ဘုရင်ခံ မလိုချင်ပေါင် - ခင်နှင်းယု အပိုင်း (၆ )

#ဘုရင်ခံ မလိုချင်​ပေါင်

အပိုင်း(၆)

ကိုရေခဲ ရှာပေးသော ကလေးမလေးမှာ မဆိုးလှ။ အသက် နှစ်ဆယ်လောက်ရှိပြီ။ ဟင်းအိုးပြင်ပေးလျှင် ချက်တတ်သည်။ အဝတ်လျှော်တတ် မီးပူတိုက်တတ်၏။ စေတနာလည်းကောင်း၏။ တော်ပေသေး၏။ တွက်တွက်ကပ်ကပ် မဟုတ်။ သန့်ရှင်းသည်ကို မြမြစိန်က ပို၍သဘောကျသည်။ ဝဝလုံးလုံးနှင့် မျက်နှာပိမ့်ပိမ့် အကျည်းတန်တန်လေး ဖြစ်သည်။

သူတို့ကျောင်းက ဆရာမလေးတချို့ရ​သော မိန်းကလေးများနှင့် မတူသည်ကိုဘဲ ​ကျေးဇူးတင်ရသေး၏။ အထူးသဖြင့် ဣ​နြေ္ဒရှိသည်ကိုဘဲ မြမြစိန်က သဘောကျနေသည်။ အိမ်ကို ပစ်၍ အလုပ်ဆင်းရသော လင်မယားစုံတွဲမှာ ဤအိမ်ဖော်မိန်းကလေးတို့ကို မိမိတို့လုပ်ဖော်ကိုင်ဖက်လို သဘောထား၍ အကူအညီလိုသောကြောင့် ခေါ်ယူခြင်း ဖြစ်သည်။

မတတ်သည်ကို ပြပေးရသည်မှာ ပြဿနာမဟုတ်၊ အရေးကြီဆုံးက အိမ်ရှင် မရှိခိုက် ရည်းစားနှင့်ချိန်းတွေ့ပြီး ဗိုက်ပြသာနာပေါ်မှာသာစိုးသည်။ ကျန်တာက ကံတရားပေဘဲ။ အိမ်ရှင်မက စေတနာစုတ်ပဲ့လျှင် ဤအိမ်ရှင်မကို ဤ စေတနာက ချက်ခြင်းအကျိုးပေးမည်သာဖြစ်၏။ ထို့အတူ ခလေးမလေးတွေက စေတနာမဲ့လျှင်လည်း သူ့စေတနာ သူ့အကျိုးပေးလိမ့်မည်။

ဒါက မြမြစိန်၏ အိမ်စေကလေးမလေးများအပေါ် တွင် ထားရှိသော ၀ါဒဖြစ်၏။ သို့သော် မြမြစိန်ရသော သူငယ်မလေးက ပြသနာတမျိုးပါတကား။ တလဖြင့် မစေ့သေး၊ တနံနက်တွင် သူ့ကလေးမလေးသည် ငိုနေ၏။ 

“ဘာလို့ ငိုတာလဲ မဌေးအောင်....” 

မ​ဌေးအောင်သည် ငိုမြဲ ဆက်၍ ငိုရှိုက်နေ၏။ 

“ကျွန်မကို လခလေးဆယ်ဘဲ ပေးရတယ်လို့ ပြောပါနော်။ ကျွန်မ ဒီမှာ တနှစ်လောက် ကြာကြာလေးလုပ်ချင်တယ်....”

“ဘယ်သူ့ကို ပြောရမှာလဲ၊ ကို​ရေခဲကို ပြောရမှာလား၊ နင်ကြာကြာလုပ်လေ ငါသဘောကျ​လေ​ပေါ့ ...” 

“ဟင့်အင်း.....ဟင့်အင်း...၊ ဦးကြီးရေခဲ ဒီကိစ္စတွေ ဘာမှ မသိပါဘူး၊ ပြီးတော့လေ သူလာရင် မ​ဌေး​အောင်ကို ပိုက်ဆံတပြားမှ ပေးမထားဘူးလို့ ပြောပါ၊ တနှစ်ကြာလို့ အမေ့ဆီပြန်မှ တနှစ်စာ လခရှင်းပေးမယ်လို့...”

“ဘယ်သူ့ပြောရမှာလဲ မဌေးအောင်ရယ်၊ နင်တို့ပြသနာကလဲ ရှုပ်လိုက်တာ.....” 

“ဟို...ဟို..ကိုချစ်ထွေးရယ်..”

“ဘယ်က ကိုချစ်ထွေးလဲ....” 

“ပွဲစား ကိုချစ်ထွေး၊ ကျမတို့ သံတောင်ဘက်က မိန်းလေးတွေရဲ့ ပွဲစား၊ အမေတို့က သူ့ကို အပ်ထည့်လိုက်တာ။ သူ ပထမ ထားပေးတာက တရုပ်ခေါက်ဆွဲကြော် ဆိုင်ရှင်အိမ်မှာ၊ ဆိုင်အလုပ်တော့ မလုပ်ရပါဘူး၊ အိမ်မှာဘဲလုပ်တယ်။  အိမ်က ကျဉ်းလဲကျဉ်း ညစ်လဲညစ်ပတ်တယ်။ အလုပ်သမားတွေ ထမင်းကျွေးဘို့လဲ ချက်ရ၊ ခလေးထိန်းရနဲ့ ည ဆယ်နှစ်နာရီထိုးမှ အိပ်ရတယ်။ မနက် လေးနာရီ ထရတယ်။ လခတော့ ခြောက်ဆယ် ပေးတယ်။ ကျမတို့က လခနဲချင် နဲပစေ၊ သန့်သန့်ရှင်းရှင်းနဲ့ စိတ်အေးလက်အေး အိမ်မှာ လုပ်ချင်တယ်။ ကိုချစ်ထွေးတို့က လခများတဲ့အိမ် ရွှေ့ရွှေ့ပေးတယ်။ ကျမတို့ စိတ်ဆင်းရဲရတာ အလုပ်ပင်ပန်းတာ သူတို့မသိဘူး"
.
“ကိုယ့်လက်နဲ့ကိုယ်လုပ်ရတာ ကိုယ်ပျော်တဲ့အိမ် ကိုယ်လုပ်မယ်လို့ ပြောပါလား..”

“အို...မရပါဘူး၊ အခု ခေါက်ဆွဲဆိုင်ရှင်က ပြောပြလို့ ကျမ ခေါက်ဆွဲဆိုင်က ထွက်ပြေးတာ သူသိသွားပြီ၊ ဒီအိမ်ကို သူလိုက်လာတော့မယ်။ ပထမဆုံး တလစာကို ကျမ သူ့ကို​ပေးရတယ်"

“မတရားလိုက်တာဟယ်၊ သူလာရင် ငါနဲ့တွေ့မယ်၊ အခု နင်ဘယ်မှာလုပ်နေတယ်ဆိုတာ မပြောခဲ့ရင်ပြီးရော၊ ငါတော့ တွေ့မှာဘဲ"

“မတွေ့ပါနဲ့ ဆရာမရယ်။ မ​တွေ့ပါနဲ့၊ သူက ​ကြောက်စရာကြီး၊ ကျမတို့ ဘယ်အိမ်ရောက်သွားပြီ ဆိုတာလဲ သူတို့သိတာဘဲ...”

“အမလေး လူဆိုးဂိုဏ်းကျနေတာဘဲ၊ ဘာကြောက်ရမှာလဲ၊ မတရားတာလုပ်ရင် ငါဂတ်တိုင်မှာပေါ့..”

“ဟင့်အင်း မတိုင်ပါနဲ့။ အမေ အပ်ထည့်လိုက်တဲ့လူ ကျမကြောင့် ဂါတ်ရောက်ရတယ်ဆိုရင် ကျမရွာပြန်ရရော၊ သူတို့ မြို့ကို နောက်ခေါ်မလာတော့ဘူး။ အို..ကျမတို့အတွင်း​ရေးတွေ မသိချင်ပါနဲ့၊ ဖွားဖွားကြီး ဆေးရုံတက်နေတုန်း စိတ်မချမ်းသာစရာတွေ ဆရာမပြောပြရတာ ကျမလဲစိတ်မကောင်းပါဘူး..”

သူသည် ရှိုက်ကာငင်ကာ ငိုနေ၍ မြမြစိန်သည် ဆက်မမေးတော့​ပေ။ သူ့အပူကို ခေတ္တ​မေ့ကာ မဌေးအောင်အတွက် ဘာလုပ်ပေးရမည်ကို စဉ်းစားနေ၏။ သို့သော် ကာယကံရှင်က သူ့ကိစ္စကို ပွင့်ပွင့်လင်းလင်းမပြော။ ခက်ပါဘိ၏။

နောက်နေ့ မီးဖိုထဲတွင် သူ ဟင်းအိုးပြင်နေဆဲ မ​ဌေး​အောင်သည် အပြေးအလွှား မီးဖိုထဲသို့ ဝင်လာ၏။

“ဆရာမ.. ဆရာမ သူတို့ လာကြပြီ။ ဟိုဟာမကြီးပါ ပါလာတယ်။ သူတို့လာကြပြီ၊ ကျမသွားရတော့မယ် ဆရာမရဲ့....”

ဘာဟာမကြီးမှန်းမသိ၊ မြမြစိန် အိမ်ရှေ့ထွက်လာသောအခါ မျက်နှာလေးထောင့် အသားဖြူဖြူနှင့်လူ အသက်​လေးဆယ်လောက်တ​ယောက်၊ ကျောက်ပေါက်မထူထူ အလုံးအဖန် တောင့်​တောင့်၊ အသားမဲမဲနှင့် တော်​တော်ကြီးထွားပုံရသော မိန်းမကြီးတယောက်။

“ဘာကိစ္စရှိလို့ပါလဲရှင်..” 

မြမြစိန်က ညင်သာစွာ မေးလိုက်၏။ 

“မ​ဌေးအောင်ကို ပြန်ထည့်လိုက်ပါ၊ သူ ခေါက်ဆွဲဆိုင်က ​ငွေယူထားတာ မပြေသေးဘဲ ထွက်ပြေးလာတာ....” 

ယောက်ျားလုပ်သူက ခပ်တည်တည်ပြော၏။ 

“အို.. ​ငွေက စိုက်ပေးလို့ ရပါတယ်။ ခုကိစ္စက သူ့အဖွားက အသဲအသန်ဖြစ်နေတယ်၊ နက်ဖြန်ကို ပြန်ရမယ်၊ ခုချက်ချင်း ထည့်လိုက်ပါ....”

မိန်းမကြီးက ပို၍ မာကြောစွာ ပြော၏။ မျက်နှာထား တခွဲသားတွေနှင့် တင်းတင်းမာမာကို ပြောနေကြသည်။ မြမြစိန်သည် ဤကြောက်မက်ဖွယ်ရာသတ္တဝါနှစ်ဦးကို ကြာကြာ ရင်မဆိုင်လို၊ သူ မီးဖိုခန်းသို့ ဝင်လာ၏။ မ​ဌေး​အောင်သည် ငိုကြီးချက်မနှင့် သူ့ကိုကန်တော့၏။

“ဆရာမ သူတို့ကို အမုန်းခံပြီး ဘာမှမ​ပြောနဲ့၊ ကျမ သွားတော့မယ် .. “ 

“ဒါနဲ့ ငါက ဘယ်လောက်ပေးရမှာလဲ” 

“လကုန်အောင်မှ ကျမ မနေတာ၊ သူတို့ရှေ့မှာ ​ငွေလေးဆယ်သာပေးပါ”

"​အေး နင် သပ်သပ်သုံးဘို့ သူ့တို့မသိအောင် နှစ်ဆယ်ပေးလိုက်မယ် ဟုတ်လား၊ လာခဲ့"

မြမြစိန်သည် ငွေနှစ်ဆယ်တန် တရွက်ကို မဌေးအောင် လက်ထဲ ထည့်လိုက်၏။

“ဘဝဆက်တိုင်းဆက်တိုင်း ခုလို အဖြစ်ဆိုးက မဌေးအောင် လွတ်ပါစေ”ဟု မြမြစိန်သည် တီးတိုးစွာ ဆုပေးရင်း မ​ဌေးအောင်ပုခုံးကို ဖက်၍ အိမ်ရှေ့ထွက်လာခဲ့၏။ 

“ကဲ...မဌေးအောင်အတွက် လဝက်ဘဲရှိသေးတော့ ကျမ လေးဆယ်ပေးလိုက်တယ်”

သူတို့နှစ်ယောက်ရှေ့တွင် မြမြစိန်သည် မဌေးအောင်လက်ထဲ ​ငွေလေးဆယ် တဖန်ထည့်လိုက်၏။ သူတို့အားလုံး အိမ်ပေါ် မှ ဆင်းသွားကြ၏။ 

“ဪ ဘာဇာတ်ထုပ်တွေများပါလိမ့်" 

မြမြစိန်သည် စိတ်ထဲမှ ညည်းရင်း တံခါးပိတ်လိုက်ကာ ဧည့်ခန်းကုလားထိုင်တွင် စိတ်မောစွာ ထိုင်နေသည်။

ညနေတွင်တော့ ကိုသန်းချိန်နှင့် မျက်နှာချင်းဆိုင်ချိန်တွင် မဌေးအောင်ကိစ္စ ပြောပြရတော့သည်။

“သူတို့မိန်းကလေးတွေ ပြဿနာဟာ တော်တော်မတရားခံနေရတာ၊ ဘာတွေမှန်း​တော့ မသိဘူး။ ကိုကိုတို့အယ်ဒီတာ​တွေ စေ​စေ့ငုငု စုံစမ်းပြီး စာအုပ်ရေးဘို့ကောင်းတယ်....”

“အမလေးမရွှေစိန်ရယ် ခဏနေပါအုံး၊ ခင်ဗျားပြဿနာကို အရင်ဆုံး စဉ်းစားပါအုံး၊ အဲဒီ အိမ်စေမလေးတွေအ​ကြောင်းကလေ ဝတ္ထုရေးရင် အုပ်တွဲတရာလောက် ထွက်နိုင်တယ်။ ခဏ ခဏလောက် နေပါအုံး...”

မြမြစိန်သည် ခုမှပြုံးလာနိုင်ကာ သူ့ယောက်ျားသည် အိမ်ပြဿနာအတွက် ရင်မောနေသည်ကို သတိရမိ၏။ တကယ်လဲ ဟုတ်ပေသား။ နက်ဖြန်ခါကစ၍ ပတ်ချာလည် အလုပ်များနေမည်မှာ သူပင်ဖြစ်၏။

ညအိပ်ရာဝင်ခါနီးကျမှ လက်စွဲတော် နဂါးဆေးလိပ် အဝါပတ်ကို စဉ့်ရေသုတ် ပြာခွက်ထဲ ထည့်လိုက်ကာ ကိုသန်းချိန်က စကားဆို၏။

“တခုတော့ရှိတယ်စိန်ရေ့၊ မေမေ ဒီညနေ ဆေးရုံကို ဦးကြီး ဦးကောင်းဇံနဲ့အတူ လူနာလာမေးတယ်၊ စိန် ဘာဖြစ်လို့ မလာတာလဲတဲ့၊ မေမေက မေးတာနဲ့ အိမ်အခြေအနေ ကိုကို
ပြောလိုက်တယ်။ ဒီတော့ ကိုကို နက်ဖြန်သွားပြီး မေမေ့ကို ကိုကိုတို့အိမ်ရဲ့ အခြေအနေ၊ ကလေးတွေနဲ့ စိန်တယောက်ထဲ မနိုင်တာ ရှင်းပြမယ်လေ........”

မြမြစိန်သည် လင့်မျက်နှာကို ကြည့်ကာ နားထောင်နေ၏။

"ဒီတော့ အညာကပါလာတဲ့ သူ့တူမဝမ်းကွဲလေး မအေးပိုနဲ့အတူ အိမ်မှာ ခဏလာကူပေးပါလို့၊ ဒီကြားထဲ အိမ်ဖေါ် အသစ်တယောက် ရှာကြတာပေါ့။ တခု​တော့ ရှိတယ်။ အဲ ကိုကိုတို့နှမဝမ်းကွဲ မအေးပိုကလေ သတိတော့ အင်မတန်
​မေ့တယ်နော်၊ ခိုင်းချင်သမျှ စာရေးခိုင်းရလိမ့်မယ်၊ ခုနစ်တန်းလောက်အထိ သူစာသင်ဘူးတယ်။ မေမေကတော့ သူ့ အညာဂိုက်အတိုင်း လာပါလိမ့်မယ်၊ သည်းခံပေတော့"

ကိုသန်းချိန် စကားဆုံးလျှင် မြမြစိန်သည် သက်ပြင်းချမိ၏။ 

“မေမေကြီးက ဒီတခါ ရန်ကုန်မှာ ကြာကြာနေမယ်လား"

“မေမေနဲ့ဦးလေးတို့ သူတို့စီးပွားရေးကိစ္စတွေ ရှိတယ်တဲ့ကွယ်။ အဲဒါတွေပြီးမှ ပြန်မယ်ထင်တယ်။ ကိုကို နက်ဖြန် ဦးကြီးဦးကောင်းဇံအိမ် သွားပြီး မေမေ့ ခေါ်မယ်လေ။ ဒီကြားထဲ လူရှာကြသေးတာပေါ့..”

မြမြစိန်သည် လင့်အလိုကို သဘောတူစ္စာနှင့် ခေါင်းညိတ်ပြလိုက်၏။

* * * 

စနစ်ချင်း ကွာကြသည်ကလွဲ၍ ဒေါ်ဂျိုးဥသည်လည်း သူ့အိမ်ထောင် သူဦးစီးခဲ့သောမိန်းမပေဘဲ။ ခေသောမိန်းမ မဟုတ်။ ယောက္ခမကြီးတော့ ရောက်လာပေပြီ၊ ဘာကြီးဖြစ်နေနေ အထိုက်အလျောက် မြမြစိန်သည် ယောက္ခမကြီးသဘောနှင့်ညီအောင် နေရပေအုံးမည်။
 
“ဟင်း...ဟိုတနေ့ လာကတည်းက မေးမယ်မေးမယ်နဲ့ မမေးဖြစ်ခဲ့ဘူး၊ ညည်းတို့မှာ လာတိုင်း ဘာတိုးတက်သလဲ ဆိုတာ အမြဲအကဲခတ်နေတာ..”

မြမြစိန်သည် နေ့လယ် နားချိန်ကလေးမှာ ဘောင်းဘီ ကြယ်သီးပြုတ်သမျှ တပ်နေရာက ယောက္ခမကြီး မိန့်ခွန်းကို စူးစိုက်စွာ နားထောင်လိုက်ရ၏။ 

“ဟိုအသံဖမ်းစက်အကြောင်း​တော့ မငြိမ်းမယ်က ​ပြောပြတယ်၊ အဲဒီ ကျွန်းသားဘီဒို အသစ်စက်စက်က အထဲမှာ ဘာ​တွေလဲ....”

ယောက္ခမကြီးမေးခွန်းကို မြမြစိန်သည် သတိထား ​ဖြေ၏။ 

“ကိုကို့ရဲ့ စာအုပ်​တွေ” 

“အမလေး တော်ရုံတန်ရုံ စာအုပ်ဆို ထင်းရှူးပုံးနဲ့ ထား၊ သူသိပ်ပြီးတန်ဖိုးထားတဲ့ စာအုပ်ဆို သင့်ရုံ မှန်ဘီဒို​လေး ဝယ်ပေးလိုက် ပြီး​ရော​ပေါ့။ ခု ဘီဒိုက ဘယ်လောက်ပေးရလဲ....” 

“သုံး...သုံးရာ့တဆယ်” 

မြမြစိန်သည် ထစ်အဲ.. ထစ်အဲ ​ဖြေပါ၏။

“သေပါ​တော့အေ၊ ညည်းတို့ ဒါကြောင့် ရွှေမစုနိုင်တာ... "

“ကိုကိုကလဲ ရွှေထက် စက္ကူကို တန်ဖိုးထားတယ်....”

စွာ​လောင် စွာလောင်​ပြော​သော မြမြစိန်သည် အသံကို  ညင်သာနိုင်သမျှ ညင်သာစွာ နှိမ့်၍ တလုံးချင်း ပြန်ပြော၏။

“ ငါမွေးထုတ်တဲ့သားအကြောင်း သိပါတယ်။ ငယ်ငယ်တုန်းကလဲ အိမ်မှာ သူ့စာအုပ်တွေနဲ့ဘဲ တခန်းလုံး ပြည့်နေတာ၊ ဒါပေမင့် ခု ညည်းနဲညားပြီး ခလေး​ခြောက်​ယောက်ရပြီ။ လင်ဆိုတာ ကိုယ်ပြုပြင်ဖန်တီးယူရတယ်၊ ခု လင်ကလဲစက္ကူ၊ မယားကလဲ စက္ကူ။ ​ရွှေကိုစုဘို့ ကြိုးမှမကြိုးစားဘဲ။ နာဖျား မကျန်းမာတော့ ဘယ့်နှယ်လုပ်ပါ့“

"ကုဘို့ သဘို့တော့ ငွေစုပါတယ်၊ ရွှေတို့ စိန်တို့ဆိုတာက​တော့ သိပ်ပိုလာရင် စိန်စိန်ဝယ်မှာပါ..."

“ဝေးပါသေး၊ ဝေးပါသေး။ ဒီလိုသုံးစွဲပုံနဲ့ ညည်းတို့​တော့ စက္ကူဝတ်ရမှာ မြင်ယောင်သေး...”

“ဒါကတော့ ကိုကို စက္ကူ ဝတ်ရင် စိန်လဲ ဝတ်ရမှာပေါ့၊ ကိုကိုက အပို ဘာမှမသုံးဘူး၊ အ​ပျော်အပါးဆိုလို့ အောက်ထပ်က ကိုခင်မောင်ရင်နဲ့ တပတ်တခါ ရုပ်ရှင်ကြည့်တယ်၊ ဒါဘဲ..”

မြမြစိန်သည် လျှော့ထားသည်ဆိုသည့်ကြားက တလုံး ပြန်ပက်လိုက်၏။ အဖွားကြီးသည် “စိတ်ကုန်သည်” ဟူသော မျက်နှာထားမျိုးနှင့် အိပ်ခန်းထဲ ခပ်ဆောင့်ဆောင့် ဝင်သွား၏။  

အေးပိုသည် သူ့အနား လာထိုင်သည်။ 

“နင် မီးဖိုချောင်မှာ ဘာတွေလုပ်နေလဲဟင်...

မြမြစိန်က မေးလိုက်၏။ 

“အညာက ပါလာတဲ့ ပဲကြားလေ။ မနက်ကပြုတ်ထားတာ ခု ကြော်နေတယ်။ ဘမောင်ချိန်တို့ ပြန်လာရင် ပဲကြားပြုတ်  ​ကြော်ကျွေးတဲ့။ မမလေး ဘာလုပ်နေလဲ၊ ကျမလဲ ကူချုပ်​ပေးမယ်"

မအေးပိုသည် တချို့ ကြယ်သီးပြုတ်များကို အပိုအပ်တချောင်းနှင့် ကူချုပ်ရင်း မြမြစိန်နား နား ကပ်၍​မေး၏။

“အဖွားကြီး ဘာ​ဒေါပွသွားလဲ၊ အိပ်ခန်းထဲမှာ ပွစိပွစိနဲ့..”

"ဒီဘီဒို ဝယ်လို့ ” 

“အဲဒီဘီဒိုထဲ ဘာတွေရှိသလဲတဲ့၊ မနေ့ကလဲ ကျမကိုမေးတယ်။ ကျမကလဲ မသိဘူးလို့” 

“စာအုပ်တွေပေါ့ဟ၊ နင်တို့အကိုလေး စာအုပ်တွေ....” 

မအေးပိုသည် တွေးနေရာမှ... “တခါတုန်းက အကိုလေးဟာ ဘာစာအုပ်ဆိုလား၊ အဲဒါ ရေးလို့ တထောင်ဆုရဘူးတယ်ဆို”ဟု မေး၏။ 

“အေး..အဲဒါ နင်တို့မသိဘူးလား..” 

အေးပိုသည် ခေါင်းခါ၏။ 

“အကိုလေး အလုပ်လုပ်တဲ့ ဂန္ဓမာမဂ္ဂဇင်းကိုတောင် ကျမ သူ့များဆီက တိတ်တိတ် ခိုးဖတ်ရတယ်။ သူများတွေက ​ပြောတာကိုး၊ ဒို့မင်းဘူးသားထဲမှာ စာပေထူးချွန်လို့ နင်တို့အကိုလေး ကိုသန်းချိန်အတွက် ဂုဏ်ယူသတဲ့၊ ဒါပေမင့် ကျမ ...ကျမ အကိုလေးရေးတာ တအုပ်မှ မဖတ်ဖူးဘူး...” 

မြမြစိန်သည် တကယ်ပင် အေးပိုကို ကြောင်၍ ကြည့်နေ၏။

“သေလိုက်ပါတော့အေးပိုရယ်” 

မြမြစိန်သည် စိတ်ပျက်စွာ ​ပြော၏။

“မသေနဲ့လေ၊ သတင်းစာတောင် ခေါင်းရင်းအိမ်က တင်တင်နုတို့အဖေဆီက ငှားဖတ်တာ...” . 

“ဒီတော့ နင်အားရင် ဘာလုပ်နေလဲ....”

“ဘယ်အားမလဲ၊ ခုလိုဘဲ ပဲကြားကြော်ရတာတမျိုး၊ မပဲ​ရေစိမ်၊ ဘယာကြော်လုပ်ပြီး ခရမ်းချဉ်သီးနဲ့ ပြန်ချက်ဖို့ ထောင်းရ၊ ဆီကြိတ်ဖို့ နှမ်းလှမ်းရ၊ အို တခါမှမအားပါဘူး။ အသားအတွက် တပတ်မှတခါလောက် ​စျေးသွားရတာ...” 

“အေးလေ...ဒါကြောင့်လဲ သူ စိန်တွေ ရွှေတွေ စုမိတာ​ပေါ့“

“ဟုတ်ကဲ့၊ ကြီးကြီးဂျိုးက ပြောတယ်၊ စာဖတ်ချင်ရင် ငါးရာ့ငါးဆယ်တွေ ဘာတွေ ဖတ်တဲ့၊ ခေတ်ပေါ် မဂ္ဂဇင်းတွေ ဝတ္တုတွေ မဖတ်နဲ့တဲ့၊ အလကားဟာတွေတဲ့။ ဆင်မြီးဆွဲက ကိုရာမြင့် သူ့ကိုယ်သူ စာရေးဆရာတဲ့၊ ငါ့ကြိုက်လို့ အပျို တုန်းက စာတွေ ပေးလိုက်တာတဲ့၊ အေးပို သူတို့ယောက်ျားတွေစကား မယုံနဲ့ဟဲ့တဲ့၊ ဘာ...ဘာ ဟိုဒင်း မြင့်မိုရ်တောင် ခုန်မယ်လို့ ဆိုတာလေ...”

မြမြစိန်သည် ရယ်ချင်လာ၏။ 

“မမလေး ချစ်ပါတဲ့အာရုံ မြင့်မိုရ်တောင် တောင်လုံးကိုကွယ် တုံးမှတ်လို့ ခုန်...အဲဒီသီချင်းကိုပြောတာလား.."

“ဟုတ်တယ် ဟုတ်တယ်၊ ကျမကလဲ မေ့တတ်လိုက်တာ၊ အဲဒါဘဲ။ အဲဒီသီချင်းကို ဦးရာမြင့်က ခဏခဏ ဆိုတယ်ဆိုလား၊ ဒီတော့ ကြီးကြီးဂျိုးက ပြန်ပြောလိုက်သတဲ့။ နင့်မျက်စိ ဘာထိုးထားလဲ၊ မြင့်မိုရ်တောင် တတောင်လုံးကို မမြင်လို့ ခုန်ရင် ခလုတ်တိုက်လဲပြီး သေလဲအေး​ရောလို့ ပြောခဲ့သတဲ့ ”

မြမြစိန်သည် အသံထွက်အောင် ရယ်မိ၏။ ဒီကိုကိုတို့သားအမိနှယ် ဆုံမှဆုံမိကြပလေ။

“နင့်ကိုလေးက​ပြောတော့ မအေးပိုဟာ သိပ်သတိမေ့တတ်တယ်ဆို၊ ခု​တော့ နင်ပြန်ပြောနေတာတွေဟာ မေ့တတ်ပုံမရပါဘူး...”

“အို.... ခဏခဏ ကြီးကြီးဂျိုးက ပြောနေ​တော ကျမဘယ်မေ့မလဲ၊ ဦးကြီးဦးရာမြင့်ဟာ ကြီးကြီးဂျိုးစိတ်နဲ့ သေသွားသတဲ့။ ကျမကိုလဲလေ အချစ်ဝတ္ထု​ဖတ်ချင်ရင် စန္ဒကိန္နရီဖတ်ဟဲ့တဲ့။ သူတို့​လောက် ချစ်တာ၊ သူတို့​လောက် လွမ်းတာ   
မရှိဘူးတဲ့။ ခု​ခေတ် စာ​ရေးဆရာ​တွေ​ရေးတာ အလကား ညှီ​စော်နံတယ်။ အသဲပြုတ်တာတို့၊ ဘာတို့၊ ဆိတ်ကလီစာဝယ်ချက်ရသလိုဘဲတဲ့။ ငါ့ကိုလေ...အဲဒီဦးရာမြင့်က အသဲစားဘုရင်မကြီးတဲ့၊ ငါက ပြန်ပြောလိုက်တာ​ပေါ့၊ အသဲစားရ​အောင် ငါက စုန်းမ မဟုတ်ဘူးလို့ ”

မြမြစိန်မှာ သူ့ဒုက္ခတွေကို တဒင်္ဂ မေ့၍သွား၏။ အေးပိုစကား နားထောင်ရသည်မှာ ပျော်စရာကြီးဖြစ်လာ၏။

“စန္ဒကိန္နရီတွေ ဘာ​တွေ ဖတ်ခိုင်းတယ်ဆိုတော့ မေမေကြီးက ဘယ်မှာဆိုးလို့တုံး” 

မြမြစိန်က ပြော၏။

“ဟုတ်ကဲ့၊ ခေတ်ပေါ် ဝတ္ထုတွေသာ မဖတ်စေချင်တာပါ။ သူဟာ ဦးရာမြင့်ကို မုန်းလွန်းလို့လား မသိဘူးတဲ့။ သူ့မွေးတဲ့သားဦး ကိုလေးကိုသန်းချိန်ဟာ သူ မကြိုက်ပါဘူးဆိုတဲ့ စာရေးဆရာအလုပ်ကိုမှ ၀ါသနာပါတဲ့ သားမျိုး မွေးမိ သတဲ့၊ ခဏခဏ ကြီးကြီးဂျိုးက အဲဒီလိုပြောတယ်.....” 

“တကယ်​တော့ဟယ်၊ နင်တို့ကြီးကြီးဂျိုးက သူ့စိတ်သူ လှည့်စားနေလားမှမသိ၊ ဦးရာမြင့်ကြီးကို သူ့စိတ်ထဲက ကြိုက်ချင်ကြိုက်နေမှာ"

“မသိဘူးလေ၊ ဒါပေမင့် မယူပါဘူး။ အဲဒီဆင်မြီးဆွဲ ဦးရာမြင့်ကလဲ စာရေးဆရာဆိုပြီး နာမည်သာကြီးတာ၊ ဆင်းရဲတာ အလွန်ဘဲတဲ့။ အကိုလေးအ​ဖေက သိပ်ချမ်းသာတာ။ ကြီးကြီးကိုလေ စိန်တွေအများကြီး တင်တောင်းသတဲ့..."

အေးပိုသည် ရိုးရိုးပင် သူ့အတွေးကို ပြောပြ၏။

“ဘာ... အဲဒီ စန္ဒကိန္နရီလင်မယားဟာ တညကွဲတာ ရက်ပေါင်း ခုနစ်ရာ ငိုသတဲ့၊ ဟုတ်လားဟင် မမလေး...” 

“အေး..ဟုတ်တယ်၊ နင်ကလဲ သူဖတ်ခိုင်းတာကျရင် ဖတ်​ပေါ့"

“မအားတာများပါတယ်လေ၊ မဖတ်နိုင်ပါဘူး။ ပြီးတော့ ကြီးကြီးဂျိုးက ပြောတယ်။ ငါ​တော့ ဘယ်များအတွက်မှ ရက်ပေါင်း ခုနစ်ရာ မငိုနိုင်ပေါင်တဲ့။ သူတို့​ယောကျ်ား​တွေဆို တို့သေရင် ခုနစ်လပြည့်အောင်မနေဘူး၊ မိန်းမယူမှာတဲ့။  ငါ့စိန်တွေကိုလဲ နောက်မိန်းမကို ဆင်မှာဘဲ၊ ခု စာရေးဆရာတွေဟာလဲ လက်တွေ့ မရှိပါဘူး။ ရေးချင်တာ ရေးတာတဲ့။ ကျမ ဒီမှာရှိတုန်း အကိုလေးတို့တိုက်က မဂ္ဂဇင်းတွေ ဖတ်မယ်နော်...” 

“ဖတ်ဖတ် နင်တို့ကြီးကြီးဂျိုးနဲ့ နင်တို့ဖာသာ ပြသနာပေါ်ရင်တော့ ငါနဲ့မဆိုင်ဘူးနော်....”

မြမြစိန်သည် ချုပ်ပြီးသားအင်္ကျီများကို ​ခေါက်ရင်း ​ဖြေလိုက်၏။

အပိုင်း(၇)ဆက်ရန်
--------------------
#ခင်နှင်းယု

Post a Comment

0 Comments