တိမ်ဖုံးပါလို့ လမသာ-မစန္ဒာ အပိုင်း(၁၃)(ဇာတ်သိမ်းပိုင်း)


အပိုင်း(၁၃)(ဇာတ်သိမ်းပိုင်း)

ထိုနေ့က ခင်ဦးကို နောက်ဆုံးတွေ့ လိုက်ရခြင်းပင်ဖြစ်သည်။ ထိုနေ့မှစ၍ ယခုအချိန်အထိ ထပ်၍မတွေ့ရတော့ပေ။

“သား...သား...ငါ့ရဲ့ သား”

သူ၏နှလုံးခုန်သံက "သား သား"ဟု မြည်တမ်းသယောင်ရှိသည်။ ထိုနေ့က သူ့သားကို သူ တွေ့ခဲ့ရသည်။ ချီပွေ့ခဲ့ရသည်။ သို့သော် သူက သူ့သားမှန်း မသိခဲ့။

“ငါနဲ့ တစ်ခါတွေ့ သေးတယ်။ သူက သားကိုချီလို့၊ သူ အိမ်ထောင်ကျပြီး ယောက်ျားနဲ့ ကွဲသွားသတဲ့၊ ဘာလို့ ... ဘာလို့... အမှန်အတိုင်း မပြောလဲ”

ကိုကို့အသံက ကွဲအက်နေသည်။ ငယ်ငယ်တုန်းက အမေရိုက်လျှင် ငိုသလို တအား အော်ပြီး ရှိုက်ကြီးတငင် ငိုပစ်လိုက်ချင်သည်။ သို့သော် ယခုတော့ အသံပင် ကောင်းကောင်း မထွက်နိုင်ပဲ ရင်ထဲတွင်ပင် ဆို့ပြီး ကျပ်ခဲနေလေသည်။

“ခင်ဦးက အဲဒီလိုပဲ ပြောသွားလား”

“တကယ်ပါ ညီညီရာ၊ သားက ငါ့ဆီမှာကပ်နေလို့ အတင်းပြန်ဆွဲခေါ်ပြီး နှုတ်တောင်မဆက်ပဲ ထွက်သွားတာပါ၊ သူ့ အိမ်လိုက်ပို့မယ်ဆိုတာလဲ မရဘူး”

ညီညီသည် သူ့ရင်ထဲမှ လေပူကြီးကို ဟူးခနဲ မှုတ်ထုတ်လိုက်သည်။

မီးရောင်များလင်းလက်နေသော မင်္ဂလာဒုံလေယာဉ်ကွင်းကို လှမ်းမြင်နေရသည်။ ရန်ကုန်နား နီးလာပေပြီ။ ခင်ဦးနှင့် တွေ့ရတော့မည်။ ကိုကို၏နှလုံးသားသည် သွက်သွက်ခါအောင် လှုပ်ရှားလာသည်။ 

“မြတ်စွာဘုရား၊ ခင်ဦးအသက်နဲ့ ခန္ဓာကိုယ် မြဲလျက်သား တွေ့ပါရစေဘုရား၊ တပည့်တော်၏အပြစ်ဟူသမျှကို ဝန်ချတောင်းပန်ခွင့် ပေးတော်မူပါဘုရား”

"ခင်ဦးက အင်မတန်မာနကြီးတယ်၊ ကိုကိုသနားတာ မခံချင်လို့ ဖွင့်မပြောတာထင်တယ်"

မီးနီလေး မှိတ်တုတ် မှိတ်တုတ်နှင့် ပျံဝဲနေသော လေယာဉ်တစ်စင်းကို ငေးကြည့်ရင် ညီညီက ပြောသည်။

“လူပုံက ပျော့ပျော့နဲ့၊ စိတ်က အင်မတန်မာတာ။ သူ့ကို တစ်ကယ်မချစ်တဲ့သူတစ်ယောက်ကို ဘာအကြောင်းကြောင့်နဲ့မှ သူလက်မထပ်ချင်ဘူးတဲ့” 

လေယာဉ်သည် ကွင်းဆီသို့ နိမ့်ကာ ဆင်းလာသည်။ သူတို့ငယ်စဉ်တုန်းကမူ ထိုသို့ ပြန်ဝဲနေသော လေယာဉ်တစ်စင်းတလေကို တွေ့ရလျှင်ပင် ပျော်မဆုံးအောင် ရှိတော့သည်။

“လေယာဉ်ပျံကြီးဟေ့.. လေယာဉ်ပျံကြီး” ဟု အော်ရင်း လက်ကိုဝှေ့ယမ်း၍ ပြကြသည်။ တခါတုန်းက ခင်ဦးသည် "ခင်ဦး ချမ်းသာရင် ကိုကိုနဲ့ညီညီကို လေယာဉ်ပျံတစင်းစီ ဝယ်ပေးမယ်” ဟု ကလေးစိတ်နဲ့ ပြောဖူးလေသည်။ ညီညီက "နင်ဝယ်ပေးတဲ့ လေယာဉ်ပျံ ဆိုပြီးတော့ အလကားစီးမယ် မကြံနဲ့၊ စီးချင်ရင် လက်မှတ်ဝယ်ရမှာပဲ” ဟု မရနိုင်သောပစ္စည်းကို ကြိုပြီး တွန့်တိုခဲ့သေးသည်။ ယခုတော့ ထိုစိတ်ကလေးတွေ စိတ်ထားဖြူဖြူကလေးများသည် အဝေးတွင် မှုန်၍ ဝေး၍ ဝါး၍ကျန်ခဲ့ပေပြီ။

“ခင်ဦး.. သိပ်မာနကြီးတဲ့ ခင်ဦး။ ကျွန်တော် သူ့ကို လက်ထပ်ဖို့၊ သားရဲ့ အဖေနာမည်ခံဖို့ ကြိုးစားသေးတယ်၊ ခင်ဦးက လက်မခံဘူးလေ။ ကိုကိုရော ညီညီရော သူ့ကို တကယ်မချစ်ပါဘူးတဲ့။ ကိုကိုက အရက်မူးပြီး မှားတာတဲ့၊ ညီညီကတော့ ကိုကိုမှားလို့ သူ့ကိုသနားတာတဲ့လေ။ မိခင်ဦး သူရဲကောင်းမကြီးလေ၊ ပတ်ဝန်းကျင်ဒဏ်ကို တစ်ယောက်ထဲ လူးပြီးတော့ ခံတယ်”

ညီညီ၏အသံက တုန်ယင်နေသည်။ ကိုကိုက မျက်စိစုံမှိတ်ထားလိုက်သည်။ သူက သားကိုချောသည်ဟု ပြောသောအခါ “ချောမှာပေါ့ အဖေတူကိုး” ဟု ငိုမယောင်မျက်နှာလေးနှင့် ပြောသွားသော ခင်ဦးကို မြင်ယောင်လာသည်။

“လူမိုက်၊ မင်း လူမိုက်ပဲ ကိုကို၊ ဉာဏ်မရှိတဲ့လူမိုက်” 

ကိုကိုသည် သူ့ကိုယ်သူ အပြစ်တင်ရင်း အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။

“သူက ဆရာမ လုပ်ချင်လို့တဲ့၊ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတွေမှာ ဇာတ်မြုပ်ပြီးနေယင်း ကလေးတွေကို စာသင်ပေးချင်တယ်တဲ့လေ။ ကျွန်တော် တခါတုန်းက တင်မောင်လှနဲ့ အလည်လိုက်သွားဖူးတဲ့ ပင်လယ်ဝက တိုးကုန်းဆိုတဲ့ရွာလေးမှာ ဆရာမ မရှိဘူး။ ဝေးလွန်း ခေါင်လွန်းတော့လည်း ရပ်ရွာကခန့်တဲ့ ဆွဲခန့်ဆရာမလည်း မမြဲဘူးဆိုတော့ သူ့ကို ပြောပြတော့ သူ့ခမျာ သွားချင်လွန်းလို့ ဆွေ့ ဆွေ့ကို ခုန်လို့၊ ကလေးတွေလောက်တော့ သေသေချာချာ သင်ပေးနိုင်ပါတယ်တဲ့”

"တသက်လုံး မုန့်ဟင်းခါးရောင်းနေရတော့မှာလား၊ ကလေးတွေကို စာသင်တဲ့ဆရာမ ဖြစ်ချင်တယ်"ဟု ခင်ဦး တစ်ခါ ပြောဖူးတာကို သတိရသည်။

“ဇွဲကောင်းကောင်းနဲ့ ဆယ်တန်းဖြေလိုက်တာ မနှစ်ကတော့ အောင်သွားတယ်လေ။ သူက ဆယ်တန်းအောင်ရင် သတိုးကုန်းကို ဆရာမလျှောက်မယ်တဲ့။ အစိုးရအသိအမှတ်မပြုသေးလည်း ဆွဲခန့်ပဲ လျှောက်မယ်တဲ့။ ကျွန်တော်ကတောင် ဆွဲခန့် ဆိုရင် နင်လျှောက်စရာမလိုပါဘူး၊ သွားသာသွားစမ်းပါ၊ ဟိုက ပန်းကုံးစွပ်ပြီးကြိုမှာ လို့ ပြောရသေးတယ်။ ဒီလိုသာ ကားတိုက်မယ်မှန်းသိရင် အစောကြီးကတည်းက တွန်းလွှတ်လိုက်ပါရဲ့”

ညီညီက ​ဆွေးမြေ့ ကြေကွဲစွာ ပြောသည်။ ခုတော့ ခင်ဦးဟူသည့် မိန်းကလေးသည် သူဖြစ်ချင်သည့် ဆရာမလဲ မဖြစ်၊ ကလေးတွေကိုလည်း စာမသင်နိုင်၊ သူ့သားငယ်ကိုလည်း လူလားမြောက်အောင် မထိန်းကျောင်းနိုင်ပဲ သေမင်းနှင့် ရင်ဆိုင်တွေ့နေရပေပြီ။ ထိုမျှ နှလုံးကောင်းသော မိန်းကလေးသည် အမှန်တကယ် သေရတော့မည်လော။ သူ့ထံသို့ သေမင်းသည် အမှန်တကယ် ဆိုက်ရောက်လာပြီလော။

“ဟိုရှေ့နားက လမ်းကြားလေးထဲမှာ ခင်ဦးနေတာ၊ ကျွန်တော်တို့ အရင်တုန်းက နေခဲ့ရတဲ့ လမ်းကလေးလိုပဲ၊ လမ်းထဲ ကားဝင်လို့မရဘူးလေ၊ ဟ... ကားဆရာ.. ရပ်.. ရပ် စမ်းပါ”

သူတို့ကားမှ ကားမီးရောင်နှင့် လမ်းထိပ်တွင်ရပ်ထားသော ကားလေးတစ်စင်းကို မြင်ရသည်။ မိန်းမကြီးတစ်ယောက်က ကားနောက်ဘက်မှ လေးကန်စွာ ဆင်းသည်။ သုံးနှစ်သားအရွယ်ခန့်ရှိသော ကလေးငယ်ကို လက်ဆွဲပြီး ကားအောက်သို့ ချပေးနေသည်။

“ဒေါ်ဒေါ်...ဒေါ်ဒေါ်”

ညီညီက ကားပေါ်မှ လှမ်းအော်နေသည်။ ကားရပ်လျှင်ရပ်ချင်း တံခါးဖွင့်ဆင်းကာ သူတို့ဆီ ပြေးသည်။ 

“ဒေါ်ဒေါ်မိ ဆေးရုံက လာတာလား”

ကိုကို၏ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားသည်။ ဒေါ်ဒေါ်မိကို ချက်ချင်း မှတ်မိလိုက်သည်။ ခင်ဦးနှင့်အတူနေသော ခင်ဦး၏အဒေါ်ဖြစ်သည်။

“ကျွန်တော်က ညီညီပါ ဒေါ်ဒေါ်မိရဲ့၊ ခင်ဦးရောဟင်.. ခင်ဦးရော”

ကိုကိုသည် ကားပေါ်မှ ကမန်းကတန်း ဆင်းလိုက်သော်လည်း ခြေထောက်များက ဆက်၍မလှမ်းနိုင်ပဲ တုန်ယင်နေသည်။ ကားတံခါးကို တင်းတင်းဆုပ်ရင်း ဒေါ်ဒေါ်မိ၏မျက်နှာကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။ 

"ဘုရား..ဘုရား..၊ ခင်ဦးသေပြီဟု မပြောလိုက်ပါစေနှင့် ဘုရား”

“အမလေးဟဲ့ ညီညီ၊ မင်းနှမ ဆုံးရှာပေါ့ ” 

ဒေါ်ဒေါ်မိက ညီညီ၏လက်များကို ဆုပ်ကိုင်ကာ တုန်ယင် အက်ကွဲစွာ ပြောလိုက်သည်။ ကိုကိုသည် အေးစက်သောလက်ကြီးများနှင့် ဆီး၍ အတွန်းခံလိုက်ရသလို နောက်ဘက်သို့ ယိုင်သွားသည်။ သူ့ရင်ထဲမှနှလုံးသားကို တစုံတစ်ဦးက ဆတ်ခနဲ ဆွဲနှုတ်ယူပြီး ကောင်းကင်သို့ လွှင့်မြှောက်ပစ်လိုက်သည်ဟု ထင်ရသည်။ လွင့်ဟာသွားသော ရင်ထဲတွင် ဘာမှမရှိတော့ပဲ ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။ 

ဒေါ်ဒေါ်မိ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ကလေးငယ်သည် ကားမီးလုံးအား ပြူးကြောင်ကြောင်လေး စိုက်ကြည့်နေသည်။

“သား”

ကိုကိုက အော်၍ခေါ်လိုက်သော်လည်း အသံက လည်းချောင်းဝတွင်သာ ပျောက်ကွယ်သွားသည်။ သူ့နားထဲတွင် လေတိုက်သံလိုလို၊ လှိုင်းပုတ်သံလိုလို တဝုန်းဝုန်းဆူညံနေသော အသံများကို ကြားရသည်။ ထိုအသံများကြားထဲတွင် သူ့တစ်ကိုယ်လုံး ယိမ်းထိုးနေသည်။ ဒေါ်ဒေါ်မိ၏အသံကိုမူ မကြားတစ်ချက် ကြားတချက်။

“သားကိုသိပ်ချစ်တဲ့ မိခင်ဦး၊ သူ့သားကို ထားခဲ့ရပြီတဲ့။ မသေခင် တစာစာခေါ်လွန်းလို့ သားကို ခေါ်သွားရသေးတယ်။ သားမျက်နှာကိုကြည့်ပြီး သားရေ သားရေနဲ့ ခေါ်လိုက်တာ။ မိခင်ဦးရေ... နင့်အသေဖြောင့်ရဲ့ လား၊ ထပါအုံး၊ ခေါ်ပါအုံး၊ နင့်သားငိုတာ ချော့ပါအုံး”

* * *

ကိုကို/
သားက သူ့အဖေ ဘယ်သွားလဲ မေးလွန်းလို့ ဒီစာကို ရေးဖြစ်တယ်ကိုကို၊ ခင်ဦး အရင်သေရင်တော့ ဒီစာကို ကိုကိုဖတ်ရမှာပေါ့၊ ဒါပေမဲ့ ကိုကိုမဖတ်ရပါစေနဲ့လို့ ပဲ ခင်ဦး ရေးယင်း ဆုတောင်းနေမိတယ်၊ ဘာဖြစ်လို့လဲ သိလားဟင်..၊ ခင်ဦးသေရမှာ ကြောက်လို့ပေါ့။

ခင်ဦးသေရမှာ သိပ်ကြောက်တာပဲ ကိုကိုရယ်၊ ခင်ဦးရဲ့ သားလေးကို မျက်နှာမွဲ မျက်နှာငယ်နဲ့ ထားခဲ့ရမှာ သိပ်ကြောက်တာပဲ။ ခင်ဦးရဲ့သားဟာ ဘယ်သူ့သွေးလဲဆိုတာ ခုလောက်ဆိုရင်တော့ ကိုကိုသိရောပေါ့နော်။ အဖေမပေါ်တဲ့ သားကလေးကို ခင်ဦး ဘယ်လိုမွေးခဲ့ရတယ်၊ ပတ်ဝန်းကျင်တွေကို ဘယ်လိုရင်ဆိုင်ခဲ့ရသလဲဆိုတာတွေကိုတော့ ပြန်ပြီးပြောမပြချင်တော့ပါဘူး။ ဒါပေမဲ့ သားကလေး လူလားမမြောက်ခင် ပညာမစုံခင်မှာ ခင်ဦးသာ အကြောင်းတစ်ခုခုနဲ့ သေသွားခဲ့ရမယ် ဆိုရင်တော့ ဒီအကြောင်းတွေကို တွေးကြည့်ပါ ကိုကိုရယ်၊ ဒီသားလေးတစ်ယောက်ကို လူ့ပြည်ရောက်အောင် ဟောဒီက မိခင်ဦးမှာ ဘယ်လိုသတ္တိတွေ မွေးခဲ့ရတယ်၊ ထိုးလာသမျှ လက်ညှိုးတွေကို ဘယ်လို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ စဉ်းစားပြီး သားကို လူလားမြောက်တဲ့အထိ ကိုကိုက ဆက်ပြီးကျွေးမွေးပေးပါ၊ ပြုစုပေးပါ၊ ပျိုးထောင်ပေးပါ လို့ လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ် ကိုကိုရယ်။

ညက အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ကိုကိုရယ်၊ ခင်ဦးရယ်၊ သားရယ် သုံးယောက်စလုံးက တိုးကုန်းရွာလေးကို ရောက်နေကြတယ်။ ကိုကိုက ဆေးကုလို့၊ ခင်ဦးက စာသင်လို့ ၊ သားလေးက လသာသာ သောင်ပြင်မှာ ပြေးပြီးဆော့နေတယ်၊ နိုးလာတော့ အိပ်မက်လေးကို နှမြောလိုက်တာ။ တကယ်မဖြစ်နိုင်တဲ့ဘဝကို အိပ်မက်ထဲမှာ ခဏမြင်ရတာ ဖြစ်ရတာလေးမို့ စိတ်ထဲမှာ ချမ်းမြေ့လိုက်တာ ကိုကိုရယ်။

ညီညီက ပြောတယ်၊ ကတိုးကုန်းမှာ ကျောင်းဆရာသာမဟုတ်ဘူး၊ ဆရာဝန်လဲ မရှိဘူး တဲ့။ ဆရာဝန် မပြောနဲ့၊ အစိုးရဝမ်းဆွဲဆရာမတောင် မတွေ့ခဲ့ဘူးတဲ့။ ကိုကိုပြောဖူးတာ သတိရတယ်။ ကိုကို့အမေ ဆုံးစတုန်းကလေ၊ ငါသာဆရာဝန်ဖြစ်ယင် ငါ့အမေလို ဆင်းရဲသားတွေကို အလကားလိုက်ပြီး ကုပေးမယ်ဆို၊ ခုတော့... ကိုကို့လူနာတွေထဲ ပိုက်ဆံမတတ်နိုင်တဲ့သူ ပါရဲ့လားဟင်၊ ဆင်းရဲသားတွေ ပါရဲ့လား။ အိတ်ထဲမှာ ပိုက်ဆံမပါကြရင် ကိုကို့ဆေးခန်းကို ဝင်ခွင့်ရကြရဲ့လား။

ဟော.... သားက အိပ်ရာထဲက ခေါ်နေပြီ၊ "မေမေ လာလေ” တဲ့။ သားကို ပုံပြောပြီး သိပ်လိုက်အုံးမယ်။ ကိုကို့လို ခဏခဏမငိုတတ်အောင်၊ ကျန်စစ်သားတို့ မင်းရဲကျော်စွာတို့အကြောင်း ပြောပြရမယ်။ သူ့အဖေ ဘယ်သွားလဲမေးယင် “ဟိုး .....အဝေးကြီး သွားတယ်” ပြန်လာမှာလားလို့ မေးရင် “တနေ့နေ့တော့ လာချင်လာမှာပေါ့ကွယ်” လို့ ပြောရဦးမယ် ကိုကိုရယ်... ။

ဟော.. သားက ကဗျာရွတ်နေတယ်၊ " မိုးပေါ်က ကြယ်တစ်လုံး၊ တိမ်ဖုံးပါလို့ ၊ လမသာ" တဲ့။ ဆက်မရွတ်တော့ပဲ မေ့နေလို့ ခင်ဦးက ဆက်ဆိုပေးရတယ်။ "သာတဲ့အခါ သာပါလိမ့်၊ နတ်ဒေဝါ သူဖန်ဆင်း၊ ဖိုးရွှေလမင်း" လို့။ 

ကဲ.... တော်ပြီ ကိုကိုရယ်.. သားကို သိပ်တော့မယ်။ သားအိပ်ပျော်သွားရင် တိမ်ဖုံးနေတဲ့လကို ကြည့်ရင်း ကိုကို့အကြောင်း တွေးမယ်လေ...။
/ခင်ဦး

* * * 

“ဪ....ကိုကိုက စိုးပိုင်နဲ့ ကွာရှင်းချင်တယ်တဲ့လား” 

ခင်စိုးပိုင်က မယုံသလို မေးသည်။ ကိုကို ခေါင်းညိတ်ပြသည်။ 

“ဘာဖြစ်လို့လဲ ဟင်”

ခင်စိုးပိုင်က သူ့အား နားမလည်နိုင်ဟန်နှင့် စိုက်ကြည့်နေသည်။ ကိုကိုသည် ထူးထူးခြားခြား တည်ငြိမ်လေးနက်နေသည်။ ခင်စိုးပိုင်၏မျက်လုံးများကို ရဲဝံ့စွာ ပြန်၍ကြည့်လေသည်။

“ကိုယ် ဒီမှာ မနေချင်တော့ဘူး” 

“ဘာဖြစ်လို့လဲ”

ခင်စိုးပိုင်က ထိုစကားကိုသာ ထပ်မေးသည်။ ဒီစည်းစိမ် ဒီဥစ္စာများအား ကိုကိုသည် စွန့်ခွာပြီး ထွက်သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ဟန်မတူချေ။

“ဒီမှာကြည့်စမ်း စိုးပိုင်၊ သူ့ကို သိတယ်မဟုတ်လား”

ကိုကိုသည် သူ့အိတ်ထဲမှ ဓာတ်ပုံလေးကို တယုတယ ထုတ်သည်။ ခင်ဦး၏စားပွဲပေါ် မှ ယူလာသော ဓာတ်ပုံလေးဖြစ်သည်။ ဓာတ်ပုံထဲတွင် ခင်ဦးက ပြုံးနေသည်။ သားကိုလက်ဆွဲပြီး တိရစ္ဆာန်ရုံ ကျားလှောင်အိမ်သစ်ကြီးများ၏ လှေကားကို တက်နေသည်။ သားကလည်း မိခင်ကို မော့ကြည့်ယင်း ပြုံးရယ်နေလေသည်။

“ဒါ..ဟိုကောင်မလေးမဟုတ်လား၊ ခင်ဦးဆိုတဲ့ ကောင်မလေးလေ” 

“ဟုတ်တယ်” 

“ဒီကလေးလေးကရော”

“အဲဒါ ကိုယ့်ရဲ့ သား”

ကိုကိုက အလေးအနက် ပြောသည်။ တအံ့တဩလှမ်းကြည့်သော ခင်စိုးပိုင်၏မျက်လုံးများကို ရဲ့ဝံ့စွာကြည့်ရင်း ထပ်၍ပြောလေသည်။ 

“ကိုယ့်ရဲ့ သားလေးလေ၊ ချစ်စရာမကောင်းဘူးလား”

ကိုကို၏ရင်ထဲတွင် သတ္တိတွေပြည့်လျှံနေသည်။ သူ့အပေါ်တွင် ထာဝစဉ်ပွင့်လင်းခဲ့သော ခင်စိုးပိုင်ကို သူက ပထမဦးဆုံးအကြိမ် ပြန်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြမိသည်။ ထို့သို့ ပြောပြပြီး အမှန်ကိုသိသွားခြင်းအားဖြင့် ခင်စိုးပိုင်က သူ့အပေါ် စိတ်ပျက်သွားမှာကိုလည်း ယခင်တုန်းကလို စိုးရိမ်ကြောက်ရွံ့ခြင်း မရှိတော့ပေ။ ဖြစ်ခဲ့ ပျက်ခဲ့ရသော အကြောင်းအားလုံးကို ခင်စိုးပိုင်အား တည်ငြိမ်စွာ ရှင်းပြနိုင်ခဲ့သည်။

“ဒီလိုဆို ခင်ဦး သေသွားပြီးပေါ့ ” 

“ဟုတ်တယ်” 

“သနားပါတယ်၊ သူ့ခမျာ ကိုကို့ကို တော်တော်ချစ်တယ်”

မည်သူ့ကိုမျှ အချိန်ကုန်ခံပြီး တွေးတော စာနာလေ့မရှိသော ခင်စိုးပိုင်သည် ခင်ဦးအကြောင်း ကြားရတော့ အတန်ငယ် မျက်နှာညှိုးသွားလေသည်။ ထို့နောက် ကိုကို့အား လှမ်းကြည့်ကာ ခေါင်းလေး မသိမသာညိတ်ပြီး ပြုံးသည်။

“ကိုကိုကလဲ သူ့ကို ချစ်တာပါပဲ၊ စိုးပိုင်သိပါပြီ” 

“ဘယ်လိုလုပ်ပြီး သိတာလဲ”

“အခု သူ့ကို ချစ်တဲ့စိတ်နဲ့ ကိုကို သတ္တိတွေရှိလာပြီ မဟုတ်လား၊ ဒီစည်းစိမ်တွေကို မလိုချင်တော့ဘူး၊ မမက်မောတော့ဘူး မဟုတ်လား”

ခင်စိုးပိုင်သည် မှန်သောစကားကိုတော့ အတော်လေးပြောတတ်သည်။ ခင်ဦးအား ချစ်မချစ် ကိုကိုမတွေးမိ၊ ချစ်လျှင်လည်း မည်သည့်အတိုင်းအတာထိ ချစ်သည်ကို ကိုကိုမသိ။ သို့သော် ခင်ဦးသေပြီဟု သိလိုက်ရသည့်တခဏ၌ပင် ကိုကိုသည် သူ့တစ်သက်လုံး မက်မက်မောမောရှိခဲ့သော ဘဝ၏အရေးအကြီးဆုံး လိုအပ်ချက်များဟု ထင်ထားခဲ့သော စည်းစိမ်ဥစ္စာချမ်းသာခြင်းများကို ငြီးငွေ့သွားလေသည်။ သားကို “သား” ဟု ကြေကြေကွဲကွဲ ခေါ်ကာ ထွေးပွေ့ လိုက်ရသည့်တခဏ၌မူ သားအတွက် အစစအရာရာ ရင်ဆိုင်တော့မည်ဟူသော သတ္တိများက သူ့ရင်ထဲသို့ အရှိန်အဟုန်ပြင်းစွာနှင့် တိုးဝင်လာကြသည်။

“ဟုတ်တယ်၊ ဒီမှာလဲ မနေချင်တော့ဘူး” 

“ဘယ်သွားမလဲ”

“ကတိုးကုန်းဆိုတဲ့ ရွာကလေး ပင်လယ်ဝမှာရှိတယ်တဲ့။ အဲဒီမှာ ဆရာဝန်မရှိဘူး၊ ကျောင်းဆရာ မရှိဘူး၊ ကိုယ်... အဲဒီကိုသွားမယ်၊ အမေ့လို အဖေ့လို ဆင်းရဲသားတွေကို ကုပေးမယ်"

“ကိုကို တကယ်ပဲ ဆုံးဖြတ်ပြီးပြီပေါ့ ” 

“ဟုတ်တယ်”

 ခင်စိုးပိုင်၏မျက်လုံးအိမ်တွင် ကိုကို တစ်ခါမှမမြင်ဖူးသော အရိပ်အရောင်များ ယှက်သန်းလာသည်။

“ကိုယ် ဒီလောကကြီးထဲကိုရောက်တာ နှစ်ပေါင်း နှစ်ဆယ့်ခုနှစ်နှစ်ရှိပြီ၊ ဘာလိုလိုနဲ့ အနှစ်သုံးဆယ်တောင် ပြည့်တော့မယ်စိုးပိုင်၊ ဒီလူ့ရွာ လူ့ရပ် ကောင်းကျိုးကို ဘာတစ်ခုမှ မလုပ်ခဲ့သေးဘူး။ ကိုယ်ကောင်းစားဖို့၊ ကိုယ်ချမ်းသာဖို့ကိုပဲ အမြဲတန်း ရှေ့တန်းတင်ခဲ့မိတယ်။ အခုတော့လည်း ခင်ဦးက ကိုယ့်ကို အသစ်တဖန် ပြန်လည်မွေးဖွားပေးလိုက်သလိုပဲ”

“ကိုကို့ကို ဒီလောက်သတ္တိရှိလာလိမ့်မယ်လို့ စိုးပိုင်မထင်ခဲ့ဘူး”

ခင်စိုးပိုင်က ကိုကို့အား ချီးကျူးသလို ပြောသည်။ ထို့နောက် သူ့ဟန်အတိုင်း ကိုကို့ပါးပြင်ကို မထိတထိလေး နမ်းသည်။

“ကောင်းပါတယ် ကိုကို၊ သွားပါ၊ ကွာရှင်းစာချုပ်ကို စိုးပိုင်လက်မှတ်ထိုးပေးလိုက်ပါ့မယ်၊ ကိုကိုလိုချင်တာတွေလဲ ယူသွားပါ”

ခင်စိုးပိုင်က ကရဝိတ်မှာ ရေခဲမုန့်စားရအောင်ဟူသော ဟန်မျိုးနှင့် ပြောပြန်သည်။ ကိုကို့အား ခပ်ပေါ့ပေါ့ပင် လက်ထပ်ခဲ့သလို ကွာရှင်းရန်ကိုလည်း ခပ်ပေါ့ပေါ့ပင်၊ အလေးအနက်ထားဟန် မရှိ။ သို့သော် မျက်နှာလေးက မသိမသာညှိုးနေသည်။

“ဒီပြင်ဟာတွေ ကိုယ်လုံးဝမမက်မောတော့ပါဘူး၊ ဒါပေမဲ့ ဆေးခန်းက ဆေးတွေတော့ အကုန်ယူသွားချင်တယ်”

ခင်စိုးပိုင်က ခေါင်းညိတ်သည်။ 

“ကိုယ့်ကိုခွင့်လွှတ်ပါ စိုးပိုင်၊ စိုးပိုင်အပေါ်မှာ တရားမှ တရားရဲ့လား” 

“မစဉ်းစားပါနဲ့ ကိုကို၊ တစ်ခုခုလုပ်ချင်ရင် နောက်ကြောင်းပြန်လှည့်မကြည့်နဲ့” 

“စိုးပိုင် နောက်အိမ်ထောင်ပြုမှာလား”

ကိုကိုက ခပ်ဆဆ မေးမိသည်။ ခင်စိုးပိုင်သည် ကိုကို့အား အခုမှမြင်ဖူးသူလို ငေးပြီး ကြည့်နေသည်။

“မသိသေးဘူး” 

“စိုးပိုင် ဘာလုပ်မလဲ”

“ပြောတတ်သေးဘူး၊ အခုတော့ ဂျင်ဝိုင်း ဖဲဝိုင်းတွေ သွားပြီး ပျော်အုံးမယ်။ အသက်သုံးဆယ်နားနီးလာတော့မှ ကိုကို့လိုပဲ အသစ်တဖန် ပြန်လည်မွေးဖွားချင် မွေးဖွားမှာပေါ့ ကိုကိုရယ်”

“စိတ်ကို သိပ်အလိုမလိုက်နဲ့ စိုးပိုင်ရယ်”

ကိုကိုက ဆုံးမသလို ပြောမိသည်။ အေးကာ ချွေးစေးပြန်နေသော လက်ကလေးများကို ညှစ်ကိုင်ပြီး နှုတ်ဆက်သည်။ ခင်စိုးပိုင်သည် ကိုကို့အား စူးစူးစိုက်စိုက်ကြည့်ကာ ခပ်မဲ့မဲ့လေး ပြုံးလေသည်။

* * * 

“ဦးဦး” 

“ဖေဖေလို့ ခေါ်ပါသားရယ်” 

“မေမေ ဘယ်တော့ ရာမှာရဲ”

“သားမေမေက ပြန်မလာတော့ဘူးသားရယ်၊ ဒါပေမဲ့ မေမေအစား ဖေဖေလာပြီလေ။ ဖေဖေနဲ့ သားနဲ့ ဟိုအဝေးကြီးကို သွားကြမယ်လေ”

“ဒီတင်းဘောကြီးနဲ့ရား” 

“အင်း..ဒီသင်း​ဘောကြီးနဲ့ပေါ့ ”

သင်းဘောကုန်းပတ်သည် ဖုန်များ၊ သဲများနှင့် ညစ်ပတ်နေသည်။ ဒေါ်ဒေါ်မိက ပလတ်စတစ်စတစ်ခုကို ဖြန့်ခင်းပြီး သေတ္တာ၊ ခြင်းတောင်းနှင့် အိပ်ယာလိပ်များကို နေရာချသည်။

“မေမေကကြောတော့ မေမေနဲ့တားနဲ့အတူတူ တင်းဘောကြီးနဲ့ သွားကြမယ်ချို”

ကိုကိုသည် သားကို တင်းတင်းဖက်ကာ မျက်တောင်တဖျပ်ဖျပ် ခတ်နေမိသည်။ သားရှေ့တွင် မငို၊ ဘယ်တော့မှ မငို၊ သားသည် သူ့လို ခဏခဏငိုတတ်သောကလေး မဖြစ်စေရ၊ ပျော့ညံ့သူ မဖြစ်စေရ။

“ခင်ဦးရယ်၊ ခင်ဦးလျှောက်ချင်တဲ့လမ်းကို ခုတော့ ကိုကိုလျှောက်နေပြီလေ၊ လသာသာ သဲသောင်ပြင်မှာ သားလေး ပြေးပြီးဆော့နေတာ ကြည့်ရအောင် ခင်ဦး ခဏလေးလောက် ပြန်လာခဲ့ပါလားကွယ်၊ အမေ့လိုလူနာတွေကို ကိုကိုဆေးကုပေးတာကိုရော မကြည့်တော့ဘူးလားဟင်”

ကိုကိုသည် အသံမထွက်ပဲ ပြောနေမိသည်။ ခင်ဦး သွားချင်လွန်းသောနေရာကို ခင်ဦးမပါပဲ သွားကြရပေတော့မည်။ တမလွန်ဘဝတွင်ရှိသော ခင်ဦးသည်သာ ကြည့်နိုင်မြင်နိုင်လျှင် မည်ကဲ့သို့ ပြောလေမည်နည်း။

လှိုင်းပုတ်သဖြင့် သင်္ဘောကိုယ်ထည်က တငြိမ့်ငြိမ့်နှင့် ယိမ်းနေသည်။ ကိုကိုသည် အိပ်ယာလိပ်ကိုမှီ၍ ထိုင်နေသည်။ ဆင်းချည်တက်ချည်နှင့် လှုပ်ရှားနေသောသူများကို ငေး၍ ကြည့်နေသည်။

ခင်ဦး သေဆုံးသွားပြီဟူသည်ကို သိနေသော်လည်း ထိုသူများထဲတွင် ခင်ဦးပါလာလေမည်လားဟု ရှာနေမိသေးသည်။ ဗောတံတားပေါ်မှ သွက်သွက်လေး ဆင်းလာကာ သူတို့ဆီသို့ ပြေးလာမည်လားဟု မျှော်လင့်နေမိသေးသည်။

“တင်းဘောကြီးက ဘယ်တော့ထွက်မှာရဲ” 

“ခဏနေရင် ထွက်တော့မှာပါကွာ” 

“မေမေရာအုံးမှာရားဟင်”

“မေမေကတော့ မလာတော့ဘူးတဲ့သားရဲ့၊ ဖေဖေနဲ့ သားနဲ့ ဟောဒီကဒေါ်ဒေါ်မိနဲ့ သွားကြတော့တဲ့”

“ဟော..တင်းဘောကြီး အော်နေပြီ” 

“ဥသြဆွဲတာပါကွာ...ထွက်တော့မယ်တဲ့”

သင်္ဘောဥသြဆွဲသောအခါ သင်္ဘောပေါ်တက်၍ ငါးမုန့်ကြော်ရောင်းသူ၊ ဆီးသီးထုပ် ချိုချဉ်ရောင်းသူလေးများသည် ဗောတံတားပေါ်သို့ ခုန်ဆင်းကြသည်။ သင်းင်္ဘောနှင့် လိုက်မည့်သူများက သင်္ဘောပေါ်သို့ ပြေးတက်လာကြသည်။ 

“ကိုကျော်ဝင်း ရှင်ကောင်းကောင်းနေနော်၊ ကျွန်မပြန်လာရင် ဘာသတင်းမှ မကြားရစေနဲ့"

“ဟဲ့.. မအူ၊ ညတိုင်ကျယင် တံခါး သေသေချာချာပိတ်အိပ်၊ နင်တစ်ယောက်ထဲဖြစ်နေရင် မချိုကို ခေါ်အိပ်”

“သွားပြီးတင့်တင့်အုန်းရေ..၊ ငါးခြောက် ပေါ်မှ ငါးရံ့ခြောက်တွေ ပို့ပေးလိုက်အုံးမယ်နော်၊ ကိုအောင်ကျော်ကိုလည်း နှုတ်ဆက်လိုက်ပါ”

အော်ကြ၊ ခေါ်ကြ၊ နှုတ်ဆက်ကြနှင့် အလုပ်ရှုပ်နေသူများကို ငေးကြည့်ယင်း ဒေါ်ဒေါ်မိသည် အင်္ကျီလက်များကိုပင့်ကာ မျက်ရည်သုတ်သည်။ သင်္ဘောထွက်တော့မည်။ ခင်ဦးသွားချင်လွန်းသော ခရီးကို ခင်ဦးမပါပဲ သူတို့ သွားကြရပေတော့မည်။

ကိုကိုသည် ပြုံးပျော် နှုတ်ဆက်သူများကို မကြည့်ချင်တော့၍ ရွှံ့နှစ်များထကာ နောက်ကျိနေသော ပင်လယ်ရေပြင်ကို စိုက်ပြီးကြည့်နေမိသည်။ ညီညီ့ကို သတိရသည်။ ဒီခရီး ဒီလမ်းကို ညီညီပါလိုက်လာခဲ့လျှင် မည်မျှကောင်းလေမည်နည်းဟု တမ်းတစိတ်နှင့် စဉ်းစားနေမိသည်။

“ဟေး ...ဟိုမှာ ဦးဦး.. ဦးဦးညီ"

ဝမ်းသာအားရအော်လိုက်သော သား၏သံကို ကြားလိုက်သော ကိုကို၏ခေါင်းသည် ချာခနဲ လည်သွားသည်။ ဗောတံတားပေါ်တွင် တအားပြေးလာသော ညီညီ့ကို တွေ့ရသည်။

“ညီညီ”

ကမ်းမှ ခွာစပြုနေသော သင်္ဘောပေါ်သို့ ညီညီသည် လွှားခနဲ ခုန်တက်လိုက်သည်။ ကိုကို၏နှလုံးသားသည် ကြည်နူးအားတက်မှုနှင့် တဒိတ်ဒိတ် ခုန်လာသည်။

“ဦးဦးညီ...တားတို့ ဒီမှာ..တားတို့ ဒီမှာ ရှိတယ်”

သားက ဝမ်းသာအားရ အော်နေသည်။ ညီညီသည် သူတို့ဆီသို့ ခြေလှမ်းကျဲကြီးနှင့် လျှောက်လာသည်။ စလွယ်သိုင်းလွယ်လာသော အိတ်ကို မြှောက်၍ချွတ်လိုက်ပြီး သူတို့ဘေးတွင် ခြေပစ်လက်ပစ် ဝင်ထိုင်လိုက်သည်။

“ဟူး.. မောလိုက်တာ မှီမှမှီပါမလားလို့ ပြေးလိုက်ရတာ၊ သေလုရော” 

“ဦးဦးညီ၊ တားတို့နဲ့ ရိုက်ခဲ့မရို့ရား” 

“လိုက်ခဲ့မလို့ပေါ့ကွ” 

“တကယ်နော်” 

“ဪ.. တကယ်ပေါ့ကွာ”

မျှော်လင့်ကြီးစွာ စိုက်ကြည့်နေသော ကိုကို့အား ညီညီသည် နွေးထွေးစွာ ပြုံး၍ပြသည်။

“ကျွန်တော် ဆယ်တန်းမအောင်သေးပေမဲ့ မူလတန်းကလေးတွေကိုတော့ စာသင်နိုင်ကောင်းပါရဲ့ နော်”

ကိုကို ဘာမှ ပြန်မပြောနိုင်။ ​ဝေ့တက်လာသောမျက်ရည်များကို မျက်တောင်နှင့် တဖျပ်ဖျပ်ခပ်ကာ ထိန်းရင်း ကြည်နူးစွာ ပြုံးသည်။ ကမ်းလင့်လာသော ညီညီ့လက်များကို ဆွဲရင်း တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။ ညီညီ၏လက်များသည် နွေးထွေး သန်မာလှချေသည်။

သင်္ဘောစက်သံက ဆူညံစွာ မြည်ဟီးထွက်ပေါ်လာသည်။ သင်္ဘောနောက်ဖက်တွင်ရှိ​သော ရေယက်မသည် ရေများကို တဖွားဖွားနှင့် စတင်၍ယက်နေချေပြီ။ စက်ဆီနံ့၊ အင်ဂျင်ဝိုင်နံ့များ ရောပြွမ်းနေသောလေကို ရှိုက်၍ရှူသည်။ အသက်ရှူ၍မဝသောဝေဒနာကို သတိမရတော့၊ ရင်ထဲတွင် အားသစ်အင်သစ်များနှင့် ပြည်ဖြိုးလာသည်။

“သင်္ဘောထွက်ပြီ ခင်ဦးရေ.. ကိုကိုတို့ ခရီးစပြီ..။ ကိုကိုရယ်... ညီညီရယ်... ခရီးသစ် ဘဝသစ်ကို စပြီလျှောက်ကြပြီလေ.. ။ တမလွန်ဘဝကိုရောက်နေတဲ့ ခင်ဦး ဝမ်းသာပါတော့... ဝမ်းသာလိုက်ပါတော့...ကိုကို့ရဲ့ ခင်ဦးရယ်”
---------------------
#မစန္ဒာ

Post a Comment

0 Comments