#တိမ်ဖုံးပါလို့ လမသာ
အပိုင်း(၂)
“ကိုကို ဆိုတဲ့ကောင်စုတ်... နေတဲ့အိမ်က တဲပုတ်.. စားတော့ ပဲပြုတ် .. အင်္ကျီကလဲ စုတ်စုတ်... လူပုံကြည့်တော့ ဂျပိုးရုပ် ... ဟေ့ ... ကိုကိုဆိုတဲ့ ကောင်စုတ် . ဟေ့ ... စားတော့ ပဲပြုတ် .. အင်္ကျီကလဲ စုတ်စုတ် .. ဟေ့”
သူ့ကို ပတ်လည်ဝိုင်းကာ လက်ခုပ်တီး၍ အော်နေကြသော အသံများသည် ကိုကို၏နားထဲတွင် သံရည်ပူပူကို လောင်းချလိုက်သလို ပူပြီး ကျွတ်ကျွတ်ဆူနေသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ယင်း ဖုန်ထနေသော မြေသားညိုညိုကို စိုက်၍ ကြည့်နေသည်။ သူ့ဘေးမှ မျက်လုံးများကို သူ ရင်မဆိုင်ရဲ။
“ဟေ့... အင်္ကျီကလဲ စုတ်စုတ်၊ လူပုံကြည့်တော့ ဂျပိုးရုပ်”
ကိုကို၏အင်္ကျီစုတ်ကို လက်ညှိုးထိုး၍ ရယ်ကာမောကာ အော်နေကြသည်။ ကိုကိုသည် သူ၏အင်္ကျီစုတ်ကလေးကို ငုံ့ကြည့်ယင်း နှုတ်ခမ်းလေးများ တဆတ်ဆတ်တုန်လာသည်။ အသားများ ရိကာ ရေစီးကြောင်းလိုက်၍ ပြဲနေသော ပိတ်အင်္ကျီဝါကြန့်ကြန့်လေးက သူ့ကို မျက်နှာငယ်ငယ်နှင့် ပြန်ကြည့်နေသည်။ အင်္ကျီကလေးသည် သူနှင့် အတန်ငယ်ပင် ကျပ်နေပေပြီ။ ကျပ်သည့်အတွက်ကြောင့်လည်း စုတ်ရန်ပြဲရန် ပို၍လွယ်ကူနေလေသည်။ ကုက္ကိုပင်အိုကြီးမှ ကြွေကျလာသော ရွက်ဝါလေးတရွက်သည် သူ့အင်္ကျီပေါ် လာ၍တင်နေသည်။ ကိုကိုသည် မည်သူ့ကိုမျှ မကြည့်ပဲ ရွက်ဝါလေးကိုသာ ငုံ၍ ကြည့်နေသည်။
သူ့ဘေးမှ အသံများသည် ပို၍ပို၍များကာ ပို၍ပို၍ ကျယ်လာသည်ဟု ထင်မိသည်။ ရှက်ရွံ့ အားငယ်စိတ်က သူ့တကိုယ်လုံးကို ဝါးမျိုထားသည်။ ကိုကိုသည် နေရာမှ ထွက်ပြေးသွားချင်သည်၊ သူအုံး၍ အိပ်နေကျဖြစ်သော ခေါင်းအုံးမည်းမည်း၊ ချေးပေပေလေးတွင် မျက်နှာအပ်ကာ ချုံးပွဲချ၍ ငိုပစ်လိုက်ချင်သည်။ သို့သော် လက်တွေ့တွင်မူ သံမှိုနှင့်နှက်၍ စွဲထားသလို၊ နေရာမှ တလက်မပင် မရွေ့ ဖြစ်။ မျက်လွှာလေး ပင့်ကြည့်ရန်ပင် မဝံ့ရဲ။ သူစိုက်ကြည့်နေသော ကုက္ကိုလ်ရွက်ဝါလေးကပါ ခုန်ကာပေါက်ကာနှင့် "ဟေ့ .. ကိုကိုဆိုတဲ့ကောင်စုတ်၊ နေတဲ့အိမ်က တဲပုတ် ...၊ စားတော့ပဲပြုတ် ” ဟု ရယ်မောအော်ဟစ်နေသလို ထင်လာမိသည်။
ထိုအသံများသည် နားထဲမှတဆင့် တကိုယ်လုံး ရှိရှိသမျှ အသွေးအသားများထဲသို့ပါ လျှပ်စစ်စီးဝင်သလို တရဟော စီးဝင်နေသည်။ ထိုအသံများနှင့်အတူ ဝမ်းနည်းခြင်း၊ အားငယ်ခြင်း၊ စိုးရွံ့ ထိတ်လန့်ခြင်း ဟူသော စိတ်များကပါ သူ၏သွေးထဲသို့ တစိမ့်စိမ့် ထိုးဝင်သွားလေသည်။ ထိုစဉ် ဒေါသနှင့် အော်လိုက်သော အသံလေးတသံကို ကြားရသည်။ ညီညီ၏အသံ ဖြစ်သည်။
“ဟေ့ကောင်တွေ ... တိတ်လိုက်စမ်း”
ကိုကိုသည် ဖြတ်ခနဲ မော်ကြည့်လိုက်သည်။ သူ့ရှေ့တွင် ရပ်နေသော ညီညီကို တွေ့ရသည်။ ခြေနှစ်ဘက်ကို ကားကာ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ အသက်ရှစ်နှစ်တည်းဟူသော သူ့အရွယ်လေးနှင့်ပင် မလိုက်အောင် သူ့မျက်နှာက တင်းမာနေသည်။ ညီညီ၏ဘေးတွင် ယှဉ်လျက်ရပ်နေသူကား ခင်ဦး။ လွယ်အိတ်ကို စလွယ်သိုင်းလွယ်ကာ၊ တမတ်တန် သစ်သားပေတံလေးကို ဆုပ်ကိုင်ထားသည်။ ရန်လိုသော မျက်နှာထားလေးနှင့် မာန်ဖီနေသည်။
ကျောင်းသားများသည် ရုတ်တရက် ငြိမ်ကျသွားသည်။ ကိုကိုက မလှုပ်မယှက် ခေါင်းငုံ့ခံနေစဉ် စစ်ကူရောက်လာသော မလောက်လေး မလောက်စားလေး နှစ်ဦးကိုကြည့်ကာ အံ့သြသွားကြသည်။ သူတို့အားလုံးသည် ညီညီနှင့် ခင်ဦးထက် ကြီးကြသည်။ ထို့ကြောင့် ကိုကိုတို့အတန်းမှ ထွန်းဟန်က ရယ်လေသည်။
“မင်းတို့နဲ့ ဘာဆိုင်လို့လဲ ချာတိတ်တွေရ”
ညီညီက တောက်ခေါက်ပြီး ဟန်ပြင်ရုံသာ ရှိသေးသည်။ ခင်ဦးက ရုတ်တရက် ပြေးထွက်သွားပြီး ထွန်းဟန်ကို ကိုယ်တစောင်း တိုက်ချလိုက်လေသည်။ အမှုမဲ့ အမှတ်မဲ့ ခံလိုက်ရသော ထွန်းဟန်သည် မြေပေါ်သို့ ခြေကားရား လက်ကားရားနှင့် ပက်လက်ကျလေသည်။
“ကဲ... ပြောအုံးလေ ငါတို့အစ်ကိုကိုများ ကောင်စုတ်လို့ ပြောအုံးလေ ... ဟင်၊ ပဲပြုတ်စားတာ ဘာဖြစ်လဲ၊ တဲပုတ်နဲ့နေတာ ဘာဖြစ်လဲ၊ အင်္ကျီစုတ်တာရော ဘာဖြစ်လဲ .. အဲဒါ ပြောင်စရာလား၊ ကဲ .. ပြောင်အုံး ... ပြောင်အုံး”
လူးလဲထနေသော ထွန်းဟန်၏မျက်နှာကို ဖုန်များ သဲများနှင့် ကျုံးပက်ယင်း ခင်ဦးက အံကြိတ်သံလေးနှင့် အော်သည်။ မျက်စိထဲ သဲတွေ ဖုန်တွေ ဝင်ကုန်သော ထွန်းဟန်သည် ဝူးဝူးဝါးဝါးနှင့် အော်၍ ဆဲသည်။ ခြေကားရား လက်ကားရား ဖြစ်နေသော်လည်း ခင်ဦးကို ရန်မပြုနိုင်၊ ခုနစ်နှစ်အရွယ် မိန်းကလေးနှင့် ဆယ့်နှစ်နှစ်သားတို့၏ရန်ပွဲတွင် အသက်ကြီးသော ယောက်ျားလေးက တဘက်သတ် ခံနေရသည်။ ခံသာခံနေရသော်လည်း သနားဖွယ်မကောင်းပဲ ရယ်ဖွယ်ကောင်းနေသဖြင့် ထွန်းဟန်၏သူငယ်ချင်းများက သူ့ဘက်မှကူရန် မစဉ်းစားကြချေ။
“လာ ... ကိုကို သွားမယ်”
ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားသောအခါ ခင်ဦးသည် သူတို့ညီအစ်ကိုနှစ်ယောက်ဆီသို့ ပြန်ပြေးလာသည်၊ ကိုကို၏လက်ကို ဆွဲခေါ်သည်။ ဝမ်းနည်းအားငယ်နေသော ကိုကိုသည် ခင်ဦးက လက်ကလေးနှင့် ထိကိုင်ဆွဲခေါ်သည့် တခဏ၌ အားရှိသွားသလို ခံစားရသည်။ မျက်နှာ ဖြူဖပ်ဖြူရော်နှင့် မျက်ရည်ဝိုင်းနေသော ကိုကို့အား ညီညီနှင့် ခင်ဦးက တစ်ယောက်တစ်ဘက်စီ ဆွဲပြီး ခေါ်လာကြသည်။
“အလကားကောင်တွေ ... မင်းစာတော်တာကို မနာလိုလို့ကွ ... မင်းက အမြဲပထမရနေလို့ ... အဲဒီစဖျင်းတွေက ရန်စတာ ... မင်းကလဲ မကြောက်ပဲ ဘာလို့ခံနေရလဲ၊ ဘာလို့ ဆွဲတီး မပစ်တာလဲ ... ဟင်း ... ခင်ဦးလောက်မှ သတ္တိမရှိဘူး”
ညီညီက အပြစ်တင်သည်။ ဆံပင်တိုတို ကတုံး ဆံတောက်ကလေးနှင့်မို့ ညီညီ၏မျက်နှာသည် ဝိုင်းနေသည်။ ပါးစုံ့လေးများ ဖောင်းနေသည်။ နှုတ်ခမ်းပါးကို တင်းတင်းစေ့ကာ မျက်မှောင်ကုတ်ယင်း မြေကြီးပေါ်မှ ကျောက်ခဲလေးကို ခြေနှင့် ကန်ပစ်လိုက်သည်။ ညီညီသည် ရန်ဖြစ်ရမှာ ကြောက်တတ်သူမဟုတ်ချေ။ အသက်ရှစ်နှစ်သာ ရှိသေးသော်လည်း သူ ဆင်နွဲသော ရန်ပွဲပေါင်းမှာ မနည်းလှပေ။
ကိုကိုကမူ ဆယ်နှစ်ကျော်နေပြီ၊ ခုချိန်ထိ တခါမျှ ရန်မဖြစ်ဖူးသေးချေ။ ရန်ဖြစ်ရန်လည်း ကြောက်သည်၊ စကားအခြေအတင် ပြောရန်လည်း ကြောက်သည်။ ကုန်ကုန်ပြောရလျှင် သူ့ကို စိုက်ကြည့်သူတဦးကိုပင် ပြန်လှန်၍ စူးစိုက်ကြည့်ရန် မဝံ့ရဲချေ။
“ဟား ... ဟား ... အလကားအီးပေါလောကြီး ထွန်းဟန်၊ သိလား ကိုကို၊ ခင်ဦးကိုတောင် မနိုင်ဘူး”
ခင်ဦးက ကိုကို၏လက်များကို လှုပ်ယမ်းကာ ရယ်နေသည်။ ညီညီကတော့ သိပ်ကျေနပ်ပုံမရ။
“ဟ... နင်က မိန်းမကျင့် မိန်းမကြံနဲ့ သဲနဲ့ပက်တာကိုး”
“ခင်ဦးက မိန်းမပဲဟာ .... မိန်းမလိုပဲ ကြံမှာပေါ့ ညီညီရ”
“အေးလေ .. ရိုးရိုးဆိုယင် နင်နိုင်မလား”
“နိုင်ပါတယ်”
“အောင်မာ ...”
“အဟုတ်ပြောတာ ... ၊ ပေါင်ကြားထဲ တအားကန်ထည့်လိုက်မှာပေါ့ ”
“ခွေးမ”
ပထမတန်း အခန်းရှေ့သို့ ရောက်သောအခါ သူတို့ ရပ်လိုက်ကြသည်။ ညီညီနှင့်ခင်ဦးသည် အတန်းထဲ ဝင်သွားသောအခါ ကိုကိုတဦးတည်း ဆက်၍လျှောက်လာရသည်။ အားငယ်စိတ်များက သူ့တကိုယ်လုံးကို လွှမ်းမိုး၍လာပြန်သည်။ အထင်သေးသော၊ လှောင်ပြောင်သရော်သော မျက်လုံးများနှင့် ရင်ဆိုင်ရပေဦးမည်။ စာမရသဖြင့် ဒဏ်ပေးခံရခြင်းမဟုတ်သော်လည်း ဆင်းရဲခြင်း ဟူသည်မှာလည်း မကောင်းမှုတခုလို ရှက်စရာတမျိုးပင်။ ကိုကို၏ နှလုံးသားထဲတွင် ထိုသို့ပင်ခံစားရလေသည်။
“ဟေ့.. ကိုကို ... မင်း မငိုနဲ့နော်”
ညီညီသည် အခန်းထဲဝင်သွားပြီးမှ ကိုကို့ဆီသို့ ပြန်လျှောက်လာသည်။ မျက်ရည်အဝိုင်းသားဖြစ်နေသော ကိုကို့အား မကျေမနပ်လေးကြည့်ကာ ခပ်ကျိတ်ကျိတ်ပြောသည်။
“ဂရုမစိုက်စမ်းပါနဲ့ကွ... ဘယ်သူ့ကိုမှ ဂရုမစိုက်ပါနဲ့”
* * *
“ရန်ကုန်ကို တိုက်ရိုက်ပဲလား ... ဆရာ”
“တိုက်ရိုက်ပဲဗျာ ... ဓာတ်ဆီရောရှိရဲ့လား”
“အပြည့်ပါပဲဆရာ ... နေ့ခင်းကမှ ထည့်ထားတာ”
“အမြန်ဆုံးမောင်းဗျာ”
ကိုကိုသည် နဖူးပြင်တွင် စို့နေသော ချွေးများကို လက်ကိုင်ပဝါနှင့် ပွတ်သုတ်လိုက်သည်။ ကားမှန်ပြတင်းကို တဝက်ခန့် ဖွင့်ချလိုက်သောအခါ အေးမြသောလေက သုတ်ကနဲ ပြေးဝင်လာသည်။ ချွေးစိုနေသော သူ့ဆံပင်များကို ပွတ်သပ် ဆော့ကစားသွားသည်။
လူနာခုတင်ပေါ်တွင် မိန်းမောနေမည့် ခင်ဦး၏သဏ္ဍာန်ကို တွေးထင် မြင်ယောင်ယင်း ရင်ထဲတွင် တစ်ဆို့ဆို့ကြီး ဖြစ်လာသည်။ ခင်ဦး ဘာကြောင့် သေရမည်နည်း။ သေမင်းသည် ခင်ဦးဟူသည့် နှလုံးကောင်းမလေးဆီသို့ မည်သည့်အတွက်ကြောင့် ဆိုက်ရောက်လာရသနည်း။
“ညီညီ လိမ်ပြောတာ ဖြစ်ပါစေ”
ကိုကိုသည် တံတွေး မျိုချယင်း ဆုတောင်းမိသည်။ ဆုသာတောင်းမိသော်လည်း သူ့စိတ်ထဲတွင် ညီညီသည် အမှန်ပြောခြင်းဖြစ်ကြောင်းကို လက်ခံပြီးဖြစ်နေသည်။ ညီညီသည် လိမ်ပြောတတ်သူ မဟုတ်ချေ။
* * *
“ငါ့အကျီအိတ်ထဲက ပိုက်ဆံအကြွေတွေ နေ့တိုင်း ပျောက်နေတယ်၊ နင်ယူသလား မခင်မေ”
အဖေသည် သူ့အင်္ကျီအိတ်ကို စမ်းယင်း မေးသည်။ ထမင်းအိုး မွှေနေသော အမေက အဖေ့ကို လှည့်ကြည့်ပြီး ခေါင်းယမ်းသည်။ မခြောက်တခြောက် ထင်းစိုစိုက မီးခိုးများအူ၍ ထွက်နေသဖြင့် အမေ့မျက်လုံးထဲတွင် မျက်ရည်များဝဲနေသည်။ အမေ့ဆံပင်တွင် ပြာမှုန့်ဖြူဖြူများ လူးကပ်နေသည်။
“ဘယ်လိုဖြစ်တာလဲဟ ... ငါသတိထားမိတာ ဆယ်ရက်လောက်ရှိပြီ။ မနေ့တုန်းကတော့ အသေအချာ မှတ်ထားတာ၊ အခု ဆယ်ပြားစေ့ နှစ်စေ့ လျော့နေတယ်”
ကိုကိုသည် အဖေ့ကို ကြည့်ပြီး ရင် တဒိတ်ဒိတ်ခုန်လာသည်။ ထရံကို မှီယင်း ခြေဆင်းထိုင်ကာ ထမင်းရည်သောက်နေသော ညီညီကို ဖြတ်ကနဲ လှမ်းကြည့်မိသော်လည်း ညီညီက သူ့ကို မကြည့်ပေ။ ထမင်းရည်ဇလုံကို ဒန်ဇွန်းနှင့် ဣန္ဒြေမပျက် မွှေနေယင်း ခေါင်းငုံ့ထားသည်။
မနေ့ညက တိုင်တွင် ချိတ်ထားသော အဖေ့အင်္ကျီအိတ်ကို ညီညီစမ်းနေသည်။ “ဟေ့ ညီညီ၊ မင်းဘာလုပ်နေတာလဲ”ဟု ခပ်ဆတ်ဆတ်မေးသော ကိုကို့အား သူက အဓိပ္ပါယ်ပါသော မျက်လုံးများနှင့် စိုက်ကြည့်သည်။ ထို့နောက် “အသာနေစမ်းပါကွာ၊ ငါပိုက်ဆံစုနေတာပါ” ဟု ခပ်တိုးတိုး ပြောလေသည်။
“ကိုကို မင်းယူသလား”
အဖေက မေးသောအခါ ကိုကို့တကိုယ်လုံး တုန်သွားသည်။ ရုတ်ခြည်း မျက်ရည်ဝဲကာ ဆို့နစ်လာသည်။ အဖေ့ကိုမကြည့်ရဲ၍ ထမင်းစားခုံဝိုင်းလေးပေါ်တွင် အုံခဲနေသော ယင်ကောင်မည်းမည်းများကို စိုက်ကြည့်ယင်း ခေါင်းခါပြသည်။
“အဖေ့ကိုကြည့်ပြီး ပြောစမ်း သား၊ မင်းယူသလား”
အဖေက ကိုကို၏အမူအရာကို ကြည့်ပြီး ပို၍သင်္ကာမကင်း ဖြစ်သွားဟန်တူသည်။ အသံလေးလေးနှင့် ထပ်၍မေးလေသည်။ ကိုကိုသည် ခေါင်းကိုမော့၍ အဖေ့ကို ကြည့်ရသည်။ မွဲခြောက်ခြောက်နှင့် စူးရှ တောက်ပြောင်မှုမရှိသော မျက်လုံးအစုံနှင့် ရင်ဆိုင်ရလေသည်။ ကိုကိုသည် အဖေ့ကို နှစ်နှစ်ကာကာ ချစ်လှသူ မဟုတ်၊ ချစ်လောက်အောင်လည်း လက်ပွန်းတတီး မနေခဲ့ရပေ၊ မိုးလင်းမှမိုးချုပ် အလုပ်ခွင်တွင်သာ အချိန်ကုန်လေ့ရှိသော အဖေ့ကို သူ လူမှန်းသိသည့်အရွယ်ကတည်းကစ၍ ထာဝစဉ် ချွေးစော်နံနေတတ်သော လူကြီးတဦးအဖြစ်သာ စွဲမှတ်ခဲ့လေသည်။
ချဉ်စုတ်စုတ်နံသော ချွေးနံ့သည် အဖေ့ကိုယ်တွင်သာမက အဖေ့အင်္ကျီများတွင်လည်း စွဲကပ်နေသည်။ ကိုကို မကြိုက်။ အဖေ လက်သမားကြီးဖြစ်နေသည်ကို မကြိုက်။ အဖေ့လက်ဖဝါးကြီးများ မာကြမ်းပြီး အသားမာတက်နေသည်ကိုလည်း မကြိုက်။ အဖေ့အသားများ နီကြမ်းပြီး ညစ်ထတ် ထတ်နေသည်ကိုလည်း မကြိုက်။ အဖေ့ကိုယ်တွင် ချွေးနံ့ နံနေသည်ကိုလည်း မကြိုက်၊ အဖေဆင်းရဲသည်ကိုလည်း မကြိုက်၊ နောက်ဆုံး ကုန်ကုန်ပြောရလျှင် အဖေ့နာမည်ကိုပင် မကြိုက်၊ အဖေနှင့် ပတ်သက်သမျှ ကိုကို ဘာမှ မကြိုက်ချေ။
အတန်းထဲမှ သူငယ်ချင်းများသည် ဒယ်ဒီက ပြည်သူ့ဆိုင်မန်နေဂျာ ဦးတင်ထွန်းနိုင်၊ အန်ကယ် ဦးမိုးမြင့်သူ ၊ဖေဖေက ဦးအောင်ကျော်မိုး .. စသည်ဖြင့် ပြောနိုင်ကြသည်။ သူ့အလှည့်တွင်မူ ... အဖေက လက်သမားကြီးဦးဖိုးဘ ပါ ... ဟု မပြောလိုလှ၊ မပြောချင်လှ။
“ကဲ .. သားကြီး ကိုကို ပြောစမ်း .. အဖေ့ကို မှန်မှန်ပြောစမ်း၊ ဒီပိုက်ဆံတွေ သား ယူထားသလား”
“ဟင့်အင်း ... ဟင့်အင်း”
ကိုကိုသည် ခေါင်းကို အတွင်ခါယမ်းယင်း မျက်နှာတွင် သွေးဆုတ်သွားသည်။ သူ့ကို စိုက်ကြည့်နေသော ညီညီ့ကို မျက်စိသူငယ်နှင့် လှမ်းကြည့်မိသည်။ “ညီညီ ယူတာ အဖေရ” ဟု သူ မပြောရက်၊ ပြော၍လည်း မထွက်။
“မှန်မှန်ပြောနော် ... အဖေ့အကြောင်း သိတယ် မဟုတ်လား”
အဖေ၏အသံက ရုတ်တရက် မာလာသည်။ ကိုကိုသည် အဖေ၏ မှုန်မွဲမွဲ မျက်လုံးများကို ရင်မဆိုင်ချင်၍ မျက်နှာလွှဲထားလိုက်သည်။ စိတ်ထဲတွင်မူ အဖေက သူ့ကို တအားလွှဲ၍ ရိုက်လိုက်တော့မည်ဟု ထင်သည်၊ ငိုချင်နေသည်။
ကိုကို၏ ပခုံးနှစ်ဘက်ကို အဖေက ဒေါသနှင့် တင်းတင်းဆုပ်ကိုင်လိုက်ချိန်တွင် ညီညီသည် ကိုကို၏ဘေးသို့ ဖြတ်ကနဲ ရောက်လာသည်။ ကိုကို့ဘေးတွင် ယှဉ်ရပ်ကာ အဖေ့အား မော်ကြည့်ယင်း တိုးတိုးပြောသည်။
“ညီ ယူတာ အဖေ ... ကိုကို ... မဟုတ်ဘူး”
“ဘာ ... မင်းယူတာ”
အဖေက အော်လိုက်သည်။ ညီညီသည် အဖေ့မျက်လုံးများကို ရဲဝံ့စွာ ပြန်ကြည့်နေလေသည်။
“ကိုကို့ကို ကျောင်းမှာ ခဏခဏ စကြတယ်၊ ကိုကိုဆိုတဲ့ကောင်စုတ်တဲ့ ... နေတဲ့အိမ်က တဲပုတ်တဲ့ .. စားတော့ သောက်တော့ ပဲပြုတ်တဲ့၊ အင်္ကျီကလဲ စုတ်စုတ်တဲ့”
ညီညီ အသံလေးသည် တုန်ယင်နေသည်။ မျက်မှောက်ကြီးကုပ်နေသော အဖေ့ကိုလည်းကောင်း၊ ပြာအလူးလူး ပေနေသော အမေ့ကိုလည်းကောင်း၊ တဆတ်ဆတ် တုန်ယင်နေသော ကိုကို့ကိုလည်းကောင်း စေ့စေ့ကြည့်လိုက်သည်။ ထို့နောက် မျက်ရည်ဝဲလာလေသည်။
“ကိုကိုက အလကား စကြောက်ပဲ အဖေ၊ သူများ စယင် ငိုဖို့ပဲတတ်တယ်၊ ခဏခဏ ငိုတယ် ...။ ခင်ဦးလောက်တောင် သတ္တိမရှိဘူး၊ ဘယ်သူ့ကိုမှလဲ ခံမတီးရဲဘူး၊ ဟိုကောင်တွေက သူ့အင်္ကျီကိုကြည့်ပြီး အမြဲပြောင်တယ်၊ သူက အမြဲငိုတယ်၊ ဒါကြောင့် ..ညီ.. အဖေ့အိတ်ထဲက ပိုက်ဆံနှိုက်ပြီးစုနေတာ”
“ဘာကွ”
“ညီ ပိုက်ဆံစုနေတာ ..အခု နှစ်ကျပ်ရပြီ”
အမေ၏သက်ပြင်းချသံက ကျယ်လောင်လှသည်။ ထမင်းရည်ဇလုံထဲ ဆားခတ်ကာ စားပွဲဝိုင်းလေးပေါ် လာချသည်။ စားပွဲပေါ်မှ ယင်ကောင်များကို လက်ဖြင့် ဝှေ့ယမ်း ခြောက်ပြီးမှ အင်္ကျီလက်ကို ပင့်ကာ မျက်ရည်သုတ်လေသည်။
“ကိုကို့ကို အင်္ကျီအသစ်ဝယ်ပေးချင်လို့ အဖေ၊ သူ့အင်္ကျီက စုတ်လှပြီ၊ ဒါကြောင့် ... ညီ ... ပိုက်ဆံစု....”
ညီညီ့အသံက တိမ်ဝင်သွားသည်။
မေမေသည် နာနာကျည်းကျည်း အရိုက်ခံလိုက်ရသူကဲ့သို့ ယိုင်တိယိုင်တိုင် ဖြစ်သွားသည်။ သူ့ရှေ့မှ ထမင်းရည်ဇလုံကို အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေလေသည်။ ထမင်းရည်ပူပူက အငွေ့ တထောင်းထောင်း ထကာ အဖေ့မျက်နှာကို ဟပ်နေသည်။ အဖေမျက်နှာသည် ထမင်းရည်ငွေ့ ဟပ်ကာ အစိုပြန်နေသည်။ မျက်လုံးများကမူ မှုန်မှိုင်းရီဝေ ???? သော အသံကို တိုးတိုးလေး ကြားရသည်။
“အဖေက သူများအိမ်တွေ လိုက်ဆောက်ပေးနေတယ်၊ အမေကလဲ သူများအင်္ကျီတွေ အငှားချုပ်လို့ .... ဒီအဖေနဲ့ ဒီအမေရဲ့ သားတွေကတော့ တဲပုတ်မှာ .. အင်္ကျီစုတ်တွေနဲ့ ...”
အပိုင်း(၃) ဆက်ရန်
------------------
#မစန္ဒာ
0 Comments