မြကြာဖြူ (ခင်နှင်းယု)
_______________
အပိုင်း (၁၂)
၁၇။
"ရှယ်လီရေ ..."
နောက်နေ့ နံနက်စောစော ဒေါ်လီ သူ့အခန်းကို ကူးလာသည်။ ရှယ်လီက နံနက်လက်ဖက်ရည်ပွဲ ပြင်ဆင်နေဆဲဖြစ်၍ ဒေါ်လီကပါ စားပွဲမှာ ဝင်ထိုင်သည်။ ထိုနေ့က တနင်္ဂနွေ နေ့အားဖြစ်သည်။
"ဘာဖြစ်တာလဲ ဒေါ်လီ၊ တို့နှစ်ယောက် ဒီဆေးရုံအိမ်ခန်းရောက်မှ ရှယ်လီကပဲ ဒေါ်လီဆီ အပြေးအလွှား ရောက်ရောက်လာရတာ။ အခုတခါပဲ ဒေါ်လီက လာရတယ်။ ကဲ လက်ဖက်ရည်သောက်ဦး"
အင်နီက ပါမုန့်မီးကင်ကာ ထောပတ်သုတ်၍ စားပွဲပေါ် လာချပေးသည်။ တနင်္ဂနွေနေ့ဖြစ်၍ မကြည်တို့ အလုပ်မဆင်းပါ။
"ကိုယ်တို့ မန္တလေးပြောင်းရမယ်"
"ဟယ် ..."
ရှယ်လီ အံ့အားသင့်သွားသလို ဂျင်မီနှင့် အင်နီကလည်း အံ့ဩသွားသည်။
"ဟင် အန်တီဒေါ်လီတို့မရှိရင် မာမီ ပျင်းနေတော့မယ်၊ သားတို့လည်း ဖိုးထောင်တို့နဲ့ မကစားရတော့ဘူး"
ဂျင်မီက ဆိုလိုက်၏။
"အစိုးရအလုပ်ကိုးကွယ့်၊ သားတို့ငယ်ငယ်ကလည်း သားတို့မာမီ နယ်အနှံ့ ပြောင်းခဲ့ရတာပဲ"
ရှယ်လီက ဒေါ်လီစကားကို လက်ဖက်ရည်သောက်ရင်း ငြိမ်သက်စွာ နားထောင်နေသည်။
"မာမီတို့ စကားပြောရစ်ကြဦး။ မကြည် မလာတော့ ဒီနေ့ သား သန့်ရှင်းရေးလုပ်ရမယ်"
ဂျင်မီက ဧည့်ခန်းထွက်သွားသလို အင်နီကလည်း မီးဖိုခန်းထဲ ဝင်သွားသည်။
"ဒေါ်လီရယ် ...မင်း သွားရတော့မယ်နော်၊ ရှယ်လီ သိပ်အားငယ်တယ်ကွယ်၊ တကယ်ပဲ မင်းတို့လင်မယားကို ရှယ်လီ အားကိုးနေရတာ"
ရှယ်လီက ဝမ်းနည်းစကားဆို၏။ ဒေါ်လီသည် သူ့အပေါ်တွယ်တာသော ရှယ်လီ၏သံယောဇဉ်အတိုင်းအတာကို သူ နားလည်ပါသည်။
"ကိုယ်ကလည်း မခွဲချင်ပါဘူးကွယ်၊ ဘာပဲဖြစ်ဖြစ် မင်း ယောက္ခမတွေနဲ့ ပြေလည်လာပြီပဲ"
"ဟုတ်တယ်၊ ဒေါ်လီမလာရင် ရှယ်လီ ဒေါ်လီတို့အခန်းဘက် ကူးမလို့၊ မနေ့ညက ဂျင်မီ့အဘိုးအဘွားတွေက ဂျင်မီ စာမေးပွဲအောင်လို့ ပါတီပေးတယ်။ ကလေးတွေချည်းမို့ ဖိုးထောင်တို့ကိုပဲ ဖိတ်တာ။ မင်းကိုမဖိတ်တာ စိတ်မရှိနဲ့နော်၊ ကလေးတွေ ခြံထဲမှာ ရှိနေတုန်း အဘိုးကြီးအဘွားကြီးက ရှယ်လီကို ဧည့်ခန်းမှာ ခေါ်ပြီး စကားပြောတယ်။ သူတို့အိမ် ပြောင်းလာဖို့ "
"ဟယ် ...ရှယ်လီရယ်၊ ကံကောင်းလိုက်တာ၊ မင်း ဒီမှာ အထီးကျန် မနေရစ်ခဲ့ရဘူးပေါ့။ ဘာပဲပြောပြော ဒေါ်လီတို့ပြောင်းသွားရင် နောက်လူသစ်က တို့လို ကျောင်းနေဘက်သူငယ်ချင်းမဟုတ်တော့ဘူးလေ"
ဒေါ်လီက ဝမ်းသာအားရ ပြောလိုက်၏။ ရှယ်လီက ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။
"တဖက်က တွေးတော့လည်း ဝမ်းသာစရာပေါ့။ ဒါပေမဲ့ ဒေါ်လီ မင်း တွေးကြည့်စမ်း၊ မာမီတို့ ဒီစကား ဘာလို့ပြောလဲဆိုတာ"
ဒေါ်လီက ရှယ်လီ့မေးခွန်းကို မဖြေ၊ ငေးကြည့်နေသည်။
"သူ့သား ပြန်မလာဘူးဆိုတာ သေချာလို့ပေါ့၊ ရှယ်လီတို့ ဒီဆေးရုံအိမ်ခန်းမှာ နေခွင့်မရှိတော့ဘူးလေ၊ အဘိုးကြီးနဲ့ အဘွားကြီးက စကားပြော သိပ်လိမ္မာတာပဲ။ သူတို့သား ပြန်မလာဘူးဆိုတာလည်း တလုံးမှမပြောဘူး။ သလ်မာအကြောင်းလည်း မဟဘူး၊ ဒါပေမဲ့ ဘာပြောသလဲဆိုတော့ ....လင်းရွှေအောင် အင်္ဂလန်တောင်ပိုင်း ဝေးလ်နယ်က ဆွမ်းဆီးမြို့ဆေးရုံမှာ အလုပ်လုပ်နေတယ်တဲ့၊ ပြီးတော့ ရှယ်လီ သူတို့အိမ် ပြောင်းခဲ့ပါ၊ ဂျင်မီနဲ့အင်နီကျောင်းစရိတ်လည်း သူတို့ တာဝန်ယူတယ်၊ နောက် ရှယ်လီ ကုမ္ပဏီအလုပ်ကျွမ်းကျင်ရင် သူတို့ ငွေရင်း ထုတ်ပေးမယ်တဲ့။ ကိုယ်ပိုင်ကုမ္ပဏီထောင်တဲ့၊ ဒါတွေအားလုံး ဆက်စပ်ကြည့်တော့ ... လင်း ပြန်မလာတော့ဘူးဆိုတဲ့အဓိပ္ပါယ် ...ရှင်းနေတာပဲ"
ရှယ်လီက ဝမ်းနည်းစွာ ပြောနေသလို ဒေါ်လီက သက်ပြင်းကြီး ချလိုက်၏။
"တခုရှိတယ် ရှယ်လီ၊ သူတို့ ဖွင့်မပြောလဲ သလ်မာနဲ့လင်းရွှေအောင် လက်ထပ်သွားတာ သေချာပြီ၊ မင်းအသိပဲ။ ကျန်ရစ်တဲ့သားသမီးကို အဘိုးအဘွားတွေက စွန့်ပစ်ထားရော တို့ ဘာတတ်နိုင်မှာလိုက်လို့၊ သူတို့ဘက်က တာဝန်ကျေပါတယ် ရှယ်လီ၊ ကစဉ့်ကရဲ မဖြစ်တော့ဘူးလေ"
"ဒါတော့ ဟုတ်ပါတယ် ဒေါ်လီ၊ ရှယ်လီလက်ထပ်စဉ်က သူတို့ မကျေနပ်၊ သဘောမတူဘူး၊ ရှယ်လီက ကပြား၊ သူတို့က ရခိုင်စစ်စစ်တွေဆိုတော့ ရေရှည်မှာ ရှယ်လီနဲ့ဖြစ်ပါ့မလား ဆိုတာတွေလည်း တွေးမိတယ်။ ပြီးတော့ လက်ထပ်ပြီးကတည်းက ကိုယ့်အိမ်ထောင်ကို ဦးစီးလာတဲ့မိန်းမတယောက်ဟာ ယောက္ခမလက်အောက် ခေါင်းလျှိုဝင်ရမယ်ဆိုတော့ ...."
ရှယ်လီက တပိုင်းတစ စကားရပ်ထား၏။
"လျှိုသင့် လျှိုရမယ် ရှယ်လီ၊ တို့သူငယ်ချင်းချင်း ပွင့်ပွင့်လင်းလင်းပြောရရင် မင်းဟာ ကပြားသွေးပါတယ်။ ကျောင်းနေတုန်းက ကပြားဆန်ဆန်နေခဲ့တာ မှန်တယ်။ အိမ်ထောင်ကျပြီး ဒေါ်လီမြင်သလောက်တော့ ရှယ်လီ မြန်မာအိမ်ထောင်ရှင်မတယောက်လို နေခဲ့တာပဲ။ ပြီးတော့ မင်းမှာ စုပြီးဆောင်းပြီး ဘာအခြေနေမှ အသင့်မရှိသေးခင် ဒီအိမ်က ဆင်းရတော့ မင်း ဘယ်သွားနေမလဲ၊ သူတို့ခေါ်တာပဲ ကျေးဇူးတင်ရမယ်၊ နောက်တခုက ဒေါ်လီ တခါက ပြောသလိုပဲ၊ မင်းအရေးထက် ကလေးတွေအရေးကို ဦးစားပေးရမယ်။ လင်မယား စိတ်သဘောချင်း မတိုက်ဆိုင်လို့ ကွဲသွားကြလည်း ကျန်တဲ့သားသမီးကို ကြက်မကြီးလို အုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရတာက တို့မိခင်တွေပဲ။ သူတို့ကတော့ ကျောကော့ဆင်းသွားကြတာပဲ။
ရှယ်လီ ကုမ္ပဏီခွဲထောင်ပြီး လုပ်ငန်းတွေ စပြီးဆိုရင် အိမ်ကို လှည့်ကြည်နိုင်မှာမဟုတ်ဘူး။ ဂျင်မီကလည်း အရွယ်ရောက်ပြီ၊ အင်နီလည်း နောက်နှစ်ဆို တက္ကသိုလ်ရောက်တော့မယ်။ အပျိုပေါက်လေးဖြစ်လာပြီ။ မင်း အလုပ်တွေနဲ့ အပြင်မှာရှိနေချိန်မှာ ဒီကလေးတွေကို အုပ်ထိန်းဖို့ကိစ္စရှိတယ်လေ၊ သူတို့အဘွားဟာ သူတို့အတွက် အကောင်းဆုံးအုပ်ထိန်းသူပဲ။၊ပြီးတော့ ဘာပဲဖြစ်ဖြစ် သူတို့အဘိုး ဦးရွှေဇံအောင်ရဲ့အရိပ်က သူတို့အပေါ် မိုးပြီး အစစ အကာအကွယ်ဖြစ်တာပေါ့၊ ကလေးတွေအတွက် အဘိုးအဘွားအရှိန်အဝါဆိုတာ ရှိသေးတယ် ရှယ်လီ"
သူတို့နှစ်ယောက် ဘာစကားမှဆက်မပြောဘဲ တိတ်ဆိတ်စွာ လက်ဖက်ရည်သောက်ရင်း ပါမုန့်ထောပတ်သုတ်ကို စားနေသည်။
"ကလေးတွေ ကျောင်းသွားဖို့ လုပ်ပေးရဦးမယ်၊ ကိုဖေသိန်းကိုလည်း ဘာမှလုပ်မပေးရသေးဘူး။ ဒေါ်လီပြန်မယ် ရှယ်လီ"
ဒေါ်လီက ထလိုက်၏။ ရှယ်လီသည် ဒေါ်လီ့ပခုံးဖက်ကာ တံခါးဝအထိ လိုက်ပို့သည်။
"ရှယ်လီထင်တယ်လေ၊ လင်းနဲ့လက်ထပ်ပြီး ရှယ်လီ့ဘဝ ဝတ္ထုတပုဒ်လို နိဂုံးချုပ်ပြီး အောက်မေ့နေတာ၊ ခုမှ ရှယ်လီ့ဘဝဝတ္ထုကို စရမှာ ဒေါ်လီ"
"မင်း .....ကံကောင်းမှာပါ"
ဒေါ်လီက နှုတ်ဆက်ကာပြန်သွားသည်။ ရှယ်လီက ဧည့်ခန်းမှာ ထိုင်ရင်း ဒေါ်လီ့စကားတွေကို ပြန်တွေးနေသည်။ အုပ်ထိန်းခြင်းတဲ့။ သူ့သားနှင့်သမီးအတွက် အဘွား၏အုပ်ထိန်းမှု လိုသတဲ့။
သူ ငယ်စဉ် စစ်မဖြစ်မီက ပြင်ဦးလွင်မြို့ ကွန်ဗင့်မှာ ကျောင်းအိပ်ကျောင်းစားအဖြစ် ငယ်ငယ်ကတည်းက နေရသည်။ ကျောင်းမှာ ကျောင်းယူနီဖောင်း ဂါဝန်ဖြူ ဝတ်ရသည်။ အင်္ဂလိပ်စကားပြောရသည်။
အိမ်ပြန်ရောက်လျှင်တော့ မာမီက သူ့ကို ပုံသွင်းသည်။ မာမီသည် ရှမ်းအမျိုးသမီး ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်သည်။ ဒက်ဒီ့အလိုကျ အဖေနှင့်အမေကို ဒက်ဒီ၊ မာမီ ဟုခေါ်ခွင့်ပြုသော်လည်း အဝတ်အစားနှင့် ပတ်သက်၍မူ
"ကျောင်းမှာပဲ ဂါဝန်ဝတ်၊ အိမ်မှာ ထဘီဝတ်ရမယ်"ဟု ဆိုသည်။ အိမ်အလုပ်များ သူ့ကို ခွဲတမ်းချပေးရမှာ နံနက်စောစော ဘုရားဆွမ်းတော်ကပ်၊ ရေချမ်းကပ်ရသည်။ မောင်လေးနှင့်အတူ ဘုရားရှိခိုး၊ ဆွမ်းကပ်၊ ပန်းကပ် မာမီက သင်ပေးသည်။ ညနေ ဘုရားပန်းအိုးလဲရသည်။ ဥပုသ်နေ့များ ဥပုသ်စောင့်သွားလျှင် သားနှင့်သမီးကို မာမီက ခေါ်ဆောင်သွားသည်။
တခြားနေရာတွေမှာ မာမီသည် ဒက်ဒီ့အလိုကျ လိုက်လျောပေမယ့် သူ၏အယူဝါဒ ဗုဒ္ဓဘာသာမှ မပြောင်း၊ ဒက်ဒီ့ကို ဗုဒ္ဓဘာသာယူပါဟု သူ မဆွယ်ပါ။
ဒက်ဒီက ကပြားပီပီ ခဏခဏ ပါတီပွဲတွေပေးလျှင်တော့ မာမီက မငြိုမငင် ဒက်ဒီ့စိတ်တိုင်းကျ လုပ်ပေးသည်။ ဆုတောင်းပွဲများ၊ ခရစ်စမတ်ပွဲများလုပ်လျှင်လည်း မာမီက လှိုက်လှိုက်လှဲလှဲ ဆောင်ရွက်ပေးသည်။ ခရစ်စမတ်ညစာစားပွဲမှာ ကြက်ဆင်သား Turkey)ပါသည်မှာ ဒက်ဒီကြိုက်သည်ဖြစ်၍ မာမီက ပံ့သကူသားရအောင် တပည့်များထံမှ ကြိုတင်စီစဉ်ပေးတတ်သည်။
သို့သော် ဒက်ဒီအရက်ကြိုက်သည်ကို မာမီခွင့်ပြုသော်လည်း လူကြီးလူကောင်းသောက်နည်း အလှသောက်ဖို့တော့ ခွင့်ပြုသည်။ အိမ်မှာ ဒက်ဒီ့အကြိုက် စီစဉ်ပေးသည်။ အဝသောက်ခြင်းကိုတော့ မာမီထိန်းချုပ်ထားသည်။
မာမီ ဘုန်းကြီးကျောင်းသွားသည်ကို ဒက်ဒီကလည်း မကန့်ကွက်။ မောင်လေး ဂျော့စိုင်းအေး အသက်၇နှစ်တုန်းက ရှင်ပြုခွင့်ရခဲ့သည်။ သူတို့မောင်နှမမှာ ဗုဒ္ဓဘာသာအဖြစ် နေခွင့်ရခဲ့သည်။
ထိုစဉ်က အချိန်လေးကို သူ လွမ်းဆွတ်မိသား၊ မာမီ၏ထိန်းချုပ်ကွပ်ကဲမှုအောက်မှာ စီးပွားရေးကအစ သူတို့မိသားစု ပြေလည်ခဲ့သည်။ ဒက်ဒီ၏အင်ဂျင်နီယာဝင်ငွေက မနည်းခဲ့ပါ။ သို့သော် သူ အပျိုပေါက်အရွယ်မှာ မာမီ ကွယ်လွန်ခဲ့သည်။
နောက်မိထွေးက သဘောကောင်းသော ခရစ်ယာန်အမျိုးသမီးကြီးတစ်ယောက်။ ဒက်ဒီနှင့် မျိုးတူကပြား။ စိတ်တူသဘောတူလွန်းတော့ သောက်တာလည်းတူကြသည်။ ပါတီကို ကြိုက်တာလည်း တူကြသည်။ မိထွေးနှင့်ရသောသမီးတွေက ခရစ်ယာန်ဖြစ်နေသည်။
မိထွေးလက်မှာ ထိန်းချုပ်မှုမရှိတော့သော ဒက်ဒီသည် အရက်ကို အဝသောက်စပြုလာသည်။ ကလပ်မှာ အချိန်ကုန်သည်က များသည်။ ပါတီပွဲတွေမှာဆိုလျှင်လည်း စုံတွဲနွှဲကြသည်။
ဘာသာကွဲပြားမှုကြောင့် သူတို့မိသားစုမှာ စိတ်ဝမ်းကွဲပြားမှုမရှိသော်လည်း မိထွေးကပြားလက်ထဲတွင် သူ အပျိုဖော်ဝင်ခဲ့သည်။ မိထွေးက သဘောထားကောင်းလွန်းသည်ကလွဲ၍ အိမ်နှင့်လင်ကို ထိန်းကွပ်ရာမှာတော့ ပျော့ညံ့သည်။ မာမီစုဆောင်ထားခဲ့သောပစ္စည်းများ တစတစ လျော့နည်းလာသည်။
သူ့ကိုတော့ ဒက်ဒီက ၁၀တန်းအောင်ရုံမက တက္ကသိုလ်ရောက်အောင် ထားပေးပါသည်။ သူ တက္ကသိုလ်ရောက်သည်အထိ ဒက်ဒီတို့စီးပွားရေးကို ဘာမှမသိ။ သူ ကောင်းကောင်းသုံးသည်။ လှလှဝတ်သည်။ ဒက်ဒီပို့သောငွေကို ကိုင်သုံးရ၍ ဆန်းသမျှ ဝယ်ဝတ်ခဲ့သည်။
မိထွေးပတ်ဝန်းကျင်မှာ သူ ကြီးပြင်းခဲ့သည်ဆိုလျှင် မှန်မည်။ ဗုဒ္ဓဘာသာမှ မကူးပြောင်းတာပဲရှိသည်။ ကျန်တာက ကပြားတွေ၏ဓလေ့မှာ သူ ပျော်မွေ့ခဲ့သည်။
နမ္မတူ၏ဥရောပအငွေ့အသက်များ ပျော်ဝင်နေသော ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့၍ စစ်ပြီး တက္ကသိုလ်ရောက်တော့လည်း သူ့ဟန်ပန် အမူအကျင့်က အနောက်တိုင်းဆန်ခဲ့သည်။
အုပ်ထိန်းမှု၊ မွေးဖွားရာပတ်ဝန်းကျင်သည် လူတယောက်၏အနာဂတ်ကို ဖန်တီးနေသည်ပဲ။ ဒေါ်လီကို ကျေးဇူးတင်ပါသည်။ သူ မေ့လျော့သွားသောအကွက်လေးကို ထောက်ပြသွားသည်။
ဤသားနှင့် သမီးကို ကျောထောက်နောက်ခံရှိဖို့၊ အရွယ်ရောက်စ ငယ်နုသူတို့အတွက် သင့်လျော်သောအုပ်ထိန်းမှု ရယူဖို့ သူ့ယောက္ခမများ၏အရှိန်အဝါကို ခိုလှုံရပေမည်။ သူ အောက်ကျို့လိုက်ပါတော့မည်။
၁၈။
အိမ်ပြန်ရောက်တော့ ဒေါ်လီက ကိုဖေသိန်းကို ရှယ်လီအကြောင်း ပြောပြသည်။
ကိုဖေသိန်းက ထိုင်ရင်းပဲ လင်းရွှေအောင်ကို သတိရနေသည်။ ဟိုတခါ ရှယ်လီ နမ္မတူပြန်စဉ်က သူ လင်းတို့အခန်းဘက်သွားကာ အရက်သွားသောက်ကြသည်။
"ငါ့ဝေဒနာကို ဘယ်သူမှမသိပါဘူးကွာ"
သူကသာ နည်းနည်း မြုံ့ရုံမြုံ့ကာ အရသာခံနေပေမယ့် လင်းရွှေအောင်က တဖန်ခွက်လုံးမော့ချကာ မူးမူးရူးရူးစကားပြောနေသည်ကို သတိရမိသည်။ လင်းရွှေအောင်အပေါ် ဘာပဲပြောပြော သူငယ်ချင်းဆိုတော့ သူလည်း တွယ်တာမိပါသည်။
လင်းရွှေအောင်အဖြစ်ကို စိတ်မကောင်း။ သူ့သူငယ်ချင်းသည် ဆရာဝန်တယောက်အနေနှင့် လူနာအပေါ်မှာတော့ ဆရာဝန်ကောင်းတယောက်။ ရှယ်လီ့အပေါ်မှာတော့ သူ့အပြုအမူတွေက လင်သားကောင်းတယောက်မပီသခဲ့။ အရက်မူးမူးနှင့် လင်းရွှေအောင်ပြောခဲ့သောစကား သူ ပြန်တွေးမိနေသည်။
"လူနာတွေအပေါ်မှာသာ မေတ္တာ ကရုဏာ ရှေးရှုပြီး ရင်ဝယ်သားလို သနားရမယ်လို့ သစ္စာဆိုခဲ့တာကွ။ မိန်းမအပေါ်မှာ သစ္စာရှိရမယ်လို့ ငါ သစ္စာမဆိုခဲ့ပါဘူး"တဲ့။
သတိလက်လွတ်စွာ လင်းရွှေအောင် ပြောခဲ့သည်။ သူတို့ ဆရာဝန်ဘွဲ့ယူစဉ်က အဓိဌာန်ပြု ကတိသစ္စာဆိုရာမှာ လူနာတွင်သာမဟုတ်။
"ကျွန်ုပ်သည် လူသားအားလုံး၏ ကိုယ်၏ကျန်းမာရေး စိတ်၏ချမ်းသာရေးကို "ကျွန်ုပ်၏အရေးကဲ့သို့ ယူဆပါအံ့"ဟု ဆိုခဲ့သည်။ ရှယ်လီသည် လူသားများအားလုံးတွင် ပါဝင်ခဲ့သည် မဟုတ်ပါလား။ ေဩာ်....လင်းအဖြစ်က တမြစ်ရိုးလုံးကြည်ပြီး သောက်ရေအိုးမှာ ကွက်၍နောက်သော သူ့အပြုအမူကို ကိုဖေသိန်းလည်း နားမလည်။ သောက်ရေအိုးမှာ ကွက်၍နောက်ခြင်းကို သူ ပြောစဉ်ကလည်း လင်းရွှေအောင်က ရှယ်လီ၏ကံကြမ္မာတဲ့။
"ကိုတော့ စိတ်ပူမိသေးတယ်၊ အင်္ဂလန်မှာရော လင်းအရက်ဖြတ်ပါ့မလား"
ဇနီးဖြစ်သူကို ပူပူပန်ပန် သူက မေးလိုက်သည်။ ဒေါ်လီက ကလေးများ ကျောင်းသွားဖို့ ပြင်ဆင်ပေးပြီးမှ သူ့အနားရောက်လာသည်။
"ခက်သားလား ကိုကိုသိန်းရာ၊ ရာသီဥတုအေးတော့လည်း အေးတာကို အကြောင်းပြ၊ စိတ်ညစ်တော့လည်း စိတ်ညစ်တာ အကြောင်းပြ၊ ကိုကို့သူငယ်ချင်းက အမျိုးမျိုးအကြောင်းပြပြီး သူသောက်ချင်လို့ သောက်နေတာ၊ ဒေါ်လီတော့ လင်းကို အားမရပါဘူး"
ကိုဖေသိန်းက ဘာမှပြန်မဖြေ။ သူ့သူငယ်ချင်း ဒေါက်တာမြင့်မောင်ဦး ပြန်လာတုန်းကလည်း လင်းသတင်းကို ပြောပြသည်။ သလ်မာက သူနာပြုသင်တန်းအောင်သွားပြီး အလုပ်လုပ်နေသတဲ့။ ဆွမ်းဆီးမြို့ဆေးရုံကို ပြောင်းသွားမှ သူနှင့်မတွေ့တော့။ လန်ဒန်မှာ နေစဉ်က အနားယူချိန်မှာ လင်းရွှေအောင် အရက်သောက်သည်မှာ စိုးရိမ်စရာကောင်းကြောင်း ပြောပြသည်။
"လင်းကို ကိုကိုနှမြောတယ်၊ သူဟာ လူတော်တယောက်"
"လူကောင်းတယောက်ဖြစ်ဖို့လည်း လိုတယ်လေကိုကို"
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ဖြေမရအောင် သူ့ရင်ထဲ ဘာတွေခံစားနေရလဲမှ မသိတာ"
"ဖြေ မရအောင် ...."
ဒေါ်လီက ကိုဖေသိန်းစကားကို လိုက်ဆိုသည်။ ကိုဖေသိန်းက လင်းရွှေအောင်သူငယ်ချင်းဖြစ်သလို ဒေါ်လီက တူးတူးနဲ့ရော ရှယ်လီနဲ့ရော သူငယ်ချင်းအကြောင်းသိတွေဖြစ်ကြသည်။
"ဖြေမရအောင်လို့ ကိုကိုက ပြောတယ်၊ ဖြေမရအောင် သူ့မှာ ဘာတွေဖြစ်နေလို့လဲ"
"ခက်ပါတယ်ဒေါ်လီရာ၊ မင်းကလည်း လင်း ဘာတွေ သူ့မှာ ခံစားနေရလဲမှ မသိဘဲနဲ့"
"လင်းဟာ ခံစားတတ်တဲ့သူတယောက်လို့ ကိုကိုထင်လား"
"ထင်တာပေါ့၊ သူ တူးတူးကို တော်တော်ချစ်ခဲ့တယ်၊ ပြီးတော့ တူးတူးဟာ သူ့ရဲ့အချစ်ဦး။ ကိုကိုအသိဆုံးပေါ့။ ရိုးရိုးသားသား သူ့အပေါ် တယောက်ဆို တယောက်အဖြစ်နဲ့ တူးတူးက ချစ်ခဲ့တာ၊ တူးတူးမှာ ဘာအပြစ်မှမရှိဘဲ သူ သစ်စိမ်းချိုးချိုးမိတာကို တွေးမိတိုင်း ခံစားနေရမှာပေါ့"
ဒေါ်လီက ခေါင်းယမ်းလိုက်၏။
"ဒေါ်လီ ကိုကိုဆိုလိုတာကို နားလည်ပြီ၊ တူးတူးကို မေ့မရနိုင်လို့ အရက်နဲ့ ဖြေတယ်ပေါ့ ....ဟုတ်လား"
"မေ့မရတာထက် သူ တူးတူးကို ရက်စက်မိတယ်ဆိုတဲ့ နောင်တက ရင်ထဲမှာ တနုံ့နုံ့ဖြစ်နေမှာပေါ့။ စူဠသုဘဒ္ဒါသေရတာ နောင်တပေါက်ကွဲမှုကို မခံနိုင်လို့ ရင်ကွဲနာကျ သေရတာ။ နောင်တတရားဟာ သိပ်ကြောက်ဖို့ကောင်းတယ်"
ဒေါ်လီက ကိုဖေသိန်းပြောသည်ကို ဘဝင်မကျနိုင်ပါ။
"အင်းပေါ့လေ၊ နောင်တတရားကိုတော့ ဒေါ်လီ ဘာမှမပြောလိုပါဘူး။ ခံစားမှုဆိုတာကိုတော့ ဒေါ်လီပြောချင်တယ်၊ ရှယ်လီ့ကို လင်း ယူသွားတုန်းက တူးတူး ဘယ်လိုခံစားရလဲဆိုတာ ကိုကိုသိစေချင်တယ်။ ကိုကို့သူငယ်ချင်းရဲ့ခံစားမှုထက်တော့ တူးတူး မသေးပါဘူး။ တူးတူးလည်း အလူးအလိမ့်ခံရတာပါပဲ၊ ဒေါ်လီသိတယ်၊ သလ်မာကို လင်းယူသွားတော့လည်း ရှယ်လီ မပြောသင့်တဲ့စကားတွေ ပြောတဲ့အထိ ကယောင်ချောက်ချားကို ဖြစ်သွားတာပဲ။ ဒါပေမဲ့ တူးတူးလည်း တိုင်းမင်းကြီးကတော်ဘဝမှာ သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနေသွားတာပဲ။ ရှယ်လီလည်း သူ့သားသမီးနှစ်ယောက်ကို ကြက်မကြီးလို အုပ်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နေသွားတာပဲ။ ရှယ်လီ အနေအထိုင်ပြောင်းသွားတာကို ဒေါ်လီတောင် အံ့ဩမိတယ်။ ကိုကို့သူငယ်ချင်းကျမှ ခံစားမှုကို အရက်နဲ့ ကုရတယ်လို့။ ပြီးတော့ သူကပဲ စတင်ခွဲခွာခဲ့တဲ့လူ။ မိန်းမတွေမှာ ခံစားမှုအသည်းနှလုံး မရှိရတော့သလိုပဲ"
ကိုဖေသိန်းက ဇနီးသည်ကို မော်ကြည့်လိုက်၏။ သူ့သူငယ်ချင်းတွေဘက်က ဒေါ်လီက နာကျည်းဟန်ရှိသည်။ သူ ဘာမှပြန်မဖြေလိုတော့ပါ။ ဘာပဲပြောပြော မိန်းမနှင့်ယောက်ျားမှာ ဣနြေ္ဒဟူသော ထိန်းသိမ်းမှုက မိန်းမတွေက သာကြသည်။ ဝမ်းနည်းကြေကွဲမှုကို ခံစားရစဉ်ဖြစ်ဖြစ်၊ ဝမ်းသာမှုကို ခံစားရစဉ်ဖြစ်ဖြစ် ဣနြေ္ဒထိန်းချုပ်မှုကြောင့် သူတို့ ဖရိုဖရဲပေါက်ကွဲမှု မဖြစ်ကြ။ ဖြစ်သူတွေရှိပေမယ့် နည်းသည်။
ဣနြေ္ဒအဓိပ္ပာယ်ကိုက ကြီးစိုးခြင်း၊ ထိန်းချုပ်ခြင်း။ ယောက်ျားတွေက ထိန်းချုပ်စရာမလို၊ လွတ်လပ်ခြင်းက ယောက်ျားများကို သဘာဝက ပေးထား၍ ဖြစ်စရာရှိလျှင် အလွန်အကျွံ ထိန်းချုပ်မဲ့ဖြစ်တတ်သည်ဟု သူ ယူဆသည်။ ခံစားရတာချင်းအတူတူ ခံစားမှုဝေဒနာကို မိန်းမတွေက ဣနြေ္ဒနှင့် ထိန်းချုပ်နိုင်စွမ်းပေမယ့် ယောက်ျားတွေက အစားထိုးဖြေဖျောက်ကြသည်။ ဒီလိုနှင့် ကောင်းသောအစားထိုးမှုမရသောအခါ သူတို့သည် ဝေဒနာကျွန်ဖြစ်ကာ ပျက်စီးရသည်ပဲ။
ကိုဖေသိန်း သက်ပြင်းချလိုက်၏။
"အင်းပေါ့လေ၊ ယောက်ျားမှာလည်း အသည်းနှလုံးနဲ့ပေါ့ဆိုတဲ့ သီချင်းလိုပေါ့။ 'စောဗုဒ္ဓဟောကြားတဲ့ လောကုတ္တရာတရားနဲ့ဖြေသော်လည်း မပြေ'ဆိုတဲ့ သီချင်း ကြားဖူးတယ်မို့လား၊ လင်းလည်း လောကုတ္တရာတရားနဲ့ ဖြေမရတော့ အရက်နဲ့ဖြေရင်း အရက်က နိုင်သွားတာပါပဲ"
"ဟုတ်ပါ့လေ၊ ကိုကို့သူငယ်ချင်းလား လောကုတ္တရာတရားနဲ့ဖြေမှာ၊ မိန်းမတွေမှာတော့ ချစ်သူနဲ့မရ။ မိဘပေးစားတာယူရလည်း လက်ထပ်တဲ့လင်ကို သစ္စာရှိစွာ ပေါင်းရတာပါပဲ၊ အရက်လည်းမသောက် ဘာလည်း မသောက်ပါဘူး"
ဒေါ်လီက ငေါ့ငေါ့လေး ပြောလိုက်သည်။
"ဒေါ်လီကလဲကွယ်၊ တူးတူးဟာ ဦးဘဇံကြီးကို လက်ထပ်ထားပေမယ့် လင်းကိုမေ့ရမယ် ထင်သလား"
"မထင်ပါဘူး ...မထင်ပါဘူး ...မေ့သွားတယ်လို့လည်း ဒေါ်လီမပြောပါဘူး။ မေ့မရပေမယ့် ရင်ထဲမှာ သိမ်းဆည်းထားပြီး သစ္စာရှိရှိပေါင်းသွားတယ်လို့ ဒေါ်လီပြောတာ"
ဒေါ်လီက စကားစဖြတ်ကာ ရှယ်လီနဲ့သူ တူးတူးဆီသွားသောနေ့ကို သတိရသည်။ ရှယ်လီက စိတ်ကယောက်ကယက်နှင့် ပြောချင်တာတွေ ပြောစဉ်က တူးတူး၏အဖြေက ရှင်းသည်။
"လင်းကို ချစ်နေသေးလားမေးရင် တူးတူး ချစ်နေသေးတယ် ဖြေမယ်၊ ဒါပေမဲ့ လက်ထပ်မလားမေးရင် တူးတူးနဲ့ ပထမတွေ့စဉ်ကနဲ့ လုံးဝမတူတော့တဲ့လင်းကို လက်မထပ်နိုင်ဘူး"
ဒေါ်လီသည် တူးတူးသဘောထားကို သူ သိခဲ့သမျှ ကိုဖေသိန်းကို ပြောပြလိုက်သည်။ ကိုဖေသိန်း နားလည်ပါသည်။ တူးတူးခံစားရမှာက ချစ်သူက စွန့်ပစ်သွားသောကြောင့် ခံစားရသောဝေဒနာ၊ လင်းခံစားရမှုက အပြစ်မရှိသော ချစ်သူအပေါ် ရက်စက်ခဲ့သောပြစ်မှု၏ နောင်တဝေဒနာ ဖြစ်သည်။
အရက်မူးတယ်ဆိုပေမယ့် သူ့သူငယ်ချင်းလင်း၏ အဘိဓမ္မာဆန်သော စကားလုံးများကိုတော့ သူ သတိရနေဆဲပါ။
"ရှယ်လီကလည်း ကိုယ့်ကို လိုချင်တယ်၊ လိုချင်တဲ့အတွက် ရအောင် အားထုတ်ကြိုးပမ်းတယ်၊ သူ့အလှအပ မာယာဆွဲဆောင်မှုတွေနဲ့ပေါ့။ ကိုယ်ကလည်း သူ့ကို သာယာတယ်၊ ရမ္မက်ကို မထိန်းနိုင်ဘူး။ သူ့ကိုလိုချင်တယ်၊ တယောက်နဲ့တယောက် စွဲလမ်းမှု ပြင်းထန်လာတော့ တို့နှစ်ယောက် လိုချင်တာကို ရအောင် လုပ်ကြတယ်။ တို့ လိုချင်တာရလို့ ရလာတဲ့? နောက်ဆက်တွဲအကျိုးဆက်တွေ တို့နှစ်ယောက် ခံစားကြရတာပဲ။ မဆန်းပါဘူး သူငယ်ချင်း"
ေဩာ် .....လင်းရွှေအောင်၊ ပဋိစ္စသမုဒ်ပတ်ကို ပါဠိလို မသိ။ သူ့ကိုယ်တွေ့နှင့် ပြောပြသွားခြင်းဖြစ်၏။။
လိုချင်လာမှု ပြင်းပြလာတော့ စွဲလမ်းသည်။ စွဲလမ်းတော့ ရအောင်လုပ်သည်။ ရအောင်လုပ်တော့ ဖြစ်လာသည်။ ဖြစ်လာတော့ ဘဝအကျိုးဆက်?ကို ခံစားကြပေတော့။
ဆက်ရန်
-------------------------------
0 Comments