#ဗညားရှိန်း
အပိုင်း(၉)
မလေးနုသည် ခြံထဲမှာထိုင်ကာ ညနေဆည်းဆာအလှကို မမြင်ဖူးသလို ငေးကာကြည့်နေမိသည်။ တကယ်လည်း မမြင်ခဲ့ရသည်မှာ ကြာပြီဆိုလျှင် ယုံစရာမရှိ။ တစ်ခါမှ ညနေစောစော အိမ်ပြန်ရောက်သည် မရှိခဲ့ပေ။ ဒီတစ်ညနေပဲ စောပြန်ခဲ့ရသည်။ ကိုယ့်ဂျူတီ ကုန်ဆုံးပေမယ့် ရုံးကိစ္စ၊ မီးဖိုဆောင်ကိစ္စ၊ ငွေရေး ကြေးရေးကိစ္စတွေနှင့် အရေးကြီးလူနာရှိတော့လည်း အိမ်ကို စောစောမပြန်မိ။ လူနာရှင်တချို့၏ တွေ့ဆုံမေးမြန်းချက်များကိုလည်း ကျေနပ်အောင် ရှင်းလင်းပြောဆိုနေရ၍ ကိုယ်ပိုင်အချိန် လုံးဝမရှိသလောက်ပါပဲ။ ဒေါ်လေးသန်းတို့ခြံက ကလောခြံလောက် မကျယ်ပေမယ့် ပင်ပုလေးတွေ များသည်။ အိမ်ဘေးတွင် သစ်ခွစင်ရှိ၍ သစ်ခွပန်းမျိုးစုံများကို ဒေါ်လေးက ဂရုစိုက်ပုံရသည်။ သူလည်း အနားယူသည်။ တစ်နေ့ ကလောအိမ်ကြီးတွင် သစ်ခွပန်းများ စုဦးမည်။ သစ်ခွပန်းပင်များကို ကြည့်ရင်း စိတ်က ဆေးခန်းရောက်သွားပြန်သည်။ ရှိန်းဆေးတိုက် ငါးနှစ်ခရီးမှာတော့ ငွေရေးကြေးရေး လည်ပတ်လာပြီဟု ဆိုရမည်။
"အန်တီမလေး... ဖေဖေ့ကို ဖြူပြာတို့ ပြောနိုင်ပြီ၊ ဒီလက စပြီး ဆေးတိုက်ကို ဖေဖေတို့ မော်တော်ကားကုမ္ပဏီက ငွေဖြည့်ဖို့ မလိုတော့ဘူး၊ ဖြူပြာတို့ဘာသာ လည်ပတ်နိုင်ပြီ"
နေ့လယ်က ဖြူပြာ့စကားကို သတိရမိသည်။ ဖြူပြာသည် ကြာလာတော့လည်း အလုပ်မှာ စိတ်ဝင်စားလာသည်။ ဒီလိုပဲဖြစ်ရမည်။ အရှည်ကျတော့ ဒီဆေးတိုက်သည် သူတို့မိသားစုပိုင်၊ သူတို့ ဦးစီး၍ လည်ပတ်အောင် လုပ်ရမည်ပဲဖြစ်သည်။ မလေးနုအဖို့ သူ့ကိုယ်ကျိုးအတွက်လည်း ပါသည်။ ဒီဆေးတိုက် အရှည်တည်တံ့ခိုင်မြဲဖို့အတွက်လည်း ကြိုးစားပေးရမည်။ ဆေးရုံကြီးများလို မဟုတ်။ ပုဂ္ဂလိကပိုင်ဖြစ်၍ Business ခေါ် ကုန်သည်လုပ်ငန်းလည်း ပါသည် ဆိုရမည်။ ကိုယ့်ဆေးခန်းကို လူနာများ စိတ်ဝင်စားအောင်၊ ကုသချင်စိတ်ရှိအောင် ဆက်ဆံရေးကအစ သူကိုယ်တိုင်လည်း သတိထားရသည်။
တာဝန်ခံ ဆရာဝန်လေးတွေ ဆရာမတွေကို လူနာအပေါ် ဆက်ဆံရေးနှင့်တကွ လူနာရှင်တွေအပေါ် ဆက်ဆံရေးပါ ပြေလည်ဖို့ သူ့မှာ သတိပေးရသည်။ အထူးသဖြင့် ငွေကြေးခန်းက ငွေကြေးတတ်နိုင်သူတွေဖြစ်သည့်အတိုင်း တစ်ခါတစ်ရံ စကားပြောလျှင် အထက်စီးနှင့် စကားပြောတတ်သည်။ ဆရာဝန်သည် သူတို့လူနာကို ကယ်တင်မည့်သူဆိုသည်ကို မေ့၍သွားတတ်သည်။ တစ်ခါ တစ်ခါတော့လည်း ဆရာဝန်က ဆေးကုဆေးပေးပဲ တတ်နိုင်သည်။ သူတို့အမြင်မှာ ဆရာဝန်ဆိုတာ ငွေပုံပေးလျှင် လူနာကို ပိုကုသည်ဟူသော အထင်မျိုးနှင့် ငွေပုံပေးကာ ဆက်ဆံတတ်၍ မနည်းရှင်းလင်းရသည်။ စေတနာခန်းမှာတော့ ယခင်လက လူနာတစ်ယောက် အဆင်းတွင် ခြင်ထောင်ကို တိတ်တဆိတ်ယူသွားသည်ကလွဲ၍ ယခင်လို ဆေးများ၊ အစားအစာများ ခိုးယူသည့်ကိစ္စ မပေါ်တော့ပါ။
အေးမြသော လေများသည် ပန်းရုံများဆီမှ မလေးနုကို တိုက်ခတ်လာသည်။ ဪ... ညနေခင်းအလှကို ကြည့်နေသည်ဆိုတာတောင်မှ စိတ်က ဆေးခန်းကို ရောက်နေသည်။ သူ့အတွေးကို သတိရကာ တစ်ယောက်တည်း ပြုံးမိသည်။ ခုံတန်းနှင့် ခပ်လှမ်းလှမ်းတွင် နွေစံပယ်တို့ ပွင့်နေသည်မှာ ဖွေးဖွေးလှုပ်နေသည်။ နေခြည်နွဲ့နွဲ့သည် ဆည်းဆာကို နှုတ်ဆက်အနမ်းပေးလျက်ရှိသည်။ ယင်းမာဝင်းသည် ညနေတိုင်း စံပယ်ပန်းများကို ခူးနေကျ။ သားအမိ
နှစ်ယောက်စလုံး အပြင်သွားနေကြသည်။
“မလေး…. ဆေးခန်းက ဒီနေ့ပြန်လာတာ စောပါလား”
ဦးလေးထွန်းဝင်းက အနားရောက်လာကာ ခုံစွန်းတွင် ထိုင်လိုက်သည်။
"ဟုတ်တယ်၊ ဒီနေ့ အားတယ်ဆိုရမှာပေါ့"
"မလေး အလုပ်ကလည်း ညဂျူတီမဟုတ်လည်း စောစောကို အိမ်ပြန်တာ မတွေ့ပါဘူး၊ ပင်ပန်းလှတယ်”
"အခွင့်အရေးရတုန်း လုပ်ရတာကိုး၊ ငယ်ရွယ်တုန်း လုပ်နိုင်တုန်းမှာ လုပ်ရတာပဲ၊ မလေးအဖို့ ပင်ပန်းတယ်လို့ မဟုတ်ပါဘူး"
ဦးလေးထွန်းဝင်းသည် အတန်ကြာ တိတ်ဆိတ်နေသည်။ ပြောင်စပြုနေသော နဖူးကို ဘေးကဆံပင်များနှင့် ဖုံးအုပ်၍ ဖြီးထားသည်။ အမြဲလို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေပုံမှာ အငြိမ်းစား သံတမန် ပီသသည်။ ပြုံးထေ့ထေ့နှုတ်ခမ်းက စကားပြောလျှင် သိမ်မွေ့ လှသည်။ လူက ခန့်ခန့်ချောချော၊ နဖူးနည်းနည်းပြောင်တာပဲ ဆိုစရာ ရှိသည်။ အသက်ခြောက်ဆယ်ကျော်ဆိုတော့ ဒါလောက်တော့ ရှိမှာပါပဲ။ ရွယ်တူတွေနှင့်စာလျှင် အရွယ်တင်သည်ဟု ဆိုရမည်။
"မလေးက ဘာလို့ ဒါလောက် ကြိုးစားနေရတာလဲ၊ တစ်ယောက်တည်းဟာ"
တိတ်ဆိတ်နေရာမှ ဦးလေးအသံက ပေါ်လာသည်။ မလေးသည် ရိုညွတ်သော အမူအရာနှင့် ပြန်ပြောသည်။
“မလေးကတော့ တစ်ယောက်တည်းပေါ့။ ဒါပေမဲ့ မလေးကို အင်္ဂလန်ပို့ပေးတာရယ်၊ ဖေဖေတို့ သစ်လုပ်ငန်းလုပ်တဲ့အတွက်ရယ် တင်နေတဲ့အကြွေးတွေလည်း ဆပ်ရသေးတာပေါ့။ ဖေဖေက လုပ်ငန်းအဆုံးမသတ်ခင် ဆုံးသွားတော့ ဒီငွေတွေ မလေးမှာ ဆပ်ဖို့ တာဝန်ရှိပါတယ်"
"အလုပ်မဝင်ခင်က မလေး ပြောပြဖူးပါတယ်၊ ဒါပေမဲ့ ကိုယ်ပင်ပန်း စိတ်ပင်ပန်း သိပ်မခံနဲ့ပေါ့၊ ပြီးတော့ ဒီညနေ အပြင်မထွက်ခင် ခင်အေးသန်းက ပြောတယ်၊ ဒရိုင်ဘာ ခွင့်တစ်လယူမယ် တဲ့၊ ဦးလေးက နောက်တစ်ယောက် မငှားနဲ့တော့၊ တစ်လတော့ ဦးလေးပဲ မောင်းမယ်လို့ ပြောလိုက်တယ်၊ မလေး ဆေးတိုက်အပြန် ဦးလေး လာကြိုမယ်လေ”
ဦးလေးက သူ့ကိုမကြည့်ဘဲ ပြောနေသည်။ မလေးနုကတော့ ဦးလေးမျက်နှာကို ပြန်ကြည့်မိသည်။
“ဒုက္ခမခံပါနဲ့ ဦးလေးရယ်၊ မလေး မိုးချုပ်ရင် တခြား ဆရာဝန်အဖော်တွေနဲ့ လမ်းကြုံလိုက်လို့ ရပါတယ်၊ သိပ်ညဉ့်နက်တော့လည်း ဆေးတိုက်မှာ အိပ်လို့ရပါတယ်”
"အို…. ဦးလေး ကြိုပါ့မယ်၊ ညအချိန်မတော် သူများ လိုက်ပို့ရတာ မကောင်းပါဘူး"
ဦးလေးက စကားပြောရာမှ ထသွား၍ ပန်းခင်းများကို လျှောက်ကြည့်နေသည်။ နေခြည်ဖျော့ဖျော့ ရုပ်သိမ်းသွားပြီဖြစ်၍ အနောက်ဘက် ကောင်းကင်တွင် နှင်းဆီရိပ်ပဲ ကျန်ရစ်သည်။ မလေးနု ထိုင်နေစဉ် ဒေါ်လေးသန်းတို့ ပြန်ရောက်လာ၍ ဆီးကြိုရန် ဆင်ဝင်အောက်သို့ ထွက်သွားသည်။ ယနေ့ ညစာမှာတော့ ဒေါ်လေးသန်းတို့မိသားစုနှင့် သိုက်သိုက်ဝန်းဝန်း ထမင်းစားဖြစ်သည်။
"ခင်အေးသန်း မလေးကို ကိုကိုပြောလိုက်ပြီ၊ ညဘက် ဆေးတိုက်အပြန် ကိုကို လာကြိုမယ်လို့”
ဦးလေးထွန်းဝင်းက ညနေက စကားကို ထမင်းဝိုင်းမှာ ပြောသည်။ ဒေါ်လေးကတော့ ခပ်အေးအေးပါပဲ။ ဘာမှမကန့်ကွက်ပါ။ နောက်နေ့တွေမှာ မလေးနုကို နေ့တိုင်းလိုလို ကြိုရသည် မဟုတ်ပါ။ ညဉ့်နက်သောနေ့များမှာမှ သူက ကြိုရန် ဖုန်းဆက်လိုက်သည်။ အပြန်စောသောနေ့တွင်တော့ သူငယ်ချင်း ဆရာဝန်ကားကြုံတွေနှင့် လိုက်တတ်သည်။
ဦးလေးထွန်းဝင်း လာကြိုတိုင်း ယင်းမာဝင်းက ပါလာတတ်သည်။ ထိုနေ့က လူနာတစ်ယောက်ကို ခွဲစိတ်ပြီး အခြေအနေ စောင့်ကြည့်နေချင်သေးသည်နှင့် မလေးနု စောစောမပြန်ဘဲ နေသည်။ လူနာက သားအိမ်ခေါင်းကင်ဆာဖြစ်သည်။ ဒီလူနာကို စတင်လက်ခံကတည်းက သူ့အတွက် ပဟေဠိဖြစ်နေသည်။ စတင် တွေ့သောနေ့က လူနာက အပျိုကြီးဟု ဆိုသည်။ သူစမ်းလိုက်တော့ အပျိုမဟုတ်၊ ရောဂါက ခွဲစိတ်ကုသရမည်။ ခွဲစိတ်ပြီးပါက အခြေအနေကိုကြည့်၍ ဓာတ်ကင်ဖို့ သက်ဆိုင်ရာ ကင်ဆာဆရာဝန်ကြီးကို လွှဲပြောင်းပေးရမည် ဖြစ်သည်။ အမျိုးသမီးက တင်ဖွံ့ဖွံ့၊ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ မဂိုကုလားဆင်ရုပ် ဖြစ်သည်။ မျက်နှာချောသည်ဟု မပြောနိုင်ပေမယ့် ကိုယ်လုံးကိုယ်ပေါက်လှသူတစ်ယောက် ဖြစ်သည်။ စမ်းသပ်ပြီး၍ လူနာက မလေး ရုံးခန်းထဲလိုက်လာကာ လိုအပ်သည်များကို မေးနေဆဲ ဖြူပြာ စာရင်းစာအုပ်တစ်အုပ်နှင့် ဝင်လာသည်။ ဖြူပြာသည် လူနာအမျိုးသမီးကို မြင်မြင်ချင်း "အန်တီလှိုင် ဘာလာလုပ်တာလဲ”ဟု နှုတ်ဆက်လိုက်သည်။
“ဖြူပြာရော ဘာလာလုပ်လဲ၊ အန်တီက ဒီက ဒေါက်တာနဲ့ ခွဲရမှာလေ"
လူနာအမျိုးသမီးက မလေးနုကို လက်ညှိုးထိုးပြရင်း ပြောသည်။
"စိတ်ချပါ ... ဖြူပြာတို့ဆေးခန်းက အစစအဆင်ပြေပါတယ်၊ ဖြူပြာက ဒီဆေးတိုက်မှာ စာရင်းကိုင်လေ၊ အန်တီလှိုင် ဆေးရုံတက်မှာ မေမေ့ပြောလိုက်ဦးမယ်”
"အေးအေးကို ဒုက္ခမပေးပါနဲ့ကွယ်၊ ဒေါက်တာက ပြောတယ်၊ မစိုးရိမ်ရပါဘူးတဲ့၊ ကဲ...ဒေါက်တာ တနင်္လာနေ့ကျမှပဲ လှိုင် ပစ္စည်းတွေယူပြီး လာတော့မယ်၊ အင်္ဂါနေ့ ခွဲမှာနော်၊ သွားလိုက်ဦးမယ်”
“ကောင်းပါပြီ"
မလေးနုက လူနာထွက်သွားရာကိုကြည့်ရင်း ဖြူပြာ့လက်ထဲမှ စာအုပ်ကို လှမ်းယူသည်။ ဖြူပြာက မပေးသေးဘဲ ကုလားထိုင်မှာ ထိုင်လိုက်သည်။
"အန်တီမလေး အဲဒီ အန်တီလှိုင့်ရောဂါက ဘာရောဂါလဲ”
"သားအိမ်ခေါင်းကင်ဆာ"
"ဒီတစ်ခါ ဘာဖြစ်လို့လဲ မသိဘူး၊ ဖေဖေ့ကို မပြောဘူး"
" ဖြူပြာတို့ဖေဖေနဲ့ အန်တီလှိုင်က သိလို့လား"
ဖြူပြာက နှာခေါင်းရှုံ့လိုက်သည်။
"အန်တီမလေးကလေ ဟိုတောင်ပေါ်ဒေသတွေမှာ အနေများပြီး ရန်ကုန်ရောက်တော့လည်း ဆေးခန်းထဲ ခေါင်းမြှုပ်ထားတာ အောက်နေပြီ၊ ခေတ်မမီဘူး”
“ဘာပြောတယ်”
မလေးနု ဖြူပြာ့ပြောပုံကို သဘောကျစွာ ရယ်နေသည်။
”ဆိုပါတော့လေ၊ အန်တီမလေးက ခေတ်မမီဘူး၊ အဲဒါနဲ့ အန်တီလှိုင်နဲ့ ဘာဆိုင်လဲ”
ဖြူပြာက မျက်နှာထားတစ်မျိုး။ သရော်ဟန်လား၊ ရယ်ချင်ဟန်လား မပြောတတ်ပေ။
“သူက ဗိုလ်ချုပ်ဈေးမှာ စိန်ကုန်သည် ဒေါ်သန္တာလှိုင်တဲ့၊ ဖေဖေနဲ့ ဖြစ်နေတာ ကြာပြီ”
မလေးနု အံ့သြသွားသည်။
“ဟုတ်ပါ့... ဖေဖေနဲ့ မေမေက ကိုကိုကြီးဆုံးတော့ ရန်ဖြစ်ပြီးကတည်းက ဖေဖေလေ ဒီသန္တာလှိုင်နဲ့ ညားနေတာ၊ တိတ်တိတ်ပုန်းပေါ့၊ တစ်ခုတော့ရှိတယ်၊ ဖေဖေက keeping လား၊ သူက keeping လားတော့ မပြောတတ်ဘူး”
ဖြူပြာက ရယ်ပါတော့သည်။ အဖေ့မယားငယ်အကြောင်းကို ဖြူပြာသည် ရယ်၍ပြောနိုင်သည်ကို မလေးနု နားမလည်။.ပြီးတော့လည်း ဒီအမျိုးသမီးကို ဖြူပြာတို့အမေ သိပုံရသည်။
မေမေ့ကို ပြောလိုက်မယ်တဲ့။ ဖြူပြာ ပြောပုံကိုလည်း.မလေးနုစိတ်မှာ မရှင်း။
"မင်းမေမေကရော ဒီအမျိုးသမီးနဲ့ ရှိန်း ဖြစ်နေတာကိုသိလား"
“သိပါ့၊ သူတို့ဇာတ်ထုပ်က အဆန်း၊ အန်တီလှိုင် မေမေ့ဆီကို ဝင်ထွက်ပြီး ပထမတော့ ပတ္တမြားရင်ထိုး၊ နောက် လက်ကောက် ဆွဲကြိုး မေမေ့ကို ပေးတယ်၊ ဟဲ... ဟဲ... ဖေဖေ့ကို ယူခ ပေးတာပေါ့"
"မင်းမေမေက ယူတယ်"
“ယူတယ်လေ၊ အလကားပေးရမယ့်အတူတူ တန်ရာတန်ကြေး ယူရမယ်တဲ့၊ လင်ငှားခပေါ့တဲ့၊ မေမေက ပြောတယ်”
“ဟယ်... ဖြူးပြာ ဘာတွေပြောနေလဲ”
“ဖြူပြာရဲ့ မောင်တွေကလည်း လူပွေတွေပဲဟာ၊ သတင်းစုံ သူတို့ဆီက ရတယ်၊ ဖြူပြာကိုဆိုလည်း သမီး သမီးနဲ့ ဖူးဖူးမှုတ်နေတာ၊ ဖြူပြာက သူပေးတဲ့လက်ဆောင်တော့ မယူပါဘူး၊ သူဇာကတော့ မရဘူး၊ သူ့အဖေ မယားငယ်ဆိုပြီး ကြည့်မရဘူး၊ မယားငယ်လို့ မကြေညာပေမယ့် မယားကြီးရှိရက်နဲ့ယူရင် မယားအငယ်ပဲပေါ့”
ဖြူပြာထံမှ သတင်းစုံကြားရတော့ မလေးနုက တော်တော် စိတ်ပျက်မိသည်။ သူ့လူနာတွေနှင့် သူ ခေါင်းမဖော်နိုင်သောအချိန်မှာ အပြင်လောက ဇာတ်ထုပ်က အစုံပါပဲ။ ဒါပေမဲ့ သူ့အတွက်ကတော့ ဆေးကုသရင်း သိရသော ဒေါ်သန္တာလှိုင်ကို အပျိုမဟုတ်မှန်း သူသိပြီးဖြစ်သည်။ သူတို့ဘဝကို သူလေ့လာရန်မဟုတ်၊ ရောဂါကို ပျောက်အောင် ကုသရန်သာ သူ့တာဝန်ဖြစ်သည်။ ပြီးတော့ သားအဖတွေကြားမှာ သူ့ထင်မြင်ချက် တစ်စုံတစ်ရာကို ပြောလိုက်လျှင် ဖခင်အပေါ် ဖြူပြာကို အထင်သေးလျှင် မကောင်း၊ သူတို့ဘာသာ သိသည်ကတော့ သူ့ပယောဂမပါပါ။
"ကဲ အန်တီမလေး ဘာလုပ်ရမလဲ။ ဖြူပြာလာတဲ့ ကိစ္စပြော"
ဖြူပြာသည် မလေးနု လက်မှတ်ထိုးစရာရှိသည်များကို ပြ၍ လက်မှတ်များရယူကာ ပြန်ထွက်သွားသည်။ မလေးနုကတော့ ရှိန်းမိသားစုကြီး၏ ဖရိုဖရဲဇာတ်ထုပ်ကိုတွေးရင်း တစ်စတစ်စ စိတ်ပျက်လာသည်။
ဒေါ်သန္တာလှိုင်ကို ခွဲရသောနေ့က တင်သက်မာက မေ့ဆေး ဆရာဝန်အဖြစ် တာဝန်ယူ၍ နှစ်ယောက်သား ခွဲစိတ်ကုသခဲ့သည်။ ခွဲသောနေ့က အခြေအနေ စိတ်မချ၍ မလေးနု ညအထိစောင့်နေခြင်း ဖြစ်သည်။
ဆရာဝန်အချင်းချင်းဆိုတော့ တင်သက်မာနှင့်တော့ နှစ်ယောက်ပြောဖြစ်ကြသည်။ ဖြူပြာ ပြောစကားတွေပါ မလေးနုက ပြောပြသည်။ တင်သက်မာကလည်း အေးအေးထံ သူသွားလည်စဉ် အကြောင်းတွေ ပြန်ပြောပြသည်။
"တို့နှစ်ယောက်ကလည်း သက်မာက မန္တလေးမှာ အနေများ၊ မလေးက တောင်တန်းဒေသတွေမှာ အနေများဟော့လည်း ဒီရန်ကုန်ဇာတ်ထုပ်တွေ ဘယ်သိမလဲလေ"
"အေးကွယ်… မလေးကတော့ ရှိန်းကိုရော သားတွေရော နှမြောလိုက်တာ"
"ခက်သားလား မလေးရယ်၊ အိမ်ထောင်ဆိုတာ မပြုရင်လည်း ကောင်းတယ်၊ ပြုမိရင်တော့ အိမ်ထောင်ရေးပညာတို နားလည်ရမှာပေါ့၊ မိဘလက်ထက် ဘယ်လိုနေခဲ့တယ် ဘာတယ်ဆိုတဲ့ ဘဝကို အရေခွံချွတ်ပစ်ခဲ့ရတယ်၊ ယောက်ျားတစ်ယောက်ရဲ့ မယား အဖြစ်ဆိုတာ ဘဝတစ်ခုလေ"
"မင်း ဆိုချင်တာက အေးက အရေးပိုင်သမီးရဲ့ဘဝကို မမေ့နိုင်ဘူးလို့ ဆိုလိုချင်တာလား”
"ဟုတ်တယ်”
"တစ်ခုလည်း စဉ်းစားကြည့်၊ မိန်းမတစ်ယောက်ဟာ ချစ်လို့ ယောက်ျားတစ်ယောက်ကို ယူခဲ့ပြီပဲ၊ လင်မယားဘဝရောက်တဲ့အခါ အံမဝင် ခွင်မကျတာလေးတွေ ရှိမှာပေါ့၊ အကုန်လုံး စိတ်တူသဘောတူဖြစ်ဖို့ဆိုတာ ရှားပါတယ်၊ မတူတဲ့ကြားက သည်းခံခွင့်လွှတ် နေသွားကြရတာပဲ၊ ရှိန်းဘက်ကရော ဘာတွေချို့ယွင်းသလဲဆိုတာ မင်း အေးဆီကရော ဖြူပြာဆီကရော သိခဲ့ပြီပဲ”
"ဟုတ်ပါတယ်လေ၊ ဒါပေမဲ့လည်း ဒီလို ရှိန်းဖြစ်လာလို့ ကွာနိုင်တာမှ မဟုတ်တော့လည်း ပြန်လည်အဆင်ပြေဖို့ နည်းလမ်းရှာရမှာပေါ့”
“ဟုတ်တော့ ဟုတ်ပါတယ်လေ၊ သက်မာက အိမ်ထောင်ရှင်၊ မလေးထက် အိမ်ထောင်ရေးသဘောကို ကိုယ်တွေ့နားလည်ပါတယ်၊ ဒါပေမဲ့ မလေးသဘောပြောရရင် အေးအဖို့ ကိုယ့်လင်ဟာ တစ်ချိန်တစ်ခါ မှားတာလည်းမဟုတ်၊ တခြားမိန်းမတစ်ယောက်ကို နှစ်ရှည်လများ ပေါင်းသင်းနေတာကို လက်ပိုက်ကြည့်နေရတဲ့ မိန်းမတစ်ယောက် နှလုံးသားကရော ဘယ်လိုခံစားရမလဲ၊ သက်မာ ကိုယ်ချင်းစာကြည့်လေ”
"ဟုတ်တယ်လေ၊ ဖြစ်လာတဲ့တစ်နေ့ ကိုယ်တို့မိန်းမတွေဘက်ကပဲ ခံရတယ်လို့ သက်မာကလည်း ဆိုလိုတာပါ၊ မယားငယ် ယူမှန်းသိလို့ မဏ္ဍပ်တိုင်တက်ပြလည်း သူတို့အရှက်ခွဲတယ်ဖြစ်ဦးမယ်၊ မသိမသာ လျစ်လျူရှုနေရအောင်ကလည်း တစ်ခါလည်း မဟုတ်၊ မတော်တဆ တစ်ရက်တလေဖြစ်တာလည်း မဟုတ်တော့ ရင်ထဲမှာ ခံစားရတာဟာ ကြာတော့လည်း ပေါက်ကွဲလာတာပေါ့၊ အေးလည်း ဒီလိုပါပဲ”
မလေးကတော့ သက်မာစကားကို စဉ်းစားနေသည်။
သက်မာက အေးတို့အိမ်ထောင်ရေးအကြောင်းတွေ ဆက်ပြောကာ ပြန်သွားသည်။ ထိုနေ့ညက အခြေအနေ စိတ်ချလောက်ပြီဆိုမှ လက်ထောက်ဆရာဝန်နှင့် စပါယ်ရှယ်နပ်စ်ကို မှာစရာရှိတာ မှာထား၍ အိမ်ကိုလာကြိုဖို့ ဖုန်းဆက်လိုက်ရသည်။ ခွဲစိတ်ကုသပြီးသော ညများတွင် အိမ်မှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်သည်။ ဆေးခန်းမှာဆိုတော့ စိတ်က လူနာထံကိုပဲ ရောက်နေသည်။
ထိုနေ့က ဒေါ်သန္တာလှိုင်တစ်ယောက်တည်းမဟုတ်။ တခြား အမျိုးသမီးသုံးယောက်ပါ ခွဲစိတ်ခဲ့၍ သူ နည်းနည်းပင်ပန်းနေသည်။ အိမ်မှ ကားလာကြိုပြီကို ဂိတ်စောင့်လေး လာပြော၍ သူ ဆင်းလာခဲ့သည်။ ကားပေါ်ရောက်တော့ ကားထဲမှာ ဦးလေး တစ်ယောက်တည်း။
“ဦးလေး…. ယင်းမာဝင်းရော”
“ခင်အေးသန်း နေမကောင်းလို့ စောင့်နေရစ်တယ်"
မလေးနုသည် ဘာမှမပြောဘဲ တက်နေကျ နောက်မှ တက်မည်အလုပ် ...
“မလေး ရှေ့ကိုလာခဲ့လေ၊ ကားမောင်းရင်း စကားပြောရတာပေါ့"
မလေးနုသည် ဘာပြန်ပြောရမှန်းမသိ။ ငြင်းပယ်ဖို့ ရိုင်းရ ကျမည်စိုး၍ ရှေ့မှာထိုင်လိုက်သည်။ ပြည်လမ်းအတိုင်း မောင်းလာ၍ အင်းလျားလမ်းဘက်ကို ကားက မချိုး၊ ရှေ့ဆက်မောင်းသွားသည်။
“ဦးလေး ဘယ်သွားမလို့လဲ”
“စားသောက်ခန်းလေး တစ်ခုခု သွားစားရအောင်၊ မလေး ပင်ပန်းလာတယ်၊ အပန်းဖြေရတာပေါ့”
"မလိုပါဘူး ဦးလေး၊ မလေး သိပ်နွမ်းတာတော့မှန်တယ်၊ အိမ်မှာပဲ နားချင်တယ်၊ ပြီးတော့ ဒေါ်လေးသန်းလည်း နေမကောင်းဘူး၊ မလေး ပြန်ကြည့်ချင်တယ်”
မလေးနု စိတ်ထဲမှာ သံသယတွေ ဝင်လာသည်။ ဦးလေး မျက်နှာကို ရှေ့ကားမှ မီးတစ်ချက်ဝင့်လာမှ မြင်ရသည်။ ဦးလေးက ကားကို အတင်းမောင်းလျှင် သူ ဘယ့်နှယ့်လုပ်ရပါ့။
*စိတ်အေးအေးထားပါ မလေး၊ ခင်အေးသန်း ဘာမှမဖြစ်ပါဘူး"
ဦးလေးက သံတမန် လေအေးလေးနှင့် ဆိုသည်။ ဦးလေး စကားကြားတော့မှ မလေးဇုံ သံသယစိတ် ပိုကြီးလာသည်။
“ဒီလိုဆို ဦးလေး ညာတာပေါ့၊ ဘာလို့ မလေးကို ညာခေါ်ရတာလဲ၊ ဘယ်ကိုသွားမလို့လဲ၊ မလေး မလိုက်နိုင်ဘူး”
မလေးက ကြောက်အားလန့်အား ပြောလိုက်သည်။
“ညာတာ မဟုတ်ပါဘူး၊ တစ်ခုခုစားရင်း အေးအေးဆေးဆေး စကားပြောချင်လို့ "
"အိမ်မှာလည်း အေးအေးပြောလို့ရတာပဲ”
“အိမ်မှာ ပြောလို့ မရလို့ပေါ့ မလေးရယ်”
မလေးနုသည် ရိပ်မိလိုက်ပါပြီ။ အတင်း ကားကိုရပ်ခိုင်းကာ မလေးနု ဆင်းပြေးမည် ကြံမိသည်။ ဦးလေးက အတင်းကြမ်းလျှင် စတီရာရင်ကို ဆွဲလှည့်၍ ကား ဘယ်ကိုပဲတိုက်တိုက်၊ သေရင်လည်း နှစ်ယောက်စလုံး သေပဲဟု တွေးမိသည်။ နောက်မှ သူ သတိရသည်။ သေတောင် သူတို့သတင်းက သူများ အထင်လွဲစရာ၊ သူသည် သံတမန်ကို သံတမန်လိုပဲ ဆက်ဆံရမည်ကို သတိရလိုက်သည်။
“ဦးလေးရယ်... မလေးကို အိမ်ပြန်ပို့ပါ၊ မလေး လူနာတွေ ခွဲစိတ်ခဲ့ရလို့ သိပ်ပင်ပန်းနေပါတယ်၊ မလေးကို ငဲ့ပါဦး၊ ဒီနေ့တော့ မလေး ပြန်ပါရစေ၊ အိမ်မှာ တစ်နေ့နေ့ ဦးလေး ပြောချင်တာပြော၊ အိမ်မှာ ပြောမရရင် မလေးကို ကြိုက်တဲ့နေရာချိန်းပါ၊ မလေး အခု ပင်ပန်းလွန်းလို့ပါ"
ဦးလေးက ကားဆက်မောင်းရင်းက တွေးနေပုံရသည်။
“မလေး ကတိတည်နော်၊ ကဲ... ကားပြန်လှည့်မယ်”
ဦးလေးက ကားပြန်လှည့်၍ အိမ်ဘက်ဆီ ဆက်မောင်းသည်။
“ဦးလေးပြောချင်တာ တစ်စိတ်တစ်ဒေသတော့ ပြောမယ်၊ မလေးမှာ တင်ရှိနေတဲ့ အကြွေးတွေ ဦးလေး ဆပ်လို့ မဖြစ်ဘူးလား”
မလေးနုသည် မဖြစ်ဘူးဟူ၍ ခါးခါးသီးသီး ပြောလိုက်လျှင် ကားကို ပြန်လှည့်မှာ ကြောက်သည်။ နောက်မှပဲ ကြည့်ရှင်းတော့မည်။
“အချိန်တွေ ရှိပါသေးတယ် ဦးလေး၊ တဖြည်းဖြည်း စဉ်းစားကြတာပေါ့၊ ဦးလေး ဒီလို စေတနာရှိတာ မလေး ကျေးဇူးတင်ပါတယ်"
"ဦးလေး စေတနာတွေကို မလေး သိစေချင်တယ်၊ မလေးကို ဦးလေး ရာသက်ပန် တာဝန်ယူချင်တယ်”
မလေးနုသည် တုတ်တုတ်မျှ မလှုပ်ရဲ။ ရင်ထဲမှာတော့ ကြောက်လိုက်တာ အလွန်ပဲ။ တဒိတ်ဒိတ် ရင်ခုန်ကာ လက်ဖျားတွေ အေးစက်လာသည်။
"မလေး စဉ်းစားပါ့မယ် ဦးလေးရယ်”
ကား ခြံဝင်းထဲဝင်လာမှ မလေးနု စိတ်အေးရတော့သည်။ ဒေါ်လေးသန်းကို ဣန္ဒြေမပျက် နှုတ်ဆက်ပြီး အိပ်ခန်းထဲ တန်းဝင်သည်။ ယင်းမာဝင်း အိပ်ရာဝင်လာပေးသော နို့ကိုတောင် မသောက်မိ။ ထိုညက အိပ်ခန်းကို သတိနှင့် ချက်သေသေချာချာထိုးကာ အိပ်ဆေးသောက်၍ အိပ်လိုက်ရသည်။
နံနက်တွင် ဦးလေး မျက်နှာကို မကြည့်ချင်၊ နံနက်စာ ထွက်မစားရင်လည်း ဣန္ဒြေပျက်ရာကျမည်။ ဆေးတိုက်ကိုလည်း သွားရဦးမည်။ စိတ်တင်းကာ နံနက် ကော်ဖီစားပွဲတွင် ဒေါ်လေးသန်းတို့နှင့်ထိုင်ကာ သံတမန်ပြုံးကြီးကိုကြည့်ရင်း ရင်ထဲမှ အော့နှလုံးနာမိသော်လည်း သူ မနည်းဟန်လုပ်နေရသည်။ ပြီးတော့မှ ဆေးတိုက်ကို ထွက်လာရသည်။
အပိုင်း(၁၀)ဆက်ရန်
----------------
#ခင်နှင်းယု
0 Comments