ရေခဲအိမ် - ခင်နှင်းယု (ဝတ္ထုတို)

#ရေခဲအိမ်

တက္ကသိုလ်၏ မြရောင်ရိပ်သည် စိတ်ကူးယဉ်အိပ်မက်ကို မက်စေသော နေရာပါလား။

ခင်ချိုသန်းသည် ပင်စင်စား၏ တစ်ဦးတည်းသောသမီးအဖြစ် တက္ကသိုလ်ရောက်စဉ်က အဝတ်အစားကအစ သူ့စိတ်တိုင်းကျ ကြော့မော့နေအောင် ဝတ်နိုင်ခဲ့သည်။ မြင့်ထွန်းကို မြင်မြင်ချင်း သဘောကျခဲ့သည်။ အထူးသဖြင့် ဆေးကျောင်းသား ပထမနှစ်ဆိုသည်က အထူးဆွဲငင်အား ဖြစ်ခဲ့သည်။ 

* * * 

မန်ကျည်းပင်ရိပ်မှာ ရေနွေးကြမ်းတစ်အိုးနှင့် အမေ ထိုင်ရင်း ဆီစက်ရုံကို ငေးကြည့်နေသည်။ ဒီနှစ် ပဲနှင့်နှမ်း တော်တော်ရ၍ သူတို့ပိုင်ယာကလည်း ဆီကြိတ်သည်။ သူများတွေကလည်း လာကြိတ်သည်။ မြင့်ထွန်းကို အလုပ်သမားတွေကြားထဲမှာ မြင်နေရသည်။ စိတ်ထဲမှာ မကောင်း။ သားဖြစ်သူသည် အင်ကျီချွတ်ကြီးနှင့် ချွေးတလုံးလုံးနှင့် လှုပ်ရှားနေသည်ကို မကြည့်ရက်။ 

အမှန်တော့ သူ့ကိုယ်စား အုပ်ချုပ်လုပ်ကိုင်နေသည်ကို ကျေနပ်ရမှာပေါ့။ ဒါပေမဲ့ သားငယ် တင်မောင်က အချိုးတကျ လုပ်ကိုင်အုပ်ချုပ်နေ၍ အသားကျနေပြီ။ သားကြီး မြင့်ထွန်းက ခုမှ ရောက်လာခြင်းဖြစ်သည်။ အစကသာ ယာခင်းထဲမှာဖြစ်ဖြစ်၊ ဆီစက်မှာဖြစ်ဖြစ် တာဝန်ပေးထားမိလျှင် မြင့်ထွန်း အခုလိုဖြစ်စရာမရှိဟု သူတွေးမိတိုင်း ရင်နာသည်။ 

သူနေမကောင်းလျှင် ဝမ်းတွင်းက ဆရာဝန် လာကြည့်သည်။ သူ့ဆီစက်က ဝမ်းတွင်းမြို့စွန်မှာ။ ဆရာဝန်က သူ့ကို ဆေးကုဖို့လာ၍သာ လက်ခံရသည်။ ဆရာဝန်ကို မကြည့်ချင်။ ကျေးဇူးတင်စကားကိုမှ မပြောမိ။ 

"အမေကလည်း အားနာဖို့ကောင်းလိုက်တာ၊ ဆရာဝန်ကို စကားတစ်လုံးမှ မပြောဘူး"

တင်မောင် ပြောတာ မှန်ပါသည်။ ဆရာဝန်ကို စကားမပြောမိသည်မှာ သူမှားပါသည်။ ဆရာဝန်အပေါ် နာကြည်းစရာမရှိ။ ဒါပေမဲ့ သူ့ရင်ထဲက ယူဆချက်ကတစ်မျိုး။

"တင်မောင်ရယ်.. နင့်အစ်ကို ဆေးတက္ကသိုလ်မရောက်ရင် ကောင်းမှာ။ ခုတော့ ဆေးတက္ကသိုလ် ဝင်ခွင့်ရလို့ ပျက်စီးရတယ်"

တင်မောင်က အမေ့ပြောစကား နားမလည်။ အမေသည် အသက်ကြီးပြီ။ ခဏခဏ နေမကောင်းတတ်။ ညီမအငယ် မနွဲ့က အိမ်ထောင်ကို ထိန်းသိမ်းရ၍ သူက အမေနှင့် လက်ရည်တစ်ပြင်တည်း ယာခင်းနှင့် ဆီစက်ကို အုပ်ချုပ်ရသည်။ သူတို့မောင်နှမနှစ်ယောက်လုံး ဝမ်းတွင်း အထက က ဆယ်တန်းအောင်ကြသည်။ သူတို့ လခစားမလုပ်ဘဲ အမေ့ကို ကူရသည်။

အစ်ကိုကြီး မြင့်ထွန်း ဆယ်တန်းအောင်တုန်းက အဖေရှိသေးသည်။ ဂုဏ်ထူးတွေ သုံးခုနှင့် အောင်မှတ်ကောင်းလိုက်တာ။ ဆေးတက္ကသိုလ်ဝင်ခွင့်ရသည်။ အဖေကလည်း သားအကြီးအတွက် ဂုဏ်ယူလို့မဆုံး။ ဒီတုန်းက တင်မောင် က ရှစ်တန်း၊ ညီမ မနွဲ့က ခြောက်တန်းပဲရှိသေးသည်။ မိဘတိုင်းလိုလို သားသမီးတွေ ဆယ်တန်းဖြေချိန်ကို အထူးဂရုစိုက်သည်။ အောင်စာရင်းမှာ ဂုဏ်ထူးတွေများ ပါလာရင် ပျော်မဆုံး၊ ဂုဏ်ယူမဆုံး။ အင်ဂျင်နီယာထက် ဆရာဝန်လိုင်း ရလျှင် ပို၍ပျော်သည်။

မြင့်ထွန်း ဆေးတက္ကသိုလ် (၁) မှာတက်ရသည်။ အမေသည် သဲတော ဝမ်းတွင်းရက် ချည်ထည်ပိုးထည်တွေအမျိုးမျိုး၊ အင်ကျီအစုံ သား၏သေတ္တာထဲကို ထည့်သည်။ ရန်ကုန်ကို ခင်ပွန်းသည် ဦးရွှေထွန်းနှင့်အတူ သူကိုယ်တိုင် သားကို လိုက်ပို့သည်။

မြင့်ထွန်း စာမေးပွဲနီးလာချိန်မှာ အဖေမလာတော့။ 

"သန်းဆင့်၊ သားကို မမှာနဲ့နော်။ သူ စာမေးပွဲနီးနေပြီ။ စာမေးပွဲပြီးမှ ပြန်လာပါစေ" 

အဖေ့စကား နားထောင်၍ အမေက မြင့်ထွန်းဆီ ဘာမှ အကြောင်းမကြားခဲ့။ စာမေးပွဲပြီး ပြန်လာချိန်တွင်မှ သူ့အဖေ နေမကောင်းသည်ကို သိစေမည်ပေါ့။ 

စာမေးပွဲ ဖြေပြီးပြီ။ ဒေါ်သန်းဆင့်က မြင့်ထွန်းထံ အကြောင်းကြားလိုက်သည်။ အဖေ့အတွက် လိုအပ်သောဆေးတွေ မှာလိုက်သည်။

မြင့်ထွန်းထံက ရလာသောစာက "အဖေနှင့်အမေ အမြန်လိုက်လာပါ။ မိန်းမတောင်းပေးပါ" ဟူ၍ ဖြစ်သည်။ 

ခါတိုင်းလိုသာဆို အမေ ပွက်လောကြမ်းမည်။ ယခုတော့ အဖေ ရောဂါ ပြင်းထန်စွာ ခံစားနေရချိန် စိတ်မချမ်းသာစရာကို မကြားစေချင်။ ထို့ကြောင့် မြင့်ထွန်းကိစ္စကို တိုးတိုးတိတ်တိတ် တိုင်ပင်ရသည်။ဒီ မန်ကျည်းပင်အောက် ကွပ်ပျစ်ကလေးပေါ်မှာပဲပေါ့၊ သူ့ညီမ ဒေါ်သန်းတင့်ကိုလည်း သဲတောမှ ခေါ်ထားရသည်။ တင်မောင်ကိုလည်း လူကြီးလို တိုင်ပင်ရသည်။ 

"ငါ့သားကို အမိဖမ်းတာပါအေ၊ တကယ်ဆို ဆရာဝန်ပဲ ဖြစ်ပါစေဦးတော့။ ခုတော့ တစ်နှစ်ပဲ ရှိသေးတယ်၊ စာမေးပွဲ အောင် မအောင်တောင် မသိရသေးဘူး"

"အဖေသိရင် စိတ်ထိခိုက်မယ်၊ အစ်ကိုအကြောင်း ဘာမှမပြောနဲ့"

တင်မောင်က သတိပေး၏။

"ညက ငါ့ကိုပြောတယ်၊ မြင့်ထွန်းစာမေးပွဲပြီးရင် ပြန်ခေါ်ပါတဲ့။ သန်းတင့်ရယ် .. ငါဘာလုပ်ရမလဲ၊ ငါတော့ နည်းနည်းမှ သဘောမတူဘူး"

အမေက ခါးခါးသီးသီး ပြောသည်။ ဒေါ်သန်းတင့်က ငိုင်၍ စဉ်းစားနေသည်။

"မမရယ်... ဒီမှာက အဖေက အသည်းအသန်ဖြစ်နေတယ်။ မမကလည်း ဦးရွှေထွန်းကို ထားခဲ့လို့မှ မဖြစ်ဘဲ။ ဒီတော့ မိန်းမတောင်းဖို့ လူကြီးအနေနဲ့ ကျွန်မတို့လင်မယား သွားတောင်းပြီး သူတို့ခေါ် ပြန်လာခဲ့မယ်"

"သူ့မိန်းမ ခေါ်လာလို့ ဘယ်ဖြစ်မလဲ၊ ကိုရွှေထွန်း ပိုစိတ်ထိခိုက်မှာ။ မြင့်ထွန်းကိုပဲ ခေါ်လာခဲ့၊ နောက် ကိုရွှေထွန်း နေကောင်းမှ အသိပေးပြီး သူ့မိန်းမကို ခေါ်ပေါ့ "

အမေက အဆုံးအဖြတ်ပေးလိုက်သည်။ 

ဒေါ်သန်းတင့်တို့လင်မယား မြင့်ထွန်းကို မိန်းမတောင်းပေးဖို့ သွားရသည်။ မိန်းကလေးက မြင့်ထွန်းကျလောက်အောင် ချောမောပါသည်။ ဒေါ်သန်းတင့်က မြင့်ထွန်းကို လက်ကုတ်ပြောမိသည်။ 

"ဘာဖြစ်လို့ ဒီလောက်မြန်မြန် လုပ်ရတာလဲ၊ ဟိုမှာ အဖေကလည်း မမာဘူးလေ" 

"မဖြစ်လို့ပေါ့ ဒေါ်လေးတင့်ရယ်" 

ဒီလောက်ဆို ဒေါ်သန်းတင့် သဘောပေါက်ပါပြီ။ တောင်းရမ်း၍ လက်ထပ်ပွဲ အကျဥ်းကျင်းပကာ နှစ်​ယောက်လုံးကို ​ဒေါ်သန်းတင့်က ဝမ်းတွင်းကို ခေါ်ခဲ့သည်။ 

သူတို့ရောက်ချိန်မှာ ဦးရွှေထွန်းက ဆုံးနေပြီ။ အမေက ထုံးစံအတိုင်း အော်ဟစ်မငို။

"ရှင် စိတ်မချမ်းမသာ မဖြစ်ရဘူးပေါ့ ကိုရွှေထွန်းရယ်"

အမေသည် ဒါပဲ တီးတိုးညည်းညူသည်။ သားကိုရော၊ ချွေးမကိုရော စကားမပြော၊ ရက်လည်ဆွမ်းကျွေးပြီးမှ ညီမဖြစ်သူ ဒေါ်သန်းတင့်ကိုပဲ ပြောသည်။ 

"တကယ်ဆို ငါ့သားကို သူကပဲ ဖျောင်းဖျပြီး ကျောင်းပြီးအောင် တက်ဖို့၊ ဒီဂရီရမှ ဆရာဝန်ဖြစ်မှ လက်ထပ်ဖို့ ပြောသင့်တယ်။ ခုတော့ ကြည့်ပါဦး၊ ဘယ်သူက သူတို့ကို ရှာကျွေးပြီး ငါ့သားစာသင်စရိတ် ထောက်မှာလဲ။ ဆရာဝန်ဆိုပြီး သမီးရှင်တွေက ဖမ်းကြတာ ရိုးနေပါပြီ။ ခုတော့ ငါ့သား ဆရာဝန်မဖြစ်သေးဘူး။ ဘယ်လို မိန်းကလေးတွေလဲ"ဟု ညီမကို ဒေါ်သန်းဆင့်က ရင်ဖွင့်သည်။ 

"မမကလဲ၊ ကိုယ့်မှာ သမီးနဲ့လေ" 

"အေးပါ၊ သမီးချင်း ကိုယ်ချင်းစာလို့ ပေးစားတာ၊ နို့မို့ရင် ငါက ဒီမင်္ဂလာပွဲ ဖျက်လိုက်တယ်"

ဒေါ်သန်းဆင့်က လင်ကလည်း သေ၊ သားကို ကျောင်းမပြီးခင် မိန်းမယူ၍ မကျေနပ်သောကြောင့် ချွေးမနှင့်သားကို စကားဟဟ မပြော။

မြင့်ထွန်းတို့ တစ်ပတ်လောက်နေပြီး ပြန်သွားသည်။ ချွေးမလုပ်သူကလည်း သူ့ကို နွေးနွေးထွေးထွေး မကြိုဆို၍ မကျေနပ်။ အိမ်ပေါ်က အိမ်အောက်ထပ်ကိုပင် မဆင်းတော့။ ပြန်သွားသောနေ့မှာ ယောက္ခမကို ကန်တော့သာ ကန်တော့သည်၊ မော်၍မှ မကြည့်။

မြင့်ထွန်း ရန်ကုန်ပြန်ရောက်တော့ သူ့ဇနီး ခင်ချိုသန်းတို့အိမ် လိုက်နေရသည်။ 

ခင်ချိုသန်းဖခင်က ပင်စင်စား။ သူ့မှာ ခင်ချိုသန်းကို တစ်ဦးတည်းသောသမီးမို့ သမီးဆန္ဒကို လိုက်လျောရသည်။ ပြီးတော့ သမက်လောင်းသည် အလားအလာရှိသူ ဆေးကျောင်းသား။ ခင်ချိုသန်းကလည်း ဒီဂရီမရသေး။ ပထမနှစ် မြန်မာစာတက္ကသိုလ် တက်နေရဆဲ။ 

သူ့ဆရာမကြီး ကထိက ဒေါ်မြမြမေကတော့ ပြောသည်။

"ခင်ချိုသန်း လက်ထပ်တာ မစောဘူးလား၊ တကယ်ဆို မောင်မြင့်ထွန်း ပထမနှစ် အမ်ဘီလောက်ရောက်မှ လက်ထပ်ရကောင်းမှာ။ မင်းလည်း ဒီဂရီရတော့ အလုပ်ဝင်နိုင်တာပေါ့" 

"ဆရာမကြီးက အပျိုကြီး၊ အရှည်တွေ သိပ်တွေးလွန်းတော့ အပျိုကြီးဖြစ်တာ" ဟု ခင်ချိုသန်းသည် ဒီလိုပဲ တွေးမိသည်။ ဆရာမကြီးကို ဘာမျှ ပြန်မပြော။ သူ့အဆောင်ကို မြင့်ထွန်းလာလည်ကတည်းက ဆေးကျောင်းသားကို လိုချင်သူ ကျောင်းသူတွေ ဝိုင်းဝိုင်းလည်နေတာကို ဆရာမကြီးက ဘယ်သိပါ့မလဲ။ ဆရာမကြီးဘဝမှာလည်း လက်ဦးမှုမရှိ၊ မလျှင်လို့ အပျိုကြီးဖြစ်ရသည်ဟု သူ ကောက်ချက်ချသည်။ 

"ငါ ဆေးကျောင်းသားကို ရအောင် ယူနိုင်တယ်ဟေ့"

သူသည် ကျောင်းသူတို့အပေါ်  လက်မထောင်ပြီး ပြခဲ့ဖူးသည်။ ယခုတော့ သူ့လက်မ တဖြည်းဖြည်း ကွေးလာသည်။ မြင့်ထွန်း စာမေးပွဲအောင်စာရင်းထွက်လာတော့ မအောင်။ အမေတို့ကလည်း ဝမ်းတွင်းမှ အဆက်အသွယ်မလုပ်တော့။ ညီဖြစ်သူကသာ လူကြုံနှင့် ဆီပို့တတ်သည်။ 

ခင်ချိုသန်း သားဦးလေးမွေးတော့ ကျောင်းထွက်လိုက်ရသည်။ ဆရာမကြီး ဒေါ်မြမြမေ စီစဉ်ပေး၍ ပညာရေးဌာနမှာ စာရေးအလုပ်ရသည်။ မြင့်ထွန်းက စာကြည့်လိုက်၊ ကလေးထိန်းလိုက်နှင့် ဒုတိယအကြိမ် ပြန်ဖြေတော့လည်း မအောင်။ ဒီကြားထဲ ပင်စင်စား ယောက္ခမကြီး ဦးဘသော်ကလည်း ကွယ်လွန်သွားပြန်သည်။

ဒေါ်သန်းဆင့်က သမီးငယ်နှင့် သားငယ် တင်မောင်ကိုတော့ တက္ကသိုလ် မပို့နိုင်။ ခင်ပွန်းသည် မဆုံးခင်ကတည်းက ကုသရသော ကုန်ကျငွေကြောင့် သူ့ဆီစက်ကလေးပင် မဆုံးရှုံးအောင် မနည်းကာကွယ်ရသည်။ ပထမတုန်းကတော့ တင်မောင်နှင့် မနွဲ့ကို တက္ကသိုလ်မပို့ရလည်း မြင့်ထွန်းတစ်ယောက်ကိုတော့ ဆရာဝန်ဖြစ်အောင် ကြံဖန်၍ ထားမည်ဟု ရည်ရွယ်ခဲ့သည်။ ယခုတော့ သားက ပထမနှစ်မှာပဲ မိန်းမယူလိုက်ပြီဆိုတော့ သူ ဘာမှ မကြံဖန်ချင်တော့။ 

"ဆရာဝန်တွေ၊ ဆရာဝန်လောင်းတွေကို မိန်းကလေးရှင်တွေက လိုချင်ရင် တင်တောင်းရတာပဲ။ ဆေးကျောင်းတက်နေဆဲဆိုလည်း ကျောင်းဆက်ထားဖို့ မိန်းကလေးဘက်က တာဝန်ယူရတာပဲ။ အခုလည်း သူ့မိန်းမက မြင့်ထွန်းကို ဆက်ကျောင်းထားလိမ့်မယ်"

အမေက မြင့်ထွန်းအပေါ် သဘောထား သားငယ်တင်မောင်ကို ပြောပြသည်။ 

မြင့်ထွန်း ဆယ်တန်းအောင်၍ ဆေးကျောင်းတက်ကတည်းက သဲတောမှ ရက်ကန်းစက်ပိုင်ရှင်တစ်ယောက်က ဒေါ်သန်းတင့်မှတစ်ဆင့် ကမ်းလှမ်းခဲ့ဖူးသည်။ မြင့်ထွန်းကို ဆရာဝန်ဖြစ်သည်အထိ ကျောင်းဆက်ထားပေးမည်။ သူ့သမီးနှင့် စေ့စပ်ထားဖို့။ သဲတောနှင့်ဝမ်းတွင်း ဝေးသည်မဟုတ်။ တစ်မြေတည်းလို နေကြသောသူများ ဖြစ်တာကြောင့် အမေက လက်မခံ။ 

"တစ်မြေတည်းမှာ ဆွေမျိုးလို နေကြပေမယ့်.. သန်းတင့်ရယ် ပြောလိုက်ပါ၊ ငါ့သားကို ငါရောင်းမစားချင်ပါဘူး။ ငါ့သားလေး မိန်းကလေးမိဘလက်ထဲမှာ မျက်နှာငယ်မယ်။ ငါ့ငွေနဲ့ပဲ ငါ့သားကို ငါ ဆရာဝန်ဖြစ်အောင်ထားပါ့မယ်။ ကျောင်းပြီးတော့မှ စဉ်းစားကြတာပေါ့"

အမေသည် မြင့်ထွန်း ဆေးကျောင်းတက်စ မြင့်ထွန်းအပေါ် အလွန်မျှော်လင့်ခဲ့သည်။ ယခုတော့လည်း သူ့သားသည် အညွန့်တက်စ ရိုက်ချိုးခံရသလို ယူဆ၍ မြင့်ထွန်းကို ဆက်လက်ထောက်ပံ့ဖို့ စိတ်မရှိတော့။ 

အမေ့သဘောထားကို တင်မောင်က နားလည်ပါသည်။ အမှန်တော့ အမေက ငွေထုပ်ကြီးပိုက်၍ ငွေမထုတ်ချင်တာလည်း မဟုတ်။ အမေ့အခြေအနေကိုလည်း တင်မောင်သိသည်။ ယာကိုရော၊ ဆီစက်ကိုပါ တင်မောင် အုပ်ချုပ်ရလေတော့ အဖေနေမကောင်းစဉ် စီးပွားရေး ယိုင်အသွားမှာ ဆီစက်က ငွေယူသုံးရသည်မှာ ဆီစက်ပိုင်ရှင်ဟု နာမည်ပဲ ကျန်တော့သည်။ အဖေဆုံးပြီးမှ ဒီဆီစက် ဆက်လက်လည်ပတ်နိုင်အောင် သူမနည်းကြိုးစားနေရသည်။ ဒီတော့ အမေ့ကိုလည်း အစ်ကိုဖြစ်သူ ဆေးကျောင်းတက်သည့်စရိတ် ထောက်ပံ့ဖို့ မပြောချင်။ 

ခင်ချိုသန်းစိတ်ထဲမှာ သူတို့လက်ထပ်ပြီး အညာက ယောက္ခမက မြင့်ထွန်း ကျောင်းတက်ဖို့တော့ ဆက်လက်ထောက်ပံ့မည်ထင်သည်။ ယခုတော့ မြင့်ထွန်းအမေက မထောက်ပံ့နိုင်။ သူ နောက်ကလေးတစ်ယောက် မွေးပြန်တော့ မြင့်ထွန်းပဲ ကလေးထိန်း၊ ထမင်းချက်။ စာကြည့်ချိန် လျော့ပါးကာ သုံးနှစ်ဆက်တိုက် စာမေးပွဲကျလေတော့ မြင့်ထွန်း ကျောင်းထွက်လိုက်ရသည်။ ခင်ချိုသန်း လခက ကလေးနှစ်ယောက် နို့ဘူးဖိုးပဲ ရှိသည်ဆိုပါတော့။

တက္ကသိုလ်၏မြရောင်ရိပ်သည် စိတ်ကူးယဉ်အိပ်မက်ကို မက်စေသောနေရာပါလား။ ခင်ချိုသန်းသည် ပင်စင်စား၏ တစ်ဦးတည်းသောသမီးအဖြစ် တက္ကသိုလ်ရောက်စဉ်က အဝတ်အစားကအစ သူ့စိတ်တိုင်းကျ ကြော့မော့နေအောင် ဝတ်နိုင်ခဲ့သည်။ မြင့်ထွန်းကို မြင်မြင်ချင်း သဘောကျခဲ့သည်။ အထူးသဖြင့် ဆေးကျောင်းသားပထမနှစ်ဆိုသည်က အထူးဆွဲငင်အားဖြစ်ခဲ့သည်။ ဆီစက်ပိုင်ရှင်သားဆိုတော့လည်း သူတို့နောင်ရေးအတွက် မြင့်ထွန်းဆရာဝန်ဖြစ်အောင် မိဘများက ဆက်လက်ထားနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

မြင့်ထွန်းကလည်း သူ့ကိုကြိုက်သူ ခင်ချိုသန်းက ပင်စင်စား၏ တစ်ဦးတည်းသောသမီး။ ရုပ်ကလည်း ဖြောင့်လေတော့ သူ့နောင်ရေးအတွက် အဆင်ပြေမည်ထင်သည်။ ဒါပေမဲ့ ဦးဘသော် ပင်စင်စားက ခြံကျယ်ကြီး၊ တိုက်တစ်လုံးနှင့် လူကုံထံရပ်ကွက်မှာနေသော အငြိမ်းစား အရာရှိကြီးမဟုတ်။ ရန်ကုန်အလယ်ပိုင်း မင်းမနိုင်တိုက်ခန်းမျိုးမှာ နေရသော ပင်စင်စား။ သူတို့နှစ်ယောက် လက်ထပ်ပြီးတော့ နေဖို့ အခန်းလေးတစ်ခန်းရသည်ကိုပဲ ကျေးဇူးတင်ရသေးသည်။ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ငွေရေးကြေးရေးက အရေးကြီးသလို ကြိုးစားအားထုတ်မှုက ဘယ်လောက်လိုသည်ကို ဆေးကျောင်းသားတိုင်း သိကြသည်။ စာကို ဇောက်ချ ကြိုးစားတာတောင် တစ်ခါတစ်ရံ တစ်နှစ်ကို နှစ်ခါဖြေရသည့်အဖြစ်မျိုး ကြုံရသေးသည်။

ယခုတော့ မြင့်ထွန်းမှာ ကလေးလည်း ထိန်းရ၊ ထမင်းလည်းချက်ရနှင့် သူ စာမေးပွဲအတွက် ကြိုးစားမှုတွေလျော့ရဲလာသောကြောင့် ပထမနှစ် စာမေးပွဲကိုပင် သုံးနှစ်ဆက်တိုက်ဖြေပေမယ့် မအောင်တော့။ မြင့်ထွန်းသာ ဆရာဝန်ဖြစ်လျှင် ဆရာဝန်ကတော်အနေနှင့် ဆေးခန်းထိုင်လျှင် သူလည်း အတူလိုက်မည်။ ဆေးခန်းမှာ ကိုယ်တိုင်လူနာစောင့်မည်။ အစိုးရလခကလည်း ရဦးမည်။ သူတို့ရပ်ကွက်ထဲမှာ ဆေးခန်းဖွင့်ထားသော ဆရာဝန်တချို့ ကို ကြည့်၍ ခင်ချိုသန်းမက်ခဲ့သော အိပ်မက်များ လန့်နိုးခဲ့ပြီ။ 

"ကလေးက နေမကောင်းဘူး။ ရှင့်ဆရာ ဆရာဝန်ကြီးတစ်ယောက်ယောက်ဖွင့်တဲ့ ဆေးခန်းမှာ ပြကြည့်ပါလား။ ခင် ဆေးဖိုးမတတ်နိုင်ဘူး"

မြင့်ထွန်း စိတ်ပျက်သွားသည်။ ဆရာဝန်ကြီးတွေမှာ သူ့ဆရာ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေ မပြောနဲ့။ ဆေးကျောင်းသား၊ ဆေးလောကပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ သူ မတွေ့ချင်တော့။ ပြီးတော့ ခင်ချိုသန်း၏အသုံးအနှုန်း "ရှင့်ဆရာ" တဲ့။ ယခင်လို မောင်တွေ၊ ဘာတွေ သူ့ကိုမခေါ်တော့။ သူရင်နာမိသည်။ 

"ငါ မသွားဘူး၊ မင်း ငွေရှာခဲ့။ ငွေပေးပြရမယ့် ဆရာဝန်ပဲ ငါသွားပြမယ်"

သူကလည်း ခင်ဟူသော ဝေါဟာရကို မသုံးတော့။ မင်းတွေ၊ ငါတွေနှင့် ပြောလိုက်သည်။ 

"ငွေရှာရမှာ ဘယ်သူ့တာဝန်လဲ" 

ခင်ချိုသန်းက ပြန်ပက်သည်။ 

"ငါ ဆရာဝန်မဖြစ်အောင် ဘယ်သူဖျက်ဆီးခဲ့တာလဲ" 

ခင်ချိုသန်း ဆတ်ဆတ်ခါ နာသည်။ 

"ဖျက်ဆီးတယ်၊ ဘယ်သူက ဖျက်ဆီးသလဲ။ သားသမီးကို ပညာပေးရမယ့် မိဘက မပေးတာ၊ မထောက်ပံ့တာ ဘယ်သူ့အပြစ်လဲ"

"အံမယ် ငါ့မိဘကို မပြောနဲ့။ ဆေးကျောင်းသားဖြစ်အောင် ထားပြီးပြီ။ ငါက ပညာကို အဆုံးထိမယူဘဲ မိန်းမယူခဲ့တာ။ မင်း ငါ့ကို မယူ ယူဖြစ်အောင် လုပ်ခဲ့တာ၊ ငါ့ဘဝ ပျက်ရတယ်"

ခင်ချိုသန်း ဆောင့်အောင့်၍ ရုံးကိုထွက်သွားသည်။ 

သူ ဘာလုပ်ရပါ့။ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် တည်ဖို့တောင် ​ငွေမရှိ။ ယောက်ျားတန်မယ့် ခင်ချိုသန်းပြောသည်ကို မခံချင်။ ဒါပေမဲ့ အဖြစ်ကလည်း ဒီကလေးနှစ်ယောက် အိမ်ထားခဲ့၍ အပြင်ထွက်လို့ မဖြစ်။
လောလောဆယ် ကလေးနေမကောင်းတာကို ဆရာဝန်ပြရမည်။ လက်ထဲမှာ ငွေကမရှိ။ 

ဒေါက်ဒေါက်နှင့် တံခါးလာခေါက်သံ ကြားရသည်။ သူဖွင့်လိုက်တော့ တင်မောင်၊ ဆီပုံးကြီးနှင့် ဝင်လာပြီး ဧည့်ခန်းထဲကို ဝင်ထိုင်လိုက်သည်။ 

အစ်ကို့မျက်နှာကလည်း မကြည်လင်။ 

"အစ်ကို ဘာဖြစ်လို့လဲ"

တင်မောင်က မေးလိုက်၏။ 

"မင်းဆီပုံး ငါးပိဿာ သွားရောင်းပေးစမ်းကွာ။ လောလောဆယ် ငါ့သား ဆရာဝန် သွားပြဖို့ ငွေမရှိဘူး"

မြင့်ထွန်းပြောသံကြားတော့ တင်မောင် စိတ်မကောင်း။ သူ့အစ်ကိုအခြေအနေ ဒီလောက်ထိ ဆိုးနေသည်ကို သူ မသိ။

"ဆီကို ထားလိုက်ပါ အစ်ကိုရာ၊ ကျွန်တော့်ပါတဲ့ငွေ ယူပါ။ ကလေးကို ဆရာဝန် သွားပြပါ"

တင်မောင်က ငွေတစ်ထောင် ထုတ်ပေးသည်။ 

"အေး ဒီလိုဆိုလည်း သမီးကို မင်းစောင့်။ ငါ သားကို ဆရာဝန် သွားပြလိုက်ဦးမယ်။ ပြန်လာမှ အေးအေးဆေးဆေး စကားပြောတာပေါ့"

တင်မောင်မှာ သုံးနှစ်သမီးလေးကို စောင့်ကြည့်ရင်း ကျန်ရစ်သည်။ မြင့်ထွန်းက ပုဆိုးဖိုသီဖတ်သီနှင့် သားငယ်ကို ချီကာ ဆင်းသွားသည်။

သူ့အစ်ကိုသည် ရုပ်ရည်ကအစ ယခင်လို မဟုတ်တော့။ ဆံပင်စုတ်ဖွား၊ မျက်နှာကလည်း ပါးရိုးနားရိုးကျနှင့်။ အစ်ကို ထမင်းမှ ဝအောင်စားရရဲ့ လား မသိ။ သူ မီးဖိုထဲဝင်သွားတော့ ထမင်းတစ်အိုးပဲ ချက်ထားတာ တွေ့သည်။ အညာအိမ်မှာ သူတို့အဖေဆုံး၍ ဆင်းရဲသွားပြီ ထင်ပေမယ့် စပါးက ပုတ်အပြည့်၊ ဆန်က ရာဝင်အိုးနှင့်ထား၍ စားနိုင်သည်။ ဆီက မပူရ။ အစ်ကို့အဖြစ်က တစ်ခုခုတော့ လုပ်ရမည်။ အမေသာ ဒီအခြေအနေကိုသိလျှင် စိတ်ဆင်းရဲလိုက်မည့်ဖြစ်ခြင်း။

သူသည် ကလေးကို လက်ဆွဲကာ အိမ်တံခါးစေ့ခဲ့၍ မျက်နှာချင်းဆိုင်အခန်းကို ခဏကြည့်ဖို့ ပြောခဲ့သည်။ မင်းမနိုင်တိုက်များဘေးရှိ မြို့မကျောင်းလမ်းပေါ်က ထမင်းဆိုင်မှာ ကြက်သားဟင်းတစ်ခွက်ဝယ်ကာ အိမ်ပြန်တက်လာ သည်။ အိမ်ရောက်တော့ မြင့်ထွန်း ရောက်နေပြီ။ ကလေးကို ဖျာပေါ်ချ၍ သိပ်ထားသည်။ 

"တင်မောင် မင်းဘယ်ထွက်သွားတာလဲ"

"ဟင်းသွားဝယ်တာ၊ အစ်ကို ဆရာဝန် တွေ့ခဲ့လား"

"အေး ဆေးလည်းထိုး၊ ဆေးလည်း ပေးလိုက်တယ်။ သား အိပ်ရာကနိုးရင် အဖျားကျမှာပါ။ တအီအီနဲ့ တစ်ညလုံး မအိပ်ဘူး။ အခုမှ အိပ်တယ်"

"အစ်ကို ထမင်းစား"

"မင်းကော"

"'ပြီးခဲ့ပြီ"

မြင့်ထွန်းသည် ဘာမှမပြောနိုင်။ ကြက်သားဟင်းနဲ့ ထမင်းကို သမီးကြီးနှင့်အတူ စားလိုက်သည်။ ကျန်ဟင်းကို ခင်ချိုသန်း ညစာအတွက် အုပ်ထားလိုက်သည်။ 

ညီအစ်ကိုနှစ်ယောက် ဧည့်ခန်းမှာ စကားပြောဖြစ်ကြသည်။

"ဆရာဝန်က ငါ့အသိ။ သူ့မိန်းမက တို့ထက်စောပြီး ဆေးကျောင်း ရောက်တာ။ သူ့မိန်းမနဲ့ငါက ခင်တယ်။ ဒါပေမဲ့ ပိုက်ဆံပေးပြီးပဲ ကုချင်တာပေါ့"

"ဟုတ်ပါတယ် အစ်ကို" 

တင်မောင်က အလိုက်တသိ ဖြေသည်။ 

"သူကလည်း ငါ့အတွက် စိတ်မကောင်းဘူး။ သူ့မိန်းမတောင် နောက်ဆုံးနှစ် အပိုင်း(က)ရောက်တော့မှ သူ့ကို ယူလိုက်တာနဲ့ ဆရာဝန်မဖြစ်တော့ဘူးတဲ့လေ"

"ဟုတ်တာပေါ့၊ မိန်းမဆိုတာ ကလေးမွေးရ၊ ထမင်းချက်ရနဲ့"

"အေးပေါ့။ ဒါပေမဲ့ မိန်းမဆိုတော့ သူ့ရှာကျွေးတဲ့လူက ရှိတယ်လေ။ ငါ့မှာတော့ စာမေးပွဲလည်းကျ၊ မိန်းမကလည်း မကြည်တော့ဘူး။ ငါက ထမင်းချက်၊ ကလေးထိန်း ဖြစ်နေတယ်"

မြင့်ထွန်းသည် ခင်ချိုသန်း အမူအရာပြောင်းလာသည်ကို ပြောပြသည်။ တင်မောင်က သက်ပြင်းချလိုက်၏။ 

"ငါ လက်ဖက်ရည်ဆိုင်ဖွင့်ချင်တာတောင် ငွေအရင်းမရှိဘူး။ အမေ့ကို သနားတယ်။ အမေ့ဆီက ငွေမတောင်းချင်ဘူး။ ငါက သားကြီး၊ ပြီးတော့ အမေပေးတဲ့ပညာကို မယူခဲ့တာက ငါ"

မြင့်ထွန်းက ဝမ်းနည်းပမ်းနည်း ပြောလိုက်သည်။ 

"အစ်ကိုရယ်၊ လက်ဖက်ရည်ဆိုင်တွေ ဘာတွေ ဖွင့်မနေပါနဲ့။ အိမ်ပဲ ပြန်လိုက်ခဲ့ပါ"

"အမေက လက်ခံမလား"

"အို...သူ့သား သူ့ဆီပြန်လာတာ လက်ခံမှာပေါ့။ အစ်ကို ဆီစက်ကို ဦးစီးနိုင်ရင် ကျွန်တော်က ယာကို ဦးစီးနိုင်တာပေါ့။ နှစ်ဖက်ဆိုတော့ ကျွန်တော် မနိုင်ဘူး"

"ခင်ချိုသန်းက လိုက်ပါ့မလား"

"အစ်ကို သူတို့အတွက် အလုပ်လုပ်ရအောင် အညာကို ပြန်လိုက်လာရတာ။ အတူလိုက်ချင်လိုက်၊ မလိုက်ချင်လည်း ဒီမှာနေ။ အစ်ကိုရတဲ့ငွေ ပို့ပေးပေါ့"

မြင့်ထွန်းက စဉ်းစားနေသည်။ ခင်ချိုသန်းကို ပြေလည်အောင် ပြောပြရမည်။ 

"အစ်ကို ဆေးဖိုး ဘယ်လောက်ပေးခဲ့ရလဲ"

"ခြောက်ရာ့ငါးဆယ်"

တင်မောင်သည် ကျန်ငွေကို တစ်ထောင်ပြည့်အောင် ထပ်ဖြည့်၍ ပြန်ခဲ့သည်။

ခင်ချိုသန်းပြန်လာတော့ မြင့်ထွန်းက အကျိုးအကြောင်း ပြောပြသည်။ သူ အလုပ်ထွက်၍ မလိုက်လိုဟု ဆိုသည်။ 

"မင်းအမျိုးတစ်ယောက်ယောက်ကို ရှာပြီး ကလေးကြည့်ခိုင်း၊ ငါတော့ ဝမ်းတွင်းပြန်မယ်"

သူက ဒီတစ်ခါ အပြတ်ပြောလိုက်သည်။ ဒီလိုနှင့် မြင့်ထွန်း အညာပြန်ခဲ့သည်။ ဆေးအိတ်ကိုဆွဲ၊ နားကြပ်ကို လည်ပင်းမှာချိတ်ရမည့် သူ့သား ဆရာဝန်လောင်းကြီးသည် ယခုတော့ ချွေးတလုံးလုံးနှင့် ဆီစက်မှာ။ ဖြစ်ချင်တာကို မဖြစ်ရလေတော့ ဖြစ်လာသောအခြေအနေကို အမေ လက်ခံရမည်ပေါ့။ တင်မောင်က အလိုက်သိသည်။ ယာထွက်ပဲကအစ ဆီပုံး တစ်နှစ်တစ်ခါလောက်တော့ မြင့်ထွန်းအိမ်ကို ပို့ပေးသည်။ မြင့်ထွန်းက ငွေရေးကြေးရေး အမေ့ကို ဘာမှမပြော။ 

"အမေ သူ့ကလေးတွေ ရန်ကုန်မှာ ကျန်ခဲ့သေးတာ၊ ငွေပို့ဦးမှ"

တင်မောင်က အမေ့ကို ပြောပြသည်။ အမေသည် လခရယ်လို့ မသတ်မှတ်ပေမယ့် မြင့်ထွန်းအိမ်အတွက် တစ်လကို အနည်းဆုံး ငွေသုံးထောင်လောက်တော့ပေးကာ မြင့်ထွန်းကို ငွေပို့ခိုင်းသည်။ မတတ်နိုင်။ သား လက်ဖက်ရည်ဆိုင် တည်တော့ကော အမြတ်ဆိုတာ ပုံသေပြောလို့ရသည်မဟုတ်။ 

ခင်ချိုသန်းကတော့ မြင့်ထွန်းပို့သော ငွေ၊ ဆီနှင့် ပဲ လက်ခံရသည်။ သူ တက္ကသိုလ်ရောက်စက စိတ်ကူးယဉ်အိမ်ကလေး တည်ဆောက်ခဲ့သည်။ သူ့စိတ်ကူးထဲက ဆေးကျောင်းသားကိုလည်း တွေ့ခဲ့သည်။ ရအောင် ယူခဲ့သည်။ အိမ်ကလေးသည် တကယ်တော့ ရေခဲတုံးများနှင့် တည်ဆောက်ထားသော အိမ်ကလေး။ လှပကြည်လင်သော ရေခဲအိမ်ကလေး။ ဘဝနေခြည်နှင့် တွေ့သောအခါ တဖြည်းဖြည်း အရည်ပျော်သွားခဲ့သည်။ 

တင်မောင်ကတော့ မြင့်ထွန်းကို အားပေးသည်။ 

"အစ်ကို ကြိုးစားပါ။ တစ်နေ့ ခင်ချိုသန်းတို့ကိုလည်း ခေါ်နိုင်မှာပေါ့။ ဆီစက်ကိုသာ နိုင်အောင် ကြိုးစားပါ"

တင်မောင်၏အားပေးစကားသည် လက်တွေ့တဲအိမ်ကလေးတစ်လုံး တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်ပဲဖြစ်သည် ထားဦးတော့၊ ဝါးများဖြင့် တည်ဆောက်သောတဲသည် ရေခဲအိမ်ထက်တော့ ခိုင်ခံ့ပါသည်။

ချမ်းမြေ့ရွှင်လန်းပါ​စေ ....။
------------------------------------
#ခင်နှင်းယု
အမှတ် ၁၁၇၊ ဩဂုတ်လ၊ ၁၉၉၉ ခုနှစ်
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း။

Post a Comment

0 Comments