" ပင်လယ်ထဲက မျက်ကန်းများ "
ဝါတွင်းဥပုသ်နေ့သာဆိုတယ် ၊ ရွာကလေးရဲ့တစ်ခုတည်းသော ရွာဦးကျောင်းက ငြိမ်သက်တိတ်ဆိတ်လို့။ လူဆိုလို့ ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသနဲ့ ကိုရင်လေးတွေရယ် ၊ ကပ္ပိယကြီး ဦးဘမှီရယ်ပဲ ရှိတယ်။ ရွာဦးကျောင်းမှာ ဥပုသ်လာစောင့်သူ တစ်ယောက်မှမရှိဘူး။ အရင်ကဆို ဒီလို ဘယ်ဟုတ်လိမ့်မတုံး။ ဝါတွင်းဥပုသ်နေ့မှာ ကျောင်းကိုလာကြတဲ့ ဥပုသ်စောင့် မယ့်သူတွေဆိုတာ ကျောင်းပေါ်မှာ အပြည့်ပဲ။ ပြောရရင်တော့ ဝါတွင်းဥပုသ်နေ့မှ မဟုတ်ပါဘူး။ ကြားရက်တွေမှာလဲ ကျောင်းကိုလာကြသူတွေ ရှိပါတယ်။ ခေါင်းစဥ်အမျိုးမျိုး ၊ အကြောင်းကိစ္စကြီးငယ်နဲ့ ဦးနန္ဒဝံသကို ဦးတိုက်လာကြသူတွေကလဲ အများသား။
ဦးတိုက်မယ်ဆိုရင်လဲ တိုက်ချင်စရာပဲလေ။ ဦးနန္ဒဝံသက မည်ကာမတ္တဘုန်းကြီးမျိုးမှ မဟုတ်တာ။ မဟာဂန္ဓာရုံကျောင်းထွက် ၊ စာတတ်ပေတတ်ပုဂ္ဂိုလ်။ ဝိနည်းသိက္ခာနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူး။ အကျင့်သီလကလဲ ဘာပြည့်စုံသလဲ မမေးနဲ့။ ပရိ ယတ္တိဘက်မှာရော ၊ ပရိပတ္တိဘက်မှာပါ ကြိုးစားအားထုတ်ပုံက ကြည်ညိုချင်စရာ။ ဒီရွာနဲ့ တန်တောင်မတန်ဘူးဆိုရင် လွန်တယ်ထင်မယ်။ အမှန်က မလွန်ဘူးရယ်။ ဦးနန္ဒဝံသရဲ့ အရည် အချင်းနဲ့ဆိုရင် မြို့မှာနာမည်ကြီး ဆရာတော်တစ်ပါးဖြစ်နေရမှာ။
ဒါပေမဲ့ ဦးနန္ဒဝံသကပုထုဇဥ်ပဲ ရှိသေးတာမဟုတ်လား။ ဘုန်းကြီးဆိုပေမဲ့ ကိလေသာတို့ ၊ တဏှာတို့ မကုန်ခမ်းသေးဘူးလေ။ သံယောဇဥ်တို့ ၊ ဇာတိချစ်စိတ်တို့ ရှိသေးတာပေါ့။ အဲဒါ ကြောင့် ကျောင်းထိုင်ကင်းမဲ့နေတဲ့ သူ့ရွာကျောင်းမှာလာပြီး ကျောင်းထိုင်နေတာကလား။ ဒီရွာမှာပဲ ကျောင်းထိုင်အဖြစ်နဲ့ အရိုးထုတ်ရင်း ရွာကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လဲရှိတယ်။ ရှိတဲ့အတိုင်း လုပ်သလို ရွာကလဲ တိုးတက်သင့်သလောက် တိုးတက်ခဲ့တာပါပဲ။ သူ့စေတနာကို နားလည်တဲ့ရွာသူ၊ရွာသားတွေကလဲ ကျောင်းကိုအဝင်အထွက်စိပ်ခဲ့တယ်။ ဦးနန္ဒဝံသနဲ့ ရွာသူ၊ရွာသားတွေရဲ့ ဆက်ဆံရေးဟာ ရေနဲ့ကြာလို ပနံ သင့်လို့။
အဲဒီလို ကောင်းပြီကောင်းရဲ့ နေလာကြရင်း ရွာသူ၊ရွာသားတွေဘက်က အချိုးတွေပြောင်းလာတယ်။ ဦးနန္ဒဝံသဆီကို သိပ်မလာကြတော့ဘူး။ ရွာဦးကျောင်းဟာ သူတို့အတွက် ကန့်သတ်နယ်မြေလို့သဘောထားပြီး အသွား အလာကျဲကုန်ပြီ။ ဦးနန္ဒဝံသကိုလဲ မစားကောင်းတဲ့အဆိပ်သီးလို ရှောင်ဖယ်ရှောင်ဖယ်နဲ့။ အတိတ်ကို အတိတ်မှာပဲ ချန်ထားရစ်ခဲ့ကြပုံက ဘယ်လောက်ထိဆိုးသလဲဆိုရင် အခုပဲကြည့်လေ။ ဝါတွင်းဥပုသ်နေ့ကြီးမှာတောင် ဥပုသ်လာမစောင့်ကြတော့ဘူး။
သူတို့ဘက်ကသာ ဒိုင်မင်းရှင်းတွေရွေ့လျားကုန်ကြတာပါ။ ဦးနန္ဒဝံသကတော့ ဟိုအရင်တုန်းကအတိုင်းပါပဲ။ အနေအထိုင် ၊ အပြောအဆို ဘာတစ်ခုမှ ပြောင်းလဲသွားတာမျိုး မရှိဘူးရယ်။ သူတို့ အကြည်ညိုပျက်ချင်စရာ ဘုန်းကြီးကျင့်ဝတ် ၊ ဘုန်းကြီးသိက္ခာ ဖောက်ဖျက်တာမျိုးလဲ ယောင်လို့တောင်မှ မလုပ်ခဲ့ဖူးဘူး။ အဲသလိုလုပ်မိလို့ ဦးနန္ဒဝံသကို ရွံပြီး မကိုးကွယ်ချင်ကြတော့တာဆိုရင်တော့ တစ်မျိုးပေါ့။ အခုကျ ဘုန်းကြီးပီပီသသ ကျင့်ကြံနေထိုင်တဲ့ ဦးနန္ဒဝံသအပေါ် ရှိသင့်တဲ့ဝတ္တရားတွေပျက်နေကြလေရဲ့။ ပြီးတော့ အမေကျော်ထွေးတော်လွမ်းပြီး တခြားရွာက ရွာဦးကျောင်းကို ရောက်ကုန်ကြပါရောလား။
တော်သေးတာပေါ့။ ရွာဦးကျောင်းကို အလှည့်ကျဆွမ်းပို့တဲ့ ဝတ္တရားလေး မပျက်ကြသေးလို့။ မဟုတ်ရင် ဦးနန္ဒဝံသရဲ့ ဆွမ်းကိစ္စကအခက်အခဲရှိလာနိုင်တယ်။ သူ့မှာ တချို့ဘုန်းကြီးတွေလို ဝင်ငွေရပေါက်ရလမ်းမှ မရှိဘဲကိုး။ ရှိတယ်ပဲထားဦး။ ဦးနန္ဒဝံသက အဲဒါမျိုးတွေလုပ်ဖို့ ဝသီမပါဘူး။ ဗုဒ္ဓရဲ့အဆုံး အမအတိုင်း လိုက်နာကျင့်ကြံပြီး သံသရာစက်ဝိုင်းထဲက လွတ်မြောက်အောင်ရုန်းထွက်နိုင်ဖို့ပဲ စိတ်ကူးရှိတယ်။ အဲဒါကြောင့်ပဲ ရွာသူ၊ရွာသားတွေရဲ့ အကြိုက်ကိုသိပေမဲ့ မလိုက်ဘဲနေတာပေါ့။
သူသာ မူပြောင်းလိုက်မယ်ဆိုရင် ရွာသူ၊ရွာသားတွေ သူ့ဆီပြန်ကပ်လာမယ်မှန်း ဦးနန္ဒဝံသ သိသားပဲ။ ဒါပေမဲ့ သူက မူမပြောင်းဘဲ နေမြဲအတိုင်းနေတယ်။ ရွာသူ၊ရွာသားတွေ သူ့ကို ဆေးဖော်ကြောဖက်သိပ်မလုပ်ကြတော့ သူ့အတွက် တရားအားထုတ်ချိန်ပိုရတယ်လို့ ဦးနန္ဒဝံသက နှလုံးသွင်းထားတာကလား။
ဒီလိုမျိုးဖြစ်လာတာ သိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်လကျော် ၊ သုံးလလောက်ကမှပါ။ ဒီမီးကို စတင်မွေးသူ ၊ ပြဿနာမျိုးစေ့ကို သယ်ဆောင်လာသူ ၊ အဖြစ်အပျက်တစ်ခုလုံးအတွက် သတ္တုချရမယ့်သူကတော့ ဦးနန္ဒဝံသနဲ့ သားချင်းမကင်းသူတစ်ယောက်ပဲ။ သူ့နာမည်က ' မိငြိမ်း ' တဲ့။
📖 📖 📖 📖 📖 📖 📖 📖 📖၀
မိငြိမ်းကို ဒီရွာမှာပဲမွေးတယ်။ သူမွေးချိန်မှာ ဦးနန္ဒဝံသက ရွာမှာမရှိဘူး။ မဟာဂန္ဓာရုံကျောင်းမှာ စာသင်သားအဖြစ်နဲ့ ရှိနေလို့။ ဆိုတော့ သူနဲ့မိငြိမ်းက သားချင်းမကင်းပေမဲ့ သူစိမ်းတွေလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာရှိတဲ့ အသက်ကွာခြားချက်က ကြီးမားနေသလို အနေကလဲဝေးလွန်း နေခဲ့တာကိုး။
မိငြိမ်းတို့မိသားစုထဲမှာ မိငြိမ်းက တစ်ရုပ်ထွက်တယ်။ အသားအရေက ပြောသလောက်မမည်းဘဲ ညိုပြေပြေလေး။ ခန္ဓာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုး ဝဝကစ်ကစ်နဲ့။ ဥာဏ်ကလဲကောင်းတယ်ဆိုပါတော့။ တကယ်လို့မိငြိမ်းသာ ပြည့်စုံတဲ့မိသားစုက ပေါက်ဖွားလာသူဆိုရင် ပညာရေးမှာထွန်းထွန်းပေါက်ပေါက် ရှိမယ့်ပုံပဲ။ ဒါပေမဲ့ သူ့ခမျာ ကံမကောင်းရှာပါဘူး။ မူလတန်းအပြီးမှာပဲ ကျောင်းထွက်လိုက်ရတယ်။ ပြီးတော့ တခြားလယ်ကူလီတို့ သား၊သမီးတွေရဲ့ လမ်းစဥ်ကိုလိုက်ရတော့တာပဲ။ ဒီအတွက်တော့ မိငြိမ်းက ထူးပြီးဝမ်းနည်းမနေပါဘူး။ ဝမ်းနည်းခွင့်လဲ မရှိဘူးလေ။ ဒါက သူတို့ဘဝတွေအတွက် ပြဋ္ဌာန်းထားပြီးသားလို့ပြောရမယ့် ပုံစံတစ်ခုပဲဥစ္စာ။ ကျေကျေနပ်နပ်ပဲဖြစ်ဖြစ် ၊ မကျေမနပ်ပဲဖြစ်ဖြစ် လက်ခံလိုက်ရုံကလွဲပြီး ဘာတတ်နိုင်တာမှတ်လို့။
အဲသလိုနဲ့ပဲ မိငြိမ်း အရွယ်ရောက်လာခဲ့တယ်ဆိုပါတော့။ နေပူစပ်ခါးမှာ လုပ်ကိုင်ရသူဆိုပေမဲ့ အရွယ်ရောက်လာတဲ့ မိငြိမ်းအလှက ညှိုးမသွားဘူး။ နေရောင်ကိုအန်တုပြီး ငွားငွားစွင့်စွင့်ပွင့်တဲ့ နေကြာပန်းတစ်ပွင့်လိုပဲ။ သူ့သတင်းက ဒီရွာထဲမှာတင်မကဘဲ တခြားရွာတွေအထိမွှေးတယ်။ သူ့ကိုကြိုက်ကြတဲ့ သူတွေဆိုတာလဲ ပေါမှပေါ။ တချို့များဆို သူ့အတွက်နဲ့ ရန်တွေဘာတွေစောင်ကြသေးဆိုပဲ။ ကျီးကန်းတွေကြားမှာ ဥသြက သရဖူ ဆောင်းထားတယ်လို့ ပြောရင်ရမယ်ထင်ပါရဲ့။ မိငြိမ်းက အဲသလောက်ထိ နာမည်ကြီးတာ။
ကာလသားတွေကြားမှာ ရေပန်းစားနေမှန်းသိပေမဲ့ မိငြိမ်းက ဘာသိ ဘာသာပါပဲ။ ဘဝင်မြင့်တာမျိုး ၊ မာန်တက်နေတာမျိုး မရှိပါဘူး။
ခါတိုင်းလိုပဲ သွားသွားလာလာရှင်သန်လှုပ်ရှားတယ်။ သူကသာ အေးအေးဆေးဆေးနေနိုင်တာပါ။ သူ့မိဘတွေကတော့ စိတ်မအေးနိုင်ကြဘူး။ မိငြိမ်းတစ်ယောက် အန္တရာယ်တွေ့မှာ ဒါမှမဟုတ် မတော် တရော်ဖြစ်သွားမှာကို စိုးရိမ်ကြတယ်။ ဒါနဲ့ သူတို့မျက်စိမမှိတ်ခင် စိတ်ချချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိငြိမ်းကို ယောကျ်ားပေးစားလိုက်ကြပါလေရော။
မိငြိမ်းယောကျ်ားကျော်စိုးကလဲ ဒီရွာ သားပဲ။ အသက်ကတော့ မိငြိမ်းထက် (၂)နှစ်လောက်ကြီးတယ်။ မိငြိမ်းမိဘတွေက သူတို့သဘောကျရွေးချယ်ပြီး ပေးစားထားတာ။ သဘောကျကြမှာပေါ့။ ကျော်စိုးက လူဆင်းရဲပေမဲ့ စာရိတ္တမဆင်းရဲဘူး။ ရိုးရိုးသားသားနဲ့ ပိုက်ဆံရမယ်ဆိုရင် ပင်ပန်းချင်ပင်ပန်းပါစေ ၊ ဘာပဲဖြစ်ဖြစ်လုပ်မယ်ဆိုတဲ့ လူစားမျိုး။ မိငြိမ်းကို ချစ်လိုက်တာလဲ တုန်လို့။ ဘယ်လောက်အထိချစ်သလဲဆိုရင် သူနဲ့ယူပြီးတာနဲ့ မိငြိမ်းကို ဘာအလုပ်မှမလုပ်ခိုင်းတော့တာပဲကြည့်။
ကလေးမရခင်အထိတော့ မိငြိမ်း အလုပ်မလုပ်တာ ပြဿနာမရှိပါဘူး။ လင်မယားနှစ်ယောက်တည်းရှိတာမို့ ကျော်စိုးရဲ့ဝင်ငွေလေးနဲ့ အဆင်ပြေတယ်။ စုမိဆောင်းမိတာမျိုးတော့ မရှိဘူးပေါ့လေ။ ရရစားစား ဝါးဝါးမျိုမျိုနဲ့ ကသီလင်တမနိုင်တာကိုပြောတာ။ တဖြည်းဖြည်းအိမ်ထောင်သက်ရင့်လာပြီး ကလေးတွေရ ၊ ပါးစပ်ပေါက်တွေတိုးလာချိန်မှာ မိငြိမ်း အိမ်မှာထိုင်နေလို့ မရတော့ဘူး။ ပွားစီးထားတဲ့ သား၊သမီးတွေ ရှိလာပြီမို့ ကျော်စိုးရဲ့ဝင်ငွေလေးနဲ့တင် မိသားစုစားဝတ်နေရေးကို ကျားကန်ဖို့ဆိုတာ မနိုင်ဝန်တစ်ခုလိုဖြစ်လာပြီမဟုတ်လား။ ဆိုတော့ မိငြိမ်း အလုပ်၊လုပ်ဖို့စဥ်းစားရပြီ။
မတတ်သာလို့သာ မိငြိမ်းကို အလုပ်၊လုပ်ဖို့ခွင့်ပြုရပေမဲ့ ကျော်စိုးက တစ်ခုပြောထားတယ်။ တအားကြီးပင်ပန်းတဲ့ အလုပ်မျိုးရှာမလုပ်ဖို့ပေါ့။ ဒါနဲ့ မိငြိမ်း ဘာမှဟုတ်တိပတ်တိမလုပ်ဖြစ်သေးဘူး။ ကျော်စိုးသဘောနဲ့ကိုက်ညီမယ့် အလုပ်မျိုးကို စိစစ်ရွေးချယ်နေလို့။ အဲသလိုဖြစ်နေတုန်းမှာပဲ မိငြိမ်းအတွက် အသင့်တော်ဆုံးအလုပ်တစ်ခုကိုတွေ့တယ်။ ပင်ပင်ပန်းပန်းကြီး လုပ်နေဖို့မလိုသလို ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ပိုက်ဆံရမယ့်အလုပ်မျိုး။ ရွာနဲ့မြို့ကို တစ်နေ့နှစ်ခေါက် အသွား အပြန်လုပ်နိုင်ဖို့ရယ် ၊ ပါးရည်နပ်ရည်ရှိဖို့ရယ်တော့ လိုတာပေါ့။ ဒါမှလဲ လိုအပ်လာရင် ရှောင်နိုင်တိမ်းနိုင်မှာလေ။ ဘာဖြစ်လို့လဲဆိုတော့ မိငြိမ်းလုပ်ရမှာက နှစ်လုံး ၊ သုံးလုံး လက်ခွဲအလုပ်ဖြစ်နေလို့ပါ။
ကျော်စိုးက ဒီအလုပ်ကို ဥပဒေနဲ့မလွတ်ကင်းလို့ ခွင့်မပြုပေမဲ့ မိငြိမ်းကိုတားလို့မရဘူး။ ဆွေမျိုးတွေကလဲ မိငြိမ်းဘက်ကခပ်ပါပါမို့ ကိုယ့်အန္တရာယ်တော့ ကိုယ်ကြည့်ရှောင်ပေါ့ကွာဆိုပြီး လက်လျှော့လိုက်ရတယ်။ မိငြိမ်း လက်ခွဲစလုပ်ချိန် ဦးနန္ဒဝံသက ဒီရွာမှာကျောင်းထိုင်နေတာ တစ်ဝါတောင်ဆိုခဲ့ပြီးပြီ။
📖 📖 📖 📖 📖 📖 📖 📖 📖
လက်ခွဲစလုပ်ခါစတုန်းကတော့ မိငြိမ်းရဲ့စားကျက်က ရွာထဲတင်ပါပဲ။ လုပ်ခါစမို့မရဲသေးတာရယ် ၊ တခြားရွာတွေသွားဖို့ ကိုယ်ပိုင်ယာဥ်မရှိတာရယ်ကြောင့်ပေါ့။ တဖြည်းဖြည်းနဲ့လုပ်သက်ရင့်လာပြီး စက်ဘီးဟောင်းလေးတစ်စီး ဝယ်နိုင်ချိန်မှာတော့ မိငြိမ်းရဲ့ခြေလှမ်းတွေကျဲလာတယ်။
တခြားရွာနီးချုပ်စပ်တွေအထိပါ စက်ဘီးတစ်စီးနဲ့ပတ်ပြီး စျေးကွက်ချဲ့ထွင်တော့တာပဲ။ ကိုယ်ရောင်းအား ကောင်းရင်ကောင်းသလောက် ကော်မရှင်ရတာမျိုးမို့ များများရချင်တဲ့ လောဘစိတ်က မိငြိမ်းဆီမှာကပ်ငြိနေပြီ။ ဒီကြားထဲ ပေါက်သီးပါသူတွေဆီက မုန့်ဖိုးပဲဖိုးလေး ရသေးတာကလား။ ဆိုတော့ မိငြိမ်း စက်ဘီးတစ်စီးနဲ့ရွာစဥ်လှည့်တာကိုလဲ အပြစ်ပြောချင်လို့မရဘူး။ ပရိယေသနအတွက် ဒီလောက်ရုန်းကန်နိုင်မှ တော်ရုံကျမှာမဟုတ်လား။
အဲသလိုရွာစဥ်လှည့်ရင်း မိငြိမ်းက သတင်းတွေသယ်၊သယ်လာတတ်တယ်။ သူသယ်လာတဲ့သတင်းတွေထဲမှာ ရွာသူ၊ရွာသားတွေအနှစ်သက်ဆုံး သတင်းတစ်ခုရှိလေရဲ့။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ဒီရွာရဲ့မြောက်ဘက် တစ်ရွာကျော်မှာရှိတဲ့ ရွာကျောင်းဆရာတော်ဆီက ထွက်ပေါ်လာတတ်တဲ့စကားလေးတစ်ခွန်းပါ။ အဲဒီနှုတ်ထွက်စကားဟာ ခပ်တိုတိုဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ရှည်ချင်လဲရှည်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ သူ့နှုတ်ထွက်စကားဟာ ဒီရွာအပေါ် ကြီးမားတဲ့သြဇာသက်ရောက်မှုရှိတယ်။ သူ့စကားရဲ့အနက်အဓိပ္ပာယ်ကို ဒီရွာကလူတွေ ခေါင်းချင်းဆိုင်ဘာသာပြန် ဖော်ထုတ်တတ်ကြတယ်ဆိုတာပဲ။
ရောဂါတစ်ခုကို အချိန်မီမကာကွယ်နိုင်ရင် ဒါမှမဟုတ် လက်ခံမွေးမြူထားမယ်ဆိုရင် ကြီးထွားလာတတ်စမြဲ။ ဒီရွာကလူတွေလဲ အဲဒီလိုပဲဆိုပါတော့။ မိငြိမ်းဆီက တစ်ဆင့်ကြားရတဲ့စကားသံကို နားထောင်ရင်း ရောဂါကရင့်သန်လာတယ်။ တစ်ဆင့်စကားကို နားထောင်ရရုံနဲ့တင် မကျေနပ် ၊ မတင်း တိမ်နိုင်ကြတော့ဘူး။ ကိုယ်တိုင်ကိုယ် ကျ နားနဲ့ဆတ်ဆတ်ကြားချင်ကြတဲ့ အာသီသတွေ သူတို့ကိုယ်ထဲမှာ ရွပိုး ထိုးလို့။ ဒီမှာတင်ပဲ သူတို့ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဥ်တွေဟာ တောင်လေမတိုက်ဘဲ မြောက်ဘက်ကိုလွင့်ပါရောက်ရှိသွားကြပါလေရော။
ခုဆိုရင် အခြေအနေက တော်တော်ကိုဆိုးရွားနေပြီ။ လူကြားလို့တောင် မကောင်းဘူးလို့ပြောရမယ်။ ဝါတွင်းဥပုသ်နေ့မှာတောင် ကိုယ့်ရွာရဲ့ရွာဦးကျောင်းမှာ ဥပုသ်စောင့်မယ့်သူမရှိ ဖြစ်နေတာ ၊ တခြားရွာမှာရှိတဲ့ ကျောင်းဆီရောက်နေကြတယ်ဆိုတာ တကယ်လဲ လူကြားလို့မှ မကောင်းဘဲကိုး။
ဒီကိစ္စကြီးက မဖြစ်သင့်မှန်း ၊ ပြုပြင်ပြောင်းလဲသင့်မှန်း ဦးနန္ဒဝံသ သိတယ်။ ကပ္ပိယကြီးဦးဘမှီက တိုက်တွန်းတာလဲ ခဏ၊ခဏပါပဲ။ ရွာသူ၊ရွာသားတွေ ရွာဦးကျောင်းဆီ အရင်လို သွားသွားလာလာပြန်ဖြစ်အောင် လုပ်ဖို့ကိုပေါ့။ ဦးဘမှီက တိုက်တွန်းရုံတင် တိုက်တွန်းတာမဟုတ်ဘူး။ ဘယ်လိုဘယ်ပုံ ပြန်လည်စည်းရုံးသိမ်းသွင်းရမယ်ဆိုတာကိုပါ ချပြတယ်။ ဒါပေမဲ့ သူ့ကြိုးပမ်းမှုက သဲထဲရေသွန်တာလောက်တောင် အရာမထင်ဘူးလို့ပြောရမယ်။
ဟုတ်တယ်။ ဦးဘမှီ အာပေါက်မတတ်မဲဆွယ်ပေမဲ့ ဦးနန္ဒဝံသရဲ့စိတ်က ဆံခြည်တစ်မျှင်စာလောက်တောင်မှ ယိုင်နဲ့မလာခဲ့ဘဲကိုး။ သူ့စိတ်က တစ်သမတ်တည်းပဲ။ လျှာပေါ်မြက်ပေါက်လာရင်တောင် အဲဒီမြက်ပင်ကိုပဲ ပြန်နုတ်စားမယ်။ လာဘ်လာဘ မရချင်နေ ၊ ကယ်တင်တာလိုလိုနဲ့ နွံထဲဆွဲနှစ်နေတဲ့ အလုပ်မျိုးကိုတော့ မလုပ်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုး။ ဆိုတော့ ဦးဘမှီ ခပ်မဆိတ်ဘဲ နေလိုက်တယ်။ ထပ်ပြောနေရင်လဲ လေကုန်တာပဲ အဖတ်တင်မယ်မှန်း သိပြီးသားဥစ္စာ။
📖 📖 📖 📖 📖 📖 📖 📖 📖
ကိုးနာရီခွဲလောက်မှာ ဦးဘမှီ ကျောင်းပေါက်ဝရှေ့ကို မယောင်မလည်ထွက်လာခဲ့တယ်။ လူက ကျောင်းရှေ့မှာရပ်နေပေမဲ့ အကြည့်တွေကတခြားတစ်နေရာဆီ ရောက်နေလေရဲ့။ မြောက်ဘက်ကရွာတွေနဲ့ ဒီရွာကိုဆက်ပြီး ဖောက်ထားတဲ့လမ်းမဆီကိုပါ။
ဦးဘမှီကြည့်နေတုန်းမှာပဲ စက်ဘီးနင်းလာတဲ့လူတစ်ယောက် သူ့မြင်ကွင်းထဲဝင်လာတယ်။ မြောက်ဘက်ရွာရဲ့ ရွာဦးကျောင်းကပြန်လာတဲ့ညိုဝင်းပါပဲ။ ညိုဝင်းအနားရောက်လာတော့ ဦးဘမှီက လှမ်းမေးလိုက်တယ်။ သူ့ပုံစံက သိချင်လွန်းလို့ မရိုးမရွဖြစ်နေဟန်အပြည့်နဲ့။
" ညိုဝင်းရေ . . . ဒီနေ့ဘာပြောလိုက်သလဲဟ "
" ဆုပ်လဲစူး၊စားလဲရူးတဲ့ ကပ္ပိယကြီးရေ "
ညိုဝင်းက စက်ဘီးကိုမရပ်ဘဲ ဦးဘမှီရဲ့အမေးကို ဖြေသွားတယ်။ ဦးဘမှီလဲ ကျောင်းထဲကသူ့ဘုံဗိမာန်ဆီ ပြန်ဝင်လာခဲ့ပါလေရော။ " ဆုပ်လဲစူး၊စားလဲရူး " ရဲ့အဓိပ္ပာယ်ကို ခြေရာကောက်ဖို့ ဦးနှောက်ကို အပြင်းအထန်အလုပ်ပေးရဦးမယ်လေ။
မော်မော့်မောင်
ရွှေအမြုတေ ၊ မေ ၊၂၀၁၅
0 Comments