ကို စိတ်တိုလာ၏။
“ဒါလောက်ပဲ ဒီအရည်ကို လိုချင်သလား"
“လိုချင်တယ်၊ ရှင့်အစာအိမ်မှာ တီဘီပိုး ရှိမရှိ စစ်ဆေးကြည့်ရမယ်။ အခု ရှင် ခြောက်လကျော်ပြီ၊ တစ်ခါမှ မျိုမရဘူး”
“ကျွန်မလဲ ကြိုးစားတာပဲ၊ မောလို့ သေတော့မယ်။ ဒါလောက် လိုချင်ရင် ဗိုက်ခွဲပြီး အစာအိမ်ထဲက အရည်ထုတ်ယူလေ”
မွှေးက ခပ်ပြတ်ပြတ် ပြောလိုက်တော့မှ ဆရာမမှာ လက်လျှော့သွားကာ မွှေးကို ပြန်ခွင့်ပြုလိုက်တော့သည်။
မွှေးသည် မောလည်း မောလည်းလာ၍ လစဉ်လတိုင်း ဒီပိုက်မျိုနေသည်မှာ ငရဲခံရသလို သူ့မှာခဲယဉ်းနေသည်။ တခြားလူများ အလွယ်တကူ မျိုရလျက်နှင့် သူဘာကြောင့် မရသည်ကိုလည်း တွေးမရပေ။
အခန်းသို့ ပြန်ရောက်လျှင် သူအိပ်နေတော့၏။ နံနက်စာကို နဂိုက စားမရသည့်အထဲ ပိုက်ကို မျိုရ၍ လည်ချောင်းမှာ နာကျင်နေတော့သည်။
သူသည် စိတ်ပျက်လက်ပျက်နှင့် အိပ်၍နေ၏။ ထမင်းမစားတော့လျှင် ချက်ပြီးသား ထမင်းများကို သူယူကာ ထမင်းစားပြန်တော့မည့်အကြောင်း ထမင်းချက်ကုလားမက လာ၍ပြောလေသည်။ ကုလားမကို ပြန်လွှတ်လိုက်ကာ အိပ်မြဲအိပ်နေလိုက်သည်။
တစ်ရေးနိုးလျှင် တဂျိုင်းဂျိုင်းနှင့် လှည်းတစ်ခု သူ့အိမ်ခြေရင်း လမ်းပေါ်မှ ဖြတ်သွားသံကို ကြားရ၏။ နေ့လယ်၏ တိတ်ဆိတ်ပုံမှာ တစ်မျိုးခြောက်သွေ့ ရသည့်အထဲ ထိုလှည်းသံမှာ စိတ်လှုပ်ရှားစရာလို သူ ထင်မိ၏။ မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူသည် လန့်သွား၏။ ဟင်းလင်းဖြစ်နေသော လှည်းပေါ်တွင် ခေါင်းကြီးတစ်ခုကို အဝတ်စနှင့် အုပ်ထား၏။ အဝတ်ဖြူပေါ်တွင် ပန်းသုံးပွင့် ခပ်ကျဲကျဲ တင်ထားသည်။ ကုလားနှစ်ယောက်သည် ထိုခေါင်းကြီးကို ကျောက်တောင်ကုန်းမြင့် ဘေးဘက်ဆီသို့ တွန်း၍ယူသွားကြသည်။ ကျောထဲမှ စိမ့်ခနဲဖြစ်ကာ အလိုလို ကြောက်သွားသည်။
“ဘုရား... ဘုရား ဘယ်သူများပါလိမ့်၊ သူတို့ သယ်သွားတဲ့နေရာဟာ သင်္ချိုင်းများလား”
သူသည် မျက်စိမှိတ်ထားသော်လည်း အိပ်မရ။ လေရှိန်က ခပ်ပြင်းပြင်း တိုက်လာပြန်သည်။ ဂျပ်ဂျပ် ဂျပ်ဂျပ်နှင့် ယင်းမှ ဝါးလုံးများ တိုင်ကိုရိုက်သံသည် တစ်ယောက်တည်းနေရစဉ် ပိုမိုကျယ်သလိုဖြစ်လာပြန်သည်။ သူသည် ထ,ထိုင်လိုက်၏။
လူနာများသည် အိပ်နေဆဲဖြစ်ဟန်ရှိ၏။ အနီးအနား အိမ်များကလည်း ငြိမ်သက်နေသည်။ နေ့ခင်းကြီးကြောင်တောင် ထိုမျှ ငြိမ်သက်နေသည်ကို သူ့မှာ အနေခက်နေတော့သည်။
“ကိုထွန်းရေ ... ကိုထွန်းရဲ့ ... အနွဲ့ကို တစ်ယောက်တည်း ထားခဲ့တော့မလား”
“ဟော.... ဘုရားရေ”
မွှေးသည် အသံထွက်အောင် အော်လိုက်၏။ သူကြားသောအသံမှာ စကားလုံး ကွဲသော်လည်း အဝေးမှကြားသော အသံသဲ့သဲ့ ဖြစ်၏။
“တို့မြန်မာလူမျိုးထဲက သေတာ ဖြစ်မယ်။ ဒုက္ခပါပဲ”
သေသည့်အတွက် ဝမ်းနည်းသည် မှန်သော်လည်း ကျန်ရစ်သူအတွက် ပို၍စိတ်မချမ်းမြေ့ပေ။ သူသည် ခုတင်ခြေရင်းသို့ ဆင်းကာ ကျောက်တောင်ခြေရှိရာသို့ စူးစိုက်ကြည့်နေမိ၏။ မြန်မာ လေးငါးယောက် ခပ်လှမ်းလှမ်းတွင် စုနေသည်ကို မြင်ရတော့သည်။
ညနေ သုံးနာရီတွင် အဘီဂေးလ်သည် လာနေကျအတိုင်း သူ့ဆီလာကာ အပူချိန် လာယူ၏။
“ရှင်တို့ မြန်မာထဲကပဲ ဦးထွန်းစိန်ဆိုတာ ဆုံးသွားပြီ၊ ဒီကနေ့ပဲ မီးသင်္ဂြိုဟ်တယ်"
အဘီဂေးလ်က သူ့ကို ပြောပြ၏။
“ကျွန်မ သူ့မိန်းမကို သွားမတွေ့ရဘူးလား”
“ဟင့်အင်း ... ဆရာဝန်ကြီး ဆူလိမ့်မယ်၊ ရှင် လမ်းလျှောက်ခွင့်မှ မရသေးဘဲ။ ရလဲ ဘာဖြစ်လို့ စိတ်မချမ်းသာစရာတွေ သွားကြည့်မလဲ။ အေးအေး အိပ်နေပါ”
အဘီဂေးလ် ထွက်သွားသည့်တိုင်အောင် သူ့နားထဲတွင်မူ ကိုထွန်းရေ ... ဆိုသော အသံ ကြားယောင်နေတော့သည်။ ဒီလိုနေရာတွင် မြန်မာထုံးစံအတိုင်း သရဏဂုံတင်ရန် ဘုန်းတော်ကြီးလည်း ရှိရှာလိမ့်မည် မဟုတ်ပေ။
ထိုတစ်ညနေလုံးတွင် အထူးတိတ်ဆိတ်နေသည်။ မြန်မာများလည်း လမ်းလျှောက်မထွက်ကြ၊ သူတို့စိတ်ထဲတွင် ဦးထွန်းစိန်အတွက် ဝမ်းနည်းနေဟန်ရှိ၏။
မွှေးသည် ညဉ့်ဦးတွင် ဘုရားအရှည်ကြီး ရှိခိုးကာ မေတ္တာပို့ အမျှဝေသည်။ အထူးသဖြင့် ဦးထွန်းစိန်ကို ရည်ရွယ်၍ အမျှဝေတော့သည်။
ခြောက်သွေ့သော ညတစ်ညလုံးတွင် သူသည် မျက်စိကြီး အကြောင်သားနှင့် အိပ်၍မရပေ။ ရှည်လျားသော ခွေးအူသံများမှာ သန်းခေါင်ယံကို ပို၍ချောက်ချားစေပေသည်။
မနက်မိုးလင်း လမ်းလျှောက်ချိန်တွင် ဦးပုနှင့် ဦးထွန်းတင်တို့က သူ့ထံ သတင်းဝင်ပေးသွားကြ၏။ ဦးထွန်းစိန် ရောဂါမှာ ဘဲလိုးသို့ သွားရောက် စစ်ဆေးရန် စောင့်နေစဥ် သေဆုံးသွားကြောင်း၊ အဆုတ်မှာ ကင်ဆာလား... အဆုတ်နာလား.. ခွဲ၍ မရခင် လည်ချောင်းမှာလည်း ကင်ဆာလိုဖြစ်ကာ အစာမဝင်တော့ဘဲ မောလာကြောင်း၊ အမောဖောက်၍ သေဆုံးသွားကြောင်းနှင့် သူ့ဇနီး စိတ်အားငယ်စွာ ကျန်ရစ်ပုံ အကြောင်းများကို ပြောလျှင် မွှေးက သူပါရော၍ ငိုချင်လာသည်။
“ပြီးတော့ဗျာ ... သူတို့ဆီ သေရတာ ဂေါ်ရင်ဂျီသေနည်း ကျနေတာပဲ၊ ဘုရားသိကြားမလို့ ကျုပ်တို့အားလုံး မြန်မာပြည် ပြန်ရောက်ပါစေလို့ ဆုတောင်းပါတယ်”
ဦးပုသည် ဆုတောင်းကာ ထွက်သွား၏။ သူတို့မှာလည်း စိတ်ဓာတ်ကျနေပုံရတော့သည်။
မွှေးသည် ယခု သုံးလေးရက် အိပ်မပျော်နိုင်ဘဲ စိတ်က ချောက်ချား၍နေပေတော့သည်။ အတွတ်ကလည်း ညနေတိုင်း မပေါ် လာသည်မှာ နှစ်ရက်ပင် ရှိ၍သွားလေသည်။ သုံးရက်မြောက် ညနေတွင် အတွတ်သည် ခပ်သွက်သွက် လျှောက်လာ၏။
“မွှေး...”
မွှေးသည် ခုတင်ပေါ်တွင် ခွေနေရာမှ ရုတ်တရက် ထထိုင်လိုက်၏။
“ဟော ... အတွတ် ခုတလော ဘာလို့ မလာသလဲ”
အတွတ်သည် ကုလားထိုင်တစ်ခုကို ဆွဲထိုင်ရင်း ... “ခုတလော မအားဘူး မွှေး”ဟု ပြောလိုက်၏။
“ထူးဆန်းလိုက်တာ၊ မြန်မာပြည်က လူနာကလေးတစ်ယောက် ကိုယ် အမြဲ သွားကြည့်တယ်၊ သနားစရာ အလွန်ကောင်းပဲ၊ ငွေမတတ်နိုင်လို့ အဖော်မပါဘဲ တစ်ယောက်တည်း လာနေရတယ်၊ ကိုယ်ကလဲ စကားမစပ်မိတော့ သေသေချာချာ မမေးမိဘူး။ ဒီကနေ့ မနက် ထမင်းစားရင်း သွေးအန်ပြီး သေနေလေရဲ့”
“ဟယ်”
မွှေးသည် ပါးစပ်ဟောင်းလောင်းနှင့် ကြောင်သွားတော့သည်။
“အဲဒါ ဘယ်သူထင်သလဲ၊ သူ့လိပ်စာနဲ့ ဘာနဲ့ အခြေအနေ အနားကလူတွေ မေးကြည့်မှ မောင်မောင် ဖြစ်နေတယ်”
“ဘယ်က မောင်မောင်လဲ"
“တို့များ ဝါးခယ်မ ဘုရားကြီးလမ်းက ကိုအီဆွတ်သား အငယ်ဆုံးလေးလေ၊ အတွတ် ထွက်လာတော့ သူတို့က ငယ်ငယ်ရှိသေးတာ၊ သူတို့မှာ အမေလဲ မရှိဘူးလေ ..."
“သိပြီ ... သိပြီ”
မွှေးသည် ပိုမို၍ စိတ်မချမ်းမသာဖြစ်လာသည်။ သူသည်ပင် မြန်မာပြည်သို့ ရောက်ပါဦးမလားဟူသော စိတ်မှာ ချောက်ချား၍လာတော့သည်။
“အဲဒါကွယ် ... ငွေလည်း ဘာမှမကျန်တော့လို့ ဦးထွန်းလှိုင်တို့၊ ဦးသာဉာဏ်တို့နဲ့ ဝိုင်းစုပြီး သဂြိုဟ်ဖို့ စီစဉ်ပေးနေရတယ်။ မွှေး စိတ်ငယ်သွားပြန်ပလား။ တစ်ခါမှ ဒီလိုဆက်တိုက် မြန်မာပြည်ကလူနာတွေ မသေဖူးဘူး၊ ဘယ်တတ်နိုင်မလဲ၊ အခိုက်မသင့်ရင် ဖြစ်တတ်တာပဲ။ မွှေးရောဂါက သေကိုမသေနိုင်ဘူး၊ စိတ်ချ။ သိပ်ပြီး ကောင်းလာပြီ။ စိတ်မပျက်နဲ့”
မွှေးက ဘာမှ ပြန်မပြောဘဲ ငိုချင်သလိုသာ ငိုင်၍ နေမိတော့သည်။
“ခုတလော ကြားရတာတွေဟာ စိတ်မချမ်းမြေ့စရာချည်းပဲကွယ်"
“ညဘက်ဆို အိပ်မပျော်ပြန်ဘူးထင်တယ်၊ မျက်နှာချောင်နေတယ်"
မွှေးသည် အိပ်ရာပေါ် ပြန်ခွေလိုက်၏။ အတွတ်မျက်နှာမှာ အနည်းငယ် ပျက်သွားတော့သည်။ မွှေး စိတ်ငယ်နေပြီကို သိပြီး ဖြစ်ပေသည်။
“ဘယ့်နှယ့် အိပ်ရမလဲ ..."
“ဘာမှ မဖြစ်ပါဘူးကွယ် ... ။ ညကျ မေတ္တာသုတ်ကို ရွတ်ပြီးအိပ်။ အတွတ်လဲ မွှေးဆီကို အထူးမေတ္တာပို့ပါတယ်၊ စိတ်ချမ်းသာအောင်နေနော်။ တော်ကြာ ကိုယ်အလေးချိန်လျော့သွားလို့ yellow bed ပြန်အလျှော့ခံနေရဦးမယ်။ ကဲ ... အတွတ် ပြန်ဦးမယ်"
မွှေးက ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။ ထိုညတွင် မွှေးသည် ခေါင်းရင်းဘက်နံရံတွင် ချိတ်ထားသော ဘုရားရုပ်ပုံတော်ရှေ့တွင် မီးများထိန်ထိန်ညီးအောင် ပူဇော်ထား၏။ ဗောဓိပင်ခြေရှိ ပလ္လင်ထက်တွင် ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူသော ဘုရားသခင်၏မျက်နှာတော်မှာ တည်ငြိမ်လျက်ရှိသည်။ ပလ္လင်တော်မှာမူ မီးရောင်ကြောင့် တလက်လက်တောက်ပနေ၏။ ဗောဓိညောင်ရွက်များကမူ စိမ်းစိုနုပျိုနေကြသည်။
မွှေးသည် ဘုရားရှိခိုးပြီး မေတ္တာသုတ်ကို ရွတ်၏။ အဝေးစစ်မြေရှိ ချစ်လင်ထံသို့ မေတ္တာပို့ရင်း မျက်ရည်များ စို့လာသည်။ ညီမလေးများနှင့် အဖေ့ထံ မေတ္တာထပ်ပို့ကာ ကွယ်လွန်သူ မေမေ၊ မမတို့နှင့် ဦးထွန်းစိန်၊ မောင်မောင်တို့ကိုပါ မှန်းဆ၍ အမျှဝေလိုက်ရပြန်သည်။ ဘုရားသခင်၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လား မသိ၊ သူ့စိတ်မှာ အတော်ပင် ငြိမ်သက်ကာ အေးချမ်းမှုကို ရတော့သည်။
ဘုရားရှိခိုးပြီး ထကာ ဖျာကိုသိမ်းနေစဉ် ညစောင့်အိပ်သော ကုလားမသည် သူ့အနားတွင် မတ်တတ်လာရပ်၏။ ဘုရားရုပ်ပုံကို မော့ကြည့်ရင်း လက်ညှိုးထိုးပြနေသည်။
“ဒီပုံကို ဒီမှာ ဘာလို့ချိတ်ထားတာလဲ အစ်မ”
မွှေးသည် ကုလားမ ပြောသည်ကို ရုတ်တရက် နားမလည်ပေ။
“ဘာပြောတယ်...”
“ဒီပုံကို ဒီမှာချိတ်ထားတာတွေ့ရင် မစ္စလွန်းက ဖြုတ်ခိုင်းလိမ့်မယ်” .
မွှေး၏ငြိမ်နေသော စိတ်များကို လာ၍ဆွပြန်သည်။ ညစောင့် ကုလားမမှာ ခရစ်ယာန်ဖြစ်ပေသည်။
“ကိုယ် အမြဲရှိခိုးဖို့ပေါ့...”
“အစ်မ ဖြုတ်ထားရင် ကောင်းမယ်၊ မစ္စလွန်း တွေ့သွားရင် ဖြုတ်ခိုင်းလိမ့်မယ်”
မွှေးသည် ခုတင်ပေါ် ပစ်ထိုင်လိုက်၏။
“ဟေ့ မင်း ဘာမှမပြောနဲ့ ... ၊ ငါ့ဘုရားကို ငါ့ဘာသာ ကိုးကွယ်တာ မင်းတို့ဆေးရုံမှာ ဒီဘုရားပုံတော်ကို မချိတ်ရဘူး... မရှိခိုးရဘူးဆိုရင် ငါသေသွားပစေ... ၊ ဒီမှာလဲ ဆေးမကုတော့ဘူး၊ ငါပြန်မယ်၊ ဘယ်သူလာဖြုတ်ခိုင်း ဖြုတ်ခိုင်း ငါမဖြုတ်ဘူး။ အေးအေးအိပ်စမ်း...”
မွှေး စိတ်တိုလာသည်ကို သိ၍လားမသိ၊ ကုလားမသည် ငြိမ်သွား၏။
မွှေစိတ်ထဲမှာလည်း ယခုတလော သုံးလေးရက်အတွင်း ပိုက်မျိုရသည့် နေ့ကတည်းက အဆင်မပြေ၊ စိတ်မချမ်းမြေ့သည်မှာ ယနေ့ညတိုင်အောင် ဖြစ်လာ၍ ဒေါသထွက်နေတော့သည်။ အမှန်လည်း ထိုဆေးရုံမှာ ခရစ်ယာန်သာသနာပြုဆေးရုံဖြစ်၍ လူနာများက ကိုယ်ကိုးကွယ်လိုသော ဘာသာအလိုက် ရုပ်ပုံရုပ်ထုများကို လူမြင်သာသောနေရာတွင် ထုတ်၍ထားခြင်းကို ယခင်က ခွင့်မပြုဟု ဆိုပေသည်။ သို့သော် မွှေး၏နံရံတွင် ချိတ်ဆွဲထားသော ဘုရားပုံတော်အတွက်မူ ဆရာဝန်များက ဘာမျှ တစ်စုံတစ်ရာပြောသည်ကို မတွေ့ ပေ။ ညစောင့်အိပ်သော ကုလားမက သက်သက်ဗိုလ်ကျခြင်းဖြစ်၏။
* * *
နောက်နေ့နံနက်တွင် screening Reading ခေါ် အမှောင်ထဲတွင် ရောင်ခြည်ဖြင့် အဆုတ်ကို စမ်းသပ်ကြည့်ရှုစစ်ဆေးရန် ဆေးရုံဘက်သို့ တစ်ခါသွားရပြန်သည်။ သူ့အိမ်နှင့် မျက်စောင်းထိုးအိမ်မှ အိန္ဒိယတိုင်းသူတစ်ယောက်မှာလည်း နောက်မှ လန်ခြားတစ်စီးပေါ်တွင် တလှုပ်လှုပ်ပါလာ၏။
ထိုမိန်းမနောက်တွင် ခေါင်းဆွတ်ဆွတ်ဖြူနေသော အသက်(၆၀)ခန့် အဘိုးကြီးသည် မြေတွင်လျှောက်ကာ ပါလာလေသည်။
အခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်သွားကြသည်။ ကြည့်တော့မည့်အချိန်တွင် လူနာအား လေးထောင့်မှန်နောက်တွင် ရပ်ခိုင်း၍ မှန်သားကို ရင်ဘတ်ဖြင့် ထိထား၏။ ဆရာဝန်မှာ မှန်ရှေ့တည့်တည့်တွင် သားရေအင်္ကျီအထူကြီးကို ဝတ်ကာ ထိုင်နေလေသည်။ ထိုရောင်ခြည်မှာ လူ၏အသားအရေကို ထိခိုက်စေ၍ လူကောင်းဆရာဝန်အဖို့ အကာအကွယ်ယူထားခြင်း ဖြစ်ပေသည်။ လူနာတစ်ယောက် ကြည့်ချိန်မှာလည်း သိပ်ကြာရှည်ခြင်းမရှိလှ။ စက္ကန့်ပိုင်းလောက်ပင်ဖြစ်သည်။ ကြည့်မည့်အချိန်ရောက်လျှင် မှောင်ချလိုက်ကာ ခလုတ်တစ်ခုကို နှိပ်လိုက်လျှင် မှန်သားပေါ်တွင် လူ၏ခန္ဓာကိုယ်ထဲမှ အဆုတ်နေပုံကို တိုက်ရိုက်မြင်ရသည်။
မွှေးသည့် သူ့ကိုယ်သူ ကြည့်ရှုပြီးလျှင် ထွက်မသွားသေးဘဲ အိန္ဒိယသူကို သူကြည့်ရန် စောင့်နေ၏။ ဆရာဝန်နောက်မှ ရပ်ကာ ကြည့်နေစဉ် မှန်ထဲတွင် မြင်ရသော ထိုကုလားမလူနာ၏အဆုတ်မှာ ဖြူနေကာ အပေါ်တွင် အမည်းစက်လေးများ သမ်းနေတော့သည်။
သူသည် အဓိပ္ပာယ်ကိုတော့ ဘာမျှနားမလည်ပေ။ အခန်းအပြင်ဘက်သို့ရောက်လျှင် ထိုမိန်းမကို ဂရုစိုက်ကြည့်မိ၍ အသားမှာ ဝါညိုညိုကြီးဖြစ်ကာ ပိန်ချည့်နေတော့သည်။ ဆံပင်ဖြူဖြူနှင့် အဘိုးကြီးက သူ့ကိုတွဲ၍ လန်ခြားပေါ်တင်ကာ ထွက်သွားကြသည်။
မွှေးသည် ထမင်းချက် တပည့် ဘီဘီကိုမူ တမာပင်အောက်တွင် တွေ့ရသည်။
မွှေးတစ်ယောက်တည်း အားငယ်မည်စိုး၍ သူလိုက်လာကြောင်း လက်ဟန်ခြေဟန်နှင့် ပြ၏။ မွှေးသည် သူ့အိမ်သို့ ပြန်ရောက်လျှင် အရှေ့တောင်ဘက်ရှိ ဆီးပင်အောက်တွင်ထိုင်ကာ လူနာမိန်းမရှိရာကိုသာ လှမ်း၍ကြည့်နေမိသည်။ ဘီဘီက မီးဖိုထဲတွင် ထမင်းချက်လျက်ရှိ၏။ ခဏကြာလျှင် ဆံပင်ဖြူဖြူ အဘိုးကြီးသည် ကုလားလို စာတစ်စောင်ကို ဖတ်ပြလိုက် ပြောလိုက်နှင့် လုပ်နေသည်ကို လူနာက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။
မွှေးသည် သူတို့ ဘာပြောသည်ကို သိချင်လာ၏။ ဘီဘီကို မေးလျှင် ဘီဘီသည် လက်ဟန်ခြေဟန်ထက်ပို၍ ပြောပြတတ်မည်မဟုတ်ပေ။ ခပ်လှမ်းလှမ်းမှ ဆေးရုံစာရေးလေးတစ်ယောက် လျှောက်လာ၍ ထိုလူနာနှင့် အဘိုးကြီးအနားမှာ ရပ်ကာ ဝင်ရောက် စကားပြောနေလေသည်။ ထိုစာရေးလေးမှာ အိန္ဒိယသားပင် ဖြစ်သော်လည်း အင်္ဂလိပ်လို မွတ်၍နေတော့သည်။
“အဘိုးကြီးက ဒီမိန်းမနဲ့ ဘာတော်လဲ"
မွှေးက စာရေးလေးကို မေးလိုက်၏။
“သူ့အဖေလေ၊ ဟိုက်ဒရာဗတ်က လာဆေးကုတာ၊ သူ့မှာ ကလေးသုံးယောက်ရှိတယ်။ အဲဒါ ရှေ့လကုန်ရင် သူ့ယောက်ျားက ခေါ်ပြီးလာပြမလို့တဲ့။ တစ်ယောက်တည်းသမီးမို့ အဖေကိုယ်တိုင် လိုက်ပြုစုတာ”
“ဪ...ဪ သူ့ယောက်ျားဆီက စာလာလို့ သူနားထောင်နေတာကိုး၊ သူ့ကလေးတွေနဲ့ တွေ့ရတော့မယ်နော်”
“ဟုတ်တယ်၊ ဟိုလထဲက သူက စာရေးလိုက်တယ်၊ သူ ဒီမှာနေတာ သုံးနှစ်ရှိပြီ၊ သူ့ရောဂါဟာ ကုမရတော့ဘူး၊ သိပ်ပြီးလဲ ကြာမှာမို့ နောက်မိန်းမယူတော့လို့ သူက စာရေးလိုက်တယ်တဲ့။ ဒါကြောင့် သူ့ယောက်ျားဟာ ရှေ့အပတ်ဆို မိန်းမယူတော့မယ်တဲ့၊ စာလာလို့ အဘိုးကြီးက ဖတ်ပြနေတာ”
“ဘုရားရေ ..."
မွှေးသည် ဘုရားတမိ၏။
“ကျွန်တော် သွားဦးမယ်”
စာရေးလေးက နှုတ်ဆက်ကာ ထွက်သွား၏။ မွှေးသာ တစ်ယောက်တည်း ငိုင်ကာ ကျန်ရစ်၏။ နောက်မိန်းမယူသည်ပဲ ထားဦး၊ ဘာကြောင့်များ မယားရှိရာသို့ စာရေးရပါသနည်း။ ထိုစာကိုရော အဖေလုပ်သူက ဘာကြောင့် ဖတ်ပြသည်မသိပေ။
မွှေးသည် သားအဖနှစ်ယောက်ကို အံ့သြနေသည်။ လူနာကို ကြည့်ရသည်မှာ ကလေးများကို တွေ့ရတော့မည်မို့ စိတ်လန်းနေလေသလား၊ သူ့ချစ်သူ လင်သားအပေါ် စိတ်လျှော့ကာ ခွင့်လွှတ်လိုက်ပြီမို့ နေသာနေလေသလားမသိ၊ ခပ်ပေါ့ပေါ့ ခပ်အေးအေးဟန်ကို တွေ့ရတော့သည်။
မွှေးစိတ်ထဲတွင် ထိုအိန္ဒိယသူကို ချီးကျူးနေမိသည်။ အမှန်တော့ ထိုဆေးရုံတွင် တကယ့်ဝတ္ထုအများအပြား ရှိကြသည်သာတည်း။ တီဘီရောဂါကြီးက ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ဇာတ်လမ်းအနန္တကို ဖန်ဆင်း၍ပေး၏။ လူနာလူသားများသည် ခေါင်းငုံ့ကာ ကပြကြရ၏။ မရွှင်သောနှလုံးကို အားယူ၍ ဖုံးကာ အနိုင်နိုင်ပြုံးကြဟန်မှာ ရင်ထဲတွင် မချိစရာပါတကား။
သူ့မျက်စိထဲတွင် စစ်သားတစ်ယောက်ပီပီ ရင်ချီနေသော ကိုကိုနိုင့်ရုပ်ပုံလွှာသည် အထင်းသား ပေါ်လာပြန်၏။ သက်ပြင်းချလိုက်ရင်း စိတ်မှာ မောသွားတော့သည်။ တစ်လ နှစ်ကြိမ်ကျ သူ့ထံသို့ စာမှန်မှန်ထည့်ရှာသည်။ သူသည် လက်ချိုး၍ တွက်ကြည့်၏။ မြန်မာပြည်မှ ထွက်လာသည်မှာ ခြောက်လကျော် ခုနစ်လအတွင်းသို့ ဝင်ခဲ့ပြီ။ အိန္ဒိယသို့ မထွက်ခွာခင် ခွဲခွာခဲ့သည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကြာခဲ့၏။ မမအေး မဆုံးခင်က တစ်ကြိမ် နှစ်ယောက်တွေ့ခဲ့ကြရသည်။ ထိုအချိန်မှာ နောက်ဆုံး တွေ့ကြခြင်းသာတည်း။
သူ့အနားဝယ် ဆီးရွက်ခြောက်တို့သည် ပရွက်ကောင်လေးများလို ပျံဝဲကာ ကျလာကြ၏။ တောင်လေသည် ခပ်ထန်ထန်ပင် တိုက်လာကာ မိုးသားတို့ အုံ့မှိုင်းလာကြပြန်သည်။ သူ စိတ်မပျော်သည်မှာ သုံးရက်လုံးလုံးပင် ဖြစ်၏။
အပိုင်း(၁၉) ဆက်ရန်
---------------------
0 Comments