ပျားရည်လည်းခမ်း လမင်းနွမ်း - ခင်နှင်းယု အပိုင်း(၃) ဇာတ်သိမ်းပိုင်း

#ပျားရည်လည်းခန်း လမင်းနွမ်း

အပိုင်း(၃)(ဇာတ်သိမ်း)

အိမ်ရောက်တော့ ဧည့်ခန်းမှာ ဧည့်သည်နှစ်ယောက်နှင့် အမေ။

“သမီးရေ... ဒီမှာ ငွေရီနဲ့ မစန်းမြင့်”

ကျွန်မ ငွေရီကိုတွေ့တော့ ဝမ်းသာလွန်း၍ သူ့အပါးမှာ ဝင်ထိုင်လိုက်သည်။ 

“သိပ်အဆင်ပြေတာပဲ။ ညစာစားပြီးမှ ပြန်၊ မောင်မြကို လိုက်ပို့ခိုင်းပါ့မယ်” 

ကျွန်မက ပြောလိုက်၏။ 

“အောင်မလေး ခုမှ ပိုမနေနဲ့။ အမေက စိန်မေကို ညစာချက်ခိုင်းထားပြီ” 

အမေပြောသံကြားမှ ကျွန်မ ပြုံးမိ၏။ 

“ငွေရီ လာ၊ အမေတို့ စကားပြောနေတုန်း တို့များအခန်းထဲ လိုက်ခဲ့" 

ကျွန်မက ငွေရီကိုဆွဲခေါ်ကာ အိပ်ခန်းထဲမှာ အဝတ်လဲရင်း စကားပြောသည်။

“မြသူ၊ နင် မမစန်းကို မသိဘူးလား” 

ငွေရီက ခုတင်ပေါ်ထိုင်ရင်း မေး၏။ 

“သိပါဘူး” 

“ဟို သီးကုန်းက ကျောင်းအုပ်ကြီး ဦးကျော်အောင့်သမီးလေ” 

“ဪ ... တို့ခုနစ်တန်းမှာတုန်းက သူက မော်လမြိုင် ဆရာဖြစ် အောင်လို့ မြောင်းမြမှာလုပ်နေတာပဲ သိတယ်၊ ငါတော့မမှတ်မိဘူး”

“အမေ ပြောတော့ သူလည်း တောင်ဥက္ကလာမှာတဲ့။ အမေနဲ့ ခဏခဏတွေ့ကြတယ်တဲ့။ ကံဘဲ့ဈေးမှာ တွေ့ကြတယ်တဲ့။ လာပါဟယ် နင်ကလည်း ရိုင်းရာကျမယ်၊ သွားစကားပြောရအောင်”

ကျွန်မကလည်း အဝတ်လဲပြီး ငွေရီနှင့် အတူ ဧည့်ခန်းပြန်လာကြသည်။

“မြသူ သမီး၊ ဒါ ဆရာကြီး ဦးကျော်အောင့် သမီးလေ၊ ဆရာမ ဒေါ်စန်းမြင့်” 

အမေက မိတ်ဆက်ပေးသည်။ 

“ကျွန်မ မမှတ်မိလို့ပါ။ ငွေရီ ပြောမှ သတိရတယ်”

“အေး ဟုတ်တာပေါ့။ မမစန်းက ရွာမှာနေတဲ့အချိန်ကလည်း နည်းတာ။ ပြီးတော့ ရုပ်ရည်ကလည်း အရင်ကနဲ့ မတူဘူးမို့လား” 

သူ ပြောတာဟုတ်ပါသည်။ ကျွန်မမြင်ဖူးသော အရင်က မစန်းမြင့်က အပျို၊ ရင်မို့မို့ တင်ပြည့်ပြည့်နှင့် ဒေါင်ကောင်းကောင်း၊ ယခုတော့လည်း ပိန်ရှည်ရှည် ပါးလျားလျား ဖြစ်နေသည်။ 

“မီးဖိုမှာ ထမင်းစားဖို့ သွားကူလိုက်ဦးမယ်နော် မမစန်း”

ကျွန်မက ခွင့်တောင်းကာ မီးဖိုထလာသည်။ ငွေရီပါ ကျွန်မနှင့်အတူ လိုက်လာကာ ထမင်းဝိုင်းပြင်သည်။ 

“မမစန်းနဲ့ မချိန်းဘဲ လာတွေ့တာပေါ့” 

ကျွန်မက ငွေရီကို မေး၏။ 

“အေး ဟုတ်တယ်။ ရုံးအားရက်ဆို ငါက အလုပ်ရှိသေးတယ်လေ၊ ကုန်တိုက် ဝင်တိုးရမှာ။ ဒီတော့ ဒီနေ့ တို့ရုံးက ဖယ်ရီကားက ဘောက်ထော်ကြုံလို့ လိုက်လာတာ မမစန်းနဲ့တွေ့တော့ တစ်ယောက်နဲ့တစ်ယောက် မမှတ်မိပါဘူး။ ငါကလည်း သိပ်ရုပ်ပြောင်းသွားတာ” 

“သူ ဘယ်မှာလုပ်လဲ”

“ကံဘဲ့ကျောင်းမှာပြောတယ်။ သူအိမ်မိုးမလို့တဲ့။ သူ့ယောက်ျားကလည်း ကျောင်းဆရာပဲ။ လူက လူအေး။ ဘယ်လောက် အေးသလဲဆို လခအပ်တာကလွဲလို့ ဘာမျှ မလုပ်တတ်ဘူးတဲ့။ အခုလည်း ဆရာမက သူ့လက်ကောက်လေး အမေ့ဆီ လာထားပြီး ငွေယူတာ။ မိုးမကျခင် အိမ်မိုးမလို့တဲ့။ သူ့မှာ ကလေးကလည်း ၆ယောက်တဲ့” 

“အိမ်လေးရှိတာပဲ တော်သေး။ ကဲ ... အမေတို့ သွားခေါ်မယ် ထမင်းစားရအောင်” 

ကျွန်မက ဧည့်ခန်းသွားကာ အမေနှင့် မမစန်းကို ခေါ်လာခဲ့သည်။ ထမင်းဝိုင်းမှာ ရွာတုန်းကလိုပဲ အားလုံး စားသောက်ကြသည်။ မြို့ပြဟန် မပါပါ။

“ငွေရီရော မစန်းရော ရွာကလူတွေကို သိပ်တွေ့ချင်တာ။ မြသူ ဆိုတာကလည်း သူ့ကျောင်းအလုပ်နဲ့သူ”

အမေက ထမင်းစားရင်း ဆက်ပြော၏။

“အကူအညီလိုလည်း တစ်ယောက်နဲ့တစ်ယောက် ပေးရတာပေါ့”

“ဟုတ်ကဲ့ အမေ၊ ကျွန်မကလည်း တတ်နိုင်သလောက်တော့ ကိုယ့်ဘဝကိုယ် ဖြေရှင်းပါတယ်။ ကလေးကလည်း ၆ ယောက်။ အကြီးဆုံးကောင်က တက္ကသိုလ်သာရောက်ရော ကျူရှင်နဲ့ဆိုတော့ လုံးလည်လိုက်နေတာ၊ အိမ်ကလည်း မမိုးမဖြစ်ဘူးလေ၊ ကြယ်မြင်လမြင်။ ဒီလက်ကောက်ကလည်း မေမေပေးခဲ့တာ။ ကလေးတွေအဖေတော့ ဘာမျှမပြောချင်တော့ဘူး။ ဘာမျှလည်း ကြံဖန်တတ်တာမဟုတ်ဘူး”

“ဒီလိုပေါ့လေ၊ သူ ဒီလိုနေတာပဲ ကျေးဇူးတင်ဦး။ ကဲ ... သူက အရက်သောက်ပြီတဲ့၊ မယားငယ် ယူပါပြီတဲ့။ ဒါမှမဟုတ် ကစားဝါသနာပါပါပြီတဲ့။ မစန်း အိမ်ပိုင်နဲ့တောင် နေရမှာမဟုတ်ဘူး။ စိတ်ဆင်းရဲမှာ၊ ဒီလိုလည်း လှည့်တွက်ပေါ့”

အရက်သမားမယား ငွေရီမှာ ခေါင်းမဖော်၊ ကျွန်မနှင့်အတူ ထမင်းပဲ ငုံ့စားကြသည်။ ငွေရီအကြောင်းတော့ အမေသိဟန်မတူ။ ထမင်းစားပြီး ကားစီစဉ်ကာ ဧည့်သည်များကို ကားနှင့် မောင်မြ လိုက်ပို့လိုက်ပါသည်။ ဧည့်ခန်းတွင် နှစ်ယောက်တည်းကျန်မှ ကျွန်မက ငွေရီအကြောင်း အမေ့ကို ပြောပြ၏။

“ဟယ်... ဒီလောက်ဖြစ်မှန်း အမေမသိပါဘူး။ သူကလည်း ဘာမှ မပြောဘူး”

“အမေကလဲ ဘာပြောမလဲ၊ သမီးတောင် လမ်းပေါ်မှာ တွေ့လို့ အတင်းလိုက်သွားတာနဲ့ ငွေရီအဖြစ်ကို သိခဲ့ရတာ။ ဆိုင်နဲ့ ကနားနဲ့ ရောင်းရအောင်လည်း သူ့မှာ အရင်းအနှီး ရှိပုံမရဘူး။ အဲဒါ ရုံးမှာ အလုပ်လုပ် ကုန်တိုက်တိုးနဲ့ပဲ ပြီးရတာ"

“အေး ...မစန်းကျတော့လည်း လင်က မကြံတတ် မဖန်တတ်၊ ငွေရီအတွက်လည်း မကြွေဆီ အကြံဉာဏ် တောင်းဦးမယ်။ အမေ ကံဘဲ့ဈေးထဲမှာ မကြွေနဲ့ တွေ့နေကျ၊ သူကတော့ ကျပန်းရောင်းနေတာပဲ။ ငွေရီအတွက် သူနဲ့ တိုင်ပင်ဦးမယ်။ သူ့သမီးလေးက မြို့ထဲက ဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးလုပ်တယ်။ အဲဒါ ရောင်းရင်းဝယ်ရင်း နားလည်သွားတော့ သူ့ဘာသာ ပစ္စည်းကောက် ပြန်ရောင်းနဲ့ ခု လဟာပြင် အပြင်ဘက်တန်းမှာ ဆိုင်ခန်းလေးတစ်ခုတောင် ငှားနိုင်ပြီ။ ငွေရီ့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ မေးရဦးမယ်။ ခုလည်း အမေက မစန်းဆီက လက်ကောက်သာ ယူထားလိုက်တာ၊ အတိုးမယူပါဘူးလို့ ပြောလိုက်တယ်။ တစ်ကျပ်သား ရှိသတဲ့။ ငါးထောင် ခဏပေးပါဆိုလို့ ပေးလိုက်တာ။ ဪ... တို့ရွာက လူတွေလည်း တစ်ဖြစ်လဲနေပါလား”

မကြွေမှာ ယခင်က ရွာမှ ကုန်စိမ်းများကို မြောင်းမြပို့သူ ဖြစ်သည်။ ယခုတော့ ရန်ကုန် ရောက်နေသည်။

“အမေ သမီးခရီးထွက်မလို့” 

ကျွန်မ စကားမစပ် ကောက်ကာငင်ကာ ခွင့်တောင်းလိုက်၏။ အမေ့မျက်နှာသည် အံ့သြသွားသည်။ 

“ဘယ်ကိုလဲ၊ ဘာလုပ်လဲ။ မောင်မြင့်မောင်ဖြင့် မရှိဘဲနဲ့” 

“အို... သူရှိကော ဘာထူးမှာလဲ။ သန်းသန်းရင်တို့ ဟန်းနီးမွန်းသွားတာ လိုက်မလို့” 

ကျွန်မက စူဆောင့်ဆောင့်နှင့် ပြောလိုက်၏။

“ဒီဟန်းနီးမွန်းပဲ ပြောနေတာပဲ၊ မောင်မြင့်မောင် ခရီးထွက်တုန်းကလည်း ဒီဟန်းနီးမွန်းပဲ ပြောနေတာပဲ။ ဘာဖြစ်လို့ ဒါလောက် မွန်းချင်နေတာလဲ။ အဲဒီ စကားကရော ဘာလဲ” 

အမေက ကျွန်မကို မျက်နှာထားတင်းတင်းနှင့် ကြည့်၍ မေး၏။

“လက်ထပ်ပြီးစဆို ဒီလိုပဲ နှစ်ယောက်တည်း ခရီးထွက်ကြတယ်။ လွတ်လွတ်လပ်လပ် အပျော်ခရီးပေါ့။ သူများတွေ ဘယ်လောက်များ အားကျစရာကောင်းလဲ။ မြန်မာလို ပျားရည်ဆမ်းခရီးထွက်တယ်ခေါ် တယ်”

“သမီးက ကိုယ့်လင်မှ မပါဘဲ”

“အိုး ... ကိုယ့်လင်က ကိုယ့်မှ ဂရုမစိုက်ဘဲ” 

“ဒီလို မပြောနဲ့လေ” 

အမေက မျက်မှောင်ကြုတ်၍ ကြည့်သည်။

“တက္ကသိုလ်က ကျောင်းဆရာမ စကားကလည်း ဘယ်လိုလဲ၊ ၁၀-တန်းကျောင်းသူ ကျနေတာပဲ။ အတွေးအခေါ်တွေက ကလေးလိုပဲ။ ရွာမှာများ ဒီစကား မကြားဖူးပေါင်"

“ရွာမှာနေရင်တော့ ရွာသားနဲ့ညားနေမှာပေါ့။ ဒီတော့လည်း ကျေးတောသားက ကို့လို သမီးကို ပစ်ထားမှာမဟုတ်ဘူး”

“ခက် ခက်ရချည်ရဲ့။ မောင်မြင့်မောင်က သမီးကို ပစ်ထားသလား၊ အလုပ်နဲ့ အကိုင်နဲ့ သွားနေရတာ၊ မသိတာမဟုတ်။ ဒီလိုပဲ အမေတို့ငယ်ငယ်တုန်းက ကျုံးလုပ်ရတယ်။ သမီးထက်အကြီး ဆုံးသွားတဲ့ သူငယ်လေး မွေးတုန်းကအထိ အမေတို့ လယ်ပိုင် ချောင်းပိုင် မရှိသေးဘူး။ နေရတာ နွားတင်းကုပ်သာသာရယ်။ အမေ့ကို အဖေနဲ့ပေးစားတော့ လှည်းတစ်စီးပဲ ရှိတယ်။ ဒီလှည်းကလည်း အရီးလေးက နွားတစ်ကောင်၊ အဖေ့အစ်မ ကြီးတော်က တစ်ကောင်၊ အဘိုးက လှည်းအိမ်၊ စုစုပေါင်းမှ လှည်းတစ်စီး ဖြစ်တာ။ ကိုသာအောင်က မိုးကျရင် လယ်အငှားစိုက်ရတာ၊ နွေမှာ စပါးတိုက် ထင်းသယ်။ ထင်းကုန်သည်တွေက ပင်လယ်မျှောခုတ်၊ ကနစိုခုတ် သွားရင်လည်း အငှားထင်းခုတ်ဖို့ သူက လှေနဲ့လိုက်သွားရတာ၊ တစ်လ ကိုးသီတင်း အမေ့မှာ ဒီလိုပဲ ကျန်ရစ်ရတာပဲ။ တို့မြေလေး တစ်ကွက်ပိုင်အောင် ဆိုပြီး ကြိုးစားလိုက်ရတာ။ ဘာပျားရည်မှလည်း ညားကတည်းက မဆမ်းခဲ့ရပါဘူး။ သမီးမွေးတော့ စီးပွားတက်ပြီး ပျဉ်ထောင်အိမ်နဲ့ လယ်ပိုင် နွားပိုင်နဲ့ ဖြစ်နေမှကိုး။ သမီးက ဆင်းရဲတာကို ဘယ်သိမလဲ၊ ဘာစိတ်ကူးတွေ ပေါက်နေတာလဲ” 

ကျွန်မက ဘာမျှပြန်မပြောနိုင်၊ မျက်ရည်တွေသာ တွေတွေကျနေပါသည်။

“စဉ်းစားများ ကြည့်စမ်းပါဦး။ ငွေရီ့လင်လို အရက်နဲ့ပဲ အဖော်လုပ်နေပါပြီတဲ့။ မစန်းယောက်ျားလို တာဝန်မသိ၊ ဘာမှ ဦးမဆောင်တတ်ပါဘူးတဲ့။ အငယ်တွေနဲ့ ပျော်ပါးနေပါပြီတဲ့။ ဒီလိုဆိုရင်တော့ပြောပေါ့။ ခုတော့ မောင်မြင့်မောင်က အလုပ်ကို စိတ်ဝင်စားလွန်းလို့ သမီးကို အချိန်မပေးနိုင်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါလောက်တော့ ကိုယ်ကလိုက်လျောရမှာပေါ့။ အမေတို့ဘဝဆို သမီးအဖေကလည်း ကျွဲနဲ့နွားနဲ့ ရုန်းရတဲ့ဘဝက လွတ်အောင်ဆိုပြီး၊ ကြိုးစားတဲ့နေရာမှာ ထမင်းမေ့ ဟင်းမေ့၊ သားမေ့ မယားမေ့ပဲ။ တစ်ခါများ ထင်းလှေကနေ အလုပ်ပြီးလို့တဲ့ ကျိုက္ခမီ ဆက်ထွက်သွားပြီး ဆားအပြည့် လှေနဲ့တင်ပြီး အညာတက်သွားတာ၊ အမေ့ဆီ လူကြုံနဲ့ပဲ အကြောင်းကြားနိုင်တယ်။ အမလေး သူတို့လိုသာ လင်က ခရီးထွက်တိုင်း စိတ်ကောက်ပြီး ကိုယ်ကပါ ခရီးထွက်ရရင် ငါ အိမ်မှာ တစ်နှစ်လုံးရှိမှာ မဟုတ်ဘူး။ တို့များဖြင့် လင်ခရီးထွက်သွားရင် ပန်းကပ်ရ၊ ဆွမ်းကပ်ရနဲ့ နေ့တိုင်း မေတ္တာပို့ ဆုတောင်းရတာ။ သူကဖြင့် ဆောင့်အောင့် စူပွလို့၊ ခရီးသွားတဲ့လူ စိတ်ထင့်စရာ”

အမေက ဒေါသဖြစ်လာဟန် တူပါသည်။ “ငါ”တွေ ဘာတွေ သုံးလာပါသည်။ 

“သားကြီးမွေးတော့ တဲအမိုးမပြင်နိုင်သေးဘူး။ မိုးစက်စက်နဲ့ မီးယပ်ချမ်းကလည်း ထ၊ ငါ့သားလေး ဆင်းရဲရှာတယ်။ ဒီတုန်းက အအေးပတ်ပြီး သူဆုံးရှာတာပါ။ အဖေက လယ်ထဲမှာတစ်နေကုန်၊ အမေ့မှာလည်း တစ်ယောက်တည်း၊ သွေးနုနုနဲ့ ချောင်းရေခပ်ရ လျှော်ရဖွပ်ရနဲ့ အအေးပတ် အဖျားဝင် လေးဘက်နာဖြစ်၊ သားရောအမေရော အိပ်ရာပေါ်လဲ။ သားလေးဆုံးသွားရော အမေက နာလန်မထူဘူး။ ကျုံမငေးက ဆရာကြီး ဦးဘိုးသင်းနဲ့ ကုမှ ပျောက်တော့တယ်။ ၆ လ လောက်ဟာ အဖေ့ကို ဘာမှမကူနိုင်ဘူး။ အဖေကလည်း အနားမနေနိုင်၊ ဆေးလည်း စောင့်မတိုက်ပါဘူး။ လယ်ချိန် လယ်ထဲမဆင်းရင် ငတ်မှာပေါ့။ သူတို့မှာဖြင့် လင်အနားမကပ်လို့တဲ့။ ရောဂါကလည်း ထထနိုင်လွန်းတယ်။ မသွားရပါဘူး။ သမီးမွေးလာတော့ ဖွားဆုံတို့လို လူပိုခေါ်ထားနိုင်တဲ့အချိန်၊ ငါ့သားလေးလို ဒုက္ခမခံရဘူး။ အစတုန်းကတော့ သမီးကပြောတယ်၊ ရွာက ချောင်းလေးပဲ လွမ်းတယ်၊ ရွာမှာပဲ ဆရာမ ဖြစ်ချင်တယ်နဲ့၊ သမီးနေပုံ ထိုင်ပုံက ရွာက မြသူဘဝကို မေ့နေသလိုပဲ။ ဒါပဲ ပြောလိုက်မယ်၊ မသွားရဘူး”

အမေက တရစပ် ပြောကာ တစ်ချက်လွှတ် အမိန့်ချ၍ ထသွားသည်။ ကျွန်မ တရှုပ်ရှုပ် ငိုနေမိသည်။ အိပ်ရာထဲ သွားလှဲနေပေမဲ့ အိပ်မပျော်၊ အမေ့စကားတွေသာ နားထဲမှာ ဆူညံနေသည်။

သန်းသန်းရင်တို့ ဟန်းနီးမွန်း ထွက်သည်ကို ကျွန်မ မလိုက်ဖြစ်ပါ။ ဒါပေမဲ့ နောက်နေ့တွေ ကျောင်းတက်ရသည်ကို စိတ်မပါ။ ရင်ထဲမှာ မကျေမနပ် ဖြစ်နေဆဲ။ 

တစ်နေ့ သင်တန်းပြီးချိန် အခန်းဘက်ပြန်လျှောက်လာတော့ ရှေ့တူရူမှ သူလျှောက်လာသည်ကို မြင်နေရသည်။ ကျွန်မရင်ထဲမှာ တဒိတ်ဒိတ် ခုန်လာသည်။ ကျွန်မ အခန်းဝရောက်ပေမဲ့ ချိုးမဝင်သေးဘဲ ခြေထောက်က သူ့အလိုလို ရပ်သွားသည်။ သူရှေ့မှာ မားမား ရပ်လာသည်အထိ စောင့်နေမိသည်။ ကျွန်မခြေထောက်တွေ ရေခဲတိုင်တွေလို အေးစက်လာသည်ဟု ထင်မိသည်။ 

“ဒီမှာ မြ ရှိနေမှာကို သိလို့ ထွန်းလာနှုတ်ဆက်တာ”

ကျွန်မ မျက်လွှာချနေမိသည်။ ဘာပြန်ပြောရမှန်း မသိပါ။ ယခင်အချိန်တွေက ဒီစာသင်ခန်းတွေထဲမှာ သူနှင့် စကားပြောနေကျပဲ၊ ယခုလောက် လှုပ်ရှားခြင်း မဖြစ်မိပါ။

“တို့များကို သိပ်စိတ်နာနေပြီလား။ နက်ဖြန်ဆိုရင် တို့များ သွားရတော့မယ်။ ခု အင်းလျားကန်ဘက် လျှောက်ရအောင်လေ”

အခန်းထဲရှိ ဆရာမတွေ ကျွန်မတို့နှစ်ယောက် ဘာပြောနေသည်ကို ကြည့်နေကြသည် ထင်သည်။ ပြီးတော့ ကျွန်မအပြုအမူကို အံ့ဩနေကြသည်။ ကျွန်မ အခန်းထဲ စာအုပ်ထား၍ သူနှင့်အတူ ဝရန်တာဘက် ထွက်လာသည်။ ချစ်သူဘဝတုန်းကတောင် အတူမလျှောက်ခဲ့သော အင်းလျားကန်ပေါင်ပေါ်မှာ ယခု ကျွန်မ သူနှင့်အတူ လျှောက်နေမိသည်။

ဆောင်းပြယ်စ ပြုပေမင့် ဆောင်းလေ ကျန်သည်။ ရေပြင်ပေါ်မှာ တိုးဝှေ့နေဆဲ၊ အေးမြ၍ လန်းဆတ်နေသည်။

“ထွန်းရဲ့ မေ့ကို တွေ့ပါတယ်”

ကျွန်မက မြက်ခင်းပေါ်ထိုင်ရင်း ပြောလိုက်၏။

“ဪ ... သူ့သူငယ်ချင်း ချောပပကို.လာတွေ့မှာပေါ့”

“ဟုတ်တယ်။ ထွန်းအရက်တွေ သောက်နေတယ်ဆို၊ ဘာဖြစ်လို့” 

ကျွန်မသည် သူ့ကိုမကြည့်ဘဲ ရေပြင်ကို စူးစိုက်၍ငေးရင်း မေးနေမိသည်။ ကျွန်မကို ခွဲခွာရသောဝေဒနာကို ဖြေသိမ့်ဖို့ သူ အရက်သောက်နေသည်ဟု ထင်သည်။ သူ ကျွန်မကို မေ့မရနိုင်၍လား။ 

“တို့များကိုလည်း ကြည့်ပါဦး မိန်းကလေးရဲ့” 

သူက သူ့မျက်နှာကို ကျွန်မ ရှေ့သို့ ထိုးပြလိုက်သည်။ ကျွန်မရင်ထဲမှာ တလှပ်လှပ် တုန်ခါသွားပါသည်။ သူ့မျက်နှာကြည့်၍ တုန်လှုပ်သွားခြင်း မဟုတ်ပါ။ “မိန်းကလေး” ဟူ၍ ကိုခေါ်သလို သူက ကျွန်မကိုခေါ်လိုက်ခြင်းအတွက် နာကျင်သွားခြင်းဖြစ်ပါသည်။ 

“အို ... မြင်ပါတယ်” 

ကျွန်မက တတုန်ကယင် ဆိုလိုက်၏။

“တကတည်း ရေကသိုဏ်းရှုနေသလိုပဲ၊ ရေပြင်ကိုပဲ ​ငေးနေတာ"

“ဟုတ်တယ်၊ ရေပြင်က သန့်စင်တယ်” 

“တို့များက မသန့်စင်ဘူးပေါ့လေ”

“မဆိုလိုပါဘူး”

“မြရဲ့ မျက်နှာကိုလည်း ရေပြင်မှာ ကြည့်ပါလား” 

သူ့မေးခွန်းကြောင့် ကျွန်မ တုန်လှုပ်သွားပါသည်။

“မကြည့်ချင်ပါဘူး ထွန်းရယ်။ မြ သိချင်တာတွေ ရေပြင်က ပြောပြမှာလည်း မဟုတ်ဘူး။ သိပ်စိတ်ရှုပ်စရာကောင်းတာပဲနော်။ ဒါနဲ့ ထွန်း ကြိုက်တဲ့မိန်းမကို ရရက်သားနဲ့ ဘာလို့ အရက်တွေသောက်နေရတာလဲ” 

ကျွန်မ စကားကြောင်းပြောင်းလိုက်ကာ မေးခွန်းဟောင်းကို မေးလိုက်၏။

ကျွန်မသည် အံ့ဩစွာ သူ့ကို စူးစိုက်ကြည့်နေမိ၏။ 

“ထွန်း မြကို ပြောမပြဘူး” 

“ပြောဖို့ မလိုဘူးလေ” 

“ဘာဖြစ်လို့” 

“မြက အရက်သောက်တာကို ကြိုက်မှ မကြိုက်ဘဲ” 

“အို ... ချစ်တဲ့သူကို ဘာပဲဖြစ်ဖြစ် ကိုယ့်စရိုက်အမှန် သိစေရမှာ​ပေါ့"

“ဟုတ်ပါတယ်လေ၊ ချစ်ကြတဲ့ခဏ ချစ်တဲ့သူလေး စိတ်ချမ်းသာစေချင်တဲ့ စေတနာ တို့များမှာ ရှိပါတယ်လို့ ဆိုရင်ကော” 

“ချစ်တဲ့ခဏ” 

ကျွန်မက ရေရွတ်ရင်း မျက်ရည်ပေါက်ကြီးတွေ မျက်လုံးမှ လှိမ့်ဆင်းလာသည်။ ထွန်းတစ်ယောက် ကျွန်မကို တစ်ခဏတာ ချစ်သွားခြင်းပေကိုး။ ကျွန်မ ထင်မြင်ချက်တွေ တစ်ခုမျှမဟုတ်။ ကျွန်မကိုလည်း မေ့မရ၍ မဟုတ်ပါလား။ ပြီးတော့ တစ်ခဏတဲ့။ သိပ်ရှက်ဖို့ကောင်းတာပဲ။ ကျွန်မ ရှိုက်၍ငိုနေမိသည်။ 

“အို... ဘာလို့ငိုနေလဲမြရယ်။ ထွန်း မျက်ရည်သုတ်ပေးရမလား"

“မလိုပါဘူး။ မြ လက်ကိုင်ပဝါ ပါပါတယ်” 

“ဟုတ်ပါတယ်၊ အခြေအနေကလည်း မပေးတော့ဘူး” 

ကျွန်မရင်ထဲမှာ သိပ်ခံပြင်းလာပါသည်။ လမ်းလျှောက်ရင်း ပန်းကောက်ခဲ့ခြင်းထက် ထွန်းအချစ်က မပိုခဲ့ပါ။ ကိုယ့်မှာသာ စွဲလမ်းတမ်းတခြင်း ပြင်းစွာနှင့် နှလုံးသားတွင် သိုဝှက်ခဲ့ရပါသောထွန်း။

“တစ်ခဏ ဆိုလို့ မြ ဝမ်းနည်းသွားသလား။ ဟုတ်တယ်၊ တစ်ခဏ ဆိုတာမှာ မလေးစားတဲ့သဘော မပါပါဘူး။ မြနဲ့ အတူချစ်နေချိန်မှာ တစ်ယောက်တစ်ယောက် လေ့လာခွင့်တွေ သိပ်ရခဲ့ပါတယ်။ အင်မတန် စည်းအတန်တန်ခြား၊ သတ်မှတ်ချက်တွေများနေတဲ့ မိန်းကလေးစရိုက်ကို ထွန်း သိလာခဲ့တာပေါ့။ ချစ်သူအနေနဲ့ ဒါတွေဟာ ပြဿနာမဟုတ်ဘူး။ ဒါပေမဲ့ လက်ထပ်ပြီးရင် အိမ်ထောင်သည်ဘဝ ရောက်လာတယ်ဆို စရိုက်က စကားပြောလာပြီ။ သူ့စည်းထဲ ကိုယ်ဝင်မလား၊ ကိုယ့်စည်းထဲ သူ ဝင်မလားနဲ့ စိတ်ပင်ပန်း ရင်လေးစရာတွေ တစ်ပြုံကြီးနဲ့ နယ်လုရတဲ့ပဋိပက္ခတွေ ဖြစ်လာရတာ စိတ်မောစရာ မကောင်းဘူးလား။ ဒီတော့လည်း အိမ်ထောင်ရေးရဲ့ သုခဟာ ပျောက်ကွယ်သွားမှာပဲ။ မြဟာ ထွန်းချစ်သူအနေနဲ့ လေ့လာရသလောက် မြလိုချင်တာကို ရှေ့တန်းတင်ရာမှာ သိပ်တင်းမာတဲ့ မိန်းကလေး”

“အို...  "

ကျွန်မသည် မျက်နှာကို လက်နှင့်အုပ်မိလိုက်၍ တသိမ့်သိမ့် ငိုမိပြန်သည်။ အရင်ကဆို သူ ကျွန်မပခုံးကိုင်၍ ချော့မည်။ ယခုတော့လည်း နှစ်ယောက်လုံး ထိန်းသိမ်းရမည်ကို နားလည်နေမိသည်။

“လက်ထပ်ချိန်မှာ ကိုယ်လိုချင်တာတွေကို နှစ်ယောက်လုံး ရှေ့တန်းတင်နေရင် ဘယ်တော့မှ အိမ်ထောင်ရေးဟာ သာယာမှာ မဟုတ်ဘူး၊ တို့များ လက်ထပ်တာ ဘာမလုပ်ရ ဘာမကိုင်ရဆိုတဲ့ စည်းကမ်းဘောင်တွေနဲ့ ဘော်ဒါဆောင် နေဖို့မဟုတ်ဘူး”

“ဒီလိုဆို ထွန်းအရက်သောက်တာကရော ကိုယ်သောက်ချင်တာကို ရှေ့တန်းတင်ရာ မရောက်ဘူးလား”

“တို့များ အရက်သောက်တာကို မေက လိုက်လျော​တော့ ​မေ့ရဲ့ ပျော့ညံ့ချက်တချို့တွေကိုလည်း တို့က လိုက်လျောရတာပဲ၊ ဥပမာ သူက ပိုက်ဆံဆိုသ​ရွေ့ သူ့အပ်စေချင်တယ်။ တို့များက တပြားမကျန် အပ်တယ်။ တခြားနေရာတွေမှာလည်း အပေးအယူ ရှိရတာပေါ့။ ယောက်ျားတစ်ယောက်ဆီက ကိုယ်လိုချင်တာ အပြည့်ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့မိန်းမဟာ မှားသလိုပဲ မိန်းကလေးတစ်ယောက်ဆီက ကိုယ်လိုချင်တာ အကုန်ရမယ်လို့ မျှော်လင့်ထားတဲ့ ယောက်ျားဟာလည်း မှားတာပဲ။ အခု ဒီကိုလာပြီး မြနဲ့ တွေ့မယ်ဆိုတာလည်း မေ့ကို ပြောပြီးမှ သူ့ခွင့်ပြုချက်နဲ့ လာခဲ့တာ”

“သူ့ ခွင့်ပြုချက်” 

ကျွန်မ ထိုစကားလုံးကို လိုက်ဆိုမိ၏။ ကျွန်မရင်ထဲမှာ ပြောစရာတွေရှိပေမဲ့ ဘာမျှ ပြန်မပြောရဲပါ။

“တစ်ခါတလေ လူတွေဟာ ရဲရဲ မတွေးရဲဘူး။ ကိုယ်ဖြစ်နေတဲ့ အခြေအနေဟာ ကိုယ်ဖြစ်ချင်တာတွေထက် အရာရာ ကောင်းနေပေမဲ့လည်း မရောင့်ရဲနိုင်ဘူး။ ဟုတ်တယ်မို့လား မြ။ ဒီတော့လည်း ဖြစ်ချင်တာနဲ့ ဖြစ်နေတာကြားမှာ ပဋိပက္ခဖြစ်ပြီး ဒုက္ခက စလာတာပဲ။ အမှန်တော့ စရိုက်ချင်းတူဖို့ မျှော်လင့်တာထက် တစ်ယောက်စရိုက် တစ်ယောက် လိုက်လျောနိုင်ဖို့က ပိုအရေးကြီးတယ်။ သွေးမတော် သားမစပ်တဲ့ လူနှစ်ယောက် စရိုက်ဟာ ထပ်တူကျဖို့ မလွယ်ပါဘူး”

“မြ ပြန်တော့မယ်” 

ကျွန်မ ဘာစကားမျှ ဆက်မပြောချင်တော့ပါ။ အမှန်တော့ ပြန်လည်တွေ့ဆုံခြင်းကို “အရှုံး” နှင့် ကျွန်မပိုင်းလိုက်ခြင်းပင်။ ထွန်း၏နှလုံးသားမှာ ကျွန်မနှင့်မေ အပြေးပြိုင်ရာတွင် ကျွန်မအသာစီးရနေသည်ထင်ပေမဲ့ မေက ပန်းဝင်သွားပြီး ကျွန်မသည် နောက်မှာ ကျန်ရစ်ခဲ့ပြီကော။

“ပြန်ပါလေ၊ ဒါပေမဲ့ မျက်နှာကို ပြင်လိုက်ပါဦး။ တော်ကြာ တို့များကို အထင်လွဲနေမယ်”

ကျွန်မသည် လက်ကိုင်အိတ်ကို ဖွင့်၍ ကရင်မ်ပတ်ဖ်ကို ယူကာ မျက်နှာကို တို့လိုက်သည်။ 

“သွားမယ် ထွန်း၊ မေကြော်ပေးတဲ့ အကြော်တွေကို အရက်နဲ့မြည်းရင် ထွန်းစိတ်ချမ်းသာမယ်ဆိုရင် မြ ဝမ်းသာပါတယ်။ သွားစို့”

“အင်း... အချိန်တွေဟာနောက်ကျခဲ့ပြီ။ အင်းလျားကန်ပေါင်မှာ တို့များ လမ်းလျှောက်သင့်တာ ဟိုးအစောကြီးက" 

သူက ဒါပဲပြော၏။ ကျွန်မက ဘာမျှမပြော၊ ကျောင်းခန်းရောက်တော့ ထွန်း အခန်းထဲရှိ ဆရာမတွေကို နှုတ်ဆက်ပြီး ပြန်သွားသည်။ တစ်ခန်းလုံးက ဆရာမတွေသည် နှုတ်ဆိတ်၍ ကျွန်မကို ကြည့်နေကြသည်။ လွတ်လပ်တဲ့ဘဝမှာ တွေ့ကြစဉ်က စည်းသုံးတန်ခြားကာနေသူ မိန်းကလေးက ယခုမှ ကန်ပေါင်ရိုးတွင် နှစ်ပါးသွားသည်ကို အံ့သြနေပုံရသည်။ သို့ပေမဲ့ ဒီနှစ်ပါးသွားကလည်း ပဝါတစ်ကမ်း မြေဝိုင်းခေတ်ပုံစံ ဆိုတာကိုတော့ ပြောမပြမိခဲ့။

ကျွန်မကတော့ သူတို့ကို ဘာစကားမျှမဆို၊ ကျွန်မပစ္စည်းများ သိမ်း၍ တိတ်ဆိတ်စွာ အိမ်ပြန်လာခဲ့သည်။ ကားပေါ်တွင် ပန်းရောင်ခေါင်းပေါင်းရှင်၏ အဘိဓမ္မာတွေကို ပြန်လည် ကြားယောင်လာသည်။ ဟုတ်မှာပါ။ မေသည် သူ့အတွက် အကောင်းဆုံးဇနီးဖြစ်မှာပဲ။ ကျွန်မသာဆို သူကိုင်လာသော အရက်ခွက်ကို ပုတ်ချမိမှာ အမှန်။ ချစ်သူဘဝကတည်းက “မြကြိုက်တာတွေ ဒါပဲ” ဆိုပြီး ကျွန်မ အသာစီးရနေခဲ့သူ။ လက်ထပ်ပြီးတော့လည်း ကျွန်မရနေသော နေရာမှ ဖယ်နိုင်လိမ့်မည် မဟုတ်။ ပြီးတော့ ကျွန်မနှင့် တွေ့မည်ကို မေ သိသတဲ့။ မေက တွေ့ဆုံကြခြင်းကို လိုက်လျောခဲ့သည်။

တစ်ခါက ကျွန်မတစ်ယောက်တည်းသာ သိသော မိုက်မဲမှုလေးကို သတိရမိသည်။ ကိုတစ်ယောက် ညဘက် အိမ်ပြန်နောက်ကျတာတွေ များသည်။ စနေဆိုလည်း အလုပ်ရုံမှာ အမြဲလိုလို၊ စိတ်ထဲက မယုံနိုင်ပါ။ စနေ၊တနင်္ဂနွေ တစ်နေ့ ရုတ်တရက် စစ်ဆေးရေးဝင်သလို အမေနှင့်အတူ ဈေးဝယ်ရင်း ကို့ဝပ်ရှော့ကို ဝင်ခဲ့သည်။ အလုပ်ရုံမှာကို့ကို မတွေ့လျှင် တွေ့အောင်ရှာမည်။ ကို တစ်ယောက်ယောက်နှင့်များ တွဲနေလျှင် ထဘီစွန်တောင်ဆွဲ၍ ကက်ကက်ပါအောင် ရန်တွေ့လိုက်မည်။ အလုပ်အကြောင်းပြ၍ အိမ်မပြန်ဘဲ ပွေသောကို့ကို နားရွက်ဆွဲ ခေါ်လာခဲ့မည်။

ဝပ်​ရှော့ရောက်တော့ ကားတစ်စီးအောက်မှာ ပက်လက်လှန်နေသော ကို၊ အပြာရောင် အလုပ်ဝတ်စုံ ဝတ်လျက်။ ကျွန်မ ရောက်လာသည်ဆိုတော့ ကားအောက်မှ ထွက်လာသည်။ သူ့လက်မှာ ဆီတွေပေကျံ၍ မျက်နှာမှာလည်း ပေရေနေသည်။ ကျွန်မ ဘာပြောရမည်လဲ မသိ။ ပြီးတော့မှ ကို့ကို ပြုံးပြီးနှုတ်ဆက်ရသည်။

“ကို... ထမင်းစားပြီးပြီလား”

အဆက်အစပ်မရှိသော စကားကို မေးမိသည်။ ကိုက ခေါင်းခါလိုက်ပါသည်။ အချိန်က ၁၂ နာရီကျော်နေပြီ။ အမေက“ထမင်းချိုင့်ရော သမီး၊ ပြင်ပေးလိုက်” ဆိုတော့မှ ကျွန်မ သတိရသည်။ ကိုသည် ထမင်းကို လက်မည်းကြီးနှင့် ဇွန်းခက်ရင်းကိုင်ကာ စားနေသည်။ 

ကျွန်မ အတွေးအထင်တွေကို ယနေ့ထိ ဘယ်သူမျှ မပြောပြမိပါ။ အမေသာသိလျှင်လည်း ကလေးဆန်သည်ဟု ကျွန်မကို ပြောမည်။

ဪ...ကိုနှင့် လက်ထပ်သည်မှာ ၂ နှစ်နှစ်ပြည့်တော့မည်။ ကို အရက်ခွက်ကိုင်လာလို့ ပုတ်ချလိုက်ရသည့် အဖြစ်မျိုး တစ်ခါမျှ မကြုံခဲ့ရသေးပါ။ 

အရင်က ထင်ခဲ့သည်။ ကို ကျွန်မကို တန်ဖိုးမထားဘူးလို့။ ယခုတော့လည်း ကျွန်မက ကို့တန်ဖိုးကို လျစ်လျူရှုနေမိသည်။ ကိုယ့်လက်ဝယ်ရောက်လာသော ရတနာ၏တန်ဖိုးကို နားမလည်သော ကျွန်မ၏မိုက်မဲမှုသည် အထွတ်အထိပ်ကို ရောက်နေပါပကော။ မန်နေဂျာ ဦးသန်းမောင်ကိုမေး၍ ကိုရှိရာတောင်ကြီးကို လိုက်သွားမည်။ ပြီးတော့ တစ်ကိုယ်တော် စိတ်ကူးယဉ် မိုက်မဲမှုတွေကို ကို့ကို တီးတိုးပြောပြမည်။ ပန်းရောင်ခေါင်းပေါင်းရှင်၏ မှတ်ချက်ကလည်း ဖြစ်ချင်သောဘဝကိုသာ ရှေ့တန်းတင်ပြီး ဖြစ်နေသောဘဝကို မရောင့်ရဲနိုင်သူတဲ့။ ဟုတ်ပါတယ်လေ၊ ခုတော့ ကိုယ့်ဘဝ ကိုယ်နားလည်တဲ့ မိန်းကလေးပါ။ ပျားရည်ဆွတ်ဖျန်းထားတဲ့ ပန်းပွင့်တွေ ကို့ကို ပေးပြီး ဒီခရီးမှာ ကိုနဲ့ နားလည်မှုယူမှာပေါ့။

ကား အိမ်ရှေ့ရောက်တော့ ကျွန်မအတွေး ပြတ်သွားသည်။ အမေသည် ဆိုဖာပေါ် ငုတ်တုတ်ကြီးထိုင်လျက် တွေ့ရသည်။ တုန်ယင်သော သူ့လက်တွေနှင့် စာတစ်စောင်ပေးသည်။ အလုပ်တိုက် မန်နေဂျာ ဦးသန်းမောင်ဆီက စာ။

“ကို တောင်ကြီးမှာ ကားမှောက်၍ ဆုံးကြောင်း” 

ဘုရား... ဘုရား။ ကျွန်မ ရင်ထဲမှာ နာကျင်သွားပါသည်။ 

“သူ တယ်လီဖုန်းရရချင်း အိမ်ကိုလာပြောတာ၊ သမီး ကျောင်းမဆင်းသေးဘူးဆိုလို့ စာထားခဲ့ပြီး ကျောင်းလိုက်သွားတယ်။ နက်ဖြန်မနက် အစောကြီးသွားဖို့ အဆင်သင့် ပြင်ထားပါတဲ့”

အမေက ပြောရင်း ငိုနေသည်။ ကျွန်မ ဘာမျှ ပြန်မပြောနိုင်ပါ။ အခန်းထဲကို ဖြည်းညင်းစွာ လျှောက်သွားမိသည်။

ကို သွားသည့်နေ့က ဒေါတွေပွကာ လက်ကိုင်အိတ်ကို အခန်းထောင့် လွှင့်ပစ်ခဲ့သည်။ လက်ကိုင်အိတ်သည် အခန်းထောင့်မှာ ပွင့်လျက်။ အနီးကို လျှောက်သွားပြီး လက်ကိုင်အိတ်ကို ကောက်လိုက်တော့ အမှောင်ထောင့်မှာ လက်စွပ်ကလေး။ ကျွန်မ ကောက်ယူလိုက်ပါသည်။

“မိန်းကလေးအတွက် မင်္ဂလာဦးအထိမ်းအမှတ်အဖြစ် ကိုပေးတဲ့ လက်ဆောင်”

ကျွန်မလက်ကို ညင်သာစွာ မ၍ ကို ဝတ်ပေးခဲ့ပါသည်။ ဖွဖွလေး လက်ဖမိုးကို နမ်းနေစဉ်မှာ ကို့မျက်ဝန်း စိမ်းလဲ့လဲ့မှာ အေးမြရွှန်းပနေပါသည်။ ယခုတော့ မြကိုရံထားသော စိန်ကလေးများသည် ကျွန်မကို အထိတ်တလန့် တဖျတ်ဖျတ် မျက်တောင်ခတ်၍ ကြည့်နေသည်။ လက်စွပ်ကို ကျွန်မပါးမှာ အပ်မိ၏။

“ဘယ်လိုဖြစ်ရတာလဲ ကိုရယ်။ မိန်းကလေးရဲ့ မိုက်မဲမှုတွေကြောင့် ကို အန္တရာယ်တွေ့ရတာထင်တယ်။ ကို ကားမှောက်ချိန်ဟာ ထွန်းနဲ့မိန်းကလေး အင်းလျားကန်ပေါင်ပေါ်မှာ စကားပြောချိန်များလား”

ခုတင်ဘက်ကို လျှောက်သွား၍ အိပ်ရာပေါ် လှဲနေမိသည်။ လက်စွပ်လေးကို ရင်မှာ အပ်ထားမိသည်။ ချစ်သူ့လက်ဆောင်ကိုပင် တန်ဖိုးမထား မိုက်မဲခြင်း၊ လျစ်လျူရှုခြင်း၊ ရက်စက်ခြင်း၊ ရိုင်းပြခြင်းတွေနှင့် ပြည့်နေတဲ့ မိန်ကလေးဟု သူတို့ စကားဆိုနေသလား။

ဟုတ်ပါတယ်။ ကို့ကို ကျိန်ခဲ့မိတယ်။ ကို မရှိတုန်း မိန်းကလေးတစ်ယောက်တည်း ခရီးထွက်သွားမယ်။ ဒီတော့ ကိုပြန်လာရင် ဟင်းလင်းဖြစ်နေတဲ့ မွေ့ရာကိုပဲ မြင်ရမယ်။ ဒီတော့မှ ငါခံစားရသလို ခံစားရမယ်။ တကယ်တော့ ဒါဟာကျိန်စာပဲ။ အခု ကျွန်မကျိန်စာ ကို့ကို ဖြစ်စေလိုသော မနောကံ၊ ကျွန်မဘက်ကို ဦးတည်လာပြီ။ ကိုယ့်ကျိန်စာ ကိုယ်ပြန်ခံရပြီ။ ပြန့်ကျယ်သော မွေ့ရာပေါ်တွင် အထီးကျန်ဘဝနှင့် ကာလရှည်လျားစွာ ကျွန်မ အိပ်ရတော့မည်။ 

"ကိုယ့်လင်သား ခရီးသွားလျှင် တို့မှာ ဆုတောင်းလိုက်ရတာ"

ကျေးတောသူ အမေ့စကား။ 

ကျွန်မကတော့ ဆောင့်ခဲ့အောင့်ခဲ့ အရွဲ့တိုက်သဘောနှင့် ခရီးထွက်ဖို့တောင် ပြင်ခဲ့သည်။ ပြီးတော့ ထွန်းနှင့်လည်း တွေ့ခဲ့သေးသည်။ မြို့ပြ၏ ဝေဒနာတွေနှင့် လိမ်းကျံ ညစ်ပတ်နေသော မိန်းကလေး။ 'ခွင့်လွှတ်ပါလို့လည်း မဆိုချင်တော့ပါဘူးကိုရယ်။ ဒီမိန်းကလေးအပေါ်မှာ မွင့်လွှတ်နိုင်စရာအကြောင်းလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ကို့ကို တီးတိုးပြောပြချင်ပါတယ်။ ရေသည်တစ်ယောက်အကြောင်းတော့ မဟုတ်တော့ဘူး။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာကို အထာကျအောင် လက်မခံတတ်တဲ့ မိန်းကလေးတစ်ယောက်အကြောင်း။

မဟူရာအတ္တခြုံထည်အောက်က မိန်းကလေးဟာ ကို့ရဲ့ မေတ္တာလဝန်းရောင်ခြည်တန်ဖိုးကို မခံစားနိုင်ဘူး။ လိုချင်တာ ဖြစ်ချင်တာ တစ်ခုတည်းကိုသာ ရှေ့တန်းတင်တဲ့ မိန်းကလေး၊ ကိုယ်ဖြစ်ချင်တာအတွက် ဘာနဲ့ပေးဆပ်ရမယ်ဆိုတာကို မသိတဲ့ မိန်းကလေး။

ရယူခြင်းနဲ့ ပေးဆပ်ခြင်းဟာ တန်ဖိုးဆတူ ရှိတယ်ဆိုတဲ့ နိယာမတရားကို မေ့လျော့မှုကြောင့် ကိုတစ်ယောက် ယဇ်ပလ္လင်ပေါ် ရောက်ခဲ့ရပြီ။ ဘာကြောင့်များ လောကယဇ်ပလ္လင်မှာ အပြစ်မဲ့သူတွေ စတေးခံနေရပါလိမ့်။ ကို့ကိုပေးဖို့ ပျားရည်ဆွတ်ဖျန်းထားတဲ့ ပန်းတွေဟာ ယဇ်ပူဇော်တဲ့ မီးတိုင်တွေအောက်မှာ နွမ်းခြောက် ညှိုးဖျော့ပြီး ပြန့်ကျဲနေကြသည်။

ဖြစ်ချင်တာတွေသာ ဖြစ်ရမယ်ဆိုရင် ရှင်တော်မြတ်ဘုရားဟာ အနတ္တတရားကို ဟောခဲ့မှာမဟုတ်ဘူး ဆိုတာကိုလည်း မိန်းကလေး မေ့လျော့နေတယ်။ မဟူရာအတ္တစောင်ကို ခွာပြီး မိန်းကလေးဆက်လျှောက်ရမယ့် ခရီးဟာ မှောင်တရီ ဝိုးတဝါးနဲ့ မပြတ်သားလှဘူး။ ရွှန်းပကြည်လင်တဲ့ အလင်းရောင်ကိုပေးမယ့် လဝန်းဟာ အနောက်မှာ နွမ်းဖျော့မွေးမှိန်ခဲ့ပြီလေ။ 
------------------
#ခင်နှင်းယု
(ချယ်ရီ၊ နိုဝင်ဘာ၊ ၁၉၈၈)

Post a Comment

0 Comments