လိပ်ပြာ - ယုယ

လိပ်ပြာ - ယုယ
* * *

အိမ်ကလေး၏ ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ခေတ်မီ ဆက်တီခုံများနှင့် အတူ အော်ဂန် တစ်လုံးက နေရာယူထားသည်။ သူပိုင် စာအုပ်တွေ ထားသည့် စာအုပ်စင်ကို ချောင်ကျကျ နေရာတွင် တွေ့လိုက်ရ သဖြင့် စိတ်ထဲ အနည်းငယ် သဘောမတွေ့ ဖြစ်မိသည်။ တီဗီနှင့် စီဒီခွေစက် ဘေးတွင် သူ မကြိုက်သော အင်္ဂလိပ် သီချင်းခွေ အချို့က အစီအရီပင်။ ဧည့်ခန်း၏ နံရံတွင်မတော့ သူ မမြင်ချင်သော ဓာတ်ပုံတစ်ခု ချိတ်ဆွဲထားသဖြင့် ဧည့်ခန်းဆီမှ အမြန် ထွက်ခွာမိ၏။

အိမ်ကလေးသည် နှစ်ပေါင်းများစွာ သူ ကျင်လည်ဖူးသော နေရာ ဖြစ်သည့်အလျောက် မျက်စိမှိတ် လျှောက်သွားဖို့ပင် သူ့အတွက် အခက်အခဲ မရှိချေ။ အိမ်ရှင်မတို့၏ ထုံးစံအတိုင်း မီးဖိုခန်းထဲသို့ အလွမ်းပြေ ဝင်ကြည့်မိသည်။ မီးဖိုခန်းထဲတွင် အိုးခွက် ပန်းကန်များ သည်လည်း သူ ထားနေကျ ပုံစံမျိုး မဟုတ်ဘဲ အထားအသို ပြောင်းနေသဖြင့် အနည်းငယ် စိတ်မသက်သာ ဖြစ်မိပြန်သည်။

ဟင်းအိုးများကို ကြည့်တော့လည်း သူ မစားသည့် အသားတချို့ ချက်ပြုတ်ထားပြီး အိမ်ရှင်မတို့တွင် အလိုလျောက် ခံစားနိုင်သည့် ဥာဏ်ဖြင့်ကြည့်လျှင် ထိုဟင်းကား စားကောင်းမည့် ပုံပင်။ သမီးဖေဖေသည် သူနှင့် အိမ်ထောင်ကျသည့် အချိန်မှ စပြီး ထိုအသားကို မစားတော့ပေ။ သမီးလေး သည်လည်း တစ်ခါမျှ စားဖူးသူ မဟုတ်။ ယခုတော့ အိမ်ရှင်မ အသစ်က စားခိုင်းသဖြင့် စားနေရရှာပြီလား မပြောတတ်ချေ။ ဟင်းအိုးများကို ဆွဲလှန် ပစ်ပေါက် လိုက်ဖို့က သူ့တွင် အင်အား မရှိချေ။

သူ သိပ်ကြိုက်သည့် ကော်ဖီနှပ်သည့် အိုးကိုမူ ချောင်တစ်ခုတွင် တွေ့လိုက်ရပြီး ခေတ်မီ ကော်ဖီ ဖျော်စက်ကား အနှစ်အနှစ် အလလက ချေးအထပ်ထပ် ကော်ဖီအိုး နေရာတွင် အစားထိုး ဝင်ရောက်သွားပြီ ဖြစ်သည်။

ရိုးရှင်းသော ပန်းကန် ခွက်ယောက်တွေအစား ခေတ်မီသော အနောက်တိုင်း ဆန်သော ဖန်ပန်းကန် လှလှတွေက နေရာ ယူထားပြီး ဖြစ်သည်။ မီးဖိုချောင်သည် အရင်လို သူ့အပေါ် မနွေးထွေးတော့ သဖြင့် ခပ်မြန်မြန်ပင် အခြားအခန်း တစ်ခန်းသို့ ကူးလိုက်မိ၏။

ကြည်နူးစရာအတိ ပြီးသော အခန်းလေးထဲ ဝင်မိပြန်တော့ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် သမီးလေးကို တွေ့ရပြီး အတန်ငယ် ညစ်နွမ်းနေသည့် သူ့စ်ိတ်အချို့ ကြည်လင်လန်းဆန်း လာပြန်သည်။

ထုံးစံအတိုင်း နှဖူးပေါ် လက်တင်ပြီး အိပ်တတ်သော သမီးကလေး၊ ညနက်တိုင်း သူ စောင်လာလာ ခြုံပေးရသော သမီးကလေးပင်။ ယခုတော့ သမီးလေး၏ ကိုယ်ပေါ်တွင် စောင်လွတ် နေသော်လည်း ညည့်နက်သည့်တိုင် မည်သူမျှ လာခြုံပေးပုံ မရပေ။ သမီးလေးကို မြင်ရတော့ ဟိုးအရင် သမီးလေးကို မွေးသည့် အချိန်ကို သတိရမိသည်။ သမီးလေးကို မွေးတော့ အားလုံးက အဖေတူ သမီးလေးဟု တညီတညွှတ်တည်း ထောက်ခံကြသည်။ သမီးလေး ဖေဖေက ပြုံးပြုံးကြီး ထောက်ခံ၏။ တစ်ဦးတည်းသော သမီးကလေး ဖြစ်သည့်အလျောက် သူတို့အိမ်တွင် သည်းသည်းလှုပ် ချစ်ကြ အလိုလိုက်ကြသည်။ ဟိုးအရင်ကလို သမီးပါးလေးကို ခပ်ဖွဖွနမ်းဖို့ လုပ်နေတုန်း သမီးဆီမှ အင့်ခနဲ အသံကြားရသဖြင့် မနမ်းရက်တော့ပေ။ သူ့အနမ်းကြောင့် သမီးလေး မက်နေသည့် အိပ်မက်ကလေး ပျက်မသွားစေလို။ သမီးလေး အခန်းဆီကနေ ခြေဖွဖွနင်းရင်း အခြားအခန်း တစ်ခုဆီသို့ သူ့ ခြေလှမ်းများကို ဦးတည်လိုက်၏။

ထိုအခန်းလေးသည် သူ ငယ်နုစဉ်က ပျော်ရွှင်စရာအတိ ပြီးခဲ့သော အခန်းလေး ဆိုလျှင် မမှားပေ။ ပထမဆုံး သူ သတိထားမိသည်က အခန်း၏ အရောင်ပင်။ သူ သိပ်ကြိုက်သည့် ခရမ်းနုရောင်လေး သုတ်ထားသည့် အခန်းမှသည် အစိမ်းရောင် ခပ်လင်းလင်း အခန်းတစ်ခု အဖြစ် ပြောင်းသွားလေပြီ။ သူကား အိပ်ခန်းကို ခပ်မှောင်မှောင် ကြိုက်သဖြင့် သူ အိပ်လျှင် ရှိသမျှမီး အကုန်ပိတ်သည့် အပြင် ဆေ့ကတ် မီးရောင်လေးကိုတောင် တစ်ခုခုနှင့် ကာထားရသည် အထိ အမှောင်ကြိုက်တတ် သူပင်။ ယခုအခါတွင်မတော့ အခန်း၏ ထောင့်တွင် မီးအိမ်တစ်ခု ထွန်းထားပြီး ထိုမီိးအိမ်မှတဆင့် သူ မမြင်ချင်ဆုံးသော မြင်ကွင်း တစ်ခုကို မြင်တွေ့ လိုက်ရသည်နှင့် သူ့အမြင်၊ သူ့နှလုံးသား ၊ သူ့ချစ်ခြင်းမေတ္တာတို့ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ထိုအခန်း အတွင်းမှပင် အလျင်အမြန် ပြေးထွက်ခဲ့သည့် သူ့ ခြေလှမ်းများ အတွက် ကျေးဇူးတင် မဆုံးပေ။

* * *

အိမ်ကလေးသည် သူ မဟုတ်သည့် အခြား အိမ်ရှင်မ တစ်ဦး၏ လက်ဝယ်တွင် ပျော်မြူး နေလေပြီ ဖြစ်၏။ အိမ်ကလေး၏ မြေကွက်လပ်တွင် သူရှိတုန်းက သီးပင် စားပင်တွေ အစား သစ်ခွလို သဇင်လို နှင်းဆီလို ပန်းမျိုးတွေက နေရာယူထားသည်။ ထို့အပြင် အားကစား လုပ်နိုင်သည့် ပစ္စည်း အချို့လည်း မြင်ရ တွေ့ရသည်မှာ အဆန်းပင်။ သူက ဘယ်တော့မှ အားကစား မလုပ်တတ်သူ၊ သမီးလေး မွေးပြီး နောက်ပိုင်း အလွန်အမင်း ဝလာသော်လည်း ဝိတ်မထိန်းဘဲ နေချင်သလို နေသူ ဖြစ်သဖြင့် အားကစား ဆိုသည်မှာ သူနှင့် လားလားမှ မသက်ဆိုင်ခဲ့ပေ။ အတွေးနှင့် မျောနေသောသူ့ကို ပိန်ပိန်သွယ်သွယ် ပုံရိပ်တစ်ခုက ခြောက်လှန့်လိုက်သည်။

သူ့ အိမ်ကလေး၏ အိမ်ရှင်မ အသစ်သည် သမီးလေး ဖေဖေကို လက်ချိတ်ကာ လှလှပပ ကျော့ကျော့ကလေး အိမ်ကလေးဆီမှ ထွက်လာ၏။ အများအားဖြင့် မိန်းမချင်း မနာလို မဖြစ်တတ်သော သူ့စိတ်တို့ အပြောင်းအလဲကြီး ပြောင်းလဲသွား လေပြီ။ သမီးလေး ဖေဖေက ထိုအိမ်ရှင်မ အသစ်ကို ပြန်ပြုံးပြပြီး နှဖူးကို ခပ်ဖွဖွနမ်းပြန် နမ်းလိုက်သည်။ ထိုမျှမကသေး နှဖူးပေါ်က ဆံစတွေကို တယုတယ သပ်တင်ပေး လိုက်သည်။

သမီးလေး ဖေဖေ၏ အကြည့်၊ အထိအတွေ့နှင့် ဟန်ပန် အမူအယာတို့က သူ့ မနာလိုစိတ်ကို ပိုပိုတိုးစေမှန်း မသိလေရော့ သလား။ နောက်ဆုံးပေါ် ကားနီနီလေး ပေါ်သို့ တက်သွားသည့် ဒေါက်ဖိနပ် ချွန်ချွန်ကလေး များသည် ကားကလေး၏ သခင်မမှန်း သိသာထင်ရှား နေပြန်သည်။ သမီးလေး ဖေဖေက အပြုံးအရယ် တချက် မပျက်ဘဲ သူ့သခင်မကို အသေးစိတ် လိုက်မှတ်သားနေ၏။ သူတို့တတွေ ချစ်ကြည်နူးနေသည်ကို ငေးမောရင်း အတွေးထဲ မျောနေမိသော သူ့ကို တေးဂီတသံက အသံရှိရာ ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွား တော့သည်။ သူ မမြင်ချင်သော မြင်ကွင်းဆီမှ အလျင်အမြန် ဆိုသလို အခြား တနေရာသို့ သူ ရောက်ရှိ သွားလေ၏။

ဒီမြင်ကွင်းမျိုး သူ့တစ်သက်နှင့် တစ်ကိုယ် မြင်ဖူးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ စန္ဒယား ခလုတ် အဖြူအမဲလေးများပေါ် တရွေ့ရွေ့ လှုပ်ရှားနေသည့် လက်ကလေး များသည် လွန်ခဲ့သော နှစ်ကာလ ကတည်းကပင် သူ အလွတ်ကျက်မှတ် ထားသော လက်ချောင်းကလေး များပင်။ ဆိုနေသည့် သီချင်း စာသားများ နေရာတွင် မေမေဆိုသည့် နေရာရောက်တိုင်း ဆို့နင့်နေသော အသံကလေးနှင့် မျက်တောင်ရှည်ရှည် များတွင် တွဲခိုစ ပြုနေသည့် မျက်ရည်စများ ပေါင်းစပ်လိုက်သော အခါ သူ့နှလုံးသားတို့ ပျော်ကျမတတ်ပင်။

သီချင်းတစ်ပုဒ် ပြီးသွားတာတောင် မသိလိုက်ရအောင် သမီး သီချင်းသံထဲ သူ မျောလွင့်နေ၏။ သီချင်းအသစ် ကိုကား ဘာတွေ ဆိုနေမှန်း သူ မသိပေ။ အင်္ဂလိပ်စာ မကျွမ်းကျင်သော သူ့အတွက် သီချင်း၏ အဓိပ္ပါယ်ကို ရေရောရာရာ မသိသော်လည်း သမီးလေး၏ သီချင်း သမီးလေး၏ ဂီတတွင် သူ လိုက်ပါ စီးမျောရင်း လက်ရှိ အခြေနေများကို ခဏမေ့ သွားတော့၏။

* * *

သမီးလေး အဆူခံရသည့် ထိုနေ့ကို သူ မမေ့ပေ။ သမီးဖေဖေကမူ ဘာမျှ ဝင်မပြောဘဲ မသိချင်ယောင် ဆောင်နေသည်။ သမီးကား မျက်တောင် ရှည်ရှည်များ ပုတ်ခတ်ကာ ငိုမဲ့မဲ့ ဖြစ်နေလေပြီ။ အိမ်ရှင်မ အသစ်သည် သမီးလေး၏ ပညာအရည်အချင်း အကဲဖြတ် ကတ်ပြားကို ကိုင်ပြီး စကားအားဖြင့်ရော အမူအယာအားဖြင့်ပါ ဆူပူကြိမ်းမောင်း နေကြောင်း သိသာ ထင်ရှား၏။ သမီးလေး ရင်ထဲတွင် အားကိုးတကြီး မေမေဟု တမ်းတ နေသည်ကို သူ ခံစားသိရှိလေ အိမ်ရှင်မ အသစ်အပေါ် သူ့အမုန်းကား ပိုကြီးထွား လေလေပင်။ သူ ဖူးဖူးမှုတ် ချစ်ခဲ့သော မထိရက် မတို့ရက် မဆူရက်ခဲ့သော သမီးလေးကို ပိုင်စိုးပိုင်နင်း ကြိမ်းမောင်း နေသော သမီးလေး ဖေဖေ၏ သခင်မကို သူ မုန်းသည်။ သမီးလေးကို ဘာနှင့်မှ မလဲနိုင်ပါဟု ပြောခဲ့သည့် သမီးဖေဖေ သည်လည်း သမီးကို လျစ်လျူရှုထားသဖြင့် မုန်းမိသည်။ သမီးနှင့် သူ့ကို ခွဲခဲ့သည့် ကံကြမ္မာကိုလည်း မုန်းမိပြန်လေပြီ။

သမီးလေးကား သူ့အိပ်ခန်းလေး ထဲတွင်တရှုံ့ရှုံ့ ငိုနေလေ၏။ သမီးလေးသည် မျက်ရည်ကျ လျှက်ပင် စာရေး စားပွဲပေါ်မှ ဆုတံဆိပ်ကလေး များကို လှမ်းကိုင်ကြည့် နေရှာသည်။ သူလည်း သမီးလေး နည်းတူ လိုက်ကြည့်တော့ မမေနှင်းဖြူ အင်္ဂလိပ်စာ ထူးချွန်ဆု ဟူသော စာတမ်းကလေးကို ချစ်စဖွယ် မြင်ရ၏။ ဟိုရက်တွေတုန်းက သတိမထားမိသော ဆုတံဆိပ်ကလေး များကို သမီးလေး အခန်းထဲတွင် အမြောက်အများ တွေ့ရသည်။ စန္ဒယားပြိုင်ပွဲ တတိယဆု၊ သီချင်းဆိုပြိုင်ပွဲ ဒုတိယဆု၊ စာစီစာကုံးပြိုင်ပွဲ ပထမဆု စသည်ဖြင့် ရွှေရောင် ဆုတံဆိပ်ကလေးများက သမီးလေး နာမည်လေးတွေနှင့်ချည်းပင်။ သမီးလေး အနားသို့ သမီးဖေဖေ ရောက်လာပြီး ပခုံးကိုဖက်ခါ ချော့သည်။ ဖအေက ချော့လေ သမီးက ငိုလေလေနှင့် သားအဖ နှစ်ယောက်ကို ကြည့်ပြီး ထိုနေ့က သူ အသည်းကွဲ၏။

* * *

များမကြာမီ အိမ်ကလေး၏ မြေကွက်လပ်တွင် ကြက်တောင်ရိုက် နေသော သမီးတို့ သားအဖကို မြင်ရပြန်တော့သူ ကြည်နူးမိ ပြန်သည်။ အကယ်၍ ထိုနေရာတွင် သမီးလေး ဖေဖေ၏ သခင်မ မရှိလျှင် ပိုပျော်မည်မှာ အသေချာပင်။ ချွေးစို့နေသော သမီးလေး၏ ပါးမို့မို့တို့သည် ပန်းသီးလေး တစ်လုံးပေါ်တွင် ရေစက်ကလေးတွေ တင်နေသကဲ့သို့ပင်။ သမီးကလေး၏ ခန္ဓာကိုယ် အချိုးအစားသည် ကျစ်လစ်ပြီး အရပ်လည်း ရှည်သည်။ ဟိုးအတိတ် ကာလတုန်းက ချောမော လှပသော သမီးလေးကို ကြည့်ပြီး မော်ဒယ် လုပ်ခိုင်းရမယ် မင်းသမီး လုပ်ခိုင်းမယ် စသည့် သူ့ အပြောကို သမီးလေး ဖေဖေက အပြင်းအထန် ကန့်ကွက်ဖူးတာကို သတိရမိ၏။ ခုတော့ သမီးလေးသည် အားကစားသမား တစ်ယောက်လို ခန္ဓာကိုယ် ကြံ့ခိုင်ပြီး အနုပညာသမား တစ်ယောက်လို နှလုံးသား နူးညံ့နေလေပြီလား မပြောတတ်ချေ။ ပထမပိုင်း ကစားပွဲ ပြီးသောအခါ သမီးလေး အစား သူမုန်းသည့် အိမ်ရှင်မ အသစ်က ဝင်ကစားသည်။

မမြင်ချင် သော်လည်း ကြည့်မိသည့် မကြားချင် သော်လည်း နားထောင်မိသည့် သူ့အဖြစ်ကလည်း မသက်သာပေ။ ပေါင်တံ သွယ်သွယ်များကို ဖော်ပြီး သူ အမုန်းဆုံး အရောင်ဖြစ်သည့် အနီရောင် အားကစား ဝတ်စုံကို ဝတ်ခါ ရှိုးထုတ်ထားသည့် သမီးဖေဖေ၏ အိမ်ရှင်မ အသစ်က မျက်စိထဲတွင် ကန့်လန့်ကြီး ဖြစ်နေပြန်သည်။ ခြေထောက်၊ လက် အနေအထားက အစ အားကစားသမား တစ်ယောက်ပုံစံ ဖြစ်နေပြီး သမီးဖေဖေကို ကြည့်သည့် မျက်နှာဘေးက ညုတုတု ရှိလှ၏။ သမီးဖေဖေနှင့် အိမ်ရှင်မ အသစ်တို့ အပြန်လှန် ရိုက်နေသော ဘက်တံထဲတွင် ကြက်တောင်အစား သူ့နှလုံးသားလေးကို ရုတ်တရက် မြင်လိုက်ရသည်။ တဆတ်ဆတ် ခုန်နေသော သနားစဖွယ် နှလုံးသားလေးသည် သူတို့ ကစားကွက်တွင် ဟိုဘက် ရောက်လိုက် ဒီဘက် ရောက်လိုက်နှင့်ပင်။ ဒီပုံတိုင်း ဆိုလျှင် သူ အချိန်ပိုတောင် ဆင်းနိုင်တော့မည် မဟုတ်ပေ။

* * *

ဟိုးအရင် သူ နေထိုင်စဉ်က အိမ်ကလေးနှင့် သူ့ကြားထဲ လျှို့ဝှက်ချက် ဆိုတာ မရှိခဲ့ချေ။ ယခုတော့ အိမ်ကလေး ကိုယ်တိုင်က သူ့ကို လျှို့ဝှက်ထားတာ တစ်ခု ရှိနေလေပြီ။ ထိုအရာကား အခန်းတစ်ခန်း ဖြစ်ပြီး သူ မုန်းသော အိမ်ရှင်မအသစ် ပိုင်သည့်အခန်း ဆိုလျှင်လည်း မမှားပေ။ အိမ်ရှင်မ အသစ်သည် ထိုအခန်းသို့ တစ်နေ့ငါးကြိမ် အဝင်အထွက် ပြုလုပ်လေ့ ရှိပြီး သူ ဝင်သွားတိုင်း အခန်းကို လော့ချ ထားလေ့ ရှိသည်။ ထို့ကြောင့်လည်း အခန်း၏ အပြင်အဆင်နှင့် အခန်း၏ အနက် အဓိပ္ပါယ်ကို သူ မသိခြင်းပင်။ အိမ်ကလေးကပင် သူ့ကို လျှို့ဝှက်သည် မဟုတ် သူကလည်း သမီးလေးနှင့် သမီးဖေဖေ မသိအောင် အိမ်ကို ပြန်လာပြီး နေထိုင်ခဲ့သည်မှာ တစ်လပင် မကတော့ပေ။ သူ ရှိနေမှန်း မသိအောင် နေနိုင်သည့် သူ့ကိုယ်သူတော့ ချီးကျူးရမည် ဖြစ်သည်။

သမီးဖေဖေ ရုံးက ပြန်အလာကို စောင့်နေကျ ခြံထဲက ဒန်းကလေးတွင် ထိုင်ပြီး စောင့်နေမိသည်။

ဒီတစ်ခါတော့ သမီးအဖေကို မဟုတ် ကျောင်းက ပြန်လာမည့် သမီးလေး ကိုပင်။ သူ မျှော်နေသော သမီးကလေးသည် ကျောင်းစိမ်းဝတ်စုံ မဟုတ်သော်လည်း ကျောင်းဝတ်စုံဟု ယူဆရသည့် အဝတ်အစားတို့ဖြင့် လမ်းကလေး အတိုင်း လျှောက်လာ၏။ သမီး လက်ထဲတွင် ဆုတံဆိပ်လေးတစ်ခု ကိုင်ထားပြီး ပျော်ရွှင်မြူးထူးစွာ အိမ်ထဲသို့ ပြေးဝင်သွားသည်။ ဧည့်ခန်းထဲတွင် စာဖတ်နေသော သမီးလေး ဖေဖေက သမီးလက်ထဲက ဆုတံဆိပ်ကို ကြည့်ပြီး သမီးကို ဂုဏ်ပြု အနမ်းတွေ တသီကြီး ပေး၏။ သမီးကို သမီးဖေဖေက တစ်စုံတစ်ခု ပြောလိုက်ပြီးနောက် သမီးလေး အိမ်နောက်ဖေးသို့ ခြေလှမ်း ပြင်သည်နှင့် သူပါ သမီးနောက်သို့ ထပ်ကြပ်မကွာ လိုက်လာမိသည်။ သူ မနှစ်မြို့သော ထိုအိမ်ရှင်မ အသစ်ဆီသို့ တည့်တည့်မတ်မတ် သွားနေသည့် သမီးကို မည်သည့် အင်အားဖြင့် သူ ထိန်းထားနိုင် မည်နည်း။ မေမေ သူ့ကို သိပ်မုန်းကြောင်း သမီးကို ပြောပြချင်သည်။ သမီးကား သူ တားဆီးနေသည့် ကြားကပင် ထိုမိန်းမနားသို့ ရောက်သွားလေပြီ။ ထို့နောက် သမီးက လက်ထဲက ဆုတံဆိပ် ကလေးကို ပြ၏။ သမီးဖေဖေ၏ သခင်မကတော့ သူ့ထုံးစံ အတိုင်း သမီးလေး၏ ဆုတံဆိပ်ကို တစ်ချက်မျှ ကြည့်ပြီး ဆုတံဆိပ်ကို လှမ်းယူကာ သူ လဲလှယ်နေသော ဘုရားပန်းအိုးများကို သမီးလက်ထဲ ထည့်ပြီး ဘုရားစင်သို့ ပန်းသွားကပ်ရန် ခိုင်းစေသည်။ သမီးကား အပျော်ကလေးများကို မြိုသိပ်ပြီး သူ ခိုင်းသမျှ ခေါင်းညိတ်ရရှာ၏။ ထိုမိန်းမသည် သမီးကလေး ထွက်သွားခါမှ မေနှင်းဖြူ အင်္ဂလိပ်စကားပြော ပြိုင်ပွဲ ပထမဆုဟု ရေးထိုးထားသော ဆုတံဆိပ်ကို ကိုင်ကြည့်နေတာ မြင်ရသည်။ အိမ်ကြီးရှင်သဖွယ် ပြုမူနေသော ထိုသူအား ဆက်လက် ကြည့်နိုင်စွမ်း မရှိသဖြင့် သမီးလေး နောက်သို့ လိုက်လာမိ၏။

အဘယ်သော အခါမျှ ဘုရားပန်းကို ဘုရားဆီ ကိုယ်တိုင် မကပ်ဘဲ သမီးလေးကို ခိုင်းသော သူ့ကို မုန်းသည်။ ဘုရားစင် သန့်ရှင်းရေး မှန်သမျှ သမီးလေးကို ခိုင်းသော ထိုအ်ိမ်ကြီးရှင်မကို အလွန့်အလွန် မုန်း၏။ သမီးလေးသည် ဖခင်ဆန်ကို စားပြီး ဖခင်၏ သခင်မကို ရဲရရှာသည်။ မေမေ သမီးနားမှာ ရှိသည်ဟု ခပ်တိုးတိုး ပြောရင်း သမီး ပါးလေးကို မသိမသာ နမ်းသည်။ သမီး ဆံပင်လေးတွေ လွင့်ခနဲ ဖြစ်သွားပြီး သမီးကား တစ်စုံတစ်ခုကို ထိတ်လန့်ဟန်နှင့် ဘုရားခန်းမှ အလျင်အမြန် ထွက်သွားတော့၏။ သူနှင့်သမီး ခြားနေသော ကမ္ဘာက တကယ့်ကို ပါးပါးကလေးပင်။ သို့သော် ထိုပါးပါးကလေး ကိုပင် သူ့မှာ ကျော်လွှားနိုင်စွမ်း မရှိချေ။

* * *

ဟိုးအရင် ပေါင် ၁၄၀ ကျော် သူ့ခန္ဓာကိုယ်နှင့် မတူ ပေါ့ပါးလွန်း သဖြင့် ဘယ်နေရာကို မဆို စိတ်သွားတိုင်း ကိုယ်ပါသောသူ ဖြစ်သည့်အလျောက် အိမ်ကလေးတွင် တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်သွား နေသည်မှာ အချိန်အနည်းငယ် ကြာမြင့်ခဲပြီ ဖြစ်သည်။ အမုန်းစိတ်သည် အလွန်ထူးခြား၏။ မုန်းသော်လည်း ကြည့်ချင်မိသည် မမြင်ချင်သော်လည်း ကြားချင်မိသည်။ အိမ်ကလေး ရောက်ပြီးကာမှ ပထမဆုံး အကြိမ် ကြားဖူးသည့် အိမ်ကြီးရှင်မ၏ ငိုသံလာရာ အခန်းဆီသို့ သူ အလျင်အမြန် ရောက်ရှိသွား၏။ သမီးဖေဖေက ပခုံးကို အသာအယာကိုင်ပြီး ချော့မြူနေသည်။ သခင်မကား ဟန်လုပ် ငိုနေဆဲပင်။ သမီးဖေဖေက သခင်မ လက်ထဲက ဆေးကဒ် အချို့ကို လွှင့်ပစ်လိုက်သော်လည်း မူယာမာယာရှင် အိမ်ကြီးရှင်မကမူ ခေါင်းကို တွင်တွင်ခါယမ်းပြီး သမီးဖေဖေကို တစ်စုံတစ်ခု ပြောပြီး နားချသည်။

သမီးဖေဖေက ထိုမိန်းမ၏ နှဖူးကို ခပ်ဖွဖွနမ်းသည်။ ထိုမိန်းမကလည်း သမီးဖေဖေ ပခုံးကို အပိုင်စား မှီတွယ်ရင်း ငိုကြွေးဆဲပင်။ သမီးဖေဖေက သူတို့ အခန်းနံရံဆီက နိုင်ငံရပ်ခြားက ချစ်စရာ ကလေးပုံလေးတွေကို လှမ်းကြည့်ပြီး သက်ပြင်းချလိုက်၏။ သမီးဖေဖေကို အချော့ပညာတွင် တစ်ဘက်ကမ်း ကျွမ်းအောင် လေ့ကျင့်ပေးခဲ့သူမှာ သူပင် ဖြစ်သည်။ သူသည် အင်မတန် စိတ်ကောက်တတ်သည့် မိန်းမတစ်ယောက် ဖြစ်ခဲ့ပြီး သမီးဖေဖေသည် သူစိတ်ကောက်တိုင်း သူငိုတိုင်း မညည်းမညူ ချော့တတ်ခဲ့သူ ဖြစ်၏။ အိမ်ရှင်မ အသစ်လို သူ အချော့ခံချင် သော်လည်း သမီးဖေဖေက သူ့ကို မချော့မြူတော့ပေ။

မိန်းမတို့ မည်သည် ဥစ္စာ၊ ငွေ၊ ရာထူးများကို အဆုံးရှုံး ခံနိုင်သော်လည်း ကိုယ့်လင်ယောက်ျား၏ ချစ်ခြင်းမေတ္တာကို ဆုံးရှုံးရမှာမူ သေမလောက် ကြောက်ကြသည်။ သို့သော် သူ ဆုံးရှုံးခဲ့လေပြီ ဖြစ်သည်။

* * *

ညနေစောင်း အချိန်တစ်ခုတွင် အိမ်ကလေးသည် အနည်းငယ် စည်းကားနေပုံ ရ၏။ အိမ်ရှင်မ အသစ်၏ ခိုင်းစေသံများ နေရာအနှံ့ ပြန့်ကျဲ နေသည်ကို သတိပြုမိသည်။ အိမ်သန့်ရှင်းရေး လုပ်သူကလုပ်၊ ကော်ဇော ခင်းသူကခင်း၊ နေရာထိုင်ခင်း ချသူကချ၊ အိုးခွက်ပန်းကန် ပြင်သူကပြင်နှင့်။

သမီးဖေဖေ ကိုယ်တိုင် တက်ကြွစွာ ပါဝင်နေသော ပွဲကား အဘယ်ပွဲနည်း။ သူ သည်းသည်းလှုပ် ချစ်ရပါသော သမီးကလေးလည်း ချွေးတစ်လုံးလုံးနှင့် မနားရအောင် ခိုင်းစေ ခံနေရပြီး အိမ်ကြီးရှင်မ ကိုယ်တိုင်လည်း တက်ကြွစွာ ပါဝင်လုပ်ဆောင် နေသောပွဲ ဖြစ်သည်။

ခြံနောက်ဖေးတွင် အိုးကြီးအိုငယ်ဖြင့် ချက်ပြုတ် နေသည်မှာ အားရဖွယ် အလှူပွဲကြီးဟု ခန့်မှန်းရသည်။ အလှူရှင်မကြီး ကလည်း အိမ်ရှေ့နှင့် နောက်ဖေးကို ပြေးပြေးပြီး ဩဇာပေးရ ၊ မဏ္ဍပ်တိုင် တက်ပြရ သည်မှာလည်း အမောပင်။ အိုးထဲက အလှူပေးမည့် အစားအစာကို ကြည့်လိုက်တော့ သူ သိပ်ကြိုက်သည့် အုန်းနို့ခေါက်ဆွဲ ဖြစ်နေ၏။

အိုးထဲမှာလည်း အသားဖတ်၊ ဘဲဥ၊ ငါးဖယ် အစုံနှင့် ခပ်ပျစ်ပျစ် အနေတော်ကလေးပင်။ သူသည် အိမ်ကြီးရှင်မ တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် မြင်သာမြင် မကြင်နိုင်တဲ့ သူ့ဘဝကို သိ၍ ရွဲ့ချက်သလား မသိပေ။ တစ်ချိန်တည်းမှာပင် သမီးဖေဖေက သူ့အိမ်ရှင်မ အသစ်၏ နဖူးစပေါ်က ချွေးတွေကို လူမြင်ကွင်းတွင် တယုတယ လာသုတ်ပေးသဖြင့် ရင်ထဲ ကလိလိ ထပ်ဖြစ်ရသေး၏။

ညသည် မှောင်သည်ထက် မှောင်လာပြီး လှုပ်ရှားမှုများ သည်လည်း တဖြည်းဖြည်း ငြိမ်သက်သွား လေပြီ။ သမီးလေးရော သမီးဖေဖေပါ အိမ်ရှေ့တွင် မရှိကြတော့ပေ။ ထိုအချိန်သည် သူ့အတွက် အခွင့်ကောင်း ဖြစ်သည်။ သူ ချစ်သောညကို ဆုံံးရှုံးခံလို့ မဖြစ်ကြောင်း သူ သိ၏။ သမီးလေး ဖေဖေ ရှိရာ ဟိုးယခင်က သူ့အိပ်ခန်း ယခုတော့ အိမ်ကြီးရှင်မ ပိုင်သော အိပ်ခန်းတွင်းသို့ သူ့စိတ် အလိုတိုင်း အလျင်အမြန် ရောက်ရှိသွားသည်။

ပင်ပန်းလွန်းသဖြင့် အိပ်မောကျ နေသည့် သမီးဖေဖေကို အနှောက်အယှက် ကင်းစွာ ရဲရဲကြည့်ဖို့ရာ သူ့အတွက် အခွင့်အရေးပင်။ အနီးကပ် ကြည့်လေလေ သမီးဖေဖေ၏ ပိရိသော မျက်နှာပြင်က ပို၍ ထင်ရှားလာလေလေ ဖြစ်သည်။ သူ သိပ် သဘောကျသည့် နှာတံစင်းစင်းကို ပိုင်ဆိုင်ထားသူမှာ သမီးဖေဖေက လွဲလို့ အခြားသူ မရှိ။ နှုတ်ခမ်းက ပါးလျလွန်းသည် ဆိုသော်လည်း သူ့ မျက်စိထဲတွင်မတော့ ကြည်ကောင်း နေတုန်းပင်။ တစ်ယောက်တည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးဖေဖေနှင့် နှစ်ယောက်အိပ် ခုတင်ကြီးက လိုက်ဖက်လွန်းလှသည်။ သမီးဖေဖေ ဘေးမှာရှိသည့် ခေါင်းအုံးအပို တစ်လုံးပေါ်သို့ သူ လှဲချလိုက်မိ၏။ ဘယ်အရာကမှ သူ့ဆန္ဒကို မတားနိုင်တော့သည့် အချိန်ပင်။ သမီးဖေဖေသည် အိပ်နေရင်းက ဘာကို သတိရသည်လမသိ နှုတ်ခမ်းကို မဲ့လိုက်သည်။ တစ်ဆက်တည်းမှာပင် သက်ပြင်းကို ခိုးချ လိုက်သေးသည်။

ထိုမှတဆင့် သူ အတင့်ရဲစွာပင် သမီးဖေဖေ ပခုံးပေါ်သို့ သူ့ခေါင်းကို သာသာလေး တင်ထားမိ ပြန်သည်။ နိုးသွားမှာ ကြောက်သဖြင့် ခေါင်းကို ဖော့ထားရသည့် အနေအထားပင်။ သူနှင့် သမီးဖေဖေတို့၏ မင်္ဂလာဦးညကို သတိရမိသည်။ ထိုညကလိုပင် သူ့ရင်ထဲ စိတ်လှုပ်ရှား နေမိတာ အမှန်ပင်။ နောက်တစ်ခါ အခွင့်အရေး မရနိုင်တော့သည့် လူတစ်ယောက်လို သမီးဖေဖေ ပါးနားသို့ ကပ်ပြီး မွှေးမွှေးပေးမိ ပြန်သည်။ ဖွဖွကလေးပင်။ သူ စိတ်ထင်လို့ပဲလားဘမသိ သမီးဖေဖေ နှုတ်ခမ်းပါးလေး ပြုံးယောင်သန်း သွားသည်။ လက်ရှိဘမက်နေသော သမီးဖေဖေ အိပ်မက်ထဲတွင် သူ ပါမပါ မသိချင်တော့ပေ။ ညကို နှမြောလွန်းသည်။ အရေးထဲ မိုးက ရွာသဖြင့် အနားမှာ ရှိနေသည်ကိုပင် အလွမ်းကြီး လွမ်းနေမိပြန်၏။ ညကို လက်လွှတ် ဆုံးရှုံး ရတော့မည် ဆိုတာ သူ့စိတ်ထဲ အလိုလို သိနေပြန်၏။ သမီးဖေဖေ လက်မောင်းပေါ်တွင် ခေါင်းအုံးရင်း သူ အိပ်ပျော်သွား၏။ သူသည် အိပ်တတ်သောသူလား သို့တည်းမဟုတ် အိပ်ပျော် သွားသည်ဟု ထင်ရောင်ထင်မှား ဖြစ်နေသလား မသေချာပေ။ သို့သော် ထိုညက ညတာ တိုလွန်းခဲ့သည်။

* * *

မနက် စောစောတွင် ပြာယာခတ် နေသော အိမ်ကြီးရှင်မ တစ်ယောက် လူတကာကို ခိုင်းစေရင်း လက်ညှိုးညွှန်ရာ အရာရာ ဖြစ်နေတော့သည်။ ကား ဟွန်းတီးသံကြောင့် သမီးဖေဖေက အိမ်ရှေ့သို့ အပြေးအလွှား ရောက်သွားပြီး ကြွလာသည့် ဘုန်းတော်ကြီးများ၏ ခြေကို ပုဆိုးဖြင့် တရိုတသေ သုတ်ပေးနေ၏။ ဣနြေ္ဒ သိက္ခာတော်ဖြင့် ပြည့်စုံသော ဘုန်းတော်ကြီးများကို မြင်မိသောအခါ သူလည်း အလိုလျောက် လက်အုပ်ချီ မိသည်။ အ်ိမ်ကြီးရှင်မကတော့ လက်အုပ် မချီ ခပ်တည်တည်ပင်။

ဘုရားခန်းထဲတွင် သမီးဖေဖေ ဦးဆောင်သော ဧည့်ပရိသတ်တို့က ဘုန်းတော်ကြီး တိုင်ပေးသည့် ဘုရားစာများကို လိုက်ဆိုရင်း ခေါင်းငိုက်စိုက် ချထားကြသည်။ ဧည့်သည်များကို ကြည့်ရသည်မှာ မျက်နှာ မသာမယာပင်။ သမီးလေးကား လက်အုပ်ကလေးကို ကြာဖူးသဖွယ် အုပ်မိုးထားပြီး သမီးလေး မျက်ဝန်းထဲတွင် မျက်ရည်များ လဲ့နေသည်ကို သူ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ အိမ်ကြီးရှင်မ ကတော့ ထောင့် တစ်နေရာတွင် မလှုပ်မယှက် လက်အုပ် မချီဘဲ ထိုင်နေ၏။

ဘုန်းတော်ကြီးများ ရှေ့တွင်မူ အလှူငွေ စာအိတ်များ၊ သင်္ကန်းငါးစုံ၊ အခြား ဝတ္ထုပစ္စည်းများ ကပ်လှူ ထားသည်။ ထုံးစံအတိုင်း ရေစက်ခွက်ကို သမီးဖေဖေက ကိုင်ထား၏။ ဘုန်းတော်ကြီးက တရားရေအေး တိုက်ကျွေးပြီး ထိုတရားရေအေးကြောင့် သူ့စိတ်ထဲ ငြိမ်းချမ်းမှု တစ်စုံတစ်ရာ ရသည်မှာတော့ အသေချာပင်။ ဘုန်းတော်ကြီးက လိုက်ဆိုရန် တိုင်ပေးသည်။ သမီးလေး ဖေဖေနှင့် သမီးတို့၏ လိုက်ဆိုသံမှာ ကြေကွဲစရာ အကောင်းဆုံးနှင့် အကျယ်လောင်ဆုံးပင်။

“လွန်ခဲ့သော သုံးနှစ်ခန့်က ကွယ်လွန်သွားပြီ ဖြစ်သော ဒေါ်နှင်းဖြူ အသက် ၃၈ နှစ် ရောက်ရာ အရပ်က သာဓု ခေါ်ဆိုနိုင်ပါစေ အားလုံး ကြားကြားသမျှ အမျှအမျှအမျှ ယူတော်မူကြ ပါကုန်လော့ ...”

* * *
ယုယ
ရွှေအမြုတေ၊ ဒီဇင်ဘာ၊ ၂၀၁၇။

Credit - ယုယ
မိုးမခ

Post a Comment

0 Comments