တိမ်ပန်းချီ နေ၀င်လုပြီမို့
----------------------------
“ချောင်းဆိုးပျောက်ဆေးတစ်ခွက်ပေးပါ။”
ဒေါ်အေးမြင့်က ပြောလိုက်သော်လည်း ဆိုင်ရှင်ကောင်မလေးက ထုတ်မပေးဘဲ မျက်လုံးပြူးကာငေးကြည့်နေဆဲ။
“မရှိလို့လားကလေးမ။”
ခါးထစ်ခွင်ထားသောမြေးကလေးသွားရည်တွေကို သုတ်ရင်းမေးလိုက်မိသည်။ချောင်းက တဟွတ်ဟွတ်ဖြင့်အဆက်မပြတ်ဆိုးနေဆဲ။
“ဆေးဆိုင်ပါဆိုမှ ချောင်းဆိုးပျောက်ဆေးလောက်တော့ရှိတာပေါ့အဒေါ်။ဒါပေမယ့် ဆေးကို တစ်ခွက်တည်း၀ယ်သောက်ရုံနဲ့မပျောက်ဘူးလို့ အဒေါ့်ကို ဘယ်နှစ်ခါပြောရမှာလည်း။”
ကောင်မလေးအပြောကို ဒေါ်အေးမြင့်ငြင်းချက်မထုတ်နိုင်ရှာ။ကောင်မလေးကဆက်ပြောသည်။
“ကလေးအတွက်တော့ အဒေါ်၀ယ်လိုက်တာ အကောင်းတကာ့အကောင်းဆုံးဆေးတွေချည်းပဲ။ကိုယ့်အတွက်တော့ ဆေးလေးတစ်ထောင်ဖိုးတောင်၀ယ်မသောက်ဘူး။အဒေါ့်ရောဂါတွေက ပျောက်ပါ့မလား။”
“နောက်တော့ လာထပ်၀ယ်မှာပေါ့ကွယ်။အခုလောလောဆယ် နှစ်ခွက်စာတော့ရောင်းပေးပါ။”
ပိုက်ဆံပေး၀ယ်တာတောင်အောက်ကျို့ခံနေရသော ဒေါ်အေးမြင့်အဖြစ်ကို ရယ်စရာလို့ ဓါတ်မသိသူတွေကတော့ ထင်ပေလိမ့်မည်။သို့သော် ဒေါ်အေးမြင့်ကတော့ ကိုယ့်၀မ်းနာကိုယ်သာသိပါသည်။
“ရော့ သုံခွက်စာတော့ယူသွား။တော်ကြာဆေးသောက်လည်း မသက်သာဘူးပြောနေဦးမယ်။”
ကောင်မလေးက ဆေးသုံးခွက်စာစပ်ပေးသည်။ကျသင့်ငွေငါးရာပေးလိုက်သည်။
“ကျေးဇူးပါကလေးမရယ်။”
ဆေးဆိုင်ထဲမှထွက်လာတော့ ဒေါ်အေးမြင့်ခြေလှမ်းတွေကခေါင်းရွက်စျေးသည်ကလေးများဆီသို့။
“ဂေါ်ဖီထုတ်လေးနှစ်ရာဖိုးပေးပါ။”
“ဟော ဒေါ်အေးမြင့်၊ဂေါ်ဖီဘာလုပ်ဖို့တုန်း။”
တစ်ရပ်ကွက်တည်းနေသူ မလှချိုကတွေ့သွားပြီးနှုတ်ဆက်သည်။
“ကြော်စားရအောင်ပါ။”
ထိုမျှသာဖြေပြီး ဝေးရာသို့ခပ်သွက်သွက်လှမ်းလာလိုက်သည်။ဒေါ်အေးမြင့်အတွက်စားစရာရပေမယ့် ကလေးအတွက်ကျန်နေသေးသည်။ပြီးတော့ ပဲနီလေးတစ်ဆယ်သား၀ယ်သည်။
“ငါးရာတောင်။”
အလန့်တကြားအော်လိုက်မိတော့ ဆိုင်ရှင်ကရယ်သည်။
“ပဲနီလေးတစ်မျိုးတည်းမဟုတ်ဘူးအဒေါ်ရေ။ကြက်သွန်ငရုတ်သီးအကုန်တက်တာ။”
“အော်..ဟုတ်လား။ဒါဆိုနို့မှုန့်တွေလည်းစျေးတက်မှာပေါ့နော်။”
အလုပ်ရှုပ်နေသောစျေးသည်က ဘာမှပြန်မဖြေ။ထိုနေ့က စျေးမှပြန်တော့ ဒေါ်အေးမြင့်လက်ထဲမှာအထုတ်အပိုးတွေပြည့်နှက်လို့နေသည်။
“ဟာ ဒေါ်အေးမြင့်။တယ်၀ယ်လှချည်လား။ဧကန္တသမီးဆီက ငွေလွှဲရောက်လို့ထင်တယ်။”
သုံးဘီးဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်နှင့် ဘေးအိမ်မှ ဦးအောင်ဘော်နှုတ်ဆက်သံကိုကြားလိုက်ရသည်။
“ဟုတ်တယ်၊ကိုအောင်ဘော်ရေ။ပိုက်ဆံရတုန်းမို့ အိမ်မှာလိုအပ်တာမှန်သမျှ ၀ယ်ခဲ့လိုက်တယ်။”
“အမလေး ဒေါ်အေးမြင့်ရယ်။အိမ်အတွက်လို့မပြောစမ်းပါနဲ့။ကလေးအတွက်လို့ပြောစမ်းပါ။”
ဦးအောင်ဘော်မိန်းမ ဒေါ်စုကခပ်ငေါ့ငေါ့ပြောတော့ ဒေါ်အေးမြင့် မချိပြုံးလေးသာတုံ့ပြန်လိုက်မိသည်။
@ @ @ @ @
“အို ကလေးကလည်းသိပ်ငိုတာပဲ။”
အိမ်ရှေ့အရောက်မှာပင် ကလေးကူထိန်းပေးနေသောပန်းနုအသံကိုကြားလိုက်ရသည်။
“လာပြီအေ။လာပြီ။မြေးလေးရေ။အဖွားဆီလာ. .လာ။”
“အဲ့ဒါကြောင့်ကလေးကတခြားလူလက်ထဲမနေတာပေါ့။ဒေါ်မြင့်က တချိန်လုံးအလေးခံပြီးချီနေတာကိုး။ကလေးက အကျင့်ပါနေပြီ။”
ပန်းနုကပြစ်တင်စကားဆိုလိုက်သည်။
“ဘယ်တတ်နိုင်မလဲအေ။ငါ့မြေးလေးငိုသံကို ငါမှနားမခံသာတာကိုး။”
ပြောရင်းက ကလေးသေးခံကိုခွာကြည့်လိုက်သည်။ထင်သည့်အတိုင်းသေးပေါက်ထည့်ထားသည်။အသစ်လဲပေးရမည်။
“ညပိုင်းလောက်လဲရင်တော်ရောပေါ့ဒေါ်မြင့်ရယ်။နေ့ပိုင်းပါတပ်တော့ တစ်နေ့သုံးလေးခါလှယ်နေရမှာပေါ့။”
ပန်းနုကအကြံပြုသည်။
“မရပါဘူးဟယ်။သူ့အမေက သူ့ကလေးကို ဒါနဲ့အမြဲပါတ်ပေးတဲ့။ချေးလူးသေးလူးမဖြစ်စေတဲ့။”
“အိုသူမြင်တာမှမဟုတ်ဘဲ။ကျွန်မကလေးနှစ်ယောက် ကျောင်းသားတွေတောင်ဖြစ်လာပြီ။ဒါမျိုးတစ်ခါမှ မသုံးခဲ့ပါဘူး။အခုဆို တစ်ထုပ်ငါးထောင်လောက်ရှိရောပေါ့။”
ပန်းနုကမေးသည်။
“ငါးထောင်ပြည့်ဖို့နှစ်ရာလိုသေးတယ်ဟဲ့။”
ဒေါ်အေးမြင့်ကရယ်မောရင်းဖြေလိုက်သည်။
“နို့မှုန့်ကကော။”
ပန်းနုက ဆက်မေးသည်။
“အင်း နို့မှုန့်ကတော့ တစ်သောင်းကျော်သွားပြီ့း။ပစ္စည်းပြတ်နေတယ်ဆိုလို့ တစ်စျေးလုံးပါတ်ရှာလိုက်ရတယ်။”
ကလေးနို့မှုန့်ပြတ်သွားမှာစိုးလို့ လေးဗူးတစ်ခါတည်းယူပြီးကာမှ စျေးတက်နေမှန်းသိလိုက်ရတာမို့ မိမိသောက်ဖို့တီးမစ်ကလေးပင်မ၀ယ်ခဲ့ရသည့်အကြောင်းကို ဒေါ်အေးမြင့်ပြောမနေတော့။မြေးလေးနှင့်ကိုယ်က ကုသိုလ်ကံချင်းမတူဘူးလို့သာ စိတ်ဖြေသိမ့်ထားသည်။
“ဒါနဲ့ နို့မှုန့်တိုက်လိုက်ပြီလား။”
“တိုက်ပြီးပါပြီး။ဒေါ်မြင့်တည်သွားတဲ့ ပဲဆန်ပြုတ်ရေကျဲလေးလည်းခုပဲတိုက်လိုက်တယ်။”
“ပဲဆန်ပြုတ်ဟုတ်လား။ပဲကျက်တာသေချာသေးလား။”
မနက်က အလောတကြီးထွက်သွားရတာမို့ ဆန်ပြုတ်အိုးကိုတန်းလန်းထားခဲ့ရသည်။သမီးဖြစ်သူမှာထားသည့်အတိုင်းကြက်သား၊ပဲနီလေး၊မုန်လာဥတို့ကို ဆန်အနည်းငယ်နှင့် အချိုးကျပြုတ်ထားသည်။
“အော်၊ကျက်တာမှ နူးအိနေတာပဲ။တကတဲ ဒေါ်အေးမြင့်ကသိပ်အကဲပိုတာ။ကျွန်မလည်း ကလေးအမေပါပဲ။နားလည်ပါတယ်။”
ပန်းနုက ပြောတော့ ဒေါ်အေးမြင့်က တောင်းပန်ရပြန်သည်။
“အေးပါဟယ်။စိတ်မဆိုးပါနဲ့။နင်တို့ကလေးတွေက နင်တို့လက်ထဲကြီးလာတာ။ငါ့မြေးလေးက အဖေအမေအဝေးမှာကိုးကွဲ့။”
ပြောရင်းကပင် သမီးဖြစ်သူကို သတိရသွားမိသည်။ဖုန်းမလာတာပင်အတော်ကြာလှပြီ။
“ကဲ ကဲ ကျွန်မပြန်တော့မယ်။ကျွန်မကလေးတွေ ကျောင်းကပြန်လာရင် ရေချိုးပေးရမယ်။”
“အေးးအေးးကျေးဇူးပါပဲပန်းနုရယ်။နင်မကယ်ရင် ငါဆေးခန်းသွားဖြစ်မှာမဟုတ်ဘူး။”
“ဒါနဲ့ ဆေးခန်းက ဘယ်နေ့ပြန်ချိန်းလိုက်လဲ။”
ပန်းနုက အိမ်ပြင်ရောက်ပြီးမှ သတိရကာလှည့်မေးသည်။
“တစ်ပါတ်ပြည့်မှဆိုတော့ လာမယ့်အင်္ဂါပေါ့။”
ဒေါ်အေးမြင့်က လက်ချိုးရေတွက်ရင်းပြန်ဖြေလိုက်သည်။
“အင်းအင်း ကျွန်မအဲ့ဒီနေ့မအားရင်လည်း တခြားတစ်ယောက်ကိုလွှတ်ပေးလိုက်ပါ့မယ်။”
ပန်းနုနောက်ကျောကို ကြည့်ရင်း ဒေါ်အေးမြင့်အတိတ်ကိုပြန်တွေးလိုက်မိသည်။
@ @ @ @ @
“ပန်းနုလင်နောက်လိုက်သွားပြီတဲ့။”
စျေးသွားရင်းကြားခဲ့ရသော စကားကို အ်မ်မှာပြန်ပြောတော့ တစ်အိမ်လုံးအံ့အားသင့်ကုန်သည်။ပန်းနုကသမီးနှင့်ရွယ်တူဆိုတော့ အသက်ကလေးက နှစ်ဆယ်ပင်ပြည့်ဦးမည်မဟုတ်။ရုပ်ရည်လေးကတော့ ချစ်စရာကောင်းပါသည်။
“တကယ်ပြောတာလားမိန်းမ။”
ခင်ပွန်းဖြစ်သူဦး၀င်းထိန်က မယုံနိုင်သလိုမေးသည်။
“အော် တကယ်ပေါ့ရှင်။”
“အေးလေ။သူ့က စာလည်း လိုက်နိုင်တာမှမဟုတ်ဘဲ။ဆက်နေလည်း ဘွဲ့မရမယ့်အတူတူ ယောက်ျားယူတာပဲကောင်းပါတယ်။”
သမီးဖြစ်သူက မဲ့ရွဲ့ရင်းပြောလိုက်တော့ ဦ;၀င်းထိန်ဟောက်သံက ထွက်ပေါ်လာသည်။ပန်းနုက အိမ်ကသမီး၏ကျောင်းနေဖက်သူငယ်ချင်းဆိုသော်လည်း စရိုက်ချင်းမတူသောကြောင့်ထင်သည်။ရင်းနှီးသော သူငယ်ချင်းများဖြစ်မလာကြပေ။
“သူများကိုနှိမ်ပြောတဲ့အကျင့်က ပေါ်လာပြန်ပြီလား။ကိုယ့်ထက်နိမ့်ကျနေသူတွေကို နှိမ်ချဆက်ဆံစရာမလိုဘူးလို့ နင့်ကိုဘယ်နှခါပြောရမလဲ။”
“ဟုတ်၊တောင်းပန်ပါတယ်အဖေ။သမီးမှားသွားပါတယ်။”
“နောက်တစ်ခါငါ့ရှေ့မှာ အဲ့လိုအပြုအမူထပ်တွေ့လို့ကတော့ ငါ့အဆိုးမဆိုနဲ့။မအေးမြင့် နင်လည်းသမီးကို တော်ရုံတန်ရုံအလိုလိုက်။စာတော်တာလေးတစ်ခုနဲ့ မာန်တက်နေတယ်။”
သားအဖနှစ်ယောက်ကြားဒေါ်အေးမြင့်ဘာမှ ၀င်မပြောဖြစ်ခဲ့။ဒါကလည်း သူမတို့ မိသားစုမှာ ဖြစ်လေ့ဖြစ်ထရှိသော ပြသနာတစ်ခုပင်။အဖေကလေသံမာသလို သမီးကလည်းငေါ့တော့တော့လုပ်တတ်သည်။သမီးကျောင်းပြီးသည့်နှစ်မှာတော့ ပန်းနုကကလေးအမေပင်ဖြစ်လို့နေပြီ။သူ့ယောက်ကျားကလည်း မဆိုးဘူးဆိုရမည်။
ပန်းနုမိဘအိမ်ရှေ့မှာ စျေးဆိုင်ကလေးတည်ထားကြသည်။ကျောင်းဆက်မတက်ဖြစ်ကြတာကလွဲလို့ အားလုံးအဆင်ပြေသည်ပြောရမည်။သမီးက နိုင်ငံခြားမှာကျောင်းဆက်တက်ချင်သည်ဆိုတော့ ဒေါ်အေးမြင့်တို့လင်မယားအတော်လေး ကတောက်ကဆဖြစ်ခဲ့၇သေးသည်။နောက်ဆုံးတော့ ဦး၀င်းထိန်ကပင်အလျော့ပေးကာ လိုလိုမယ်မယ်၀ယ်ထားသောမြေကွက်ကလေးရောင်းချပြီး ကျောင်းစရိတ်ထုတ်ပေးလိုက်တော့သည်။
“သမီးဘက်ကနေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်အမေရယ်။သမီးလေး၊ပညာတတ်ကြီးဖြစ်အောင်ကြိုးစားမယ်။သမီးအောင်မြင်မှု့တွေကို အဖေအသိအမှတ်ပြုစေရမယ်။”
သမီးက ခုလိုကတိတွေပေးတော့ ဒေါ်အေးမြင့်၀မ်းသာရသည်။ရည်မှန်းချက်မြင့်မြင့်ထားသူသမီးအတွက် ပီတိဖြစ်ခဲ့လေသမျှ တကယ်တမ်းသမီးလေယာဉ်ပေါ်တက်ချိန်ရောက်တော့ မေ့မျောမတတ်ငိုရသူမှာ ဒေါ်အေးမြင့်ပင်ဖြစ်သည်။
“အေး ငါကပေးသွားတာမဟုတ်ဘူး။နင်တို့သားအမိကသာ မသွားရရင်သေတာ့မလိုဖြစ်နေတဲ့သူနဲ့ ခွင့်မပြုရင်ငါ့ကိုသတ်တော့မလိုဖြစ်တဲ့သူနဲ့မို့ခွင့်ပြူလိုက်ရတာ။ငါ့ရှေ့မှာ ငိုငိုရီရီတော့လာလုပ်မနေနဲ့။”
ဦး၀င်းထိန်က စကားပြောပြတ်သလို စိတ်လည်းပြတ်သည်။သူ့ဆိုဆုံးမမှု့ကိုနားမခံလိုသော တစ်ဦးတည်းသောသမီးလေးကို သာကြောင်းမာကြောင်းမမေးသည်မှာ ရင်ဘတ်အောင့်၍ဆေးရုံရောက်သည်အထိပင်။နှလုံးရောဂါဖောက်သည်ဟု ဆရာ၀န်တွေကပြောတော့ လင်မယားနှစ်ယောက်လုံးအံ့သြရသည်။တစ်သက်လုံးမနာမဖျားခဲ့သူက ဖြစ်မယ့်ဖြစ်တော့လည်း ပထမဆုံးနှင့်နောက်ဆုံးပင်။
ဒေါ်အေးမြင့်ကသမီးထံဖုန်းဆက်ပြောပြသော်လည်း ဥိး၀င်းထိန်သာဆေးရုံသုံးလေးခေါက်တက်လိုက်ဆင်းလိုက်လုပ်ပြီး အသက်ပါသွားသည်။သမီးကတော့ရောက်မလာ။နောက်ဆုံး အဖေ့နာရေးအတွက်ဆိုတာ ကူငွေများတော့ ရောက်လာခဲ့သည်။နောက်ရက်အနည်းငယ် အကြာမှာ သမီးတို့ ဘွဲ့နှင်းသဘင်အခမ်းအနားရှိသည်ဟုဆိုသည်။
ဒေါ်အေးမြင့်ဖို့ လေယာဉ်လက်မှတ်ပို့ပေးရမလားမေးသည်။ထိုညတွင် ဒေါ်အေးမြင့်တစ်ယောက်တည်းသာ ဦး၀င်းထိန်ရုပ်အလောင်းနားငုတ်တုတ်လေးထိုင်ရင်း အသံတိတ်ငိုနေမိသည်။
“အေး ပညာတတ် ဆိုတဲ့စကားတစ်လုံးနဲ့ပဲနင့်သမီးက နင့်ကို အနိုင်ယူနေတာ။ပညာတတ်ပြီး အသိဥာဏ်မရှိရင်အလကားပဲကွ။ပညာတတ်တိုင်း လူပီသတာမဟုတ်ဘူး။နင့်သမီးကို ကြပ်ကြပ်အလိုလိုက်။ငါမရှိတဲ့တစ်နေ့နင်ဒုက္ခရောက်လိမ့်မယ်။”
သွားလေသူကြီးပြောခဲ့သောစကားများကိုလည်း နားနဲ့ဆတ်ဆတ်ကြားယောင်နေသည်။ထို့နောက်မှာတော့ နိုင်ငံခြားပြန်ဘွဲ့ရပညာတတ်သမီးလေး အိမ်ပြန်လာတော့လေမလားအတွေးနှင့် နေ့စဉ်နှင့်အမျှမျှော်လင့်နေခဲ့သော်လည်း . . . . . . . . . . .
“.အမေ၊သမီးလက်ထပ်တော့မယ်။”
“ဟင်။……………”
တယ်လီဖုန်းထဲမှကြားလိုက်ရသောအသံကြောင့် ကိုယ့်နားကိုယ်မယုံနိုင်အောင်ဖြစ်သွားသည်။
“အမေ၊သမီးပြောတာကြားလား။”
“အေးအေး သမီးအမေကြားတယ်ဆက်ပြော။”
“သမီးအိမ်ထောင်ပြုတော့မယ်အမေ။သမီးချစ်သူက မြန်မာလူမျိုးတစ်ယောက်ပါပဲ။သူလည်း ဒီမှာပဲအလုပ်လုပ်နေတာ။သမီးနဲ့အလုပ်ချင်းတော့မတူဘူးပေါ့။သမီးတို့မြို့မှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ခုမှာပဲမင်္ဂလာဆွမ်းကပ်လိုက်တော့မယ်။………”
ဆက်ပြောနေသောသမီးစကားသံတို့က ဒေါ်အေးမြင့်နားထဲကို မ၀င်တစ်ချက်၀င်တစ်ချက်ဖြစ်လို့နေသည်။သေချာတာတော့ အမေသဘောတူလားဆိုတာတစ်ခွန်းမှမပါသလို အမေလာခဲ့ပါဆိုတာလည်းတစ်ခွန်းမှမပြောခဲ့ပေ။ထို့နောက်မှာတော့ ဒေါ်အေးမြင့်တစ်ယောက်တည်း ဘ၀ကို နေသားကျအောင်ကြိုးစားခဲ့သည်။အိမ်နားနီးချင်းတွေထံမှာ ဝိုင်းကူလုပ်ရင်းထမင်းတွေနပ်မှန်ခဲ့သည်။ရပ်ကွက်၏သာရေးနာရေးတွေမှာ ကူညီလုပ်ကိုင်ရင်း တစ်ကိုယ်တည်းဘ၀ကို ဖြေသိမ့်တတ်ခဲ့သည်။
“ဟယ် ရွှေရည့်အမေမဟုတ်လား။”
“အင်း အန်တီက ပိန်သွားလိုက်တာ။မှတ်တောင်မမှတ်မိဘူး။ဝိတ်ချထားလို့ထင်တယ်။”
သမီးသူငယ်ချင်းများနှင့် စျေးအတွင်းမှာတစ်ခါဆုံတော့ သူတို့လေးတွေက အားရ၀မ်းသာနှုတ်ဆက်ကြသည်။
“ရွှေရည်တို့လင်မယားနှစ်ယောက်စလုံးအလုပ်အဆင်ပြေတယ်ကြားတယ်။အဒေါ်က သိပ်ကံကောင်းတာပဲနော်။”
ဒေါ်အေးမြင့် ဘာမှပြန်မပြောဘဲ ပြုံးပြုံးလေးသာနေလိုက်သည်။သူတို့က ထိုမျှနှင့်မပြီး။
“တစ်လကို ပိုက်ဆံဘယ်လောက်ပို့လဲဟင်။”
ထိုမေးခွန်းက ဒေါ်အေးမြင့်ရင်၀ကို ဆောင့်တွန်းလိုက်သလိုပင်။
“ပိုက်ဆံ ဟုတ်လား။”
ယောင်ယမ်းပြီးလည်းရေရွတ်လိုက်မိသည်။
“ဒေါ်ဒေါ်မဖြေချင်လည်းရပါတယ်လေ။သွားဦးမယ်နော်ဒေါ်ဒေါ်။”
ကျောခိုင်းသွားသောကလေးမတွေကို ငေးကြည့်နေဆဲ စကားသံတစ်ချို့ကပျံ့လွှင့်လာသည်။
“တစ်ယောက်လစာကပဲ သိန်းသုံးဆယ်ဆိုတော့ အငယ်ခံဆယ်သိန်းတော့ အမေ့ဆီပို့မှာပေါ့။”
ဒေါ်အေးမြင့်မျက်လုံးထဲတွင် ဦး၀င်းထိန်ဆုံးတုန်းက ငွေလွဲသမားတစ်ယောက်လာပို့ပေးသွားသော ပိုက်ဆံဆယ်သိန်းကို မြင်ယောင်မိသွားသည်။အင်းလေ။သူ့အဖေကိုမှ သူမချစ်တာကိုး။ငါ့ကိုပိုချစ်တော့ ငါသေရင်သိန်းနှစ်ဆယ်လောက်တော့ ကူငွေထည့်မှာပေါ့။တွေးရင်းကပင် ညာဘက်ရင်အုံထဲက စူးကနဲအောင့်သွားသည်။
အိမ်ကထွက်သွားပြီးနောက် ဆယ်စုနှစ်တစ်ခုနီးပါးကြာမှ သမီးဖြစ်သူက အလည်တစ်ခေါက်ပြန်ရောက်လာသည်။
အမေနှင့်ရွာကို လွမ်းလွန်းသောကြောင့်မဟုတ်။သူတို့သားဦးကလေးကို ဒေါ်အေးမြင့်လက်ထဲလာအပ်ခြင်းသာဖြစ်သည်။နှစ်ဦးလုံးအလုပ်သွားနေရတာမို့ ကလေးကို လူငှားလက်ထားရမှာ စိတ်မချဟုဆိုသည်။ဒေါ်အေးမြင့်ကတော့ ကိုယ့်သွေးသားရင်းခြာလေးတစ်ယောက်အဖော်ရသည်ဆိုပြီး ကျေနပ်လို့နေသည်။
ခုဆိုကလေးက ဒေါ်အေးမြင့်လက်ထဲမှာပင်တစ်နှစ်ကျော်ခဲ့ပြီ။သမီးဖြစ်သူက ကလေးစားရိတ်လစဉ်ပို့ပေးသည်။
ဘုရားကျောင်းကန်လည်း မသွားအား။သာရေးနာရေးလည်းသွားမနိုင်ဘဲ အသက်ခြောက်ဆယ်ကျော်ကာမှ ကလေးတစ်ယောက်တိုးလိုးတွဲလောင်းနှင့် ဒေါ်အေးမြင့်ကို အရပ်ထဲကလူတစ်ချို့ကမေးငေါ့ကြသည်။ဒေါ်အေးမြင့်ကတော့ သမီးကိုယ်ပွားလေးရထားတာမို့ မညည်းမညူပြုစုယုယသည်။ကိုယ်သာအငတ်ခံပြီး ကလေးအတွက်တော့ အကောင်းတကာ့အကောင်းဆုံးကိုသာ သုံးစွဲခဲ့ပါသည်။
@ @ @ @ @
“ဒေါ်အေးမြင့် ဆေးခန်းသွားနေတုန်းကလေ . . .။”
ဘေးအိမ်မှ အငယ်ဆုံးသမီးလေးက အော်ပြောသည်။
“ဟဲ့ သူများအိမ်ထဲ၀င်ပါစေဦး။”
ဒေါ်စုက သမီးဖြစ်သူကိုလှမ်းငေါက်လိုက်သည်။
“ရပါတယ်ဒေါ်စုရေ.”
“ကျွန်မသမီးဆီက ဖုန်းလာတာလား။ဘာပြောသေးလဲ”
အိမ်ထဲလှမ်း၀င်မည့်ခြေလှမ်းတို့ကို ဒေါ်စုတို့အိမ်ဘက်ဦးတည်လိုက်သည်။ဒီနေ့မြေးလေးကို ခြေရင်းအိမ်မှ မိသားစုကခေါ်ထိန်းထားပေးကြသည်။သမီးအသံလေးမကြားလိုက်ရတာ ရင်ထဲမှာ၀မ်းနည်းသွားသလိုပင်။
“နင့်သမီးက ဘာပြောမှာလဲ။ထုံးစံအတိုင်းသူ့သားနေကောင်းလား။အစားမှန်မှန်စားရဲ့လားပေါ့။ဒါပဲမေးတာပေါ့”
“အော် . . .။နောက်ထပ်ဘာမှမပြောဘူးလား။”
ဒေါ်အးမြင့်တစ်ယောက်အဖြေကိုသိနေလျက်နှင့် မဆုံးသောမျှော်လင့်ချက်ဖြင့်မေးလိုက်မိပြန်သည်။
“သူကတော့ ဘာမှမပြောပါဘူး။ငါကတော့ နင်နေမကောင်းလို့ ဆေးခန်းပြနေရတယ်လို့ပြောလိုက်တယ်။”
“အို အမကလည်း ဘာလို့သွားပြောရတာလဲ။အလကားသက်သက်ကလေးတွေစိတ်ပူရအောင်။”
“ဟဲ့ ပြေးကြည့်မှ ဒီမအေနဲ့သမီးနှစ်ယောက်တည်းရှိတာ၊နင်နေမကောင်းတာ နင့်သမီးကိုမှမပြောရင် ငါကဘယ်သူ့ပြောရမှာတုန်း။”
ငယ်ပေါင်းငယ်နိုင်ဒေါ်စုက မကျေမနပ်ရေရွတ်တော့သည်။
“ဘယ်အထိပြောလိုက်လဲအမ။”
“ဘယ်အထိပြောရမှာလဲ။နင့်ရောဂါကဆေးရုံတက်ဖို့လိုနေတဲ့အကြောင်း။ကလေးကို စိတ်မချလို့ နင်က ဆေးခန်းတောင်မှန်မှန်မသွားဘူးဆိုတဲ့အကြောင်းပြောပြလိုက်တာပေါ့။”
“အမရယ်။တော်ရုံတန်ရုံပြောတာမဟုတ်ဘူး။”
ဒေါ်အေးမြင့်လည်း ပြန်မပြောစဖူးပြောလိုက်မိသည်။
“အဲ့ဒါ နောက်လမှာ သူခွင့်ယူပြီးပြန်လာမယ်ပြောတယ်”
ဒေါ်စုစကားကြားလိုက်ရတော့ ဒေါ်အေးမြင့်ရင်ထဲပီတိဝြေဖာသွားသည်။ဆေးမသောက်ရသေးပဲ ရောဂါတစ်၀က်မက သက်သာသွားသလိုပင်။ဆေးစစ်ချက်အဖြေက အဆုတ်တစ်ဖက်မကောင်းတော့ဘူးဆိုလို့ စိတ်ထိခိုက်နေတာလေးပါ ပြေလျော့သွားသည်။သမီးမျက်နှာကို မြင်တွေ့ရပေတော့မည်။
“သူ့ကလေးကို ဟိုမှာပဲနာနီနဲ့ထိန်းခိုင်းဖို့ လာခေါ်မယ်တဲ့။ငါထုတ်မပြောချင်ပေမယ့် နင်သိအောင်တော့ပြောရမှာပဲ။နင်သာနင့်ယောက်ျားလို ရုတ်တရက်ရောဂါဖောက်ပြီးသေရင် ကလေးဒုက္ခရောက်မှာစိုးရိမ်သတဲ့တော်”
ဒေါ်စုဆက်ပြောလိုက်သောစကားကြောင့် ဒေါ်အေးမြင့်ခေါင်းထဲ ကမ္ဘာကြီးပတ်ချာလည်ကာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည်။ဒါလည်း မိဘမေတ္တာလို့ ဆိုရမယ်ထင်ပါရဲ့။ကိုယ့်အတွက်တော့ ထာ၀ရသမီးပေမယ့် သူမအဖို့မှာတော့ မိခင်တစ်ယောက်ဖြစ်ခဲ့ပြီ။ယိုင်နဲ့သွားသောခြေလှမ်းတွေ ပြိုလဲကျမသွားအောင် ခြံစည်းရိုးတိုင်တွေကို လှမ်းကိုင်လိုက်ရသည်။
အတောင်စုံ၍အဝေးဆီသို့ပျံသန်းသွားသောငှက်ငယ်လေးများ၏တောင်ပံခတ်သံလား။ဒေါ်အေးမြင့်နားထဲမှာ တဝီဝီ မြည်သံတွေကြားလိုက်ရပါသည်။
နန်းကြာဖြူ(ဘားအံ)
Closer မဂ္ဂဇင်း၊ဧပြီ၊၂၀၁၆။
Shareby မွန်းလေးဖေဖေ
0 Comments