#ဗညားရှိန်း
အပိုင်း(၈)
ဆေးတိုက်၏အရှိန်မှာ ခြောက်လအတွင်းမှာတော့ တိုးတက်မှု အခြေအနေကို မပြ။ ငွေစာရင်းကလည်း ထည့်ဝင်ငွေကသာ များနေသည်။ လည်ပတ်မှု မရှိသေး။ မလေးနုသည် ငွေစာရင်းများကိုကြည့်နေစဉ်
"အန်တီ မလေး လက်မှတ်ထိုး”
ငွေသွင်းငွေထုတ်များကို ဖြူပြာက သူ့ကို လက်မှတ်ရေးထိုးခိုင်းသည်။
“ဖြူပြာကို အန်တီမလေး အလုပ်လုပ်ဖို့ခေါ်တော့ ဖြူပြာ ဝမ်းသာသွားတယ်၊ မေမေကတော့ အိမ်မှာ နေစေချင်တယ်၊ ဖြူပြာက သမီးအကြီးဆုံးမို့လား၊ ဒါပေမဲ့ အိမ်မှာနေရတာ စိတ်ညစ်တော့ ဖြူပြာကလည်း အလုပ်လုပ်ချင်နေတာနဲ့ အတော်ပဲ”
"စိတ်ညစ်တယ်၊ ဘာဖြစ်လို့ စိတ်ညစ်တာလဲ”
ဘာမှမသိသော မလေးနုက မေးလိုက်တော့ ဖြူပြာသည် စကားကြောင်း ပြောင်းလိုက်သည်။
“ပျင်းတာပေါ့လေ၊ ဖေဖေ့ကိုလည်း ဒီစာရင်းတွေ ပြရမှာပေါ့နော် အန်တီမလေး"
"လချုပ်စာရင်း ပြရင် တော်ပါပြီ"
စာရင်းစာအုပ်များကို ဖြူပြာ့လက် အပ်ရင်း မလေးနုက ပြောလိုက်သည်။ ဖြူပြာ အပြင်သို့ထွက်သွားပြီး မကြာခင် ဆူဆူ ဆူဆူနှင့် ထဘီနီဆရာမလေး ဦးဆောင်၍ အခန်းထဲသို့ လူတစ်စု ဝင်လာကြသည်။ တစ်ယောက်က ဂိတ်စောင့် ကိုအောင်သန်း၊ ကိုအောင်သန်းနောက်မှာ ကုလားဆင် အမျိုးသမီးတစ်ယောက်။
"ကဲ.. လာကြ၊ ထိုင်ကြဦး"
သူနာပြုဆရာမလေးမှာ စေတနာခန်းမှဖြစ်၍ မလေးနုကို အရိုအသေပြုပြီးမှ ထိုင်သည်။
“ဘာဖြစ်လာကြတာလဲ"
ကိုအောင်သန်းနှင့် ကုလားမလေးက မထိုင်။
“ကိုင်း... ကိုအောင်သန်း ဖြစ်တာတွေအားလုံး ပြောပြလိုက်လေ၊ မမကို ရှင်းပြလိုက်ပါ"
သူနာပြုဆရာမလေးက ပြောလိုက်မှ ကိုအောင်သန်းက ကုလားမလေးဘက် လှည့်လိုက်သည်။
“ညွန့်ရီ နင့်ခြင်း စားပွဲပေါ်တင်"
ကုလားမလေးသည် ပလက်စတစ်ခြင်းကို စားပွဲပေါ် တင်လိုက်သည်။
“အဝတ်ဖုံးထားတာ ဖွင့်ပြလေ"
ကုလားမလေးက အဝတ်စ ဖွင့်လိုက်တော့ အောက်မှာ ကြက်ဥတွေ ပေါ်လာသည်။ မလေးနုသည် မတ်တတ်ရပ်၍ ကြက်ဥများကိုကြည့်ရင်း အဓိပ္ပာယ်ကို နားမလည်။
"အဲဒါ ဘာဖြစ်တာလဲ ကိုအောင်သန်း"
"သူ ရှင်းပြလိမ့်မယ်”
ကုလားမလေးသည် စကားပြော မထွက်၊ ကြောက်နေပုံရသည်။
"ဆရာဝန်မကြီးကို ပြောလိုက်လေ၊ နင်ရှင်းမပြရင် နင့်ကို ဖမ်းနိုင်တယ်”
ကိုအောင်သန်းက ခြိမ်းခြောက်လိုက်မှ ကုလားမလေး အသံထွက်လာသည်။
"ဒီကြက်ဥတွေ ကျွန်မ လာကောက်တာပါ၊ ကြက်ဥပြုတ်ပြီးသား ဒီဆေးခန်းမှာ ခြောက်ကျပ်နဲ့ ရတယ်ဆိုလို့၊ ကျွန်မ လာလာ ကောက်တာ တစ်လရှိပါပြီ၊ ဒီနေ့မှ ဒီလူနဲ့တွေ့လို့ ကျွန်မကို ဒီခေါ် လာတာ"
မလေးနုသည် ရုတ်တရက် နားမလည်။
“တို့ဆေးခန်းက ကြက်ဥရောင်းတယ်”
ပြဿနာက မရှင်း၍ မလေးနုက ကုလားထိုင်ပေါ် ထိုင်ချကာ မေးလိုက်သည်။
"ထိုင်ပြီး အေးအေးဆေးဆေး ပြောကြစမ်း"
"ဒီလိုပါ မမ"
သူနာပြု ဆရာမလေးက ရှင်းပြသည်။
“နေ့တိုင်း နံနက်စောစော စားဖို့ ပေါင်မုန့် ကြက်ဥနဲ့ စားဖို့ ကော်ဖီကို စေတနာခန်းလူနာတွေအတွက် ကျွန်မတို့ ပေးတယ်လေ၊ တည့်တဲ့ လူနာတွေအတွက်လည်း နံနက်စောစောစာအတွက် ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ကြာဆံကြော်ကျွေးတယ်၊ မတည့်တဲ့ လူနာတွေအတွက် ပေါင်မုန့် ကြက်ဥပြုတ်ပေးတယ်။ အဲဒါ တချို့လူနာတွေက မစားဘူး၊ ကြက်ဥကို စုထားပြီး တစ်လုံးခြောက်ကျပ်နဲ့ ရောင်းစားတယ်"
"ဘုရားရေ"
မလေးနုသည် ဘုရားတမိသည်။
“မင်းကို ဘယ်သူဝင်ခွင့်ပြုလဲ”
"နံပါတ်ခြောက် ခုတင်က လူနာရှင်က ဆက်သွယ်ပေးတာပါ၊ ဒီလူနာကို လာတွေ့ရင်း အဆက်ရသွားတာပါ၊ ကျွန်မ ဒီကြက်ဥကို အပြင်မှာ ပြန်သွင်းတော့ တစ်ဆယ်ရပါတယ်၊ လူနာတိုင်းကတော့ ပြန်မရောင်းပါဘူး၊ ဒါပေမဲ့ လူနာငါးယောက် နှစ်ရက် စုထားရင် ကြက်ဥဆယ်လုံး ရပါတယ်၊ ခုအပတ် လူနာများတော့ အလုံးသုံးဆယ်ရတယ်”
မလေးနုသည် ငိုင်ကျသွားသည်။ ဖြစ်မှဖြစ်ရလေ။ ဘယ်လိုတွေမှန်း မသိ။ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ရပါ့။
"ကဲ... ကိုအောင်သန်း၊ မညွန့်ရီကို ခေါ်သွား၊ မှတ်ပုံတင်ပါ မှတ်ထား၊ နောက်ကို ဝင်ခွင့်မပြုနဲ့၊ မင်းလည်း ကြက်ဥကောက်ဖို့ ဒီဆေးခန်းကို နောက် ဘယ်တော့မှ မလာနဲ့နော်၊ နောက်လာရင် မင်းကို ရဲလက်အပ်မယ်၊ ခုတော့ မင်း ငွေနဲ့ဝယ်ထားတဲ့ ကြက်ဥမို့ တို့ ပေးလိုက်ပါတယ်၊ နောင်ကို ကြက်ဥလည်း သိမ်းမယ်၊ လူလည်း ဖမ်းမယ်၊ နပ်စ် နေရစ်ခဲ့၊ ကိုအောင်သန်းတို့ သွားတော့”
ကိုအောင်သန်းနှင့် ကုလားမလေး ခြင်းဆွဲကာ ထွက်သွားတော့သည်။
"ဘယ်လိုဖြစ်တာလဲ နပ်စ်ရယ်၊ ပြောပြစမ်းပါဦး"
နပ်စ်မလေးကလည်း သက်ပြင်းချ၏။
“ကျွန်မတွေးရသလောက် နံနက်စာ စောစောအတွက် စေတနာခန်းမှာ ကြက်ဥပေါင်မုန့် မှန်မှန်ပေးတယ်လေ။ မုန့်ဟင်းခါးတို့ ဘာတို့ မကျွေးတဲ့အခါလည်း ကြက်ဥပေါင်မုန့်ကတော့ မှန်မှန် ကျွေးတယ်။ လူနာတွေက မုန့်ဟင်းခါးတို့၊ ခေါက်ဆွဲတို့ ကျွေးချိန်မှာတော့ ထားမရတော့ စားပစ်တယ်၊ ကြက်ဥကျတော့ သူတို့ဝေစုရတာ စုထားတယ်၊ ပြီးတော့ ဒီလို လာကောက်တဲ့ ကုလားမဆီ ပြန်ရောင်းတဲ့သဘောပဲ၊ တစ်နေ့ ခြောက်ကျပ်ဆို ကြက်ဥတစ်လုံး တစ်လုံး စုထားတော့ လေးငါးရက် ငွေသုံးဆယ်လောက်ရတယ်၊ ဆင်းရဲသားတွေအတွက် ငွေသုံးဆယ်ဟာ မနည်းဘူး၊ သူ့မိသားစုကို တစ်ပတ်တစ်ခါ ငွေပြန်ပေးနိုင်တယ်၊ ခုတင်ခြောက် လူနာက ဒီကုလားမလေးကို လာဆက်တာ၊ ကုလားမကလည်း အပြင်မှာ ကြက်ဥတစ်လုံး ဆယ့်တစ်ကျပ်နဲ့ ပြန်ရောင်းတော့ ကိုက်တယ်”
ဆရာမလေးက သိသလောက် ရှင်းပြသည်။
"စီးပွားဖြစ်နေလိုက်ကြတာ”
မလေးနုက ညည်းတွားလိုက်ရင်း ဆက်ပြောသည်။
“ဒီပြဿနာကို လပတ်အစည်းအဝေးအထိ မစောင့်ဘဲ အရေးပေါ်တင်ပြမှပဲ နပ်စ်ရယ်၊ တစ်ခုလည်း တို့ စောင့်ကြည့်ဦးမှ၊ တို့ပေးတဲ့ဆေးတွေ လူနာတွေ သောက်ရဲ့လား၊ ဘာဖြစ်လို့လဲဆို ဆေးပေးချိန်မှာ ဆရာမလေးတွေက လူနာတွေလက်ထဲပဲ ထည့်သွားတာ၊ သူတို့သောက်တာမှ စောင့်မကြည့်နိုင်ဘဲ”
မလေးနု စကားကြောင့် ဆရာမလေးပါ တွေသွားသည်။
"ဟုတ်တယ် မမ၊ ဆေးလည်း သတိထားမှ၊ ကျွန်မတို့ကလည်း ဝေပေးရုံပဲ ဝေပေးသွားတာ၊ စောင့်မကြည့်နိုင်ဘူးလေ”
"အေး… မမတို့ စည်းဝေးပြီး လူနာတွေ ဆေးမှန်မှန် မသောက်တာကအစ ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားကြမယ်လေ၊ ပြီးတော့ မင်းတို့ကို ပြောမယ်၊ ကဲ... သွားနိုင်ပြီ"
ဆရာမလေး ထွက်သွားတော့ မလေးနုသည် တော်တော်လေး စိတ်ပျက်သွားသည်။ သူ့ရင်ထဲမှာ ဒီပြဿနာ ဘယ်လိုရှင်းရပါ့ ဆိုတာကိုပဲ တွေးနေမိသည်။ ရုံးအလုပ်တွေကို စိတ်မဝင်စားနိုင်တော့ပေ။
“မလေးနု"
အခန်းဝမှ သူ့အမည်ကိုခေါ်၍ ဝင်လာသူက ဒေါက်တာ ကျော်လှိုင် (အဆုတ်နာ၊ ရင်ခေါင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြစ်သည်။
"ဟာ... ဆရာကြီး၊ ကြွပါ”
မလေးသည် ထ၍ အရိုအသေပေးလိုက်ရင်း ဆရာဝန်ကြီး ထိုင်မှ ကုလားထိုင်မှာ ပြန်ထိုင်သည်။
“မလေးနုကို ဝမ်းနည်းသတင်း ပေးရဦးမယ်"
ဆရာကြီးက ထိုင်ထိုင်ချင်း ပြောလိုက်သည်။
“ဘာသတင်းများလဲ ဆရာကြီး”
"ဟို လွန်ခဲ့တဲ့ ခြောက်လလောက်က မလေးနု ဆရာတို့ဆေးရုံကို လူနာတစ်ယောက် လွှဲပေးခဲ့တယ်၊ မှတ်မိမယ်တော့ မထင်ဘူး၊ အဆုတ်နာ လူနာမှတ်တမ်းထဲ ပြန်ကြည့်ရင် သိမယ်၊ သူ့နာမည်က ကိုမြအောင်၊ သူ့ရောဂါက curable case ပါပဲ၊ ကုလို့ရနိုင်တယ်"
လူနာတွေများ၍ မလေးနုသည် စဉ်းစားနေသည်။ အဆုတ်နာ လူနာများကို အပြင်လူနာအဖြစ် ဆရာဝန်ကြီး ဦးကျော်လှိုင်ကိုယ်တိုင် တစ်ပတ်နှစ်ခါ ရှိန်းဆေးကုခန်းမှာ ကြည့်ပေးသည်။ ဆေးရုံတင်သင့်သော သူများကို သူ့ထောက်ခံစာနှင့် အောင်ဆန်း အဆုတ်နာကု ဆေးရုံကြီးကို ပို့ပေးသည်။ လူနာအတွက် စားသောက်စရိတ်ငွေနှင့် ဆေးဝါးခကို ရှိန်းဆေးကုခန်းက ကျခံပါသည်။
"မလေး မမှတ်မိသေးဘူး၊ ပြန်ကြည့်ပါ့မယ် ဆရာကြီး၊ သူ့အတွက် ဘာလုပ်ပေးရမလဲ"
မလေးနုက ပြန်မေးလိုက်သည်။
“ဘာမှလုပ်ပေးဖို့ မလိုတော့ဘူး၊ သူ ဆုံးသွားပြီ”
"ဘုရားရေ.…… ဘာများ ချို့ယွင်းလို့ပါလိမ့်၊ ဒီလူ့ caseက ဆေးဝါးလုံလောက်ရင် သေနိုင်တဲ့ case မဟုတ်ဘူး၊ ကုလို့ ရနိုင်တယ်လို့ ဆရာကြီး ပြောတယ်လေ”
“မလေးတို့ ရှိန်းဆေးကုခန်းဘက်က မချို့ယွင်းပါဘူး၊ ဆေးဝါးနဲ့ ငွေအလုံအလောက် ရပါတယ်၊ ဆရာလည်း စိတ်မကောင်းဘူး၊ ဒါလောက် အစားအစာ ဆေးဝါး လုံလောက်ပါလျက်နဲ့ ဒီလူ တိုးတက်မှု မရှိဘူး၊ အခုလို ဆုံးသွားတဲ့အထိ ဖြစ်ရတာ ဘာဖြစ်လို့လဲလို့ ဆရာဝန် ဆရာမတွေရော တာဝန်ရှိတဲ့လူတွေကို စုံစမ်းခိုင်းရတယ်။ မလေးနုရေ စိတ်မကောင်းမဖြစ်နဲ့၊ သူ့မိသားစုအတွက် သူ့အသက်ကို စတေးတာ၊ sacrific လုပ်တာပဲ"
မလေးနုသည် ထိတ်လန့်သွားသည်။
“ဘယ်လိုဖြစ်ရတာလဲ ဆရာကြီး"
“ကိုယ်လည်း သိပ်စိတ်ထိခိုက်တယ်၊ ကိုယ်တို့ပေးတဲ့ တီဘီဆေးတွေက အကောင်းစား။ အိုက်စိုနက်စ်၊ ရီဖင်ပိုင်စင် ဖရာဇီနမိုက်၊ စထရက်တိုမိုင်စင်၊ သိုင်ရာစက်တက်ဇုံ ဆိုတာတွေက တရုတ်လုပ်လည်း မပေးဘူး၊ ဂျာမဏီနဲ့ ဆွစ်ဇာလန်က ထုတ်တဲ့ ဆေးတွေ၊ သူ့ကို ပေးသမျှဆေး မသောက်ဘဲ အပြင်ထုတ်ရောင်းတယ်၊ ရတဲ့ပိုက်ဆံ အိမ်က လူနာလာမေးရင် ပေးတယ်လေ၊ ဆေးတွေက အကောင်းစားဆိုတော့ ငွေက မြက်မြက်လေးရတယ်၊ ဆေးမသောက် တော့ ခုတော့ သေရော"
“ဖြစ်မှဖြစ်ရလေ ဆရာကြီးရယ်”
"ဟုတ်တယ်၊ ဒီလူသေတော့ သူ့အိမ်က မိန်းမက ငိုတယ်၊ ဆေးရုံပေါ်မှာ ဆေးကုခံရင်းတောင် လုပ်ကျွေးသွားတဲ့ ကျေးဇူးရှင်ကြီးတဲ့၊ ဒီငိုပုံက အဓိပ္ပာယ်ရှိလို့ ဆရာလည်း လာစုံစမ်းခိုင်းတာ၊ ဆေးရုံမှာက ပွဲစားတွေ ခြေချင်းလိမ်နေတာ၊ လူနာရှင်လိုလို လူနာမေးသလိုလိုနဲ့ ဆေးပြန်ထုတ်ရောင်းတာကို ဝယ်တယ်လေ၊ သူတို့က အပြင်မှာပြန်ရောင်း အလုပ်ဖြစ်နေကြတာ၊ အဲဒီကိစ္စ နမူနာထားပြီး ဆေးရုံမှာ ဆေးရုံအုပ်ကြီးပါ တိုင်ပင်ပြီး ဆေးပွဲစားတွေကို စစ်ဖို့၊ ပြီးတော့ သူနာပြုလေးတွေကို တောင်းပန်ပြီး တာဝန်ပိုပေးရတာပေါ့၊ ဆေးကို လူနာလက်ထဲ ထည့်ရုံတင်မဟုတ်ဘူး၊ ချက်ချင်း သောက် မသောက် စောင့်ကြည့်ပါ၊ လူနာကို ရေနဲ့ ဆေးတိုက်ပြီးမှ လူနာအနားက ခွာပါလို့ သူနာပြုဆရာမလေးတွေကို မေတ္တာရပ်ခံရတယ်”
ဆရာကြီးက ရှည်လျားစွာ ရှင်းပြသည်။ မလေးနုရင်ထဲ အတော်မောသွားသည်။ သူသည် ကြက်ဥကိစ္စကို သတိရသည်။
“ခုပဲ မလေးတို့ဆေးတိုက်မှာလည်း ပြဿနာပေါ်လို့"
မလေးနုသည် ဆရာဝန်ကြီး ဦးကျော်လှိုင်အား ကုလားမ နှင့် ကြက်ဥပြဿနာကို ရှင်းလင်းပြောပြသည်။ မလေးနု စကား ဆုံးတော့ ဆရာဝန်ကြီးက ခေါင်းတညိတ်ညိတ်လုပ်နေသည်။
“ဟုတ်ပါ့ လေးနုရေ၊ အဆုတ်နာ အပြင်ဆေးပေးဌာနမှာတော့ ဆေးလည်း ရှေ့တင်တိုက်ရတယ်၊ ဆေးလှူတဲ့ အစားအစာလှူတဲ့ အလှူရှင်တွေရှိတယ်၊ ဒီတော့ သူနာပြုဆရာမလေးတွေမှာ ကြက်ဥ၊ နွားနို့ကို ရှေ့မှာတင် တိုက်ရတယ်၊ နို့မို့ရင် ဆင်းရဲတဲ့လူတွေက အိမ်သယ်၊ အိမ်က သားသမီးတွေ ကျွေး၊ မင်းတို့ဆေးခန်းလို ကြက်ဥအပြုတ်လည်း ပြန်ရောင်းပေါ့လေ။ သူတို့လည်း ပညာပေးပြီး အမျိုးမျိုး တရားဟောရတယ်ကွယ်”
ဆရာကြီးမှာ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ မျက်လုံး မျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ် လူချောတစ်ယောက်ဖြစ်သလို စကားပြောလည်း ကောင်းသည်။
“မလေးတော့ ဒီကိစ္စကို လပတ်အစည်းအဝေးအထိ မစောင့်ဘဲ ရှိန်းကို ဖုန်းဆက်ခေါ်ပြီး မလေးနဲ့ ဆရာကြီး တင်ပြရင်ကောင်းမယ်၊ ဆရာကြီး သန်ဘက်ခါ တနင်္ဂနွေ အားလား၊ ခေတ္တ ကြွနိုင်ပါသလား"
"အားပါတယ်၊ အချိန်သာ ဖုန်းနဲ့ ဆက်လိုက်လေ၊ ကိုင်း . . . သွားတော့မယ်၊ ရှိန်းဆေးခန်းက ပို့တဲ့ ကျန်တဲ့လူနာတွေတော့ အခြေအနေ တိုးတက်ပါတယ်၊ စတက်ဖ် (staff) နဲ့ အစီရင်ခံစာတွေ ပို့လိုက်မယ်၊ ကိုမြအောင်အတွက်တော့ ဆောရီးပဲ မလေး၊ ကဲ... သွားမယ်”
ဆရာကြီးကို အခန်းဝအထိ မလေးနုက လိုက်ပို့သည်။ စားပွဲဆီပြန်လာရင်း ရှိန်းထံ ဖုန်းဆက်လိုက်သည်။ အရေးပေါ်ကိစ္စရှိ၍ တနင်္ဂနွေနံနက် လာဖို့ဖြစ်သည်။ ရှိန်းက အချိန်ကို ကိုးနာရီသတ်မှတ်၍ ဆရာဝန်ကြီး ဦးကျော်လှိုင်ထံ ပြန်ချိန်းလိုက်သည်။
တနင်္ဂနွေနေ့ ကိုးနာရီမှာတော့ အရေးပေါ်ဖြစ်၍ ဌာနဆိုင်ရာ ဆရာဝန်အားလုံး မလို။ အဆုတ်နာကု ဆရာကြီး ဦးကျော်လှိုင်၊ မလေးနု၊ ဂိတ်စောင့်၊ သူနာပြုဆရာမကြီးနှင့် ဆရာမလေးများပဲပါသည်။
ပထမ ဆရာကြီးဦးကျော်လှိုင်က ကိုမြအောင် သေဆုံးရခြင်းကိစ္စကို တင်ပြ၍ ဒုတိယ မလေးနုက စေတနာဆေးခန်းရှိ ကြက်ဥကိစ္စကို တင်ပြသည်။ နိဂုံးမှာတော့...
"ဆေးတိုက်ပိုင်ရှင် ဦးဗညားရှိန်းလည်း အခြေအနေ အရပ်ရပ်ကို သိပြီဆိုတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲလို့ စုပေါင်း တိုင်ပင်ရအောင် အရေးပေါ် အစည်းအဝေးခေါ်ပြီး တင်ပြရတာပါ”ဟု ပြောလိုက်သည်။
ဗညားရှိန်းက ထ၍ စကားစတင်ပြောသည်။
"ကျွန်တော် ဒီဆေးခန်းကို စေတနာနဲ့ တည်ထောင်တာပါ၊ တစ်ဖက်ကလည်း အရှည်တည်တံ့အောင် ချမ်းသာတဲ့လူနာတွေထားပြီး ထိုက်တန်တဲ့ ငွေယူတယ်၊ ဆင်းရဲတဲ့လူနာကို အခမဲ့ ဆေးဝါးရော အစားအစာရော ထောက်ပံ့ခဲ့တယ်၊ ငွေကြေးမလည်ပတ်သေးခင် စေတနာခန်းအတွက် လိုငွေကို ကျွန်တော့်မော်တော်ကားကုမ္ပဏီက အမြတ်ငွေထဲက ပံ့ပိုးခဲ့တယ်၊ အခုလို အပြုအမူတွေ့ရတော့ ဝမ်းနည်းစရာပဲပေါ့၊ စဉ်းစားကြည့်တော့လည်း ဆင်းရဲခြင်းရဲ့ ဝေဒနာပေါ့၊ ဆင်းရဲတော့လည်း မပြုသင့်တာကို ပြုကြတယ်၊ ဒီဆေးဝါး အစားအစာဟာ စားရမှာ၊ မစားဘဲပြန်ရောင်းတယ်ဆိုတာ မလုပ်သင့်ဘူးလို့လည်း အမှန်ကို မတွေးနိုင်တော့ဘူး၊ ဒီတော့ ကျွန်တော်တို့ဟာ သူတို့ကောင်းကျိုးအတွက် စည်းကမ်းကြပ်မတ်ရတော့မှာပေါ့၊ ခုန ဆရာဝန်ကြီးဦးကျော်လှိုင် အဆုတ်နာကုဆေးရုံမှာ လုပ်သလို လူနာတွေကို ဆေးကြပ်မတ်တိုက်ရမယ်၊ ဒီကိစ္စအတွက် သူနာပြု ဆရာမကြီး ဒေါ်အေးအေးမြင့်က သူနာပြုဆရာမကလေးများကို ညွှန်ကြားပေးပါ၊ ဆေးတင်မဟုတ်၊ ခုန ကြက်ဥလိုဟာမျိုး တကယ်စား မစား စောင့်ကြည့်ပေးပါ၊ အချိန်ကုန်တယ်လို့ မညည်းညူစေချင်ဘူး။ ကျွန်တော့်ဆေးခန်း တိုးတက်လာတာနဲ့အမျှ အချိန်ပိုလုပ်ရတဲ့ သူနာပြုဆရာမလေးတွေ၊ စားပွဲထိုး၊ ထမင်းချက်တွေအတွက် နှစ်စဉ် ဆုကြေးပေးဖို့ အစီအစဉ်ရှိပါတယ်၊ ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့ ဒါပါပဲ”
တာဝန်ခံ သူနာပြုဆရာမကြီး ဒေါ်အေးအေးမြင့်က တာဝန်ယူပြီး သူ့အခက်အခဲအချို့ကို တင်ပြသည်။
"ငွေကြေးခန်းလို စေတနာခန်းက လူနာတွေ စပါယ်ရှယ် နပ်စ် မထားနိုင်ဘူး၊ ဒီတော့ စေတနာခန်းက သူနာပြုဆရာမလေးတွေဟာ လူနာကို ရေပတ်တိုက်တာကအစ လုပ်ပေးပါတယ်၊ အခု ရန်ကုန်ဆေးရုံကြီးမှာတောင် ယခင်ကလို လူနာများကို ရေပတ် တိုက်မပေးပါဘူး။ စပါယ်ရှယ်နပ်စ်ကလွဲလို့ အခု ကျွန်မတို့ လူနာလည်းပြုစုရ၊ ဆေးလည်းစောင့်တိုက်ရ၊ အစာလည်း စောင့်ကျွေးရမယ်ဆိုတော့ ဆရာမလေးတွေ ဦးရေတိုးချဲ့ခန့်ထားဖို့ ကျွန်မ တောင်းဆိုပါတယ်”
ဆရာမကြီး ပြောသမျှ ပြန်လည်ဆွေးနွေးကြ၍ ဆရာမကြီး တောင်းဆိုသည်ကို လိုက်လျောဖို့ ဆုံးဖြတ်လိုက်ကြသည်။ အစည်းအဝေးပြီး၍ အားလုံးပြန်ကုန်ကြတော့ မလေးနုနှင့် ရှိန်း နှစ်ယောက်တည်း ကျန်ရစ်သည်။
"မလေး ပြောပြတော့ ရှိန်းဖြင့် မယုံနိုင်လောက်အောင်ပဲ၊ လူတွေ ဒါလောက်ပဲ ဆင်းရဲကြတယ်နော်”
ရှိန်းက စားပွဲပေါ်လက်တင်ရင်း ညည်းလိုက်သည်။
"ဒီဆေးရုံမှာ မလေး လုပ်တော့မှ ဆင်းရဲချမ်းသာ ကွာဟလာတာကို တွေ့လာရတယ်၊ အပေါ်က ငွေကြေးခန်းကျတော့လည်း လူနာ့အတွက်ရော လူနာလာမေးကြသူတွေအတွက်ရော ပျော်ပွဲစား ထွက်သလား အောက်မေ့တယ်။ ချိုင့်ကြီးချိုင့်ငယ်နဲ့ သယ်လာပြီး စားလိုက်ကြတာ၊ စေတနာခန်းကျတော့လည်း ဆေးရုံကပေးတဲ့ ဆေးနဲ့ အစာကို ပြန်ရောင်းစားရတဲ့အထိ ဆင်းရဲကြတယ်”
“မတတ်နိုင်ဘူး မလေး၊ ဒီလိုအခြေအနေထဲက တစ်နေ့ တို့လုပ်ငန်း အောင်မြင်ရမှာပေါ့၊ အောင်မြင်တယ်ဆိုတာ ငွေကြေးကို ပြောတာ မဟုတ်ဘူး၊ စေတနာခန်းက လူဘယ်နှယောက် ရောဂါ ကုသပျောက်ကင်းတယ်ဆိုတဲ့ အပေါ်မှာ တွက်ကြည့်ပြီး များလာလေလေ တို့ အောင်မြင်တယ်လို့ ပြောရမယ်။ စိတ်မပျက်ပါနဲ့၊ ရန်ကုန်ဆေးရုံကြီးမှာလည်း အရင်က အစားအစာ ပေးတယ်၊ လူနာဝတ်ဖို့ ဆေးရုံယူနီဖောင်း၊ အဝတ်၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ ခြင်ထောင်၊ စောင်ကအစ ပေးတယ်။ အခု လူနာကလည်း များလာတယ်၊ ပေးထားတဲ့ အိပ်ရာခင်း၊ စောင်တွေ လူနာတွေက ဆင်းရင် ခိုးခိုးသွားတာ၊ အခုဆို ဘာမှမပေးတော့ဘူး။ အခု ရှိန်းက အရင်ဆေးရုံကြီးအတိုင်း လူနည်းနည်းနဲ့ သိပ်သိပ်သည်းသည်း စကြည့်တာ၊ မလေးရယ် ... အခက်အခဲတွေ့ရင် သည်းခံပေါ့”
“မလေးက စိတ်ရှည်ပါတယ်၊ ဆင်းရဲလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ မဟုတ်ဘူး ရှိန်း၊ မသိတတ်တာတွေလည်း ပါမယ်"
“အေးလေ…. မသိတာနဲ့ မရှိတာလည်း တွဲလျက်ကိုး။ မလှူလို့မရှိ၊ မရှိလို့မလှူဆိုသလို မရှိလို့ မသိ၊ မလုပ်သင့်တာ လုပ်တာပေါ့။ အဲဒါ သူတို့ကို ပညာပေးဟောပြောရမှာပေါ့”
“မလေး စကားပြောတဲ့အလုပ်တော့ မလုပ်ချင်ဘူး၊ တစ်လ တစ်ခါ သူနာပြုဆရာမကြီးတွေက လူနာဆောင်တွေမှာ ပညာပေး ဟောပြောတာတွေ လုပ်ပါစေ”
"အေးပါလေ… မလေးကသာ စိတ်မပျက်ပါနဲ့"
"ဒါဆို မလေး သွားမယ်”
“မသွားနဲ့လေ၊ ရှိန်းလိုက်ပို့မယ်၊ တခြား သွားစရာရှိသေးလား"
“မရှိပါဘူး၊ အိမ်ပဲပြန်ရမှာ”
ရှိန်းသည် မလေးနုကို အိမ်အထိ လိုက်ပို့လိုက်သည်။ ရှိန်းကား ခြံထဲကိုဝင်လာချိန်မှာ ဦးလေးဦးထွန်းဝင်း ခြံထဲမှာ လမ်းလျှောက်နေသည်ကို တွေ့ရသည်။ ရှိန်းသည် မလေးနုကိုထားခဲ့ကာ ပြန်ထွက်လာခဲ့သည်။ မလေးနု အိမ်ထဲဝင်မည့်ဆဲဆဲ ဦးလေးထွန်းဝင်းက အနားရောက်လာသည်။
"မလေးကလည်း တနင်္ဂနွေတောင် မနားရဘူးနော်”
"အစည်းအဝေးရှိလို့ပါ ဦးလေး"
မလေးနုက ပြောကာ အိမ်ထဲဝင်လာခဲ့သည်။
အပိုင်း(၉)ဆက်ရန်
-------------------------
0 Comments