#မွှေး
အပိုင်း(၁၃)
လားရှိုးတွင် သူတို့သည် မိုးနှင့်ဆောင်းကို တွေ့ကြရသည်။ မိုးဥတုသည် အေးစိမ့်၍စိုစွတ်၏။ ဆောင်းဥတုမှာမူ အေးမြကာ ခြောက်သွေ့ပေသည်။
မိုးရာသီ၏ ညဦးများတွင် အိမ်ပြင်၌ ရာသီဥတု မသာယာပေ။ သူတို့နှစ်ဦးသည် အိမ်တွင်း မီးဖိုဘေးတွင် အချိန်ကုန်လွန်ခဲ့သည်က များသည်။
မွှေးဖတ်ရသော စာအုပ်များမှာ ရှည်လျားပေသည်။ ချာချီ ရေးသော “ဒုတိယကမ္ဘာစစ်”ဆိုသော စာအုပ်ဖြစ်သည်။ အင်္ဂလိပ်လိုရော မြန်မာလိုရော ဖြစ်ပေသည်။ ကိုကိုနိုင်မရှိသော နေ့များတွင်မူ မွှေးအဖို့ ညနေစောင်း၌ လမ်းလျှောက်ကာ ညဦးတွင် စာအုပ်နှင့်သာ အချိန်ကုန်ရသည်။ နံနက်ခင်းတွင်မူ မီးဖိုနောက်ရှိ ဟင်းသီးဟင်းရွက်ခင်းများထဲတွင် ပန်းပျိုးရင်း၊ မြက်နုတ်ရင်း အချိန်လွန်ခဲ့ရပေသည်။
ကိုကိုနိုင်က ခရီးထွက်သွားရတိုင်း သူ့ကိုယ်စား စာအုပ်တစ်ပုံကို ပေးခဲ့၏။ ချာချီ၏စာအုပ်ကို ဖတ်စေချင်သည်မှာ ချာချီ၏အင်္ဂလိပ်စာရေးဟန်ကို သိစေလို၍တစ်ကြောင်း၊ အတွေးအခေါ်ကို ဖော်ပြရာတွင်လည်း “ဒုတိယကမ္ဘာစစ်အတွင်း ကျွန်တော် လုပ်ကိုင်ဆောင်ရွက်ပုံများသည် အမှန်ချည်းပင် ဖြစ်ပါသည်” ဟု `ဖော်ပြရေးသားထားခြင်း မရှိသော်လည်း စာအုပ်ဆုံးသောအခါ စာဖတ်သူစိတ်ထဲတွင် ချာချီ၏ခြေလှမ်း၊ ချာချီ၏ဆောင်ရွက်ပုံမှာ သူ့အချိန်နှင့်သူ အံကိုက်ပါတကားဟု ထင်မြင်ယူဆလာအောင် ရေးတတ်ပုံကို သိရှိလို၍တစ်ကြောင်း ဖတ်ခိုင်းသည်ဟု ကိုကိုနိုင်က ဆိုပေသည်။ မြန်မာဘာသာပြန်စာအုပ်ကို ဖတ်ခိုင်းခြင်းကမူ ဗိုလ်အေးမောင်၏ ဘာသာပြန် သိပ်သည်းရှင်းလင်းပုံကို သိစေလို၍ဟု ဆိုသည်။
မွှေးကတော့ ကိုကိုနိုင်ပေးခဲ့သမျှကို အချိန်ရတိုင်း ကောက်၍ဖတ်၏။ စာအုပ်များကို ဖတ်ရင်း သူ့အတွေးအခေါ်ကတော့ ဘယ်လို ပေါ်လာသည်မသိ။ တစ်ခါတစ်ရံလည်း ရှေးဟောင်းမြန်မာကဗျာများနှင့် သူကြိုက်နှစ်သက်သော အင်္ဂလိပ်ဝတ္ထုရှည်များကို ဖတ်၏။ ဆောင်းဥတု မတိုင်ခင်ကမူ အတွတ်ထံသို့ မြန်မာကဗျာစာအုပ်များကို များများ ရှာဖွေစုဆောင်း၍ မွှေးက ပို့သည်။
ဆောင်းဦးပေါက်တွင် ကိုကိုနိုင်နှင့်မွှေး အတူနေရသောအချိန် တော်တော်ကလေးများလာ၏။ တစ်ခါတစ်ရံ လသာသောညဦးများတွင် နှင်းမှုန် ဖွဲဖွဲကျနေသော လရောင်အောက်မှာ တောင်ကုန်းကလေးများကို တစ်ခုပြီးတစ်ခု ကျော်ကာ ဖြတ်လျှောက်လာကြ၏။ မွှေး၏အသံလွင်လွင်မှာ ကိုကိုနိုင့်နှလုံးသားကို ပြုံးရွှင်စေပေသည်။ ဆောင်းအလယ်သို့ ရောက်လာလျှင် လားရှိုး၏အအေးသည် ပြင်းထန်လာ၏။ ည၏အလှများကို မှန်ပြတင်းမှသာ မျှော်ကြည့်နိုင်တော့သည်။
အငွေ့တထောင်းထောင်းနှင့် အနံ့သင်းသော ကော်ဖီပြင်းပြင်း ခပ်ကျကျကို မွှေးက ဖျော်ကာ မီးပုံဘေးတွင် ချ၍ပေး၏။ ကိုကိုနိုင်သည် သူ့အလုပ်ကို မီးပုံဘေးတွင်ပင်လုပ်ကာ မွှေးကို သူ့အပါးတွင် စာဖတ်စေသည်။ ထင်းစများကို တဖြောက်ဖြောက် ဝါးမျိုနေသော မီးတောက်မီးလျှံ၏ ဝါနီရောင်မှာ ချစ်သူနှစ်ဦးမျက်နှာကို အရောင်ပြန်ဟပ်၍ နေတော့သည်။ ကိုကိုနိုင်သည် လက်စသတ်ပြီးသော သူ့ရုံးအလုပ်များကို ဘေးသို့ချလိုက်၏။ ပန်းကန်ကို ကောက်ကိုင်ရင်း မွှေးကိုကြည့်လိုက်သည်။ မွှေးလက်ထဲတွင် သူဖတ်ခိုင်းသော ချာချီ၏စာအုပ်ကို မတွေ့တော့ပေ။ “အီဂျစ်ပြည်သား” Egyptian ဆိုသော ဝတ္ထုစာအုပ်ကို တွေ့ရ၏။
“မွှေး... ချာချီရဲ့ ဒုတိယကမ္ဘာစစ်ကို ဖတ်ပြီးပြီလား”
သူက အချိန်မြန်မြန်နှင့် စာဖတ်ပြီးသွားပုံကို အံ့သြသလို မေးလိုက်၏။ မွှေးသည် သူ့စာအုပ်လေးကို ပိတ်လိုက်၏။ ကိုကိုနိုင့်ကို လှမ်းကြည့်လိုက်သည်။
“ပြီးပြီဆိုပါတော့။ ဘာဖြစ်လို့လဲ"
“ရှည်လွန်းအားကြီးလို့ပါ၊ မွှေး စာဖတ်ရတာ ပျင်းလား။ ကိုကိုနိုင်နဲ့ လိုက်နေရတာ ပျော်ရဲ့လား”
မွှေးသည် ခပ်ပြုံးပြုံးပင် ကြည့်၍နေ၏။
“အကောင်းမေးတာပါ မွှေးရဲ့၊ ပျော်ရဲ့လား”
“ပျော်ပါတယ်။ မွှေးစိတ်ထဲမှာ ကိုကိုနိုင့်ကို နှမြောလို့ပါ။ ကိုကိုနိုင်နေချင်တဲ့သဘောနဲ့ ကိုကိုနိုင် လုပ်နေတဲ့အလုပ်က တခြားစီမို့ပါ”
ကိုကိုနိုင်က ဘယ်လိုသဘောပေါက်သည် မသိ။ ခပ်ပြုံးပြုံး လုပ်၍နေပြန်သည်။
“ကဲ ဆိုပါဦး၊ ချာချီစာအုပ်ဖတ်ပြီး ကိုကိုနိုင် ယူဆသလို သဘောပေါက်လာသလား”
“ဟုတ်ကဲ့၊ ဒီလိုပဲ ချာချီအပေါ်မှာ တွေးမိပါတယ်။ ဒါပေမယ့် မွှေးဟာ အဲဒါတွေအားလုံး ခေါင်းထဲမစွဲဘဲ သူရေးတဲ့အထဲက တခြားဟာတွေ စွဲကျန်ရစ်တယ်”
“ဘာကိုလဲ"
“ဂျာမနီ နိုးကြားထကြွလာပုံနဲ့ ဟစ်တလာ တန်ခိုးတက်လာပုံရယ်၊ သူ့နောက်က နာဇီတပ်မတော်ရယ်၊ အဲဒါက ခေါင်းထဲက မထွက်လို့ပါ"
“ကဲ ...ဆိုစမျးပါဦး”
“မွှေးသာ တကယ်လို့ အဲဒီခေတ်က နာဇီတပ်မတော်ရဲ့ တပ်သားတစ်ယောက်ယောက်ရဲ့ မိခင်ပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဖြစ်ခဲ့ရင် ရင်နာလို့ ဆုံးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကြေးစားစိတ်ဟာ ရှိသလောက်တော့ ရှိပေမယ့်လို့ စိတ်ဓာတ် ဆိုတာသာ မပါရင် တပ်မတော်ရဲ့ ဒူပေနာပေဒဏ်ခံနိုင်ဖို့ တော်တော်ခက်သားလား။ အဲဒီခေတ်တုန်းကလဲ ဝိုင်းအနှိမ်ခံရတဲ့ ဂျာမန်တစ်မျိုးသားလုံး စစ်ရှုံးလိုက်တဲ့ အဖဂျာမနီပြည်ကြီး တစ်ပြည်လုံး ပြန်ပြီးနာလန်ထူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်သာ ဂျာမန်တွေစိတ်မှာ မရှိခဲ့ရင် ဂျာမန်တပ်မတော်နဲ့ ဟစ်တလာရဲ့ ပေါ်ပေါက်လာပုံဟာ ဒါလောက်မြန်ဆန်မှာ မဟုတ်ဘူး”
ကိုကိုနိုင်သည် မွှေးပြောပုံကို စိတ်ဝင်စားလာ၏။ ခေါင်းတညိတ်ညိတ်နှင့် အင်းလိုက်လာ၏။
“ကဲ ... မိခင်တွေရဲ့ စိတ်မှာရော၊ သားကို စစ်မြေပြင်မှာ ခိုင်းစားဖို့ဆိုတဲ့ စိတ်ဟာ အင်မတန်နည်းပါတယ်။ ငါ့အဖ ဂျာမနီပြည်အတွက် ကမ္ဘာမှာ ပိုင်းအနှိမ်ခံတဲ့ အမျိုးသားအတွက်ဆိုတဲ့ စိတ်ဓာတ်နဲ့သာ စစ်တပ်ဆိုတဲ့ သေဘေးမျိုးစုံနဲ့ နီးတဲ့ တပ်မတော်ထဲမှာ သားကို ထည့်တာပေါ့။ ဒါပေမယ့် ခေါင်းဆောင်သူတွေရဲ့ အတွေးတွေ ပြောင်းလဲလာတာနဲ့အမျှ တပ်မတော်ရဲ့ ပုံသဏ္ဌာန်ကလဲ ပြောင်းလဲလာလိုက်တာ နောက်ဆုံး ဟစ်တလာဆိုတဲ့ အာဏာရှင်တစ်ယောက် တည်မြဲဖို့ ထောက်ခံဆောက်လုပ်ထားတဲ့ နာဇီဝါဒစက်ရုံကြီးရဲ့ ဝက်အူလေးတွေ ဖြစ်မှန်းမသိ တပ်မတော်ဟာ ဖြစ်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်လဲပြီးရော၊ တပ်မတော်သားတွေဟာ အင်မတန်ဆိုးရွာယုတ်မာတဲ့ နာဇီတပ်သား ဘီလူးသရဲတွေအဖြစ်နဲ့ ကမ္ဘာက အမြင်ခံရပြီး သူတို့ အသက်စွန့်သွားရတယ်။ သူတို့ကိုယ်သူတို့လဲ သိချင်မှသိရှာမယ်။ မွှေးသာ အဲဒီစစ်သားတစ်ယောက်ရဲ့ မိခင်ဖြစ်ခဲ့ရင် ရင်ကွဲနာကျသေပြီ"
“အလို ... မွှေးကလဲ တယ်ဆိုပါလား"
“ဟုတ်တယ်လေ၊ မွှေးရဲ့သားဟာ သူ့တိုင်းပြည် သူ့လူမျိုးအတွက် သေရတယ်ဆိုရင် စစ်မြေပြင်မှာ ဆယ်ပြန်သေပါစေ။ ခုတော့ သူတို့ ဇွတ်သွင်းချင်တဲ့ ဝါဒကြီး တည်တံ့စေချင်လို့ ကိုယ့်သားကိုလည်း ကိရိယာတစ်ခုလို ဝက်အူတစ်ချောင်းလို အသုံးချသွားပြီး သေတာတော့ မခံနိုင်ဘူး။ အဲဒါ တွေးတွေးပြီး ကျဆုံးသွားရှာတဲ့ ဂျာမန်စစ်သားလေးတွေ၊ သူတို့ရဲ့ မိခင်တွေကိုပဲ မွှေးက သနားနေတယ်”
“အဲဗျာ ...မွှေးက ပိုပြီးတွေးနေပြီကိုး"
“စာအုပ်ဖတ်တဲ့နောက် ဒီအပေါ်မှာ တည်ပြီး ကိုယ်တွေးချင်ရာ တွေးမှာပေါ့ ကိုကိုနိုင်”
မွှေးက ပြုံးမဲ့မဲ့နှင့် ဆို၏။
“လက်ထဲက “ဧဂျစ်ရှန်'ရော ဖတ်ကောင်းလား”
“သိပ်ကောင်းတာပဲ၊ ဖတ်ဖူးသမျှမှာတော့ အကြိုက်ဆုံးပဲ။ ကိုကိုနိုင်အားရင် ဖတ်စမ်းပါ၊ နှစ်ပေါင်း သုံးထောင်လောက်ကအကြောင်း ရေးပေလို့ပဲ။ လက်ရှိ အီဂျစ်ကိုရော၊ တိုင်းပြည်အသီးသီး အခြေအနေနဲ့ရော ဟပ်ပြီး ကြည့်နိုင်တယ်။ ဒီဝတ္ထုဟာ ဘယ်တော့မှ ရိုးမှာမဟုတ်ဘူး"
“မွှေးက ဟိုတုန်းကရော စာသိပ်ဖတ်သလား”
“ခုမှ ပိုဖတ်တယ် ဆိုပါတော့။ ရန်ကုန်မှာတော့ ကျောင်းစာနဲ့ ရုံးအလုပ်နဲ့ ပြီးခဲ့တာပဲ”
“ဒီလိုဆို ကိုကိုနိုင်နဲ့ နေရတာ ပျော်တယ်ပေါ့”
“ကိုကိုနိုင် ဘာလို့ ထပ်ခါထပ်ခါ မေးနေတာလဲ”
ကိုကိုနိုင်သည် မွှေးပါးကို ဆွဲ၍ ဖျစ်လိုက်၏။
“ဪ ...ကိုကိုနိုင်နဲ့ အတူတူနေရတဲ့အချိန်တွေဟာ မွှေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင်လို့ပါ”
“စိတ်ချမ်းသာပါတယ်ရှင်၊ ပျော်ပါတယ်ရှင်”
မွှေးက ခပ်နောက်နောက် ဖြေလိုက်၏။
“စာအုပ်သေတ္တာထဲမှာ ကိုကိုနိုင် မဖတ်ရသေးတဲ့ စာအုပ်တွေ အများကြီးပဲ”
“ဟုတ်တယ် ဒီစာအုပ်ကို ကိုကိုနိုင် ဖတ်ကြည့်၊ အဲဒီအထဲမှာ ဇာတ်လိုက် ဆီးနူးပြောတဲ့ စကားလေးတစ်လုံး မွှေးသိပ်သဘောကျတာပဲ။ သူ့မိတ်ဆွေ စစ်ဗိုလ်ကြီးက ဘုရင့်သမီးကို သိမ်းပိုက်၊ ဘုရင်ကို သတ်ပြီး အီဂျစ်ရဲ့ ဧကရာဇ်အဖြစ် အုပ်ချုပ်တဲ့အခါမှာ ဆီးနူးကို ပြောတယ်လေ။ သူ့သစ္စာခံပြီး သူ့အတွေးအခေါ်တွေကို လက်ခံဖို့၊ အဲဒီလိုဆိုရင် သူချီးမြောက်မယ့်အကြောင်း။ ဒီတော့ ဆီးက ဘာပြန်ပြောသလဲဆို 'ပညာဟာ အာဏာတန်ခိုးကို ဘယ်တော့မှ ဦးမညွှတ်ဘူးတဲ့'၊ ဘယ်လောက်ကောင်းတဲ့ စကားလုံးလဲ၊ မွှေးတော့ သိပ်သဘောကျတာပဲ”
သဘောကျသည် ဆိုသည့်နေရာ၌ မွှေးသည် မျက်လုံးလေးများ မှေးကာ နှစ်နှစ်ခြိုက်ခြိုက် ပီတိကျဟန်နှင့် ပြော၏။ ကိုကိုနိုင့်စိတ်ထဲတွင် ဤမိန်းကလေး၌ ဦးနှောက်အပြင် ချစ်စရာဟန်အမူအရာများလည်း အများကြီးရှိပါလားဟု မှတ်ချက်ချလိုက်၏။
“ပြီးတော့ ကိုကိုနိုင် ဖတ်ခိုင်းထားတဲ့ “ရိုမယ်လ်” လဲ ပြီးသွားပြီ”
မွှေးက နောက်ဆက်တွဲ ဆက်ပြောပြန်သည်။
“အဲဒီစာအုပ်အပေါ်မှာရော ဘယ်လိုယူဆလဲ”
“မွှေး ထင်မြင်တာကို တကယ်ပြောရမှာလား”
“ပြောလေ”
“ရိုမယ်လ်ရဲ့ တိုက်နည်း ခိုက်နည်းတွေ၊ စစ်ဆင်နည်းက စစ်သားတွေအဖို့တော့ တန်ဖိုးရှိမှာပဲ။ မွှေးအနေနဲ့ စာတစ်အုပ်လုံး ဖတ်ပြီး လန့်သွားတယ်”
“ဘာကို လန့်တာလဲ”
“ကမ္ဘာမှာ 'ရိုမယ်လ်' သေနည်းတွေ ပြန့်သွားမှာကို လန့်သွားတယ်”
ကိုကိုနိုင်သည် ပါးစပ်လေး ဟသွား၏။
“ဟုတ်တယ် ကိုကိုနိုင်ရဲ၊ ရိုမယ်လ် သေတာဟာ ရှေ့ကလာတဲ့ ရန်သူ့ကျည်ဆန်နဲ့ သေတာမှ မဟုတ်ဘဲ၊ နောက်က ကျည်ဆန်နဲ့ သေရတာ။ ပြီးတော့ သူ့မိန်းမကို သိခွင့်ပေးတဲ့အချိန်ကျတော့ ကားတိုက်သေတဲ့အနေနဲ့ သိရတော့တယ်။ ဒီလိုကြောက်ရာကောင်းတဲ့၊ အမှောင်ခေတ်ကြီးတစ်ခေတ် ကြီးစိုးလာပြီး တကယ်တော်တဲ့လူတွေ နောက်ကကျည်ဆန်နဲ့ သေရတဲ့နည်းတွေ ကမ္ဘာမှာပြန့်လာမှာ မွှေးက .. စိုးရိမ်သွားတယ်”
“တော်ပြီ ... တော်ပြီ မွှေး၊ ကိုကိုနိုင် မွှေးကို ဒီစာအုပ်တွေ မဖတ်ခိုင်းတော့ဘူး၊ စိတ်ရွှင်လန်းစရာကောင်းတဲ့ စာအုပ်တွေ ရွေးရအောင်နော်။ ဒါနဲ့ နေ့လယ်က စာတစ်စောင် ကိုကိုနိုင့်ရုံးကတစ်ဆင့် မွှေးဆီရောက်လာတယ်။ အတွတ်ဆီက ထင်တယ်။ ကိုကိုနိုင့်ယူနီဖောင်းထဲမှာ သွားယူဦးမယ်”
မွှေးသည် ထသွားသော ကိုကိုနိုင်ကို ငေးကာ ကြည့်နေမိ၏။ သူ့မိန်းမအား စစ်သားတစ်ယောက်လို သင်တန်းပေးသူပင်တည်း။ ဒါကို ဖတ်၊ ဒီလိုပင် တွေးစေချင်ဟန်ရှိ၏။ မွှေးက သူပေးထားသောပုံကို မဝင်ချင်ပေ။ ကိုယ် တွေးချင်သလို တွေးလိုပေသည်။ အမှန်တော့လည်း ကိုကိုနိုင်သည် ပုံသွင်းချင်သူတစ်ယောက် ဟုတ်ချင်မှလည်း ဟုတ်မည်ဟု မွှေးက လှည့်၍တွေးမိပြန်၏။
“ရော့ ...ရော့ ... ဒီမှာစာ”
မွှေးက စာကိုယူ၍ ဖောက်ဖတ်လိုက်၏။ စာလေးမှာ ကဗျာနှင့် စ,ထားသော်လည်း ခပ်တိုတိုပင် ရေး၍ထား၏။
“နတ်တော်ဆန်း၍၊ လျှံထွန်းရောင်ဝါ၊ သူရိယာလျှင်၊ အဝါမမူ၊ အဖြူအနီ၊ စုံစီခြယ်လွင်၊ ပြင်ထပ်သွင်၍၊ နေဝင်မြင်သည်၊ ဝရွှေပြည်ကား၊ ဆီးရည်ပတ်ချုပ်၊ မှိုင်းအုပ်ပျပျ၊ ပုညတောင်ဆီ၊ ရီလျက်မလင်း၊ မဝင်းအုံ့ဆိုင်း၊ စစ်ကိုင်းတစ်ဖက်၊ သန်လျက်ပေါ်ထွန်း၊ ကျွန်းများတံခွန်၊ နန်းဗိမာန်မှာ၊ လေသွန်ပြည့်လျှမ်း လိမ့်တကား”
မွှေး/
အထက်က ကဗျာကတော့ မင်းပေးလိုက်တဲ့ ကဗျာစာအုပ်တွေထဲက ရှင်ထွေးနာသိန်ရဲ့ ကဗျာပဲ။ သူသေလွန်တဲ့အခါ သူ့ခေါင်းအုံးအောက်က တွေ့ရတဲ့ မွေးရပ်မြေ အင်းဝကို တမ်းတတဲ့ကဗျာပေါ့။
ကိုယ့်မှာတော့ သူတို့လို စာဆိုမဟုတ်လေတော့ ကိုယ့်ဌာနေ ကိုယ်လွမ်းပေမယ့်လဲ စာမဖွဲ့တတ်ဘူး။
အရုပ်ဆိုးလှတဲ့ အင်္ဂလန်ရဲ့ ဆောင်းဦးရာသီအောက်မှာ နေရရင်း လွမ်းနေရတာကတော့ ကိုယ်တို့မြို့လေးရဲ့ ဆောင်းအလှပဲ။ ခုလောက်ဆို တို့များအိမ်နောက်က လယ်ကွင်းတွေထဲမှာ စပါးတွေမှည့်တော့မယ်၊ မုန့်ဆန်းလဲပေါ်လို့ မီးခိုးတလူလူနဲ့ လယ်တဲတွေနားမှာ မုန့်ဆန်းထောင်းကြတော့မယ်ထင်ပါရဲ့။ မွှေးရေ ...ကိုကိုနိုင့်လည်း အတွတ်က သတိရကြောင်း ပြောပြလိုက်ပါ။ အတွတ်ပြန်လာရင်သာ သားသမီးတွေ တစ်ထမ်းနဲ့ လာကြိုလှည့်ပါ။ အမှန်တော့ အတွတ် ဘယ်အချိန်ပြန်ရမယ်လို့ မမှန်းဆသေးဘူးမွှေး။
မွှေးတို့ဇနီးမောင်နှံ ချမ်းမြေ့ရွှင်လန်းပါစေ။
/အတွတ်
မွှေးသည် မျက်နှာလေးညိုကာ စာကို ကိုကိုနိုင့်လက်ထဲသို့ ကမ်းပေးလိုက်သည်။
“ဖတ်ကြည့်ပါဦး ကိုကိုနိုင်၊ သူသာ မြန်မာစာကို ကျကျနန သင်ရရင် စာပေမှာ တော်တော် တော်မှာပဲ၊ အခုတောင် တော်တော် မြန်မာစာပေကို အရသာခံတတ်လာတယ်”
ကိုကိုနိုင်သည် စာကိုဖတ်လိုက်၍ စာဆုံးလျှင် မွှေးကိုကြည့်ကာ မေးပြန်သည်။
“ဝါးခယ်မက ဒီလောက်ပဲ သာယာသလားမွှေး”
“ဪ ... တခြားလူတွေ အမြင်နဲ့တော့ မြစ်ပတ်လည် ဝိုင်းပြီး ဗွက်ထူတယ်လို့ မြင်ချင်မြင်မှာပေါ့။ မွှေးတို့အနေနဲ့ကတော့ မွေးရာ ဇာတိလဲဖြစ်၊ ရာသီအလိုက် ပွဲလမ်းသဘင် သဘာဝရှုခင်းတွေရဲ့ အငွေ့အသက်တွေက ခံစားနေရတော့ အလှကွက်တွေကို ကြည့်တတ် မြင်တတ်တာပေါ့။ ကိုကိုနိုင်ရော ကိုယ့်ဇာတိ ကိုယ်မလွမ်းဘူးလား”
“လွမ်းတာပေါ့ဗျာ၊ လွမ်းလိုက်တာမှလေ လဆန်း (၁၄)ရက် ညဆို ဖရက်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ရတာတွေ....”
“ဟာ ... ကိုကိုနိုင်၊ မွှေးကို မစောင်းနဲ့ သိလား”
မွှေးက ထုမည့်ဟန် ပြင်လိုက်လျှင် ကိုကိုနိုင်သည် မွှေးကို လှမ်းယူ၍ ပွေ့လိုက်၏။
“ကဲ...ကဲ စိတ်မဆိုးပါနဲ့၊ ဖရက်နဲ့ တွေ့ခဲ့တဲ့ ပုံပြင်လေး ဘာလေး ပြောပြပါဦး။ နို့မို့ရင် အိပ်ရာအစောကြီးဝင်မှာ ပျင်းစရာကြီး”
ကိုကိုနိုင်က ပြုံးပြုံးရွှင်ရွှင်နှင့် အရွှန်းဖောက်လိုက်၏။ မွှေးသည် တကယ်ပင် ကိုကိုနိုင့်ရင်ခွင်ထဲမှာ ခွေကာ လ,သာသော ညများ၏ပုံပြင်ကို ပြောပြတတ်ပေသည်။
အပိုင်း(၁၄)ဆက်ရန်
----------------------
0 Comments