#ဂျိန်းဂျိန်းဂျုတ်ဂျုတ်၊ ဂျိန်းဂျုတ်ဂျုတ်
အပိုင်း(၄)
သံပိုက်လုံးကို အသေအချာ ဆွဲကိုင်ပြီး ရထားပေါ်ကို တထစ်ချင်း တက်သည်။ ကိုယ်လေးလက်ဝန်နှင့်ဆိုတော့ ပေါ့ပေါ့ပါးပါး မရှိလှ၊ လေးလံနှေးကွေးနေသည်။ ချော်လဲမှာ ကြောက်သောကြောင့် အထူးသတိထားပြီး လျှောက်သည်။
ရထားတွဲထဲ၌ လူတွေ အ တော်အတန် ပြည့်နေပေပြီ။ မခင်အေးက အတွင်းဘက် လျှောက်ဝင်လာယင်း ထိုင်ရမည့်နေရာကို အကဲခတ်၍ ရှာဖွေမိသည်။
“ပူလိုက်တာဗျာ၊ တအားပူတာပဲ”
ထိုအသံကြားတော့ အတန်ငယ် ခြေလှမ်းပျက်သွားသည်။ ဖြတ်ကနဲ လှမ်းကြည့်မိသည်။ ချွေးပြန်နေသော မျက်နှာကို လက်ကိုင်ပဝါနှင့် ပွတ်သုတ်နေသူတဦးကို တွေ့ရသည်။
"အင်း ငါကလဲ ပူလိုက်တာဆိုယင် ငါ့ဗိုက်ကို ပြောတယ်ထင်တော့တာပါပဲ"
မခင်အေးက တဦးတည်း ပြုံးမိသည်။ နေရာလွတ်တခုကို တွေ့တော့ အရှေ့တွေ၊ အနောက်တွေ နေပူမှာ၊ မပူမှာတွေကို တွက်မနေအား၊ ခပ်သွက်သွက် ဝင်ထိုင်လိုက်သည်။ လက်ထဲတွင် ဆွဲကိုင်လာသော ငှက်ပျောဖီးကို ပေါင်ပေါ်တင်လိုက်သည်။
“ခုနတုန်းက ထိုးခဲ့တဲ့ဆေးက အဆိပ်ဖြစ်ယင်တော့ ဒုက္ခပဲ၊ မီးရထားပေါ်မှာလဲ ဘာမှ မလုပ်တတ်ဘူး'
ထိုင်မိပြီးသောအခါမှ အိုက်ပြီး ချွေးတွေပြန်လာသည်။ ဆေးထိုးခဲ့သော တင်ပါးက နာသလိုလို ရှိလာသည်။
“ဆရာမလေးက စစ်ပြီးမှ ဆေးထိုးတာပဲ၊ ဘာမှ မဖြစ်တန်ကောင်းပါဘူး၊ ငါ့နှယ် လူကြားလို့မှမကောင်း၊ ကာလသားရောဂါတဲ့၊ ရှက်စရာ"
မခင်အေးက တွေးယင်းပင် ရှက်စိတ်တွေ ဝင်လာသည်။
“အိမ်ရှေ့အိမ်က ဒေါ်စပ်စုသာ သိသွားယင်တော့ တရပ်လုံး မောင်းတီးပြီးသားပဲ၊ တော်သေးရဲ့၊ ဘယ်သူ့ကိုမှ အဖော်ခေါ် မလာမိလို့”
သားဦးဗိုက် ဖြစ်သော်လည်း မခင်အေးက ဆေးရုံကို အားမကိုးမိ၊ ဆေးရုံဆိုလျှင်ပင် အလိုလို လန့်နေသောကြောင့် အရပ်ဝမ်းဆွဲ ဒေါ်ရွှေကိုသာ အားကိုးမိသည်။ ဒေါ်ရွှေကလည်း “မနန်းစိုး၊မနန်းစံ ရင်ချင်းဆက်အမြွှာကို မွေးပေးတာ တော်တို့ အားကိုးတဲ့ အင်္ဂလိပ်ဆရာဝန်၊ ဆရာမတွေ မဟုတ်ပေါင်တော်။ ကျုပ်တို့လို အရပ်ဝမ်းဆွဲပါ" ဟု ပြောတတ်သည်။ “တော်တို့ အင်္ဂလိပ်ဆရာဝန်တွေက ဒီလိုအမြွာမျိုးကို ဗိုက်မခွဲပဲ မွေးတတ်မှာ မဟုတ်ပါဘူး”ဟု ပြောသေးသည်။
မခင်အေးက ဆေးရုံကို ကြောက်သည်။ ဗိုက်ခဲ့ရမည်ကိုကား ပို၍ပင် ကြောက်သေးသည်။ ထို့ကြောင့် “အမေရေ အမေအိကိုပဲ အားကိုးရမှာနော်”ဟု တဖွဖွ ပြောထားသည်။ ဒေါ်ရွှေအိကလည်း အားကိုးစမ်းပါအေဟု ပြုံးပြုံးကြီး ပြောလေသည်။ မခင်အေး ကိုယ်ဝန်က လေးလကျော် ငါးလထဲရောက်လာပြီမို့ ပုံ့ပုံ့ရုံ့ရုံ့မကပဲ ဖောင်းဖောင်းကားကား ဖြစ်လာသည်။ ဒေါ်ရွှေအိက စမ်းကြည့်ပြီး “ငါတော့ နှစ်ယောက်ထင်တာပဲ၊ မဟုတ်မှလွဲရော”ဟု ဆိုသည်။
အစပိုင်းက “မင်းသဘောပဲ"ဟု ခပ်ပေါ့ပေါ့ဆိုသော ခင်ပွန်းသည် ကိုသာမြတ်က “သမဝါယမဆေးခန်းက ဆရာဝန်နဲ့ ပြကြည့်ပါအုံးကွာ၊ အမြွှာဆိုယင်တော့ အိမ်မှာမွေးလို့ ကောင်းပါ့မလား”ဟု ပြောသည်။ ဒီတော့လည်း သူက “သမဝါယမ” ဆေးခန်းကို ရောက်ရပြန်လေသည်။
“သုဝဏ္ဏက လုံးချင်းအိမ်တွေလဲ အရောင်းအဝယ်တွေ ဖြစ်နေကြတာပဲဗျာ၊ တလောက ကျွန်တော့်အသိတယောက်တောင် ဝယ်မလို့တဲ့ လိုက်ကြည့်နေသေးတယ်၊ နှစ်သိန်းခွဲဆိုလားပဲ”
နောက်ဘက်ခုံမှ စကားသံကို ကြားရသည်။ အသံက ကျယ်သောကြောင့် စကားသံကို ကြားမယ့်သာ ကြားသော်လည်း၊ ထိုစကားသံက မခင်အေး၏စိတ်ထဲ မရောက်။ သုဝဏ္ဏအိမ်တွေ ရောင်းကြဝယ်ကြသည်ကို သူစိတ်မဝင်စား၊ ဒီဘက်နားက ဝင်သွားကာ ဟိုဘက်နားက ပြန်ထွက်သွားသည်။ သို့သော် ပြောနေသောသူ၏အသံက ကျယ်တော့ ထပ်၍ကြားရပြန်သည်။
“ဒေါက်ဘာ ဒေါ်ခင်လေးမြင့်အောင် တလောက သွားကြည့်သေးတယ်တဲ့၊ နောက်မှ မဝယ်ဖြစ်ဘူး ပြောတယ်။ အခု ငှားမယ်ဆိုတာ အဲဒီအိမ်လေ၊ စဘော်မလိုဘူး၊ အိမ်လခက တလ တထောင်တဲ့"
"ဘယ် ခင်လေးမြင့်လဲ၊ အိုဂျီလား”
“ဟုတ်ပါဘူး၊ ရာဇူးက ရိုးရိုးဒေါက်ထရိတ်ရတဲ့ ခင်လေးမြင့်"
“သိပါဘူး၊ ကျွန်တော်က အိုဂျီ ခင်လေးမြင့်လားလို့”
“အိုဂျီ” ဟူသော စကားကို ကြားတော့ မခင်အေးသည် သူ အူကြောင်ကြောင် ဖြစ်ခဲ့ရသည်ကို သတိရသည်။ “အို”ဟူသော စကားကို စ၍ ကြားစက သူ နားမလည်၊ သမဝါယမဆရာဝန် က “ကလေး အမြွှာ ထင်တယ်။ အိုဂျီနဲ့ ပြကြည့်ပါ”ဟု ပြောသည်။ မခင်အေး ဦးနှောက်ခြောက်သွားသည်။ မည်သူနှင့် ပြရမည်နည်း။ “အိုဂျီ”ဆိုသူမှာ မည်သူနည်း သူ မသိ။ သို့သော် သူက မမေးရဲ၍ အခန်းပြင် ထွက်သွားသေးသည်။ နောက်ပြီးမှ ပြန်လှည့်လာပြီး "ဦးအိုဂျီကို ဘယ်မှာ သွားပြရမှာလဲ ဆရာ”ဟု ခပ်ရွံ့ရွံ့ မေးမိသည်။
ဆရာဝန်က သူ့ကိုပင် အားမနာနိုင်၊ ဟက်ဟက်ပက်ပက် ရယ်ကာ "အိုဂျီဆိုတာ သားဖွားနဲ့ မီးယပ် ပါရဂူကို ပြောတာပါ အစ်မကြီးရဲ့၊ ရန်ကုန်မှာ အိုဂျီတွေ အများကြီး ရှိပါတယ်။ ဒေါ်နန်းဦး၊ ဒေါ်မြမြ၊ ဒေါ်လှကြည်၊ ဒေါ် မေသျှင်၊ ဒေါ်ဖလောရင့်မောင်မောင်၊ ဒေါ်ခင်သိန်းဦး၊ ဒေါ် ခင်စန်းရီ နောက်ပြီး အများကြီး ရှိပါသေးတယ်။ ဆေးရုံမှာ မမွေးချင်လို့ ဆေးခန်းမှာ မွေးချင်ယင်ထဲ ဒေါ်မြမြအေးရဲ့ မြရတနာ ဆေးခန်းရှိတယ်”ဟု ပြောသည်။
နောက်ပိုင်း စကားများကို အသေအချာပင် မကြားနိုင်။ မခင်အေးမျာ ရှက်အမ်းအမ်းဖြစ်သွားသောကြောင့်ဖြစ်သည်။ ရင်ထဲမှတော့ "ဪ.. အိုဂျီဆိုတာ ဆေးရုံက ဝမ်းဆွဲကို ခေါ်တာကိုး" ဟု အကြမ်းဖျင်း မှတ်သားလိုက်မိသည်။
ထိုဆေးရုံမှ အင်္ဂလိပ်ဝမ်းဆွဲထံ ရောက်တော့မှ မခင်အေးသည် ကိုယ်အလေးချိန် ချိန်ရသည်။ ညှပ်ရိုးတိုင်းရသည်။ ဆီးစစ် ရသည်။ သွေးစစ်ရသည်။ မေးခိုင်ကာကွယ်ဆေး ထိုးရသည်။ တော်တော်လေး အလုပ်ရှုပ်သွားလေသည်။ အလုပ်ရှုပ်သည်က ကိစ္စမရှိ၊ ဒီနေ့ သွေးစစ်ချက် အဖြေကို သိရတော့မှ အကြီးအကျယ် စိတ်ရှုပ်ခဲ့ရတော့သည်။
‘ကကြီးရေက၊ မယယစ် ငသတ် မြင်း ဝစ်စ နှစ်လုံးပေါက်တော့ မြင်း၊ မရေမ ကမြင်းမ၊ မရေ လုံးကြီးတင် မိ၊ ကမြင်းမ မိ၊ လ ဟထိုး လှ ကမြင်းမ မိလှ..."
ဘေးချင်းယှဉ်လျက် ခုံမှ ကလေးငယ်က တွဲနံရံပေါ်မှ စာလုံးကို တလုံးချင်း ပေါင်းကာ ဖတ်နေသည်။ မခင်အေးက တွဲနံရံ လိုက်ကြည့်မိသည်။
“ကမြင်းထီး၊ ကိုသာမြတ်၊ သူ ကမြင်းလို့"
စိတ်ထဲမှ ဒေါသနှင့် ရေရွတ်လိုက်မိသည်။ ဆရာဝန်မကြီးက သွေးစစ်ချက် အဖြေစာရွက်လေးကို ဖတ်ကြည့်ကာ “မခင်အေး သွေးထဲမှာ ကာလသားရောဂါပိုး တွေ့နေတယ်”ဟု ပြောလိုက်စဉ်က သူ့မျက်နှာသည် တရှိန်ရှိန် ပူလာခဲ့လေသည်။ ထို ပူလာသော မျက်နှာကို အောက်စိုက်ထားရမလား၊ အဝင်တံခါးဘက် လှည့်ထားရမလား၊ မျက်နှာကြက်တွင် တဝီဝီလည်နေသော ပန်ကာကိုပင် မော်ကြည့်နေရမလား မဝေခွဲနိုင်ပဲ ချွေးတွေသာ ချက်ချင်း နစ်နေအောင် ထွက်လာသည်။ ရှက်လိုက်သည်မှာ ဆိုစရာမရှိ။
“ဒါမျိုးက အထဲက ကလေးကို ထိခိုက်နိုင်တယ်၊ အခုလို သွေးစစ်ကြည့်လိုက်တော့ စောစောစီးစီး ဆေးကု နိုင်တာပေါ့ကွယ်၊ ပင်နယ်စလင်တော့ ဆက်တိုက် ထိုးရမယ်နော်၊ နက်ဖြန်ကျယင် အမျိုးသားကိုပါ ခေါ်ခဲ့၊ သူ့ကိုပါ ဆေးကုရမယ်" ဟု ဆရာဝန်မကြီးက ပြောသည်။
သူ့ဘေးမှ ကိုယ်ဝန်ဆောင်များက မခင်အေးအား ဝိုင်းကြည့်ကြသည်။ မခင်အေးကမူ တကိုယ်လုံး ရှိန်းဖိန်းကာ မျက်နှာကို အောက်စိုက်ထားမိသည်။ ဘယ်သူ့ကိုမှ ပြန်မကြည့်ရဲ၊ သူ့ယောက်ျား ကိုသာမြတ်ကိုသာ သတိရနေသည်။ ပြောရလျှင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသကဲ့သို့သာ ဖြစ်ချေတော့မည်။ နာမည်က သာမြတ်မို့သာ တော်တော့သည်။ အကျင့်က နည်းနည်းမှ မကောင်း။
“အင်မတန်ကို ကမြင်းကြောထချင်တာ၊ ပြောရယင်လဲ မကောင်းဘူး"
မခင်အေးက တွေးယင်း ဝမ်းနည်းလာသည်။ စိတ်လည်း ဆိုးလာသည်။ ဝမ်းနည်းစိတ်နှင့် ဒေါသစိတ်က ရင်ထဲတွင် ပူးပေါင်း၍ ဗလောင်ဆူကာ တစ်ဆိုဆို့ကြီး ဖြစ်လာသည်။
“ဖဲရိုက်ချင် ရိုက်၊ အရက်သောက်ချင် သောက်၊ တော်သေးတယ်။ မကြိုက်ပေမယ့် ခွင့်လွှတ်နိုင်သေးတယ်။ ခုတော့ သူ့ကြည့်လိုက်ယင် ဘုရားဒကာလိုလို၊ ဘုန်းကြီးလူထွက်လိုလို ဣနေ္ဒြနဲ့၊ သိက္ခာနဲ့၊ ဘုရားစကား တရားစကားလဲ စာအုပ်ထဲကဟာတွေ အလွတ်ကျက်ပြီး လူထူယင် ပြောတတ်သေးတယ်။ ကွယ်ရာကျမှ ကုတ်ပြီး ကမြင်းတာ၊ အိမ်မီးလောင်လို့ ဏေလာနေတဲ့ ငါ့ညီမဝမ်းကွဲတောင် မရှောင်းချင်ဘူး”
“ဟောတော့ ကြမ်းပိုး"
ငေးမော တွေးတောယင်း ရှေ့တွင် ထိုင်နေသော မိန်းကလေး၏ပေါင်ပေါ်သို့ တရွရွ တွားတက်လာသော ကြမ်းပိုးကို မြင်သည်။ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ပါဏာတိပါတာကံကို ရှောင်မည်ဟု အဓိဋ္ဌာန်ပြုထားသည်ကိုလည်း သတိမရ၊ သူပြောလိုက်လျှင် ဒီကြမ်းပိုး ဇီဝိန်ပြုတ်တော့မည်ကိုလည်း သတိမရ၊ လက်ညှိုးထိုးပြကာ “ကြမ်းပိုးကြီး ကြမ်းပိုးကြီး”ဟု ပြောလိုက်မိသည်။ သူ့အတွေးနှင့်သူ ငေးနေသော မိန်းကလေးက သူ့ပေါင်ကိုသူ အလန့်တကြား ငုံ့ကြည့်သည်။ ပြောင်လုံချည်ပေါ် တွင် အထင်အရှားတွေ့နေရသော ကြမ်းပိုးကို ဆတ်ကနဲ ကောက်ဖမ်းလိုက်သည်။
“ကြမ်းပိုးကြီးက ကြီးလိုက်တာ၊ အမြီးတောင် ပေါက်နေပြီလား မသိဘူး"
သူက ပြောမိစဉ်၊ မိန်းကလေးသည် ထိုကြမ်းပိုးကို ပြတင်းပေါက်ဘောင်ပေါ် ချကာ ဖိချေပစ်လိုက်သည်။ သွေးပေနေသော လက်ကို ထောင်ကြည့်ယင်း မျက်နှာလေးက မသိမသာ ရှုံ့နေသည်။ ကြမ်းပိုးစော်နံမည်မှန်း သိလျက်နှင့် သူ့လက်ကိုသူ မထိတထိ နမ်းကြည့်ပြီး “နံလိုက်တာ”ဟု ပြောလေသည်။
“ကြမ်းပိုး ထိုးတာနဲ့ သတင်းစာ ခင်းပြီး ထိုင်ထားတာ၊ ဒီကောင်က လူပေါ်ရောက်အောင် တက်လာသေးတယ်”
ရထားတွဲတွေထဲမှာ ပိုလိုဖျန်းပစ်ဖို့ ကောင်းတယ်၊ အဲဒီ ကြမ်းပိုးတွေ တခါတည်း ပြေးမှာပဲ”
မခင်အေးက ပြောမိပြီးမှ သူထိန်းထားသော ပါဏာတိပါတာကို သတိရသည်။ "အို ကိုယ်တိုင်သတ်တာမှ မဟုတ်ပဲ၊ ကိစ္စမရှိပါဘူး”ဟု တွေးမိစဉ်၊ သူ့ဘေးမှ လူက "အစ်မကြီးရဲ့၊ ပိုလိုက ကြမ်းပိုးတင် မကဘူး၊ လူပါ ပြေးရမှာ။ အနံ့က တယ်ဆိုးသဗျ”ဟု ဝင်ပြောသည်။ မခင်အေးသည် ယခုမှပင် သူ့ဘေးမှလူကို သတိပြုမိသည်။ ခုနတုန်းကတော့ ကိုယ့်အတွေးနှင့်ကိုယ်မို့ လွတ်နေသော နေရာကိုသာ မြင်သည်။ တဘက်ဘေးတွင် မည်သူထိုင်နေသနည်း၊ သတိပင်မထားမိ၊ မသိမသာနှင့်လှည့်ကြည့်တော့ ရှပ်အင်္ကျီမှ အပေါ်ဘက်ကြယ်သီးနှစ်လုံးကို မတပ်ပဲ ဖြုတ်ထားသည်ကို ချက်ချင်း သတိပြုမိသည်။ ရှပ်အင်္ကျီရင်ဘတ်က မဟတဟမို့ အထဲက ရွှေဆွဲကြိုးကိုလည်းကောင်း၊ ရင်ဘက်တွင် ပေါက်နေ သော အမွေးအမြင်များကိုလည်းကောင်း မြင်လိုက်ရသည်။
“ဟင်း မီးရထားပေါ်မှာ ဆွဲကြိုးလု၊ နာရီလုဆိုတာ ဒီလို ဂျပိုးမျိုးတွေနေမှာပဲ။ ရုပ်ကလဲ ကြည့်ပါအုံး၊ နှုတ်ခမ်းမွေးစစ မချိုမချဉ်နဲ့၊ ရှေ့က ကောင်မလေးကို ငမ်းနေတာထင်တယ်”ဟု တွေးလိုက်မိပြီး မျက်နှာထားကို မသိမသာ တင်းလိုက်သည်။ လက်ထဲမှ သားရေအိတ်ကို တင်းတင်း ကိုင်ထားလိုက်သည်။ တော်ကြာ ဆတ်ကနဲ လုပြေးသွားလျှင် ခက်မည်။ ပါသွားသည်က ကိစ္စမရှိ။ အထဲက သွေးစစ်ချက်စာရွက်ကလေးကို သူများမြင်သွားလျှင် အရှက်ကွဲရမည်။သူက အင်္ဂလိပ်စာ ကောင်းစွာမတတ်၍ မသိသော်လည်း သိသူလက်ထဲ ရောက်သွားပါက သူ့တွင် ကာလသားရောဂါပိုးရှိကြောင်း တန်း၍ပေါ်တော့မည် ဖြစ်လေသည်။
“ကြမ်းပိုးပြေးစေချင်ယင် အနံ့ဆိုးတာလဲ ခံနိုင်မှာပေါ့"
သူ့အသံက အတန်ငယ် တိုပြတ်ပြတ်ဖြစ်သွားသောကြောင့် ဘေးမှလူက ဘာမှဆက်မပြောတော့။ ခေတ္တငြိမ်သွားပြီး နေရာမှ ဆတ်ကနဲ ထသည်။ သူက အိမ်သာထဲများ ဝင်သွားလေမလားဟု ကြည့်နေမိသော်လည်း တွဲအောက်သို့ ယောင်လည်လည်နှင့် ဆင်းသွားလေသည်။ မခင်အေးလည်း ပြတင်းပေါက်ဘက်သို့ ဝမ်းသာအားရနှင့် ရွှေ့လိုက်သည်။ “ရထားမစီးပဲနဲ့များ အသားလွတ် ဝင်ထိုင်နေသေးသလား၊ ဘယ်လိုလူလဲ မသိပါဘူး” ဟု တွေးမိသော်လည်း ထိုအတွေးက ကြာကြာမခံ၊ ကိုသာမြတ်ဆီသို့သာ စိတ်က ပြန်လည်ရောက်ရှိသွားသည်။
မိန်းမကိုယ်ဝန်ဆောင်စဉ်ကာလတွင် ယောက်ျားများက မတည်ငြိမ်ပဲ ဖောက်ပြန်တတ်သည်ဟု ကြားဖူးသည်။ ကိုယ်ဝန်မဆောင်မီကတည်းက မတည်ငြိမ်သူကိုကား ကိုယ်ဝန်ရင့်မာလာသောအချိန်ရောက်လျှင် အခန်းထဲ လှောင်ထားရလိမ့်မည် ထင်သည်။ တော်ကြာ ဆစ်ဖလစ်ထက်ဆိုးသော ရောဂါကို သယ်လာလေလျှင် ကိုယ်ကျိုးနည်းရတော့မည်။ ယခုလည်း ကံကောင်းထောက်မ၍ ဆရာဝန်ဆီ ရောက်ပြီး သွေးစစ်မိခြင်းဖြစ်သည်။ သွေးသာ မစစ်မိ၍ ဆေး သာမကုမိပါက သူ့ဝမ်းထဲမှ ကလေးအမြွှာလေးနှစ်ဦးတွင် မွေးကတည်းက ဆစ်ဖလစ်ရောဂါလေးကတွဲပြီး ပါလာမည် ဖြစ်လေသည်။ ဆရာမလေးကမူ အင်္ဂါမစုံသောကလေးများ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။ သူ့ကို အသေအချာ ရှင်းပြလိုက်သည်။
“တော်သေးတယ်၊ တော်ကြာ ကလေးတွေ တခုခုဖြစ်လာယင် ငါတော့ ရင်ကျိုးရတော့မှာ"
မခင်အေးက သူ့ဗိုက်ကိုသူ မသိမသာ ငုံ့ကြည့်သည်။ ဝမ်းကြာတိုက်အတွင်းမှ တွန်းထိုးလှုပ်ရှားမှုကို ခံစားသိရှိလိုက်ရသည်။ “ဒါ တတောင်ဆစ်ကလေးလား၊ ခြေထောက်ကလေးလား၊ ခေါင်းကလေးလား"ဟု တွေးယင်း လှုပ်ရှားနေသောနေရာကို လက်နှင့် မသိမသာလေးအုပ်၍ ကိုင်ထားလိုက်သည်။
“ကလေးရလာယင်တော့ ကိုသာမြတ် ငြိမ်ကောင်းပါရဲ့ကွယ်၊ ခုတော့ သူ့တွင်ခုံက အလုပ်တော့ ဖြစ်ပါရဲ့၊ ထောက်ထားစရာ သားသမီးမရှိသေးတော့ စုဆောင်းဖို့ စိတ်မကူးပဲ လွယ်လွယ်ပေါပေါ သုံးနေတာပဲ”
ကိုသာမြတ်သည် ပညာရေးဘက်တွင် ဆယ်တန်းပင်အောင်သူ မဟုတ်၊ သို့ပါသော်လည်း စီးပွားရေးဘက်တွင် လာဘ်မြင်လှသည်။ လုပ်လည်းလုပ်တတ်သည်။ ယခု အိမ်တွင် "တွင်ခုံ”လေး ထောင်ထား၍ ဝင်ငွေမှန်မှန်ရနေသော်လည်း ထိုင်ပြီး အေးအေးဆေးဆေး တင်းတင်းတိမ်တိမ် မနေတတ်ပေ။ နောက်ထပ် ရပေါက်ရလမ်းကို အမြဲစိတ်ကူးကြံစည်နေသူဖြစ်သည်။ "ခုနေ မန်ကျည်းသီး လှောင်ထားလိုက်ယင် နောက်လေးငါးလနေယင် သုံးခေါက်ချိုးလောက် မြတ်ပြီပဲ၊ ထားစရာနေရာ ခက်နေလို့" ဟု တနေ့ကပင် ပြောနေသေးသည်။ ရှာလည်းရှာသလို သုံးလည်းသုံးသည်။ သူရှာနိုင်၍ သူသုံးနိုင်သည်။ ကိစ္စမရှိ။ စီးပွားရေးဘက်တွင် အကွက်မြင်သလို မိန်းမကိစ္စတွင်လည်း အကွက်မြင်သည်ကတော့ ခက်လှသည်။
မခင်အေး၏အစ်မကြီးကမူ “ယောက်ျားဆိုတာ ဒီလိုပဲအေရဲ့၊ ဆီပြန်ဟင်း အမြဲစားနေရပေမယ့် သူတို့က လမ်းဘေးက ယင်နားတဲ့ အသုပ်စုံကိုလဲ သွားယင်းလာယင်း မြည်းချင် စမ်းချင်ကြသေးတာပဲ။ တော်ရုံတန်ရုံတော့ မသိချင်ဟန်ဆောင်နေလိုက်ပါ ညီမရယ်။ အရေးကြီးတာက အထင်အရှား ရှိမလာဖို့ပဲ။ ဒီခေတ်က မယားငယ်မရှိဘူးနော် အမိ။ မယားပြိုင်တဲ့ရှင့်၊ မယားပြိုင်တဲ့" ဟု ပြောခဲ့ဖူးလေသည်။
“မယားပြိုင်နဲ့တော့ မတွေ့သေးပါဘူး၊ ဒါပေမယ့် ပင်နယ်စလင်တဲ့အစ်မ၊ ပင်နယ်စလင်နဲ့တော့ တွေ့နေရပြီ”
မခင်အေးက တကမ္ဘာလုံးကြားအောင် အော်ပြီး တစုံတခုကို ထုရိုက်ပစ်ချင်စိတ် ပေါက်လာသည်။ အိမ်ရောက်လျှင်ဘော့ ကိုသာမြတ်၏ပေါင်တွင်းကြောကို နာနာလိမ်ရမည်။ “ထအုံး၊ ကမြင်းကြော ထလိုက်ပါအုံး။ ခုတော့ ဟင် လူကြားလို့မှ ကောင်းသေးရဲ့လား၊ ဆစ်ဖလစ်တဲ့တော့”ဟု ပြောကာ သူ့ကျောကို ထုရမည်။
“ဟာ ဒီကြမ်းပိုးကလဲ ဒုက္ခပဲ”
ရှေ့မှမိန်းကလေးက နောက်ထပ်ကြမ်းပိုးတကောင် သတ်ပြန်လေသည်။ မခင်အေးလည်း ပါဏာတိပါတာကို သတိရပြန်လေသည်။
“ဟာ အလကားနေ အလကားပဲ၊ ဟိုငေးဒီငေး လုပ်နေမယ့်အစား ပုတီးစိပ်နေတာ ကောင်းမယ်”
မခင်အေးက လက်ကိုင်အိတ်ထဲ ထည့်ထားသော နံ့သာဖြူပုတီးလေးကို ထုတ်သည်။ အိတ်ထဲမှ သွေးအဖြေစာရွက်လေးကို စမ်းမိတော့ အိတ်ကို မြန်မြန်ပြန်ပိတ်သည်။ ခင်းထိုင်ထားသော သတင်းစာစက္ကူကို အသေအချာ ငုံ့ကြည့်နေသော ရှေ့မှ မိန်းကလေးအား ကြည့်ယင်း ပုတီးစ၍ စိပ်သည်။
ပုတီးစိပ်ယင်း တဝက်လောက်ရောက်တော့ လင်တော် မောင်သာမြတ်၏မျက်နှာကို မြင်ယောင်လာသည်။ မခင်အေး၏ရင်ထဲတွင် ခုနက အတန်ငယ်ငြိမ်သွားသော ဒေါသစိတ်၊ ရှက်စိတ်၊ ဝမ်းနည်းစိတ်တို့က ပြန်ပြီး လွန့်လူးလာပြန်လေသည်။ သူ့ခေါင်းထဲမှ အရဟံသည် ဘယ်အချိန်က ပျောက်သွားမှန်းပင်မသိလိုက်။ ပုတီးတလုံးချပြီး စိတ်ထဲမှ ရွတ်ဆိုမိသည်။
ဒင်းကြောင့်
နောက်တလုံး ချလိုက်ပြန်သည်။
“ဒင်းကြောင့်”
ထို့နောက် တလုံးပြီးတလုံး ဆက်တိုက် စိပ်နေမိလေသည်။
“ဒင်းကြောင့်၊ ဒင်းကြောင့်၊ ဒင်းကြောင့်”
အပိုင်း(၅)ဆက်ရန်
----------------------
#မစန္ဒာ
0 Comments