တိမ်ဖုံးပါလို့ လမသာ - မစန္ဒာ အပိုင်း(၁)



#တိမ်ဖုံးပါလို့ လမသာ

အပိုင်း(၁)

ညီညီ့ကို မတွေ့ရသည် မမြင်ရသည်မှာ နှစ်နှစ်ကျော် သုံးနှစ်ခန့်ရှိပြီ ထင်သည်။ ဒီနေ့တော့ ညီညီ့ကို သတိရနေသည်။ ညက အိပ်မက်ထားသောကြောင့် ဖြစ်မည်ထင်သည်။ 

ညက အိပ်မက်ထဲတွင် ညီညီ့ကို တွေ့ရသည်။ ညီညီသည် သူ့အိပ်ခန်းတံခါးဝတွင်ရပ်ကာ တံခါးဘောင်ကို ခပ်လျော့လျော့ မှီထားလေသည်။ ခုတင်ပေါ်မှ ရေမြုပ်မွေ့ရာကိုလည်းကောင်း၊ ဇာအိပ်ရာဖုံး ပြာပြာကိုလည်းကောင်း၊ မဟော်ဂနီရောင် တဖိတ်ဖိတ် လက်နေသော မှန်တင်ခုံကိုလည်းကောင်း၊ ခုတင်​ဘေးရှိ စားပွဲငယ်ပေါ်မှ တယ်လီဖုန်းနီနီလေးနှင့် စာကြည့်မီးအုပ်ဆောင်းပြာပြာလေးကိုလည်းကောင်း၊ နံရံတွင်ချိတ်ထားသော ပန်းချီကားထဲမှ နှစ်ဆယ်ရာစု မိန်းမပျိုလေး၏ မပေါ့်တပေါ် အလှကို လည်းကောင်း တခုချင်း စေ့စေ့ကြည့်ကာ သရော်ပြုံး ပြုံးနေလေသည်။ ထို့နောက် "စည်းစိမ်တွေ သိပ်တိုးပြီး သိပ်ပျော်နေတယ်ပေါ့၊ ဟုတ်လား ကိုကို” ဟု မေးကာ ခပ်တိုးတိုး ရယ်လေသည်။

ညီညီ့ကို သတိရနေဆဲမှာပင် အိမ်တံခါးဝမှ လျှပ်စစ်ခေါင်းလောင်းသံကို ကြားရသည်။ ညီညီများ လာလေသလားဟု ရုတ်တရက် တွေးမိသော်လည်း အမှန်တကယ် ရောက်လာလိမ့်မည်ဟုကား မထင်မှတ်မိပေ။ သို့သော် ... ညီညီသည် အမှန်တကယ်ပင် သူ၏အိမ်တံခါးဝသို့ ရောက်လာချေသည်။ အိပ်မက်ထဲကလိုပင် တံခါးဘောင်ကို ခပ်လျော့လျော့မှီကာ သူ့ကို စေ့စေ့ကြည့်နေလေသည်။

“ဟင် ... ညီညီ” 

“အိုး ... မှတ်မိသေးတယ်ကိုး”

ညီညီက နှုတ်ခမ်းကို မသိမသာလေး တွန့်ကာ အိပ်မက်ထဲကအတိုင်းပင် သရော်ပြုံးကို ပြုံးလေသည်။

“လာလေ.. ညီညီ”

“ကျွန်တော်လာတာ အိမ်ထဲဝင်ဖို့မဟုတ်ဘူး၊ ရန်ကုန်ကိုများ လိုက်နိုင်ယင် ခဏလိုက်ခဲ့ပါလို့ ခေါ်ချင်လို့”

“ရန်ကုန်ကို”

“ဟုက်ကဲ့... ရန်ကုန်ကိုပါ ခင်ဗျာ”

ညီညီက လှောင်ပြောင်သောအသံနှင့် တရိုတသေ ပြောသည်။ မတွေ့ရသော နှစ်ကာလများအတွင်းတွင် ညီညီသည် ဘာတခုမှ ပြောင်းလဲသွားပုံမရချေ၊ စိတ်မြန်သော၊ ထက်မြက်သော၊ မာနကြီးသော သူ၏ညီငယ်သည် နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်ကကဲ့သို့ပင် သရော်မော်ကား ပြောချင်နေဆဲ ဖြစ်ပုံရသည်။

“ရန်ကုန် ပြည်လမ်း တံတားဖြူနားမှာ ဒီနေ့မနက်က နံပါတ်ကိုးကား တိုက်တယ်၊ လမ်းချော်ပြီး ကုက္ကိုပင်နဲ့ ဝင်တိုက်တာပဲ”

“အဲဒီတော့ ..” 

“အဲဒီတော့ လူတွေအများကြီး ဒဏ်ရာရကုန်တာပေါ့ ခင်ဗျာ”

“နေပါအုံး ညီညီ.. နေပါအုံး၊ မင်း ငါ့ကို လှောင်ချင်ပြောင်ချင်တာတွေ အသာ ဘေးချိတ်ထားလိုက်ပါအုံး၊ ကိစ္စကို ပြောစမ်းပါ၊ ရန်ကုန်ကို ဘာကိစ္စ သွားရမှာလဲ၊ ကားတိုက်တာ ငါနဲ့ ဘာဆိုင်လို့လဲ”

ညီညီ၏မျက်နှာသည် ရုတ်တရက် တည်ကြည်သွားသည်။ အစိမ်းရောင် တောက်ပနေသော မျက်လုံးသည် မှိုင်းဝေသွားပြီး ကိုကို့အား အတန်ကြာအောင် ကြည့်နေလေသည်။ ထို့နောက်မှ ခြောက်သွေ့သောအသံနှင့် ခပ်တိုးတိုး ပြောသည်။ 

“ခင်ဦး.. သေတော့မယ် ကိုကို” 

“ဘာ”

“ခင်ဦး ဒဏ်ရာသိပ်ပြင်းတယ်၊ တိုက်တဲ့ကားထဲမှာ ခင်ဦးပါတယ်.. အခု အတွင်းလူနာ”

“မြတ်စွာဘုရား”

ကိုကိုသည် အိမ်တံခါးဝတွင် စိုက်ထားသော ကျားပါးစပ်ပင်ကြီးကို တအား ဆုပ်ကိုင်ထားလိုက်မိသည်။ နားထဲတွင် တဝီဝီမြည်ကာ အာခေါင်များ ခြောက်သွားသည်။

“သူ မသေခင် ကိုကို့ကို တွေ့ချင်မှာပဲ.... ဒါကြောင့် ကျွန်တော်လာခဲ့တာ၊ ပဲခူးနဲ့ ရန်ကုန်ဆိုတာ သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး၊ ကားကောင်းကောင်းနဲ့ မြန်မြန်လေး မောင်းလိုက်ယင် အသက်တော့ မီကောင်းပါရဲ့”

သံမှန်နှင့်ပြောသော ညီညီ၏အသံသည် ကိုကို၏နားထဲတွင် တိုးတလှည့် ကျယ်တလှည့် ဖြစ်နေသည်။ ခင်ဦး ဟူသည် မိန်းကလေး၊ သူတို့အား ချစ်သည့် မိန်းကလေး၊ ထိုမိန်းကလေးသည် မည်သည့်အတွက်ကြောင့် သေရမည်နည်း။ တစ်မျက်နှာလုံး ဖြူရော်ကာ ကြောင်​ငေး​ငေးဖြစ်သွားသော ကိုကို့အား စိုက်ကြည့်နေယင်း ညီညီသည် သက်ပြင်းချလိုက်သည်။ ထို့နောက် ကိုကို၏ပခုံးနှစ်ဘက်ကို မသိမသာ တွန်းလိုက်ကာ "သွားလေ ... ခင်ဗျားမိန်းမဆီမှာ သွားပြီး ခွင့်တောင်းပါအုံး” ဟု ခပ်ထေ့ထေ့ ပြောသည်။

“သူ .. သတိရသလား”

“ရသေးတယ်” 

“ဘာဖြစ်သွားတာလဲ” 

“အဲဒါတော့ မသိဘူး... နံရိုးတော်တော်များများတော့ ကျိုးကုန်တယ် ပြောတာပဲ”

ညီညီက ကိုကို၏မျက်နှာအား စိန်းစိန်းကြည့်ကာ ထိခိုက်လှုပ်ရှားမှု မရှိဟန်နှင့် ပြောသည်။ သို့သော် ညီညီ၏နှုတ်ခမ်းဖျားလေးများက တဆတ်ဆတ် တုန်ယင်နေသည်ကို သူ သတိထားလိုက်မိသည်။ စိတ်ထဲတွင်လည်း လေးလံ နွမ်းနယ်သွားသည်။ ညီညီသည် တော်ရုံတန်ရုံနှင့် စိတ်ထိခိုက်တတ်သူမဟုတ်။ ညီညီ မနည်း ဣန္ဒြေဆည်နေရသည်ကို ကြည့်ခြင်းအားဖြင့် ခင်ဦး၏အခြေအနေသည် ပေါ့ပေါ့တန်တန် မဟုတ်ကြောင်းကို အသေအချာ သိနိုင်လေသည်။

သူ အိမ်ထဲသို့ လှည့်ဝင်သောအခါ ညီညီသည် အိမ်တံခါးဝတွင်ပင် ရပ်လျက် နေခဲ့လေသည်။ ဆိုဖာကုလားထိုင်ပေါ်တွင် ကိုယ်လုံးမြုပ်အောင် ထိုင်ယင်း လက်သည်းချွန်ကို တံစဉ်းနှင့်တိုက်နေသော ဇနီးသည် "ခင်စိုးပိုင်” က သူ့အား စူးစမ်းသလို လှမ်းကြည့်နေမိသေးသည်။

“ရန်ကုန်သွားမလို့”

“ရန်ကုန်ကို...”

“ဟုတ်တယ်” 

“ဘာဖြစ်လို့” 

“လူနာတယောက် အသည်းအသန်ဖြစ်နေလို့”

သူ့ရင်ထဲတွင် ကျင်ကနဲ ဖြစ်သွားသည်။ ခင်ဦး၏အမည်ကို သူ ထုတ်ဖော်၍ မပြောဝံ့။ 

“ရန်ကုန်ကနေပြီး ပဲခူးက ဆရာဝန်ကို လာပြီး ခေါ်ရတယ်လား” 

“ဟုတ်တယ်” 

“လူနာက သိပ်အရေးကြီးတယ် ထင်ပါရဲ့ နော်” 

ခင်စိုးပိုင်က လေအေးလေးနှင့် ပြောသည်။ ကိုကို၏စကားကို ယုံပုံမရ။ 

“ဟုတ်တယ် ... သိပ်အရေးကြီးတယ်” 

“ညနေတောင် စောင်းနေပြီ” 

“မိုးချုပ်နေယင်တောင် သွားရမှာပဲ”

ကိုကိုက ခပ်ပြတ်ပြတ်လေး ပြောလိုက်သည်။ ထိုသို့ပြောဖြစ်လိုက်သည့်အတွက်လည်း ကိုယ့်ကိုယ်ကိုယ် အတန်ငယ် ကျေနပ်သွားသည်။ မည်သည့်အတွက်ကြောင့် ထာဝစဉ် အရှုံးပေး အလျှော့ပေးနေရမည်နည်း။

“ကိုလှရွှေ ကားထုတ်ပါ”

သူက ပြတင်းပေါက်မှနေ၍ နောက်ဖေးတန်းလျားဘက်သို့ ဦးခေါင်းပြူကြည့်ကာ အော်လိုက်သည်။

“ကျွန်တော် ရန်ကုန်သွားမလို့ ... အရေးကြီးတယ်”

အင်္ကျီအဝတ်အစားကိုပင် လဲမနေတော့၊ ဂျာကင်တထည် ကောက်ဝတ်လိုက်သည်။ သူ့ကို စိုက်ကြည့်နေသော ခင်စိုးပိုင်၏မျက်လုံးများကို ရှောင်လျက် ထွက်လာခဲ့သည်။ တံခါးဝတွင် ရပ်စောင့်နေသော ညီညီ၏လက်ကို ဆွဲကာ ကားထဲ ဝင်ထိုင်လိုက်သည်။

“ရန်ကုန်ကိုလား ..ဆရာ” 

“အေးဗျာ .... အရေးကြီးလို့” 

“ဆရာ မောင်းသွားမှာလား” 

“ကိုလှရွေပဲ မောင်းပါဗျာ၊ မှန်မှန်နဲ့ မြန်မြန်လေးပေါ့၊ ဟုတ်လား”

ကားဘီးများသည် လျှောကနဲ လိမ့်သွားသည်။ ညီညီသည် နောက်မှီကူရှင်ကို သက်တောင့်သက်သာ မှီချလိုက်ယင်း "အင်း .. တယ်ပြီး ဖင်ဇိမ် ကျောဇိမ် ရှိတာကိုး” ဟု ခပ်တိုးတိုး ပြောသည်။

သူတို့ ကားထွက်လာသည်ကို မြင်တော့ ပန်းပင်ရေလောင်းနေသော မာလီက ခြံဝင်းတံခါးကို ဖွင့်သည်။ ခါးကိုကုန်းညွတ်ကာ ကားထဲမှ ကိုကို့အား အလေးပြုသလိုလို၊ ဆလံပေးသလိုလိုနှင့် အရိုအသေပေးလေသည်။ ညီညီက နောက်ဘက်တွင် ကျန်ခဲ့သော ခန့်ညားလှပသည့် တိုက်ကြီးကို ငဲ့ကြည့်ယင်း "ငါတို့နေခဲ့တဲ့ တဲကလေးနဲ့တော့ ကွာပါ့ကွာ” ဟု ပြောကာ မရယ်ချင်ပဲနှင့် ရယ်လေသည်။

ညီညီပြောသောအခါ ကိုကိုသည် သူငယ်စဉ်က နေခဲ့ရသော သင်္ကန်းကျွန်းဘူတာအနီးမှ ထရံကာ ဓနိမိုးသော အိမ်သေးသေးလေးကို သတိရသည်။ ပဲခူးမြို့မှ ရွှေဟင်္သာဆေးလိပ် သဌေးကြီး၏သားမက် ဒေါက်တာ ကိုကိုအောင်သည် ဓနိမိုးသော အိမ်စုတ်ကလေးတွင် တကုပ်ကုပ်နှင့် စာကျက်ခဲ့ရသည်ကို သိသူ နည်းပါးလှသည်။ ယခုလို ဒတ်ဆန်း ဝမ်းတွမ်တီးဝိုင်၏ နောက်ဘက်ဆိုဖာတွင် ကိုယ်လုံးမြုပ်အောင် ထိုင်ယင်း ဒန်ဟီးလ်စီးကရက် ခဲနေသူသည် တချိန်တုန်းက အင်္ကျီစုတ်၊ ပုဆိုးစုတ်ကလေးများ ဝတ်ကာ ကျောင်းတက်ခဲ့ရပြီး စာအုပ်ဖိုး မရှိ၍ ငိုကြွေးခဲ့ရသည်ဟု မည်သူထင်လိမ့်မည်နည်း။

အပိုင်း(၂) ဆက်ရန်
------------------
#မစန္ဒာ

Post a Comment

0 Comments