#မွှေး
အပိုင်း(၁၇)
မြစ်ကြောင်း အစပျောက်သလို မွှေးနှင့်တွေ့ခဲ့သောအချိန် အဖြစ်အပျက်ကလေးများသည် မြန်မာပြည်တွင် ကျန်ရစ်ကာ တဖြည်းဖြည်းနှင့်ဝေး၍ မေ့ပျောက် တိမ်ကောသွားပေလိမ့်မည်ဟု အတွတ်က ထင်၏။ သို့သော် မြေအောက်ရေစီးကြောင်းများကဲ့သို့ ကွယ်ပျောက်ရာမှ မွှေးသည် ဘွားခနဲ ပေါ်လာခဲ့ပြန်သည်။
ထိန်းချုပ်ရခက်သော စိတ်ကြောင့်သာ မွှေးကို မတွေ့လို မမြင်လို ထင်သော်လည်း အမှန်တော့ သူ့စိတ်လေးများသည် မွှေးနှင့် ပြန်လည်တွေ့ဆုံခြင်းအတွက် ကျေနပ်ရွှင်လန်းဟန်ကို ပြ၏။
သူသည် တိမ်တိုက်များ လွင့်သလိုပင် လွင့်ပျံထွက်ခွာသွားပါတော့မည့် အစီအစဉ်နှင့် မွှေးအပါးမှ ခွာခဲ့သည်။ အင်္ဂလန်တွင်နေပြီး ဆွစ်ဇာလန်သို့ရောက်ခဲ့၏။ ဆွစ်ဇာလန်မှအထွက်တွင် အမေ့ဆီသို့ပင် အကြောင်းမကြားပေ။ ဘဲလိုးသို့ဝင်ကာ အဆုတ်ထုတ်၍ကုသနည်းကို လေ့လာ၏။ ထိုမှ အာရောဂျံကို ရောက်လာခဲ့ခြင်းဖြစ်ပေသည်။
.
သူချစ်သော သူ့တိုင်းပြည်ကို ပြန်သည့်အချိန်တွင်ပင် သူသည် မွှေးနှင့် ဝေးသောနေရာတွင် အစဖျောက်ကာ အဆုတ်နာဒုက္ခသည်များကို ကုသရန် စီစဉ်ပြီးဖြစ်ပေသည်။ သို့သော် 'အကြောင်း' ဆိုသည့် သဘောမှာ စကားနှစ်လုံးတည်းသာရှိ၍ ဆုပ်ကိုင်ပြနိုင်ခဲသောအရာ မဟုတ်သော်လည်း ထိုအကြောင်းတရားကိုမူ မည်သူမျှ ပြုပြင်ဖန်တီး၍လည်းမရ၊ ကြိုတင်တွက်ဆ၍လည်း မရပါတကား။
ယခုတော့ အတွတ်အဖို့ ကောင်းတာတွေဖြစ်လာမည်လား၊ မကောင်းတာတွေ ဖြစ်လာမည်လား မတွေးတတ်သော်လည်း စိတ်မှာ ယခင်ကထက် ချမ်းသာလာသည်။ ယခင်ကလို အာရောဂျံတွင် နေချိန်များသည် ပျင်းရိရိ သွေ့ခြောက်ခြောက် မဖြစ်တော့ပေ။ ညနေစောင်းလျှင် တာဝန်ရှိသောရက်များမှအပ မွှေးထံသို့ အမြဲလျှောက်လာခဲ့၏။
မွှေးသည် အတော်ကြာပင် အိပ်ရာထက်တွင် နေရဦးမည်။ သူ့ဘေးရှိခုံပေါ်တွင် ထားရစ်သော အချိန်ပြ နေ့စဉ်မှတ်တမ်းထဲတွင် အဝါရောင်ရေးသားထားသေး၏။ အဝါရောင် ရေးထားသ၍ အိပ်ရာမှာ အမြဲလှဲနေရမည်ပင် ဖြစ်သည်။ မွှေး၏အိမ်ရှေ့တွင် တမာပင်မှ ပွင့်ဖတ်လေးများသည် မြေပြင်ပေါ် တဖွေးဖွေးကျလာကာ ပန်းမွေ့ရာ ခင်းသကဲ့သို့ ဖွေးဖွေးလှုပ်နေတော့သည်။ တစ်ခါတစ်ရံ ပွင့်ကြွေများသည် မွှေး၏ခုတင်ရှိရာသို့ လွင့်ပျံ့လာကြ၏။
မွှေးသည် ပန်းခက်ပန်းပွင့်လေးများကို ငေးမျှော်ရင်း အတွတ်လျှောက်လာသည်ကိုမြင်လျှင် မျက်နှာလေးမှာ ဝင်းဝင်းပပဖြစ်၍လာတတ်လေသည်။ တွေ့တဲ့အခါတိုင်းလည်း “မွှေး ဘယ်တော့လမ်းလျှောက်ရမလဲ အတွတ်ရယ်” ဟူသော မေးခွန်းကိုသာ ခဏခဏ မေးတတ်ပေသည်။
“ကိုကိုနိုင့်ဆီက ဒီနေ့ စာလာတယ် အတွတ်ရဲ့"
တစ်ခါတစ်ရံလည်း သူ့ချစ်လင်ထံမှ စာရကြောင်း၊ အိမ်အကြောင်းတွေကို တသီကြီး လျှောက်၍ မွှေးက ပြောတတ်၏။ အိပ်ရာပေါ်တွင် နေရချိန်များကို မွှေး ပျင်းရိငြီးငွေ့မည်ဆိုလျှင်လည်း ငြီးငွေ့စရာပင် ဖြစ်ပေသည်။
နွေ၏အရိပ်အရောင်များပင် အာရောဂျံဝယ် တစ်စတစ်စ ပျောက်ကွယ်၍လာတော့သည်။ တောင်ဘက်ဆီမှ တောင်တန်းပေါ်တွင် ညိုမှောင်နေသော မိုးသား မိုးခြေများကို မြင်ရစပြုလာ၏။ တစ်ခါတစ်ရံတွင် ညင်သာစွာ တိုက်ခတ်လာသော လေတွင် မိုးသက်ရနံ့ပင် ပါ၍လာလေသည်။ ဥဩသံသည်လည်း နွေနှင့်အတူ တဖြည်းဖြည်း ထွက်ခွာသွားတော့မည်ဖြစ်သည်အတွက် နွေကို တမ်းတသော ရင့်ကျူးသံ သေးသေးနွဲ့နွဲ့ကိုသာ အဝေးမှကြားရတော့သည်။
“အတွတ် ...မွှေး လမ်းမလျှောက်ရသေးဘူးလား”
အတွတ်သည် မွှေး၏မေးခွန်းကို အလွတ်ရပြီး ဖြစ်၏။
“လျှောက်ရမှာပေါ့ မွှေးရယ်၊ ဖြည်းဖြည်းပေါ့။ ဒီရောဂါက စိတ်ရှည်ရတယ်၊ စိတ်အေးအေးထားရတယ်၊ စိတ်အေးနိုင်သ၍ ကျန်းမာရေး ကောင်းလာမှာပဲ။ မွှေး ခုလို စိတ်ပူနေမယ်၊ စိတ်စောနေမယ်ဆိုရင် ဘယ်လိုနားနား အလေးချိန်တက်မှာ မဟုတ်ဘူး။ အလေးချိန်က မွှေးလာကတည်းက ၉၄ ပေါင်၊ ခုထိ မတက်သေးဘူး၊ စိတ်အေးအေးထားပေါ့။ ပြီးတော့ ဂျွန်ဆင်ကြီးရဲ့လက်ထဲက ဖိုင်တွဲကို ပိုက်ဆံပေးပြီး မကြည့်ရဘူးနော်၊ သစ္စာဆိုတာ ရှိရမယ်”
အတွတ်က ညီမငယ်လိုပင် မွှေးကို ပြောပြ၏။ မွှေးသည် သူ့ကိုပင် ကမ္ဘာထင်နေသလား မသိ။ ငြိမ်သက်စွာ နားထောင်နေ၏။
“ဒီမှာ မစ္စတာဘာတင်ဆိုတာ ပိုးတွေဘာတွေ စစ်တဲ့ဘက်က လူကြီးဟာ ဒီရောဂါကို ခြောက်နှစ်လုံးလုံး ခံစားရပြီး ဒီဆေးရုံမှာ ကုတယ်။ ရောဂါပျောက်တော့ သူအလုပ်ဝင်လုပ်ပြီး သူ့လို ဒုက္ခရောက်ရှာတဲ့ လူနာတွေကိုကုနေတယ်၊ ကဲ ...မွှေးက ဘာကြာမှာလိုက်လို့”
“အတွတ်ကလဲ ပြောတာပဲ၊ မွှေးလဲ ပျင်းလှပြီ။ စာလဲ ဖတ်ချင်သလောက် မဖတ်ရဘူး၊ အိမ်ကိုလဲ အောက်မေ့တာပေါ့။ ခုလောက်ဆို မြန်မာပြည်မှာ ပိတောက်ပန်းတွေ ပွင့်တော့မယ်”
“ဟုတ်တယ်၊ တို့များ ဝါးခယ်မက အိမ်ဝင်းထဲမှာလေ”
သူတို့နှစ်ယောက်သည် ငြိမ်သက်သွားကြ၏။ အေးချိုသော ပိတောက်ရနံ့ သင်းပျံ့၍လာသလို ထင်ယောင်လာကြတော့သည်။ အပြင်မှ နေရောင်ခြည်သည် တဖြည်းဖြည်း ကျသွားတော့၏။
“တစ်ညလွဲတာကို ရက်ပေါင်းခုနစ်ရာ ဆွေးခဲ့တယ်၊ မောင့်မှာ ခင်နှင့်ဝေးခဲ့တာဖြင့် ကြာပါပြီကောကွယ်...။ မိုးတွေညိုရင် မျက်ရည်စို့တယ်... စောင့်စားကာပဲ မောင့်မှာ တဝဲလည်လည်"
အသံလွှင့်တိုင်ကြီး မကျိုးခင် မြန်မာ့အသံမှ ရေဒီယိုသီချင်းသံမှာ သူတို့နှစ်ယောက်ဆီသို့ လွင့်လာပြန်သည်။ ခပ်ဝေးဝေးတွင် တစ်ကိုယ်တည်းနေသော လူပျိုကြီး ဦးထွန်းတင်အခန်းမှ သီချင်းသံပင်ဖြစ်တော့သည်။ သူသည်လည်း အာရောဂျံသက် သုံးနှစ်တိုင်ခဲ့လေပြီ။
မိုးဦးကျပြီဖြစ်၍ မိုးသက်လေမှာ ထန်လာကာ တစ်ဖြိုက်တော့ ခပ်သဲသဲပင် ရွာချလိုက်၏။ မိုးရွာပြီးမှ အာရောဂျံ၏ညနေသည် ပိုမို၍လှပနေသည်။ နေရောင်သည် ရွှေရောင်ဖျော့ဖျော့အသွေးဖြင့် စိမ်းနုသော ရွက်ပျိုများပေါ်တွင် လူး၍နေတော့သည်။ သဲမြေများပေါ်တွင် ရေစိမ့်ဝင်သွားပြီဖြစ်သည့်အတွက် လမ်းလျှောက်ရသည်မှာ ပို၍သန့်ရှင်း၏။
ယခုလို လှပသော ညနေခင်းတွင် မရွှေမွှေးတစ်ယောက် လမ်းလျှောက်ချင်ရှာတော့မည်ဟု အတွတ်က တွေးမိ၏။ သူသည် မွှေးထံသို့ ခပ်သုတ်သုတ်ပင် လာခဲ့လေသည်။ ယနေ့ညနေတွင်တော့ မွှေး ခုတင်ပတ်လည်တွင် ပရိသတ်
စည်ကားနေတော့သည်။ သူရောက်လာလျှင် ဆီး၍ကြိုကြ၏။
“ထိုင်ပါဦး ဒေါက်တာမိုးရဲ့”
ဝမ်းသာအားရ နေရာပေးကြသည်။ ဧည့်သည်များမှာ မြန်မာပြည်မှလူနာများ ဖြစ်ကြသည်။ သူတို့သည် မွှေးနှင့် အတော်ပင် ရင်းနှီးနေကြပေပြီ။
သူတို့ ဆွေးနွေးလက်စ စကားကို ဆက်၍ပြောကြ၏။ စိတ်ပါလက်ပါ ပြောနေသူမှာ ရခိုင်သား ကိုသန်းမောင်ပင် ဖြစ်သည်။ အတွတ်သည် မွှေးခုတင်နှင့် အနီးဆုံး ကုလားထိုင်တွင် ဝင်၍ထိုင်လိုက်၏။ မွှေးက စံပယ်ကုံးကို ဆံထုံးတွင်ပန်ကာ သနပ်ခါးရေကျဲ လူး၍ထားပေသည်။ ကိုသန်းမောင် စကားပြောသည်ကို အားလုံးပင် နားထောင်နေကြ၏။
“စကားပြော ဆက်ဆံတာ ရိုင်းရုံမကဘူး၊ တချို့ ဆရာမတွေကလဲ ဘယ်လိုလဲ မသိပါဘူးဗျာ ..."
ကိုသန်းမောင်သည် ရန်ကုန်ဆေးရုံကြီးမှ တချို့ဆရာမလေးတွေ၏ ဆက်ဆံရေး ညံ့ဖျင်းပုံကို ပြောနေဟန်တူ၏။ သူသည် အာရောဂျံသက်တမ်း ခြောက်လကျော်ပြီဖြစ်၍ ရောဂါသက်သာသောကြောင့် လမ်းလျှောက်ခွင့်ရပေပြီ။ ဦးသော်ဇင်ဆိုသူမှာ အဘိုးကြီးဖြစ်၍ ညာဘက်မှ နံရိုးသုံးချောင်းကျိုးကာ ခွဲစိတ်ကုသပြီးဖြစ်၍ နှစ်လမျှ နားပြီးလျှင် ပြန်ရတော့မည်ဖြစ်သည်။ သူကလည်း ရန်ကုန်ဆေးရုံကို နာကြည်းဟန်ရှိသည်။
“ကျွန်တော့်တုန်းကဆို ဒေါက်တာက ငြိမ်ငြိမ် အိပ်ခိုင်းတယ်။ နောက်ဖေးတောင် ထ, မသွားခိုင်းဘူး။ ဟိုဘက်က လူနာက ဗိုက်ခွဲပြီးလို့ ဆင်းရတော့မယ်။ အဲဒါဗျာ ကျွန်တော့်ဆီက နောက်ဖေးသွားတဲ့ မတ်တတ်ကမုတ်ကိုယူပြီး အဲဒီဆင်းတဲ့လူနာကို အိမ်အထိ ငှားလိုက်တယ်။ ကျွန်တော်ဖြင့် အံ့ရော။ ကျွန်တော့်ရောဂါမကြီးလို့ အိမ်သာရောက်အောင် သွားဆိုရင် သွားပါတယ်ဗျာ၊ ခုတော့ ဟိုလူနာကျတော့ စေတနာပိုပြီး ဆေးရုံကပစ္စည်း အိမ်အထိ ငှားတာတော့ တရားလွန်တယ်ထင်တယ်။ နောက်နေ့ကျ ငှားလိုက်တဲ့ တာဝန်ကျဆရာမနဲ့ မတည့်တဲ့ ဆရာမ ခေါင်းမြီးရှည်လေးတစ်ယောက် မေးကြည့်တော့မှ ဘရိုကိတ်အကောင်းစားတစ်ထည် ရလိုက်တယ်ဆိုပဲ"
“အဲဒါတွေကို သိသိချင်း ဆေးရုံအုပ်ကြီးကို တိုင်ဖို့ကောင်းတယ်။ လူကြီးတွေ သိရင် ချက်ချင်းအရေးယူပါတယ်”
အတွတ်က ဆေးရုံဘက်က ကာကွယ်၍ ပြောလိုက်၏။
“မတိုင်လိုပါဘူးဗျာ။ သူတို့နဲ့ အလွမ်းသင့်အောင်ပဲ အတော် လိုက်လျောပေါင်းနေရတာ။ တိုင်မိရင် စွာတဲ့အကောင်ဆိုပြီး ဘေးဖယ်ထားမှ ဒုက္ခရောက်နေမယ်”
အဘိုးကြီးက ခေါင်းလေးပွတ်ကာ ရယ်မော၍ ပြောပြ၏။
“ပြီးတော့ အလွမ်းသင့်သူတွေ ဆေးရုံတက်ရင် ပွဲတော်လားတောင် အောက်မေ့ရတယ်။ စားဟယ်...သောက်ဟယ် တပြုံးပြုံးနဲ့။ အချိန်လဲ မကန့်သတ်ဘူး။ ကျွန်တော့်နှမ ဗိုက်ခွဲတုန်းက ကိုယ်တွေ့။ သူတို့ မလိုတဲ့သူကျတော့ အစောင့်တစ်ယောက်ကို ဆရာဝန်လက်မှတ်နဲ့ ထားတာတောင် ဘာဖြစ်ပြန်ပြီ၊ ညာဖြစ်ပြန်ပြီနဲ့။ ကျွန်တော်တော့ ဆေးရုံကို မလွှဲသာလို့ တက်ရတယ်၊ စိတ်ကုန်ပါတယ်ဗျာ။ ဒါတောင် ပိုက်ဆံခန်းရဲ့ ဒုက္ခနော်”
“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ဒီမှာကျတော့ကော ဆက်ဆံပုံတော့ ပြေပြစ်ပါရဲ့၊ ဆရာဝန်မျက်နှာ မနက်တစ်ခါမြင် ၊ ပျောက်သွားရော။ သူနာပြုဆရာမကလဲ တစ်နေ့သုံးကြိမ် အပူချိန်လာယူတာကလွဲလို့ အနားမှာမရှိ။ ဦးထွန်းစိန်ကြီး ရောဂါသည်းလာတာ ဘယ်သူမှ သွားခေါ်လို့မရတာ ကြည့်လေ"
ဦးပုက ဝင်၍ စိတ်ဖြေသာအောင် ပြောလိုက်သည်။ ဦးပု ရောက်လာသည်မှာ တစ်နှစ်နီးပေတော့မည်။ သူ့အဆုတ်တစ်ဖက်တွင် အပေါက်ရှိ၍ လာရောက်ကုသခြင်းဖြစ်သည်။
"ဒါကြောင့် အကောင်းဆုံးနည်းက ကျွန်တော် စဉ်းစားတယ်။ ဒီမှာလဲ ဒီပီအေအက်စ်နဲ့ အိုက်ဆိုနက်စ်စားပြီး ထိုးဆေးက စတက်ရက်တိုမိုက်စင် ထိုးရတာပဲ။ တစ်ခုပဲ သာတာက စည်းကမ်းကြီးတော့ လူတွေကလဲ လိုက်နာတယ်။ ရေနဲ့လေ ကောင်းတယ်။ နေရာက ကျယ်ဝန်းတယ်။ ဒီတော့ မြန်မာပြည်မှာ ဒီလိုလုပ်နိုင်ရင် ကျုပ်တို့လဲ ဒုက္ခမရောက်ဘူး၊ ခုတော့ ငွေမလောက်လို့ ငွေရှာရတဲ့ဒုက္ခ၊ သားတကွဲ မယားတကွဲ ဒုက္ခ"
“ဟုတ်တယ်ဗျို့”
ကိုသန်းမောင်သည် ဦးပုစကားကို ဆက်လက်၍ ထောက်ခံလိုက်၏။
“ဟုတ်တယ်၊ ဘယ်လိုဖြစ်လဲမသိ၊ တကယ်လိုတဲ့ တကယ့်လူနာကျတော့ ငွေစစ်လိုက်တာ၊ ဒီမှာ မနည်းချွေတာသုံးရတယ်။ လူနာယောင်ဆောင်ပြီး လာကုတဲ့လူကျတော့ ငွေနှစ်ထောင်လောက်များ အေးအေးပဲ ရတယ်”
“အို ..ဒီလိုလူတွေ ရှိသေးတယ်”
မွှေးက ရောဂါနှင့်ပင်း၍ ငွေရှာသည့်အဖြစ်ကို အံ့သြစွာ မေးလိုက်၏။
“မွှေး ဘာမှ မသိသေးဘူး၊ တချို့က ရောဂါက တော်တော်ရယ်၊ ကုလားတွေနဲ့ပင်းပြီး ငွေခိုးထုတ်တာ တစ်ပုံကြီးပဲ"
ကိုသန်းမောင် အဖြေကြောင့် မွှေးမှာ မျက်လုံးလေး ပြူးသွား၏။
“ဖြစ်နိုင်ရင်တော့ ကောင်းပါတယ်။ ဒီလိုသွေ့ခြောက်တဲ့ လေတိုက်တဲ့ရာသီဥတုရှိတဲ့နေရာတွေ မြန်မာပြည်အလယ်ပိုင်းမှာ ရှိနေတာပဲ။ အဲဒီမှာ နေရာကျယ်ကျယ်ဝန်းဝန်းရှာ၊ ပစ္စည်းကိရိယာရှာနိုင်ရင် ဆရာဝန်တွေလဲ ရှိလာမှာပါပဲ။ ပြီးတော့ ရေကလဲ ထုံးဓာတ်ပါတဲ့ရေ ရနိုင်တာပဲ”
အတွတ်သည် ထိုလုပ်ငန်းကို စိတ်ပါလာဟန်ရှိကာ ဝင်၍ဆွေးနွေး၏။
ဦးပုက ခေါင်းညိတ်ရင်း ဆက်ပြော၏။
“တစ်ခု ဒေါက်တာမိုး စဉ်းစားကြည့်၊ အာရောဂျံကို ထူထောင်တုန်းက ခုလို အကြီးကြီးမှ မဟုတ်ဘဲ။ မစ်ရှင်သာသနာပြုတွေက စတာပဲ။ ဟို ရုံးအနောက်က အဆောက်အဦးဟာ လူ (၂၀)လောက်ပဲ ဆန့်တယ်၊ အဲဒါက စခဲ့တာ။ ခုဟောင်းလို့ ပြိုနေပြီလေ။ အဲဒီက တစ်စတစ်စ ရောဂါပျောက်ကင်းသူတွေမှာ ဆင်းရဲသူလဲ ပါတယ်။ သူဌေးလဲပါတယ်။ သူဌေးတွေက တစ်ဆောင် တစ်အိမ်စီ လှူရင်းက ခုလို ကျယ်လာတာ။ သူတို့လဲ အစမှာ အစိုးရကို အပူမကပ်ဘူး”
“ကဲ.. ဦးပုတို့ လမ်းလျှောက်ကြဦး၊ ဟိုဘက်က ဆရာမတစ်ယောက် ဖြတ်လျှောက်သွားတာ မြင်တယ်။ လမ်းလျှောက်ချိန် မလျှောက်ရင် လာဆူဦးမယ်”
ဒေါ်မြညွန့်နှင့် ဒေါ်အေးကျင်ဆိုသူ အမျိုးသမီးနှစ်ဦးက သတိပေးလိုက်မှ သူတို့သည် လမ်းလျှောက်ရန် ထ,သွားကြတော့သည်။ မွှေးအနားတွင် အတွတ်တစ်ယောက်တည်း ကျန်ရစ်၏။
“ဒီဆေးရုံရဲ့ ထုံးစံက လမ်းမလျှောက်နဲ့ဆိုလဲ မလျှောက်ရဘူး၊ လျှောက်ခွင့်ပြုတဲ့လူကျရင်လဲ မှန်မှန်လျှောက်ရတယ်။ တစ်တိုင်း ၊ တစ်ပြည်မှာဆိုတော့လဲ လူနာတွေက နာခံတယ်”
“အတွတ် စားပွဲအံဆွဲထဲက နေ့စဉ်မှတ်တမ်းကို ယူကြည့်ပါဦး၊ မနက်က ဒေါက်တာဂျေဇူ ဆေးရုံအုပ်ကြီး ကိုယ်တိုင်လာတယ်။ အဝါရောင်ဖျက်ပြီး အဝါနုလို့ ရေးသွားတယ်။ မွှေး ထိုင်ရပြီ သိလား။ ပြီးတော့လဲ လေးနဲ့အထွေးလဲ ဒီဂရီရပြီတဲ့၊ ဒီနေ့ စာလာတယ်။ သူတို့ အလုပ်လုပ်ပြီး မွှေးဆီကို ငွေပို့မယ်တဲ့”
မွှေးက အားရဝမ်းသာ ပြော၏။
"ဒါကြောင့် မရွှေစာ ပန်းတွေပန်၊ သနပ်ခါးတွေ လူးနေတာကိုး။ မြန်မြန်ကျန်းမာလာမှာပါ။ ကဲ...ကဲ အတွတ် ကုလားထိုင် ရွှေ့ပေးမယ်။ ရှေ့ဘက်က မြေကွက်လပ်မှာ ဆင်းပြီးထိုင်"
အတွတ်နှင့် အဖော်ကုလားမသည် ကုလားထိုင်နှစ်လုံးကို ရွှေ့လိုက်ကြ၏။
မွှေးသည် ကုလားထိုင်ပေါ်ထိုင်ရင်း အသက်ဝဝ ရှူလိုက်သည်။
“အမလေး ခုမှပဲ ကမ္ဘာကြီး မြင်ရတာ ကျနေတာပဲ”
မွှေးက ရွှင်လန်းစွာဆို၏။
“ဒီလိုပဲ မွှေး၊ တချို့ဆို တစ်နှစ်လုံးလုံး နေရတယ်၊ မွှေးနေတာ ခြောက်လကျော်ကျော်လေးပဲ"
“အတွတ် နေကြည့်ပါလား၊ အိပ်ရာထဲ ခြောက်လနေရတဲ့ဒုက္ခကို သိမယ်”
မွှေးက ရန်တွေ့လိုက်မှ အတွတ်က ဟက်ဟက်ပက်ပက် ရယ်လိုက်တော့သည်။ သူတို့အနားတွင် လေများ ဖြည်းညင်းစွာ တိုက်ခတ်၍ စိတ်ရွှင်လန်းစရာဖြစ်နေပေသည်။ အဝေးရှိ ကျောက်တောင်ကုန်းများပေါ်တွင်လည်း ရွှေဝါနုရောင်ခြည်သွေးက လွှမ်းခြုံထားသောကြောင့် ရွှေတောင်ထွတ်များသဖွယ် လှပလှလေသည်။ စကားဝိုင်းမှ ထသွားသူတို့ လျှောက်သွားသော မြောက်ဘက်ယွန်းယွန်းနေရာတွင်မူ စိမ်းစိုသောတောအုပ်ငယ်လို သစ်ပင်ပျိုတို့ စုရုံးလျက် သာယာလှသည်။ လေတိုက်လိုက်တိုင်း နေရောင်ခြည်အောက်တွင် သစ်ရွက်များသည် လှပစွာလှုပ်ရှားကြလျက် ကြက်တူရွေးငယ်တို့၏အော်သံမှာလည်း တစ်ပြိုင်နက်လိုလို ကြားရတတ်၏။
မွှေးသည် အနီးကပ်၍မကြည့်နိုင်သော ဥယျာဉ်ဆီသို့ လည်ဆန့်၍မျှော်ကာ ကြည့်ရသည်။ သူ့အခန်းရှေ့တည့်တည့် ကွင်းပြင်ကိုကျော်လိုက်လျှင် အရှေ့တောင်ဘက်ယွန်းယွန်းတွင် အပြင်လူနာများအတွက် ဆေးပေးရုံကို တွေ့ရပြီး ဆေးပေးရုံနောက်တွင်မူ သဘာဝအလျောက်ဖြစ်နေသော ကျောက်သားလွင်ပြင်ကြီးကို တစ်စွန်းတစ်စ တွေ့ရသည်။ သဘာဝမှာ လှသည်ဆိုသော်လည်း ကိုယ့်ဌာနီမဟုတ်လေသောကြောင့် မွှေးအဖို့ ပျော်စရာလို့ မမြင်ပေ။ မြက်ခင်းသည် လွမ်းဆွတ်ကြည်နူးဖွယ်ရာသာတည်း။
မွှေးအဖို့ ကိုယ်အလေးချိန် မှန်မှန်မတက်လေသမျှ လမ်းလျှောက်ခွင့် နှောင့်နှေးမည်ဖြစ်၏။ လမ်းလျှောက်ခွင့်မရလျှင်လည်း ထိုကျောက်တောင်ကုန်းများနှင့် တောအုပ်ဆီသို့ သွားရဦးမည် မဟုတ်ပေ။ အဝေးကသာ မျှော်မှန်းရမည်ဖြစ်ပေသည်။
အကယ်၍သာ ယခုလို နားရပုံမျိုးနှင့် မြန်မာပြည်ရှိ အစားအစာများသာဆိုလျှင် လူနာတစ်ယောက်အတွက် အလေးချိန်သည် လျှင်မြန်စွာ တက်နိုင်မည်ဖြစ်သည်။ အိန္ဒိယတွင်မူ အစားအသောက်ကလည်း မြန်မာဟန်နှင့်မတူ၊ လိုချင်တာကိုလည်းမရ။ ကြက်ဥ၊ နွားနို့ကိုသာ ညှီစော် ဘယ်လိုပင်နံနံ နှစ်၍သောက်ရ၏။ ဆိတ်သားနှင့် ကြက်မှတစ်ပါး ဆေးရုံးဈေးတွင် တခြားအသားမရှိပေ။
အတွတ်သည် မွှေး လည်တဆန့်ဆန့်နှင့် မျှော်ကြည့်နေရာအနားသို့ ကပ်လာ၏။ မွှေး၏ရွှင်လန်းဆန်းလာသောဟန်ကို မြင်ရသည့်အတွက် သူ့စိတ်မှာလည်း ချမ်းမြေ့လာပေသည်။
“မွှေး... ဟိုဥယျာဉ်ကို ကျော်လိုက်ရင် မဒနာပလီသွားတဲ့လမ်းမကြီးကို ရောက်ရော၊ အဲဒီလမ်းမကြီးဘေးမှာ မန်ကျည်းပင်လေးတွေ စီပြီးပေါက်နေတာ သိပ်လှတာပဲ။ အညာကျေးလက်တွေနဲ့ တူတယ်။ အဲဒီကနေ အတွတ်တို့နေတဲ့ အိမ်ဆီ လာနိုင်တယ်။ မွှေး အလေးချိန် မှန်မှန်တက်ရင် မကြာဘူး လမ်းလျှောက်ရမယ်..."
အတွတ် လက်ညှိုးညွှန်ရာသို့ မွှေးက မျှော်ကြည့်လိုက်သေး၏။ သူ အလေးချိန်တက်ဖို့ သိပ်မမျှော်လင့်ပေ။
“ကိုယ်အလေးချိန်တက်ဖို့ အသားများများ စားရမယ်လို့ ဒေါက်တာက ပြောပါတယ်။ အထူးသဖြင့် အမဲသားစားခိုင်းတယ်။ မွှေးကလဲ ဒါတွေ မစားချင်ဘူး...”
“ဘာလို့ မစားချင်တာလဲ” .
“ဟင် .... အတွတ်ကလဲ အမဲသားကို မွှေးမစားဘူး။ ဈေးက ကြက်နဲ့ဆိတ်ပဲရတာ၊ ဒီမှာ ငါးပုစွန်က မြင်တောင်မမြင်ရဘူး။ ကြက်က အရှင်ကြီး။ ကုလားမက သူသတ်ပေးမယ်လို့ ပြောပါတယ်။ ဟိုဘဝက အကုသိုလ်ကြီးလွန်းလို့ ခုဘဝ ဒုက္ခတွေ အနန္တခံရတဲ့အထဲ ဒီကြက်တော့ မသတ်ခိုင်းတော့ဘူး။ ဆိတ်လဲ ဆိတ်စော်နံလှပြီ”
အတွတ်သည် ခေါင်းတညိတ်ညိတ်နှင့် အယူသည်းလွန်းလှသော သူ့မွှေးကို အထူးအဆန်းသဖွယ် ကြည့်နေ၏။
"ဒီတော့ ဦးပုတို့ ပြောသွားသလို မွှေးတို့ မြန်မာပြည်ပြန်ရောက်ရင် အဖွဲ့တစ်ခုဖွဲ့ပြီး ဆောင်ရွက်ရအောင်၊ ဒီအဖွဲ့ရဲ့ လုပ်ငန်း အောင်မြင်အောင် ကူမယ်”
“ဒီလိုဆိုရင် အစိုးရမှာလဲ နိုင်ငံခြားငွေ အကုန်သက်သာမယ်မဟုတ်လား”
“သက်သာရုံတင်မကဘူး၊ ငွေကြေးမတတ်နိုင်လို့ သေရတဲ့ လူမမာတွေအတွက်လဲ ကာကွယ်ရာကျမယ်။ ဟိုမှာက ရိုးရိုးကုသိုလ်ဖြစ်အခန်းမှာကို ခုတင်တစ်ခုရဖို့ ခဲယဉ်းတယ်။ ပြီးတော့ အဆုတ်နာ ဆိုပြန်တော့ တခြားလူနာတွေနဲ့ ရောထားဖို့ ဆရာဝန်တွေက လက်မခံချင်ဘူး၊ ဒီတိုးချဲ့ အဆုတ်ခန်းမှာမှ ထားလို့ဖြစ်တာ။ အမှန်ဆိုရင် ဒီရောဂါဟာ ဖြစ်စမှာ ကောင်းကောင်းနားပြီး ကောင်းကောင်းစားရင် သိပ်ပျောက်လွယ်တယ်။ ရန်ကုန်လို ပြွတ်သိပ်နေတဲ့ သေတ္တာလို အိမ်လေးတွေမှာ နေတဲ့ လူတွေအဖို့ ဘယ်မှာသွားနားနိုင်မှာလဲ။ ဆေးရုံကလဲ တင်ရတယ်ထားဦး၊ နေရာကျဉ်းတော့ နည်းနည်းဖြစ်တဲ့လူကို များများဖြစ်တဲ့လူဆီက ကူးမှာ စိုးရပြန်ရော”
မွှေးသည် နားထောင်နေရာမှ သက်ပြင်းချရင်း ခေါင်းကို ဖြည်းဖြည်းယမ်းလိုက်၏။
“ဆရာဝန်တွေက ဘယ်လိုပဲပြောပြော၊ မွှေး စိတ်ထင်တာက ဒီရောဂါဟာ လွန်လာတဲ့အချိန်မှာ ကုရင် ရောဂါမတိုးအောင်သာ လုပ်လို့ရမယ်။ လူစဉ်တော့ မီမယ် မထင်ဘူး။ ဒီတော့ ရောဂါတွယ်မှန်း သိသိချင်း မြန်မြန်နား၊ မြန်မြန်စားနိုင်အောင်ကို လုပ်ပေးရမယ်။ ရောဂါပိုးတွယ်ကို မခံမှဖြစ်မှာပဲ။ ဒီရောဂါရဲ့ ဒုက္ခဟာ အသည်းခိုက်အောင် ဒုက္ခပေးပြီး တစ်အိမ်ထောင်လုံးရဲ့ စီးပွားရေး၊ အခြားတိုးတက်ရေးတွေပါ ဘယ်လောက်ထိခိုက်တယ်ဆိုတာ ဒီဝေဒနာကို ခံစားရဖူးသူတွေမှ တကယ်သိတာ”
အတွတ်သည် လန့်သွား၏၊ သူ့စကားများသည် စိတ်ဓာတ်ကို မြင့်အောင် လုပ်မပေးနိုင်ဘဲ ပိုမိုပင်ကျဆင်းအောင် ပြောမိနေသလား။
“ဘာဖြစ်လို့လဲ မွှေး၊ လူစဉ်မီပါတယ်။ ဆေးရုံဆင်းသွားပြီးမှ အလုပ်လုပ်နေတဲ့လူတွေ အများကြီးပဲ”
“တချို့တော့ ဟုတ်ပါတယ်လေ၊ ဒါပေမယ့် ဘယ်နှစ်နာရီ အလုပ်လုပ်ရမယ်၊ ဘယ်နှစ်နာရီ နားရမယ်နဲ့ သူဌေးနာကြီး။ ဆင်းရဲသူ ဆင်းရဲသားမှာ အချိန်ရသလောက် အလုပ်လုပ်ရတာပဲ၊ ဒီတော့ သူတို့ညွှန်ကြားသလို မလိုက်နာနိုင်ရင် မြန်မြန်သေတာပေါ့။ ဒီရောဂါဟာ အင်မတန် စိတ်ချောက်ချားစရာကောင်းပါတယ်။ အမျိုးတွေကတောင် ပိုင်းပယ်၊ အပေါင်းအသင်းကလဲ ဝိုင်းပယ်နဲ့ နူနာလိုပဲ”
မွှေးသည် မျက်နှာညှိုးကျကာ ပြောပြ၏။ သူတို့စကားပြောနေစဉ် ကျောက်တောင်ကုန်းဘက်ဆီမှ လာသော လမ်းလေးပေါ်တွင် သူငယ်တစ်စု လမ်းလျှောက်လာကြသည်။
“မွှေး ဟိုသူငယ်တွေထဲမှာ ရှေ့ဆုံးက ဖြူဖြူမြင့်မြင့်နဲ့ မြန်မာလူငယ်လေးတစ်ယောက် တွေ့လား”
အတွတ်က လူငယ်များဆီသို့ ညွှန်ပြကာ မေးလိုက်သည်။
“တွေ့ပါတယ်”
“ဒီသူငယ်လေးဆို အသက် ၂၀ ကျော်ပဲ ရှိသေးတယ်။ လောကကြီးမှာ တက်စအရွယ်၊ ဘယ်လောက် ပျော်ရွှင်စရာတွေကို ခံစားလို့ကောင်းတဲ့အရွယ်လဲလို့။ မိဘက ချမ်းလဲချမ်းသာတယ်။ သူ့နာမည် မောင်ရန်ခွင်းလို့ ခေါ်တယ်။ ဒါပေမယ့် အဆုတ်နာကြောင့် သွေးအန်လို့ ဒီမှာလာကုရတယ်။ သူ့ဘဝကို သူထိုင်ပြီး ဝမ်းနည်းမနေဘူး။ သူဝါသနာပါတဲ့ ကင်မရာတစ်လုံးနဲ့ သူ့စိတ်သူ အလုပ်ပေးနေတာပဲ။ ဒီမှာနေတာ တစ်နှစ်နီးတော့မယ်”
အတွတ်သည် မွှေးအား စိတ်ဖြေသာအောင် စကားပြောင်း၍ပြောပြနေပေသည်။ လူငယ်တစ်စုသည် သစ်ခက်များ၊ တောပန်းရိုင်းအပွင့်များကို ကိုင်ကာ သီချင်းဆို၍ သွားကြတော့သည်။
အပိုင်း(၁၈)ဆက်ရန်
---------------------
0 Comments