ထို့ကြောင့် အမေဟုခေါ်သည် - ရွှေသဉ္ဇာ

ထို့ကြောင့် အမေဟုခေါ်သည် .....
==============
ရွှေသဉ္ဇာ 
==============

ခြံစည်းရိုးထူထူမြင့်မြင့်အတွင်းမှာတံခါးတွေအလုံပိတ်ပီးတိတ်ဆိတ်နေသောအိမ်ကြီးသည်ကိုထွေးရောက်လာချိန်တွင်လင်းကျင်းလှုပ်ရှားသွားသည်။
" ဟင် လူကလေးပါလား အမေမြတို့မနေ့ကပဲကြေးနန်းရိုက်လိုက်တာလူကလေးနဲ့လွဲပြီထင်တယ် "
" ဟုတ်လား....ကျွန်တော်ကတမြန်နေ့ကထွက်လာတာအမေမြတို့ကြေးနန်း
ရိုက်တာအရေးကြီးလို့လား"
" သားပြန်မလာတာရှစ်လကျော်သွားတော့စိတ်ပူတာလည်းပါတာပေါ့။ ပီးတော့သားရဲ့အမေလှတော်တော်နေမကောင်းတာအစာ၀င်တာမှနှစ်ရက်ရှိသေး
တယ်။ဒီတော့သားကိုမျှော်တာပေါ့ကွယ် "
အိမ်ပြန်လာပီးအမောပြေသည့်အပြင်အမောဆို့သွားသောကိုထွေးကသူ့မျက်နှာကိုအစွမ်းကုန်ကြည်လင်အောင်ပြင်ပီးအမေလှရှိရာအိမ်ခန်းတွင်း၀င်သွားသည်။ကြီးမားသောနှစ်ယောက်အိပ်
ရှေးခုတင်ကြီးပေါ်တွင်အမေလှသည်အရုပ်ကလေးတစ်ရုပ်ချထားသည့်နှယ်လဲလျောင်းနေသည် ဆံပင်ဖြူတွေဖွေးဖွေးလှုပ်နေသောဦးခေါင်းအောက်မှပါးရေအလိပ်လိပ်နဲ့မျက်နှာသည်
ကိုထွေးကိုမြင်လိုက်သည့်ခဏအပြုံးဖြင့်လန်းဆန်းသွားသည်။
" နေနိုင်လိုက်တာလူကလေးရယ် အမေလှတို့ကလူကလေးနေမှကောင်းရဲ့လားလို့စိတ်ပူလိုက်ရတာ "
" အမေလှတို့စိတ်ပူမှာစိုးလို့ကျွန်တော်ကအကြောင်းမကြားတာ ဟိုမှာလဲ
ငှက်ဖျားဒဏ်တော်တော်ခံလိုက်ရတယ် "
" အို...ဖြစ်မှဖြစ်ရလေ....ကြည့်စိမ်းပိန်ပီးမဲသွားလိုက်တာ အမြရယ် ဟုတ်တယ်မဟုတ်လား "
" ဟုတ်တယ်...အမြလည်းလူကလေးချောင်ကျသွားတယ်လို့ထင်သား "
သုံးယောက်သားစကားတွေပြောပီး အမေလှပါထလာကာထမင်းစားခန်းသို့၀င်သွားကြသည်။မီးဖိုထဲရှိထမင်းစားပွဲတွင်အသက် ၁၄ နှစ်ခန့်အရွယ်ကလေးတစ်ယောက်စာကျက်နေသည်။
" သူဘယ်သူလဲအမေမြ "
 " သြော် သားကမမှတ်မိဘူးလား အဲ့ဒါမိခင်လေးရဲ့သားလေ ကိုယ့်တူအရင်းခေါက်ခေါက်တောင်လမ်းတွေ့ရင်မသိတော့ဘူးဖြစ်နေတယ် "
အမေလှကော အမေမြပါရယ်ကြသည်။
" ဖိုးတွတ်ပေါ့ ကြည့်စမ်း အရမ်းထွားလာတာကိုး...နေပါဦး။မင်းနဲ့ငါမတွေ့ရတာဘယ်လောက်ကြာသွားလို့လဲ "
" အဖေကြီးရဲ့အနှစ်နှစ်ဆယ်ပြည့်ဆွမ်းကျွေးတုန်းကဦးထွေးလာတယ်လေ အဲ့ဒါနောက်ဆုံးတွေ့တာပဲ သားငါးတန်းနှစ်တုန်းကတွေ့တာဆိုတော့ သုံးနှစ်ရှိသွားပီ "
ဒီကောင်လေးကသူ့အမေလိုပါပဲလား စကားကိုအငြိအစွန်းလေးနဲ့ပြောတတ်တယ်။သူ့စကားသံတွေထဲမှာဒီသုံးနှစ်အတွင်းသူတို့အိမ်ကို ကိုထွေးမရောက်ဖြစ်တာပေါ်အောင်
ဖော်ထားတယ်။
" အခုတော့တွေ့ကြပီပေါ့ကွယ်။ကဲငါ့မြေးရေ မင်းဦးထွေးကိုညစာကျွေးစရာမရှိဘူး။လမ်းထိပ်ကကြာဇံကြော်လေးဘာလေး၀ယ်ပေးပါဦး " 
ဖိုးတွက်ကနေရာမှထကာအမေမြရှေ့မှာရပ်လိုက်သည်။ 
" သြော် ပိုက်ဆံအိတ်ကအခန်းထဲကျန်ခဲ့ပီ လူလေးရေ အကြွေလွယ်ရင်ပေးလိုက်ပါဦး "
ကိုထွေးရုတ်တရပ်ဆွံ့အသွားသည် သူလက်ကအိတ်ထောင်ကိုစမ်းလိုက်သော်လည်းမျက်နှာကပျက်သွားချင်လာ၏။
" သားကားဂိတ်မှာတုန်းကမုန့်ဟင်းခါးစားလာတယ် အမေမြ ကြာဆံကြော်မစားချင်တော့ပါဘူး အိမ်မှာရှိတာပဲစားမယ်လေ "
 " ဘာမှမရှိတော့ဘူး ဦးထွေး၊ ဘွားလှကဆန်ပြုတ်ပဲ
သောက်တယ် ဘွားမြနဲ့သားကမနက်ကကျန်တဲ့ထမင်းကိုပဲပြုတ်တစ်ဆယ်သား၀ယ်ပြီးစားလိုက်ကြတာ အခုအိုးတွေတောင်ဆေးပီးပီ "
" သြော် ဖိုးတုတ်ရေ ဦးထွေးရဲ့ဆွဲခြင်းယူခဲ့စမ်း ခေါဖုတ်ရယ် ပဲပုတ်စေ့လှော်ရယ်ပါတယ် ခေါပုတ်ကြော်စားရအောင်ကွာ "
အမေလှကလျှပ်စစ်မီးဖိုကိုဖွင့်ကာဆီဒယ်အိုးတည်နေသည်။ ကိုထွေးကတော့ဖိုးတွတ်နှင့်စကားတွေပြောနေကာ သူမေးချင်သည့်မေးခွန်းကိုမေးရ၏။
" ဖိုးတွတ် ဘွားခက်ကောနေကောင်းရဲ့လား "
" နေကောင်းပါတယ် အဖေနဲ့အမေနဲ့အလုပ်သွားတော့ဘွားခက်ကအိမ်အလုပ်တွေလုပ်နေရတာပဲ ဦးထွေးရ အငယ်ဆုံးညီမလေးက
အခုမှနှစ်တန်းရှိသေးတယ်။ဘွားခက်ပဲအကြိုအပို့လုပ်တာပေါ့ ဒီအိမ်မှာ ဘွားလှနေမကောင်းတော့သားလာနေပေးရတော့ဘွားခက်တစ်ယောက်တည်း ဂျင်ခြေလည်နေတာပဲ "
" ဒီရောက်နေတာကြာပီလား "
" တစ်လကျော်ပီပေါ့ ဦးထွေးရဲ့ ဒီကပဲကျောင်းတက်နေရတာ အခုဦးထွေးရှိနေတုန်း သားအိမ်ပြန်မယ်နော် "
" အေးပါ ပြန်ပါ ဦးထွေးခွင့်ဆယ်ရက်ရတယ် သြော် မင်းပြန်ရင်ဘွားခက်ဖို့အဲ့ဒီပဲပုတ်စေ့လှော်တစ်ထုပ်ယူသွားအုန်းနော် "
အမေလှမျက်နှာကွက်ခနဲပျက်သွားတာကိုမမြင်ယောင်ပြုကာ ပဲပုတ်စေ့လှော်တစ်ထုပ်ကိုဖိုးတွတ်လက်ထဲထည့်ရ၏။မကြာခင်အမေမြက ဒီဟာတွေအကုန်သော့ခတ်သိမ်းတော့မှာမဟုတ်လား 
ထိုနေ့ကခရီးပန်းတာကြောင့်စောစောအိပ်ယာ၀င်ခဲ့သည်။နောက်တစ်နေ့နံနက်ထမင်းဝိုင်းတွင်စကားစပြောသူမှာအမေမြဖြစ်သည်။
" အမေမြတို့လဲအလုပ်မလုပ်တော့တာ လူလေးနောက်ဆုံးပြန်သွားပီးထဲကပဲ လူတွေကကတိမတည်တော့ဘူး သားရဲ့ဒီတော့ဆုံးတာလဲဆုံးပဲ၊ရတာလေးသိမ်းပီး ရပ်လိုက်ရတယ်။
ထိုင်စားနေတုန်း မမလှကမမာတော့ရှိတာလေးကုန်တာပဲ သားဆီကလဲမလာတော့အိမ်ရှေ့ခြံတံခါးပျက်တာတောင်သားလာမှပြင်မယ်ဆိုပီး စောင့်နေတာ "
ဖိုးတွတ်တစ်ယောက်စားပီးသားထမင်းကြော်ပန်းကန်တွေယူသွားပီး ဆေးလိုက် ရေနွေးကြမ်းလာထ့်ပေးလိုက်နဲ့အလုပ်ရှုပ်နေသည်။အင်း....ကိုထွေးငယ်ငယ်ကလဲဒီပုံတိုင်းပဲ။
အိမ်မှုတွေဝိုင်းလုပ်တတ်လွန်းလို့အမေမြကောအမေလှပါ လူကလေးရေ သားရေနှင့်အချစ်သည်းခဲ့ကြတာပဲမဟုတ်လား။
ဘယ်လောက်ချစ်လဲဆိုလဲ ကိုထွေးကိုမွေးထုတ်ခဲ့သောအမေခက်ကိုပင် ကိုထွေးရင်းနှီးသွားမှာစိုးရိမ်ခဲ့ကြသည်။သူတို့သာပူးတွဲအမေလုပ်ခဲ့သည်။အမေခက်ကဲ သူတို့ညီမနှစ်ယောက်ကို
ငယ်ကြောက်ဖြစ်သည်လေ။မခင်လှနှင့်မခင်မြအပျိုကြီးနှစ်ယောက်ရဲ့အချစ်ဆုံးမောင်လေးကိုထွန်းမြင့်နှင့်မစောခက် ခိုင်းပြေးသည့်နေကစပီး ယောက်မကိုသဘောမတူမကျေနပ်လိုက်
သည်မှာ ယခု ဘွားလှ ဘွားမြ ဘွားခက်တို့ဘဝရောက်သည်ထိပဲ။ ကိုထွေးအဖေကိုထွန်းမြင့်ဆုံးပါးခဲ့တာပင် နှစ် ၂၀ ကျော်ခဲ့ပီ။အဲ့ဒီယောက်မမွေးခဲ့သည့်သားသမီးငါးယောက်အနက်
ကိုထွေးကိုငယ်ငယ်ထဲက အမေလှတို့ကခေါ်မွေးခဲ့သည်။
" လူကလေးအမေနဲ့သာထား၇ရင်လူကလေးအသက်ရှည်မှာမဟုတ်ဘူး ဒါကြောင့်ခေါ်ထားတာ မစောခက်တို့ကနွားမဒန်းလိုပဲသားသမီးကိုဂရုမစိုက်ဘူး ကြည့်ပါလား..သူ့သားသမီးတွေ
ဘယ်သူပညာတတ်လို့လဲ " 
ဒီစကားတွေကကိုထွေးငယ်ငယ်ထဲကနားယဉ်ခဲ့သောလက်သုံးစကားတွေကြီး။ကျန်တဲ့သားသမီးတွေမှာ အမေခက်နဲ့အတူပင်ပန်းစွာလုပ်ကိုင်စားနေသည်မို့ အမေလှတို့အပစ်တင်လို့
ကောင်းလှ၏။ အခုတော့အမေလှတို့သားကိုထွေးပင်လခမအပ်နိုင်သည်မှာ ရှစ်လရှိသွားချေပြီကော။
" ကျွန်တော်လဲဒီဟာပြောမလိုပဲ ပိုက်ဆံလေးစုပီးမှတစ်လုံးတည်းအပ်မလို့ပါပဲ ဒါပေမဲ့ဟိုမှာနှစ်ခါပြန်ဖျားတော့တော်တော်ကုန်သွားတယ် ပီးတော့ စာရင်းအမှားအယွင်းဖြစ်သွားလို့
ငွေလဲလျော်လိုက်ရတယ်။လျော်စရာမပြည့်လို့အချင်းချင်းထဲကချေးပီးထည့်ခဲ့ရတာ အမေလှတို့ဆီက ငွေငါးထောင်လောက်တောင်းချင်လို့ပြန်လာတာ "
" အမေလှတို့မှာဘယ်ကရှာရမှာလဲ လူကလေးရယ်.... "
" သားလဲပိုပြီးရှာလိုကမလွယ်တော့မှာပေါ့ " 
" အမေမြတို့ညီအမနှစ်ယောက်မိဘထားခဲ့တဲ့ အမွေလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းငွေတိုးပေးတာပဲ လုပ်တတ်တာမဟုတ်လား ဒီထဲသားကိုလူတစ်လုံးသူတစ်လုံးပညာသင်ပေး
ခဲ့ရသေးတာ. မင်းအမေမစောခက်နဲ့သာနေရင်သားကကိုကြီးတို့လိုကြုံရာလုပ်စားနေရမှာနော်။အခုသားကရာထူးရာခံနဲ့ဖြစ်လာတော့အမေမြတို့ကအားကိုးရပြီးဆိုပီးမျှော်လင့်နေတာ
ဘယ်လိုဖြစ်ရတာလဲ လူကလေးရယ် "
ပြောရင်းဆံပင်ကိုသပ်တင်လိုက်သောအမေမြလက်မှစိတ်လက်စွပ်ရောင်သည်လက်ခနဲဖြစ်သွားသည်
" တစ်ကယ်လိုကအမေမြတို့မှာပေးစရာမရှိဘူးဆိုရင် ကျွန်တော့်လက်စွပ်ကို​ ရောင်းလိုက်တော့မယ်နော် သဘောတူလားဟင် "
စကားဝိုင်းကပိုပီးအေးစက်လာသည်။ကိုထွေးကအစထကြေ၇ာင်းဖို့စိတ်ကူးမရှိပါ။ဒီလက်စွပ်ကအဖေလူပျိုဘ၀ထဲက၀တ်သည့်လက်စွပ်။အမေလှတို့သိမ်းထားရာကသူ့ကိုထုတ်ဆင်
ထားသောလက်စွပ်ဖြစ်သောကြောင့်မရောင်းလိုသော်လည်းဒီတစ်နည်းသာရှိသည်။ အမေလှကဘာမှမပြောဘဲလေးဖင့်စွာထသည်။ကိုထွေးကတော့လွယ်အိတ်ကလေးလွယ်ကာ
သူတို့နားမှရိပ်ခနဲဖြတ်သွားသောဖိုးတွတ်ကိုအမှီလိုက်ရင်း။
" ဖိုးတွတ် ဖွားခက်ကိုပြောလိုက်ကွာ အားရင်လာခဲ့အုန်းလို့ " 
" ဘွားခက်ကဦးထွေးကိုတွေ့ချင်ရင်တော့လာလိမ့်မယ် နို့မိုဆိုမလာဘူး အမေကတော့သားကိုလွှတ်ရတိုင်းမကျေမနပ်
ပြောနေတယ်။ထမင်းတနပ်ကျွေးပီးနှစ်နပ်တန်အောင်ခိုင်းလိမ့်မယ်တဲ့။ပီးတော့ကျေးဇူးတွေအတင်းတင်ခိုင်းလိမ့်အုန်းမယ်တဲ့။တကယ်ပဲဦးထွေးရယ် ရှားတယ် "
မိခင်လေးရေ....နင့်သားကတော့ နင့်လေသံအတိုင်းပါပဲလား။ဒါကြောင့်နင့်ကိုအမေလှတို့ကမချစ်တာ။

ကိုထွေးပြန်မည့်နေ့ကနေကပြင်းလှ၏။ကားက ၁၁ ခွဲမှာထွက်မည်ိုတော့အိမ်က ၁၀နာရီလောက်ထဲကထွက်ရသည်။၁၁မထိုးသေးလို့ အအေးဆိုင်တစ်ဆိုင်ထဲ၀င်လိုက်သည်။
" ဟင်.... အမေ " သူထိုင်နေသောစားပွဲမှာ၀င်ထိုင်သူကဒေါ်စောခက် ။ အမေခက်သည်အမေလှတို့အိမ်တော့မလာခဲ့။ကိုထွေးကလဲအမေခက်ဆီမသွားရဲ။သွားလျှင်အမေလှတို့ကမကြိုက်
" သား.... ငှက်ဖျားမိတယ်ဆို အမေစိတ်ပူလိုက်တာ ကျန်းမာရေးဂရုစိုက်ပါကွယ် " 
အမေခက်ကနှုတ်နည်းပြီး စိတ်နေအေးသည်။ဒါကြောင့်တစ်သက်လုံးအမေလှတိုကိုအရှုံးပေးနေခြင်းဖြစ်နိုင်သည်။
" စိတ်ချပါအမေ... ဘာလို့သားဆီလာမတွေ့တာလဲ အမေ့အတွက်ကန်တော့စရာ " ဒေါ်စောခက်ကပြုံးပြီးလက်ကာပြသည်။ပြီးတော့ပိုက်ဆံအိတ်ကိုဖွင့်ကာ ဘူးကလေးတစ်ဘူးကို
ထုတ်ပေး၏။သူကဘူးကလေးကိုဖွင့်ကြည့်သည်။
" ဟင်.... လက်စွပ်... အမေ...... ဘယ်လို " 
" သားရောင်းခဲ့တဲ့ လက်စွပ်လေ အမေပြန်၀ယ်လာတာ။သားပြန်လာပီးအမေမြတို့ဆီပိုက်ဆံတောင်းတာကိုဖိုးတွတ်ကပြောပြလို့အမေအားလုံးသိတယ်။သားလက်စွပ်ရောင်းရင် ပန်းတိမ်
ကိုတိုးဆီရောင်းမယ်ဆိုတာလဲအမေသိတယ်။ဒါကြောင့်ကိုတိုးကိုလည်းကြိုပြောထားရမယ်။သား....ဒါကအမေစုထားတဲ့ငွေတစ်သောင်း၊ သားယူသွား လက်စွပ်လဲပြန်၀တ်သွား "
ကိုထွေးသည် သူ့အမေမျက်နှာကိုအားနာလွန်းစွာငေးကြည့်နေမိသည်။သူ့လုပ်စာကိုတစ်လခပြည့်အောင် တစ်ခါမှမပေးခဲ့ဖူးသည့်အမေ ၊ သူနဲ့စိမ်းနေခဲ့သောအမေ။
" ဘာမှစဉ်းစားမနေနဲ့သား....သားကိုဒီလိုပေးလိုက်ရတာ အမေသိပ်စိတ်ချမ်းသာတာပဲ အမေကသားကိုယောက်မကြီးတွေကြောက်လို့သူတို့လက်ထဲပေးလိုက်ရပေမဲ့ အတူနေရသလို
အမြဲသတိရပြီး ချစ်နေတာကိုသားယုံရင် ကျေနပ်ပြီ "
" အမေ..... " 
သူပြောတတ်သလိုပြောပီးသွားသောဒေါ်စောခက်ကကိုထွေးလက်ကိုဆွဲကာလက်စွပ်ကို၀တ်ပေးသည်။ကိုထွေးလက်တွေတုန်နေတော့ ဒေါ်စောခက်ကအသာဆုပ်ထားပေး၏။
ကိုထွေးသည်အမေက သူ့ကိုချစ်လေသလား မချစ်လေသလား တစ်ခါမျှအလေးအနက်ထားပီးမစဉ်းစားခဲ့တာအမှန်ပင်။ အမေလှနဲ့ အမေမြကသူ့ကိုချစ်သည်လေ။ဒီတော့အမေခက်က
သူ့အတွက်အရေးမကြီး။ခုတော့သူ့နားနှင့်ဆတ်ဆတ်ကြားရပြီ....
အမေခက်ကသူ့ကိုချစ်သည်တဲ့............ အဲ့လိုချစ်တာကိုယုံရင်ကျေနပ်ပြီတဲ့............... ဘာမှမလိုတော့ဘူး.....တဲ့။သူ့ဆီကဘာမှမမျှော်လင့်ဘူး.........တဲ့။

ရွှေသဉ္ဇာ 

Shareby မွန်းလေးဖေဖေ

Post a Comment

0 Comments