ပန်းများကို ပွင့်စေသူ -ခင်နှင်းယု အပိုင်း(၉)

ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
________________________

အပိုင်း(၉)

သူ့မွေးနေ့သို့ ရောက်ခဲ့လေပြီ။ ကျွန်မသည် တစ်ယောက်တည်း အဝတ်အစားပြင်ဆင်နေ၏။ ကြီးကြီးမှာ နံနက်ကတည်းက သွားနှင့်ပြီဖြစ်၍ သူ့ကိုစောင့်ရန် မလိုတော့ပေ။ 

ကျောင်းကိစ္စမှလွဲ၍ ပါတီပွဲများကို ကျွန်မတက်နေကျမဟုတ်ပေ။ စိတ်ထဲတွင်လည်း ပါတီပွဲတွင်ရှိသော လူတန်းစားနှင့်သင်တင့်အောင် ရောနှောရမည်ကို စိတ်ပင်ပန်း၍နေပေသည်။ ကျွန်မ၏ဝတ်စားပြင်ဆင်ပုံကလည်း ဤလူတန်းစားဝယ် ခွင်မှ ကျပါလိမ့်မည်လားဟု ပူပန်မိပေသေးသည်။ သို့သော် ကျွန်မစိတ်ကပင် သွားချင်သောဆန္ဒ ထက်သန်၍နေပေသည်။ 

ကျွန်မသည် လုံချည်ဘီရိုထဲမှ နှင်းဆီပွင့်ပါသောအဆင်ကို ရွေးရပြန်သည်။ မမြမေ ထိုအိမ်ကြီးတွင် မရှိတော့သော်လည်း မမြမေကို လေးစားထိုက်သေးသည်ဟု ကျွန်မက ယူဆ၏။ ထို့ကြောင့် သူမြတ်နိုးသော အဆင်အသွေးများကို ကျွန်မ ဝတ်လိုပေသည်။ 

တစ်ကြောင်းကလည်း "ရှင် ဘယ်လိုမုန်းပေမယ့် ကျွန်မကတော့ မမြမေကို အစဉ်သတိရ မြတ်နိုးဆဲပဲ "ဟု ကိုထင်ပေါ်ကို ပြောလိုပေသေးသည်။ 

ကျွန်မလုံချည်များထဲတွင် သူငယ်ချင်းတစ်ယောက်က ပီကင်းမှ ဝယ်ပို့လိုက်သော ဖဲလုံချည်အနက်တစ်ထည်ကို ရွေးလိုက်၏။ ဖဲလုံချည်သည် အနက်ခံဖြစ်၏ ညပွဲနှင့်တော်သည်။ ထိုအနက်ပေါ်တွင် နှင်းဆီပွင့်ရဲရဲ တစ်ပွင့်ချင်းမှာ ကြွကြွရွရွနှင့် ကျဲကျဲခက်ထားသောကြောင့် အတော်ပင် လှပပေသည်။ ပဝါကိုမူ ရိုးရိုးအဖြူတွင် ငွေခြည်စက်အနက်များ ဖောက်ထားသည့်အဆင်ကို ရွေးလိုက်သည်။ ထိုညအတွက် လက်ဝတ်လက်စားများကို အထူးမရွေးချယ်တော့ပေ။ စိန်တစ်လုံးနားကပ်မှတစ်ပါး ကျွန်မ ဘာကိုမျှ မဝတ်ပေ။ 

မချိန် သီပေးသော ဇွန်ပန်းကုံးတစ်ကုံးကိုမူ နောက်တွဲဆံထုံးတွင် ရစ်ခွေ၍ ပန်လိုက်၏။ ၅နာရီမထိုးခင်ပင် သူကိုယ်တိုင် ရောက်၍လာသည်။ ကျွန်မ ဧည့်ခန်းသို့ ဆင်းလာသောအခါ သူသည် မျက်လုံးများကို စင်းစင်းကြီးလုပ်ကာ ကျွန်မကို စိုက်၍ကြည့်၏။ 

" ခင်ဗျားမှာ အလှတွေ အများကြီးရှိသေးတာပဲနော် "

သူက တုန်တုန်ယင်ယင်နှင့် ဆို၏။ ကျွန်မမှာ ဘာပြန်ပြောရမှန်းမသိဘဲ ခပ်ကြောင်ကြောင်ဖြစ်၍သွားသည်။ 

"ဒါနဲ့ ဘယ်သူတွေကို ဖိတ်ထားလဲ၊ ကျွန်မနဲ့မသိသူတွေ ဖြစ်နေရင် ကျွန်မက နှုတ်လေးလေးရယ် "

" အို လူတွေက မဆန်းပါဘူး၊ ခုတစ်ခေတ် ဝန်ကတော် အကြီးအသေးတွေဖြစ်နေတာ၊ များသောအားဖြင့် ကျွန်တော်တို့ကျောင်းနေဘက်တွေပဲဟာ၊ အိုက်စီအက်ကတော့ နှစ်ယောက်လောက်သာ တောက ပါတာပါ၊ ဒါကြီးတွေက ကြီးလှပါပြီ၊ ဒါနဲ့ ည မိုးမရွာရင် အငြိမ့်လဲ အပြင်မှာ ကမယ်၊ ရွာရင်တော့ သူတို့အိမ်ထဲမှာ ဘောလ်ဒန့် လုပ်ကြမယ်တဲ့ "

" ဟင်း ... အဲဒါတွေ ကတဲ့အထိတော့ ကျွန်မ မနေဘူးနော် "

" ကျွေးမွေးပြီးရင် ပြန်ချင်တဲ့အချိန် ပြန်ပါ အမရယ် "

သူသည် ခပ်ထေ့ထေ့လေး ပြုံးကာ ဆို၏။ ကျွန်မ၏နှုတ်ခမ်းများသည်လည်း ရှက်စနိုး ပြုံးမိလေသလားဟု စိတ်ထဲက ထင်မိ၏။ 

သူသည် တိမ်ခိုးမျှင် ငါးပိရောင် ဗန်ကောက်လုံချည်နှင့် မီးခိုးရောင် သက္ကလတ်အင်္ကျီကို ဝတ်ထားသည်။ သူ၏စိန်နက်မှာ ထိုညနေတွင် ပိုမိုတောက်ပနေသလို ဖြစ်နေပေသည်။ 

သူနှင့်အတူ ကားစီး၍ ထွက်လာရသည်ကို စိတ်ထဲမှာ ပျော်သလို ဖြစ်နေပေသည်။ 

သူ့အိမ်တွင် ပြင်ဆင်ထားပုံသည် သပ်သပ်ရပ်ရပ် ရိုးရိုးသားသားပင်ဖြစ်၏။ ဟိုတယ်ကလူများ၏လက်ရာဖြစ်၍ သူတို့ဘာသာ စီစဉ်နေကြ၏။ 

ဧည့်ခန်းနှင့် စာဖတ်ခန်းတွင် လူများထိုင်ရန် လေးယောက် တစ်စားပွဲ စားပွဲနိမ့်လေးများ ပြင်ထား၏။ ထမင်းစားခန်းတွင်မူ မတ်တတ်စားရန် ပြင်ဆင်ထားလေသည်။ 

" ကဲလေ၊ ပြင်ချင်တာရှိရင် ပြင်စမ်းပါဦး မခင်သိုက်ရဲ့၊ ကြိုက်သလိုသာ ပြင်ပါ "

သူသည် တစ်ခန်းဝင်တစ်ခန်းထွက် ကျွန်မကို ပြသရင်း ပြော၏။ ကျွန်မသည် ပန်းအိုးများထဲရှိ မတ်မတ်ကြီးဖြစ်နေသော အရိုးတံများနှင့် ပန်းတချို့ကို လဲလိုက်၏။ တရုတ်ပြည်ဖြစ် ကြွေဖြူထည်များမှာ ကြာရွက်ပေါ်တွင် နွဲ့ပျောင်းစွာ ရပ်နေသော နတ်သမီးအနားတွင် ရွက်မြွားနှင့် ဂန္ဓမာအဖြူများကို ရောဖက်ကာ ပန်းအိုးကို ပြင်ထားလိုက်၏။ တချို့စားပွဲတွင် ဂျပန်မယ်၏အလှဟန်၊ တချို့စားပွဲတွင် အိန္ဒိယလုပ် ကြေးရုပ်လေးများကို အလှပြင်၍ ထားလိုက်သည်။ 

" ခုနေ ကြာဖြူ ကြာနီ ၁၀ ပွင့်လောက်များ မရဘူးလား "

သူ့ကို လှမ်းမေးလိုက်လျှင် သူသည် နောက်ဖက်သို့ ပြေးဝင်သွား၏။ ခဏကြာ ပြန်ထွက်လာပြီးနောက် ၁ နာရီလောက်စောင့်ရန် ပြော၏။ နောက်တစ်နာရီတွင်မူ ဖိုးမောင်သည် လယ်တောကြာ ၁၀ ပွင့်လောက်ကို ဘယ်က ရှာလာသည်မသိ၊ ယူလာလေသည်။ ကျွန်မသည် အိမ်ရှေ့ကို ထွက်ကာ လပိုင်ရုပ် ရေကန်လေးထဲတွင် ရေလွှတ်လိုက်၏။ ပြီးလျှင် ကြာပွင့်လေးများကို အရိုးဖြတ်ကာ ရေထဲသို့ ထည့်လိုက်၏။ ကြာပွင့်လေးတို့သည် ရေကန်လေးထဲတွင် ဟိုဒီ မျောပါနေကြသည်။

သူသည် ကျွန်မအနားသို့ ရောက်လာပြန်သည်။ 

" စိတ်ထဲမှာ ပြည့်ပြီး ဝနေသလိုပဲ၊ ဟဲ ...ဟဲ ...၊ အဟုတ် ...အဟုတ် "

ညမီးများ ဖွင့်လိုက်သောအခါတွင်မူ လပိုင်ကြီးအနား မီးရောင်ပြာအောက်တွင် ကြာပွင့်လေးတို့သည် လှပစွာ မျော၍ နေကြလေပြီတကား။

ပါတီပွဲလာသူတို့မှာ သူ ပြောသကဲ့သို့ပင် သိဟောင်းကျွမ်းဟောင်းက များနေ၏။ လူကြီးပိုင်းကျကျအချို့ကိုသာ ကျွန်မ မသိပေ။ သူသည် လူတိုင်းနှင့် ကျွန်မကို မိတ်ဆက်ပေး၏။ သူ့အမူအရာမှာ လူပျိုပေါက်လေးလို ပေါ့ပါးပျော်ရွှင်၍နေပေသည်။ 

ကျွန်မ၏ငယ်သူငယ်ချင်းများနှင့် တွေ့ချိန်တွင်မူ ပွက်လောရိုက်၍နေတော့သည်။ 

"ဟေ မိခင်သိုက်ကြီးပါလား၊ မြုပ်နေလိုက်တာဟယ်၊ တို့က စစ်ကိုင်းချောင်ရောက်နေပြီလားလို့ "

" ဟယ်လို သိုက်၊ ယူ ဘယ် ဘယ်ပျောက်နေလဲ၊ အိုင် ယူ့သတင်းကို အမြဲမေးပါတယ်၊ ယူ ဆရာမကြီးလုပ်နေတယ်သာ ကြားတာ၊ ယူက ချောင်ကုပ်နေတာကိုး "

ကေတီတို့လူစုက အားပါးတရ အော်၍ပြော၏။ အားနာရမည့်ပရိသတ်များ မဟုတ်လေရကား ကျွန်မစိတ်ထဲတွင် အတော်ပင် ပျော်သလို ဖြစ်လာလေသည်။ နှုတ်စ လျှာစများလည်း ငယ်ခြေပြန်ပေါ်လာလေသည်။ 

" မခင်သိုက်သာ ဒီဧည့်ခံပွဲမှာမရှိရင် ကျွန်တော့်မွေးနေ့ဟာ ပျင်းခြောက်ခြောက်ကြီးနေမှာပဲ၊ ပြီးတော့ ဒီညမှာ မခင်သိုက်ဝတ်လာတာ အရိုးဆုံးမို့ အပေါ်ထင်ဆုံး အလှဆုံးပါပဲ" 

သူသည် ကျွန်မအနားတွင် ရစ်သီရစ်သီလုပ်နေရာမှ ဧည့်သည်များအလစ်တွင် တစ်ချက်တွယ်သွားပြန်ပါလေပြီ။ 

အမှန်မှာ ကျွန်မမိတ်ဆွေများ၏ ဆင်ယင်ထုံးဖွဲ့မှုများ အတော်နုပျိုနေပေသည်။ ကျွန်မ ဘီအေ အရောက်တွင် တစ်နှစ်စော ကျောင်းထွက်သွားသော ခင်သန်းအေးဆိုလျှင် သူ့ဆံပင်များကို ပိုးပဝါအပြာနုနှင့် အနောက်နိုင်ငံ ရုပ်ရှင်ဇာတ်လိုက်မလေးသဖွယ် စည်းထားသောကြောင့် ၃၀ကျော်ဟု ဘယ်သူမှမထင်ပေ။ ခင်သန်းအေးသည် တရားရေးဌာန အတွင်းဝန်ကတော်ဖြစ်၍နေလေသည်။ သူသည်လည်း အေဘီအမ်ကျောင်းထွက်မို့ သူနှင့်ကျွန်မတို့သည် မမြမေအကြောင်းကို အားရပါးရ ပြောနေကြသည်။ 

ကျွန်မနှင့်ကိုထင်ပေါ်တို့ ရင်နှီးမှုအဆက်အသွယ်ကိုလည်း သူ သိပြီးဖြစ်၍ သူတို့နှစ်ယောက် ပြန်ပေါင်းနိုင်ရေးကိုသာ ခင်သန်းအေးက ဆွေးနွေး၍နေလေသည်။ 

" မခင်သိုက် ....မခင်သိုက်ရေ ...ဒီကောင်ကြီးကို မှတ်မိသေးလား "

ကိုထင်ပေါ်သည် လူတစ်ယောက်ကို လက်ဆွဲကာ ဘယ်ထောင့်က ရောက်လာမှန်းမသိပေ။ ကျွန်မအနားကို ရောက်၍လာလေသည်။ သူ လက်ဆွဲလာသောသူသည် ကျွန်မကို ပြုံးပြုံးကြီး ရပ်၍ကြည့်နေသည်။ 

" ကိုစိုးမြင့်အောင် မဟုတ်လား"

"ဟုတ်ပါ့ခင်ဗျာ၊ ဟုတ်ပါ့၊ ဒီပွဲမှာ ထူးထူးဆန်းဆန်းတွေ့ရလို့ ဝမ်းသာပါသဗျာ၊ ကျွန်တော်ကတော့ အဝေးကတည်းက ခင်ဗျားရဲ့ငယ်ရုပ်ကို မှတ်မိနေတယ်"

ကျွန်မသည် ပြုံး၍နေလိုက်၏။ 

" အခု သူက ဗြဟ္မာ့ဗျူဟာ သတင်းစာမှာ အယ်ဒီတာလုပ်နေတယ် မခင်သိုက်ရဲ့ "

သူက ထပ်မံ၍ ကိုစိုးမြင့်အောင်အကြောင်း ပြောပြနေသည်။ 

"ဟုတ်ပါတယ်၊ ကျွန်တော်တော့ အဲဒီဘက်ပဲ ပျော်တယ်ဗျာ၊ ကျွန်တော်ကတော့ ဟုတ်ပြီ၊ ခင်ဗျားကကော ခုထိ အပျိုကြီးဝဋ် မကျွတ်သေးဘူးလားဗျာ၊ ဟဲ ...ဟဲ ..."

သူ၏ငယ်ကျင့်ကလေးကို ဖျောက်နိုင်ပုံမရသေးပေ။ အသက်ကြီးလာသည့်တိုင်အောင် ရွှတ်နောက်နောက်ပြောတုန်း ရှိသေးသည်။ 

"ဒါပေမဲ့ ဝတ်တာစားတာတော့ ကျောင်းတုန်းကထက် ခေတ်မီနေပါလား၊ တရုတ်နှင်းဆီပွင့်ဟာ ခုခေတ်ပါတီပွဲတွေမှာ အတော်ခေတ်စားနေတယ်၊ ဟဲ ...ဟဲ ... အမေရိကန်ဘရိုကိတ်နဲ့ အပြိုင်ပဲ "

ကျွန်မသည် ကျဗန်းချေ ပြန်မချေနိုင်သေးပေ။ 

" ခင်သန်းအေးက အမေရိကန် ဘရိုကိတ်ဗျ"

ခင်သန်းအေးကိုပါ ရော၍အုပ်လိုက်ပြန်၏။ 

"ဒါကတော့ ပိုက်ဆံပေး ဝယ်ဝတ်ရင် တရုတ်နီဖဲဖြစ်ဖြစ် အမေရိကန်ဘရိုကိတ်ဖြစ်ဖြစ် ဝတ်နိုင်ကြတာချည်းပဲ၊ အလကားရတဲ့ဆီက စောင့်ဝတ်ရင်သာ အပေါစားဆန်တာ မဟုတ်လား၊ သူများပြောမနေနဲ့၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်းပါဦး "

"အဲဗျာ...၊ ဆရာမကြီးက စကားပြောလဲ မဆိုးဘူးဗျို့၊ ကျုပ်တော့ ခင်ဗျားကို တစ်ယောက်ယောက်နဲ့ ပေးစားချင်နေပြီ "

" မလိုပါဘူးရှင်၊ ဆရာမဆိုတော့ သတင်းထောက်တို့ အယ်ဒီတာတို့နဲ့တွေ့ရင် ဘယ်လိုစကားပြောရမယ်ဆိုတာ တစ်ခါတည်း သင်ထားပြီးသားပါ၊ ခုလဲ ဒီနှင်းဆီပွင့်က ဒီအိမ်ရဲ့အိမ်ရှင်မ မမြမေကို ဂုဏ်ပြုတဲ့အနေနဲ့ ဝတ်လာတာပါ "

ကိုထင်ပေါ့်မျက်နှာသည် တစ်ချက်ညှိုး၍ သွားလေသည်။ ပရိသတ်မှာ ကိုယ့်လူစုနှင့်ကိုယ် အဖွဲ့ကျနေကြ၍ ကျွန်မတို့စားပွဲတွင် ခင်သန်းအေး၊ ကျွန်မနှင့် ကိုစိုးမြင့်အောင်သာ ကျန်တော့သည်။ သူသည်လည်း ခပ်လှမ်းလှမ်းရှိ မိတ်ဆွေတစ်ယောက်ထံ ထွက်၍သွားလေသည်။ 

" ခင်သန်းအေးတို့ဆို အတွင်းဝန်တစ်ယောက်ပိုင်နေပြီ၊ ဟန်မကျလား၊ သူ့မှာသာ လုပ်လိုက်ရတဲ့အပျိုကြီး "

ခင်သန်းအေးသည် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။

" တော်စမ်းပါ ကိုစိုးမြင့်အောင်ရာ၊ ရှင် ကျောင်းတုန်းကလိုပဲ မဟုတ်တာက စတယ်၊ တစ်ခုတော့ ချီးကျူးရဦးမယ်၊ စာတွေကျတော့ ရှင်ရေးတာ တည်သားပဲ၊ ရှင်ကိုယ်တိုင်ရေးတာမှ ဟုတ်ရဲ့လား "

" ေဩာ် ...ငယ်သူငယ်ချင်းတွေ ပြန်တွေ့တော့ ပျော်လို့ပါဗျာ၊ ခင်ဗျားလဲ စာတွေ ဖတ်အားသေးတယ်နော် "

"ဖတ်တာပေါ့၊ ဒါမှ အဖြစ်မှန် တွက်ယူလို့ရတာပဲ၊ သတင်းစာခေါင်းကြီးပိုင်းတွေလဲ ဖတ်တယ်၊ ဝတ္ထုတွေလဲ ဖတ်ပါတယ်၊ မြန်မာဝတ္ထုရေးဆရာတွေအကြောင်း မေးရဦးမယ်၊ တချို့ဟာ တယ် အာဏာရှင်ဆန်တယ်ရှင်၊ တစ်ခါတစ်ခါ သူတို့လိုချင်တဲ့ ပါတီနိုင်ငံရေးကို ဝတ္ထုထဲ အတင်းရိုက်သွင်းတာ၊ ဝတ္ထုအရသာခံပြီး ဖတ်သူအဖို့ သိပ်အန်ချင်စရာကောင်းတာပဲ၊ အေး,အနေနဲ့တော့ မကြိုက်ဘူး၊ ဝတ္ထုဖတ်ပရိသတ်ကို စော်ကားသလိုပဲ၊ ကွန်မြူနစ်ဝါဒအကြောင်းဖြစ်ဖြစ် ဆိုရှယ်လစ်ဝါဒအကြောင်းဖြစ်ဖြစ် သိချင်ရင် ကွန်မြူနစ် ဆိုရှယ်လစ်ဝါဒအကြောင်းရေးတဲ့ အထူးဘာသာရပ်စာတွေ ဖတ်မှာပေါ့၊ ဝတ္ထုထဲ အတင်းရိုက်သွင်း၊ စကားလုံးတွေကလည်း ဘာမှန်းမသိဘူး "

ကိုစိုးမြင့်အောင်သည် ခင်သန်းအေးအား မျက်လုံးပြူးကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်နေသည်။ 

" ဘာလဲ၊ ရှင်က အေးကို အေဘီအမ်ကျောင်းထွက်ဆိုပြီး အထင်သေးလို့လား၊ ရှင့်မို့ ပြောပြရဲတာပါ၊ ရှင်တို့လူစုကို ကြောက်လဲကြောက်ပါရဲ့၊ ဟိုဒင်းပြောမလို့ပါ။ သောမတ်ဟာဒီတို့၊ တော်စတွိုင်းတို့ရေးတဲ့ ဝတ္ထုတွေများဆို ကုန်ထုတ်လုပ်မှုတို့ ဘာတို့ ဆိုတဲ့ စကားလုံးရှုပ်ရှုပ် တစ်လုံးမှသာ မတွေ့ရတယ်။ ဖတ်ရတာလဲ အရသာရှိ၊ လူ့ဘဝအကြောင်းဆိုလဲ ထိမိလိုက်တာ ပရိသတ်အသည်းစွဲပဲ၊ ဒီမှာဖြင့် ပြောတော့ ဘဝသရုပ်ဖော်စာပေတဲ့၊ အဲဒီ သရုပ်ဖော်စာပေဖတ်ဖို့ အဘိဓာန်အသစ်တစ်အုပ် လက်မှာ ကိုင်ထားရမယ် "

ခင်သန်းအေးသည် ပက်ပက်စက်စက် ပြောပြလိုက်၏။ 

" ကျွန်တော်တို့တော့ စာဖတ်ပရိသတ်ကို အထင်မသေးရဲပါဘူးဗျာ၊ ခက်တာက ပုံစံအမျိုးမျိုးပဲဗျ၊ ခင်ဗျားပြောတာလဲ မှန်တာပဲ၊ ပရိသတ် စိတ်ကသိကအောက်ဖြစ်ပြီး ဖတ်ရမယ့်စာမျိုးတော့ ရှောင်ဖို့ကောင်းတာပေါ့လေ၊ နားလည်အောင်တော့ ကျွန်တော်တို့ စာရေးဆရာတွေ ရေးသင့်တာပေါ့၊ ဝတ္ထုဖတ်ကတည်းက ဝတ္ထုရဲ့အရသာကို ရှောခနဲ ရှောခနဲနေအောင် ခံစားချင်လို့ ဖတ်တာပေါ့၊ ထစ်အ ထစ်အ ဖြစ်နေရင် အပင်းဆို့နေရသလို နေမှာပေါ့၊ အေး,ဆိုလိုချင်တာ အဲဒါ မဟုတ်လား "

"အေး,ပြောတဲ့စကားကို ရှင်က အတွင်းဝန်ကတော်စကားမို့ အောက်ခြေလွတ်တယ် ပြောချင်ပြော၊ အေး,ဆိုချင်တာက ဥပမာ တင့်တယ် မောင်ထင်တို့ဆို အချစ်အကြောင်း တင့်တယ်ဖွဲ့လဲ လူဆန်တယ်၊ မောင်ထင်က ဘဝကို သရုပ်ဖော်တာဆိုတယ် လူဆန်တယ်၊ တချို့စာတွေ ဖတ်ရတာ သူတို့ဇာတ်လိုက်က ဘုရားသခင်ဖန်ဆင်းပေးလိုက်တဲ့ တန်ခိုးတော်ရှင်ကြီးတွေလိုပဲ၊ မဟာဆွေတုန်းကသာ ဝေဖန်လိုက်ကြတာ၊ သူတို့ဇာတ်လိုက်တွေက သာပြီး လူမဆန်သေးတယ်၊ ပြီးတော့ သူတို့ဇာတ်ရိုက်သွင်းချင်နေတဲ့ နိုင်ငံရေးလေသံကြီး အသက်သွင်းထားလေတော့ အဲဒီဇာတ်လိုက်မှာ သိပ်တော်ချင်သာ တော်နေမယ်၊ ဇာတ်လိုက်ပိုင်း အသက်မပါတော့ဘူး "

"ဒါနဲ့ မပြီးသေးဘူး၊ နောက်တစ်ခုတွေ့တာလဲ ပြောရဦးမယ်၊ အဲဒီလေသံကြီးနဲ့ အသက်သွင်းထားတဲ့ဇာတ်လိုက်တွေကို သရုပ်ဖော်တဲ့အခါမှာလဲ ဇာတ်လိုက်တွေရဲ့အသည်းနှလုံးဟာ အို ...နူးညံ့ပျော့ပြောင်း မေတ္တာတရားတွေနဲ့ပြည်ဝလိုက်တာ လွန်ရော၊ တမန်တော်တွေတောင် မနှိုင်းအပ်သလောက်ပဲ၊ ကျန်လူတွေက အပုပ်အသိုးတွေ ဆိုတာလို ရေးသေး၊ ယုံချင်ယုံ မယုံချင်နေ ဆိုတာမျိုး၊ စိတ်ထားနဲ့ပတ်သက်လို့ ယူဆမိတာကတော့ ဘာဝါဒ သက်ဝင် သက်ဝင် လူ့စိတ်မှာ တည်တယ်လို့ ထင်တာပဲ၊ ဘုရားသခင်ရဲ့ဓမ္မတော်တွေဟာ မေတ္တာတရားတွေနဲ့ပြည့်လှိုင်ပြီး အေးချမ်းငြိမ်သက်ရာ အမတနိဗ္ဗာန်ကို လမ်းညွှန်နေပေမယ့် ဘုရားသခင်သားတော်တွေထဲမှာကို ညွှန်ပြတဲ့တရားဥပဒေနဲ့မညီဘဲ ခက်ထန်တဲ့ နှလုံးသားတွေရှိတာ ပြည့်လို့၊ မကောင်းတဲ့အပိုင်းကိုလည်း မကောင်းတဲ့အရသာပေါ်အောင် ဖော်မှပေါ့၊ ကိုယ့်ဇာတ်လိုက်ကို ပထမတန်းချည်း လုပ်ထားတော့ ဖတ်ရတဲ့လူမှာ တစ်ဖက်သတ်ချည်း ပျင်းစရာကြီးဖြစ်နေတာပေါ့ "

"အဟုတ်ဗျို့၊ ခင်ဗျားတို့နှစ်ယောက် တော်တော်ဝေဖန်တတ်သားပဲ "

" ဟဲ ...ဟဲ ...အေးတို့လူစုကို အေဘီအမ်ထွက်တွေ အမျိုးသားစာပေကို ဂရုမစိုက်ဘူး ထင်လို့လား၊ အေးက အားလုံးဖတ်တယ်၊ အေးတို့ ဆိုခဲ့တဲ့အထဲမှာ အားလုံးကိုတော့ ပြောတာမဟုတ်ဘူးနော် အယ်ဒီတာကြီး "

" ဟော...စကားကောင်းနေလိုက်တာ၊ ဟိုကလာတာ ပင်စီတို့လူစု၊ ကိုယ် သွားတွေ့လိုက်ဦးမယ်၊ ယူတို့နှစ်ယောက် စကားပြောရစ်ဦးနော် "

ခင်သန်းအေးသည် စကားတဖောင်ဖောင်ပြောရာမှ နောက်ဝင်လာသော ဧည့်သည်တစ်စုထံ ထ၍ သွားလေသည်။ 

ကျွန်မနှင့် ကိုစိုးမြင့်အောင်သည် ဟိုနှောင်းတစ်ခေတ်က တက္ကသိုလ်ပတ်ဝန်းကျင်ကို စမြုံ့ပြန်ကြ၏။ လက်ရှိလုပ်ငန်းများကို နှီးနှောကြသည်။ မိတ်ဆွေများအကြောင်းကို ဟိုတစ်စ ဒီတစ်စ သတင်းပေးကြသည်။ နောက်ဆုံး မမြမေအကြောင်းကို ရောက်၍သွားတော့သည်။

" မမြမေနဲ့ ကျွန်တော်တော့ အသိမိတ်ဆွေ မဖြစ်လိုက်ရဘူး၊ ဒါပေမဲ့ ကိုထင်ပေါ်မိန်းမအနေနဲ့တော့ သိခဲ့ရတယ်၊ တော်တော်ရည်ရည်မွန်မွန်ထဲကပါပဲဗျာ၊ ခုတော့ဖြင့် ရေစက်ကုန်ပြီ ထင်ပါရဲ့၊ ဒီလူက မမြမေအကြောင်း စကားစပ်တောင်မခံဘူး "

"ခက်သားလား၊ ရှင့်သူငယ်ချင်းစိတ်ဟာ ကြောက်စရာကြီး၊ တစ်နေ့နေ့ အေးအေးဆေးဆေး ဆုံမိကြမှ မမြမေအပေါ် သူထားတဲ့ သဘောထားတွေ ပြောပြရဦးမယ်၊ လူ့အန္ဓကြီးပဲ "

" မခင်သိုက်ကို ကျွန်တော် တစ်ခုပြောပြရင် မခင်သိုက် စိတ်ဆိုးမလား "

" ဘာကို ပြောမှာလဲ၊ ကျွန်မ စိတ်မဆိုးတတ်ပါဘူး "

ကျွန်မသည် မျက်မှောင်လေးကြုတ်ကာ သူ့ကို မေးလိုက်၏။ 

" တောင်းပန်ချင်တာပါ၊ မမြမေ မရှိတော့တဲ့နောက် ဒီအိမ်ထောင်ကြီးရဲ့ ရှင်မအဖြစ် မခင်သိုက် တာဝန်ယူနိုင်ရင် ကိုထင်ပေါ်အဖို့ သိပ်အဆင်ပြေမှာပဲ "

" ဟယ် "

ကျွန်မသည် ရုပ်ပျက်ဆင်းပျက် ဣနြေ္ဒပျက်လောက်အောင် အော်လိုက်မိသည် ထင်သည်။ လက်များကိုလည်း အလိုအလျောက် ယမ်း၍နေမိ၏။ 

" ဆောရီး မခင်သိုက်၊ ခင်ဗျားစိတ် ဒီလောက်ထိခိုက်သွားလိမ့်မယ် မထင်လို့ ပြောမိတာ၊ တစ်ခုက ကျွန်တော့်ဆန္ဒအလျောက်ပြောတာပါ၊ ဒီကိစ္စ ကိုထင်ပေါ်မသိသေးပါဘူး၊ ခင်ဗျား မျက်နှာပူစရာမရှိပါဘူး "

ကျွန်မသည် ဘာပြန်ပြောရမှန်းမသိ ကြောင်၍နေစဉ် ကိုထင်ပေါ် ရောက်၍လာ၏။ 

" မခင်သိုက် .. ထမင်းပွဲ အဆင်သင့်ဖြစ်ပြီ၊ မိတ်ဆွေတွေ ခေါ်ပါ၊ ပြီးတော့ ကြီးကြီးကလည်း သူ့စားပွဲ လာပါဦးတဲ့ "

သူ ပြောပြီး ထွက်သွားမှ ကျွန်မ အလုပ် စ၍ လုပ်၏။

မိတ်ဆွေများကို ထမင်းစားခန်း ပို့၊ ဘွိုင်များနှင့်အတူ ပန်းကန်ပြားပေး၊ လက်သုတ်ပုဝါ ဇွန်းခက်ရင်းများ သုတ်ပေး လုပ်နေမှပင် ကျွန်မစိတ်သည် နည်းနည်း ငြိမ်၍သွားတော့သည်။ ကိုစိုးမြင့်အောင်ကိုမူ ရှာ၍မတွေ့ပေ။ 

ကြီးကြီးအနားသွားကာ ထမင်းဟင်းများ ထည့်ပေးလိုက်၏။ သူငယ်ချင်းများဆီသို့ သွားရောက်ကျွေးမွေးသော်လည်း ကိုယ့်စကားကိုယ် ဘာပြောမိမှန်းမသိအောင် စိတ်မှာ ချောက်ချား၍နေပေသည်။ 

ထမင်းစားပြီးကြလျှင် ကိုထင်ပေါ်သည် ကျွန်မအနားသို့ ရောက်လာပြန်သည်။ 

" မိုးမရွာဘူး မခင်သိုက်၊ ရာသီဥတု ကောင်းနေတယ်၊ အငြိမ့် က ဖြစ်တယ်၊ ပွဲပြီးမှ ပြန်ပါလား "

" ဟင့်အင်း၊ ဒါလောက် ဧည့်ခံပေးရတာ ကျေနပ်ပါတော့ ကိုထင်ပေါ်၊ သူတို့တွေ ပွဲခင်းရောက်ရင် ကျွန်မ ပြန်ချင်ပြီ "

" ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် လိုက်ပို့မယ် "

" မလိုပါဘူး၊ ဧည့်သည်တွေ ထားပြီး ကျွန်မလိုက်ပို့လို့ ဘယ်တော်ပါ့မလဲ "

သူသည် ညှို့မှိုင်းမှိုင်း မျက်လုံးရိပ်ဖြင့် ကျွန်မမျက်နှာကို စီး၍ကြည့်ကာ_
" သဘောမတူရင်လည်း မပို့ပါဘူး၊ ဖိုးမောင်နဲ့ ကားနဲ့ အဆင်သင့် လုပ်ထားလိုက်မယ်နော်၊ ကဲ ...ကဲ ...ပွဲခင်းထဲ မိတ်ဆွေတွေ ပို့ပေးခဲ့ပါဦး "

ကျွန်မသည် မြက်ခင်းပေါ်ရှိ ကုလားထိုင်များသို့ ဧည့်သည်များကို နေရာချပေး၏။ တချို့စုံတွဲများမှာ အရက်ဖန်ခွက်ကိုယ်စီဖြင့် လပိုင်ရုပ်ကြီးအနားတွင် ရပ်ကာ စကားပြော၍နေကြသည်။ မြက်ခင်းဝိုင်းပေါ်တွင် ထွန်းညှိထားသော မီးရောင်စုံများကြားသို့ ရေဖွားများသည် ဖြတ်သန်းသွားကြသည်။ မီးရောင်ပြာအောက်တွင် ကြာပန်းလေးများသည်လည်း ပေါလောမျောကာ ဧည့်ခံကြပေသည်။ 

ကျွန်မနှင့်ကြီးကြီး ပြန်ချိန်တွင် သူရောဒေါ်ရွှေခင်ကပါ တံခါးဖွင့်ပေးသည်အထိ နှုတ်ဆက်ကြသည်။ ဒေါ်ရွှေခင်က အငြိမ့်ပြီးအောင် မနေကောင်းလားဟု တဖျစ်တောက်တောက် ပြော၍နေလေသည်။ သူကမူ ကျေးဇူးတင်ကြောင်း ခပ်ငိုင်ငိုင်ပင်ပြောကာ ကားတံခါး ပိတ်ပေးလိုက်လေသည်။ 

* * * * * 

ထိုညတွင် အိပ်၍မရ ဖြစ်ရပြန်လေသည်။ ပါတီပွဲသို့ တက်ရောက်ခြင်းသည် မှားလေသလော မှန်လေသလော တွေးတောမိပြန်သည်။ 

စိုးမြင့်အောင်ကမူ ကျောင်းတုန်းက အကျင့်အတိုင်း နှုတ်ဆော့ခြင်းပင်လေလား၊ ကျောင်းနေစဉ်က သူ့နှုတ်ဆော့မှုကြောင့် အတော်များများ စုံတွဲဖြစ်သွားခဲ့ကြဖူးလေသည်။ 

ကျွန်မသည် အိပ်ရာမှ ထ၍ မှန်တင်ခုံဘေးရှိ မီးလုံးကို ဖွင့်လိုက်မိသည်။ မှန်ထဲတွင် ကျွန်မမျက်လုံးများကို စူးစိုက်စွာ ကြည့်နေမိသည်။ 

" သူငယ်ချင်းရေ ...ငါ့မျက်လုံးလေးတွေဟာ မင်းပြောသလို ကြည်လင်မှ ကြည်လင်သေးရဲ့လား ... "

ကျွန်မသည် စိတ်ထဲမှ ရေရွတ်ရင်း မမြမေကို တမ်းတမိ၏။ ပူနွေးသော မျက်ရည်စတို့သည် ကျွန်မ၏မျက်လုံးအစုံမှ ဖြည်းညင်းစွာ လိမ့်ဆင်းလာကြလေသည်။ 

ဆက်ရန်
--------------------------
ခင်နှင်းယု

Post a Comment

0 Comments