#ဘုရင်ခံ မလိုချင်ပေါင်
အပိုင်း(၁)
“မေမေ...ဒီနေ့ ငါးဘတ် ဝယ်လို့ ရခဲ့တယ်။ ဒီမှာ စျေးခြင်း၊ ငါးဘတ်တောင် တဆယ်တဲ့ မေမေရယ်။ ခေါင်းပါ ထည့်ချိန်တာ ငါးဘတ်သား ငါးဆယ်သားမှာ ခေါင်းက တဆယ်သားလောက်ရှိတယ်။ ခေါင်းရယ်၊ အရိုးရယ် ကင်ပွန်းချဉ်ရွက်နဲ့ ချဉ်ရေချက်မယ်၊ အသားကို အကြေမွှေပေတော့....
ဆရာမ မြမြစိန်သည် သူဝယ်လာသော ဈေးခြင်းတောင်းကို မိခင်လက်သို့ အပ်လိုက်၏။ ပြီးလျှင် ပန်းကန်စင်ပေါ်ရှိ သတ္တုထမင်းချိုင့် လေးထောင့်ပုံ သုံးခုကို ဖွင့်ကြည့်၏။ ထမင်းချိုင့်အတွင်းတွင် အမဲသားပြုတ်ကြော်နှင့် ထမင်းအပြည့် တွေ့ရသည်။ ထမင်းချိုင့်လေးများကို လက်သုတ်ပုဝါနှင့် သေသေချာချာ ချည်နှောင်လိုက်သည်။
“ဘမောင်ချိန်၊ လှမောင်ချိန်၊ သူဇာချိန် လာကြစမ်း... လွယ်အိတ် အဆင်သင့်ဖြစ်ပြီလား။ ကဲ..မင်းတို့ ထမင်းချိုင့် လာယူ၊ ကျောင်းကားလာရင် စောင့်စောင့်နေရတာ မေမေ မကြိုက်ဘူး၊ သွား တခါထဲ အိမ်ရှေ့မှာ တန်းစီစောင့်နေ၊ ကားလာလာချင်း မင်းတို့ ကားပေါ် ချက်ချင်းတက်၊ ရော့ ယူသွားစမ်း"
ကလေးသုံးယောက်သည် မြမြစိန် အော်ခေါ်လိုက်သော အသံကြောင့် ပြေးလာကာ သူ့ရှေ့တွင် အဆင်သင့် ရပ်နေကြသည်။ မအေဖြစ်သူလက်ထဲမှ ထမင်းချိုင့်ကလေးများကို ဆွဲယူ၍ လွယ်အိတ်ကိုယ်စီနှင့် အောက်ထပ်သို့ ပြေးဆင်းသွားကြသည်။
ဈေးခြင်းတောင်းထဲရှိ ပစ္စည်းများကို တခုစီချကာ ဟင်းချက်ရန် ပြင်နေသော မေမေသည် သူ့ကိုလှမ်းကြည့်၏။
“စိန်စိန်ရယ်၊ ကလေးတွေကို စကားပြောရင် တိုးတိုးသက်သာ ပြောပါ၊ ခုနစ်သံနဲ့ မအော်ပါနဲ့၊ ဟိုအငယ်ကောင် နိုးသွားအုံးမယ်၊ မောင်သန်းချိန် နို့တိုက်နေတာ ခုမှအိပ်သွားတယ်။ ဒါနဲ့ မောင်သန်းချိန်ဘို့ရော ဘာပါလဲ...”
မေမေက သူ့ထုံးစံအတိုင်း သားမက်ကို ဦးစားပေးသော သဘောနှင့် မေး၏။
“ဘာပါရမလဲမေမေ၊ ငါးဘတ်ဆီမွှေ သူကြိုက်ပါတယ်၊ ပြီးတော့ သူကြိုက်တဲ့ဒညင်းသီး ဝယ်လာတယ်၊ အရေကျိုငပိနဲ့ မိုးမျှော်ငရုတ်သီးစိမ်း မွှေးမွှေး ထောင်းပြီး ဒညင်းသီးတို့နဲ့ဆို သူသိပ်ကြိုက်တယ်။ ဒညင်းသီးတောင် ပေါ်စဆိုတော့ ဒီ လက်မလောက်ကလေးတွေကို လေးလုံး တမတ် ပေးရတယ်၊ တကျပ်ဖိုး ဝယ်လာတယ်။ မနက် ရှစ်လုံး ညရှစ်လုံး သူ တို့ပစေပေါ့၊ မေမေလဲကြိုက်တယ်မို့လား၊ တိုစရာမှာ ငွေတကျပ်ဖိုးကုန်အောင် သုံးတယ်ဆို နဲလား.....”
“ ငါက တခါတလေ ပုဇွန်ဆီပြန် သူကြိုက်တတ်လို့... “
“ကြိုက်တတ်တာတော့ သိတာပေါ့ မေမေရ၊ တနေ့က ပုဇွန်ထုတ် ငါးကောင် နှစ်ကျပ်ခွဲကျတယ်၊ မေမေ ယုံလား၊ အဲဒီတော့ ပုဇွန်ကို တလမှာ နှစ်ခါလောက်ဘဲကျွေးနိုင်တယ်။ သူ့ကျွေးရင် သူ့သားတွေက လူကဲတွေ၊ စကားတတ်တွေ။ ဖေဖေ့ကိုဘဲ ကျွေးတယ်၊ ကျွန်တော့်ကိုတော့ မကျွေးဘူးနဲ့၊ မေမေ့မြေးတွေကိုပါ နေ့စဉ်လိုလို ပုဇွန်ကျွေးရရင် လဝက်နဲ့ ဗိုက်မှောက်နေရမှာ။ သူတို့လား တယောက် နှစ်ကောင်လောက်နဲ့ ဝမှာမဟုတ်ဘူး၊ ဒီတော့ တလတခါလောက် စားရ တော်ရောပေါ့။ မေမေ့သားမက်ကလဲ ရှည်တော်မူပါတယ်၊ ပုဇွန်တပိသာကို ခြောက်ကျပ်၊ ခုနစ်ကျပ် ပေါချိန်က စားတော်မူပါဆို ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ ခု တဆယ်ဈေး ဖြစ်တော့မှ စားလို့ အရသာရှိတော်မူတယ်"
“ဟဲ့....ယောက်ျားဆိုတာ ဒီလိုဘဲပေါ့၊ ညည်းက အော်ကျယ် အော်ကျယ် လုပ်မနေပါနဲ့အုံး။ နှစ်ဦးတူတူ ရှာကြပေမယ်လို့ သူ့ခမျာ မျိုမကျဖြစ်နေမယ်။ ဒါနဲ့ မနက်က အငယ်ဆုံးကောင်အတွက် ငါ နို့ဖျော်တော့ နို့မှုန့် တနေ့စာဘဲရှိတော့တယ်နော်၊ ညနေကျ ဝယ်လာခဲ့အုံး"
“ဝယ်ခဲ့ပါ့မယ် မေမေရယ်၊ အဲဒီကောင်ကလဲ နို့ဖြတ်ခါမှ ဒီနို့ဘဲ စို့ချင်နေတယ်။ သမီးက မှောင်ခိုဈေး အားမပေးချင်လို့ ဟိုနေ့က နို့မှုန့်ဝေတဲ့ ကော်မီတီလူကြီးတွေ သွားတွေ့တော့ 'ကလေးကို တနှစ်နဲ့ခြောက်လသားအထိဘဲ နို့မှုန့်ပေးမယ်။ ခု ခင်ဗျားသား နှစ်နှစ်တောင်ရှိအောင် ကျွန်တော်တို့ ပေးလာခဲ့လို့ ခြောက်လတောင် လွန်လာခဲ့ပြီ'တဲ့။ ဥပဒေနဲ့တောင် သမီးက ငြိစွန်းနေသေးတယ်။ 'ဒါကြောင့် ခင်ဗျား ဘယ်ရုံးမှာ အလုပ်လုပ်တယ်ဆိုတာ ထောက်ခံစာ ယူလာပြီး ပြရဦးမယ်'တဲ့၊ ညနေကျ ကိုယ့်ဖာသာဘဲ ဈေးထဲက ဝယ်လာခဲ့တော့မယ် မေမေ၊ ပူစူးနဲ့ မာလေးရော...”
“အောက်ဆင်း ကစားနေကြတယ် ...”
ဒေါ်ငြိမ်းမယ်သည် သမီးဖြစ်သူကို ဘာမှဆက်မပြောတော့ဘဲ သူ၏မီးဖိုချောင်ကိစ္စကို စ၍လုပ်တော့သည်။ ကိုးနာရီတွင် ထမင်းအပြီးစားကာ သမီးနှင့်သားမက် အလုပ်သွားကြမည်ဖြစ်သည်။ ထွေထွေရာရာ ပါးစပ်က ဘာမျှမပြောပေမင့် မောင်သန်းချိန် သူကြိုက်သော ဟင်း၊ အတို့၊ ငါးပိရေကျိုများနှင့် အားပါးတရ စားတာမြင်လျှင် ဒေါ်ငြိမ်းမယ်သည် စိတ်ချမ်းသာ၏။ မြမြစိန် မအားလျှင် သူကိုယ်တိုင် စျေးသွား၏။ သူတို့က ရှာကျွေးသူများဖြစ်၍ သူကထိုင်စားသူဖြစ်သည်ဟု သူ့ကိုယ်သူ သဘောပေါက်ထားသည်။ ယူဆသည်။
သားမက်နှင့်သမီး ရုံးသွားမှ ပူစူးနှင့် မာလေးကို ရေချိုးပေးကာ နံနက်စာကျွေးရသည်။ ကလေးများကို ထမင်းကျွေးနေစဉ်ဖြစ်ဖြစ်၊ အကြီး ယောကျ်ားလေးနှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်အတွက် ထမင်းချိုင့် ပြင်ပေးစဉ် ဖြစ်ဖြစ် များသောအားဖြင့် ဒီအမဲသားကို နုပ်နုပ်စင်းကြော်၊ ခရမ်းချဉ်သီးနှင့် ရော၍ အရေစပ်စပ်နှင့် နယ်ဖတ်စား၍လည်း ရအောင် ဟင်းအဖြစ်ကျွေးရတိုင်း သူစိတ်မကောင်း။
“ဖွားဖွား ပုဇွန်စားမယ်၊ ငါးကြော်.. ငါးကြော်..”
ကလေးဆိုသည်က ဘာမျှနားမလည်၊ သူတို့စားချင်သည်ကိုသာ အော်တတ်သည်။ ဒေါ်ငြိမ်းမယ်သည် ထိုအချိန်တွင် ရင်ထဲ နင့်တင့်တင့် ဖြစ်သွားတတ်၏။ ငါးခူစျေးမှာ ပေါချိန်တွင် ခြောက်ကျပ် ခုနစ်ကျပ်ဖြစ်၍ ရှားချိန်တွင် ကိုးကျပ် တဆယ်ဆိုသည်ကိုလည်း ဘာမျှမပြောချင်ပေ။ ငါးချင်းတူသော်လည်း ငါးခူနှင့် ငါးကျည်းတွင် အာဟာရဓာတ်သည် ငါးခူတွင် ပို၍ပါသည်။ ငါးခူကို ကျွတ်ကျွတ်ကြီး မကြော်ဘဲ အပတ်ရစ်ကြော်၍ဖြစ်စေ၊ ပုဇွန်ကြော်ဖြစ်စေ၊ ရက်ခြားလောက် အသီးအနှံနှင့်ရော၍ မြေးများကို ကျွေးချင်သည်။ ဟင်းအာဟာရဖြစ်အောင် တခွက်ကောင်းချက်၍ ထမင်းဗူးလေးနှင့် ပေးလိုက်ရသည်က မုံ့ဖိုး သွားရည်စာဖိုး ပေးသည်ထက် ကလေးများအဖို့ ကျန်းမာရေးနှင့်သင့်တော်သည်။ ထို့ကြောင့်ပင် ထမင်းဗူးထည့်ပေးသောစနစ်ကို သူက လုပ်ခဲ့၏။
ပူစူးနှင့်မာလေးကို ထမင်းကျွေးပြီး တရေးအိပ်ခိုင်းရ၏။ သူကိုယ်တိုင်လည်း ထမင်းစားပြီး တရေးတော့ မှိန်းချင်သည်။ အသက် ငါးဆယ်ကျော် ခြောက်ဆယ်အတွင်း လူကြီးပိုင်းရောက်လာလျှင် နံနက်စာထမင်းစားပြီးချိန် အနည်းဆုံး နာရီဝက်လောက်တော့ အိပ်ရာပေါ်လှဲ၍ အနားယူသင့်သည်။ မှိန်း၍ နေသင့်သည်။ သို့သော် နို့စို့ အပါက နိုး၍လာပြန်သည်။ သူသည် မြေးငယ်ကိုချီ၍ အောက်ခန်းသို့ ဆင်းလာ၏။
“မသန်းဌေး တယောက်ကော ပုမ..."
ပုမသည် ဒေါ်ငြိမ်းမယ်အသံကို ကြားမှ မီးဖိုမှပြေးထွက်လာသည်။
“ကြီးကြီးဌေး ဒီမနက် ဥပုသ်ဇရပ်သွားတယ်၊ ဘုန်းတော်ကြီးလဲ ဆွမ်းချိုင့်ပို့ရင်း သီလယူမယ်တဲ့။ ဒါပေမင့် ဒီနေ့ ဇရပ်မှာ တနေ့လုံး မနေဘူးတဲ့၊ မွန်းလွဲရင် ပြန်လာလိမ့်မယ်။ ကြီးကြီးငြိမ်း ကိစ္စရှိလို့လား...”
ပုမသည် ဒေါ်သန်းဌေး အစီအစဉ်ကို ချက်ချက်ချာချာ ပြောပြ၏။
“အေး... သူပြန်လာရင် ကြီးကြီးငြိမ်းတို့အိမ်ဘက် ခဏ ကူးလာပါလို့"
“ဟုတ်ကဲ့..ဆက်ဆက် ပြောလိုက်ပါမယ်....”
ဒေါ်ငြိမ်းမယ်သည် မြေးငယ်နှင့်အတူ သူ့အိမ်ကို ပြန်လာသည်။ အိမ်ရောက်လျှင် ကော်ဖီတခွက်ကို ကော်ဖီမှုန့်ပေါ့ပေါ့ ဖျော်၍ ဘီစကစ်ချပ်နှင့်အတူ အပါကို ကျွေးသည်။
ဒေါ်သန်းဌေး ဥပုသ်ဇရပ် သွားသည်ဆိုမှ ယနေ့ ဥပုသ်နေ့မှန်း သူသတိပြုမိသည်။ သူ့မြေးငယ်ကို ကော်ဖီတိုက်နေစဉ်တွင်ပင် ဒေါ်သန်းဌေး ရောက်လာသည်။
“အို...ကျမစိတ်ထဲ မသန်းဌေး ဒါလောက် မြန်မြန် ပြန်လာမယ်မထင်ဘူး..”
“ကိစ္စလေးတခု တစ်နာရီချိန်းထားလို့ ငြိမ်းရေ ၊ ဒါကြောင့် မွန်းလွဲတယ်ဆို ပြန်လာတာ၊ ငြိမ်း ဘာကိစ္စရှိလို့လဲ...”
ဒေါ်သန်းဌေးသည် ငယ်ငယ်ကခေါ်သလိုပင် ဒေါ်ငြိမ်းမယ်ကို“ငြိမ်း”ဟူ၍ တလုံးတည်း ခေါ်သည်။
“ကိစ္စက သိပ်အရေးမကြီးပါဘူး မသန်းဌေးရယ်၊ ထုံးစံအတိုင်းပေါ့။ ခဏလေး အပါ့ကို ကြည့်လိုက်စမ်းပါ...."
ဒေါ်ငြိမ်းမယ်သည် သူ့အိပ်ခန်းသို့ ဝင်သွား၏။ ပြန်ထွက်လာ၏။ ဒေါ်သန်းဌေး၏အနားတွင် ထိုင်လိုက်ကာ သူ့လက်ဖဝါးလေးကို ဖြန့်ပြလိုက်သည်။
“ဟော... ငြိမ်းကလဲလေ ဝါမဝင်ခင်တုန်းက တပြား ရောင်းသေးတယ်မို့လား...”
ဒေါ်ငြိမ်းမယ် လက်ဖဝါးပေါ်တွင် ဝင်းဝါနေသော ရွှေဒင်္ဂါးပြားလေးကိုကြည့်ရင်း ဒေါ်သန်းဌေးက မေးလိုက်၏။
“အင်းပေါ့ .....ဒီတော့ ကိုယ်လှူချင်တဲ့ ဝါဆိုသင်္ကန်းလေးလဲ ကပ်ရ။ ပြီးတော့ အဲဒီတုန်းက ကျမ ဆီတပုံး တရာ့တဆယ်နဲ့ ဆွဲထားလိုက်ပေလို့၊ မိစိန်စိန်တို့ တရာ့နှစ်ဆယ် မထိလိုက်တာပေါ့၊ နို့မို့ရင်လား...”
“ဟုတ်တယ် ဟုတ်တယ်၊ အိမ်မှာလဲ တရာ့ခြောက်ဆယ်နဲ့ တပုံး ဝယ်စားခဲ့ရသေး။ ခုတော့ လက်လီ ၁ ပိဿာ ရှစ်ကျပ်ခွဲ ဖြစ်သွားလို့ အသက်ရှူရ ချောင်သွားတယ် ငြိမ်းရေ့။ ရှေ့လ ဒါထက် ဈေးကျမယ် ဆိုတယ်"
“ဪ ....မသန်းဌေးရဲ့၊ သူတို့ရှာစာကို ထိုင်စားနေတယ် ဆိုပေမင့် အခါခပ်သိမ်း ကိုယ်လှူချင် တန်းချင်သရွေ့၊ ကိုယ် သုံးစွဲချင်သရွေ့ လက်ဝါးဖြန့်ခံပြီး မတောင်းချင်ဘူးလေ”
“အမလေး တူလိုက်လေ ငြိမ်းရဲ့၊ တူလိုက်လေ၊ ကျမက ငြိမ်းလို မြေးကလည်းမရှိ၊ အိမ်ဖော် ပုမတယောက် ရှိနေလို့ပေါ့။ သမီးကတော့ မေမေလှူချင်တာလှူ၊ စိတ်ချမ်းသာအောင် နေဆိုပေမင့် ကိုယ်အထုပ်လေးဘဲ ကိုယ်ဖြေစားချင်တာဘဲ။ ငြိမ်းတို့ ကျမတို့မှာ ကိုယ်အထုပ်လေး ကိုယ်ဖြေစားစရာရှိသေးလို့ ကံကောင်းတယ်အောက်မေ့။ ဥပုသ်ဇရပ်မှာမှ လူစုံ တွေ့ရတာ၊ တချို့ ကျတော့ သားသမီးကလဲ ဆောင့်ကာ အောင့်ကာနဲ့ အဖွားလုပ်တဲ့လူက ကိုယ့်မြေးတောင် ကိုယ်ဆွဲဖော် လွှဲဖော် မရဘူး ဆိုပြီး နှုတ်ထွက်ကြမ်းတဲ့ သားသမီးတွေနဲ့တွေ့ရတဲ့ မိဘတွေ ပြည့်လို့။ လူအိုရုံ အားကိုးချင်ပေမယ့် သားသမီးရှိတော့လဲ လူအိုရုံက လက်မခံဘူး ငြိမ်း၊ လူအိုတယောက်ဟာ သူ့ငြိမ်းချမ်းမှုကို သူ ဘယ်လိုရှာချင်တယ်ဆိုတာ သူ့ဆန္ဒကို သူဘဲသိတာ။ ကျမတို့လဲ အိုလာမှ သိတာမို့လား ငြိမ်းရဲ့"
ဒေါ်ငြိမ်းမယ်သည် ရှည်လျားစွာ ပြောပြနေသော ဒေါ်သန်းဌေးစကားကို ပြုံး၍ နားထောင်နေ၏။
“အတော်ဘဲလေ၊ မော်လီနဲ့တွေ့ဘို တနာရီထိုးရင် မတင်ရီ လာလိမ့်မယ်။ ပေါက်ဈေးနဲ့ ရောင်းခိုင်းလိုက်မယ်။ နက်ဖြန်ရရင် ပြီးရောမို့လား ငြိမ်း"
“ဖြေးဖြေးပါဘဲ မသန်းဌေး၊ နက်ဖြန် ပုမ ဈေးသွားရင်သာ ပုဇွန်ထုတ် အရွယ်ခတ်လတ်လတ် ငါးဆယ်သားလောက် ဝယ်ခဲ့စမ်းပါလို့၊ ရော့ ပုဇွန်အတွက် ငွေတဆယ်ယူသွားပါ...”
ဒေါ်ငြိမ်းမယ် လှမ်းပေးသော ငွေတဆယ်နှင့် ရွှေဒင်္ဂါး တပြားကို လှမ်းယူရင်း ဒေါ်သန်းဌေးသည် စကားဆက်ပြော၏။
“ကျွန်မမှာလဲ ပုမ ရှိနေပေလို့၊ အိမ်ဖော်ပြဿနာက ရန်ကုန်မှာမလွယ်ဘူး။ ပုမတောင် သွေးသားတော်နေလို့၊ ကျမဖြင့်လေ ခဏခဏဆုံးမရတယ်။ “ ဒို့ကိုယ်ကျိုး မဟုတ်ပါဘူး နင်တို့အကျိုးပါပဲ၊ ကြိုက်သူတွေ့ရင်ပြော ကြီးကြီးဌေး ပေးစားမယ်”လို့။ လင်ယူတာကော ရည်းစားထားတာရော အပြစ်မဟုတ်ပါဘူး၊ ဒိုကိုယ်ချင်းစာပါတယ်။ မတော်တရော်ဖြစ်သွားရင် ဗိုက်တလုံးနဲ့ ကျန်ရစ်ခဲ့မှာစိုးရ၊ ဒို့မှာလဲ နာမည်လဲပျက် တာဝန်လဲ ရှိတယ်မို့လား”လို့ ဆိုပြီး နားရှင်းအောင် တတွတ်တွတ် ဆုံးမရတယ် ငြိမ်းရေ"
“ဟုတ်တယ် မသန်းဌေးရယ်၊ တခါတလေလဲ ငါ့ခြံလေး ငါ့ပင်စင်လေးနဲ့ ကိုယ်မြို့ကိုယ်ပြန်ပြီး အေးအေးနေမယ် စိတ်ကူးပြန်တော့ မိစိန်စိန်တယောက် တဗိုက်ပြီးတဗိုက် မွေးနဲ့ ပတ်ချာလည်နေမှာကိုမြင်ယောင်၊ အိမ်ဖော်ခေါ်
ထားပြန်တော့လဲ ခုန မသန်းဌေးပြောတဲ့ ပြဿနာတွေ တက်မှာစိုးတော့ ကိုယ်ကိုယ်တိုင်ဘဲ နေပေးရတော့တယ်.....”
ဒေါ်သန်းဌေးသည် ပုခုံးပေါ်မှ ယောဂီတဘက်ကလေးကို ယူ၍ ယပ်ခတ်ရင်း ဒေါ်ငြိမ်းမယ်ပြောသမျှ ခေါင်းတညိတ်ညိတ်နှင့် ပြုံးလျက်နားထောင်နေ၏။
“ငြိမ်းတို့ ကျမတို့ သမီးဘဝ နေခဲ့ရတဲ့အချိန်ကို ပြန်မလွမ်းနဲ့တော့ ငြိမ်း၊ ကျမတို့သမီးဘဝတုန်းက ကိုယ့်အမေ စားစေချင်လို့ သပျစ်သီး တပိသာ နှစ်ဆယ်ဆိုရင် ဝယ်ပြီးညာရတယ်၊ 'အမေရဲ့ သပျစ်သီးတွေပေါလို့ တပိသာမှ တဆယ်ထဲရယ်၊ စားကြည့်စမ်းပါ။ လိမ္မော်သီးဆယ်လုံး နှစ်ကျပ်ထဲရယ်နဲ့ အဖိုးလျော့ပြီး မအေ မျိုမကျမှာစိုးလို့ ညာကျွေးရတယ်။ ခုတော့လဲ ကျမတို့ အမေဖြစ်လာတဲ့ဘဝမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဘဲ ညာရသေး၊ 'သမီးရယ် ဒုက္ခရှာလို့ မေမေ သပျစ်သီး မကြိုက်ဘူး၊ လိမ္မော်သီး မစားချင်ဘူး ́နဲ့။ ပြီးတော့မှ ကိုယ့်အထုပ် ကိုယ်ဖြေ၊ ကိုယ်ကြိုက်တာ ကိုယ်ဝယ်ရတာလား"
"ငြိမ်းကို ကိုယ်ချင်းစာပါတယ်။ သူတို့က လိမ္မော်သီး ဆယ်လုံး ခြောက်ကျပ်ဈေးကို သိနေတဲ့ အမေက စားရက်မလား၊ သူတို့ရတဲ့လခနဲ့ သူတို့သုံးစွဲရတာ ကြည့်ကြည့်ပြီး စိတ်မောလွန်းလို့။ ဒါပေမင့် ငြိမ်းရေ... အထုပ်ကလေးလဲ ကြည့်ဖြေနော်၊ မသေခင် ရွှေဒင်္ဂါးလေးတွေကုန်သွားလို့ ဟုတ်ပေ့ဖြစ်နေမယ်။ ငါ့မိဘ ငါ အေးအေးချမ်းချမ်း လုပ်ကျွေးခဲ့လို့ ငါ့သားသမီးကလဲ ငါ့ကိုလုပ်ကျွေးလိမ့်မယ်လို့ မထင်နဲ့ ..မထင်နဲ့။ ဘယ်သူကမှ ဒီလိုဖြစ်ရပါစေ့မယ်လို့ ကျမတို့ ဘာအာမခံချက် ပေးထားတာမဟုတ်ဘူး။ ကေဒါရကျေးမင်းလို အခုလုပ်တာတွေက နောက်ဘဝအတွက် ရွှေအိုးမြှုပ်ရတာလား၊ ကဲ..သွားဦးမယ်၊ မတင်ရီလဲ ချိန်းထားသေးတယ်"
ဒေါ်သန်းဌေးသည် ရွှန်းရွှန်းဝေအောင်ပြောကာ ထပြန်သွား၏။ မတင်ရီဆိုသည်မှာ ဟိုကသည်က ရွှေတိုရွှေစမှသည် စိန်ထည်အထိ ဖလှယ်ကာ ပွဲစားလုပ်လိုက် ရောင်းဝယ်လုပ်လိုက် လုပ်နေသူဖြစ်၏။ ဒေါ်သန်းဌေးသမီး မော်လီနှင့် အလုပ်ချင်း ဆက်သွယ်နေသူဖြစ်သည်။
ဒေါ်ငြိမ်းမယ်သည် လှေကားမှ ဆင်းသွားသော ဒေါ် သန်းဌေးကို ငေးကြည့်နေမိသည်။ ယောဂီထဘီကိုမှ မလဲနိုင်၊ သူခေါ်သည်ဆိုလျှင် ဥပုသ်ဇရပ်မှ ရောက်ရောက်ချင်း အပြေးအလွှားလာသော သူငယ်ချင်းဖြစ်သူကို ကျေးဇူးတင်နေမိသည်။
သူတို့နှစ်ယောက်သည် ဝါးခယ်မမြို့လေးတွင် ကျောင်းနေစဉ်ကလည်း အတူတူ၊ ဆရာမ လုပ်တော့လည်း အတူတူ၊ သမီးများ ကြီးလာ၍ ရန်ကုန်လိုက်လာပြန်တော့လည်း အတူတူပင်။ နယ်မြို့လေးများတွင် နေရသောဘဝကို နှစ်ယောက်သား အားလပ်ချိန်တွင် ပြန်နှူးကြကာ သူတို့ဘဝကို သူတို့ နှစ်သိမ့်ကြရသည်။ ထို့ကြောင့်ပင် တခြားရပ်ကွက်တွင် အိမ်ကောင်းတွေ ဘယ်လိုပင်တွေ့တွေ့၊ သူတို့သူငယ်ချင်းနှစ်ယောက် မခွဲချင်သောကြောင့် ဤမြို့လယ်တိုက်ခန်းမှ ပြောင်းရွှေ့ မသွားဘို့ သမီးနှစ်ယောက်ကို တောင်းပန်ထားသည်။
“အိမ်နီးချင်းကောင်းဘို့ ရပ်ကွက်ကောင်းဘို့ ဆိုတာ အိမ်ကောင်းဘို့ထက် ပိုပြီးအရေးကြီးပါတယ် သမီးတို့ရယ်”ဆိုသောစကားလုံးများနှင့် သူတို့သမီးများကို သူတို့က တောင်းပန်ထားကြသည်။ ဒေါ်သန်းဌေးမှာတော့ သမီးက တယောက်တည်း၊ မြေးကလည်းမရှိသည်မို့ ကသီကရီ မနိုင်လှပေ။ သူ့မှာတော့ တယောက်တည်းသမီးက မွေးလိုက်သည်မှာ မြေးခြောက်ယောက်၊ နောက်ကိုလည်း လာဆဲ လာလတ္တံ့၊ အရိပ်အယောင်များက ပြနေ၏။
သူ ပင်စင်ယူစက သာသနာ့ရိပ်သာတွင် တရားထိုင်ခဲ့သည်မှာ ဥာဏ်စဉ်နာခဲ့ရသည်အထိ အချိန်ရခဲ့၏။ ယခုတော့ ဒေါ် သန်းဌေးတို့လို့ အိမ်ပစ်၍ မသွားနိုင်သော်လည်း သူတို့ကို တရားစစ်နေသော ဆရာတော် ဦးသုဇာတ၏ ဟောပြောသံကို အမြဲ ကြားယောင်၏။
“တကာမကြီးရဲ့၊ လူ့ဘောင်မှာနေရဆဲအခါမှာ ကိုယ့်အသုံးအဝိုင်း ကိုယ့်အဆောက်အအုံဆိုတာက ရှိသေးတယ်။ ဒီအနှောင်အဖွဲ့တွေကို ကိုယ်ကပစ်ပြီး ထွက်မသွားနိုင်သေးလဲ ဒီတရား အခံရှိနေရင် အေးမြဲအေးတာဘဲ။ သစ်တပင်ရိပ် ဝါးတပင်အောက် သွားနိုင်မှ မဟုတ်ပါဘူး။ နောက်ဆုံး အိပ်ချိန် ဒါမှမဟုတ် အိပ်ရာက နိုးချိန်၊ တနာရီလောက် အချိန်ရရ ဆီပွတ်ကျည်ပွေ့လို အဖန်တလဲလဲ ရှုမှတ်ရင်၊ မှတ်ဆဲအချိန် ကုသိုလ် အကုသိုလ်ပြတ်ပြီး ငြိမ်းချမ်းနေတာဘဲ။ ဘာတာဝန်မှ မရှိတော့လို့ လုံးဝ ဝတ်ကြောင်စွန့်ပြီး ရှေးပါရမီရှင်တွေလို ကျောင်းသင်္ခမ်းလေးမှာ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့"
"မြတ်စွာဘုရားသခင်ဟာ သတ္တ၀ါတွေကို တာဝန်ကြောက်ပြီး ကိုယ်လွတ်ရုန်းအောင်လို့ ဒီတရားတွေပြခဲ့တာ မဟုက်ပါဘူး။ လူ့ဘ၀လူ့ဘောင်မှာ နေဆဲလဲ နေတတ် စားတတ်အောင် မိမိကိုယ်ကို ကောင်းစွာဆောက်တည်နိုင်တဲ့သူ ဖြစ်အောင် ဟောပြောခဲ့တာ။ ဒါကြောင့် နိဗ္ဗာန်သို့သွားရာခရီးမှာ သမာအာဇီဝကို ထည့်ခဲ့တာပေါ့။ ပြီးတော့ လူ့ဘဝ ဆိုတာ ဒုက္ခဘုံ၊ ဘယ်သတ္တဝါမဆို ဘဝရဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်ရမယ်။ မလွဲမသွေ တွေ့ရမယ်။၊ ဒီဒုက္ခကို ရင်ဆိုင်တွေ့ရတဲ့အခါမှာ ဒီတရားကို နှလုံးသွင်းထားရင် ခံနိုင်ရည်ရှိတာပေါ့..”
မှန်၏။ သူ့မှာ ယခု မီးတွေ ပတ်လည်ဝိုင်းနေသည်ဟု ဆိုရမည်။ သို့သော် သူသည် ဘုရားလောင်းယုန်မင်းကို သတိရ၏။ သီလစမ်းလို၍ သိကြားမင်းက ပုဏ္ဏယောင်ဆောင်ကာ ယုန်မင်း၏အသားကို အလှူခံ၏။ ပုဏ္ဏလုပ်ပေးသော မီးပုံတွင်းသို့ ခုန်ဆင်းသော်လည်း မီးတောက် မီးလျှံတို့သည် ယုန်မင်း၏ မွေးညှင်းတပင်ကိုသော်မျှ မလောင်ပေ။
ဒေါ်ငြိမ်းမယ်သည် မီးပတ်လည်ဝိုင်းနေ၏။ ဤသတ္တလောကတွင် သတ္တဝါတို့သည် ကိုယ့်အတောင်နှင့်ကိုယ် မီးလောင်ခံနေရသည်ချည်း ဖြစ်၏။ တချို့ကလည်း မီး ကိုယ့်ကိုလောင်နေသည်ကို သိ၍ ကြောက်အားနှင့်သာ အော်နေသည်။ မီးငြိမ်းသည့် လမ်းစဉ်ကို မရှာဖွေမိ။ တချို့ကလည်း ကိုယ်တယောက်တည်းသာ ဤမီးက ကွက်လောင်သည် ထင်၏။ ကိုယ့်ကိုကိုယ် ဇာတ်လိုက်ထင်ကာ ကိုယ့်ကိုကိုယ်သာ ကွက်သနားနေသည်။
တချို့ကတော့လည်း လောင်သည်ကိုလည်း မသိ၍ ပူသည်ဟူ၍လည်း မထင်သောကြောင့် မအော်ခြင်းသာဖြစ်သည်။ တချို့ကတော့လည်း လောင်သည်ကိုသိ၏။ ငြိမ်းသောတရားကိုလည်း ရှာ၍တွေ့၏။ တာဝန်နှင့် သမုဒယနှောင်ကြိုးလေးများကို မပြတ်နိုင်သေးသောအခါ တရားကို ရှုမှတ်ရင်းပင် ဤဘဝတည်းဟူသော မြစ်ရေယဉ်ဝယ် မျောခဲ့ကြသည်။
အပိုင်း(၂)ဆက်ရန်
---------------------
0 Comments