တိမ်ဖုံးပါလို့ လမသာ- မစန္ဒာ အပိုင်း(၉)

#တိမ်ဖုံးပါလို့ လမသာ

အပိုင်း(၉)

"အခုနေများ အဝါရည်လေး မော့လိုက်ရယင် စည်းစိမ်ပဲ၊ လောကကြီးတခုလုံးကို မေ့သွားအောင် သောက်ပစ်လိုက်ချင်တယ်”

ညီညီက ပြောသည်။ စီးကရက်ကို အစီခံနား ရောက်သည်ထိ တအား ဖွာရှိုက်လိုက်ပြီး ကားအပြင်ဘက်သို့ တောက်၍ထုတ်လိုက်သည်။

“အေးကွာ .. ။ ငါလဲ အရက်အိုးထဲ ကျွမ်းစိုက်ပစ်လိုက်ချင်တယ်” 

“ဘာလဲ .. လောကကြီးကို မေ့ပစ်လိုက်ချင်လို့တဲ့လား”

“ဒါပေါ့ ”

“အမြဲမေ့သွားယင်တော့ ကောင်းသားပေါ့ဗျာ”

မှိန်မှိန်ပျပျလေး လင်းနေသော ကြယ်လေးများက မိုးကောင်းကင်တွင် ခပ်ကျဲကျဲ ပြန့်နေသည်။ လကွေးကွေးလေးကလည်း သူတို့ကားလေးနှင့် အပြိုင်ပြေးနေသလို သူတို့နောက်မှ တရိပ်ရိပ် ပါလာသည်ဟု ထင်ရသည်။

“အရက်မူးပြေတော့ အားလုံးကို ပြန်သတိရလာမှာ။ အဖေသေတာရော၊ အမေသေတာရော၊ နောက်ပြီး ခင်ဦးသေတော့မှာကိုရော”

“အင်း... "

ကိုကိုသည် သက်ပြင်းရှည်ကြီးကို ဆွဲ၍ချလိုက်မိသည်။ အရက်မသောက်ရသော်လည်း ခေါင်းထဲတွင် မူးယစ်ပြီး ရီဝေနေသည်။ နောက်ကျိနေသည်။

“ရင်ထဲမှာ ဟာလိုက်တာဗျာ ...။ ခုနတုန်းက ဝမ်းသွားလိုက်ရလို့လား မသိဘူး” 

“မင်း.. ညစာ မစားရသေးဘူး မဟုတ်လား” 

"????"

"????"

“မစားရသေးဘူး” 

“ဆာနေလို့လား” 

“မဆာပါဘူး၊ စားချင်စိတ်လဲ မရှိဘူး”

ကိုကို နွမ်းလျစွာ ဖြေသည်။ ရင်ထဲတွင် ဟာနေသော်လည်း ဘာမှ စားချင်စိတ်မရှိ၊ ဘာမှလည်း စား၍ရလိမ့်မည်မဟုတ်။ အဖေဆုံးတုန်းကလည်း ထိုအတိုင်း ဖြစ်ခဲ့သည်။ ရင်ထဲတွင် ကြွ၍ တက်နေသော အပူလုံးက ဝင်လာသမျှ အစာကို တွန်းထုတ်နေသည်။ ဘာလေး စားစား ပျို့အန်ချင်လာသည်။ ရေကိုသာ အတွင်သောက်နေမိသည်ကို သတိရသည်။ ယခုလည်း ထိုအတိုင်း ဖြစ်နေသည်။ အာခေါင်များ ခြောက်ကာ လည်ချောင်းတလျှောက်လုံး ပူလောင်နေလေသည်။

“ခင်ဦးသာဆိုယင် ကိုကို မစား စားချင်အောင် ဟင်းကောင်းကောင်းလေးတွေ ချက်ပြီး ချော့ကျွေးမှာ မြင်ယောင်တယ်”

ညီညီကမူ ကိုကို့လိုမဟုတ်၊ တော်ရုံတန်ရုံနှင့် အစားမပျက်တတ်ပေ။ အဖေဆုံးစဉ်ကလည်း ညီညီက စားချိန်တန်လျှင် စားသည်သာဖြစ်၏။ ကိုကိုတယောက်သာ တပိန်ပိန်၊ တလိမ်လိမ်နှင့် မစားနိုင် မသောက်နိုင်ဖြစ်နေသည်။
ခင်ဦးက သူတို့အိမ်မှ ဟင်းလေးများ လာပို့တတ်သည်။ တခါတရံလည်း သူတို့နှစ်ယောက်အား ထမင်းစားခေါ်သွားတတ်လေသည်။ ဘဲဥနှင့် ပဲပြုတ်ကို ရေလဲသုံးနေရသော ကိုကိုတို့ညီအစ်ကိုသည်လည်း ခင်ဦးတို့အိမ်တွင် ထမင်းမြိန်တတ်မြဲပင်၊ ဆီပြန်အသားဟင်း အမြဲမချက်နိုင်သော်လည်း ဟင်းချို၊ ငါးပိရည်ဖျော်၊ တို့စရာ စုံစုံလင်လင်နှင့်မို့ စား၍ကောင်းလှသည်။

“သူ့ခမျာ ကျွန်တော်တို့ညီအစ်ကိုကို အတော်သံယောဇဉ်ကြီးရှာ ချစ်ရှာတာ”

ညီညီက သူ့မျက်နှာမှ ချွေးစေးများကို လက်နှင့် ပွတ်သုတ်လိုက်သည်။ ကားနှင့်အပြိုင် တရိပ်ရိပ် ပြေးနေသော ကြယ်ကလေးများအား ငေးကြည့်နေသည်။ တိမ်နောက်ဘက် ဝင်သွားသော လတခြမ်းပဲ့လေးမှာ ပြန်ပေါ်မလာသေးချေ။

* * *

“ပေး... ခင်ဦး၊ ကိုကိုသယ်ခဲ့ပေးမယ်” 

ကိုကိုသည် ခင်ဦး၏လက်ထဲမှ မုန့်ဟင်းခါးရည်အိုးကို လှမ်းယူလိုက်သည်။ 

“ရော့ ... ငါ့စာအုပ်တွေကို နင် ကိုင်ခဲ့”

ကိုကိုလှမ်းပေးသော မှတ်စုစာအုပ်များကို လှမ်းယူပြီး ခင်ဦးက တက္ကသိုလ်ကျောင်းသူလေးများလို လက်တွင်ပိုက်၍ ကိုင်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ့ကြည့်ပြီး ရယ်သည်။ စာအုပ်ကို ပိုက်၍ကိုင်ထားသော်လည်း လုံချည်နှင့် စည်းထားသော ခုံဖိနပ်တို့ကြောင့် တက္ကသိုလ်ကျောင်းသူနှင့်တော့ မတူပေ။

“နင် ... ဒီနေ့ကုန်တာ စောလှချည်လား”

“စောတယ်...။ အဖေတောင် ပြန်သွားတာ ကြာပြီ။ ဒေါ်ဒေါ်မိနဲ့ ခင်ဦးက ဆိုင်ဆက်သိမ်းနေတာ၊ ကိုကိုရော ကျောင်းကပြန်လာတာ စောလိုက်တာ”

“ဟုတ်တယ် ... ဆက်မတက်ချင်တော့တာနဲ့” 

“ဘာဖြစ်လို့” 

“စိတ်ညစ်လို့” 

“ဘာလဲ ... ဘဘအကြောင်းပဲ တွေးနေမိလို့လား”

ကိုကို ခေါင်းညိတ်ပြသည်။ အဖေဆုံးသည်မှာ တလကျော်ပြီဖြစ်သော်လည်း ကိုကို မေ့မရသေးချေ။ မကြာခဏ စဉ်းစားမိသည်။ စဉ်းစားမိတိုင်းလည်း နာကျင်ကြေကွဲရလေသည်။ ညီညီက "အားမငယ်ပါနဲ့ ကိုကိုရာ” ဟု အားပေးလျှင် ပို၍ဆိုးတော့သည်။ ညီညီ၏မျက်နှာကိုပင် ရဲရဲဝံ့ဝံ့ မကြည့်ရဲတော့။

“တွေးမနေပါနဲ့တော့ ကိုကိုရယ်၊ ဘာမှလဲ အကျိုးထူးလာမှာမှ မဟုတ်တော့တာ၊ ဘဘကို ကျေးဇူးဆပ်ချင်ယင် ကိုကို ဆရာဝန်ဖြစ်တော့မှ ဘဘလိုလူတွေကို အလကား ကုပေးပေါ့”

"ဟင်းရည်အိုးကြီးကို လူနဲ့ နည်းနည်းခွာပြီး သယ်လေ ကိုကို၊ အိုးဖင်က အိုးမည်းတွေက ကိုကို့ပုဆိုးကို ပေကုန်မယ်"

ကိုကိုက လက်ကို အတန်ငယ် ကားလိုက်သည်။ ခင်ဦးတို့မုန့်ဟင်းခါး ဟင်းရည်အိုးက သိပ်မကြီးလှပေ။ ထို့ကြောင့် ဟင်းရည်မပါလျှင် လက်တဘက်တည်းနှင့် ဆွဲကိုင်နိုင်သည်။ ပစ္စည်းပစ္စယတွေ သယ်ရသည်မှာ အခေါက်ခေါက် အခါခါ နိုင်လွန်း၍ ဦးလေးမောင်က လက်တွန်းလှည်းလေးတခု ရိုက်ပြီး တွန်းယူလျှင် ကောင်းမည်ဟု ပြောကာ အဖေ့ကိုပင် လှည်းရိုက်ခိုင်းနေသေးသည်။ အဖေသေဆုံးသွားတော့ သူတို့လှည်းလေး တပိုင်းတစ ကျန်ခဲ့သည်။ အပြီးမသတ်နိုင်သေး။

“ကိုကို ထမင်းလိုက်စားလှည့်ပါလား၊ အဖေက ထမင်းစားစောင့်နေမှာ” 

“ဘာချက်လဲ” 

“ငါးလေး အိုးကပ်ချက်တယ် ... ကိုကိုရော” 

“မေးနေရသေးလားဟာ ... ဘဲကောင်လုံးကြော်ပေါ့ ”

ဘဲဥကြော်ကို ကိုကိုတို့ညီအစ်ကိုက ဘဲကောင်လုံးကြော်ဟု ခေါ်ကြလေသည်။ တခါတရံ ဆီမရှိလျှင်လည်း ဘဲဥပြုတ်ပြီး ဖြစ်သလို စားလိုက်ကြသည်သာ ဖြစ်သည်။ သူတို့ညီအစ်ကိုနှစ်ဦးလုံး အချက်အပြုတ် ကျွမ်းကျင်သူများ မဟုတ်ကြ၊ စိတ်ဝင်စားကြသူများလည်း မဟုတ်ကြ။ တခါတရံ ငွေကြေးအဆင်ပြေလျှင်မူ ညီညီက အသားကင် အခေါက်ကင်လေးများ ဝယ်ထားတတ်သည်။ သို့သော်လည်း သူတို့နှစ်ယောက် ထမင်းလက်ဆုံစားရသောအချိန်က နည်းသည်။ ညီညီရော ကိုကိုရော အိမ်ကပ်သူများမဟုတ်ကြ။

“အံမယ် ဒေါက်တာလောင်းကြီးပါလား၊ မုန့်ဟင်းခါးအိုးကြီး ဆွဲလို့ ဘယ်လိုဖြစ်လာတာလဲ"

ကိုကိုနှင့် ခင်ဦးကို မြင်တော့ လမ်းထိပ်မှ ကြီးတော်မြက အိမ်ထဲမှ ထွက်လာသည်။ 

“ခင်ဦးတို့ကတော့ ပိုင်တယ်ဟေ့ ... ဆရာဝန်လောင်းကို အိုးဆေးခိုင်းမလို့လားကွယ်” 

“ဟုတ်ပါဘူးဒေါ်ဒေါ်ရယ် ... ကိုကိုက ထမင်းစားမလို့ လိုက်လာတာပါ” 

“အေး ... ကျွေးထား၊ ကျွေးထား၊ ဆရာဝန်လောင်း အဖိုးတန်ကြီးဟဲ့”

ကြီးတော်မြ၏စကားက အနှောင့်အသွား မလွတ်လှပေ၊ ခင်ဦး၏မျက်နှာလေးကမူ မသိမသာ တင်းသွားသည်။

“ကျွန်တော် ဆေးကျောင်းမတက်ရခင် နှပ်ချေးတွဲလောင်းနဲ့ ခွေလှိမ့်နေတဲ့ဘဝတည်းက ခင်ဦးက ကျွေးနေကျပါဗျာ”

“အေးလေကွယ် ... ခု ဆရာဝန်လောင်းဆိုတော့ ပိုပြီးကျွေးရတာပေါ့၊ ဟုတ်ဘူးလား”

“ဟုတ်တာပေါ့ ဒေါ်ဒေါ်ရယ်... အစ်ကိုရရ ညီရရ ခင်ဦးတို့က အမြတ်ပဲဟာ.. ကျွေးရတာပေါ့”

ငယ်သွားတွေ ကြွေမလဲခင်ကတည်းက နှောင်ဖွဲ့ခဲ့ရသော သူတို့၏မေတ္တာနှင့် သံယောဇဉ်ကို ဘာအတွက်ကြောင့်များ ပြောချင်ဆိုချင် ဝေဖန်ချင်ရလေသနည်းဟု စဉ်းစားပြီး ကိုကိုက မခံချင်ဖြစ်မိစဉ် ခင်ဦးက ပက်ကနဲ ပြန်ပြောတော့သည်။ သို့သော်လည်း သူ့စကားကြောင့် ကိုကို၏တမျက်နှာလုံး ထူပူပြီး အနေရ အထိုင်ရ ကျပ်သွားသည်။

“အလကား မိန်းမကြီး”

ဘာပြန်ပြောရမည်မသိပဲ ကြောင်အမ်းအမ်းဖြစ်သွားသော ကြီးတော်ကို နှုတ်ပင်မဆက်ပဲ ခင်ဦးက ဆက်၍လျှောက်လာသည်။

“ခင်ဦးကို ခဏ ခဏ မကြားတကြား ပြောတယ်။ အစ်ကိုနဲ့ ရမလား၊ ညီနဲ့ ရမလား၊ ဘယ်သူနဲ့ရရ အမြတ်ပါပဲတဲ့”

“ဟာ ... ကွာ” 

“သူက သူ့သမီး သင်းသင်းမြတို့ နှင်းနှင်းမြတို့နဲ့ ကိုကို့ကို မှန်းနေတာ၊ သိရဲ့လား” 

“ကြံကြံဖန်ဖန်ဟာ”

“အို.. တကယ်ပြောတာ.. သင်းသင်းမြကဆိုယင် ခင်ဦးကို ဗြောင်ကြီးတောင် မေးသေးတာ ... နင့်ဘင်္ဂလားအစ်ကိုကို ဘယ်ဈေးနဲ့ ရောင်းမှာလဲတဲ့”

ခင်ဦး၏မျက်နှာလေးက မခံချင်စိတ်နှင့် နီနေသည်။ ငယ်စဉ်တုန်းကလိုပင် သစ်သားပေတံကို လက်က ကိုင်ပြီး ကိုယ်တစောင်းတိုက်၍ ရန်ဖြစ်လိုက်ချင်သောပုံစံလေး ပေါ်လာသည်။

“ကြမ်းခင်းဈေး တသိန်းရှိတယ်လို့ ခင်ဦးက မပြောလိုက်ဘူးလား” 

“ဘာလုပ်ဖို့လဲ အဲဒီတသိန်းကြီးကို” 

“ခင်ဦး ငါးသောင်း၊ ညီညီ ငါးသောင်း ယူလေ” 

“ငါးသောင်းလဲ မယူဘူး၊ ငါးသိန်းလဲမယူဘူး၊ ငါးကုဋေလဲ မယူဘူး” 

ခင်ဦးက ကဲကဲဆတ် ပြောသည်။ 

“ဒီလောက်များတဲ့ပိုက်ဆံများဟာ နင်မို့လို့ မလိုချင်တယ်” 

“လိုချင်ပါဘူး၊ ငွေအတွက်များ ကိုကို့ကို ရောင်းစားရမှာလား၊ ကိုကိုက မုန့်ဟင်းခါးမို့လို့လား”

“မုန့်ဟင်းခါးမဟုတ်လို့ အဲဒီလောက် ရတာပေါ့၊ နင့်မုန့်ဟင်းခါးက ဘယ်လောက်များတန်လို့လဲ”

ခင်ဦးက ဘာမှပြန်မပြောပဲ ကိုကို့အား မျက်စောင်းထိုးကြည့်သည်။ ကိုကိုက ရယ်ချင်လာသည်။ ညီညီ့လိုပင် ခင်ဦးကို ငိုသည်အထိ စချင်စိတ် ပေါ်လာသည်။

ခင်ဦးတို့အိမ်ရှေ့ ရောက်တော့ မွှေးပျံ့သောရနံ့လေးက ကြိုဆို နှုတ်ဆက်နေသည်။ အိမ်ရှေ့တွင် ကျန်သေးသော မြေကလေး တထွာတမိုက်တွင် အဘွားက ကတ်ကတ်သတ်သတ် စိုက်ထားခဲ့သော သနပ်ခါးပင်လေးသည် ခင်ဦးပန်၍ မနိုင်နိုင်အောင် ပွင့်နေပြီဖြစ်သည်။

“ငါသာဆိုယင် အဲဒီလောက်သာ ရစမ်းပါစေ၊ ဘုရားစူးရစေ့ နင့်ကို ရောင်းစားလိုက်မှာ အမှန်ပဲ”

“ယုံပါတယ်... ကိုကိုကတော့ ရောင်းမှာပေါ့။ ခင်ဦးကိုမှ မချစ်ပဲ”

ခင်ဦးက မကျေမချမ်း ပြောသည်။ ဝါဝါဝင်းသော သနပ်ခါးပန်းခက်ကလေးများကို လက်နှင့် အသာပုတ်ခတ်လိုက်သည်။ မှည့်ပြီးဝင်းနေသော ပွင့်ဝါဝါလေးများ သည်းသည်းလှုပ်အောင် ကြွေကျသွားကြသည်။ 

“ခင်ဦးကတော့ ဘယ်လောက်ရရ မရောင်းပါဘူး။ ကိုကိုတို့ကို ချစ်တာကိုး”

ငယ်စဉ်ကတည်းက မကြာခဏ ပြောနေကျစကားကိုပင် ခင်ဦးပြောခြင်းဖြစ်သည်။ သို့သော် ကိုကို့ရင်ထဲတွင် လှုပ်ခါသွားသည်။ ခင်ဦးကို ဖြတ်ကနဲ လှမ်းကြည့်မိသည်။ ခင်ဦး မငယ်တော့။ မျက်တောင်ကော့များအောက်မှ မျက်လုံး ညိုညိုလေးများသည် နူးညံ့ ရွှန်းစိုနေသည်။ ခင်ဦး၏မျက်လုံးလေးများ ဒီလောက်လှသည်ကို ယခင်က ကိုကို သတိမပြုမိချေ။ ခင်ဦးတို့ဆိုင်လေးတွင် မုန့်ဟင်းခါးစားရန် အကြောင်းပြပြီး အရပ်ထဲမှ လူပျိုလူရွယ်လေးများ ခပ်ကြာကြာ ထိုင်တတ်သည်ကို သတိရမိသည်။ ညီညီကလည်း တနေ့ညကပင် “ကောင်မလေးက ကြီးလာတော့လဲ လှသား” ဟု ပြောခဲ့လေသည်။ မျက်နှာလေး မသိမသာညှိုးနေသော ခင်ဦးက ကိုကို့အား အရိုးခံနှင့် ပြန်ကြည့်ယင်း ထပ်ပြောသည်။

“ဟုတ်တယ် ... ကိုကိုရော ညီညီရော ခင်ဦးကို မချစ်ကြပါဘူး၊ ခင်ဦးကသာ သူတို့ကို ချစ်နေရတာ”

* * *

“ခင်ဦးရဲ့ မေတ္တာဟာ ကိုကိုနဲ့ မတန်ပါဘူးကွယ်”

ကိုကိုက စိတ်ထဲမှ တီးတိုး ပြောလိုက်မိသည်။ ခင်ဦးဟူသည့်မိန်းကလေးသည် မေတ္တာနှင့်စေတနာကိုသာ တန်ဖိုးထားတတ်သူဖြစ်သည်။ ကိုကိုကမူ မေတ္တာတို့ စေတနာတို့ သံယောဇဉ်တို့ထက် လောကတွင် ငွေကြေးက ပို၍အရေးကြီးသည်ဟု ထင်မှတ်ခဲ့သူဖြစ်သည်။

“လှည်းကူးရောက်တော့မယ် ဆရာ”

ကိုလှရွှေက လှည့်ပြောသည်။ ကိုကိုက နာရီကို ငုံ့ကြည့်မိသည်။ အမှောင်ထဲတွင် လင်းလက်နေသော လက်တံများက ခုနစ်နာရီခွဲကို ညွှန်ပြနေသည်။

“ဆရာတို့ ခဏနားအုံးမလား” 

“မနားတော့ပါဘူးဗျာ၊ ဪ .. ခင်ဗျားရော ထမင်းစားပြီးခဲ့ရဲ့လား” 

“ပြီးပါပြီ... ဆရာမစားရသေးဘူးဆိုလို့”

“ကျွန်တော်က ဘာမှစားလို့ဝင်မှာ မဟုတ်ပါဘူးဗျာ၊ ဆက်သာမောင်းပါတော့... မှန်မှန်နဲ့ မြန်မြန်လေးဗျာ”

ကိုကိုက မှန်မှန်နဲ့ မြန်မြန်လေးဟု ဆိုသော်လည်း မြို့ထဲအဝင်တွင် ကိုလှရွှေက ကားစက်ရှိန်ကို လျှော့ချလိုက်သည်။ လူသွားလူလာစည်ကားသော မြို့ထဲတွင် သိပ်မြန်မြန်မောင်းလိုဟန် မတူချေ။ ကားဘီးများက ချိုင့်ထဲသို့ ဒုတ်ကနဲ ကျသွားသည်။ ကိုကိုတို့ထိုင်နေသော ကူရှင်က အိကနဲ ငြိမ့်ကနဲ ဖြစ်သွားသည်။

“အင်း.. စည်းစိမ် စည်းစိမ်၊ ကားကောင်းလေးစီးရတာလဲ စည်းစိမ်တမျိုးပါပဲလား” 

ညီညီက မပွင့်တပွင့် ရယ်ယင်း ပြောသည်။

“ကားက ကောင်းတော့ ချိုင့်ထဲကျတာပဲ တမျိုးစီးလို့ကောင်းသေး၊ သိမ့်ကနဲ ငြိမ့်ကနဲ၊ ဒါကြောင့်လဲ ဒီစည်းစိမ်ကို မက်တဲ့လူတွေက မက်ကြတာပဲ”

ညီညီ့မျက်နှာတွင် လှောင်ရိပ် သရော်ရိပ်များ ယှက်သန်းလာလိမ့်ဦးမည် ထင်သည်။ ကိုကိုက မသိချင်ဟန်ဆောင်၍ အပြင်ဘက်ကို ငေးကြည့်နေမိသည်။ ခင်ဦးက ပြောဖူးသည်။ "ခင်ဦးသေတော့လေ... ကိုယ်လုပ်ပြီးတဲ့ အလုပ်ကို ဘယ်တော့မှ နောင်တရတဲ့သူ မဖြစ်ချင်ဘူး၊ ခင်ဦးရဲ့ဘဝမှာ နောင်တမရှိချင်ဘူး” ဟု ပြောဖူးလေသည်။ ကိုကိုကမူ ဘဝတခုလုံးကို နောင်တတရားများနှင့် တည်ဆောက်ထားသူဖြစ်နေသည်။ အဖန်တလဲလဲ နောင်တရသောဝေဒနာနှင့် သူ့နှလုံးသားသည် နာကျင်နေသည်။

“အရင်တုန်းက ကိုကို့မိန်းမကိုယ်တိုင် မောင်းတာ ဒီကားမဟုတ်သေးဘူးနော်” 

“ဒီကားက ဝယ်လိုက်တာ မကြာသေးဘူး” 

“ဟိုကားကို မကြိုက်တော့ဘူးလား” 

“မသိပါဘူးကွာ” 

ညီညီသည် ခပ်အုပ်အုပ်ကလေး ရယ်လိုက်သည်။

“တချို့တွေကျတော့လဲ ခေါင်းထဲမှာ ဂဏန်းတွက်စက်ကလေးတပ်ပြီး မွေးလာတော့ စည်းစိမ်တွေကို တိုးလို့”

ကိုကို ဘာမှ ပြန်မပြော၊ ပြောလျှင်လည်း သူပြောသည့်စကားပေါ်တွင် ညီညီက လိုက်နင်းကာ လှောင်ဦးမည်၊ သရော်ဦးမည်ကို သိနေသည်။ ညီညီပြောသကဲသို့ပင် ကားကောင်းကောင်းလေးစီးရသည်မှာ မက်မောဖွယ် စည်းစိမ်တမျိုးပင် ဖြစ်သည်။ အိမ်တွင် ထမင်းကြမ်းနှင့် ပဲပြုတ်ကို နယ်စားပြီး ဘတ်စကားခြေနင်းခုံတွင် တွဲလောင်း ခိုစီးကာ ကျောင်းမီအောင်လာရသော ကိုကိုသည် ခင်စိုးပိုင်က ကိုရိုလာကားဝါဝါလေးပေါ်တွင် ယှဉ်တွဲခေါ်သွားပြီး နန်းယုမှ ခေါက်ဆွဲကျွေးတော့ အမှန်တကယ်ပင် ညွှတ်နူးသာယာမိသည်။ ဆင်းရဲခြင်းကို ပြစ်မှုတခုလို ထင်မှတ်သော ကိုကိုသည် ချမ်းသာကြွယ်ဝခြင်းကို အကြီးမားဆုံး ဂုဏ်တရပ်လို့ ထင်မြင်မိခဲ့သည်မှာ ဆန်းတော့ မဆန်းလှပေ။

ကိုရိုလာကားလေးကို ခင်စိုးပိုင်က ကိုယ်တိုင်မောင်းတတ်သည်။ ဆံပင်တိုတိုနှင့် နေကာမျက်မှန်တပ်ထားသော ခင်စိုးပိုင်သည် အမေရိကန် ရုပ်ရှင်မင်းသမီးလို လှသည်ဟု ကိုကို ထင်မှတ်မိသည်။ သူ့ဘေးတွင် ယှဉ်တွဲထိုင်ရလေတော့ ကိုကိုသည် "ငါ့လိုလူ ဇမ္ဗူမှာ ရှိသေးရဲ့လား” ဟု အခါခါ တွေးမိလေသည်။

* * * 

ခင်စိုးပိုင်က ကားစတီယာရင်ကို တည်ငြိမ်စွာ ထိန်းကိုင်ယင်း စီးကရက် မီးညှိသည်။ 

“စိုးပိုင် စီးကရက်သောက်တာ အံ့သြနေလား ဆရာ” 

“ဪ .. အံ့သြတယ်လဲ ဟုတ်ပါဘူး” 

“တချို့တွေကတော့ မိန်းကလေးတွေ ဆေးလိပ်သောက်တာကို ရှုတ်ချကြတာနော် ဆရာ”

“ဟုက်ကဲ့”

“ဆရာကရော” 

“ကျွန်တော်က ... အဲ .... ကျွန်တော်က”

ကိုကို ထစ်အအ ဖြစ်သွားသည်။ ဘယ်လိုပြန်ဖြေရမည်မသိ၊ ခင်ဦးသာ ခင်စိုးပိုင်လို စီးကရက်သောက်နေလျှင် ဆူပူမိမည်ဖြစ်သည်။ ကိုကိုတို့ဝန်းကျင်တွင် စီးကရက်သောက်သော မိန်းကလေးကို မတွေ့ဖူးပေ။ အိမ်ရှေ့အိမ်က အဘွားရင်၏မြေး မငွေစိန်က အသက်နှစ်ဆယ် မပြည့်သေးသော်လည်း ဆေးပေါ့လိပ် သောက်တတ်သည်။ သူ့ကလေးကို ရင်ခွင်ထဲထည့်ကာ ဒူးတဘက်ထောင်၍ထိုင်ယင်း ဆေးလိပ် တငေါ့ငေါ့ ဖွာနေတတ်လေသည်။

သို့သော် ခင်စိုးပိုင် စီးကရက်သောက်ပုံကမူ သူတို့လိုမဟုတ်၊ မျက်စိကလေး မှေးစင်းကာ အငွေ့များကို မထိမထိ မှုတ်ထုတ်ပုံက ရင်ခုန်စရာ။ လည်ကုပ်တွင် ဝဲနေသော ဆံပင်တိုတိုလေးကို လေထဲတွင် တလွင့်လွင့် ခါနေအောင် ကားကိုယ်တိုင်မောင်းတတ်သော မိန်းကလေး စီးကရက်သောက်နေတော့ ကိုကို ဘာပြောရမည်မသိ။ ကိုယ်နှင့်မသက်ဆိုင်သောကမ္ဘာမှ လူသားတဦးကို ကြည့်သလို မြင်သလို ကြည့်မိသည်။ သူ့အပြုအမူများသည် သူတို့ကျင်လည်ရာ သူတို့ဝန်းကျင်တွင်တော့ ဆန်းလိမ့်မည်မဟုတ်၊ ကိုကိုတို့ ဝေဖန်စရာ စကားတင်းဆိုစရာ မဟုတ်ဟူ၍သာ ခံစားမိသည်။

“စိုးပိုင်အသက် နှစ်ဆယ်ကျော်ပြီ ဆရာရဲ့၊ ကမ္ဘာအရပ်ရပ်သတ်မှတ်ချက်က ဆယ့်ရှစ်နှစ်ပြည့်ယင်တောင် လူကြီးဖြစ်ပြီပဲဟာ၊ စီးကရက်ကလေး သောက်တာလောက်ကို ဇာချဲ့ပြီး အပြစ်တင်ကြတဲ့မြန်မာတွေကို အားကြီး အမြင်ကတ်တာပဲ”

ခင်စိုးပိုင်၏စကားက ကိုကို၏နားထဲတွင် ကန့်လန့်ကြီး ဝင်သွားသည်။ “ဟင်... ပြောပုံကလဲ သူကိုယ်တိုင်တော့ မြန်မာမဟုတ်တဲ့အတိုင်း” ဟု တွေးယင်း လှည့်ကြည့်မိသည်။ ကြည့်မိတော့လည်း မြန်မာနှင့် မတူသည်ကတော့ အမှန်ပင်။ ကိုကိုသည် ခင်စိုးပိုင်နှင့် စတင်၍သိကျွမ်းခင်မင်ခဲ့ရပုံကို စဉ်းစားနေမိသည်။ များစွာသော ဆရာဝန်နှင့် မိန်းကလေးတို့ သိကျွမ်းခဲ့ပုံ လမ်းရိုးကြီးအတိုင်းဖြစ်သည်။

ခင်စိုးပိုင်၏မိခင် သည်းခြေတွင် ကျောက်တည်သောကြောင့် ဆေးရုံတက်ရသည်။ ခွဲစိတ်ရသည်။ ကိုကိုက ခွဲစိတ်ဌာနတွင် အလုပ်သင်ဆရာဝန်အဖြစ် စ၍ဝင်သောလတွင်ဖြစ်သည်။ ဒီတော့လည်း လူနာအဘွားကြီး၏သမီးနှင့် အလုပ်သင်ဆရာဝန်လေး သိကျွမ်းခဲ့ရသည်။ ရဲတင်းသွက်လက်သော နှစ်ဆယ်ရာစု၏ မိန်းမပျိုလေးက လူပျိုဆရာဝန်လေးအား အိမ်ထောင်ရှိသောဆရာဝန်များထက် ပို၍ အရေးပေးသည်။ ထို့ကြောင့် သူတို့နှစ်ဦး ပို၍ခင်မင်ခဲ့ရလေသည်။ ရင်နှီးခဲ့ရလေသည်။ ဆေးရုံသို့ တံခါးမရှိ ဓားမရှိ ဝင်ထွက်နေသော ခင်စိုးပိုင်က သူ့အား အပြင်သို့ ခေါ်သွားကာ ထမင်းကျွေးတတ်သည်။ ခင်ဦးမှလွဲ၍ မည်သည့်မိန်းကလေးနှင့်မျှ ရင်းရင်းနှီးနှီးမနေဖူးသော ကိုကိုခမျာ သူ့ရင်ခုန်သံကို သူ စတင်ပြီး ကြားခဲ့ရလေသည်။

“ကြည့်လှချည်လား ဆရာရဲ့”

ခင်စိုးပိုင်က ခေါင်းလေးကို ငဲ့ကာ ခပ်ပြုံးပြုံး မေးသည်။ ခင်စိုးပိုင်၏မျက်ခုံးများမှာ အသေအချာပြုပြင်ပြီး ဆေးကူထားသောကြောင့် စင်ရော်တောင်လို ကော့ပျံနေသည်။ အစိမ်းရောင်လေး မသိမသာ ခြယ်ထားသော မျက်ခွံများက မို့နေသည်။ ရှည်လျား ညွှတ်ပျောင်းနေသော မျက်တောင်များကို ယခင်က ကိုကိုသည် အစစ်ဟု ထင်ခဲ့သည်။ သူနာပြုဆရာမလေးများက "အဲဒီအစ်မ မျက်တောင်တုတပ်တာ သိပ်သေသပ်တာပဲ။ မသိသာဘူး” ဟု ပြောနေကြသံကို ကြားသောအခါမှ အတုမှန်း သိခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ လမ်းဘေးမှ တိုးဝင်နေသော နီယွန်မီးချောင်းရောင်လဲ့လဲ့ဝယ် ခင်စိုးပိုင်သည် အလှကြီး လှနေလေသည်။

“စိုးပိုင်က သူများနဲ့မတူပဲ ထူးဆန်းနေလို့လားဟင်” 

“ဟင်... ဟင် .. ဟုတ်ပါဘူး”

ကိုကို အထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားသည်။ သူ့ကိုလှမ်းကြည့်ကာ ခင်စိုးပိုင်က အသံသာသာလေးနှင့် ရယ်လေသည်။

“စိုးပိုင်အတွက်တော့ ဆရာက ထူးဆန်းနေ ????” 

“ဟင် ..ဘာဖြစ်လို့ ” 

“ဆရာက သိပ်ရိုးတာပဲ” 

သူ့မျက်နှာတစ်ပြင်လုံး ရှိန်းခနဲ ပူသွားသည်။ 

“ဆရာ ရည်းစားမထားခဲ့ဖူးလား” 

“ဟင့်အင်း” 

“အင်း... ဟုတ်မှာပဲ”

ခင်စိုးပိုင်က ခေါင်းလေးတစ်ညိတ်ညိတ်နှင့် ပြုံးသည်။ ကိုကိုသည် ဆရာမရှေ့ ရောက်နေသော ကျောင်းသားလို အနေရအထိုင်ရ ကျပ်လာသည်။

“ဘဝရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဘယ်လိုလုပ်ပြီး ကုန်ဆုံးခဲ့လဲဟင်၊ ဆရာက အသက် နှစ်ဆယ့်လေးနှစ်ရှိပြီဆို”

“ကျွန်တော် အားရင် စာကျက်တယ်” 

ကိုကို၏အဖြေ ကြားသော ခင်စိုးပိုင်က ကိုယ်လေးတစ်သိမ့်သိမ့်လှုပ်အောင် ရယ်ပြန်သည်။ ကိုကိုသည် ခင်ဦးမှလွဲရင် မည်သည့်မိန်းကလေးနှင့်မျှ ဤမျှရင်းရင်းနှီးနှီး မပြောဖူးပေ။ မိမိကိုယ်မိမိ အားငယ်သော အရွံ့စိတ်နဲ့မို့ ကျောင်းမှ မိန်းကလေးများကိုလည်း ခပ်ရှောင်ရှောင်နေလေ့ရှိသည်။ ထို့ကြောင့် ကိုကို့အား ကျောင်းတွင် "ဘုန်းကြီး” ဟု ခေါ်ကြသည်။ သန်းဦးမောင်တို့ကမူ ငယ်ဖြူ ဟုခေါ်ကြသည်။

“စိုးပိုင်ကတော့ လူဖြစ်လာတုန်း၊ လူဖြစ်ရကျိုးနပ်အောင် ထင်တာလျှောက်လုပ်တာပဲ၊ စာကျက်တာကလွဲရင်ပေါ့။ စာကိုတော့ ဆယ်တန်းထိတော့ ကျက်လာပြီပြီး၊ တော်ပြီ။ ဒက်ဒီတို့ မာမီတို့ ရှာထားတာတွေ ဒီတစ်သက်တော့ စားမကုန်ပါဘူး၊ ဘာကိစ္စ အပင်ပန်းခံပြီး စာကျက်နေရတော့မှာလဲ ..ရည်းစားစာ ရေးတတ်ဖတ်ယင် တော်လောက်ပြီပေါ့နော်”

ကိုကိုသည် ခင်စိုးပိုင်အား တအံ့တသြ ကြည့်နေမိသည်။ ဪ..သူတို့မှာချမ်းသာလိုက်တာနော် ဟူသော အထင်ကြီးခြင်းကတစ်ဝက်၊ စိတ်ထင်ရာလျှောက်လုပ်နေတဲ့ဟာ အထင်သေးခြင်းကတစ်ဝက် သူ့ရင်ထဲတွင် ဆန့်ကျင်ဘက် ထင်မြင်ချက်နှစ်ခုက ပဋိပက္ခ ဖြစ်နေကြသည်။

“စိုးပိုင်ရော ရည်းစားထားဖူးလို့လား” 

သူက မရဲတရဲ မေးမိသည်။ ခင်စိုးပိုင်က ဟက်ဟက်ပက်ပက်လေး ရယ်လေသည်။ 

“ဘယ်နှစ်ယောက်မှန်းတောင် မသိတော့ဘူး” 

“ဟာ...”

“အဟုတ်ပြောတာ၊ စိုးပိုင်က ထမင်းစားတတ်ကတည်းက ရည်းစားထားတတ်တာ၊ ဒါပေမဲ့ စိုးပိုင် တကယ့်ချစ်မိတဲ့သူက တယောက်ပဲရှိတယ်၊ သူက ဆရာဝန်”

“ဘယ်သူလဲ” 

“မသိချင်ပါနဲ့တော့ ဆရာရယ်၊ သူက စိုးပိုင်ကို ကန်သွားတာ..”

အစိုးရပိုင်းလူကြီး၏ သားဖြစ်ကြောင်းကို ခင်စိုးပိုင်က ခေတ်သုံးစကားနှင့် ပြောသည်။ ကားဟွန်းကို တတီတီ နှိပ်ရင်း ရှေ့မှကားများကို ကျော်တက်သည်။ 

ခင်စိုးပိုင်သည် ကားမောင်းကြမ်းပြီး ခပ်ရမ်းရမ်း မောင်းတတ်သည်။ ကိုကိုသည် ဂျပ်စသက်သင်းပြောဖူးသော စကားကို သတိရနေသည်။ ဂျပ်စသက်သင်းက "ဒီ ခင်စိုးပိုင်ဆိုတဲ့ဟာမက ထောတော့ အတော်ကို ထောတာ မောင်။ သူ့ အမေ၊ အဖေကလဲ သူ့ကို မနိုင်ဘူး။ အိတ်ထဲမှာ ရာတန်အထပ်လိုက်ထည့်ပြီး သူထင်ရာအကုန် လျှောက်လုပ်တာပဲတဲ့။ ငါ့လိုကောင်နဲ့တောင် ယှဉ်ပြီး ဂျင်ကစားဖူးတာကြည့်၊ စိတ်ထင်ရာ အကုန်လုပ်တဲ့ ခပ်ရမ်းရမ်းကောင်မ” ဟုပြောဖူးသည်။

“ကဲ.. ရောက်ပြီ ဆရာ” 

ခင်စိုးပိုင်က ကားကလေးကို ဆေးရုံကြီးရှေ့တွင် ညင်သာစွာ ရပ်လိုက်သည်။ 

“ကဲ .. ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ နောင်လည်း ကျွေးနိုင် မွေးနိုင်ပါစေဗျာ”

“ဟုတ်ကဲ့ ကျွေးပါရစေဆရာ။ ကျွန်မလည်း ငယ်ဖြူဘုန်းကြီးကို ခင်မင်ချင်ပါတယ်။ ဆွမ်းကပ်ချင်ပါတယ်”

ခင်စိုးပိုင်က ရယ်မောနောက်ပြောင်သွားသည်။ လျှောကနဲ လိမ့်ထွက်သွားသော ကားဝါဝါလေးကို ကိုကို မျက်စိတစ်ဆုံး လိုက်၍ကြည့်နေမိသည်။ နောက်ဘက်တွင်ရောက်လာသော ကျော်ဦးနှင့် တင်မောင်မောင်တို့၏ ခြေသံကိုပင် မကြား၊ သူ့ကျောကို လှမ်းပုတ်လိုက်တော့မှ ရင်ထဲ အေးခနဲ ဖြစ်သွားသည်။

“ဟာ... ကိုကို ပိုင်လှချည်းလာ။ ဘယ်သူတုန်း” 

တင်မောင်မောင်က အထင်တကြီးနဲ့ စိတ်ဝင်းစားစွာ မေးသည်။ 

“ဆံပင်တိုလေးနဲ့ မိုက်တယ်မောင်”

ကျော်ဦးက ချီးကျူးသည်။ “မင်း မလိုချင်ရင် ငါ့ဘက် ပို့လိုက်ကွာ” ဟုဆက်၍ ရယ်သလို ​မောသလို ပြောလေသည်။ ကိုကို အတန်ငယ် ဘဝင်မြင့်သွားသည်။ ပျော်လည်းပျော်ရွှင်သွားသည်။ " ငါ့ကိုခင်နေတဲ့ ကောင်မလေးပါကွာ” ဟု အရေးမကြီးသလိုပြောရင်း ဆေးရုံလှေကားထစ်များကို ခပ်သွက်သွက် နင်းပြီး တက်ခဲ့သည်။

* * * 

“ရှေ့နားက ဆိုင်လေးမှာ ခဏလေး ရပ်ပေးပါလား.. ကိုလှရွှေ” 

ညီညီက ဒူးယားဗူးခွံလေးကို အပြင်သို့ လွှင့်ပစ်လိုက်သည်။ 

“ကျွန်တော် စီးကရက်ဝယ်ချင်လို့”

လှည်းကူးကားဂိတ်တွင် မီးရောင်ထိန်ထိန်လင်းနေသည်။ သူ့တို့ ကားရပ်လျှင် ကားဆီသို့ ဈေးသည်ကလေးများ ပြေးလာကြဦးမည်။ စာကလေးကြော်၊ ဆီထမင်း၊ ကောက်ညှင်းထုပ်၊ ကြံပန်းခိုင်များ သူ့ထက်ငါ လုယက်ပြီး ရောင်းကြဦးမည်။ သူ့တို့အသံ ကြားရလျှင် အတွေးထဲမှ အဖေသည်လည်းကောင်း၊ အမေသည်လည်းကောင်း၊ ခင်စိုးပိုင်သည်လည်းကောင်း၊ ထို့နောက် ခင်ဦးသည်လည်းကောင်း ထွက်၍ပြေးကြပေတော့မည်။ ပြန်လည်းတွေးနေရသည်မှာ နာကျင်ကြေကွဲရသော်လည်း ကိုကိုသည် အတွေးထဲပင်လျှင် ဝဲလည်လည် လှည့်နေချင်သေးသည်။

“ဂျာကင်အင်္ကျီအတွင်းအိတ်ထဲမှာ စီးကရက်တစ်ဗူးပါတယ် ညီညီ၊ ကိုလှရွှေ ဆက်မောင်း "

ညီညီက ဂျာကင်အင်္ကျီအိတ်ထဲမှ စီးကရက်ဗူးကို စမ်းပြီး ဆွဲထုတ်လိုက်သည်။ အလင်းရောင်တွင် ထောင်ကြည့်ပြီး လေတစ်ချက် ချွန်လိုက်သည်။

“အား ... ဟား.. ဒါက တို့အစ်ကို အမြဲစွဲသောက်တဲ့ စီးကရက်ထင်ပါရဲ့”

ညီညီက ပျက်ချော်ချော် ပြောသည်။ စီးကရက်ဗူးကို ချက်ချင်း ဖောက်ပြီး တလိပ် ဆွဲထုတ်လိုက်သည်။

“ဒန်းဟီးလ်ဆိုတာ မြန်မာပြည်မှတော့ အတော့်ကိုရှားရှားပါးပါး ဝယ်ရမှာနော်”

ညီညီအား “ငွေရှိရင် ဘာမှမရှားပါဘူးကွာ” ဟု ပြောလိုက်ချင်သော်လည်း မပြောဖြစ်။ ပြောဖြစ်လျှင်လည်း ညီညီက လှောင်ရယ်ရယ်ဦးမည်ဖြစ်သည်။

“မင်း စီးကရက်သောက်ပုံက ကြောက်စရာကောင်းလိုက်တာ၊ ဒီလောက်သောက်နေရင် မကောင်းဘူး ညီညီ”

“ခါတိုင်းတော့ ဒီလောက်မသောက်ပါဘူး။ ဒီနေ့မှ”

ညီညီက စီးကရက်ကို နှုတ်ခမ်းမှာတပ်ရင်း မီးခြစ်?? မီးစွဲသွားသောအခါ သက်ပြင်းတစ်ချက် ရှိုက်ကာ ဆက်ပြောသည်။

“ဒီကနေ့မှ အရမ်းသောက်နေမိတာပါ၊ မိခင်ဦးလေးကြောင့်”

ညီညီသည် ခင်ဦးကို မလိုမကျလျှင် “မိခင်ဦး” ဟုခေါ်ကာ ကရုဏာသက်နေသောအခါများတွင်မူ 'မိခင်ဦးလေး” ဟု ခေါ်တတ်သည်။

“ဒီကောင်မလေးက သေရမှာ သိပ်ကြောက်ရှာတာ။ သူက ခဏခဏ ပြောတယ်။ ငါ့မှာ ကလေးတစ်ယောက်ရှိနေပြီးတဲ့ ကလေးအမေတဲ့။ ငါသာ သေသွားရင် ငါ့သားကလေးကို ဘယ်သူကဆက်ပြီး စောင့်ရှောက်မလဲတဲ့”

ညီညီပြောသောအခါမှပင်လျှင် ကိုကိုသည် ခင်ဦးသားကလေးကို သတိရသည်။ ပါးစုန့်ဖောင်းဖောင်း မျက်နှာချိုချိုနှင့် ချစ်စရာသားငယ်ခမျာ မိခင်မဲ့ရှာတော့မည်။

“အဖေက အသုံးမကျသလောက် အမေက အင်မတန်တာဝန်သိတယ်.. ခင်ဦးလို မိခင်မျိုးကတော့ ရှားမှရှား”

ကိုကို့မျက်နှာကို စေ့စေ့ကြည့်ကာ ညီညီက မကျေမချမ်း ပြောသည်။ 

“အေးကွာ..ကလေးတော့ ဒုက္ခပဲ” 

“သြ....ဒုက္ခပဲတဲ့လား၊ ကိုကိုက သနားတယ်လား” 

“သနားတာပေါ့ကွာ”

ညီညီက ရုတ်တရက် ရူးသွပ်သွားသလို ဟက်ဟက်ပက်ပက် ရယ်လေသည်။ မျက်လုံးများသည် ခါးခါးသီးသီးနှင့် အစိမ်းရောင်တောက်လာသလို ထင်ရသည်။

“မိ.. ခင်ဦးရေ... နင့်သားကို နင့်ကိုကိုက သနားတယ်တဲ့” 

ပြက်လုံးကောင်းတစ်ခု ကြားလိုက်ရသလို ရယ်နေသော ညီညီ့အား ကိုကိုသည် ​ငေးကြောင်ကြောင် ပြန်ကြည့်နေမိသည်။ တစုံတစ်ခုတော့ မှားနေပြီဟု တွေးရင်း တုန်လှုပ်အားငယ်စိတ်များ လွှမ်းမိုးလာသည်။

“မချစ်တတ်ပေမဲ့၊ တာဝန်မသိတတ်ပေမဲ့ သနားတော့ သနားတတ်သေးသကိုးဗျ။ တို့အစ်ကိုက သနားတော့ သနားတတ်သားနော်”

ညီညီ၏အသံတွင် လှောင်သံ ပြောင်သံ၊ နာကျည်းသံများ ရောစွက်နေသည်။

“မှတ်မိလား ကိုကို၊ တို့ငယ်ငယ်က အိမ်အောက်မှာ သားလာပေါက်တဲ့... ခွေးနီမရဲ့ သားသမီးတွေကိုတွေ့တော့ သူ့မှာ ပေါက်ပေါက်ရှာရှာ တွေးပြီး စိုးရိမ်ခဲ့သေးတာ”

အပိုင်း(၁၀)ဆက်ရန်
-----------------------
#မစန္ဒာ

Post a Comment

0 Comments