ဂျိန်းဂျိန်းဂျုတ်ဂျုတ်၊ ဂျိန်းဂျုတ်ဂျုတ်
အပိုင်း(၅)
"ခွေးမသား ဗညားကြောင့်”
ကျော်စွာထွန်းက စိတ်တိုတိုနှင့် တွေးသည်။
“သူကသာ ငါ့ကို ဘုရားကိုးဆူ မဖိတ်ယင်၊ ခင်မနဲ့ မိတ်ဆက် မပေးယင်၊ ငါဆိုတဲ့ကောင်က ခင်မကို မြင်ဖူးမှာလဲ မဟုတ်ဘူး၊ ကြိုက်ဖြစ်မှာလဲ မဟုတ်ဘူး။ အဲဒါဆိုယင် အခုလို ဘူတာရုံကို နေ့တိုင်းလာပြီး ဝဋ်ခံနေစရာလဲ လိုမှာ မဟုတ်ဘူး"
ဘူတာရုံတွင် စောင့်ရတာ ကြာလွန်းတော့ ကျော်စွာကုန်း စိတ်တိုသည်။ ခုလည်း လေးနာရီ သုံးဆယ့်ငါးမိနစ်တွင် ပြန်ထွက်မည့် ခေါင်းလှည့်ရထား မဆိုက်မီကတည်းက ကျော်စွာထွန်းက ဘူတာရုံ ရောက်နှင့်သည်။ ရထားဆိုက်သည်နှင့် ခေါင်းတွဲပင် မဖြုတ်ရသေးခင် လှေကားနှင့် အနီးဆုံးဖြစ်သော တွဲပေါ်သို့ ရောက်သည်။ သို့မှသာ ခင်မတယောက် လှေကားမှဆင်းလာလျှင် အလွယ်တကူ ရှာတွေ့မည်ဖြစ်သည်။ သူကလည်း ခင်မကို အလွယ်တကူ လှမ်းမြင်နိုင်မည် ဖြစ်လေသည်။
အိမ်သာခန်းအနားက အနံ့အသက် အတန်ငယ်ဆိုးလေတော့ ထိုအိမ်သာခန်းများကို ကျော်စွာတန်း ရှောင်သည်။ အိမ်သာနှင့် အဝေးဆုံးထိုင်ခုံကို ရွေးလေ့ရှိသည်။ ထို့နောက် ခင်မအတွက် ခုံပေါ်တွင် စာအုပ်တအုပ်ချကာ နေရာဦးထားနှင့်သည်။ သို့မှသာ နှစ်ယောက်အတူ ထိုင်နိုင်မည် ဖြစ်သည်။ ခင်မ စောမောရောက်လျှင်လည်း ထိုသို့ ဝင်ဦးထားရလေ့ရှိသည်။ သို့သော်လည်း ခုအထိတော့ သူကချည်း စောရောက်၍ စောဦးထားရသည်က များသည်။
ခင်မက ဘတ်(စ်)ကား မရလို့၊ ကလပ်(စ်)မပြီးလို့၊ ဘာလို့ ညာလိုနှင့် ထာဝစဉ် နောက်ကျတတ်သည်။ တကယ့်တကယ် နောက်ကျသင့်သည်က ကျော်စာထွန်း ဖြစ်သည်။ သူက “ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် တက်နေသည်မို့ ကမာရွတ်က လာရသူဖြစ်သည်။ ခင်မက ပညာရေးဆိုတော့ ဟံသာဝတီအဝိုင်းကြီးအနီးရှိ ပညာရေးတက္ကသိုလ်မှ လာရသူဖြစ်သည်။ ခရီးချင်းယှဉ်ကြည့်လျှင် သူက ပို၍ဝေးသည်။
“အင်း..ဝီရိယချင်း ယှဉ်ကြည့်ယင်တော့ ငါက နှစ်ဆ သာမယ် ထင်တယ်”
ကျော်စွာထွန်းက ပြုံးမိသည်။ ယောက်ျားလေးများသည် ဒီဘက်တွင်တော့ ဝီရိယကောင်းကြသည်။ ဇွဲကောင်းကြသည်။ ဒါက သူတယောက်တည်း မဟုတ်၊ သူ့သူငယ်ချင်း အပေါင်းအသင်းများကလည်း သူတို့နည်း သူတို့ဟန်နှင့် ဇွဲကောင်းနေကြသည်သာ ဖြစ်သည်။
“ရည်းစားလေး ထားရတာလဲ ဓါးလှီးလေး စားရသလိုပဲ.. ဟဲဟဲ"
ဓားလှီးရေခဲချောင်းရောင်းသော ကောင်ကလေးက ရေခဲပုံးကို လက်နှင့်ခေါက်ကာ အော်နေသည်။ စင်္ကြန်အောက်မှ မော်ကြည့်ယင်း “အစ်ကို ဓါးလှီးမစားသေးဘူးလား”ဟု မေးသည်။ ကျော်စွာထွန်းက ပြုံးယင်း ခေါင်းခါပြလိုက်သည်။
“မစားသေးပါဘူးက္ခာ”
“စောင့်တုန်းလား အစ်ကိုရ "
“အေးကွာ၊ စောင့်တုန်းပဲ”
ချာတိတ်က ပြုံးဖြဲဖြဲနှင့် ထွက်သွားသည်။ ခင်မက ရေခဲချောင်း ကြိုက်သည်။ မကြာခဏ ဝယ်စားတတ်သည်။ နောက်ပြီး မုန့်ချင်းအတူတူ ဆိုပါက ကလေးရောင်းသော မုန့်ကို ခင်မက ဦးစားပေး၍ စားသည်။ သူတို့၏လုပ်အားကို အသိအမှတ်ပြု၊ ဂုဏ်ပြုသည့်သဘော။ ယခုလည်း ခါးလှီးရေခဲချောင်း ရောင်းသူ လေးငါးဦးရှိသော်လည်း ဒီချာတိတ်ရောင်းသော ခါးလှီးကိုမှ ခပ်များများ စားဖြစ်လေသည်။ ဒီတော့လည်း ဒီချာတိတ်က မှတ်မိနေသည်။
"စာ က လေး ခွေ ... စာက လေး ခွေ ကြွပ် ကြွပ် လေး ... စာ ကလေးခွေ"
တဲ့ပေါ်သို့ တက်ရောင်းသော စာကလေးခွေသည်ကို တလှည့်ပြောင်း၍ ကြည့်မိပြန်သည်။ စောင့်ရသည်မှာ ပျင်းလာ၍ စာကလေးခွေ ဝယ်စားရကောင်းမလား စဉ်းစားမိသည်။ စဉ်းစားနေစဉ်တွင်ပင် စာကလေးခွေသည်က သူ့ကို ကျော်ဖြတ်သွားသည်။ လှမ်းမခေါ်ဖြစ်တော့။
“လူ ရှိလား”
“ရှိတယ်ခင်ဗျ၊ အခု လာမှာ"
ဆာရီဝတ်ထားသော အိန္ဒိယအမျိုးသမီးက တွဲနောက်ဘက်သို့ ဆက်လျှောက်သွားသည်။ ထိုင်ချင်၍ လာမေးသူကို မထိုင်ပါနှင့်ဟု ဆီး၍ တွန်းလွှတ်လိုက်ရသည့်သဘောမျိုးဖြစ်၍ ကျော်စွာထွန်း မျက်နှာပူသည်။ ဒီတနေ့တည်း မဟုတ်၊ ဒီတခါတည်း မဟုတ်။ ဒီမျက်နှာကြီးက နေ့စဉ်ရက်ဆက် ပူနေရသော မျက်နှာကြီးဖြစ်သည်။ ခင်မမက နေ့တိုင်းလိုလို နောက်ကျသောကြောင့် ဖြစ်လေသည်။
ကျော်စွာထွန်း သက်ပြင်းတချက်ကို... ကျိတ်၍ ရှိုက်လိုက်မိသည်။ ခင်မမကို ချစ်ရသည်မှာ ဝဋ်တမျိုးပါလားဟု စဉ်းစားမိပြီး ကိုယ့်ကိုယ်ကို သနားသလိုလို ရှိလေသည်။ ချစ်သူသက်တမ်း တနှစ်နီးပါးခန့် ရှိပြီဖြစ်သော်လည်း တခါမျှ နှစ်ယောက်တည်း အပြင်မထွက်ဘူးသေးပေ။ ရုပ်ရှင်တော့ ကခါကြည့်ဖူးသည်။ သို့ပါသော်လည်း သူ့ခမျာ မုန့်ခိုးစားနေသော ကလေးလို ကျီးကြည့်ကြောင်ကြည့်နှင့် အထိတ်ထိတ်အလန့်လန့် ရှိလှသည်။ ရုပ်ရှင်ရုံထဲရောက်တော့ လက်တန်းပေါ် တင်ထားသော သူ့လက်ကလေးကို ကိုင်ခွင့်ရသော်လည်း ကိုယ်လုံးသွယ်လျလျလေးက တောင့်ပြီး မတ်နေသည်။ ကုလားထိုင် ဟိုတက်ခြမ်းကို ယိုင်နေသည်။ သူများအတွဲတွေလို ပခုံးစွန်းကို ခေါင်းနှင့်မေးတင်ဖို့ကား ဝေးပါသေးသည်။
ရုပ်ရှင်ပြီးသွားပြီး ရုံပြင်ရောက်တော့ စွန့်စားခန်းကြီးတခု ပြီးသွားသလို သက်ပြင်းချလိုက်သည်ကို မြင်တော့ ကျော်စွာထွန်း စိတ်မကောင်း။ သူတို့စကားနှင့် သူတို့ပြောရလျှင် ဖီလင်လည်း အောက်သွားသည်။ ထို့ကြောင့် နောက်ထပ် မကြည့်ဖြစ်တော့။ ရုပ်ရှင်မကြည့်ဖြစ်သည်က ထားတော့၊ ကျော်စွာထွန်းက ခင်မတို့တက္ကသိုလ်သို့ သွားလည်ချင်သည်။ အတန်းချိန်တွင် အပြင်ထွက်ပြီး သူနှင့် စကားပြောချင်သည်။ စားသောက်ဆိုင်တွင် အတူ ထိုင်ချင်သည်။ သူများအတွဲတွေလို သံပရာရည်တခွက်ထဲတွင် စုပ်တံ နှစ်ချောင်း တပ်ပြီး ခေါင်းချင်းဆိုင်၍ စုပ်သောက်ချင်သည်။ သို့သော်လည်း မရွှေခင်မမက ရှက်တော်မူသည်။ ကျောင်းသို့ မလာနှင့်၊ စာသင်ပျက်သည်၊ ရှက်သည်ဟု ပညတ်ချက် ထုတ်လေသည်။ ညနေအပြန် သင်္ကန်းကျွန်း၊ တိုးကြောင်လေးရထားပေါ်တွင် အတူ ယှဉ်ထိုင်ခွင့် တည်းဟူသော အခွင့်အရေးကြီးတခုကိုသာ ရက်ရက်ရောရော ပေးတော်မူလေသည်။
“အစ်ကို့ ဒူးယား”
အသက်အစိတ်ဝန်းကျင် မိန်းကလေးတဦးက သူ့ရှေ့တွင် ဒူးယား၊ ခပေါင်း စီးကရက်များ ထည့်ထားသောပန်းလေး ကိုင်ကာ ရပ်နေသည်။
"ဒူးယား"
သူက ဆိုလိုက်တော့ ဒူးယားဗူးကို လှမ်းပေးသည်။ ဆေးချောင်နေသောအလိပ်များ ပါတတ်၍ သူက ပြည့်သောအလိပ်ကို ရွေးယူသည်။ နှုတ်ခမ်းတွင် တပ်သည်။ မိန်းကလေးက မီးခြစ်ကို ဖျောက်ကနဲ ဖွင့်ကာ အဆင်သင့် မီးညှိနိုင်ရန် ရွှေ့သို့ တိုးပေးသည်။
မီးရထားပေါ်တွင် စုန်ကာ ဆန်ကာလိုက်ယင်း ဈေးရောင်းနေကြသူများမှာ ကြီးကြီးငယ်ငယ် ယောက်ျားသားများသာ များသည်။ သို့သော် ဒီမိန်းကလေးကတော့ တမျိုး၊ မည်သူကိုမျှလည်း အရေးစိုက်ဟန်မရှိ၊ သာမန် မိန်းကလေးများ ဗန်းနှင့်လည်း ရောင်းလေ့မရှိသော စီးကရက်ကို တွဲစဉ်လိုက်ပြီး ရောင်းနေခြင်းမို့ ခရီးသည်တိုင်း သတိထားမိကြသည်။ မိန်းကလေး၏မျက်နှာက တည်တည်အေးအေး အလုပ်ကိုတန်ဖိုးထား၍ ကြိုးစားနေသည့် ပုံ။
“တလိပ်ပဲလား”
“တော်ပြီ"
ကျော်စွာထွန်းက ပြားသုံးဆယ် လှမ်းပေးလိုက်သည်။ မီးစွဲသွားပြီဖြစ်သော စီးကရက်ကို ဖွာရှိုက်ယင်း ခင်မအကြောင်းကို ဆက်တွေးလေသည်။
ခက်ခဲလေ တန်ဖိုးထားလေ ဆိုသည်မှာ သဘာဝပင် ထင်သည်။ “အစကမတွေ့ခဲ့ယင် ခုလို လာပြီး ဝဋ်ခံရမှာ မဟုတ်ဘူး”ဟု စိတ်တိုတိုနှင့် မကြာခဏ တွေးမိတတ်သော်လည်း ခင်မကို တဖြည်းဖြည်းနှင့် နင့်နင့်ရဲရဲ စွဲလန်းလာမိသည်ကတော့ အမှန်ပင်။ ညနေတိုင်း သုံးနာရီမထိုးမီကတည်းက သူ့မှာ ဘူတာရုံပြေးဖို့ ဟန်တပြင်ပြင် ဖြစ်လေ့ရှိသည်ကို မြင်တော့ ဗညားက ရယ်လေသည်။
"မင်းနော်…. သူ့အဖေကြီးက အခုတော့ ပင်စင်စား ဆိုပေမယ့် အယင်ကတော့ ဂရိတ်ထဲကကွ၊ သူ့အမေကြီးကလဲ သူ့သမီးတွေကို ဆရာဝန်ရယ် အင်ဂျင်နီယာရယ် ... ဟတ်-ဟတ် နောက်ပြီး သင်္ဘောသားရယ်နဲ့ပဲ တန်တယ် ထင်တာ”ဟု ပြောခဲ့လေသည်။
ပါးစပ်ထဲ ပြည့်လာသော စီးကရက် အခိုးအငွေ့များကို အဆုပ်ထဲရောက်အောင် တအား ဖွာရှိုက်ပစ်လိုက်သည်။ သူ့အမေ သူ့အဖေက အရာရှိကြီးများမဟုတ်၊ ဆရာဝန်ကြီးများလည်း မဟုတ်၊ နောက်ပြီး သဌေးကြီးများလည်း မဟုတ်။ မိဘ ကျောထောက်နောက်ခံအနေနှင့်ကြည့်လိုက်လျှင် သူက တပန်းရှုံးနေပြီဖြစ်သည်။ နောက်ပြီး သူ့ခမျာ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် တက်ခွင့်မရခဲ့လေတော့ ဆရာဝန်နှင့် အင်ဂျင်နီယာမဟုတ်သည်ကတော့ သေချာနေပြီ။ သင်္ဘောသား ဖြစ် မဖြစ်ကိုကား ပြော၍မရသေး။
တွေးကြည့်လိုက်တော့လည်း စိတ်ညစ်စရာ။ နိုင်ငံခြား သင်္ဘောပေါ်တွင် ကြမ်းတိုက်ခွင့်၊ သံချေးခေါက်ခွင့် ရရန်အရေးအတွက် ဒီမှာ နှစ်သောင်းလောက် ပေးရမည် ဆိုတော့ “သခင်မျိုးဟေ့ တို့ဗမာ" ဟု လက်သီးလက်မောင်းတန်း ကာ အော်ခဲ့သော တို့ဗမာ သခင်မျိုးများအတွက် ရင်နာစရာကောင်းလှလေသည်။ ကြမ်းမတိုက်ရတဲ့ သင်္ဘောသားလည်း ရှိသေးသည်တဲ့။ တော်ပါသေးရဲ့။
"ရည်းစားလေး ထားရတာလဲ၊ ဓါးလှီးလေးစားရသလိုပဲ”
ဓါးလှီးရောင်းသော ချာတိတ်က အော်သွားပြန်သည်။ ကျော်စွာထွန်းသည် တွဲပြတင်းဘောင်ကို လက်ထောက်ကာ အုတ်လှေကားကြီးကို မော်ကြည့်သည်။ ရင်ထဲတွင်လည်း မောနေသည်။
နောက် ခြောက်လလောက်နေလျှင် သူ ဘွဲ့ရတော့မည်။ “ဘွဲ့တလုံးနှင့် ယောင်သုံးဆယ်” ဖြစ်ရတော့မည်။ ခင်မကလည်း သူ့ကို ချစ်မယ့်သာ ပြန်ချစ်ခဲ့သော်လည်း၊ အခြေအနေ အရပ်ရပ်ကို အားရဟန် မတူ၊ သူ့အမေတွေ သူ့အစ်မတွေကို ဖွင့်၍ မပြောရဲသေး။ “မေမေသိယင်တော့ ဒုက္ခပဲ”ဟူသော စကားကို တွင်တွင်ပြောတော့ ကျော်စွာထွန်း အတော်ပင် အားငယ်မိလေသည်။
"ဟော"
ကျော်စွာထွန်း၏ရင်ထဲတွင် ဒိတ်ကနဲ တုန်သွားသည်။ လှေကားထိပ်တွင် ဘွားကနဲ ပေါ်လာသော ခင်မကို တွေ့ရသည်။
“ခင်မ လာ”
သူက ဝမ်းသာအားရနှင့် လှမ်း၍ လက်ပြမည်ပြုစဉ် အထိတ်တလန့်ဖြစ်နေသော ခင်မ၏မျက်နှာကို သတိထားမိသည်။ ခင်မသည် သူ့ကို လှမ်းကြည့်ကာ မသိမသာ ခေါင်းခါ၍ ပြနေလေသည်။
“ဟိုက်”
ယခုမှပင် တွေ့သည်။ ခင်မ၏နောက်ဘက်တွင် ခပ်ဝဝ ခပ်ခန့်ခန့် လျှောက်လာသော ယောက္ခမလောင်းကြီးကို ခုမှပင် တွေ့မိတော့သည်။ ခင်မသည် သူ့မိခင်နှင့် ဘယ်နေရာတွင် ဘယ်လို ဆုံခဲ့ကြလေသည်မသိ။ ခင်မက သူ့ကို လှမ်းကြည့်ကာ ခေါင်းခါပြနေပြီမို့ ကျော်စွာထွန်းက မြှောက်ထားသောလက်ကို အသာ ပြန်ချလိုက်သည်။ စိတ်ထဲတွင်မူ မကြည်လင်လှ။
သူ ငေး၍ကြည့်နေစဉ်ပင် ခင်မက သူ့အမေကို ဖေးမယင်း လှေကားမှ တထစ်ချင်း ဆင်းလာသည်။ သူ့ကို ထပ်၍ မကြည့်တော့ပေ။ ရင်ထဲတွင် အားငယ်စိတ်တွေ လွှမ်းလာသည်။ ခင်မကသာ သူ့လက်ကို လာ၍ဆွဲကိုင်ပြီး "ဟောဒါက သမီးချစ်သူ မေမေ" ဟု သတ္တိရှိရှိ ကြေငြာလိုက်လျှင် မည်မျှကောင်းလေမည်နည်း။ ခင်မသည် အဘယ်ကြောင့် ဒီမျှ သတ္တိနည်းရလေသနည်း။
“ဟဲ့သမီး၊ ကိတ်မုန့်ထုပ်ကို အသေအချာကိုင်လေ၊ တော်ကြာ ကြေကုန်အုံးမယ်၊ ဧည့်သည်တွေ ကျွေးဖို့ပါဆိုမှ"
လူသံများက ဆူနေသော်လည်း ကျော်စွာထွန်းက ထိုအသံကို ကြားဖြစ်အောင် ကြားသည်။ ခင်မတို့သားအမိက လှေကားအောက်ဆုံးထစ် ရောက်လာကာ၊ သူထိုင်နေရာ တွဲဘက်သို့ လျှောက်လာသည်ကိုတွေ့တော့ ကျော်စွာထွန်း ရင်ခုန်လာသည်။ ခင်မတယောက် သူ့ဘေးတွင်လာပြီး ထိုင်လေမလားဟူသော မျှော်လင့်ချက်နှင့် လည်ကိုဆန့်၍ မျှော်မိသည်။
"အဲ့ဒီ အိမ်ကိုလာလည်မယ်ဆိုတဲ့ မေရီခင်က မေမေနဲ့ ငယ်ငယ်တုန်းကကျောင်းနေဘက်၊ အခုမှ ပြန်တွေ့ကြတာ။ သူ့သားက သင်္ဘောလိုက်သွားတာ ပြန်လာတော့မယ်တဲ့လေ၊ တိုယိုတာ ဟိုင်းလက်(ခ)တစီး ပါလာမယ် ပြောတယ်။ ဒီမှာ ခြောက်လလောက်နားပြီးယင် တခါ ထပ်ထွက်ရဦးမယ်တဲ့။ သူက သူ့သားကို မိန်းမပေးစားလိုက်ချင်တယ်တဲ့လေ"
ခင်မက သူ့ကို မသိမသာ မျက်လုံးလှန်ကြည့်ကာ ခပ်ညှိုးညှိုး ပြုံးပြသည်။ ရှေ့ဘက် ဆက်လျှောက်သွားပြီး နောက်ဆုံးတွဲကျမှ ရထားပေါ် တက်သည်။ တွဲပေါ် တက်ခါနီးတွင် ကျော်စွာထွန်း ရှိရာသို့ လည်ပြန် လှမ်းကြည့်သည်။ မျက်လုံးနှစ်စုံတို့သည် အရှိန်ခပ်ဖျော့ဖျော့ ဆုံဆည်းမိကြလေသည်။ ကျော်စွာထွန်းက ခပ်ဆွေးဆွေး ကြည့်နေမိစဉ်တွင်ပင် ခင်မက တွဲပေါ်တက်သွားသည်။ သူ့မြင်ကွင်းမှ ဖြုတ်ကနဲ ပျောက်သွားသည်။
ကျော်စွာထွန်းက ဆက်၍ ငေးနေမိသည်။ လက်ထဲမှ စီးကရက်ကိုလည်း ဆက်မသောက်မိတော့၊ ရင်ထဲတွင် ဟာတိဟာတာ ဖြစ်နေသည်။ ရထားပေါ်မှ ပြန်ဆင်းကာ ၅၁ လမ်းရှိ ကိုယ့်အိမ်ကိုယ် ပြန်ဖို့ကောင်းသော်လည်း နေရာမှ မထချင်။
ခင်မနှင့် အတူမထိုင်ရစေဦးတော့၊ ခင်မနှင့်အတူ ရထားတစီးထဲ စီးပြီးသွားနေသည်ဟူသော အသိနှင့် ခင်မတို့ ဆင်းမည့် “နှင်းဆီကုန်း” ဘူတာအထိ လိုက်သွားချင်သည်။ ရထားပေါ်မှ ဆင်းသွားသည့် ခင်မ၏ကျောပြင်ကို ငေးကြည့်ချင်သေးသည်။
“လူရှိလား ဟင်”
“မရှိပါဘူး”
ဒီတခါတော့ ဘေးတွင်ချထားသော စာအုပ်လေးများကို ပြန်၍ ကောက်ယူလိုက်သည်။ ကိုယ်ကို အတန်ငယ် ကျုံ့ကာ ပြတင်းပေါက်ဘက်သို့ တိုးပေးလိုက်သည်။ သူ့ဘေးသို့ မိန်းကလေးနှစ်ယောက် ဝင်ထိုင်သည်။ နှစ်ယောက်ထိုင်ခုံတွင် သုံးယောက် ထိုင်ရသည်ဆိုတော့ အသားချင်းက မထိချင်၍ မရ၊ သင်းပျံ့လာသော ရေမွှေးနံ့က မရှူချင်၍ မရ။ သို့သော် ကျော်စွာထွန်း စိတ်မဝင်စား။ သူ့စိတ်က နောက်ဆုံးတွဲမှ ခင်မဆီသို့သာ ရောက်နေသည်။
“ထိုင်ချင်သူတွေ လွတ်လွတ်လပ်လပ်သာ ထိုင်ကြပေတော့၊ ကျုပ်ရည်းစားက ကျုပ်ဦးထားတဲ့ ကျုပ်ဘေးမှာ မထိုင်နိုင်ဘူးတဲ့ဗျ”ဟု ငိုသံကြီးနှင့် ကျုံးပြီး အော်ပစ်လိုက်ချင်နေသည်။ ခင်မ၏အမေက သင်္ဘောသား အမေနှင့် သူငယ်ချင်း ဖြစ်နေပြီဆိုတော့ ဒီဘဝတွင် ယောက္ခမ တော်ချင်မှတောင် တော်ရပေတော့မည်။
ဟော... ဓါးလှီးရောင်းသော ချာတိတ်က အလိုက်ကန်းဆိုးမသိ အော်နေပြန်ပါချေပြီ။
"ရည်းစားလေး ထားရတာလဲ ဓါးလှီးလေး စားရသလိုပဲ”
အပိုင်း(၆)ဆက်ရန်
-------------------
#မစန္ဒာ
0 Comments