ပန်းများကို ပွင့်စေသူ -ခင်နှင်းယု အပိုင်း(၄)

ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
________________________

အပိုင်း(၄)

ညနေစောင်းတွင်မူ မိုးစဲသွား၍ မြေသင်းနံ့များပင် သင်း၍နေလေသည်။ မြေကြီးမှာလည်း ခပ်သိပ်သိပ်ဖြစ်၍သွားကာ နင်း၍ကောင်းရုံ ရှိနေတော့သည်။ ကောင်းကင်ပြာတွင် တိမ်ညိုတို့ တစ်စွန်းတစ်စ ကျန်ရစ်သေးသော်လည်း နေရောင်ခြည်ဝင်းဝင်းမှာ သစ်ပင်များ ထိပ်ဖျားတွင် ရစ်ဝဲကာ နားနေပေသည်။ နွေမိုးဖြစ်၍ တိမ်ညိုတို့အင်အားမှာ လျော့ပါးလျက်ရှိပေသည်။ ပိတောက်ကို နှိုးပေးပြီးနောက် မိုးဦးကျမှပင် ပေါ်လာတော့မည်ဖြစ်၍ မိုးလွှာမိုးတိမ်များကို ရုတ်သိမ်းနေဟန် ရှိပေသည်။ ပိတောက်ကြွင်းသည်လည်း မြေတွင် သက်ကြရပြီဖြစ်၍ ရနံ့လေးများလောက်သာ လေတွင် မျောပါရပေတော့သည်။ 

ကျွန်မသည် ပန်းခင်းများထဲသို့ ဖောက်ထားသော မြေနီလမ်းကို တဖြည်းဖြည်းလျှောက်ရင်း တ သ ဖွယ်ကောင်းသော ပိတောက်ရနံ့ကို လိုက်၍ ရှူနေမိပေသည်။ ပိတောက်သင်းပုံသည် ထင်ယောင်ဝိုးဝါးဖြစ်နေသော ဝတ္ထုပုံပြင်များကို ပြောကြားနေသလိုလို တစ်ခုခုနှင့် တွေ့လုခါနီးမှ ပျောက်ကွယ်သွားရသော ခံစားမှုများကို ဖန်ဆင်းဟန်ရှိပေသည်။ ရင်ထဲတွင် ဟာ၍ လွမ်းတဟန်ရှိလာသောအခါ ကျွန်မသည် ပန်းရုံများအနားတွင် ရပ်လိုက်၏။ ခြေရင်းရှိပန်းခင်းများသည် စံပယ်နှင့် နှင်းဆီများဖြစ်၍ ရာသီမပြတ် ပွင့်ကြဆဲဖြစ်ပေသည်။ 

ထာဝစဉ် ကျွန်မနားတွင် ရှိသော ချစ်စဖွယ်ပန်းလေးများကို မေ့ပျောက်ကာ ရှောင်တခင်ပေါ်လာပြီး လျှင်မြန်စွာ ကွယ်ပျောက်တတ်သောပိတောက်ကို တသ လွမ်းဆွတ်မိသည်ကို ပန်းလေးများက တီးတိုး ပြောဆိုနေကြဟန်ရှိပေသည်။ 

တစ်ကိုယ်တည်းနေရသော ကျွန်မလိုဘဝတွင် အတွေးနှင့် အငွေ့သည်သာလျှင် ကျွန်မ၏ဘဝပေပဲလား မတွေးတတ်နိုင်တော့ပေ။ 

ဤသို့နှင့် နွေလည်း နှောင်းကာ ပြောင်းရပေတော့မည်။ ကျွန်မသည်လည်း အိုမင်းရင့်ရော်ရဦးမည်ပါတကား။ 

မြင်းခွာသံများသည် ကျွန်မအတွေးကို ရုတ်တရက် ဖျက်ဆီးပစ်လိုက်ကြ၏။ ခြံအဝင်ဝတွင် မြင်းကိုယ်စီနှင့် လူလေးယောက်သည် လှပစွာ စီးကာ မြေနီလမ်းအတိုင်း ကျွန်မရှိရာသို့ လာနေကြသည်။ သူတို့သည် အချိုးကျ၍ ရုပ်ရှင်ထဲမှ အမေရိကန်နွားကျောင်းသား ဇာတ်ကောင်များဟန် ပေါက်နေပေသည်။ နောက်မှ မြင်းနှစ်ကောင်ကို စီးလာသူများမှာ ၁၃ နှစ် ကျော်ကျော်ခန့်ရှိ ကလေးများဖြစ်၍ ရှေ့က နှစ်ယောက်မှာ ကိုထင်ပေါ်နှင့် အခြားသူတစ်ဦး ဖြစ်ပေသည်။ 

ကျွန်မအနီးရောက်လျှင် သူတို့သည် တပြိုင်တည်းလိုလို မြင်းပေါ်မှ ဆင်းကြ၏။ ကိုထင်ပေါ်က မြင်းဇက်ကြိုးကို လက်တစ်ဖက်နှင့် ဆွဲရင်း ကျွန်မအနီး ကပ်လာကာ လူစိမ်းနှင့် မိတ်ဆက်ပေးလေသည်။ 

" ဦးဝင်းမောင် ဆိုတာ သစ်ထုတ်လုပ်ရေးဘုတ်အဖွဲ့ အတွင်းရေးမှူးပေါ့ မခင်သိုက်၊ ဒီကတော့ ကျွန်တော့်မိတ်ဆွေရင်းကြီး မခင်သိုက်၊ ဘီအေကျောင်းအုပ်ဆရာမကြီးပေါ့ ဦးဝင်းမောင် "

သူက အပြန်အလှန် မိတ်ဆက်ပေးလိုက်လျှင် ဦးဝင်းမောင်သည် ချိုပြုံးသော မျက်နှာထားနှင့် ကျွန်မရှေ့သို့ ကပ်လာကာ အနောက်တိုင်းဆန်ဆန် လက်ကမ်းပေးလိုက်၍ ကျွန်မသည်လည်း လက်ဆွဲနှုတ်ဆက်လိုက်ရသည်။

" ကျွန်တော်က ဦးထင်ပေါ်နဲ့ ခြံနီးချင်းဆိုတော့ ခင်မင်နေကြပါတယ်၊ ဒေါ်ခင်သိုက်နဲ့ မိတ်ဆွေဖြစ်ရတာလဲ အထူးဝမ်းသာပါတယ်၊ ဟောဒါက ကျွန်တော့်သားနှစ်ယောက်၊ သားကြီးက ဝင်းမြင့်အောင်၊ အငယ်က ဝင်းမြင့်နိုင် ...."

ကလေးငယ်များသည် သွက်လက်စွာ ကျွန်မအနားသို့ တိုးလာကြသည်။ နာမည်များကလည်း ခု ခေတ်စားနေသော ဆန်းဆန်း သုံးလုံးတွဲများဖြစ်၍ ကျွန်မ စိတ်ထဲက ပြုံး၍နေမိပေသည်။ 

" ကဲ ...ဒီခုံတန်းမှာ နားကြပါဦး၊ အမောပြေ လိမ္မော်ရည်လေး ဘာလေး သောက်ကြရအောင် "

ကလေးများသည် ကျွန်မလက်ကို ဆွဲ၍ လှုပ်ကြရင်း -
" မမောသေးဘူး ဆရာမ၊ ကျွန်တော်တို့ ခုမှ ထွက်လာတာ ...၊ ဒယ်ဒီ ဆက်ပြီး စီးရအောင် "

ကျွန်မကိုတလှည့် သူတို့ဖခင်ကိုတလှည့် ပြောနေကြသည်။ 

" ဟုတ်ပါတယ်ဆရာမ၊ ကျွန်တော်တို့ကို ခွင့်ပြုပါဦး၊ အပြန်မှာ လှည့်ဝင်ခဲ့ပါဦးမယ်၊ ဦးထင်ပေါ်ရော လိုက်ဦးမှာလား ....နေလိုလည်း နေရစ်ခဲ့ပါ၊ အားမနာပါနဲ့ "

ဦးဝင်းမောင်သည် ဦးထင်ပေါ်ဘက်သို့ လှည့်၍ မေးလိုက်၏။ 

" ကျွန်တော် စကားပြောရစ်ဦးမယ်၊ မနက်က တော်တော်လေး စီးလိုက်သေးတယ် "

သူတို့သည် ခေါင်းကလေးများ ညွှတ်ကာ ကျွန်မကို နှုတ်ဆက်၍ မြင်းပေါ်တက်ကာ ထွက်သွားကြသည်။ ကလေး အကြီးမှာ ကျွန်မဘက်သို့ လက်တဝှေ့ဝှေ့ နှုတ်ဆက်ကာ နေရောင်ခြည်ထဲသို့ ထွက်သွားတော့သည်။ ပါးချိုင့်ကလေးများပေါ်အောင် ပြုံးနေသော သူ့မျက်နှာကလေးမှာ ချစ်စဖွယ် ဖြစ်နေပေသည်။ 

" ဒီအချိန်ဟာ တော်တော်သာယာတာပဲ၊ မြင်းစီးလို့ အရသာရှိတယ်၊ ဒါပေမဲ့ မခက်သိုက်နဲ့တွေ့ရင် ဘာရယ်မဟုတ်ဘူး၊ စကားပြောချင်တာပဲ "

ကျွန်မသည် သူ့ကို လှည့်ကြည့်ရင်း ရုတ်တရက် အံ့အားသင့်သွားသည်။ ပြီးမှ ဣနြေ္ဒပြန်ဆည်၍ ဘာမှ နားမလည်လိုက်ဟန်လုပ်ပြီး "ကဲ ...လိမ္မော်ရည်သောက်ရအောင် မချိန်ကို သွားခေါ်လိုက်ဦးမယ် "ဟု မြန်မြန်ပြောကာ သူ့စကား ပြန်မစောင့်တော့ဘဲ အိမ်ဘက်သို့ ထွက်လာခဲ့သည်။ မချိန်ကို ရှာပြီး လိမ္မော်ရည်လုပ်ခိုင်းကာ ကြီးကြီးကို ရှာရပြန်သည်။ ကြီးကြီးသည် အိမ်နောက်ဘက်ပန်းခင်းတွင် ပန်းများခူးနေ၍ သွားခေါ်ရပြန်သည်။ 

" ကြီးကြီး အိမ်ရှေ့မှာ ကိုထင်ပေါ်ရောက်နေတယ်၊ လာပါဦး၊ အနားမှာဖြစ်ဖြစ် နေပါ၊ သူနဲ့ နှစ်ယောက်တည်း စကားမပြောချင်ဘူး "

ကျွန်မသည် ခပ်တိုးတိုးပြော၍ အိမ်ရှေ့ဘက်သို့ ပြန်လာခဲ့၏။ သူသည် မြက်ခင်းအစွန်ရှိ စကားပင်တွင် မြင်းကို ချည်ခဲ့ကာ ကျွန်မရှိရာသို့ ပြန်လျှောက်လာသည်။ 

"ဟော ...ကြီကြီးလည်း ထွက်လာသကိုး "

သူက ပြုံးရယ်၍ စတင်နှုတ်ဆက်လိုက်၏။ 

"အေး ..အေး ....၊ ထိုင်ဦး၊ လိမ္မော်ရည်လေး ဘာလေး သောက်ပါဦး၊ ကြီးကြီး ဘုရားဖို့ စပယ်တွေ ခူးလိုက်ဦးမယ် "

ကြီးကြီးသည် သူ့အနား ကပ်လာပြီးမှ လက်ထဲမှ ပန်းခြင်းလေးကို မြှောက်ပြကာ စပယ်ခင်းများဘက်သို့ ထွက်သွားသည်။ 

သူနှင့်ကျွန်မ ခုံတန်းတစ်ခုတည်းတွင် တစ်ဖက် တစ်စွန်းစီ ထိုင်ကြလေသည်။ မချိန်က လိမ္မော်ရည် နှစ်ဖန်ခွက်ကို ဗန်းလေးနှင့်ထည့်ကာ နှစ်ယောက်ကြားတွင် လာချလေသည်။ 

" ခင်ဗျားမလဲ တစ်နေ့ တစ်နေ့ ပန်းရယ် စာအုပ်ရယ်ပဲ ပြီးနေတာပဲ "

ကျွန်မရင်များသည် အလိုလို တုန်နေ၍ သူ့စကားကို ခဏ နားထောင်နေမိ၏။ 

" ဟင် လာပြန်ပြီတစ်ယောက်၊ ရှင်တို့လင်မယားနှစ်ယောက်ဟာ ကွဲနေကြတယ်ဆိုပေမယ့် တစ်စိတ်ထဲ ရှိနေကြသေးတယ်၊ နေ့လည်က မမြမေကလဲ ကျွန်မကို မင်းဘဝက ပန်းရယ် စန္ဒရားရယ် စာအုပ်ရယ်လို့ ပြောသွားသေးတယ်၊ ကဲ ဒီလောက် စကားလုံးချင်း အတွေးချင်း တူနေကြသေးရင် ပြန်ပေါင်းဖို့ သိပ်ကောင်းတာပဲ "

"ဘာ နေ့လည်က ခင်ဗျား မမြမေနဲ့ တွေ့တယ်လား "

သူသည် အံ့ဩစွာ မေးလိုက်၏။

" တွေ့ရုံတင်မကဘူး၊ ထမင်းစား စကားပြောပြီးမှ ပြန်တယ် "

သူသည် ဖန်ခွက်ကိုင်ကာ ခေါင်းတညိတ်ညိတ်နှင့် ခပ်လှမ်းလှမ်းသို့ ကြည့်နေရင်း ချက်ချင်းလိုပင် တည်ငြိမ်သောဟန်ကို ပြောင်းလိုက်သည်။ 

"သူက ကိုထင်ပေါ် ဆိုးတာ ဘာတာ ဘာမှမပြောဘူး၊ ဘာကြောင့် ကွဲရမှန်းတောင် သူ မသိဘူးတဲ့ "

ကျွန်မသည် ရင်ကြားစေ့နိုင်မည့်စကားကို ရွေး၍ သုံးလိုက်လေသည်။ 

" သူ ဘယ်သိမလဲ၊ သူ မသိဘူး၊ အချိန်တန်လာလို့ ကွဲရတာပဲ၊ ဒီအကြောင်းကို ပြန်ပြောသင့်တယ်လို့ မယူဆဘူး၊ ဒါပေမဲ့ မခင်သိုက်တော့ သိစေချင်တယ်၊ မခင်သိုက်ဟာ ကျွန်တော့်ကို အမှန်အတိုင်း သိရမယ်လို့ ဆိုချင်တာပါလေ "

သူ့စကားလုံးများကြောင့် ကျွန်မရင်သည် တဒိတ်ဒိတ် ခုန်ပြန်သည်။ သူ့မျက်လုံးများသည် ကျွန်မမျက်နှာပေါ်သို့ စူးစိုက်စွာ ကျရောက်လာပြန်သည်။ 

" အဲဒီအခါ မခင်သိုက်ဟာ ကျွန်တော် ဘယ်လိုလူစားဆိုတာ တွေးခေါ်လိမ့်မယ်၊ ကျွန်တော့်ကို မခင်သိုက် တွေးတယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပြီ "

" ဘာ့ကြောင့် ကွဲတယ်ဆိုတာပဲ စ ပါဦး"

ကျွန်မသည် ကလေးများကို စာသင်ရင်း ပြောဟန် မနည်းပါအောင် လုပ်၍ ရင့်ကျက်စွာ ပြောလိုက်ရ၏။ အမှန်တော့ သူ့မျက်လုံးဒဏ်သည် ကျွန်မခြေဖျားများထိ အေးစက်သွားအောင် တန်ခိုးထက်နေပေသည်။ 

"လောကကြီးမှာ လူတွေဟာ လူတစ်စုံတစ်ယောက်ရဲ့အပြုအမူကို မနှစ်သက်လာရင် စုံးစုံးနစ်အောင် ဒီလူကို လုပ်လိုက်ကြတာပဲ၊ သူတို့စိတ်ထဲမှာ ထင်တယ်၊ ဒီလူဟာ ပြန်ထမလာတော့ဘူးလို့၊ ဒါပေမဲ့ မခင်သိုက် မှတ်ထား၊ အဲဒီ နစ်ပြီးတဲ့လူ ပြန်ထလာမှ အရှိန်ပိုပြင်းတယ်၊ သူတို့အပြုအမူထက် နှစ်ဆပြင်းတဲ့အရှိန်နဲ့ လက်စားပြန်ချေလိမ့်မယ် အောက်မေ့၊ စစ်ပွဲတွေမှာ ကြည့်ပါလား၊ ဝိုင်းအနှိမ်ခံလိုက်ရတဲ့ပြည်တွေ တရှိန်ထိုး ပြန်တက်လာရင် အားလုံး မျက်လုံးပြူးတာပဲ၊ ဂျပန် ဂျာမနီတက်လာပုံကို ကြည့်စမ်း၊ ပြီးတော့ ဂျပန်ခံရပုံကို ကြည့်စမ်း၊ သူတို့စိတ်ထဲမှာ စုံးစုံးနစ် ဘယ်တော့မှ ပြန်တက်မလာတော့ဘူးအထင်နဲ့ ပုလဲဆိပ်ကမ်းက သင်္ဘောတွေ ဗုံးကြဲ နစ်မြုပ်ပစ်လိုက်တာလေ၊ ခု အဲဒီ သင်္ဘောတွေက သူတို့ကျွန်း ပြန်တက်ပြီး ယဉ်ကျေးမှုကိုတောင် မျိုနေပြီ၊ တစ်ဆက်က ခေါင်းငုံ့ခံလိုက်ရပေမဲ့ နောက်တစ်ဆက်ကျတော့ ခေါင်းထောင်ထလာတာပဲ "

သူ့စကားလုံးထဲတွင် သူတို့အိမ်ထောင်ရေးအကြောင်းကို ကျွန်မ မသိရသေးပေ။ သို့သော် နောက်ပိုင်းတွင်မူ တစ်စုံတစ်ရာ ကွယ်ဝှက်ဟန်ဆောင်ထားခြင်းမရှိဘဲ သူသည် ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောပြ၏။ သူ ပြောပြစဉ် ကျွန်မသည် သူ့ကို မုန်း၏။ ရွံ၏။ စက်ဆုပ်၏။ ကြောက်၏။ အော်ဟစ်ပစ်လိုက်ချင်သည်။ 

"အဲဒီက စပြီး ကျွန်တော့်ဘဝကို သင်လိုက်တာပဲ၊ သေးသေးလေးဖြစ်ဖြစ် ကြီးကြီးကိစ္စဖြစ်ဖြစ် ကျွန်တော် လက်စားချေရမှ ကျေနပ်မယ် "

ကျွန်မသည် လှုပ်ရှား၍မရအောင် ဣနြေ္ဒပျက်နေပေသည်။ သူ့မျက်လုံးများသည် တဖျပ်ဖျပ်နှင့် မှော်ဆရာကြီးများ မျက်လုံးလို တန်ခိုးကြီးလာပေသည်။ 

" ဘုရားသခင်ရဲ့ရန်ငြိုးကို ခွင့်လွှတ်ရမယ်၊ မေ့ပျောက်ရမယ်ဆိုတဲ့ စကားလုံးကို မေ့နေပြီလား "

ကျွန်မသည် ခပ်တိုးတိုးပြောလိုက်လျှင် သူသည် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။။

" ဆရာမကြီး ပီသလိုက်တာဗျာ၊ စကားလုံးတွေက ဆုံးမသံ ပါလိုက်တာ၊ အင်း ...အင်း ...ဝမ်းသာလိုက်တာ၊ ကျွန်တော့်ကို အစဉ်ဆုံးမနိုင်ပါစေဗျာ "

သူ့စကားမှာ အဓိပ္ပါယ်အများကြီးပါ၍ ကျွန်မ ကြောင်သွားစဉ်မှာပင် စကားဆက်ခွင့်မရတော့ပေ။ ကားတစ်စီးသည် အိမ်ရှေ့ဆင်ဝင်တွင် ထိုးရပ်၍ ကားမောင်းသူ ပြေးဆင်းလာ၏။ ကားမောင်းသူသည် တုန်တုန်ယင်ယင်ဖြစ်ကာ အသံကိုပင် ထိန်းမရနိုင်အောင် အော်ကျယ်ဟစ်ကျယ် ပြောနေပေသည်။ 

" ဆရာ၊ ဆရာဦးဝင်းမောင်က ပြန်ချင် ပြန်တော့တဲ့၊ ကျွန်တော့်ဆရာတော့ ဆေးရုံရောက်နေပြီ "

"ဟေ ဘယ်လိုဖြစ်တာလဲ "

သူသည် ခုံတန်းမှ ရုတ်တရက် ထလိုက်၏။ 

"ဒီက မြင်းစီးထွက်သွားတာ ကမ္ဘာအေးမရောက်ခင် ဝင်းမြင့်အောင်ရဲ့မြင်းက ထ ခုန်လိုက် ပေါက်လိုက်တာ ဝင်းမြင့်အောင် မြေကြီးပေါ် ကျရော၊ အဲဒါ မြင်းက တစ်ခါ ပြန်နင်းတာ ခြေတစ်ဖက် ကျိုးသလား ကြေသလား မသိဘူး၊ ပြီးတော့ မြောက်တက်သွားပြီးမှ ပြန်ကျလို့ ခါးလည်း ကောင်းလိမ့်မယ် မထင်ဘူးတဲ့ "

"ဟင်... ဦးဝင်းမောင်က ဘယ်မှာလဲ "

"ဆရာက ချက်ချင်း ကားတစ်စီးကြုံတာနဲ့ သားနှစ်ယောက် တင်ပြီး ဆေးရုံတန်းသွားတယ်၊ ဆေးရုံက ဖုန်းဆက်ပြောလို့ ကျွန်တော် မမ သွားပို့ခဲ့တယ်၊ ခု မြင်းတွေ ထားရစ်ခဲ့တာ ကျွန်တော် သွားသိမ်းမလို့၊ ကလေးကတော့ ခွဲတဲ့အခန်းထဲ ရောက်နေလို့ ကျွန်တော် မတွေ့ခဲ့ရဘူး"

" အို ...ဖြစ်မှ ဖြစ်ရလေကွယ် "

ကိုထင်ပေါ် နဖူးတွင် ချွေးသီးများ စို့လာကာ အလွန်ပင် စိတ်ထိခိုက်ဟန် ပေါက်နေပေတော့သည်။ 

"ကဲ ...ဒီလိုဆို ကျွန်မကားနဲ့ လိုက်သွားရအောင် "

သူသည် ငိုင်နေရာမှ သတိရသလို "အင်း ...ကောင်းသားပဲ"ဟု ဆို၏။ 

ကြီးကြီးလည်း အနားရောက်လာကာ စုပ်တသပ်သပ် ဖြစ်နေတော့သည်။ ကျွန်မကားနှင့် သုံးယောက်သား ဆေးရုံသို့ ထွက်လာခဲ့ချိန်တွင် ပါးချိုင့်ကလေးများပေါ်အောင် ပြုံး၍ လက်တဝှေ့ဝှေ့ နှုတ်ဆက်သွားသော  ဝင်းမြင့်အောင်ကို မျက်စိထဲတွင် မြင်၍ နေပေတော့သည်။

ဆက်ရန်
----------------------------------
ခင်နှင်းယု

Post a Comment

0 Comments