#ဗညားရှိန်း
အပိုင်း(၄)
မလေးနုအတွက် စဉ်းစားစရာတွေက အများကြီး။ အင်္ဂလန်ကို စာသွားသင်နေစဉ်ကလည်း ဖေဖေ၊ မေမေတို့နှင့်အတူနေခဲ့သော ကလော အိမ်ကြီးကို ခဏခဏ အိပ်မက်မက်ခဲ့ရသည်။ ဖေဖေသည် သစ်တောဝန်ထောက်တစ်ယောက် ဖြစ်သည်။ သူပင်စင်မယူခင်ကတည်းက စိတ်ရှည်လက်ရှည် ပုံစံဆွဲ၍ဆောက်ခဲ့သော အိမ်ကြီး၊ ဗိုကုန်းအနောက်တောင်ကုန်းပေါ်မှာ ကျယ်ဝန်းသော ခြံကြီးအလယ်မှာ အိမ်ကြီးက မားမားစွင့်စွင့်။
ပုံစံသည် ရှေးဆန်ပေမယ့် အထဲမှာက ကျွန်းသစ်များဖြင့် အခန်းဖွဲ့ထားသည်မှာ ဖိတ်ဖိတ်တောက်နေသည်။ မဟော်ဂနီရောင် လှေကားသည် အိမ်ကြီး၏ကျက်သရေပင်။ အပေါ်ထပ်မှာ အိပ်ခန်း နှစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ တွဲလျက်။ ဖေဖေတို့က ခေါင်းရင်းဘက်မှာ အိပ်၍ သူက ခြေရင်းခန်းမှာ အိပ်သည်။ အလယ်မှာ ကျယ်ပြန့်သော အခန်းကျယ်ကြီးတစ်ခုနှင့် အိမ်ဦးတွင် ဘုရားခန်းရှိသည်။
အောက်ထပ်မှာက ထမင်းစားခန်း၊ ဧည့်ခန်းနှင့် ဧည့်သည်အတွက် အိပ်ခန်းတစ်ခု၊ ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပဲဖြစ်သည်။ အိပ်ခန်းများနှင့် ဧည့်ခန်း၊ ထမင်းစားခန်းများမှာ ခေါင်းတိုင်နှင့် အုတ်မီးဖိုများ ဆောင်းရာသီအတွက် ရှိသည်။ သစ်တောဝန်ထောက်ဆိုပေမယ့် ယခုလို အိမ်ကြီးမျိုးကို လခစားတစ်ယောက်အနေနှင့် မဆောက်နိုင်ပါ။ သစ်လုပ်ငန်းပိုင်ရှင် ဦးစောထီးနှင့်အတူတွဲ၍ သစ်အရောင်းအဝယ်မှာ ရှယ်ယာထည့်ထား၍သာ ဖေဖေ ဆောက်နိုင်ခဲ့ ခြင်းဖြစ်သည်။ မေမေ၏လက်ဝတ်လက်စားတချို့ကိုလည်း ထုခွဲ၍ ပါဝင်ခဲ့သည်။
“ဖေဖေ့ရဲ့တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ ဖေဖေ့သိက္ခာကို ထိပါးယ့်ကိစ္စ ဖေဖေ ဘာမှမလုပ်ခဲ့ဘူး၊ ဒီအိမ်ကြီးကိုလည်း မေမေ့လက်ဝတ်လက်စားတချို့ ထုခွဲပြီးတဲ့ငွေရယ်၊ ဖေဖေ ရှယ်ယာဝင်ထားတဲ့ အမြတ်ငွေရယ်နဲ့ ဆောက်ခဲ့တာ။ ဖေဖေ မိန်းမ မပွေဘူး၊ အရက်မသောက်ဘူး၊ မကစားဘူး။ ဒါ့ကြောင့် မေမေ့အနေနဲ့ စုစည်းမိတာ၊ ဒီအိမ်အတွက် ရောင်းချလိုက်ရလို့ သမီးအတွက်တော့ လက်ဝတ်လက်စား အမွေများများ မချန်နိုင်ခဲ့ဘူး၊ ဒီတစ်လုံးတည်း စိန် နားကပ်ကလေးတစ်ရန်တော့ မေမေ ပေးနိုင်တယ်၊ ဒါပေမဲ့ သမီးကို ပညာအမွေနဲ့ ဒီအိမ်ကြီးတော့ ပေးခဲ့နိုင်မယ်။ သမီးတစ်သက် ဖေဖေ၊ မေမေတို့အိမ်ကြီးကို စောင့်ရှောက်ပါ”
မေမေက သူ့ကို စိန်နားကပ်လေးပေးစဉ်က ပြောခဲ့ဖူးသည်။ တစ်ဖက် တစ်ရတီ စုစုပေါင်း နှစ်ရတီရှိသည်။ သူတို့အချိန်မှာ အင်္ဂလိပ်စာကို ငါးတန်းရောက်မှ သင်ကြားရပေမယ့် ယခင် ကင်းဝုဒ် (King's wood) ကျောင်းမှ ဆရာကို သီးသန့်ခေါ်ယူ၍ သူ့ကို ကျူရှင်ပေးခဲ့သောကြောင့် သူ ဆယ်တန်းမှာ အင်္ဂလိပ်စာနှင့် သင်္ချာ နှစ်ဘာသာ ဂုဏ်ထူးရခဲ့သည်။ ဒါ့ကြောင့် သူ ဆရာဝန်ဘွဲ့ မြန်မာပြည်မှာ ရယူပြီး အင်္ဂလန်ကို သွားရောက်ပညာသင်ကြားသောအခါ အင်္ဂလိပ်စာရော စကားပြောပါ အခက်အခဲမရှိခဲ့ပါ။
ဒါပေမဲ့ သူ့ကို ကိုယ့်စရိတ်နှင့်ကိုယ် အင်္ဂလန်သွား၍ ပညာသင်ပေးရသောကြောင့် ဖေဖေတို့မှာ ငွေနှစ်သိန်းလောက် ကြွေးတင်ခဲ့သည်။ ယခု ဖေဖေ ပင်စင်ယူပြီးမှ သစ်လုပ်ငန်း ဦးစောထီးနှင့် စပ်တူလုပ်ရာတွင် ငွေလေးသိန်း အကြွေးရှိသည်။ ဖေဖေသည် သစ်လုပ်ငန်းအတွက် မိုးညှင်းတက်ရာတွင် လင်မယားနှစ်ယောက်လုံး မိုင်းဗုံးထိ၍ ကွယ်လွန်ခဲ့သည်။ ကြွေးခြောက်သိန်းအတွက် အိမ်ကြီးကို ဦးစောထီးထံ အပေါင်ထားခဲ့သည်။ ဦးစောထီးက သဘောကောင်းပါသည်။ နှစ်ကျပ်အတိုးနှုန်းနှင့် ဆပ်ခွင့်ပြုသည်။ အရင်းကိုလည်း ရက်အကန့်အသတ် မထားပါ။ ရွေးနိုင်မှ ရွေးဖို့ ပြောသည်ကိုပဲ ကျေးဇူးတင်ရသေးသည်။ မဆပ်နိုင်ပါက အိမ်ကို သိမ်းမည်ဆိုလျှင် ဘာများတတ်နိုင်ပါမည်နည်း။
သူသည် အတိုးငွေများကိုတော့ မှန်မှန်ဆပ်နိုင်ခဲ့သည်။ ဘယ်လိုပင်ဖြစ်ပါစေ၊ သူ့ဖေဖေနှင့် မေမေ အမွေပေးခဲ့သော ဒီအိမ်ကြီးကိုတော့ ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိသည်။ သူ့ကို သုံးမကုန်သော ပညာအမွေ ဖေဖေတို့က ပေးခဲ့ပြီပဲ။ စီးပွားရေးအနေနှင့် သူ့လစာပဲရှိသည်။ အပြင်ဆေးခန်းတွေကိုလည်း တောင်ပေါ်ဒေသတွေမှာ မဖွင့်ခဲ့။ အင်္ဂလန်က ပြန်ကတည်းက အစိုးရဆီမှာ အမှုထမ်းလာသည်မှာ ငါးနှစ်ကျော်ရှိပြီဖြစ်၍ သူ ထွက်ခွင့်တောင်းလျှင် ရနိုင် သည်။ တချို့သူများလို နိုင်ငံခြား ပညာတော်သင်သွားပြီး နိုင်ငံခြားမှာ အခြေချသည်မှမဟုတ်ဘဲ။ သက်ဆိုင်ရာ သူ့ဆရာသမားများကို ချဉ်းကပ် ခွင့်တောင်းရဦးမည်။
ပထမဦးဆုံးကတော့ ဦးလေးထွန်းဝင်းနှင့် ဒေါ်လေးသန်းတို့ကိုပဲ သူ ဖွင့်ဟတိုင်ပင်လိုက်သည်။ ရှိန်း၏အစီအစဉ်များကို ပြောပြတော့ ဒေါ်လေးသန်းက စဉ်းစားနေသည်။ ဒေါ်လေးသန်းက ဖေဖေ့အောက် ညီမ။ ဖေဖေ့မှာ မောင်နှမနှစ်ယောက်ပဲရှိသည်။
“ဒီသူငယ်ကိုတော့ ဒေါ်လေးသန်း ရင်းရင်းနှီးနှီး မသိဘူး၊ မလေးအနေနဲ့ ဗညားရှိန်းဟာ ကျောင်းနေဖက်သူငယ်ချင်းတွေ၊ စိတ်ချရတယ်ဆိုရင် လုပ်စေချင်တယ်။ အစိုးရဆီမှာလည်း မလေး တာဝန်ထမ်းဆောင်ပြီးပြီပဲ၊ မလေးမှာ ကိုကိုကြီးရဲ့အကြွေးတွေ ဆပ်ဖို့တာဝန်ရှိတယ်၊ သူ သံယောဇဉ်ကြီးမားခဲ့တဲ့ ဒီအိမ်ကြီးကို ကြွေးနဲ့ထိုးအပ်ရတဲ့ အဖြစ်မျိုးလည်း အဖြစ်မခံနိုင်ဘူးဆိုတော့ မလေး စီးပွားရေးတစ်ခုခုတော့ လုပ်ရမယ်”
“ဖေဖေ့ရဲ့ ဒီအိမ်ကြီးကိုတော့ မလေးအသက်နဲ့လဲ စောင့်ရှောက်ရမယ်၊ ပြီးတော့ ဒီအိမ်တစ်ခုတည်းအတွက် တင်တဲ့အကြွေး မဟုတ်ဘူးလေ၊ မလေး ပညာသင်စရိတ်လည်း ပါတယ်ဆိုတော့ ဒီကြွေးဆပ်ဖို့ မလေးမှာ တာဝန်ပိုရှိပါတယ်”
"ဟုတ်တယ်၊ အခုအလုပ်က မလေးတတ်ထားတဲ့ ပညာနဲ့လည်း ဆက်စပ်နေတော့ မလေး ပျော်မယ်၊ တခြား ကုန်သည်သဘော စီးပွားရေးအလုပ်မျိုးဆိုရင် မလေး ကိုယ့်ပညာကို အသုံးမချရတော့ စိတ်လည်း ပျော်မှာမဟုတ်ဘူး၊ ကိုယ်သင်ထားတဲ့ ပညာတွေ အလကားဖြစ်မယ်”
ဒေါ်လေးသန်းက သဘောတူညီကြောင်း ထောက်ခံချက်ပေးပေမယ့် အနားတွင်ထိုင်နေသော ဦးလေးထွန်းဝင်းကတော့ သတိပေးလေသလား၊ ကန့်ကွက်သလား တိတိကျကျ မပြောနိုင်သောစကားကို ဆိုသည်။
“ဒီဆေးတိုက်ကို မလေးနဲ့ ဒီသူငယ် စပ်တူထူထောင်မှာလား"
"စပ်တူဆိုပါတော့၊ ဒါပေမဲ့ မလေးမှာ ငွေရင်းမှမရှိဘဲ၊ မလေးက လုပ်အားရှယ်ယာဝင်ရမှာပေါ့၊ အုပ်ချုပ်ရေးမှူးတာဝန် ယူရမယ်၊ ဒီအုပ်ချုပ်ရေးမှူးလုပ်တဲ့အတွက်လည်း သီးသန့်လခ ယူပါတဲ့၊ ဆေးတိုက်မှာ ဆေးရုံအုပ်ကြီး သတ်သတ်ထားမယ်လေ၊ ဆေးရုံအုပ်ကြီးကတော့ ရောဂါ၊ လူနာနဲ့ ဆေးဝါး တာဝန်ယူရမှာ။ မလေးကတော့ မလေးလူနာရော မီးဖိုအလုပ်သမားကအစ ဆေးတိုက်တစ်ခုလုံးက တာဝန်ဆိုပါတော့"
“မလေးအလုပ်က တာဝန်ကြီးလိုက်တာ၊ မင်း သိပ်ပင်ပန်းမှာပေါ့”
“ဆရာဝန်တစ်ယောက်အဖို့ ပင်ပန်းတယ်ဆိုတာ မရှိပါဘူး ဦးလေးရယ်၊ နယ်စပ်ဒေသနဲ့ တောင်တန်းဒေသတွေပေါ်မှာ တစ်ခါ တစ်ခါ ဆေးရုံရယ်ဆိုပြီး ရုံးအဖွဲ့ မတောင့်တော့ ကိုယ်ပဲ ဆရာဝန်၊ ကိုယ်ပဲ သူနာပြု၊ တစ်ခါတလေ သန့်ရှင်းရေးတောင် ဝင်လုပ်ရတာပါ။ အခု ဆေးတိုက်မှာတော့ လုပ်အားရှယ်ယာဝင်တယ်ဆိုပေမယ့် မလေး အကျိုးအမြတ်အပေါ်မှာ ခံစားခွင့်မယူပါဘူး၊ အုပ်ချုပ်ရေးမှူးလခ ယူမယ်၊ မလေးကုသတဲ့ သားဖွားမီးယပ် လူနာတွေအပေါ်မှာ စေတနာခန်းကတော့ ဘယ်ဆရာဝန်မှ အခကြေးငွေ မယူဘူး၊ ငွေကြေးခန်းက တတ်နိုင်တဲ့လူနာတွေဆီက ကိုယ်ကုသတဲ့ ရောဂါအလိုက် ငွေယူမယ်၊ ဒါဆို တော်ပြီ”
“တခြား Business တစ်ခုခု၊ အခု ကုန်သွယ်ရေးလုပ်ငန်း ဆိုပါတော့၊ ဦးလေးလုပ်ရင်ရော မလေး ဝင်ပါမလား"
မလေးနုသည် ခေတ္တမျှ စဉ်းစားနေသည်။
“ခုန ဒေါ်လေးသန်း ပြောသလိုပါပဲ ဦးလေးရယ်၊ မလေး အလုပ်မှာ မလေး ဝါသနာပါဖို့ စိတ်ဝင်စားဖို့ လိုတယ်၊ ကိုယ်တတ်ထားတဲ့ပညာ ခေါက်ထားပြီး တခြားစီးပွားရေးတစ်ခု လုပ်ဖို့ဆိုတာကတော့ စိတ်မဝင်စားရင် အောင်မြင်မယ်မထင်ဘူး”
"ဦးလေးက မလေး သိပ်မပင်ပန်းဘဲ အကျိုးအမြတ် ပိုမို ခံစားရတဲ့ အလုပ်တစ်ခုခု လုပ်စေချင်လို့."
"ကျေးဇူးပါပဲ ဦးလေးရယ်”
ဦးလေးက မပင်ပန်းစေချင်လို့ပဲ ဆိုသည်။ သူ့လုပ်ငန်းကို မလုပ်ရဟု မဆိုလေတော့ သူကလည်း ကျေးဇူးစကားပဲဆိုရသည်။ ကုန်သည်လုပ်ငန်းကိုတော့ သူ စိတ်မဝင်စားပါ။
ဦးလေးနှင့် ဒေါ်လေးသန်း ဆန္ဒကိုယူပြီး သူ အလုပ်ထွက်ဖို့ အစီအစဉ်များ လုပ်ခဲ့ကာ ကလောကို ခေတ္တထွက်လာခဲ့သည်။ အိမ်ကြီးကိုမြှင်ရတော့ ပိုမို၍ လွမ်းဆွတ်တသစရာပါပဲ။
ပင်ကိုက ကျယ်သောအိမ်ကြီးမှာ တစ်ယောက်တည်း ဝင်သွားလိုက်တော့ ပို၍ကျယ်လာသလို ထင်ရသည်။ သူသည် တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ကြည့်မိသည်။
ဖေဖေကလည်း အလုပ်ကိစ္စနှင့် တစ်မြို့ပြီးတစ်မြို့ ပြောင်းနေရသည်က များသည်။ သူကလည်း ကျောင်းနေရလေတော့ ဘော်ဒါမှာ အနေများသည်။ ဘွဲ့ရပြီး အင်္ဂလန်ကိုလည်း ပညာတော်သင်သွားရပြန်သည်။ သူ အင်္ဂလန်သွားဖို့ ဖေဖေနှင့် မေမေ့ကို ကန်တော့တော့ ....
“သမီး အင်္ဂလန်က ပြန်လာရင်တော့ ခင်မေအေးရေ၊ တို့မိသားစု စုစုစည်းစည်း ဖေဖေ့ရဲ့အိမ်ကြီးမှာ နေရတော့မယ်၊ ဒီလို မိသားစုဆုံစည်းရမယ့် အချိန်ကိုပဲ ဖေဖေ မျှော်လင့်မိတယ်၊ အစိုးရ ဝန်ထမ်းဆိုတာ ငယ်ငယ်က ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသမျှ အထူးသဖြင့် တို့သစ်တောဝန်ထမ်းတွေမှာ အိုလာရင် အခုလို အေးအေးဆေးဆေး အနားယူဖို့အိမ်လိုတယ်၊ မဟုတ်ဘူးလား ခင်မေအေး”
ဖေဖေက ဇနီးဖြစ်သူကို ယခုလိုပြောခဲ့လေတော့ သူလည်း ဖေဖေတို့နှင့် အတူနေရမည့်အချိန်ကိုပဲ မျှော်လင့်တောင့်တခဲ့သည်။ အင်္ဂလန်လို မိသားစု စုစည်းမှုမရှိသော ပတ်ဝန်းကျင်ကို တွေ့ရလေလေ ဖေဖေတို့ မေမေတို့နှင့်အတူနေခဲ့ရသော အချိန်များကို လွမ်းဆွတ်လေပဲ။ အင်္ဂလန်မှာက ဆယ့်ရှစ်နှစ်ကျော်လျှင် သားသမီးတွေက ခွဲသွားကြပြီ။ သူတို့ဘာသာ သူတို့ အလုပ်လုပ်၊ မိဘတွေက သီးခြားနေသည်။ နေမကောင်း၍ ဆေးရုံတက်လျှင်လည်း ပန်းစည်းလေး ပို့၊ ပါးလေးလာနမ်းလိုက်လျှင် ပြီးပြီပဲ။ မိဘတွေ မွေးနေ့ပွဲမှာလည်း ဆုတောင်းကတ်ပြားလေး ပို့လိုက်လျှင် ကျေနပ်ကြသည်။ ထွေးထွေးနွေးနွေး ပွေ့ပွေ့ပိုက်ပိုက် ယူယုယယမရှိ။ သူက ဆေးရုံမှာလည်း အလုပ်လုပ်လေတော့ တစ်ခါတစ်ရံ အထီးကျန် အဘိုးအို၊ အဘွားအို၊ စာနာမိသည်။ ဖေဖေတို့ မေမေတို့ကိုပဲ သတိရသည်။
သူ ဆရာဝန်ဘွဲ့ယူပြီးစကများ.. "ဖေဖေ့ကို သမီးရဲ့ ပထမဆုံးလူနာအဖြစ် ကုစမ်း”ဟုဆိုသည်။ ထိုစဉ်က ဖေဖေသည် သစ်တောမှရလာသော ငှက်ဖျားအခံရှိ၍ ငှက်ဖျားတက်လာချိန်ဖြစ်သည်။ သူက ယုယုယယနှင့် ဆေးထိုး၊ ဆေးပေးလုပ်လျှင် ဖေဖေက တပြုံးပြုံးနှင့် ပီတိဖြစ်နေသည်။
သူ ကျောင်းမှပြန်လာလျှင် မေမေနှင့်အတူ မီးဖိုဝင်ရလေတော့ ချက်ပြုတ်ပြီး ထမင်းစားပွဲမှာ...“ဒါ သမီးကိုယ်တိုင် ချက်တာ”ဆိုလျှင် ဖေဖေတစ်ယောက် အားပါးတရ စားသည်။ နံနက် ကော်ဖီစားပွဲမှာတောင် ဦးဘသာတို့ ဒေါ်မြတို့ကို သူ မခိုင်း။ ကိုယ်တိုင် ဖေဖေတို့ကို ကော်ဖီဖျော် စားပွဲထိုးခဲ့သည်။
တစ်နေ့တော့ ဒီလို မိသားစု စုစုစည်းစည်း နေခဲ့ရလိမ့်မည်ဟု မျှော်လင့်ခဲ့သော တစ်နေ့သည် သူ့အဖို့ ဘယ်တော့မှ ရောက်လာမည်မဟုတ်တော့ပါ။
“သမီး လက်ထပ်ပွဲကျရင်လည်း အိမ်ကြီးပေါ်မှာ လက်ထပ်မယ်၊ ဧည့်ခံပွဲကို ခြံထဲမှာ လုပ်မယ်၊ ဖေဖေက လက်မှတ်ထိုးတာတွေ၊ လက်ထပ်စာချုပ်တွေ ဝါသနာမပါဘူး၊ ဖေဖေနဲ့ မေမေလည်း လက်ချင်းဆက်ပြီး လက်ထပ်ခဲ့တာ၊ အခမ်းအနား မလုပ်နိုင်ရင်နေ၊ ဟိုဘက်မိဘ ဒီဘက်မိဘ ပါရင် ပြီးရောပဲ၊ လက်ထပ်ပွဲလေးတော့ ကျင်းပစေချင်တယ်၊ သမီးကို ဖေဖေတို့ ဆုံးမခဲ့ပြီပဲ၊ ပညာလည်း ပေးခဲ့ပြီ၊ ဒီပညာ အသိဉာဏ်နဲ့ သမီး ရွေးချယ်ခဲ့တဲ့ ချစ်သူကို ဖေဖေတို့ လက်ခံမယ်
ဒီကတိစကားနှင့်ပဲ သူ့ဖေဖေနှင့် မေမေသည် သူရွေးချယ်ခဲ့သော ကိုမျိုးဇင်ကို လက်ခံကာ ဒီအိမ်ကြီးပေါ်မှာ စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ပေးခဲ့သည်။ သူတို့မရှိသည့်နောက် သူတို့၏ တစ်ဦးတည်းသော သမီးသည် သူ့ချစ်သူနှင့် ဒီအိမ်ကြီးမှာ နေရစ်ခဲ့ရမည်ပေါ့။
သူ သက်ပြင်းချလိုက်မိသည်။ မေမေ နံနက်တိုင်း ဘုရားရှိခိုး ပရိတ်ရွတ်ခဲ့သော ဘုရားခန်းထဲကို ဝင်လိုက်သည်။ ဘုရားကို ဦးချလိုက်၏။ မြတ်စွာဘုရားသခင်၏မျက်နှာတော်သည် တည်ငြိမ် အေးချမ်းလျက်ရှိသည်။
"ချစ်သမီး လောကကြီးမှာ မကြံဘဲနဲ့လည်း ဖြစ်တတ်တယ်၊ ကြံလျက်နှင့်လည်း ပျက်တတ်တယ်လို့ ငါဘုရား ဇနက္ကမင်းဖြစ်စဉ်က ဥဒါန်းကျူးရင့်ခဲ့ဖူးတယ်” ဟု ပြောနေသလိုပင်။
မလေးနုမှာတော့ ဘုရားဝတ်ပြုရင်း မျက်ရည်တွေ တွေတွေကျလာသည်။ ဘုရားခန်းမှ ခွာ၍ ဆင်ဝင်ကို ထွက်လိုက်သည်။ ဆင်ဝင်ပေါ်မှ ဝင်းဝကို မျှော်ကြည့်မိသည်။ ခြံစည်းရိုးနှင့်ယှဉ်၍ တစ်ပင်နှင့်တစ်ပင် ခပ်လှမ်းလှမ်း ခွာကာ စိုက်ထားသော ထင်းရှူးပင်ကြီးတွေက ကြံ့ခိုင်မြင့်မား၍ လေတွင် ယိမ်းနွဲ့နေသော ရွက်မွှားလေးများသည် အတိတ်၏ သာယာသော ဤအိမ်ကြီးအကြောင်းကို တေးညည်းနေသော်လည်း ဆွေးမြည့် တမ်းတသံ နှောနေသည်။
ဒေလီပန်းခင်းများ ကက္ကရူ၊ သရက်ထည်၊ ပန်းချဉ်ပေါင်တွေကို အကွက်ကျ စိုက်ပျိုးထား၍ အပေါ်မှစီးကြည့်လျှင် ပန်းကော်ဇောလို ဖြစ်နေရသည်။ ယူကလစ်ပင်လုံးဖြူကြီး၏အောက် ခုံတန်းလေးမှာ ကိုမျိုးဇင်နှင့်သူ စေ့စပ်သော ညနေခင်းက စကားတွေ အများကြီးပြောသည်။ ညဘက် လဝန်းသည် အရှေ့တောင်တန်းပေါ်မှ ကျော်၍ မြင့်တက်လာသည်အထိ သူတို့နှစ်ယောက် ခုံတန်းလေးပေါ် မှာ ရှိခဲ့သည်။
"လက်မထပ်သေးဘဲ သူစိမ်းယောက်ျားရဲ့အနမ်းကို လက်မခံနိုင်ဘူးဆိုပေမယ့် ဒီနေ့ ဇင်နဲ့ မလေး စေ့စပ်ပွဲ အထိမ်းအမှတ်အဖြစ် မလေးပါးကို နမ်းပါရစေ "
ထာဝစဉ် ချစ်သူ၏ဣန္ဒြေကို ထိန်းသိမ်းစောင့်စည်းခဲ့သော ကိုမျိုးဇင်ဆန္ဒကို ထိုညက မလေးနု လိုက်လျောခဲ့ပါသည်။ ထိုနေ့ညက မလေးနုပါးကို ညင်သာစွာနမ်းခဲ့သော ကိုမျိုးဇင်၏အနမ်းသည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖြစ်သည်ကို သူတို့နှစ်ယောက် မသိခဲ့ပါ။ တစ်ခြံလုံးပေါ်ကို လရောင် စိမ့်ယိုကျလာ၍ လေတွင် ထင်းရှူးရနံ့နှင့် ပန်းရနံ့များ သင်းပျံ့နေသည်။ ထင်းရှူးရွက်မွှားလေး များသည် လေတွင် ဝဲပျံလှုပ်ရှား၍ ...
“တစ်ယောက်မျက်နှာ တစ်ယောက်မြင်ရင် ချစ်သမျှ 'သဘော လှစ်ဟမပြော သိနိုင်တယ် ဆိုသော သီချင်းလေးကိုသီဆို ကာ ချစ်သူတို့ တွေ့ပွဲကို ကောင်းချီးပေးနေပုံရသည်။ အမှန်လည်း မလေးနုသည် စကားတစ်လုံးမှ မဆိုမိ။ ရွှန်းပဝင်းလက်သော မျက်လုံးများက ကိုမျိုးဇင်ကို စူးစိုက်ကြည့်ရင်း သူ၏နက်ရှိုင်းသော အချစ်ကို ဖော်ပြလျက်ရှိပါသည်။ ကိုမျိုးဇင်သည် မလေးနု ပခုံးကို ဆွဲယူကာ ရင်ခွင်ထဲ သွင်းလိုက်သည်။ မလေးနု နဖူးပြင်ကို သူ့နှုတ်ခမ်းနှင့် ဖိထားသည်။
“မလေးကို ဇင် မခွဲချင်ဘူး”
ကိုမျိုးဇင်က တီးတိုး ပြောဆိုလိုက်သည်။
“မလေးလည်း မခွဲချင်ပါဘူး၊ မလေး အင်္ဂလန်က ပြန်လာတော့ လက်ထပ်မယ်၊ ဒီတော့ ဇင်နဲ့ မလေး မခွဲရတော့ဘူး”
သူတို့နှစ်ယောက်သည် တစ်ယောက်လက် တစ်ယောက် တင်းကျပ်စွာ ဆုပ်ထားမိသည်။
ယခုတော့ သေမင်းသည် ဆုပ်ထားသော မလေးလက်ထဲမှ ချစ်သူလက်ကို နုတ်ယူသွားပါပကော။
အပိုင်း(၅)ဆက်ရန်
------------------
#ခင်နှင်းယု
0 Comments