#တိမ်ဖုံးပါလို့ လမသာ
အပိုင်း(၄)
“တကယ့်တကယ်တော့ တိရစ္ဆာန်လောကဖြစ်ဖြစ်၊ လူ့လောကဖြစ်ဖြစ် ကြီးနိုင်ငယ်ညှင်း သဘာဝက ကြီးစိုးနေတာပါပဲဗျာ”
ညီညီက မိုးစက်မိုးပေါက်များကို စိမ်းစိမ်းကားကား ကြည့်ယင်း ပြောသည်။
“အမြီးကျက်ယင် အမြီးစား၊ ခေါင်းကျက်ယင် ခေါင်းစား တရားမျှတမှုဆိုတာ ဒီကမ္ဘာလောကမှာ မရှိပါဘူး”
ညီညီ၏မျက်နှာတွင် လှောင်ပြောင်သရော်သော အရိပ်အရောင်များ ယှက်သန်းလာပြန်သည်။
“မြတ်စွာဘုရားကို ခုနေများတွေ့ယင်လေ မေးလိုက်ချင် လျှောက်လိုက်ချင်လိုက်တာ၊ ဒီလောက ဒီကမ္ဘာကြီးမှာ လူလည် လူနပ် လူ့တကိုယ်ကောင်းတွေက ချမ်းသာနေကြတယ်၊ စည်းစိမ်ခံနေကြတယ်၊ တကယ် စိတ်ကောင်းထားအနစ်နာခံတဲ့သူတွေက ဆင်းရဲတွင်း နစ်နေရတယ်။ အဲဒီလို မတရားစီးနင်း ဘာလို့များ ဖြစ်နေရတာလဲလို့လေ .. မေးချင်တယ်”
ကိုကို၏မျက်နှာသည် ရှိန်းကနဲ ပူသွားသည်။ ညီညီက ခပ်တိုးတိုး ဆက်ပြောသည်။
“ဘဝအဆက်ဆက် ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေ၊ ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့် ဒီလိုဖြစ်တယ်လို့တော့ ပြောနေကြတာပဲ၊ ကံ ...ကံ၏ အကျိုးကို ခံစားရတယ်ပေါ့ဗျာ... ဟား... ဟား၊ ကံ၏အကျိုးတဲ့...”
ညီညီက မရယ်ချင်ပဲ ရယ်သည်။ ထို့နောက် ကိုကို၏လက်ကို ယမ်းခါကာ နာကျည်းစွာ ပြောလေသည်။
“ဒီလိုဆို... ငါတို့အမေ မေးခိုင်ပိုးဝင်ပြီး သေရတာလဲ ကံ.. ကံ၏အကျိုးပေါ့ ဟုတ်လား၊ ကိုကို့ယောက္ခမ နေမကောင်းလို့ အင်္ဂလန်သွား ဆေးကုပြီး ပြန်လာတာလဲ ကံ... ကံ၏ အကျိုးပေါ့ ... ၊ ကိုကို ဆရာဝန်ဖြစ်ပြီး ကျွန်တော်က ပျံကျဈေးသည်ဖြစ်ရတာလဲ ကံ ကံ၏အကျိုးပဲပေါ့ နော်... ဟုတ်လား ကိုကို”
ကိုကို မျက်ရည်လည်လာသည်။ ညီညီ၏မျက်လုံးများကို အားနည်းညှိုးငယ်စွာနှင့် ရင်ဆိုင်ကြည့်မိသည်။ ညီညီက ဘာသဘောနှင့် ပြောနေသည်လည်းတော့ သူ မသိ။ သို့သော် စကားလုံးတိုင်းသည် သူ့ကို သရော်နေသည်ဟုပင် ကိုကိုက ထင်မှတ်မိလေသည်။
“ခင်ဦးကလဲ သူ့ကို နည်းနည်းမှ မထောက်ထားတဲ့ တကိုယ်ကောင်းသမားကို ချစ်မိပြီး ဒီနေ့ ဒီရက်မှာ ကားတိုက်သေရမယ်လို့ ကံဆိုတဲ့ဟာကြီးကပဲ ညွှန်ကြားချက် ထုတ်ခဲ့တာပေါ့နော် ကိုကို ...”
“တော်ပါတော့ ညီညီရယ်”
ကိုကိုက တားသော်လည်း ညီညီက မတော်နိုင်သေးချေ။ မိုးရေထဲတွင် ယိမ်းနွဲ့ နေသော လမ်းဘေးမှ ကောက်ပင်စိမ်းစိမ်းများကို ငေးကြည့်ယင်း သက်ပြင်းချသည်။
“ခင်ဦးကတော့ ကံကို သိပ်ယုံတယ်၊ ဘာပဲဖြစ်ဖြစ် ...ကံပဲပေါ့ လို့ ဆိုပြီး စိတ်ကိုဖြေလိုက်တာပဲ။ သူ့အဖေ ကားတိုက်ပြီး ခြေတဘက်ဖြတ်လိုက်ရတာကိုတောင် ကံကို ပုံချလိုက်တော့ သူ့မှာ စိတ်သက်သာရာကို ရလို့”
ကောက်ပင်စိမ်းများသည် ကားအနောက်ဘက်တွင် ရိပ်ကနဲ ရိပ်ကနဲ ကျန်ခဲ့သည်။ လယ်ကွင်းများဘေးက ရေမြောင်းထဲတွင် ကြာနီကြာဖြူများ ပွင့်နေသည်။ ကြာနီကြာဖြူများကို ဘယ်နှစ်ပွင့်နည်းဟု စိတ်ထဲမှ ရေတွက်ချိန်တွင် ကားက သူတို့ကို ရိပ်ကနဲ ချန်ထားခဲ့ပြန်သည်။ ညီညီက တိုးတိုးလေး ထပ်ပြောကာ ခြောက်ကပ်ကပ် ရယ်သည်။
“ဪ .. အဖေ ခြေထောက်ဖြတ်ရတာ ကံပဲပေါ့ ဟာ...၊ လျော်ကြေးမရတာလဲ ကံပဲပေါ့ တဲ့”
* * *
သူတို့ညီအစ်ကိုနှစ်ဦး ရောက်သွားချိန်တွင် ခင်ဦးသည် ဘုရားရှေ့တွင် ကျုံ့ကျုံ့လေး ထိုင်ကာ ဘုရားရှိခိုးနေလေသည်။ ပါးစပ်ကလည်း တတွတ်တွတ်နှင့် ဆုတွေ တောင်းနေလိုက်သည်မှာ မပြီးနိုင်တော့ပေ။
“ခင်ဦး... နင့်အဖေ ကားတိုက်လို့ဆို”
ညီညီက စိတ်မရှည်နိုင်တော့ပဲ မေးသည်။ ခင်ဦးက ဘုရားရှိခိုးနေယင်းမှ ခေါင်းညိတ်ပြသည်။
“ဒဏ်ရာရသွားတယ်ဆို ... ဟုတ်လား”
ကိုကိုက ထပ်မေးသောအခါ ထပ်မံ ခေါင်းညိတ်ပြပြီး မျက်ရည်များ စီးကျလာသည်။ ထို့နောက် ရှိုက်၍ငိုသည်။ သို့သော် ဘုရားစင်ရှေ့မှ မထသေး။
“ပြောစမ်းပါအုံးဟ... ခင်ဦးရ၊ ဘုရားကို ပြီးမှ ရှိခိုးစမ်းပါ”
ညီညီက စိတ်မရှည်နိုင်သလို အော်တော့မှ ဘုရားကို ဦးချပြီး သူတို့ဘက် လှည့်လာသည်။ ထို့နောက် "ငါက ဘုရားမှာ သစ္စာဆိုနေတာ” ဟု ငိုသံလေးနှင့် ပြောလေသည်။
“အဘွား ပြောပြတဲ့ပုံထဲမှာ ပါတယ်လေ... မှန်တာကို သစ္စာဆိုယင် သေမယ့်လူတောင် ပြန်ရှင်တယ်တဲ့”
ခင်ဦးက သူ့ပါးပြင်ပေါ်မှ မျက်ရည်များကို လက်ဖမိုးနှင့် သုတ်သည်။ ညီညီက သူ့သစ္စာကို စိတ်မဝင်စားချေ။
“အဘွားရော ... ဆေးရုံလိုက်သွားလား”
“အေး”
“နင်က ဘာလို့ လိုက်မသွားလဲ”
“အဘွားက မလိုက်ရဘူးတဲ့.. ။ အဲဒါနဲ့ ငါ ဘုရားပန်းလဲပြီး ဘုရားရှိခိုးနေတာ၊ အဖေ မနာပါစေနဲ့လို့ ဆုတောင်းနေရတာ”
ကိုကိုသည် ခင်ဦး၏မျက်နှာညှိုးညှိုးလေးကို ငေးကြည့်နေမိသည်။ အသက်ဆယ်နှစ် ကျော်လာသည့် နောက်ပိုင်းတွင် ခင်ဦးသည် ယခင်တုန်းကလောက် ကြည့်ရမဆိုးတော့ပေ။ သွားအသစ်ထွက်လာပြီမို့ သွားကျိုးပေါက် ဟောင်းလောင်းလေး ပိတ်သွားပြီဖြစ်သည်။ ဆံပင်နီကြောင်ကြောင်များကလည်း ရှည်ပြီး ပျော့ပျောင်းလာသည်။ လှချင်ဇောနှင့် သနပ်ခါး မှန်မှန်လိမ်းသောကြောင့်လားတော့မသိ၊ အသားများကလည်း ဝင်းပြီး စိုလာလေသည်။
“အဖေ့ကားက ဒီအတိုင်းရပ်ထားတာ၊ အရက်မူးလာတဲ့လူရဲ့ကားက အသားလွတ် ဝင်တိုက်တာတဲ့”
“ဦးလေးမောင် ဘာဖြစ်သွားလဲ”
“ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ ပြောတယ်...ဘုရား..ဘုရား ... အဖေ သိပ်မနာပါစေနဲ့ဘုရား”
ခင်ဦးက ဘုရားစင်ဘက်လှည့်ကာ ရှိခိုးပြန်သည်။ ညီညီက နှာခေါင်းရှုံ့လိုက်သည်။
“တော်စမ်းပါဟာ၊ နင့်အဖေ ခြေထောက်အနာပျောက်အောင် ဘုရားက ဘာတတ်နိုင်မှာလဲ၊ ဆရာဝန်ကသာ တတ်နိုင်မှာ”
“ငါကတော့ သစ္စာဆိုထားတာပဲ”
ခင်ဦးက သူ၏သစ္စာအကြောင်းကို စကားစပြန်သည်။ ကိုကို မနေနိုင်တော့။ ကြီးကြီးကျယ်ကျယ် ဘာများ သစ္စာဆိုထားသနည်း၊ သိချင်လာသည်။
“ဘယ်လို သစ္စာဆိုထားလဲ ဟင်”
“တပည့်တော်မသည် ကိုကိုနှင့် ညီညီကို အစ်ကိုအရင်းကဲ့သို့ ချစ်ပါသည်။ ထို့ကြောင့် ဖေဖေ့ခြေထောက် ပြန်ကောင်းပါစေလို့”
“အဲဒါနဲ့ ပြန်ကောင်းရောလား”
“သိဘူးလေ... မှန်တဲ့စကားကို သစ္စာဆိုယင် မြားမှန်ထားတဲ့လူတောင် ပြန်ပြီး ရှင်တယ်ဆို”
ကိုကိုသည် ပို၍ စိတ်ညစ်သွားသည်။ ခင်ဦးက ယုံယုံကြည်ကြည်နှင့် ပြောနေသော်လည်း ခင်ဦး ဘုရားရှိခိုးခြင်း၊ သစ္စာဆိုခြင်းများသည် ဦးလေးမောင်၏ဒဏ်ရာကို သက်သာအောင် ကုစားနိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်မိပေ။
ဘုရားဟူသည်မှာ ကိုးကွယ်ရာ အမှန်ပင်ဖြစ်သော်လည်း ဦးလေးမောင်၏ခြေထောက်အနာ သက်သာရေးသည် ဘုရားနှင့် ဘာမှမဆိုင်ဟုသာ ထင်မြင်မိသည်။ ဒီလိုသာ အနာသက်သာကြေးဆိုယင် ဆရာဝန်၊ ဆရာမတွေကို ဘုရားပေါ်ပို့ပြီး ဘုရားရှိခိုးခိုင်းထားရုံပေါ့။ ဆေးကုစရာတောင် လိုမှာမဟုတ်ဘူး။ သူစဉ်းစားနေမိသည်။
“ဟဲ့... ကောင်မလေး၊ နင့်အဖေ ကားတိုက်လို့ဆို”
တအိမ်ကျော်မှ ဦးသာခင်နှင့် ဒေါ်လေးမိတို့ ရောက်လာကြသည်။ ထို့နောက် ကိုမြဒင်ကြီးတို့ ရောက်လာပြန်သည်။
“ငါတို့ ဆေးရုံလိုက်သွားမယ်၊ နင်လိုက်ခဲ့မလား”
“အဘွားက မလိုက်ရဘူးတဲ့”
“ကောင်းပါတယ်ဟာ၊ တော်ကြာ ကလေးစိတ်ထဲ အလကား ထိခိုက်နေမှာပေါ့၊ နင်.. နေခဲ့တော့၊ ကိုကိုတို့ ညီညီတို့လဲ ခင်ဦးနဲ့ နေပေးလိုက်ကြပါ၊ မင်းတို့အဖေရော”
“အဖေ့ကို ဦးလေးလှ လာပြောလို့ ဆေးရုံလိုက်သွားတယ်”
ကိုကိုက မျက်နှာငယ်လေးနှင့် ဖြေသည်။ ဦးလေးမောင် သေမလား မသိဘူး ဟူသော အတွေးနှင့် ချောက်ချားတုန်လှုပ်လာသည်။ သူတို့အမေသည်လည်း ဘာဖြစ်၍ဖြစ်မှန်းပင် မသိလိုက်ပဲ သေခဲ့ရဖူးပြီ။
“ဦးလေးမောင် သေများ သေသွားမလား မသိဘူးနော် ကိုကို” ဟု ညီညီက အနားကပ်ခါ တိုးတိုးလေး မေးသည်။ ညီညီ၏မျက်နှာဝိုင်းဝိုင်းလေးတွင်လည်း စိုးရိမ်တုန်လှုပ်မှုတို့က လွှမ်းမိုးနေသည်။ သူလည်း အမေ့ကို သတိရနေခြင်းပင်ဖြစ်လိမ့်မည်ဟု ကိုကို တွေးလိုက်မိသည်။ အမေ သေသည်မှာ တနှစ်ပင် မပြည့်တတ်သေးပေ။
“ခြေထောက်ကို ထိတော့ မသေနိုင်ပါဘူး ကိုကိုရ၊ နော်ကွာ”
ညီညီက သူ့ဟာသူပင် တိုးတိုးလေး ပြန်ဖြေပြီး ငေးနေသည်။
“ညီညီ ... နင်တို့လဲ ဆုတောင်းပေးပါလားဟင်၊ ငါ့ကို ညီမလေးအရင်းလို ချစ်ပါတယ်၊ ဒါကြောင့် ဖေဖေပြန်ကောင်းပါစေလို့”
ခင်ဦးက အားကိုးတကြီး ပြောသည်။ မှောင်လာပြီဖြစ်သော်လည်း မီးဖွင့်ရန် သတိမရချေ၊ ဘုရားစင်တွင် ထွန်းထားသော ဖယောင်းတိုင်မီးညွန့်လေးက ယိမ်းနွဲ့ လှုပ်ရှားနေသည်။ မီးရောင်မှိန်မှိန်လေးဝယ် ခင်ဦး၏မျက်လုံးလေးများက လက်နေလေသည်။
“ငါတို့မှာ ညီမအရင်းမှ မရှိခဲ့ဖူးတာ ခင်ဦးရ ... နင့်ကို အရင်းလို ချစ်တယ်လို့ လုပ်ပြောရမှာ ဘယ်လိုလုပ်ပြောမလဲ”
ညီညီက စိတ်ညစ်သလို ပြောသည်။
ကိုကိုက လျှပ်စစ်မီးခလုတ်ကို ထ၍ဖွင့်လိုက်သည်။ ဖယောင်းတိုင်လေးဆယ်အား မီးလုံးရောင်လေးက လင်းဖြာလာသည်။ ကိုကိုတို့အိမ်တွင်မူ လျှပ်စစ်မီး မရှိချေ။ ရေနံဆီမီးခွက်နှင့်ပင် ညတိုင်း စာကျက်ခဲ့ရသည်။ တခါတရံ ရေနံဆီမရှိ၊ ဖယောင်းတိုင်မရှိလျှင် စာပင် မကျက်နိုင်။ ထို့ကြောင့် အိမ်စာများလုပ်စရာရှိနေလျှင် ကိုကိုသည် သူ့စာအုပ်ကလေးများ ယူကာ ခင်ဦးတို့အိမ်သို့ လာမြဲဖြစ်သည်။ လင်းဖြာနေသော မီးရောင်အောက်တွင် စာလုံးလေးများကို ပြတ်ပြတ်သားသား မြင်နေရသည်ကို ကိုကို အလွန်သဘောကျသည်။ အိမ်ကရေနံဆီမီးခွက်နှင့်ဆိုလျှင် ယိမ်းနွဲ့ လှုပ်ရှားနေသော မီးညွန့်၏အရိပ်ဝယ် စာလုံးများက ဝေဝါးပြီး ???ကုန်တတ်လေသည်။
“ငါ့မှာလဲ အစ်ကိုရင်းမှ မရှိတာ၊ ဒီလိုပဲ ဆုတောင်းတာပဲ နော် ကိုကိုရယ် .. ကိုကိုရော ခင်ဦးကို ညီမရင်းလို ချစ်တာပဲ မဟုတ်လား”
ခင်ဦးက ကိုကို့အား အားကိုးစွာ ကြည့်နေသည်။ ကိုကိုသည် ခင်ဦးကို စိတ်ရှုပ်ထွေးစွာနှင့် ပြန်၍ကြည့်မိသည်။ ငယ်ကတည်းက အတူကစား အတူစားခဲ့ရ၍ ခင်ဦးကို ချစ်သည် မှန်သော်လည်း မည်မျှလောက် ချစ်သနည်း ကိုကိုမသိပေ။ တခါမှလည်း တွေးမကြည့်ဖူးပေ။ တခါတရံ သူတို့ညီအစ်ကို ဂျင်ပေါက်ရာတွင်လည်းကောင်း၊ ဂေါ်လီရိုက်ရာတွင်လည်းကောင်း၊ ကုန်းပိုးတမ်းကစားရာတွင်လည်းကောင်း လာလာရှုပ်တတ်၍ အတန်ငယ်ပင် မြင်ပြင်းကတ်သေးသည်။
ကိုကိုက ဘာမှ ပြန်မဖြေသေးသောအခါ ခင်ဦး၏မျက်နှာလေးသည် ပို၍ ငယ်သွားသည်။ ဘာမှ ဆက်မပြောတော့ပဲ ဘုရားစင်မှ ကြာပန်းနီနီလေးများကို ငေးကြည့်နေသည်။
အဘွားက ဟင်းချိုချက်သောက်ရန် ကြာရိုးဝယ်လာလျှင် ကြာပွင့်များ ပါပါလာမြဲဖြစ်သည်။ အရိုးကို ဟင်းချိုချက်ကာ အပွင့်ကို ဘုရားပန်းကပ်တတ်လေသည်။ ထို့ကြောင့် ခင်ဦးတို့အိမ်တွင် ယနေ့ ကြာရိုးဟင်းချို ချက်မည်ကို မပြောပဲ သိနိုင်လေသည်။
ထိုနေ့က အဘွားပြန်လာမှ သူတို့ အိမ်ပြန်ခဲ့ကြသည်။ ခင်ဦးရှေ့တွင် အဘွားက ဘာမှမပြော။ "ဆေးရုံမှာတော့ ကြာအုံးမှာပေါ့ ငါ့မြေးလေးရယ်၊ ဒါပေမယ့် ဆေးရုံက နေကောင်းအောင် ကုပေးမှာပေါ့” ဟု ပြောလေသည်။
သူတို့ညီအစ်ကို အိမ်ပြန်ရောက်တော့ အဖေလည်း ရောက်နှင့်ပြီဖြစ်သည်။ အမှောင်ရိပ်တွင် ထိုင်ယင်း ဆေးလိပ်ဖွာနေသည်။
“အဖေ ... ဦးလေးမောင် သေမှာလား” ဟု ညီညီက မေးသော် သက်ပြင်းချယင်း ခေါင်းခါပြလေသည်။ ထို့နောက် တဦးတည်း ပြောသလို လေးကန်စွာ ပြောလေသည်။
“ကားက သဌေးရဲ့ မယားငယ်အိမ်ရှေ့မှာ ရပ်ထားတာ၊ အေးမောင်က ကားထဲ ထိုင်စောင့်နေရတာတဲ့၊ ကားမောင်းယင်း အရက်မူးလာတဲ့သူက သူ့ကားကို အသားလွတ်ဝင်တိုက်တာလို့ ပြောတယ်”
“ ဦးလေးမောင်ကရော”
“ညာဘက်ခြေထောက် အရိုးကြေသွားတယ်တဲ့”
“ပြန်ကောင်းမှာလားဟင်... အဖေ”
“ဆရာဝန်မှပဲ သိမှာပဲ သားရယ်”
ကိုကို ငေးကြည့်နေစဉ်မှာပင် အဖေ၏ခါးသည် ရုတ်တရက် ကိုင်းပြီး ပို၍အိုစာသွားသလို ထင်ရသည်။ ခေါင်းကလည်း ငုံ့လျှိုးသွားသည်။
“ဖြတ်ချင်ယင် ဖြတ်နေရမှာပေါ့နော်”
“အေး အဖေကတော့ ဖြတ်ပစ်ရလိမ့်မယ် ထင်တာပဲ ... ခင်ဦးမသိပါစေနဲ့ဦးကွာ”
အဖေက စာနာစွာ ပြောသည်။ အဘွားတို့ ဦးလေးမောင်တို့က ကိုကိုနှင့် ညီညီကို ချစ်သလို အဖေကလည်း ခင်ဦးကို ချစ်လေသည်။
“ကားနဲ့ တိုက်တဲ့သူကို တွေ့ခဲ့တယ်၊ အတော်ချမ်းသာပုံရတယ်၊ အရက်နံ့လေး တသင်းသင်းနဲ့”
“သူက ဦးလေးမောင်ဆီ လာတာလား”
“အင်း... လေးမောင်ကို ငွေငါးရာ လာပေးတယ် ... ဘီစကွတ်တထုပ်နဲ့ ကော်ဖီမှုန့်တထုပ်လဲ ပါတယ်...”
“ဒါနဲ့ ပြီးရောလားဗျ... အဖေတို့က ဝိုင်းပြီး ရိုတ်မလွှတ်လိုက်ဖူးလား”
ညီညီက ဒေါသသံလေးနှင့် ပြောသည်။ အဖေက မှုန်မှိုင်းစွာ ပြုံးယင်း ခေါင်းခါသည်။
“လေးမောင်ရဲ့ သူဌေးလဲ ခဏလာတယ်၊ အဲဒီလူနဲ့ အမှုကို ကျေအေးကြဖို့ ပြောနေကြတယ်၊ အဖေက နားစွန်နားဖျားကြားရတာပေါ့.. ။ အဲဒီလူက ကားကို အသစ်အတိုင်း ပြန်ပြင်ပေးမယ်... အမှုကို ကျေအေးဖို့ ပြောနေတယ်။ တိုက်မိခိုက်မိတုန်းကလဲ ဆင်ခြေဖုံးရပ်ကွက်၊ လမ်းကျဉ်းကလေးထဲမှာ ဆိုတော့ ယာဉ်ထိန်းရဲမှ အနားမှာမရှိတာ၊ သူဌေး အမှုမလုပ်ယင် ပြီးနေပြီ .. ဟာ”
“ ဦးလေးမောင်ကရောဗျာ”
“ငါတို့က ပမွှားပဲ သားရယ်၊ ငါးရာပေးလဲ ကျေနပ်ရမှာပဲ၊ တစ်ထောင်ပေးလဲ ကျေနပ်ရမှာပဲ၊ သူတို့လိုလူတွေနဲ့ ပြိုင်ပြီး အမှုဆိုင်ဖို့ မစဉ်းစားရဲပါဘူး၊ ကိုယ့်ကိုက ကံမကောင်း အကြောင်းမလှလို့ ဖြစ်ခဲ့ရတာ မဟုတ်လား”
ကိုကို၏ရင်ထဲတွင် မကျေနပ်စိတ်တွေ ဆူဝေလာသည်။ ဘာကို မကျေနပ်မှန်း မသိ၊ ဘယ်သူ့ကို မကျေနပ်မှန်းမသိ။ သူ့ရှေ့မှ သောက်ရေအိုးကြီးကို ရိုက်ခွဲပစ်ချင်သလိုလို၊ ပန်းကန်စင် ခနော်နီ ခနော်နဲ့လေးကို ဝုန်းကနဲ လဲအောင် တွန်းပစ်လိုက်ချင်သလိုလိုနှင့် ရင်ထဲတွင် လှိုင်းထနေသည်။ ညီညီ့မျက်နှာလေးကလည်း မှုန်နေသည်။
“အဖေ... ကားကပြင်ယင် ဘယ်လောက်ကုန်မှာလဲ”
“တစ်သောင်းလောက် ကုန်မှာတဲ့”
“ဟာဗျာ... ကားက အသက်မရှိတာချည်းကိုတော့ တစ်သောင်းအကုန်ခံ ပြင်ပေးတယ်။ အသက်ရှိတဲ့လူကျတော့ ငါးရာတည်းလား အဖေရာ”
“သူတို့သနားယင် နည်းနည်းပါးပါး ထပ်ပေးချင်ပေးမှာပေါ့ သားရယ်”
အဖေက ဆီနည်းပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ရေနံဆီမီးခွက်ကို စိုက်ကြည့်နေသည်။ ထို့နောက် သက်ပြင်းချယင်း “ဒီတခါ နည်းနည်း ချောင်လည်ယင် အိမ်ရှေ့ ဓာတ်တိုင်က မီး ခိုးသွယ်လိုက်အုံးမယ် .. သားတို့ စာကျက်ရတာ မကောင်းဘူး” ဟု စကားလွှဲလိုက်သည်။ သို့သော် ညီညီက မျက်မှောင်ကုပ်ဆဲဖြစ်သည်။
“ကားက ပြင်ယင်ရတယ်၊ ဦးလေးမောင် ခြေထောက်က ဖြတ်ပစ်လိုက်ယင် ဘယ်လိုလုပ် အသစ်ဖြစ်တော့မှာလဲ၊ အိမ်မြှောင်အမြီးလို ပြန်ပေါက်တာမှ မဟုတ်တာ”
“သူတို့အတွက်တော့ လေးမောင်ရဲ့ ခြေထောက်ထက် ကား မှန်ကွဲတာ၊ မီးလုံးကွဲတာ၊ ပိန်ချိုင့်သွားတာက ပိုအရေးကြီးနေလို့ပေါ့ကွာ”
ထိုနေ့ညက သူတို့သားအဖသုံးယောက်လုံး ထမင်းမစားနိုင်ကြ။ ခါတိုင်း အစားပုပ်နေကျ ညီညီပင် ငါးဟင်းအိုးကို လူးထားသော သူ့ထမင်းကို ကုန်အောင် မစားနိုင်။ အိမ်အောက်တွင် သားလာပေါက်နေသော ခွေးနီမကို ချကျွေးလိုက်ရလေသည်။
ဦးလေးမောင်၏ ခြေထောက်ကို နောက်တနေ့တွင် ဖြတ်ပစ်ရသည်။ သူတို့နေထိုင်ရာ ဆင်းရဲသားရပ်ကွက်ကလေးတွင် အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ လူတိုင်းကပင် "လေးမောင်နှယ် ကံဆိုးလိုက်တာ” ဟုပြောနေကြလေသည်။
ခင်ဦးတို့အိမ်သို့ သူဌေးက တရက်လာသည်။ အဘွားကို ငွေသုံးရာပေးကာ ခင်ဦးအတွက် သူ့သမီး၏အင်္ကျီဟောင်း ငါးထည် ပေးလေသည်။ သူ့သမီး မကြိုက်တော့သောအင်္ကျီမို့လို့သာ အဟောင်းဟု ဆိုရသော်လည်း အသားကောင်းကောင်း ပုံစံလှလှလေးများမို့ ခင်ဦးအတွက်တော့ အသစ်ပင်ဖြစ်သည်။ အနွေးအင်္ကျီဝတ်စရာမရှိသော ခင်ဦးကလည်း သိုးမွေးဆွယ်တာတထည် ပါလာ၍ သဘောကျသွားဟန်ရှိသည်။ ခင်ဦးဝတ်နေကျ ဖလန်နယ် အနွေးအင်္ကျီလေးမှာ ဟောင်းလှပြီဖြစ်သည်။
ခင်ဦးတို့အိမ်နားမှ အိမ်နီးချင်းများက သူဌေးကို လူထူးလူဆန်းတဦးလို ဝိုင်း၍ကြည့်ကြသည်။ သူဌေးက သူတို့ကို ပြုံး၍ နှုတ်ဆက်သည်။ " ခင်ဦးကို ..မင်းအဖေ နေကောင်းပါပြီကွာ” ဟု နှစ်သိမ့်သည်။ အဘွားကိုလည်း “ကျွန်တော်ပြန်ပါဦးမယ် အဒေါ်” ဟု ယဉ်ကျေးစွာ နှုတ်ဆက်လေသည်။ သူဌေးပြန်သွားသောအခါ “သဘောကောင်းလိုက်တာနော်” ဟု အားလုံးက ဝိုင်း၍ ချီးကျူးကြလေသည်။
ညီညီကမူ သိုးမွှေးအင်္ကျီလေး ဝတ်ကြည့်နေသော ခင်ဦးအား မျက်မှောင်ကုပ်၍ ကြည့်သည်။ “သူ မယားငယ်ထားလို့၊ မယားငယ်အိမ်ရှေ့မှာ ကားရပ်ပြီး စောင့်နေရလို့ ဦးလေးမောင် ကားတိုက်တာကွ” ဟု မကျေမချမ်း ...လှမ်းပြောလေသည်။
ကာယကံရှင် ခင်ဦးကမူ "ဘယ်တတ်နိုင်မှာလဲဟာ ...ငါတို့ကံကိုက ဆိုးတာကိုး။ အဘွားက ပြောတယ်၊ ကံမကောင်း အကြောင်းမလှတဲ့အခါ နေယင်းထိုင်ယင်း ဒီလိုပဲ ဖြစ်ရတာပဲတဲ့၊ ကိုယ့်မှာကိုက ခြေပြတ်ဖို့ကံ ပါလို့ ကြံဖန်ပြီး ဖြစ်ရတာပေါ့တဲ့ ” ဟု မျက်ရည်လေးဝဲဝဲနှင့် ပြောသည်။
ညီညီက ခင်ဦးကို မျက်စောင်းခဲကြည့်ယင်း သူ့လက်ထဲမှ ပြောင်းဖူးရိုးနှင့် ခွေးနီမကို ပစ်ပေါက်သည်။ သူတို့အိမ်အောက်မှ မျှော်ကြည့်ပြီး အမြီးနှံ့နေသောခွေးနီမခမျာ ဂိန်ကနဲ အော်ကာ ထွက်ပြေးသည်။
“ဘာကံလဲ၊ ဦးလေးမောင် ခြေထောက်က အလိုလို ပြတ်ကျသွားတာ မဟုတ်ဘူးဟ ..။ တိုက်တဲ့လူ ရှိလို့ ဖြတ်ပစ်ရတာ၊ အဲဒီကရော တိုက်ဖို့ကံ ပါလာသလား .. ထွတ်... အလကားလူတွေ ထစ်ကနဲရှိ ကံကိုပုံချ”
ခင်ဦးသည် ဒေါသဖြစ်နေသော ညီညီ့ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နှင့် ကြည့်နေသည်။ ဘာမှ ပြန်မပြောပဲ သိုးမွေးအင်္ကျီလေးကို ချွတ်ကာ ထန်းခေါက်ဖာထဲထည့်၍ သိမ်းဆည်းသည်။ ထို့နောက် သူ့ဖခင်စားရန် ကမ္မလာသီးများကို တိတ်ဆိတ်စွာ အခွံနွှာနေသည်။ မနေ့တုန်းက ကားနှင့်တိုက်သူက ကမ္ဗလာသီး အလုံးနှစ်ဆယ် လာပေးသွားသည်။ အနာမြန်မြန်ကျက်ရန် စားပေးပါဟု ဆရာမများက ပြောထား၍ ခင်ဦးနှင့်အဘွားက ကျေးဇူးတင်စွာ လက်ခံကြလေသည်။
ကိုကို ဘာစကားမှ ဝင်မပြောမိ၊ ညီညီ့စကားများကို ထောက်ခံမိသော်လည်း ညီညီ့လိုတော့ ခင်ဦးကို မျက်စောင်းတခဲခဲနှင့် မကျေမချမ်း မပြောရက်ပေ။ ကံကိုယုံ၍ ပုံချရခြင်းသည် တခါတရံ၌ ဒေါသဖြစ်ကာ ကြေကွဲနေရခြင်းထက် စိတ်သက်သာလေသည်။ ညီညီပြန်သွားသောအခါမှ ခင်ဦးသည် မျက်ရည်များ စီးကျလာပြီး ရှိုက်ငိုသည်။
“ခင်ဦးလဲ ဒေါသဖြစ်တာပေါ့ ကိုကိုရယ်၊ ဒါပေမယ့် ဒေါသဖြစ်နေရတာက စိတ်ဆင်းရဲရုံပဲ၊ ကံကိုယုံပြီး ပုံချလိုက်ရတာက ရင်ထဲမှာ သက်သာသေးတယ်”
ခင်ဦးသည် ရုတ်တရက် ချက်ချင်း လူကြီးဖြစ်သွားဟန်ရှိသည်။ စွာစွာလောင်လောင်နှင့် ကဲကဲဆတ် ရန်လိုသော ဟန်များ ပျောက်သွားပြီး မချိပြုံးလေး ပြုံးတတ်လာသည်။
အပိုင်း(၅)ဆက်ရန်
-----------------------
#မစန္ဒာ
0 Comments