ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
_________________________
အပိုင်း (၁၀)
သီတင်းကျွတ်လျှင် မိုးတိမ်ညိုတို့သည် တဖြည်းဖြည်း လွင့်ပါးစပြုလာလေသည်။ ဖြူ၍ ပါးလွှာသော တိမ်တိုက်တို့သာ ကောင်းကင်၌ လွင့်ပျံလျက်ရှိလေသည်။
တစ်ချက် တစ်ချက် မိုးကြွင်းလေလိုလို ဆောင်းသက်ပါယောင်ယောင် လေအေးလေးများ ဝှေ့ယမ်းတိုက်ခတ်စပြု၍လာလေသည်။
သီတင်းကျွတ်ကျောင်းပိတ်ရက်သည်လည်း ကုန်ဆုံးပေတော့မည်။ ကျောင်းပိတ်ရက်အတွင်း သူသည် ခဏခဏဆိုသလို ညနေခင်းများတွင် ရောက်၍လာလေသည်။ မြေနီလမ်းပေါ်တွင် နှစ်ယောက်သား လမ်းလျှောက်ကြသည်။ တစ်ခါတစ်ရံ တိမ်ရောင်များ တောက်နေဆဲ မိုးဖွဲဖွဲ သွန်ချချိန်တွင်လည်း ရောင်ခြည်များထဲတွင် လမ်းလျှောက်ကြသည်။
ဘာရယ်လို့ မယ်မယ်ရရမရှိသော်လည်း ဟိုအကြောင်း ဒီအကြောင်း စကားစလေးများကို ပြောကာ ရယ်မောကြရသည်မှာ နှစ်နှစ်ခြိုက်ခြိုက် ပျော်ရွှင်စရာလို ဖြစ်၍နေပေသည်။
သူသည် မြင်းစီးလေ့ကျင့်မှုကို မနက်ပိုင်းတစ်ချိန်သာ လုပ်တော့သည်။ များသောအားဖြင့် မိုးကင်းသော ညနေပိုင်းများတွင် ကျွန်မနှင့်အတူ အချိန်ကုန်သွားလေ့ရှိ၏။
မောင်လေး၏ခြံသစ်ဖက်သို့ လျှောက်ကြသော ညနေအချိန်တွင်မူ ရှုခင်းမှာ အထူးလှပ၍နေပေသည်။
မာလီသည် ဆောင်းအမီ နိုကိုနှင့်ဂေါ်ဖီကို ပျိုးစပြု၍ထားပေသည်။ ခြံအနားသတ်တွင်မူ မော်လမြိုင်ပန်းဖူးလေးပင် ဖူးငုံစ ပြုလာလေပြီ။ ဆောင်းလေဝှေ့လာလျှင် ပင်လုံးကျွတ် ပွင့်လာကြပေတော့မည်။ အနောက်ဘက်တွင် ယာသမား ဇနီးမောင်နှံသည် ဘူးစင်သစ်ကို ပြင်ဆင်နေကြပေသည်။ မိုးပါးသည့်နှင့်တပြိုင်နက် ပျိုးထားဟန်ရှိသော ဘူးပင်ပေါက်ကလေးများသည် ပေါင်းဘူးစင်ပေါ်တွင် တွားတက်စပြုလာ၍ ညနေ နေခြည်အောက်ဝယ် ရွှန်းရွှန်းစိမ်းလျက်ရှိပေသည်။ တချို့အပင်များသည် စင်ပေါ်ရောက်နှင့်၍ပင်နေကာ အညွန့်များ ဝေလျက်ရှိပေသည်။
ဤနေရာတဝိုက်သည် မီးရောင်စုံပြိုးပြက်နေသော ရန်ကုန်မြို့တော်၏အလှနှင့် တစ်ဘာသာစီ ခြား၍နေပေသည်။
ကျွန်မချစ်သောငွေပန်းရုံကိုမူ မာလီသည် အထူးဂရုစိုက် ပြုပြင်ထားလေသည်။ လူထိုင်ခုံပေါ်တွင် ငွေပန်း၏ပွင့်ဖတ်လေးတချို့ပင် တင်၍နေပေသည်။ ရေမှန်မှန်လောင်း၍ ငွေပန်းတို့သည် မပြတ်ပွင့်လျက်ရှိပေသည်။ ညက ရွာထားသော မိုးရေစက်များသည်လည်း ပန်းရုံပေါ်တွင် တင်လျက်ရှိပေသည်။
သူနှင့်ကျွန်မ ခုံပေါ်တွင် ယှဉ်၍ ထိုင်ကြသောအခါ နေရောင်ခြည်များသည် ငွေပန်းပွင့်များအပေါ် နားစပြုနေလေသည်။ ပန်းတစ်ပွင့် နှစ်ပွင့်ကို ကျွန်မက ခူးလိုက်၏။ သူသည် ထိုင်ခုံပေါ်ရှိအပွင့်ဟောင်းလေးများကို ယူကာ ပွင့်ဖတ်လေးများကို တစ်ခုချင်း ဖဲ့နေလေသည်။
" ဝင်းမြင့်အောင်လေး ပြန်ရောက်လာပြီ မခင်သိုက် "
ကျွန်မကို မကြည့်ဘဲ သူက ခပ်တိုးတိုးပြော၏။
" အို ...ဒါဖြင့် လာတွေ့ရဦးမယ်၊ ကောင်းသွားပြီလား "
"ဘယ်ကောင်းမလဲ၊ ခြေထောက်က ပလာစတာ ခွာလိုက်ပေမယ့် အောက်ပိုင်းသေသလိုဖြစ်နေတော့တယ်၊ ဦးဝင်းမောင်က ဆရာမပါ တစ်ခါတည်း အိမ်ခေါ်လာခဲ့တယ်၊ မနေ့ညနေကတောင် ကျွန်တော် သူနဲ့အတူ ကစားခဲ့ရသေးတယ်၊ အန်ကယ် မီးပန်းရှို့ပြပါဆိုလို့ ပြရသေးတယ် "
သူသည် ခပ်လေးလေး တစ်လုံးချင်း ပြော၍နေ၏။ ကျွန်မသည် သူ့ကို စကားစရန် အကွက်ပေါ်လာတော့သည်။
" ဒီကိစ္စဟာ သူ့အလိုအလျောက်ဖြစ်ရတာဆိုရင်တော့ ကံလို့ ယိုးမယ်ဖွဲ့ပြီး စိတ်ဖြေရမှာပဲ၊ တစ်စုံတစ်ယောက်ပယောဂကြောင့်သာ ဖြစ်ရတယ်ဆိုရင်တော့ တစ်သက်လုံး ယူကျုံးမရစရာကြီး "
" ဘယ်လို ...ဘာကို ဆိုလိုတယ်"
ကျွန်မမျက်နှာကို စေ့စေ့ကြည့်ကာ သူက မေး၏။
" ဒီလိုလေ၊ ဒီကလေးလေး ဖြစ်ရတာကို ကျွန်မက တွေးကြည့်မိတာပါ၊ သွေးရိုးသားရိုး ဟုတ်ချင်မှလည်း ဟုတ်မယ်၊ ဒီမြင်းကလေးကို တစ်ယောက်ယောက်က စိတ်ရူးပေါက်အောင် လုပ်လိုက်လို့ ခုလိုဖြစ်ရတယ်ဆိုရင် အတော်ယူကျုံးမရစရာပဲ၊ ခံရတဲ့ဘက်က မပြောနဲ့၊ လုပ်လိုက်တဲ့သူသာ ကျွန်မဆိုရင် ကျွန်မတစ်သက်လုံး ဘယ်တော့မှ စိတ်ချမ်းသာမှာမဟုတ်ဘူး "
သူသည် အေးစက်စက် တဖြည်းဖြည်း ပြုံးလာကာ ကျွန်မမျက်လုံးကို စူးစိုက်ကြည့်နေပြန်လေသည်။ သူ့လက်ထဲမှာရှိသော ငွေပန်းပွင့်မှ ရေစက်များကို ခါ၍နေလေသည်။ ရေစက်လေးများသည် တစ်ခါတစ်ခါ ကျွန်မလက်ကို လာ၍စင်ပေသည်။ ပန်းပွင့်လေးတစ်ပွင့်ကို သူသည် ကျွန်မလက်ထဲမှ ဆတ်ခနဲ ဆွဲယူကာ အားရပါးရ နမ်းရှုပ်လိုက်၏။
" မခင်သိုက်ဟာ ကျွန်တော် ထင်တာထက် စကားပြောလိမ္မာတယ်နော်၊ တော်တော် လှလှပပ သပ်သပ်ရပ်ရပ် ပြောတတ်တာပဲ "ဟု ခပ်လေးလေး ဆိုလိုက်၏။
" ကျွန်တော့်ကို မခင်သိုက် နိုင်နေပါပြီဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အဖို့ မခင်သိုက်အပေါ်မှာ ဘာမှလျှို့ဝှက်ချက်မထားပါဘူး၊ အားလုံး ကျွန်တော် ပြောပြဖွင့်ဟ ဝန်ခံမှာပဲ၊ ရှင်းရှင်းပြောရရင် မခင်သိုက်အပေါ်မှာ ကျွန်တော် စိတ်ချအယုံကြည်ဆုံးပါပဲ၊ ဒါ့ကြောင့် ကျွန်တော့်ရဲ့လျှို့ဝှက်မှုတွေကို အားလုံသိနေတဲ့ မခင်သိုက်ဟာ ကျွန်တော့ကို နိုင်နေပြီလို့ ပြောတာပါ၊ ခု ဝင်းမြင့်အောင်ကိစ္စမှာလည်း မခင်သိုက်ထင်သလိုပဲ တရားခံဟာ ကျွန်တော်ပဲ"
ကြိုတင်တွေးတောထားမိပြီး ဖြစ်သော်လည်း သူ ခုလို ဝန်ခံချက်မှာ ရဲလွန်းသောအခါ ကျွန်မပါးစပ်သည် ဟ သွားကာ အံ့အားသင့်မိပေသေးသည်။
" ယောင်တတ်တဲ့လူ အိပ်ပျော်နေတဲ့အခါ သွားထိရင် ထထိုးမိသလိုပဲ၊ ကျွန်တော်တော့ အကျင့်ဖြစ်နေပြီ၊ ကျွန်တော့်အဖေကို ခိုက်မပြောလိုက်နဲ့၊ ပြောလိုက်ရင် ကျွန်တော် ချတော့မှာပဲ၊ မရတော့ဘူး မခင်သိုက်၊ ကျွန်တော့်ကို တရားမဟောပါနဲ့တော့"
ကျွန်မသည် ဘာပြန်ပြောရမှန်းမသိဘဲ ငိုင်နေမိပေသည်။
" ကျွန်တော်လည်း လုပ်တုန်း လုပ်လိုက်ပြီး ခုလိုတွေ့ရတဲ့အခါ စိတ်မချမ်းသာပါဘူး၊ ကျွန်တော့်အကျင့် မဖျောက်နိုင်လို့လည်း ယူကျုံးမရဖြစ်ပါတယ် "
သူ့မျက်နှာသည် ထိုစကားလုံးကို ပြောစဉ် အတော်ဖျော့တော့၍ လာလေသည်။
" ကဲ ကလဲ့စားချေချင်တဲ့အကျင့်ကို ဖျောက်မရဘူးဆိုရင် ထားပါတော၊ ဒါပေမဲ့ ကိုထင်ပေါ့်ကိစ္စတွေက လူကြီးချင်းမကျေမနပ်ဖြစ်ကြတာ ဘယ်သူတရားတယ်၊ ဘယ်သူ မတရားဘူးလို့လဲ မဆိုလိုပါဘူး။ ဒါပေမဲ့ ကိုယ်မကျေနပ်ရင် မကျေနပ်သူကို သတ်ပစ်တာကမှ တော်ဦးမယ်၊ ခုလို အပြစ်မဲ့ရှာတဲ့ကလေးတွေ မိန်းမတွေအပေါ်မှာ ဘာလို့ အပြစ်ဒဏ်ကို ပုံချင်တာလဲ။ သူတို့ဟာ တခြားလူတွေရဲ့ ဆိုးဝါးယုတ်မာတာတွေကို ခေါင်းထိုးပြီး ခံရတာ ရှင် မသနားဘူးလား"
သူသည် အိတ်ထောင်ထဲမှ သတင်းစာစက္ကူတစ်ပိုင်းကို ယူကာ ခုံပေါ်ရှိရေများကို သုတ်နေသည်။ စက္ကူပိုင်းကို လွှင့်မပစ်ဘဲ ဖြန့်လျက် တင်ထား၏။ စက္ကူပေါ်တွင် မီးရထားတွဲမှောက်၍ ကိုယ်တုံးလုံး တွဲလောင်းကြီးဖြစ်နေသော မိန်းကလေးတစ်ယောက်အလောင်းပုံမှာ ရေစက်များနှင့် စိုနေပေသည်။
ထိုပုံပေါ်သို့ သူသည် ရေစက်များကို ထပ်၍ ခါချနေပြန်သည်။ သက်ပြင်းတစ်ချက် ချရင်း စကားတိုးတိုးပြောနေ၏။
" ခက်သားကလား မခင်သိုက်၊ ကျွန်တော်က သေတာမှ မလိုချင်ဘဲ။ သေတယ်ဆိုတာ ဒုက္ခတစ်ခုက လွတ်မြောက်သွားတာ၊ လက်စားချေတယ်ဆိုကတည်းက ဒုက္ခက လွတ်စေချင်လို့မှမဟုတ်ဘဲ၊ တမြည့်မြည့် ခံစေချင်လို့။ ကျွန်တော့်အဖေ တလှိမ့်လှိမ့်ခံရသလို သူတို့တွေဟာလည်း သူတို့သမီး သူတို့ကလေးတွေ မချိတရိဖြစ်နေတဲ့ဝေဒနာကို ကြည့်ပြီး တလှိမ့်လှိမ့်ခံစားနေရမှ ကျွန်တော် ကျေနပ်မယ်။ ခုတော့လေ ဖေဖေနဲ့ပတ်သက်သက် မပတ်သက်သက် ကျွန်တော် လက်စားချေဖို့ အကျင့်ပါနေပြီ "
" ကျွန်တော်နဲ့ စကားပြောရတာ မခင်သိုက် သိပ်ပြီး ပင်ပန်းနေပြီ ထင်တယ်၊ ကျွန်တော့်အဖို့လည်း မသက်သာပါဘူး။ ကျွန်တော့်အပြုအမူတွေမှာ ခုလို ယှဉ်ပြိုင်ပြီး ကလဲ့စားချေရတာကို ကျွန်တော် သိပ်သာယာတယ်လို့ မခင်သိုက် ထင်သလား၊ ဒီမှာ မခင်သိုက်၊ အသည်းခွဲတမ်းကစားကြတဲ့နေရာမှာ ဘယ်သူမှမနိုင်ပါဘူး။ သူများ အသည်းနှလုံးကို ကွဲအောင်ခွဲရတဲ့ ကျွန်တော့်အသည်းနှလုံးကရော ဘာမို့လဲ။ ကွဲလုနီးနီး ရင်နာရတာပဲ၊ ကဲပါလေ တော်ကြပါစို့ ၊ ခုလို လှပတဲ့ညနေမှာ ကျွန်တော်တို့ ဒီလောက်ကြမ်းတမ်းတဲ့စကားလုံးတွေ ပြောဖို့မကောင်းပါဘူး။ လာ ...လာ လမ်းလျှောက်လိုက်ကြဦးစို့"
သူခေါ်ရာသို့ ကျွန်မ ထ လိုက်သွားစဉ်တွင် ကျွန်မခြေလှမ်းများသည် တုံ့နှေးကာ အားမရှိတော့ပေ။
မှောင်ရိပ်သန်း၍ သူ ပြန်သွားသောအခါ ကျွန်မသည် အိပ်ခန်းရှိရာသို့ သွားရန် လှေကားကို တစ်ထစ်ချင်း လေးတွဲ့စွာ တက်နေ၏။
" မောင်ထင်ပေါ် ပြန်သွားပြီလားဟေ့ "
ကြီးကြီးသည် ထမင်းစားခန်းဝမှ လှမ်း၍ မေးလိုက်၏။ ကြီးကြီး၏မျက်လုံးများကို စိုက်၍ကြည့်ကာ ခေါင်းညိတ်ပြလိုက်မိ၏။ သို့သော် ကျွန်မသည် ဘာ့ကြောင့်မှန်းမသိ၊ ကြီးကြီးမျက်လုံးများကို ရဲဝံ့စွာ ရင်မဆိုင်ရဲသလို ကမန်းကတန်း ခေါင်းငုံ့ပစ်လိုက်၏။
" ဘယ့်နှယ့်လဲ မိန်းကလေးရဲ့၊ အရင်တုန်းကတော့ သူနဲ့ကျွန်မ နှစ်ယောက်တည်း စကားပြောလို့ မတင့်တယ်ဘူးဆို၊ ကြီးကြီး အနားမှာ အမြဲရှိပါဆို၊ ခုတော့ မိန်းကလေးတို့နှစ်ယောက် လမ်းလျှောက်နေတုန်းများ ကြီးကြီးကို သတိရပါစ "
ကြီးကြီးမျက်လုံးများက ကျွန်မနောက်ကို လိုက်ကာ ပြောနေသလိုပင် ထင်လာကာ ကျွန်မသည် လှေကားတစ်ဝက် ရောက်ခါမှ ကသုတ်ကယက်နှင့် အပေါ်သို့ ပြေးတက်သွားမိ၏။
* * * * *
နောက်နေ့ညနေတွင် ကျွန်မနှင့်ကြီးကြီးသည် ဝင်းမြင့်အောင်ကိုကြည့်ရန် ဦးဝင်းမောင်အိမ်သို့ ထွက်လာခဲ့ကြ၏။
အိမ်ဝတွင် ဒေါ်တင်တင်ဦးသည် ကျွန်မတို့ကို ဆီးကြိုကာ ဝင်းမြင့်အောင် အခန်းရှိရာသို့ တခါတည်း ခေါ်သွားလေ၏။ ဝင်းမြင့်အောင်သည် အိပ်ရာပေါ်တွင် ခေါင်းအုံးများကို ကျောမှီထိုင်ကာ ကိုထင်ပေါ်နှင့်အတူ တရုတ်ကျားထိုးကွက်နှင့် ကစား၍နေလေသည်။ သူတို့ဘေးတွင် ဦးဝင်းမောင်သည် ပန်းချီကားတစ်ခုကို ရေးဆွဲနေလေသည်။
ကျွန်မတို့ဝင်လာသည်ကို မြင်မြင်ချင်း ဝင်းမြင့်အောင်သည် ပါးခွက်လေးများပေါ်အောင် ပြုံးလိုက်၏။
" ဆရာမ တစ်ခါမှ သားတို့ဆီ မလာတော့ဘူး "
သူသည် ချစ်စဖွယ် လှမ်း၍ပြော၏။
" ဆရာမလည်း စိတ်က သတိရပါတယ်ကွယ်၊ လူကလေးဆီ မလာနိုင်တာ ခွင့်လွှတ်ပါနော်"
ကျွန်မသည် သူ့ကို တောင်းပန်လိုက်ရ၏။ ဦးဝင်းမောင်က နေရာမှထကာ ကျွန်မတို့ကို နေရာပေးလေသည်။
ဝင်းမြင့်အောင်သည် အရိပ်ထဲတွင် ကြာရှည် အိပ်စက် နားနေရဖန်များ၍ မျက်နှာမှာ ဖြူနုကာ ဝိုင်းပြည့်ပြည့်လေး ဖြစ်နေပေသည်။ အောက်ပိုင်း ခြေဖျားများကမူ မွဲခြောက်ခြောက် ညိုညစ်ညစ်အရောင် ဖြစ်နေပေသည်။
" သားတော့ မြင်း ဘယ်တော့စီးနိုင်မလဲ မသိဘူး၊ အခု သိပ်ပျင်းတာပဲ၊ အန်ကယ် လာလာပြီး ကစားနေလို့ပေါ့။ ဒယ်ဒီကတော့ ပန်းချီကားတွေ အများကြီးဆွဲပေးပါတယ်"
ကျွန်မသည် သူ တစ်လုံးချင်း ပြောသည်ကို နားထောင်ရင်း အလိုလို မျက်ရည်စို့လာကာ ရင်ထဲတွင် နင့်သွားမိလေသည်။ ကိုထင်ပေါ်သည် ထိုင်နေရာတွင် မရှိတော့ပေ။
ဝင်းမြင့်နိုင်သည် ဘယ်က ပေါက်လာသည်မသိ၊ ကျွန်မလက်ကို ဆွဲ၍ လှုပ်၏။
" ဆရာမ ကိုကို့အဖို့ ဒယ်ဒီက ပန်းချီဆရာ ခေါ်ထားတယ်၊ နောက်တစ်ပတ် တနင်္လာက စပြီး သင်ရတော့မယ်၊ သားလဲ မြင်းစီးမထွက်တော့ဘူး၊ ကိုကိုနဲ့အတူ ပန်းချီဆွဲသင်မယ် "
သူတို့နှစ်ယောက်သည် ကျွန်မကို တစ်လှည့်စီ စကားပြောကာ ဧည့်ခံကြသည်။
ကြီးကြီးနှင့် သူတို့အဖေ ဦးဝင်းမောင်တို့က တစ်ဝိုင်း စကားပြောနေကြလေသည်။
ကိုထင်ပေါ်သည် တစ်ခါတစ်ရံ ကျွန်မတို့အနားသို့ ရောက်၍လာလေသည်။ ကျွန်မတို့အချင်းချင်းကတော့ မျက်လုံးချင်းဆုံတိုင်း စကားအများကြီး ပြောမိသလို ဖြစ်၍နေပေသည်။ သူပြုလုပ်ခဲ့ပြီးသော အပြစ်တစ်ခုတွင် သူသည် ထိုမျှ ဣနြေ္ဒဆည်ကာ ဆက်ဆံနေနိုင်သေးသည့် သူ့အမူအရာကိုမူ ကျွန်မ မချီးကျူးဘဲ မနေနိုင်ချေ။ သို့သော် ကျွန်မကိုမူ ကလေးများရှေ့တွင် စကားများများ မပြောပေ။ ဦးဝင်းမောင်နှင့် သူ့ဆက်ဆံပုံမှာ ညီအစ်ကိုသဖွယ် ရင်းရင်းနှီးနှီး ချေချေငံငံ ရှိပေသည်။
" သား ပန်းချီတတ်တော့မှ ဆရာမပုံကို လှလှလေး ဆွဲပေးမယ်၊ ပြီးတော့ ပန်းချီဆွဲတတ်ရင် ဒယ်ဒီ့ကို ပြောရဦးမယ်၊ တယောထိုးလည်း သင်ဦးမယ်၊ ဒယ်ဒီကတော့ စာသင်ရဦးမယ်တဲ့၊ နောက်မှ တယောထိုးရမတဲ့။ သားကတော့ သိပ်ပျင်းတာပဲ ဆရာမရယ်၊ အိပ်ရာပေါ်မှာ သားနေရတာ ကြာလှပြီ"
ကျွန်မသည် သူ့လက်ဝါးလေးကို ဆုပ်နယ်လိုက်၏။ သူ့ကို စကားဆက်မပြောစေချင်ပေ။ ကိုထင်ပေါ်သည် မျက်စိမျက်နှာ ပျက်သွားကာ တစ်ခါတည်း အနားမှ ထွက်သွားတော့သည်။
" ဒါဟာ ... ရာဇဝတ်ပြစ်မှုကြီးတစ်ခုပဲ၊ အင်မတန်ဆိုးဝါးတဲ့ ရက်စက်မှုကြီးပဲ ... "
ကျွန်မသည် စိတ်ထဲမှ ရေရွတ်၍ နေမိပေသည်။
အိမ်ပြန်ရောက်လျှင် ဘာလုပ်ရမည်မှန်းမသိ။ နေမထိ ထိုင်မထိကြီး ဖြစ်နေပေသည်။ တစ်သက်လုံး အိပ်ရာပေါ်တွင်နေ အိပ်ရာပေါ်တွင် ဘဝဆုံးရမည်မှာ အတော်စိတ်မောစရာကောင်းသောဘဝ ဖြစ်နေပေပြီ။ မျက်နှာမမြင်နိုင်သော မီးနေသည်တစ်ယောက်အနားတွင် နေရသလို ကိုယ်တိုင်ကလည်း မစွမ်းဆောင်နိုင်။ စိတ်ထဲမှာလည်း မချိတရိနှင့် ဘာဝင်လုပ်ပေးရမှန်း မသိပေ။
သိုသော် တစ်ခုကလည်း ကျွန်မကိုယ်ကို အလွန်အမင်း အံ့ဩနေသည်မှာ ကျွန်မစိတ်က တရားမျှတသည်ဟု မထင်သောပြစ်မှုကို ကျူးလွန်နေသူနှင့် ဆက်ဆံရခြင်းကို ကျွန်မသည် ဘာကြောင့်များ သာယာနှစ်သိမ့်နေပါသနည်း ဆိုသော အကြောင်းပင်ဖြစ်ပေသည်။
ဆက်ရန်
------------------------------
0 Comments