မြကြာဖြူ (ခင်နှင်းယု)
_______________
အပိုင်း (၂၂)
၃၀။
ဂျင်မီ့ထံမှ ရှယ်လီ့ဆီကိုရော အဘိုးအဘွားများထံကိုပါ ချောချောမောမော ရောက်ကြောင်း၊ သူ ပါရဂူဘွဲ့ ဆက်ယူဖို့အားလုံး ဖိုးလေးစံထွန်းအောင်က စီစဉ်ပေးကြောင်း ပါသည်။
ညီမလေး
ဒက်ဒီနဲ့တွေ့ဖို့ ဖိုးလေးက စီစဉ်ပေးမယ်တဲ့။ ညီမလေး ပေးတဲ့စာကို ဒက်ဒီနဲ့တွေ့ရင် ကိုကို ပေးဖြစ်အောင်ပေးမယ်။ ဖိုးလေးက သင်တန်းတွေ နေရာတကျရှိမှ အားလပ်ရက်တရက်ရက်မှာ ဆွမ်ဆီးကို ပို့ပေးမယ်တဲ့။ သူကိုယ်တိုင် ပို့ပေးမယ်ဆိုတယ်။ နောက်တချိန်မှာတော့ ကိုကိုတယောက်တည်း ဒက်ဒီ့ကို ခနခနသွားတွေ့မယ် စိတ်ကူးတယ်။ မာမီ့ကို ဂရုစိုက်ပါ။ သူ့စာတွေပျောက်တော့ အင်နီ့ကို ဆူသေးလား။
ဒါပါပဲ။ ကျန်းမာ ချမ်းသာပါစေ။
ကိုကို
အင်နီကတော့ အကိုထံမှ စာဖတ်ပြီး သူ့အကိုနဲ့ ဒက်ဒီ မြန်မြန်တွေ့ပါစေဟု ကျိတ်ဆုတောင်းနေမိသည်။
ဂျင်မီ့ထံမှ ၆လလောက်အကြာ ရောက်လာသောစာကတော့ ရှယ်လီ့ရင်ကို လှုပ်ရှားစေပါသည်။
ဇွန်လ ၅ရက်၊ ၁၉၇၂။
မာမီ
ပြီးခဲ့တဲ့တနင်္ဂနွေက သား အလွန်မျှော်လင့်ခဲ့တဲ့ဆန္ဒ ပြည့်ခဲ့တယ်။ ဒက်ဒီနဲ့သား တွေ့ကြတယ်။
ရှယ်လီသည် စာကို ဆက်မဖတ်နိုင်သေး။ ခေတ္တ ရင်ဘတ်မှာ ကပ်ထားပြီးမှ အသက်ရှူမိသည်။ ပြီးတော့မှ ဆက်ဖတ်ရသည်။
ဖိုးလေးထွန်းလှအောင်က သူ့ကား ကိုယ်တိုင်မောင်းပြီး သားကို ဆွမ်းဆီးလိုက်ပို့တယ်။ လန်ဒန်နဲ့ ၂နာရီလောက် မောင်းရတယ်။ ဆွမ်းဆီးဟာ ပင်လယ်ကမ်းခြေမြို့လေးပဲ။ ဒက်ဒီနဲ့ ဖိုးလေး ဘယ်လိုချိန်းထားလဲ မသိဘူး။ ဒက်ဒီက ဆွမ်းဆီးဆေးရုံကပေးတဲ့အိမ်မှာ သားတို့ကို မတွေ့ပါဘူး။ ဟိုတယ်တခုမှာ တွေ့ကြတယ်။ သားကိုမြင်မြင်ချင်း သူ တအားဖက်ထားတယ်။ သားရင်ထဲမှာလည်း လှိုက်လှိုက်လာတယ်။ မငိုမိအောင် စိတ်တင်းထားရတယ်။ ဟိုတယ်မှာ နေ့လည်စာစားပြီး ဖိုးလေးက သူ ကားလျှောက်မောင်းဦးမယ်လို့ ဆိုတယ်။ သားတို့သားအဖနှစ်ယောက်တည်း လွတ်လွတ်လပ်လပ်ထားရစ်ချင်လို့ ထင်ပါတယ်။
သားနဲ့ဒက်ဒီ ဆွမ်းဆီးပင်လယ်ကမ်းခြေဘက်ကို ထွက်လာတယ်။ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်ရင်း ဒက်ဒီက သားလက်ကို မြဲမြဲ ဆုပ်ထားတယ်။ စကားတော့ နည်းနည်းပဲ ပြောတယ်။ သူ့မျက်လုံးတွေဟာ ဟိုးအဝေး ပင်လယ်ပြင်ကြီးကိုပဲ ငေးနေတယ်။ သူ မြန်မာပြည်မှာလိုမဟုတ်ဘူး၊ ပိန်တယ်၊ အသားတွေလည်း ညိုတယ်။ သူက မာမီနဲ့ ဘိုးဘိုးအကြောင်းမေးလို့ သားက ဒက်ဒီ ဘယ်တော့ပြန်လာမလဲ မေးတော့ ပြန်လာမှာပါတဲ့။ ဒါပဲ ဖြေတယ်၊ သိပ်စကားနည်းသွားတယ်။ သားက ခရစ်စမတ်အားလပ်ရက်မှာ လန်ဒန်လာဖို့ ဖိတ်တော့ သူ မလာချင်ဘူးတဲ့။ သားပဲ ဆွမ်းဆီးကို အားလပ်ရက် လာပါတဲ့။ မလာခင်ကြိုပြီး ဖုန်းဆက်ဖို့လည်း မှာတယ်။ သူ ဆေးရုံက ဖုန်းပေးထားတယ်။
ဒါပါပဲ မာမီ၊ သား အဝေးက ကန်တော့လိုက်ပါတယ်။
ကျန်းမာချမ်းသာပါစေ။
သား-ဂျင်မီ
သားစာဖတ်ရတော့ အမောပြေသင့်သလောက်ပြေသလို ရှယ်လီ ခံစားရသည်။ သလ်မာနှင့်တွေ့သည် မတွေ့သည်ကို သားက မဖော်ပြ။ သလ်မာနှင့် တွေ့ဆုံမှာစိုး၍ အိမ်မှာ သားကို ခေါ်ယူတွေ့ဆုံခြင်းမပြုဘဲ ဖြစ်ရမည်။ တကယ်တော့လည်း သလ်မာအကြောင်းကို သားက သိသည်မဟုတ်၍ တစုံတရာ ဘာမှ ဖော်ပြရေးဖို့ အကြောင်းမရှိဘူးဆိုတာကိုတော့ ရှယ်လီ သဘောပေါက်ပါသည်။
အင်နီ့ကိုတော့ ဂျင်မီက စာတစောင် သတ်သတ်ရေးသည်။
ညီမလေး အင်နီ
ကိုကိုနဲ့ဒက်ဒီ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တွေ့ကြတယ်။ မာမီ့ဆီ အကြောင်းစုံ စာရးလိုက်တယ်။ ဒက်ဒီနဲ့ခွဲကာနီးတော့ ကိုကိုက အင်နီပေးတဲ့စာ ဆိုပြီး ဒက်ဒီ့လက်ထဲ စာထည့်လိုက်တယ်။ ချက်ချင်းတော့ ဖောက်မဖတ်ဘူး။ ကိုကိုပြန်လာတဲ့အချိန်အထိ စာကိုဖတ်ပြီး အကြောင်းဘယ်လိုထူးတယ်ဆိုတာ ဒက်ဒီက သူ့သဘောထားကို ဘာမှ ကိုကို့ဆီ စာမရေးသေးဘူး။ ကိုကို့ဆီ ဖုန်းဆက်တော့လည်း စာအကြောင်း တလုံးမှမပြောဘူး။ ညီမလေး အကြောင်းပဲမေးတယ်။ နောက် အကြောင်းထူးမှ စာရေးဦးမယ်။
ကျန်းမာပါစေ
ကိုကို
အင်နီ့စိတ်ထဲ ဘာဖြစ်ဖြစ် သူ့မိခင်စာ ဒက်ဒီ့လက်ထဲ ရောက်သွားသည်ကိုပဲ ဝမ်းသာသည်။
ရှယ်လီ နောက်လထဲ ဒေါ်လီတို့အိမ် သွားလည်သည်။ ကိုဖေသိန်းမှာ ဆေးတက္ကသိုလ် (၁)မှာ ပါမောက္ခဖြစ်နေသည်။ ကိုဖေသိန်းကိုပါ အိမ်မှာ တွေ့ရသည်။
"ရှယ်လီရေ ... ဂျင်မီနဲ့ ကိုယ်ပေးတဲ့စာ လင်း ဖတ်ရတယ်ထင်တယ်။ တနေ့က သူ့ဆီက စာလာတယ်"
ကိုဖေသိန်းက ရှယ်လီ့ကို ရောက်ရောက်ချင်း ပြောပြသည်။
"သူ့စာထဲမှာ သူ အလုပ်လုပ်ရတာ တခါတခါ မပျော်ဘူးတဲ့။ သူတို့ အင်္ဂလန်တိုင်းပြည်မှာဆိုတော့ မြန်မာတွေ (နိုင်ငံခြားသားတွေပေါ့လေ)ဘယ်လိုတော်တော် နံပါတ်၂နေရာမှာပဲ နေရတယ်တဲ့။ နှစ်နှစ်တစ်ခါလည်း ကိုယ်လုပ်ချင်တဲ့ဆေးရုံမှာ ဆက်လုပ်ဖို့ လျှောက်ရတယ်တဲ့။ သူတို့ မလိုချင်ရင် ပြောင်းရပြန်ရောတဲ့။ သလ်မာကတော့ ဆော်ဒီအာရေးဗီးယားမှာ အလုပ်လျှောက်ထားတယ်တဲ့"
ကိုဖေသိန်းစကားအရ သလ်မာနှင့်အတူရှိနေသည်ကို သိရသည်။
"သူကရော ဆော်ဒီအာရေးဗီးယားကို ပြောင်းမှာလား"
ရှယ်လီက မေးလိုက်၏။
"ဒီအကြောင်းတော့ ဘာမှမပါပါဘူး။ ဒါပေမဲ့ ကိုယ့်သဘောတော့ အင်္ဂလန်မှာ လုပ်တော့လည်း သူတို့အင်္ဂလိပ်လူမျိုးကို နံပါတ်၁နေရာမှာ ထားမှာပေါ့။ ဒါကို မခံချင်လို့တော့ မဖြစ်ဘူး။ မခံချင်ရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်လာပေါ့။ သူ ပါရဂူဘွဲ့ရရချင်း ဆွမ်းဆီးသွားရတယ်။ ဆွမ်းဆီးက အီဒင်ဗာရာ၊ အီဒင်ဗာရာကနေ အခု ဆွမ်းဆီး ပြန်ရောက်တာတဲ့"
ရှယ်လီသည် ဘာမှ ပြန်မပြောတော့ပါ။ လင်း ပြန်လာသည်ဖြစ်စေ မပြန်လာသည်ဖြစ်စေ သားလေးပြန်လာလျှင် သူ ဖြေသာပါသည်။
"ဘာပဲဖြစ်ဖြစ် သလ်မာကို ပွဲမထုတ်တာဟာ ဂျင်မီနဲ့တွေ့မပေးတာဟာ သူ့သားကို လေးစားတဲ့သဘောပေါ့"
ဒေါ်လီက ဝင်ပြောသည်။
ရှယ်လီကတော့ ဘာထင်မြင်ချက်မှ မပေးလိုတော့ပါ။ ယခုနောက်ပိုင်း သူ့စိတ်တွေ ရှုပ်ထွေးလာလျှင် ဒေါ်လီအိမ်သွားလိုက်၊ မည်မည်ရရမရှိသော သူ့ဆိုင်ကို သွားလိုက်၊ ဒီလိုနှင့် သူ စိတ်ဖြေရသည်။
အင်နီကတော့ ...
"မာမီ မပူပါနဲ့၊ ဘိုးဘိုးဘွားဘွားတို့ကို ပေးနေကျ ဆန်တအိတ်၊ ဆီတပုံး သမီးပေးနိုင်ပါတယ်"တဲ့။
လခထုတ်တိုင်း အဘွားမီးဖိုချောင်ကို ဆန်တအိတ် ဆီတပုံး ဝယ်လာပေးသည်။
၃၁။
ဂျင်မီ သားဖွားမီယပ်နှင့်ပါရဂူဘွဲ့ ယူ၍ ပြန်လာတော့မည်။ သားပြန်လာမည်ဆိုတော့ ရှယ်လီ အထူးဝမ်းသာပါသည်။ အဘိုးအဘွားတွေကလည်း ဝမ်းသာအားရနှင့် သူ့မြေးကို ကြိုဆိုဖို့ စီစဉ်ကြသည်။
အင်နီ့အဖို့တော့ သူ့ဒက်ဒီ ပြန်လာမည် မလာမည်ကို ဘာသတင်းမှ ဂျင်မီက ဆက်လက်မပို့၍ စိတ်က မကျေနပ်။ သို့သော်လည်း အကိုပြန်လာမည်ဖြစ်၍ သူတို့မိသားစု ပြန်လည်ဆုံဆည်းရတော့မည်။ တကယ့် သူတို့မိသားစုက သုံးယောက်တည်းပဲ ရှိသည်မဟုတ်လား။
လန်ဒန်မှ မထွက်လာခင်ပို့လိုက်သော ဂျင်မီ့ထံမှ စာတစောင် ရှယ်လီ ဖတ်ရသည်။
နိုဝင်ဘာလ ၈ရက်၊ ၁၉၇၄။
မာမီ ...သား ဒက်ဒီ့ကိုနှုတ်ဆက်ဖို့ ဆွမ်းဆီးကို မနေ့က သွားတယ်။ သားတယောက်တည်းပဲ သွားတယ်။ ဒီတခါ သားကို ဆေးရုံနောက်က ပန်းခြံကြီးထဲမှာ ဒက်ဒီက တွေ့တယ်။ သစ်ပင်ကြီးတွေက အုံ့ဆိုင်းနေပြီး နိုဝင်ဘာလဆိုတော့ နေက ညနေ လေးနာရီလောက်မှာ ဝင်စပြုလာပြီ။ အေးလွန်းရတဲ့အထဲ ဒက်ဒီက လမ်းမလျှောက်ဘဲ ခုံတန်းလျားမှာ ထိုင်နေတယ်။ လမ်းများများလျှောက်ဖို့ အားမရှိသလိုပဲ။ သားလက်ကို သူ့ရင်ဘတ်မှာ ကပ်ထားတယ်။ ဒက်ဒီ့လက်တွေ တုန်နေသလိုပဲ မာမီ၊ ပြီးတော့ ဒက်ဒီ ပိန်လွန်းတယ်။ မျက်နှာတွေက ဝါဖျော့ပြီး ခြောက်ကပ်ကပ်နဲ့။ ဒက်ဒီနေကောင်းလား မေးတော့ ကောင်းတယ်တဲ့၊ သိပ်လည်း စကားများများမပြောဘူး။ မာမီ့ဆီ ဘာမှာမလဲ မေးတော့ မှာစရာမရှိပါဘူး။ မင်းမာမီဟာ အစွမ်းရှိတဲ့မိခင်ကောင်းတယောက်၊ ဒက်ဒီ့အကူအညီမပါလဲ သားတို့ကို ပညာပြည့်စုံအောင်ပေးနိုင်တဲ့ မိန်းမတယောက်တဲ့။ ဒါပဲပြောတယ်။ အဲဒီညနေက သားနဲ့ဒက်ဒီ ဟိုတယ်မှာ ညစာသွားစားပြီး သူ အိမ်မပြန်ဘူးတဲ့။ ဟိုတယ်မှာ နှစ်ယောက်တွဲအခန်းယူပြီး သားနဲ့အတူ အိပ်ကြတယ်။ ဒက်ဒီ အိပ်မပျော်ဘူးထင်ပါရဲ့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူး။ ဒါပေမဲ့ ဒက်ဒီ သားလည်ပင်းကို ဖက်ပြီး အိပ်တယ်။ သား လူပျိုဖြစ်နေပေမယ့် ဒက်ဒီနဲ့ ဒီလိုပဲ နေချင်တယ်လို့ သားက ပြောတော့ သူ မျက်ရည်တွေဝဲနေတယ်။ မာမီ ... သား ပြန်မယ့်ရက်မှ အကြောင်းကြားမယ်။
ကျန်းမာ ချမ်းသာပါစ။
သား-ဂျင်မီ
ဖေဖော်ဝါရီလ ပထမအပတ်မှာ ဂျင်မီ ပြန်ရောက်ခဲ့သည်။ တအိမ်လုံး စိုပြည်သွားသလို ထင်ရသည်။ မိသားစုတွေ့ဆုံ၍ လန်ဒန်အကြောင်းပြောပေမယ့် လင်းအကြောင်းက မပြည့်စုံလှပါ။ အင်နီ့အတွက် သိုးမွေးဆွယ်တာလေးတထည်မှလွဲ၍ ကျန်မိသားစုအတွက် ဘာလက်ဆောင်ပစ္စည်းမှ လင်းက မပေးလိုက်။ ဂျင်မီကတော့ အဘိုးနှင့်အဘွားရော ရှယ်လီ့ဖို့ပါ ဝယ်လာသော လက်ဆောင်များ ပေးရင်း ကန်တော့လိုက်သည်။
ဆရာဝန်ကြီး သာဇံလင်းအမည်နှင့် ဆိုင်းဘုတ်တခုကို ဂျင်မီ ပိုင်ဆိုင်ခဲ့သည်။ ဆေးရုံကြီးမှာ နံနက်အလုပ်ဆင်းကာ ညနေပိုင်းတွင်တော့ သူ ဆေးခန်းထိုင်သည်။ ဦးရွှေဇံအောင်က သူပိုင် မြို့ထဲမှ တိုက်ခန်းလေးကို ပုဂ္ဂလိကသားဖွားခန်းလေး သီးသန့်ဖွင့်ထားပေးသည်။ အမျိုးသမီး ဆယ်ယောက်လောက်တော့ မွေးဖို့ လက်ခံနိုင်သည်။ လက်ထောက်ဆရာဝန်တယောက်၊ သူနာပြုဆရာမနှစ်ယောက် ခန့်ထားသည်။
"သမီး ရှယ်လီ ... အားနေတော့ ဆေးခန်းကို အုပ်ချုပ်ပေါ့"
ယောက္ခမကြီး တာဝန်ပေးသည့်အတိုင်း ဒေါက်တာသာဇံလင်းက ညနေမှ ဆေးခန်းရောက်ပေမယ့် ရှယ်လီက နံနက်စောစော ဆေးခန်းရောက်နှင့်ကာ ဆရာဝန်၊ သူနာပြုများနှင့် လူနာများ လိုအပ်သမျှကို နားထောင်၍ ဖြည့်ဆည်းပေးရသည်။
ဆေးခန်း အရှိန်ရလာတော့ ဦးရွှေဇံအောင်က ရှယ်လီကိုခေါ်ပြောသည်။
"ဂျင်မီ မသွားခင် ဒက်ဒီ ပြောခဲ့ဖူးတယ်၊ မြန်မာမကိုပဲ ယူရမယ်လို့ဆိုတာ ရှယ်လီအသိပဲ။ ဒက်ဒီတို့နဲ့ခင်တယ်၊ အငြိမ်းစား အိုက်စီအက်စ် ဦးလှဘူးမြေးနဲ့ ဒက်ဒီ ဂျင်မီ့ကို ပေးစားချင်တယ်"
ရှယ်လီက ဘာမှမဖြေသေး။
"ကလေးမလေးက ရိုးရိုးဘီအေပါပဲ။ စောနှင်းရည်တဲ့။ ကလေးချင်း ရင်းနှီးအောင် မာမီ ဆက်သွယ်ပေးပါ့မယ်။ ရှယ်လီ့သဘော ဘယ်လိုလဲ"
ဒေါ်စံကျော့ခိုင်ကပါ ဝင်ပြောလာသည်။
"ဒီကိစ္စမှာ ဂျင်မီကျေနပ်ဖို့ အရေးကြီးပါတယ် မာမီ။ ဂျင်မီသဘောတူရင် ရှယ်လီ မကန့်ကွက်ပါဘူး"
သူတို့မြေးကို သူတို့ ပြုစုပျိုးထောင်လာခဲ့သူများဖြစ်လေတော့ အိမ်ထောင်ဘက်ရွေးချယ်ပေးဖို့ သူတို့မှာလည်း အခွင့်အရေးရှိပါသည်။
မကြာခင်မှာပဲ ဒေါ်စံကျော့ခိုင် အဝင်အထွက်နှင့် ကလေးမလေး စောနှင်းရည်နှင့် ဂျင်မီတို့မောင်နှမ ရင်းရင်းနှီးနှီးရှိလာကြသည်။
နောက်နှစ်မှာ စေ့စပ်ကြောင်းလမ်းပွဲလေးလုပ်ကာ ဧပြီလ ပထမပတ်မှာ လက်ထပ်ဖို့ စီစဉ်ကြသည်။
ရှယ်လီသည် ဒေါ်လီထံ ပြေးသွားရပြန်သည်။
"ဂျင်မီတို့ လက်ထပ်ပွဲမှာ အိပ်ရာခမ်နားပြင်ဖို့ ဒေါ်လီတို့ဇနီးမောင်နှံ တာဝန်ယူပါ။ သားစုံသမီးစုံလည်းရှိ အိမ်ထောင်သက်ရတဲ့ လင်စုံမယားဘက်က အိပ်ရာခမ်းနားပြင်ရတယ်ဆို"
ရှယ်လီက သူ့ဆန္ဒကို ပြောပြသည်။
"ရှယ်လီရယ်... ခိုးရာလိုက်ပြေးတဲ့စုံတွဲတွေ ဘယ်သူက အိပ်ရာလာပြင်ပေးလို့လဲ၊ သက်ဆုံးတိုင် ကြင်ကြင်နာနာ ပေါင်းသွားကြတာပဲ။ ဒေါ်လီတော့ အယူမရှိဘူး။ ဒါပေမဲ့ မင်းဆန္ဒအတိုင်း ဂျင်မီ့ကို ငါတို့ လုပ်ပေးရမှာပေါ့"
"ဒေါ်လီ့သား မြင့်ငွေသိန်းကိုလည်း လူပျိုရံ လုပ်စေချင်တယ်"
"လုပ်ပါဗျာ ... လုပ်ပါ၊ ဘာတာဝန်ပေးပေး ကိုယ်တို့ ယူပါတယ်"
ကိုဖေသိန်းက ပြောပြောဆိုဆို သူတို့စကားပြောရာ အခန်းထဲ ဝင်လာသည်။
"ကျေးဇူးတင်ပါတယ် ကိုဖေသိန်းရယ်၊ ယောက္ခမတွေ အစီအစဉ်နဲ့ အားလုံးအဆင်ပြေပါတယ်။ ရှယ်လီ့ရင်ထဲမှာတော့ သူတို့အဖေ ရှိနေစေချင်တာပေါ့"
"ဖိတ်စာရိုက်ပြီးရင် စောစော ပို့လိုက်ပေါ့၊ ကိုယ်လည်း စာရေးမယ်၊ ဒီမင်္ဂလာဆောင် ဆက်ဆက်တက်ဖို့"
"မိစုံဖစုံ ရှိလျက်နဲ့ သတို့သားမိဘနေရာမှာ ရှယ်လီတယောက်တည်း ထိုင်ရတာ ဘယ်စိတ်ချမ်းသာပါ့မလဲ"
ကိုဖေသိန်းက ခေတ္တ တွေးနေရာမှ လင်းဆီက တလောက စာရတယ်ဟု ပြောလိုက်သည်။ ရှယ်လီက အားတက်စွာ နားထောင်နေသည်။
"သလ်မာက ဆော်ဒီအာရေးဗီးယားက အလုပ်ရလို့ သွားမယ်တဲ့။ သူတယောက်တည်း ဆွမ်းဆီးမှာ နေရစ်ခဲ့ရမယ့်ပုံ ပေါက်တယ်။ သူ လာနိုင်မယ်လို့ ကိုယ်ထင်တယ်လေ"
"ကဲပါ၊ စကားပြောရင်း မုန့်ဟင်းခါးစားရအောင် ... လာ"
ဒေါ်လီက လာခေါ်၍ သူတို့ ထမင်းစားခန်းထဲ ထသွားသည်။ မုန့်ဟင်းခါး စားရင်း ဂျင်မီ ကံကောင်းကြောင်း၊ နောက်ဆရာဝန်တွေမှာ မြန်မာပြည်မှ ထွက်ရဖို့ ခဲယဉ်းကြောင်း၊ စနစ်တွေ ပြောင်းသွားကြောင်း ပြောပြနေကြသည်။
ဆက်ရန်
------------------------------
0 Comments