#ပြည်တန်ပတ္တမြားတစ်လုံးနှင့်_စွန်တာနီပဲတစ်ပြည်
#ကိုးငယ်မင်း
📖 📖 📖
[Eternal Light မဂ္ဂဇင်း၊ ၂၀၂၂ ဇန်နဝါရီလထုတ် - မှ]
ပတ္တမြားတို့မည်သည် နီသောအရောင်ရှိ၏။ တွင်းထွက်ကျောက်ထဲတွင် အရည်အသွေးကောင်းပါက တန်ဖိုးမြင့်မားလေသည်။
ပြဒါးဓာတ်များ ကိန်းအောင်းရာမှ ဖြစ်လာသည်ဟု ရှေးက အယူပြောစမှတ်ရှိသောကြောင့် ပြဒါးများဟု ခေါ်ကြသည်။ နောက်ပိုင်းတွင်မူ “ပတ္တမြား”ဟု ခေါ်လာကြသည်ဖြစ်ကြောင်း ကြားသိဖူးပါသည်။
ရှေးဘုရင်များက ပတ္တမြားကို တော်ဝင်ရတနာအဖြစ် အသုံးပြုခဲ့ကြသည်။ ပတ္တမြားသည် နဝရတ်ကိုးသွယ်တွင် တစ်ပါးအပါအဝင်ဖြစ်၏။ နဝရတ်ကိုးသွယ်တို့မှာ ပတ္တမြား၊ စိန်၊ ပုလဲ၊ သန္တာ၊ ဂေါ်မုတ်၊ နီလာ၊ ကြောင်၊ ဥဿဖယား၊ မြတို့ဖြစ်ကြသည်။
နဝရတ်ကိုးပါးလက်စွပ်ပြုလုပ်ရာတွင် ကျောက်မျက်ရတနာကိုးပါးအနက်မှ ပတ္တမြားကို အလယ်တွင်ထားကာ စိန်ကို အရှေ့ထား၍ ပုလဲ၊ သန္တာ၊ ဂေါ်မုတ်၊ နီလာ၊ ကြောင်၊ ဥဿဖယား၊ မြတို့ အစဉ်အတိုင်း လက်ယာရစ်လှည့်ပြီးလျှင် လုပ်ရသည်ဟု ကြားသိဖူးပါသည်။ ရတနာကိုးသွယ်တွင် ပတ္တမြားကို အလယ်မှာထားကာ ခြံရံခြင်းခံရလောက်အောင် မြင့်မြတ်သောရတနာဖြစ်၏။
🔻 🔻 🔻
အကယ်၍ ကျွန်တော့်တွင် ပြည်တန်ပတ္တမြားတစ်လုံး ပိုင်ဆိုင်မည်ဆိုပါစို့။ တစ်စုံတစ်ယောက်သောသူက ကျွန်တော်၏ ပြည်တန်ပတ္တမြားကို စွန်တာနီပဲတစ်ပြည်နှင့် လာရောက်လဲလှယ်မည်ဆိုပါက ကျွန်တော် သွက်သွက်ခါအောင် ငြင်းဆန်ရပေလိမ့်မည်။ တန်ဖိုးမြင့်မားသည့် ပြည်တန်ပတ္တမြားတစ်လုံးကို စွန်တာနီပဲတစ်ပြည်နှင့် ကျွန်တော် လုံးဝမလဲနိုင်ပေ။
ပြည်တန်ပတ္တမြားတစ်လုံးသည် နီ၏။ စွန်တာနီပဲသည်လည်း နီ၏။ သို့သော် နီသောအရောင်အစွမ်းသတ်္တိချင်းမှာမူ လုံး၀ မနှိုင်းယှဉ်သာ။ ပတ္တမြားတို့မည်သည် အရောင်လက်တောက်ပနေအောင် နီမြန်းပြီး တန်ဖိုးမြင့်တတ်ပေသည်။
သို့သော် ပတ္တမြားတန်ဖိုးကို မသိသူတစ်ယောက်ကမူ အကယ်၍ စွန်တာနီပဲတစ်ပြည်နှင့်လဲလှယ်မည်ဆိုပါက လက်ခံစဉ်းစားကြပေလိမ့်မည်။ “ဒါကြီးက စားလို့လည်း မရဘူး၊ စွန်တာနီပဲကမှ ပြုတ်စားရင် ဗိုက်ပြည့်လိမ့်မယ်”ဟု သူတို့ တွေးလာကြလိမ့်မည်။ တန်ဖိုးမသိသူအဖို့ ပတ္တမြားကို ကျောက်ခဲတစ်တုံးလို ထင်မှတ်ကာ စွန်တာနီပဲကိုသာ တန်ဖိုးရှိသည်ဟု မြင်တတ်ကြသည်။
🍁 🍁 🍁
ကျွန်တော်လုပ်သည့်ဌာနတွင် Purchaser (အဝယ်တော်)သည် အကြောင်းကြောင်းကြောင့် အလုပ်က ထွက်သွားသည်။ ထိုအခါ မန်နေဂျာသည် လစ်လပ်နေသော ထိုတာဝန်အတွက် ဝန်ထမ်းအသစ်တစ်ယောက် ထပ်ရှာ၏။ သို့သော် စိတ်ကြိုက်ရှာ မတွေ့သေးသည့်အတွက် ထိုလစ်လပ်နေသော တာဝန်ကို ကျွန်တော့်အား ယာယီတာဝန်ယူကူညီပေးရန် မန်နေဂျာက ပြောလာသည်။ လတ်တလောအနေအထားအရ Purchaser (အဝယ်တော်)နေရာကို ကျွန်တော်တာဝန်ယူလိုက်ရ၏။
တစ်နေ့တွင် M&E Department မှ ဒီဇယ်တစ်ပေပါ ဝယ်ရန် အဝယ်စာရင်းပါလာသည်။ ဒီဇယ်ရောင်းသည့် ကုမ္ပဏီနှင့် လကုန်မှ ငွေရှင်းရသည်မို့ အကြွေးဝယ်ဘောက်ချာ ချက်လက်မှတ်သာ လိုအပ်သည်။ အကြွေးဝယ်ဘောက်ချာ ချက်လက်မှတ်အတွက် မန်နေဂျာဆီက လက်မှတ်စာရွက်တောင်းရသည်။ မန်နေဂျာကပေးသည့် ချက်လက်မှတ်ပါမှ ဒီဇယ်ရောင်းမည့် ကုမ္ပဏီအရောင်းဆိုင်ကို သွားရောက်ဝယ်ယူနိုင်၏။ ထို့ကြောင့် မန်နေဂျာဆီက ကျွန်တော် အကြွေးဝယ်ဘောက်ချာလက်မှတ်တောင်းသည်။ ဝယ်ယူသည့် ပမာဏမှာ တစ်ပေပါဖြစ်၏။ တစ်ပေပါကို ဂါလန်ငါးဆယ်ဆံ့သည်။
⭐ ⭐ ⭐
မန်နေဂျာဆီက တစ်ပေပါ အကြွေးဝယ်ဘောက်ချာလက်မှတ်ရပြီးသည့်နောက် ကျွန်တော်တို့အလုပ်မှ ပေပါပုံးခွံကို ကားပေါ်တင်သည်။ ကားဆရာက ကျွန်တော် ကားပေါ်ရောက်တော့ “ပုံးခွံအပိုမပါဘူးလား”ဟု ဆိုသည်။ ကျွန်တော် သူ့ဆိုလိုရင်းကို နားမလည်စွာ “ဘာလုပ်ဖို့လဲ”ဟု ပြန်မေးမိ၏။ ထိုအခါ ကားဆရာက “ဟာ ... မင်းတော်တော် အတာပဲ”ဟု ဆိုသည်။ သူ ဘာကိုဆိုလိုမှန်း နားမလည်တော့သော်လည်း ကျွန်တော် ထပ်မမေးဖြစ်လိုက်တော့ပါ။
“ခဏလေး ... ငါ့အသိအိမ်က ပုံးခွံဝင်ယူလိုက်ဦးမယ်”
ကားဆရာက လမ်းတစ်ဝက်တွင် အသိအိမ်သို့ ကားထိုးရပ်ကာ ပုံးခွံဝင်ယူသည်။ ကားဆရာက ကော်ပုံးခွံအလွတ်တစ်ပုံး ယူလာသည်မို့ ကျွန်တော်ဝယ်မည့် ဒီဇယ်နှင့် ဆက်စပ်မှုတစ်ခုခု ရှိလိမ့်မည်ဟု တွေးသိလိုက်၏။
“အဲဒီပုံးခွံကြီးက ဘာလုပ်မလို့လဲ”
ဒီတစ်ခါတော့ ကျွန်တော်မေးလိုက်မိပါသည်။
“ဆီထည့်ဖို့လေ”
“ဘယ်ဆီထည့်မှာလဲ”
“မင်းဝယ်တဲ့ ဒီဇယ်ထဲက ပိုတဲ့ဒီဇယ်ကို ဒီထဲထည့်ဖို့လေ”
“ကျွန်တော်ဝယ်မယ့်ဒီဇယ်က ဂါလန်ငါးဆယ်လေ၊ အံကိုက်ပဲလေ ... ဘယ်က ပိုရမှာလဲ”
ကားဆရာက ကျွန်တော့်စကားကြောင့် ရယ်လေသည်။
“မင်း ယူလာတဲ့ ဒီဆီပေပါက အပိန်အချိုင့်တွေနဲ့ဆိုတော့ ဂါလန်ငါးဆယ် မဆံ့ဘူးကွ၊ ပိုဦးမှာ”
“ဟင် ဟုတ်လား”
သူပြောတာကို ကျွန်တော် လက်ခံလိုက်သည်။
“ဆံ့သလောက်ပဲ ယူမှာပေါ့၊ ဘာလို့ ဒီပုံးကြီးက ယူနေဦးမှာလဲ”
“ဟာ ... ငါ့ကောင်က တယ်အသကိုး၊ ဒါက အကြံအဖန်လေကွာ”
ကျွန်တော် သဘောပေါက်လိုက်သည်။ အလုပ်က ပေးလိုက်သည့်ဘောက်ချာမှာ ဂါလန်ငါးဆယ်ဝယ်ယူခွင့်ရခဲ့သော်လည်း အကယ်၍ ဂါလန်ငါးဆယ် မဆံ့ပါက ဆံ့သလောက် ငွေပမာဏကိုသာ လကုန်လျှင် ငွေရှင်းရသည်။ သို့သော် ယခုကမူ ဂါလန် ငါးဆယ်ဝယ်ယူခွင့်ကို အပြည့်အဝယူကာ ပိုသည့်ဒီဇယ်များအား ကားဆရာ၏ အပိုပုံးထဲထည့်ကာ အကြံအဖန်ယူမည့်သဘော။ ကျွန်တော် ဘာမှမပြောခဲ့သော်လည်း ထိုလုပ်ရပ်ကို လုံးဝမနှစ်မြို့ပေ။
ဒီဇယ်မှာ ဆီပေပါအပြည့်ဖြစ်သည့်တိုင်အောင် ဂါလန်ငါးဆယ်မရှိသေးသည်မို့ ပိုနေသေးသည့် ဒီဇယ်များကို ပုံးအလွတ်ထဲသို့ ထည့်သည်။ ဂါလန်ငါးဆယ် အဝယ်စာရင်းဖြစ်သွား၏။ ကားဆရာက လမ်းတစ်ဝက်တွင် လမ်းဘေးဆီဆိုင်ငယ်တစ်ခုသို့ ဝင်သည်။ အကြံအဖန်လုပ်ထားသည့် ဒီဇယ်ပုံးကို သူရောင်းသည်။
“ငါ့ကောင်ရေ ... မင်းတစ်ဝက်၊ ငါတစ်ဝက်”ဟု သူက ဆိုသည်။ ထိုအခါ ကျွန်တော်က ငြင်းသည်။ သူပေးသည့်ငွေကို ကျွန်တော် မယူပေ။ ကျွန်တော် လုံးဝမယူလိုချေ။
“ဘာဖြစ်လို့လဲကွ”ဟု သူကဆိုတော့ ကျွန်တော်က မလိုချင်လို့ဟုသာ ဒဲ့ဖြေလိုက်ရတော့သည်။ ထိုအခါ သူ့ကိုယ်သူပင် ရှက်အမ်းအမ်းသွားပုံရသည်။ သို့သော် မတတ်နိုင်ပါ။ ကျွန်တော် ထိုငွေကို မလိုချင် မတပ်မက်ပေ။
သူက ထမင်းကြော်နှစ်ဘူး ဝင်ဝယ်ပြန်၏။ ကျွန်တော့်ကို တစ်ဘူးဝယ်ကျွေးသည်။ ကျွန်တော် ထမင်းကြော်ဖိုးကို သူ့ကို ဇွတ်အတင်း ပြန်ပေးသော်လည်း သူက မယူပါ။ ထို့ကြောင့် သူ ဝယ်ကျွေးသည့် ထမင်းကြော်ကိုတော့ ငြင်းရခက်ခက်နှင့် လက်ခံလိုက်ရ၏။
သူက ဆိုပါသေးသည်။ “ငါ့ကောင်ကြီးက တယ်ရိုးသကိုး” ဟု ဆိုသည်။
🌟 🌟 🌟
ဟုတ်ပါသည်။ ကျွန်တော့်ကို ရိုးတယ်ဟု ပြောသည်ကို ကျွန်တော် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါသည်။ “ရိုးဂုဏ်”သည် ဝယ်ယူ၍မရပါချေ။ အလားတူ လူတစ်ယောက်၏ ကိုယ်ကျင့်သိက္ခာသည်လည်း ဝယ်ယူ၍မရပေ။ ကိုယ်ကျင့်သိက္ခာဆိုတာ မည်မျှတန်ဖိုးရှိသည်ဆိုတာ သူ သိပုံမပေါ်ပါချေ။
ကျွန်တော့်စိတ်ထဲတွင် သူ့အပေါ် တွေးမိလိုက်သည်မှာ သူသည် အကြံအဖန်(အခွင့်အရေး)ရသည့် ငွေပမာဏနှင့် ကိုယ်ကျင့်သိက္ခာကို လွယ်ကူစွာ လဲလှယ်သွားသူတစ်ယောက်ဟုသာ မြင်မိပါသည်။ သူ့အပေါ် ကျွန်တော် အထင်သေးသွားသည်။
သူသည် ကျွန်တော့်ကိုမူ ကိုယ်ကျင့်သီလကောင်းမွန်သူဟု မှတ်ချက်ချကောင်း ချပေလိမ့်မည်။ ရိုးအသူဟုလည်း မှတ်ချက် ချကောင်းချပေလိမ့်မည်။ ကျွန်တော်သည် ထိုမျှလောက်သော ငွေကြေးပမာဏနှင့် ကိုယ်ကျင့်သိက္ခာကို အထိပါးမခံနိုင်ပေ။ တန်လို့လားဟု ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်ရာ လုံးဝမတန်ပါချေ။
လူတစ်ယောက်၏ ကိုယ်ကျင့်သိက္ခာတို့သည် တန်ဖိုးသိတတ်သူအဖို့ နဝရက်ကိုးသွယ်တို့တွင် အလယ်မှာထားထိုက်လောက်အောင် တန်ဖိုးမြင့်သော ပတ္တမြားရတနာနှင့် တူပေရာ၏။ စွန်တာနီပဲတစ်ပြည်နှင့် လာရောက်လဲလှယ်ရာတွင် ပြည်တန်ပတ္တမြားကို တန်ဖိုးသိတတ်စွာ လဲလှယ်မှုကို အပြတ်အသတ် ငြင်းဆန်မိသည်။ ကျွန်တော် တစ်နပ်စားမကြံပါ။
#ကိုးငယ်မင်း
0 Comments